အမေရိကန်အခြေစိုက် Starbucks Coffee က မြန်မာနိုင်ငံတွင် ဒေါ်လာခြောက်သန်း မတည်ရင်းနှီးပြီး ဆိုင်ခွဲပေါင်း ၂၀ ဖွင့်လှစ်လုပ်ကိုင်မည်ဟုသိရ

ဆစ်ဒနီရှိ Starbucks Coffee ဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (Photo : AFP)

အမေရိကန်အခြေစိုက် Starbucks Coffee က မြန်မာနိုင်ငံတွင် ဒေါ်လာခြောက်သန်း မတည်ရင်းနှီးပြီး ဆိုင်ခွဲပေါင်း ၂၀ ဖွင့်လှစ် လုပ်ကိုင်မည်ဖြစ်ကြောင်း မေ ၁၅ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“Starbucks ရဲ့ မတည်ငွေက ဒေါ်လာခြောက်သန်းပါ။ တည်ဆောက်ရေးကာလ ကိုးလလို့ တင်ပြထားတာ ရှိပါတယ်။ အဲဒါပြီးရင် ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ သူလုပ်မယ့်ဟာကတော့ ဆိုင်ခွဲပေါင်း ၂၀ ဖွင့်မှာပါ။ နေရာကိစ္စကတော့ မပြီးသေးပါဘူး။ ဘယ်နေရာမှာ လုပ်မယ်ဆိုတာ အတိအကျ မပါသေးပါဘူး” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဆိုသည်။

Starbucks Coffee သည် မြန်မာဈေးကွက်သို့ စတင်ဝင်ရောက် လုပ်ကိုင်ခွင့်ကို မေ ၁၂ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးမှ အတည်ပြုမိန့် ရရှိခဲ့ခြင်းဖြစ်သည်။ Coffee Concepts (Myanmar) Limited က Starbucks အမည်ဖြင့် အစားအစာနှင့် အဖျော်ယမကာ သီးသန့်အရောင်းဆိုင်များ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ Starbucks တံဆိပ်ပါ ကုန်ပစ္စည်းများကို တင်သွင်းခြင်းနှင့် ရောင်းချခြင်း ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ Starbucks ရုံးကို အမှတ် (၂၂၁)၊ Sule Square၊ အမှတ် (၁) ရပ်ကွက်၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်ခဲ့သည်။

အမေရိကန်အခြေစိုက် Starbucks Coffee သည် မြန်မာနိုင်ငံအတွင်းသို့ စင်ကာပူနိုင်ငံ အမည်ခံဖြင့်  ၀င်ရောက် လုပ်ကိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။ Coffee Concepts Ltd သည် ဟောင်ကောင်အခြစိုက် လုပ်ငန်းတစ်ခုဖြစ်ပြီး Starbucks ၏ မိတ်ဖက်ကုမ္ပဏီ တစ်ခုဖြစ်ကာ Coffee Concepts (Myanmar) Ltd ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။

Starbucks သည် ကမ္ဘာတစ်ဝန်းတွင် ဆိုင်ခွဲပေါင်း ၂၇၀၀၀ ၀န်းကျင် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးဆိုင် ဖွင့်လှစ်ပြီးပါက အာဆီယံနိုင်ငံများတွင် Starbucks မရှိသည့်နိုင်ငံအဖြစ် လာအိုနိုင်ငံသာ ကျန်တော့မည်ဖြစ်သည်။ ၂၀၁၇ ခုနှစ် စာရင်းများအရ ၎င်းသည် ဖိလစ်ပိုင်တွင် ဆိုင် ၃၀၀၊ ထိုင်းတွင် ၂၆၄ ဆိုင်၊ အင်ဒိုနီးရှားတွင် ၂၄၉ ဆိုင်၊ မလေးရှားတွင် ဆိုင် ၂၂၀၊ စင်ကာပူတွင် ၁၂၅ ဆိုင်၊ ဗီယက်နမ်တွင် ၂၈ ဆိုင်၊ ကမ္ဘောဒီးယားတွင် ခုနစ်ဆိုင်၊ ဘရူနိုင်းတွင် လေးဆိုင် ဖွင့်လှစ်ထားသည်။

ရင်းနှီးမြှုပ်နှံသူတွေ အခက်တွေ့နေဆဲ အချက်တွေက ဘာတွေဖြစ်မလဲ

ကျောက်ဖြူမြို့ရှိ ကဏန်းပျော့လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

ပြီးခဲ့သည့်ဘဏ္ဍာနှစ်က မြန်မာနိုင်ငံအတွင်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ခဲ့မှုကို လေ့လာကြည့်ပါက စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာခြောက်ဘီလျံကျော်၊ ကဏ္ဍအလိုက် ၀င်ရောက်မှုတွင် စက်မှုကဏ္ဍက အများဆုံးဖြစ်ပြီး နိုင်ငံအလိုက် ၀င်ရောက်မြှုပ်နှံမှုတွင် စင်ကာပူက အများဆုံးဝင်ရောက်မြှုပ်နှံထားသည်။

သို့သော် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၆ ဒသမ ၁၁ ဘီလျံရှိပြီး အမှန်ဝင်ရောက်မှုမှာ ၄ ဒသမ ၃၄ ဘီလျံဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံအတွင်း တာဝန်ယူမှုရှိပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုမည်ဟုဆိုကာ နိုင်ငံတော်အစိုးရ၏ စီးပွားရေးမူဝါဒ ၁၂ ရပ်ကို အထောက်အကူပြုစေမည့် ရင်းနှီးမြှုပ်နှံမှုမူဝါဒကို ထုတ်ပြန်ထားခဲ့သည်။

ယခင်နှစ်များက သဘာဝအရင်းအမြစ်များပေါ်တွင် အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများသာ အများဆုံးဝင်ရောက်နေခဲ့ရာက အစိုးရသစ်လက်ထက်တွင် စက်မှုကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ၀န်ဆောင်မှုလုပ်ငန်းများအပေါ်တွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခဲ့သည်။

