ငွေရေးကြေးရေး အကူအညီ တောင်းခံလာသည့် ပြည်တွင်းဘဏ် ခုနစ်ခုသို့ ကျပ် ၆၉၃ ဘီလျံကျော် ဗဟိုဘဏ် ထုတ်ချေးမှု ငွေဖောင်းပွမှု ဖြစ်စေနိုင်သဖြင့် ချင့်ချိန်သင့်ကြောင်း အကြံပြု

ပုဂ္ဂလိကဘဏ် တစ်ခု၏ ဘဏ်လုပ်ငန်း ၀န်ဆောင်မှု ပေးအပ်နေသည့် မြင်ကွင်းတစ်ခုကို တွေ့ရစဉ်

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ငွေရေးကြေးရေး အကူအညီ တောင်းခံလာသည့်  ပြည်တွင်းဘဏ် ခုနစ်ခုသို့ မြန်မာနိုင်ငံတော် ဗဟို ဘဏ်က ကျပ် ၆၉၃ ဘီလျံကျော်အ ထိ ထုတ်ချေးခဲ့ပြီး ထိုသို့ထုတ်ချေးမှု မှာ နိုင်ငံအတွင်း လှည့်လည်သုံးစွဲ နေသော ငွေကြေးပမာဏ တိုးပွားကာ ငွေဖောင်းပွမှုဖြစ်စေနိုင်သဖြင့် ချင့်ချိန်ဆောင်ရွက်သင့်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မ တီက အကြံပြုထားသည်။

ကမ္ဘောဇဘဏ် အပါအ၀င် ပုဂ္ဂလိကဘဏ်ခုနစ်ခုသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အချိန် ၉၂ ရက်ထက်မပိုစေဘဲ ယာယီချေး ငွေများကို ထုတ်ချေးခဲ့ခြင်းဖြစ်ပြီး ဘဏ်များသို့ ချေးငွေထုတ်ချေးရာတွင် ငွေတိုက်စာချုပ်များကို အာမ ခံထား၍ အတိုးနှုန်း ၁၀ ရာခိုင်နှုန်းဖြင့် ရက်အလိုက် အတိုးနှုန်း တွက်ချက်ရယူခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ငွေရေးကြေးရေး အကူအညီ တောင်းခံလာသည့် ပြင်ပပုဂ္ဂလိက ဘဏ်များသို့ ယာယီချေးငွေ ထုတ်ချေးပေးခြင်းဖြင့် ပုဂ္ဂလိကဘဏ်များ၏ ငွေကြေးလည်ပတ်မှု ပိုမိုကောင်းမွန် လာစေသည်ဟု ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက အကြံပြုထားပြီး ချေးငွေရယူသည့် ဘဏ်များတွင် ဧရာဝတီဘဏ်က ကျပ် ၂၂၅ ဘီလျံဖြင့် အများဆုံးဖြစ်ပြီး မြန်မာ့ရှေ့ဆောင်ဘဏ်က ၁၇၉ ဘီလျံကျော်ဖြင့် ဒုတိယ အများဆုံးဖြစ်ကာ ကမ္ဘောဇဘဏ်က ကျပ်ဘီလျံ ၁၃၀ ဖြင့် တတိယအများဆုံး ချေးယူခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်တွင်းပုဂ္ဂလိက ဘဏ်များထံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယာယီငွေထုတ်ချေးမှုမှာ ပုဂ္ဂလိက ဘဏ်များ၏ ငွေကြေးလည်ပတ်မှု၊ ပိုမိုကောင်းမွန်စေခြင်း၊  မြန်မာနိုင်ငံတော် ဗဟိုဘဏ်အတွက်  အတိုးဝင်ငွေ ရရှိနိုင်ခြင်း စသော ကောင်းကျိုးများ ရရှိစေနိုင်သော်လည်း နိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသည့် ငွေကြေးပမာဏ တိုးပွားကာ ငွေဖောင်းပွမှု ဖြစ်စေနိုင်သဖြင့် ချင့်ချိန်ဆောင်ရွက်သင့်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အကြံပြုထားသည်။

“မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ စုစုပေါင်း ငွေကြေးပမာဏနဲ့ သီးသန့်ငွေကြေး ပမာဏတွေကို ငွေကြေးပမာဏ ရည်မှန်းချက်တွေအဖြစ် ထားရှိပြီး သတ်မှတ်ထားတဲ့ ရည်မှန်းချက်ဘောင်အတွင်း ရောက် ရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ငွေဖောင်းပွမှုနှုန်းဟာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ၉ ဒသမ ၉၉ ရာခိုင် နှုန်းရှိခဲ့ရာက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၈၁ ရာခိုင်နှုန်းနဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၄ ဒသမ ၆၁ ရာခိုင်နှုန်းသို့ အသီးသီး ကျဆင်းခဲ့ပါတယ်” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က အစိုးရ၏ ဒုတိယနှစ် လုပ်ဆောင်ချက်များအကြောင်း ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

 

တရားမ၀င် ဈေးကွက်တွင် တစ်နှစ် ဒေါ်လာငါးဘီလျံခန့် စီးဆင်းနေပြီး အဆိုပါ ဈေးကွက်နောက်သို့ ဗဟိုဘဏ် လိုက်နေရသည့် အခြေအနေအစား ထိန်းကျောင်း၍ရသည့် အခြေအနေဖြစ်အောင် ကြိုးစားရန် လိုအပ်နေ