ဥပဒေသစ်အရ ဦးစားပေးဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုများ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၀/၂၀၁၆ ဖြင့် ပြဋ္ဌာန်းပေးခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှ အတည်ပြုပေးခဲ့သည့်အတွက် ၂၀၁၇ ခုနှစ် မတ် ၃၀ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမိန့်ကြော်ငြာစာအမှတ် ၃၅/၂၀၁၇ ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဦးစားပေးဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုများကို ထုတ်ပြန်ခဲ့ရာ လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှု၊ ၀န်ဆောင်မှုနှင့် စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူထုတ်လုပ်ခြင်းနှင့် ရေထွက်ပစ္စည်းမွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်နိုင်မည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးကုန်ထုတ် လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားပေးရေးကဏ္ဍဆိုင်ရာ လုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ လုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ၊ တန်ဖိုးနည်းအိမ်ယာ တည်ဆောက်ခြင်းလုပ်ငန်းများ၊ စက်မှုမြို့တော် တည်ဆောက်မှုလုပ်ငန်းများ ပါဝင်ခဲ့သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာများ တင်ပြလာပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ပံ့ပိုးကူညီပေးမည်ဟု ထုတ်ပြန်ကာ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းက ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တစ်ခုတည်း မဟုတ်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများ ဖွဲ့စည်းခဲ့သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရင်းနှီးမြှုပ်နှံမှုကော်မတီများက ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာငါးသန်း သို့မဟုတ် ကျပ်သန်း ၆၀၀၀ အထိရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိသည်။ လက်ရှိအချိန်၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တစ်နည်းအားဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရုံးများကို ဖွင့်လှစ်ထားပြီဖြစ်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ၀င်ရောက်မှုအခြေအနေ

ပြည်နယ်နှင့်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီများမှ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ စိစစ်ခွင့်ပြုပေးလျက်ရှိသော်လည်း ယခုဘဏ္ဍာနှစ်အတွင်း ရှမ်း၊ ချင်း၊ ကယား၊ ကရင်နှင့် ချင်းပြည်နယ်တို့သို့ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ခြင်းမရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ရင်းနှီးမြှုပ်နှံမှုကော်မတီများက အတည်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများကို လေ့လာကြည့်ပါက ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်း ၃၈ ခုတွင် ဒေါ်လာ ၅၄ သန်းကျော်ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း လုပ်ငန်းတစ်ခုမှ ဒေါ်လာ ၃ ဒသမ ၆၈၅ သန်းကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း လုပ်ငန်းတစ်ခုမှ ဒေါ်လာ သုည ဒသမ ၆ သန်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း လုပ်ငန်းခြောက်ခုမှ ဒေါ်လာ ၁၆ ဒသမ ၃၅၄ သန်းကိုလည်းကောင်း၊ မွန်ပြည်နယ်တွင် လုပ်ငန်းတစ်ခုမှ ဒေါ်လာတစ်သန်းခွဲကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် လုပ်ငန်းလေးခုမှ ဒေါ်လာ ၁၀ သန်းနီးပါးကိုလည်းကောင်း၊ နေပြည်တော်တွင် လုပ်ငန်းတစ်ခုမှ ဒေါ်လာ သုည ဒသမ ၄၄၉ သန်းကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လုပ်ငန်းတစ်ခုမှ ဒေါ်လာ ၁ ဒသမ ၃ သန်းကိုလည်းကောင်း အသီးသီးခွင့်ပြုပေးခဲ့သည်။

အလားတူ ပြည်နယ်နှင့်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီများက အတည်ပြုပေးခဲ့သည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကို လေ့လာကြည့်ပါက မကွေးတိုင်းဒေသကြီးတွင် လုပ်ငန်းခြောက်ခုမှ ကျပ် ၁၅၇၂ ဒသမ ၇၀ သန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် လုပ်ငန်းရှစ်ခုမှ ကျပ် ၉၀၀၀ ဒသမ ၉၈ သန်းကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် လုပ်ငန်းခြောက်ခုမှ ကျပ် ၂၀၃၉၄ ဒသမ ၂၆၀ သန်းကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် လုပ်ငန်းကိုးခုမှ ကျပ် ၂၃၀၆၀ ဒသမ ၆၀ သန်းကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် လုပ်ငန်းသုံးခုမှ ကျပ် ၁၉၇၀ ဒသမ ၁၁ သန်းကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် လုပ်ငန်းနှစ်ခုမှ ကျပ်သန်း ၈၀၀ ကျော်ကိုလည်းကောင်း၊ ကချင်ပြည်နယ်တွင် လုပ်ငန်းတစ်ခုမှ ကျပ် ၁၆၈၈ သန်းကျော်ကိုလည်းကောင်း၊ မွန်ပြည်နယ်တွင် လုပ်ငန်းနှစ်ခုမှ ကျပ်သန်း ၈၃၀၀ ကျော်ကိုလည်းကောင်း အသီးသီးခွင့်ပြုပေးခဲ့သည်။

သို့သော်လည်း ချင်း၊ ရှမ်း၊ ကယား၊ ကရင် စသည့်ပြည်နယ်များတွင် ၀င်ရောက်ခြင်းမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အဆိုပါပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံရန် အဆိုပြုလွှာများ လက်ခံရရှိထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုအများစုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌သာ မြှုပ်နှံနေကြသဖြင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွန်ကင်းလွတ် သက်သာခွင့်များရရှိနိုင်မည့် ဖွံ့ဖြိုးမှုဇုန်များသတ်မှတ်ကာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခဲ့သည်။ ယခင်က ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ရရှိသည့်အခွန်သက်သာခွင့်များကို ပြန်လည်သုံးသပ်ကာ ဖွံ့ဖြိုးမှုဇုန်များသတ်မှတ်ပြီး အခွန်သက်သာခွင့်ပေးရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအချက်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ မြင့်တက်စေရန် ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။

ယခင်အစိုးရလက်ထက် MIC ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများမှ ပို့ကုန်တင်ပို့မှုအခြေအနေ

ငါးနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်အားလုံး၏ ၅၈ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများမှ တင်ပို့နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခင်အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ MIC ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများမှ ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်မှုအနေအထားမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်အားလုံး၏ ၅၄ ရာခိုင်နှုန်းမှာ MIC ခွင့်ပြုသည့်လုပ်ငန်းများက တင်ပို့ခြင်းဖြစ်ကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ရာခိုင်နှုန်း ၆၀၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၆၃ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆၇ ရာခိုင်နှုန်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၄၆ ရာခိုင်နှုန်းအထိ တင်ပို့ထားကြောင်း သိရသည်။

MIC ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများမှ ထုတ်ကုန်များ၏ ပြည်ပပို့ကုန်တန်ဖိုးတွင် ပါဝင်မှုအနေအထားကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ခြောက်ဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ရှစ်ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ခုနှစ်ဘီလျံကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ခြောက်ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“ကမ္ဘာပေါ်မှာ ရင်းနှီးမြှုပ်နှံမှုလို့ပြောရင် ကုန်ထုတ်လုပ်မှုရယ် ၀န်ဆောင်မှုရယ် နယ်ပယ်အဓိကနှစ်ခုရှိပါတယ်။ ၀န်ဆောင်မှုရဲ့ အခန်းကဏ္ဍသည် တစ်ကမ္ဘာလုံး ခြုံကြည့်ရင် ၇၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုလို့ပြောတိုင်း ကုန်ထုတ်လုပ်မှုတက်တာ မဟုတ်ပါဘူး။ ၀န်ဆောင်မှုလည်း အကျုံးဝင်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ဝေဖန်မှုအမျိုးမျိုးရှိခဲ့ရာ MIC က ခွင့်ပြုလိုက်သည့် လုပ်ငန်းများသည် ကိန်းဂဏန်းများအရသာ မြင့်တက်နေခြင်းဖြစ်ပြီး အမှန်တကယ်တွင် တိုးတက်လာခြင်းမရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာသော်လည်း တိုင်းပြည်၏ ပို့ကုန်ကဏ္ဍ တက်မလာကြောင်း စသည်ဖြင့် ဝေဖန်မှုများရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့်စက်ပစ္စည်း၊ ယန္တရား စသည့်လုပ်ငန်းသုံးပစ္စည်းများ တင်သွင်းလာခြင်းသည်လည်း ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ကာ မြန်မာနိုင်ငံအတွင်း လိုအပ်သလိုအသုံးပြုနိုင်ရန် သွင်းလာသည့် ငွေသားသည်လည်း ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။

အခွန်ကင်းလွတ်ခွင့်ရရှိမည့် ဖွံ့ဖြိုးမှုဇုန်သတ်မှတ်ချက်များ

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လိုအပ်ချက်အပေါ်မူတည်၍ ၀င်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်ရရှိမည့် ဖွံ့ဖြိုးတိုးတက်မှုဇုန် အမျိုးအစားသတ်မှတ်ချက်များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၁၀၀ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၇၅ (က) ပါ ၀င်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်တို့ ခွင့်ပြုရန်အလို့ငှာ ဖွံ့ဖြိုးမှုနည်းပါးသော ဒေသများကို ဇုန် (၁) အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသော ဒေသများကို ဇုန် (၂) အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှုရှိသော ဒေသများကို ဇုန် (၃) အဖြစ်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာအမှတ် ၁၀/၂၀၁၇ အရ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်အရ ဖွံ့ဖြိုးမှုနည်းပါးသောဒေသများတွင် ကချင်ပြည်နယ်မှ ချီဖွေမြို့နယ်၊ မန်စီမြို့နယ်တို့အပါအ၀င် မြို့နယ် ၁၄ ခု၊ ကယားပြည်နယ်မှ မြို့နယ်ခုနစ်ခု၊ ကရင်ပြည်နယ်မှ မြို့နယ်ခုနစ်ခု၊ ချင်းပြည်နယ်မှ မြို့နယ်ကိုးခု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မြို့နယ် ၃၅ ခု၊ တနင်္သာရီတိုင်းဒေသကြီးမှ မြို့နယ်လေးခု၊ ပဲခူးတိုင်းဒေသကြီးမှ မြို့နယ်ငါးခု၊ မကွေးတိုင်းဒေသကြီးမှ မြို့နယ် ၁၃ ခု၊ မန္တလေးတိုင်းဒေသကြီးမှ မြို့နယ်နှစ်ခု၊ မွန်ပြည်နယ်မှ မြို့နယ်နှစ်ခု၊ ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခု၊ ရှမ်းပြည်နယ်မှ မြို့နယ် ၄၂ ခု၊ ဧရာဝတီတိုင်းဒေသကြီးမှ မြို့နယ် ၁၀ ခု ပါဝင်ခဲ့ရာ ရှမ်းပြည်နယ်မှ အများဆုံးဖြစ်သည်။

အလားတူ ဖွံ့ဖြိုးမှုအသင့်အတင့်ရှိသော ဒေသများမှ ကချင်ပြည်နယ်မှ မြို့နယ် လေးခု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မြို့နယ် သုံးခု၊ တနင်္သာရီတိုင်းဒေသကြီးမှ မြို့နယ် ခုနစ်ခု၊ ပဲခူးတိုင်းဒေသကြီးမှ မြို့နယ် ၂၃ ခု၊ မကွေးတိုင်းဒေသကြီးမှ မြို့နယ် ၁၂ ခု၊ မန္တလေးတိုင်းဒေသကြီးမှ မြို့နယ် ၁၃ ခု၊ မွန်ပြည်နယ်မှ မြို့နယ် ရှစ်ခု၊ ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ် ၁၃ ခု၊ ရှမ်းပြည်နယ်မှ မြို့နယ် ၁၄ ခု၊ ဧရာဝတီတိုင်းဒေသကြီးမှ မြို့နယ် ၁၇ ခုနှင့် နေပြည်တော်ပြည်ထောင်စုနယ်မြေမှ မြို့နယ် ရှစ်ခုတို့ ပါဝင်သည်။

ဖွံ့ဖြိုးမှုရှိသောဒေသများမှ မန္တလေးတိုင်းဒေသကြီးမှ ၁၄ မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ် ၃၂ ခုဖြင့် အများဆုံးပါဝင်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်အရ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့် ဇုန် -၁၊ ဇုန်-၂ နှင့် ဇုန်-၃ သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို အခြေမခံဘဲ မြို့နယ်များကိုအခြေခံကာ ဦးစားပေးမြှင့်တင်သွားမည် ဖြစ်သည်။

ဇုန် (၁) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သောနှစ်အပါအ၀င် တစ်ဆက်တည်း ခုနစ်နှစ်အထိလည်းကောင်း၊ ဇုန် (၂) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သောနှစ်အပါအ၀င် တစ်ဆက်တည်း ငါးနှစ်အထိလည်းကောင်း၊ ဇုန် (၃) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သောနှစ်အပါအ၀င် တစ်ဆက်တည်း သုံးနှစ်အထိလည်းကောင်း ၀င်ငွေခွန်ကင်းလွတ်ခွင့် ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သည် အပိုဒ် (၁) ပါ ဇုန်အမျိုးအစားများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လိုအပ်ချက်အပေါ်မူတည်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် လိုအပ်သလို ပြောင်းလဲသတ်မှတ်မည်ဟု သိရသည်။

ရင်းနှီးမြှုပ်နှံသူများ ရင်ဆိုင်နေရဆဲ အခက်အခဲ

ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင့်လာနေခြင်းသည် နည်းဗျူဟာအရ အချက်အခြာကျလှသည့် နိုင်ငံ၏တည်နေရာ၊ နိုင်ငံတကာနှင့် ထိတွေ့မှုမရှိသေးသည့် ကြီးမားသော ပြည်တွင်းဈေးကွက်နှင့် များပြားလှသော သဘာဝသယံဇာတများ စသည့် မြန်မာနိုင်ငံ၏ အားသာချက်များကြောင့်ဖြစ်ပြီး စီးပွားရေးအခြေအနေအရ စိန်ခေါ်မှုများ တည်ရှိနေသော်လည်း ရင်းနှီးမြှုပ်နှံသူများကြားတွင် စိတ်ဝင်စားမှု ဆက်လက်မြင့်မားနေဆဲဖြစ်သည်ဟု Oxford Business Group ၏ အယ်ဒီတာချုပ် Oliver Cornock မှ ပြောကြားခဲ့သည်။

“အစိုးရဘက်ကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်ချင်လာအောင် အခွန်သက်သာခွင့် ပေးတာမျိုးဖြစ်ဖြစ် ဆွဲဆောင်ထားတာ တွေ့ရပါတယ်။ ဌာနဆိုင်ရာတွေနဲ့ ဆွေးနွေးမှုအပိုင်းတွေမှာ အရင်ကထက် ပိုအဆင်ပြေလာတယ်။ ရင်းနှီးမြှုပ်နှံသူအများစုက ရန်ကုန်ဝန်းကျင်ကိုပဲ စိတ်ဝင်စားတယ်၊ တခြားနယ်တွေကို သိပ်စိတ်မ၀င်စားဘူး။ ဥပမာ- ချင်းပြည်နယ်ဆိုပါတော့၊ ခရီးသွားလုပ်ငန်းတွေလုပ်ဖို့ လုပ်ငန်းရှင်တွေ စိတ်ဝင်စားကြတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ရေ၊ မီး စသဖြင့်ပေါ့ တခြားအခက်အခဲတွေ ရှိသေးတယ်။ ဒီနေရာမှာရင်းရင် Return of Investment ပေါ့နော်၊ ဒါက အချိန်ဘယ်လောက်ကြာနိုင်မလဲ။ အခုသွားပြီး မြှုပ်နှံဖို့ အချိန်မတန်သေးဘူးပေါ့၊ ချင်းဘက်ကို သွားမယ့်အစား ရှိပြီးသားလုပ်ငန်းမှာ Investment တိုးတာမျိုးကိုပဲ ဆက်လုပ်ထားသေးတဲ့ သဘောတွေလည်း တွေ့ရပါတယ်” ဟု ရန်ကုန်မြို့ရှိ နိုင်ငံခြားကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

“နိုင်ငံတကာ ကုန်စည်ဈေးနှုန်းတွေ ကျလာတာကို သတိပြုစရာဖြစ်လာပေမယ့် မြန်မာနိုင်ငံအနေနဲ့ ဥပဒေပြဋ္ဌာန်းမှုတွေကို အတည်တကျဖြစ်ပေါ်လာအောင် အာရုံစိုက်လုပ်ဆောင်နေပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ထိရောက်မှုပိုမိုမြင့်မားလာအောင် ဆောင်ရွက်ရင်း စီးပွားရေးအခြေအနေ ပိုမိုကောင်းမွန်လာအောင် တစိုက်မတ်မတ် လုပ်ကိုင်နေပါတယ်။ ဒီထက်ပိုပြီး လုပ်စရာတွေရှိနေသေးပေမယ့် မြန်မာနိုင်ငံက သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းကို သက်သေပြပြီးဖြစ်သလို နိုင်ငံရဲ့ဈေးကွက် အားသာချက်တွေလည်း ရှိတာကြောင့် စီးပွားရေးခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံကို သတိထားမိမှာ အသေအချာပါပဲ” ဟု Oxford Business Group ၏ အယ်ဒီတာချုပ် Oliver Cornock က ပြောကြားသည်။

ADB ကထုတ်ပြန်သည့် ထုတ်ပြန်သည့် Asia Development Outlook 2018 တွင် Foreign Direct Investment Regulatory Restrictiveness Index 2016 အရ မြန်မာနိုင်ငံသည် အခြားအရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ မလေးရှား၊ အင်ဒိုနီးရှားတို့ထက် စည်းကမ်းပိုင်းဆိုင်ရာ ကန့်သတ်ချက် များနေသေးကြောင်း ဖော်ပြထားသည်။

OBG ၏ အာရှတိုက်အတွက် ဒေသဆိုင်ရာ အယ်ဒီတာဖြစ်သူ Patrick Cooke မှ ဆက်လက်ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်မှုတို့သည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေမည့်အပြင် စီမံကိန်းများ လုပ်ဆောင်ရာတွင် တစ်ဖက်တစ်လမ်း ပါဝင်လုပ်ကိုင်လိုသည့် ရင်းနှီးမြှုပ်နှံသူများအတွက် သိသိသာသာ ကောင်းမွန်သော အခွင့်အလမ်းများအား ဖြစ်ပေါ်လာစေမည်ဟု သုံးသပ်ထားသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတစ်လျှောက် အကောင်အထည်ဖော်လိုသည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ ဦးစားပေးအဆင့်သတ်မှတ်ရန် ဆွေးနွေး

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတစ်လျှောက် အကောင်အထည်ဖော်လိုသည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ ဦးစားပေးအဆင့်သတ်မှတ်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းအတွင်းရှိ အခြေခံအဆောက်အအုံ၊ စက်မှုဇုန်များ၊ မြို့ပြစီမံကိန်းများ၊ စိုက်ပျိုးရေးဇုန်များ စသည်ဖြင့် ကဏ္ဍများတည်ဆောက်ရာ၌ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ စီးပွားရေးစင်္ကြံစီမံကိန်းသည် OBOR စီမံကိန်း၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။

“ခြုံပြောရရင် တရုတ်နိုင်ငံက မြန်မာနယ်နိမိတ်ကစပြီး ရန်ကုန်အထိ စင်္ကြံတွေ ဆောက်ဖို့ရှိတယ်။ အဲဒီအထဲမှာ ကဏ္ဍတွေ အများကြီးပါတယ်။ စီးပွားရေးစင်္ကြံလို့ ပြောတဲ့အတွက်ကြောင့် သူက လမ်းသက်သက်၊ အခြေခံအဆောက်အအုံ သက်သက်မဟုတ်ဘူး။ အဲဒီမှာ စင်္ကြံနဲ့ဆက်စပ်ပြီး မြို့ပြတွေပေါ်လာတာရှိမယ်။ စိုက်ပျိုးရေးဇုန်တွေ ပေါ်လာတာရှိမယ်၊ စက်မှုဇုန်တွေ ပေါ်လာတာရှိမယ်၊ နောက်ပြီး အိုင်တီနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ပေါ်လာတာရှိမယ်။ ကုန်သွယ်မှုနဲ့ ဆက်စပ်ပြီး Logistics ပေါ့၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပေါ်လာတာရှိမယ်။ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်တာတွေ ခရီးသွားကဏ္ဍနဲ့ ပတ်သက်တာတွေ ပါလာတာရှိမယ်။ ခြုံပြောရရင်တော့ OBOR ရဲ့ ခေါင်းစဉ်အောက်ထဲမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်သွားဖို့ရှိတယ်။ အဲဒီကို ပြီးခဲ့တဲ့လမှာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး သွားပါတယ်။ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်းတာ အားလုံးပြီးပြတ်တဲ့အဆင့်ပေါ့။ လက်မှတ်ထိုးတဲ့ အဆင့်ကိုတော့ မရောက်သေးဘူး။ နှစ်နိုင်ငံအကြီးအကဲတွေ ဆက်လက်ညှိနှိုင်းပြီးတော့မှ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“နံပါတ်တစ် ဒီစင်္ကြံရဲ့အကျိုးဆက်ပေါ့၊ ရထားလမ်းတွေ၊ ကားလမ်းတွေ၊ ဆိပ်ကမ်းတွေ ပေါ်လာမယ်။ လုပ်တဲ့အပိုင်းမှာလည်း တရုတ်ကချည်း အားလုံးလာလုပ်တာ မဟုတ်ပါဘူး။ နိုင်ငံသားတွေလည်းပါမယ်။ အခြားရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖိတ်ခေါ်ပြီးတော့ အားလုံးပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း MIC က ခွင့်ပြုခဲ့သည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများမှ မြန်မာလုပ်သား တစ်သိန်းတစ်သောင်းကျော်အထိ အလုပ်အကိုင်ရရှိနိုင်မည် ဖြစ်ကြောင်း သိရ

ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုတွင် ၀င်ရောက်လုပ်ကိုင်နေသည့် မြန်မာလုပ်သားအချို့ကို တွေ့ရစဉ်

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုခဲ့သည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများမှ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိသူဦးရေ တစ်သိန်းတစ်သောင်းကျော် အထိ ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုခဲ့သည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်မှုကို လေ့လာကြည့်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၂၂ ခုမှ ပြည်တွင်းလုပ်သားဦးရေ ၉၃၁၉၇ ဦး၊ ပြည်ပလုပ်သားဦးရေ ၂၅၀၈ ဦးအထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀၀ ကျော်မှ ပြည်တွင်းလုပ်သားဦးရေ ၂၁၅၈၃ ဦးကိုလည်းကောင်း၊ ပြည်ပလုပ်သားဦးရေ ၄၆၇ ဦးကိုလည်းကောင်း အသီးသီး အလုပ်အကိုင် ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

အလုပ်အကိုင် အခွင့်အလမ်း များပြားလာခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးသို့ ပြောင်းရွှေ့နေထိုင်လာသူ ပိုမိုများပြားလာကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၏ စစ်တမ်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိသည့် လူဦးရေ၏ ၄၂ ဒသမ ၃ ရာခိုင် နှုန်းသည် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြောင်းရွှေ့လာကြသူများဖြစ်ပြီး၂၆ ရာခိုင်နှုန်းသည် အလုပ်အကိုင်ကြောင့် ရွှေ့ပြောင်းသွားလာခြင်း ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

World Bank နှင့် Livelihoods and Food Security Trust Fund (LIFT) တို့ပူးပေါင်းကာ ၂၀၁၅ ခုနှစ်အတွင်း ကောက်ယူထားသော စစ်တမ်းအရ နိုင်ငံတွင်း ပြောင်းရွှေ့မှုနှုန်းထားမှာ နိုင်ငံ၏ စီးပွားရေးက ပြောင်းလဲမှု စတင်ခဲ့သော၂၀၁၁ ခုနှစ်မှစတင်ကာ နိုင်ငံတွင်း ပြောင်းရွှေ့သွားလာမှု ပိုမိုဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။

JobNet.com.mm  ၏ ၂၀၁၈ ခုနှစ် မတ်လကုန်အထိ ရရှိသော စစ်တမ်းများအရ JobNet.com.mm ၏ Website တွင် အလုပ်အကိုင် လာရောက်ရှာဖွေကြသူများ၏ ၇၆ ရာခိုင်နှုန်းသည် ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ကြောင်း၊ နိုင်ငံအတွင်း ၀င်ရောက်လာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့သာ အဓိက ၀င်ရောက်လုပ်ကိုင် နေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

JobNet.com.mm ၏ လေ့လာမှုများအရ တစ်နှစ်တာအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်မှ လုပ်ကိုင်ခွင့်ပြုခဲ့သော လုပ်ငန်းများမှ ပေါ်ပေါက်လာသည့် အလုပ်အကိုင်ပေါင်း တစ်သိန်းခန့်တွင် ၇၀ ဒသမ ၄၆ ရာခိုင်နှုန်းသည် ရန်ကုန်တိုင်းဒေသကြီးတွင်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးတွင် ၈ ဒသမ ၂၃ ရာခိုင်နှုန်းနှင့် မန္တလေးတိုင်းဒေသကြီးတွင် ၇ ဒသမ ၄၇ ရာခိုင်နှုန်း အသီးသီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လုပ်သားအင်အား များပြားသည့် နိုင်ငံဖြစ်သော်လည်း ကျွမ်းကျင်လုပ်သား ရှားပါးသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း အစိုးရအဖွဲ့က ပြင်ဆင်ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံနိုင်မည့်နေရာများ အသိပေးမည်ဖြစ်ပြီး သုံးနှစ်ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရေး ဆောင်ရွက်မည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အချိုရည်ထုတ်လုပ်နေသည့် စက်ရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသီဟဇော်)

ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရအဖွဲ့က ပြင်ဆင်ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံနိုင်မည့်နေရာများကို အသိပေးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် ကျန်ရှိနေသည့် အစိုးရသက်တမ်း သုံးနှစ်ကာလအတွင်း အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့တွင် ဆိပ်ကမ်းသစ်များ တည်ဆောက်နိုင်ရန်အတွက်လည်း ကျွမ်းကျင်သည့် နိုင်ငံတကာပညာရှင်များနှင့် လေ့လာပြီး ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုပါက မည်သည့်လုပ်ငန်းများတွင် တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံရန် အဆင်သင့်ဖြစ်နေကြောင်းကို အသိပေးရန်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြင်ဆင်ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံနိုင်သည့်နေရာများကို အသိပေးရန်ဖြစ်ကြောင်း၊ စက်မှု၊ လက်မှုလုပ်ငန်းများလုပ်မည်ဆိုလျှင် စက်မှုဇုန်အသစ်များ မည်သည့်နေရာများတွင် ရှိနိုင်မည်၊ ယင်းနေရာများ၏ မြေဈေးများသည် မည်သည့်အခြေအနေရှိနိုင်သည်၊ အလုပ်သမားများနှင့်ပတ်သက်သည့် အခြေအနေများသည် မည်သည့်ပုံစံရှိနိုင်သည်ဆိုသည့် သတင်းအချက်အလက်များကို ထည့်သွင်းကာ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်နိုင်ရန်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဒါကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။ ဒုတိယခြေလှမ်းက နိုင်ငံတကာအထိထွက်ပြီး လာရောက်ရင်းနှီးမြှုပ်နှံသူတွေကို ခေါ်ယူဖို့ပဲဖြစ်ပါတယ်။ လာရောက်ရင်းနှီးမြှုပ်နှံသူတွေ ကျွန်တော်တို့ဆီ လာဆွေးနွေးတဲ့သူတွေ များစွာရှိပါတယ်။ လာရောက်စုံစမ်းသူတွေရှိသလို လာရောက်ရင်းနှီးမြှုပ်နှံသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တကယ့်ကို ရင်းနှီးမြှုပ်နှံသူတွေကို ပိုပြီးထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံဖို့အတွက် ကျွန်တော်တို့ အစိုးရသက်တမ်း သုံးနှစ်ကာလ ကျန်ရှိတဲ့သက်တမ်းမှာ အမြန်ဆုံးဆောင်ရွက်သွားဖို့ရှိပါတယ်။ တကယ်လုပ်ငန်းအကြီးကြီးတွေ ရောက်လာမယ်ဆိုရင် သူနဲ့တစ်တွဲတည်းပါလာမယ့် စက်ရုံအဖွဲ့တွေ များစွာရှိပါတယ်။ ဒါကြောင့်ဒီအခြေအနေတွေကို ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ဆောင်ရွက်သွားဖို့ တိုင်းဒေသကြီးအစိုးရဘက်က ဆောင်ရွက်သွားဖို့ အခြေအနေရှိပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာနှစ် မတ်လလယ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၈ ခုမှ ဒေါ်လာ ၅၄ သန်းကျော်အထိ ၀င်ရောက်ထားပြီး စက်မှုကဏ္ဍတွင် ဒေါ်လာသန်း ၅၀ ကျော်ဖြင့် အများဆုံးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏စီးပွားရေးသည် မကြာသေးမီကမှ အမှန်တကယ်ပိုမိုပွင့်လင်းလာပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်နှင့်အတူ ပိုမိုခိုင်မာသောစီးပွားရေးများအတွက် လုပ်သာကိုင်သာရှိအောင် ဆက်လက်ဆောင်ရွက်နေကြောင်း ဒုတိယသမ္မတ ပြောကြား

မြန်မာနိုင်ငံ၏ စီးပွားရေးသည် မကြာသေးမီကမှ အမှန်တကယ် ပိုမိုပွင့်လင်းလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်နှင့်အတူ ပိုမိုခိုင်မာသော စီးပွားရေးလုပ်ငန်းများအတွက် လုပ်သာကိုင်သာရှိလာအောင် အဆက်မပြတ် ဆောင်ရွက်နေကြောင်း မတ် ၂၉ ရက်မှ ၃၁ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် Greater Mekong Subregion (GMS) ထိပ်သီးအစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏စီးပွားရေးသည် မကြာသေးမီကမှ အမှန်တကယ် ပိုမိုပွင့်လင်းလာပါကြောင်း၊ မြန်မာရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ပြဋ္ဌာန်းနိုင်ခြင်းနှင့်အတူ ပိုမိုခိုင်မာပြီး စီးပွားရေးလုပ်ငန်းများအတွက် လုပ်သာကိုင်သာရှိသည့် ၀န်းကျင်တစ်ရပ်ဖြစ်အောင်လည်း ပြုပြင်ပြောင်းလဲမှုများကို အဆက်မပြတ် လုပ်ဆောင်နေပါကြောင်း၊ ပြည်တွင်းထောက်ပံ့မှု ကွင်းဆက်ကို ဒေသတွင်းတန်ဖိုးကွင်းဆက်နှင့် ကမ္ဘာ့တန်ဖိုးကွင်းဆက်ထဲသို့ ၀င်ရောက်နိုင်အောင် ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်လာသည်ကို မြင်တွေ့ရမည်ဖြစ်ပါကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

အစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံ့ခေါင်းဆောင်များ ဆွေးနွေးသည့် Panel Session တွင် Moderator က “GMS နိုင်ငံများအနေနှင့် သက်ဆိုင်ရာနိုင်ငံအလိုက် စီမံကိန်းများ၊ မဟာဗျူဟာများ၊ လုပ်ငန်းဆောင်ရွက်ချက် ရေးဆွဲအကောင်အထည်ဖော်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်အားများကို မည်သို့အကောင်းဆုံးပေါင်းစည်း ဆောင်ရွက်နိုင်မည်၊ မြန်မာနိုင်ငံအနေဖြင့် မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း” မေးမြန်းချက်နှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဂျီအမ်အက်စ်နိုင်ငံများ အောင်မြင်ရန် မိမိတို့၏ သက်ဆိုင်ရာနိုင်ငံအဆင့် စီမံကိန်းနှင့် မဟာဗျူဟာများသည် ကမ္ဘာ့အဆင့်နှင့် ဒေသတွင်းအဆင့် ကတိက၀တ်များဖြင့် ကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးပေးနိုင်ရန် အဓိကလိုအပ်ပါကြောင်းကိုလည်း ဒုတိယသမ္မတက ပြန်လည်ဖြေကြားခဲ့သည်။

ဘဏ္ဍာနှစ် ကြားကာလဖြစ်သည့် လာမည့်ခြောက်လအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဓိက၀င်ရောက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

“လက်ရှိ အများဆုံးဝင်တာက ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေက ဒီခြောက်လအတွင်းမှာ ဒီကဏ္ဍသုံးခုက အဓိက၀င်ရောက်မယ်” ဟု ဦးအောင်နိုင်ဦးက သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၉၂ ခုနှစ်ကတည်းက ဂျီအမ်အက်စ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သော်လည်း ဒေသတွင်းရင်းနှီးမြှုပ်နှံမှု မူဘောင် ၂၀၂၂ ကဲ့သို့အရေးကြီးသည့် ဆောင်ရွက်မှုများကို မိမိတို့နိုင်ငံ၏ ကာလရှည်ဖွံ့ဖြိုးမှုစီမံကိန်းများ၊ ဆောင်ရွက်ချက်များတွင် အပြည့်အ၀ ပေါင်းစည်းဆောင်ရွက်ရန် မကြာသေးမီကမှ စတင်နိုင်ခဲ့ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၄၇ သန်းကျော် ၀င်ရောက်

ရန်ကင်းမြို့နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် စီမံကိန်းမြေနေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၃၄၇ သန်းကျော် ၀င်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ဇန်န၀ါရီလကုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၉၆၀ ဒသမ ၃၃၄ သန်းရှိပြီး ဖေဖော်ဝါရီလကုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅၃၀၇ ဒသမ ၉၅၀ သန်းရှိသဖြင့် ဖေဖော်ဝါရီတစ်လတည်းတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၄၇ ဒသမ ၆၁၆ သန်း ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအထိ ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၅ ဘီလျံကျော်ရှိပြီး တရုတ်နိုင်ငံက ပမာဏအများဆုံးရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူက ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အများဆုံးဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်မည့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တွန်းအားပေး၍ ပို့ကုန်မြှင့်တင်ရေး၊ ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေး၊ ဒေသဖွံ့ဖြိုးရေး စီမံချက်များအား စီးပွားဖြစ် ပူးပေါင်းဆောင်ရွက်မှုအဖြစ်သို့ ကူးပြောင်းစေရေး၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအား ပြည်သူများအကျိုးကျေးဇူး ဖြစ်ထွန်းစေရန်အတွက် ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘဏ္ဍာနှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်သည့်ပမာဏမှာ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၀၄-၂၀၀၅ ဘဏ္ဍာနှစ်အထိ ဒေါ်လာ ၇၇၅၁ ဒသမ ၃၇၈ သန်း၊ ၂၀၀၅-၂၀၀၆ တွင် ဒေါ်လာ ၆၀၆၅ ဒသမ ၆၇၅ သန်း၊ ၂၀၀၆-၂၀၀၇ တွင် ဒေါ်လာ ၇၁၉ ဒသမ ၇၀၂ သန်း၊ ၂၀၀၇-၂၀၀၈ တွင် ဒေါ်လာ ၂၀၅ ဒသမ ၇၂၀ သန်း၊ ၂၀၀၈-၂၀၀၉ တွင် ဒေါ်လာ ၉၈၄ ဒသမ ၇၆၄ သန်း၊ ၂၀၀၉- ၂၀၁၀ တွင် ဒေါ်လာ ၃၂၉ ဒသမ ၅၈၀ သန်း၊ ၂၀၁၀-၂၀၁၁ တွင် ဒေါ်လာ ၁၉၉၉၈ ဒသမ ၉၆၅ သန်း၊ ၂၀၁၁-၂၀၁၂ တွင် ဒေါ်လာ ၄၆၄၄ ဒသမ ၄၆၀ သန်း၊ ၂၀၁၂-၂၀၁၃ တွင် ဒေါ်လာ ၁၄၁၉ ဒသမ ၄၆၇ သန်း၊ ၂၀၁၃-၂၀၁၄ တွင် ဒေါ်လာ ၄၁၀၇ ဒသမ ၀၅၅ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၀၁၀ ဒသမ ၅၃၃ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉၄၈၅ ဒသမ ၆၂၃ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၆၄၉ ဒသမ ၈၁၂ သန်း၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ ဒေါ်လာ ၅၃၀၇ ဒသမ ၉၅၀ သန်း ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ ခွင့်ပြုထားသည့် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၅၆၂၁ ဒသမ ၈၇၄ သန်းရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၅၁၉ ဘီလျံကျော်ခွင့်ပြုထားပြီး လက်ရှိအစိုးရသက်တမ်း ၂၃ လအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၄၈၉၅ ဘီလျံဝန်းကျင်ရှိလာ

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၀၄၉ ဘီလျံကျော်ခွင့်ပြုထားပြီး အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကုန်ထုတ်လုပ်မှု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတို့တွင် အများဆုံးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ထားသောစာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၁၃၄၄ ခုကို လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏကျပ် ၁၆၅၁၉၂၄၈ ဒသမ ၆၃၆ သန်း (ကျပ် ၁၆၅၁၉ ဘီလျံကျော်) ရှိခြင်းဖြစ်သည်။

ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုရေးကဏ္ဍတွင် ကျပ် ၃၉၈၀ ဒသမ ၅၁၁ ဘီလျံ (လုပ်ငန်း ၇၀ ခု)၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကျပ် ၂၈၁၀ ဒသမ ၇၃၁ ဘီလျံ (လုပ်ငန်း ၄၈ ခု)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၂၇၈၇ ဒသမ ၉၈၀ ဘီလျံ (လုပ်ငန်း ၇၈၀ ခု)၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍတွင် ကျပ် ၁၇၁၈ ဒသမ ၅၁၂ ဘီလျံ (လုပ်ငန်း ၁၂၁ ခု)၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၀၇၅ ဒသမ ၁၈၃ ဘီလျံ (လုပ်ငန်း ၆၈ ခု) တို့ဖြစ်သည်။

ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၇၉၇ ဒသမ ၈၅၁ ဘီလျံ (လုပ်ငန်း ၁၀ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၆၂၈ ဒသမ ၉၄၈ ဘီလျံ (လုပ်ငန်း ၁၄ ခု)၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ကျပ် ၁၄၇ ဒသမ ၅၂၅ ဘီလျံ (လုပ်ငန်း ၆၅ ခု)၊ မွေမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၈၃ ဒသမ ၃၂၀ ဘီလျံ (လုပ်ငန်း ၇၈ ခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၅၁ ဒသမ ၁၉၃ ဘီလျံ (လုပ်ငန်း ၁၀ ခု) နှင့် အခြားကဏ္ဍတွင် ကျပ် ၂၄၃၇ ဒသမ ၄၉၁ ဘီလျံ (လုပ်ငန်း ၈၀ ခု) ရင်းနှီးမြှုပ်နှံခွင့်ပြုထားကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် (၂၀၁၆ မတ်လကုန်) အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏကျပ် ၁၁၆၂၄ ဘီလျံကျော်ရှိပြီး လက်ရှိအစိုးရတက်ရောက်ပြီး ၂၃ လကာလအတွင်း ကျပ် ၄၈၉၅ ဘီလျံဝန်းကျင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် အဓိကများပြားလာခဲ့ရာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှစတင်ကာ ယခင်ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အများဆုံးကဏ္ဍဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍကို ကျော်ဖြတ်ပြီး ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ထားသောစာရင်းများအရ သိရသည်။

ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း အပါအ၀င် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိ

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအပါအ၀င် နိုင်ငံခြား၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုးခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာ ၂၂ ရက်ကပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေး (၁၇/၂၀၁၇)  မှ အဆိုပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ငါးခုနှင့် ဖက်စပ်ရင်း နှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုမိန့်ရခဲ့သည့် လုပ်ငန်းအမျိုးအစားများတွင် မျိုးကြက်ခြံနှင့် ကြက်သားပေါက်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ မျိုးကြက်မွေးမြူခြင်းနှင့် မျိုးကြက်ဥရောင်းချခြင်း လုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ Apartment များ တည်ဆောက်၍ပြန်လည်ရောင်းချခြင်း နှင့် ငှားရမ်းခြင်း လုပ်ငန်း၊ ဆက်သွယ်ရေးကွန်ရက် အထောက်အကူပြု တာဝါတိုင်တည်ဆောက်ခြင်းနှင့် ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်း၊ ရန်ကုန်မြို့တွင်း လမ်းသုံး ပရိဘောဂဒီဇိုင်း ရေးဆွဲ၊ ထုတ်လုပ်၊ တပ်ဆင် လုပ်ငန်း လုပ်ကိုင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ထိုလမ်းသုံး ပရိဘောဂများတွင်ကြော်ငြာခြင်း၊ ခဲသတ္တု သန့်စင်ရောင်းချခြင်းလုပ်ငန်း၊ ၂၃ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား  ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ၉၉ မဂ္ဂါဝပ်ရှိ ချီဖွေငယ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။

၂၃ မဂ္ဂါဝပ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို မင်းခေတ်သစ်သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်က ရှမ်းပြည်နယ် (အ ရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဟဲ ကျေး ရွာအုပ်စုရှိ မြေဧက ၄၀ တွင်  မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၉၉ မဂ္ဂါဝပ်ရှိ ချီဖွေငယ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို ချီဖွေငယ်ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်က ကချင်ပြည်နယ် ချီဖွေမြို့၏ အရှေ့တောင်ဘက် ၁၁ မိုင်ခန့်အကွာနှင့် အရှေ့ဘက် ၁၈ ကီလိုမီတာအကွာ ချီဖွေချောင်းအနီး ရစ်ဂျော်ကျေးရွာအုပ်စုရှိ မြေ  ၂၂၂ ဒသမ ၁၇ ဧက တွင် ဖက်စပ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခွင့်ပြုမိန့်ရရှိခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၊ လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံကာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးမှ စိစစ်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏(၁၇/၂၀၁၇) အစည်းအဝေးက ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း ၂၈၇၀ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။