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ပြည်တွင်း တရားမ၀င် ဈေးကွက်တွင် တစ်နှစ်ဒေါ်လာငါးဘီလျံခန့် စီးဆင်းနေပြီး အဆိုပါ ဈေးကွက်နောက်သို့ ဗဟိုဘဏ်လိုက်နေရသည့် အခြေအနေအစား ထိန်းကျောင်း၍ရသည့် အခြေအနေဖြစ်အောင် ကြိုးစားရန် လိုအပ်နေကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်းနှင့် ကမ္ဘောဇဘဏ်၏ အကြီးတန်း အတိုင်ပင်ခံပုဂ္ဂိုလ် ဦးသန်းလွင်က ပြောကြားသည်။

“ပြင်ပငွေလဲနှုန်းက ပြင်ပမှာရှိနေတဲ့ ဈေးကွက်။ ကျွန်တော်တို့ခေါ်တော့ ဟွန်ဒီပေါ့။ တရားမ၀င် ဈေးကွက်ပေါ့။ အဲဒီဈေးကွက်ကိုလည်း အထင်သေးလို့မရဘူး။ သူက တစ်နှစ်တစ်နှစ်ကို ဒေါ်လာငါးဘီလျံလောက် ရှိတယ်။ ဒီဈေးကွက်ကြီးက Stock Basic နဲ့ တွက်ရင် ဒီထက်များသေးတယ်။ ဒီဈေးကွက်ကြီးက ကြီးစိုးနေတာ။ ဗဟိုဘဏ်ကလည်း ဒီဈေးကွက်နောက် လိုက်နေရတာပဲ။ ဈေးကွက်က လှုပ်ရှားပြီးတော့မှ အခုဆို နိုင်ငံခြားမှာ ဒေါ်လာဈေး တက်တာထက် ဒီတိုင်းပြည်မှာ ကျပ်နဲ့ယှဉ်ပြီးတက်တဲ့ ဒေါ်လာဈေးက ပိုများနေတယ်။ တရားမ၀င် ဈေးကွက်က လှုပ်ရှားနေတာကိုး။ သူက ဈေးကစားနေတာပေါ့။ ဘာဖြစ်မယ်၊ ညာဖြစ်မယ် သတင်းတွေလွှင့်တော့ လူတွေကလန့်ပြီး ဒေါ်လာတွေဝယ်တယ်။ မလိုအပ်ဘဲ လိုက်ဝယ်တော့ ဒေါ်လာဈေးက တက်နေတယ်။ ဒီလိုဖြစ်နေတော့ ဒီဈေးကွက်ကြီးကို ထိန်းကျောင်းဖို့လိုတယ်။ အန်ကယ်က အမြဲတမ်း ပြောတယ်။ ဘဏ်တွေများများဖွင့်။ ဘဏ်တွေထဲမှာ ငွေတွေဝင်လာရင် ထိန်းကျောင်းလို့လွယ်တယ်။ အခုဟာက ဘဏ်ပြင်ပရောက်နေတဲ့ ငွေတွေက ဘာခေါ်လဲဆိုတော့ အင်္ဂလိပ်လိုခေါ်တော့ Hot Money။ မြန်မာလိုခေါ်တော့ ထိန်းကျောင်းရခက်တဲ့ ငွေကြေးတွေ။ အဲဒီငွေတွေနဲ့ ဈေးကစားနေတာ။ ဒေါ်လာဈေး ကစားနေတာ” ဟု ဦးသန်းလွင်က ပြောကြားသည်။

တရားမ၀င်ဈေးကွက်ကို ထိန်းကျောင်းရမည် ဆိုသော်လည်း ဖမ်းဆီးအရေးယူခြင်းကဲ့သို့ အခြေအနေမျိုး လုပ်ဆောင်၍ မရဘဲ ဈေးကွက်စီးပွားရေးစနစ် ဖြစ်နေ၍ သွယ်ဝိုက်သည့်နည်းဖြင့် ထိန်းကျောင်းရန် လိုအပ်နေပြီး ထိုသို့ထိန်းကျောင်းနိုင်မှသာ ဈေးကွက်စီးပွားရေး၏ အနှစ်သာရ ပေါ်လာမည်ဖြစ်ကြောင်း ဦးသန်းလွင်က ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ပို့ကုန်/သွင်းကုန်အား ကြည့်ရှုပါက ကုန်သွယ်မှုလိုငွေမှာ နှစ်စဉ်ဒေါ်လာ ငါးဘီလျံခန့် ရှိနေပြီး အဆိုပါ ကုန်သွယ်မှုလိုငွေမှာ တရားမ၀င်ဈေးကွက်မှ ရရှိနေသည်ဟု ဦးသန်းလွင်က သုံးသပ်သည်။

လတ်တလောကာလတွင် မြန်မာနိုင်ငံ၌ ကျပ်ငွေတန်ဖိုး ဆိုးရွားစွာ ကျဆင်းနေပြီး ထိုသို့ ဆိုးရွားစွာ ကျဆင်းနေသည့် အခြေအနေများတွင် တရားဝင် ခွင့်ပြုထားသည့် ဘဏ်များအား ဗဟိုဘဏ်က ခေါ်ယူတွေ့ဆုံပါက ဈေးနှုန်းပြန်လည် ကျဆင်းလေ့ရှိသည်။

သို့သော် လက်ရှိအချိန်တွင် ဗဟိုဘဏ် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုအပေါ် ၀င်ရောက်ထိန်းကျောင်းမှု မရှိဘဲ စောင့်ကြည့်နေသည့် အခြေအနေသာ ရှိနေသည်။

လတ်တလောတွင် စဉ်ဆက်မပြတ် မြင့်တက်နေသည့် ဒေါ်လာဈေးမှ တစ်ဒေါ်လာ ကျပ် ၁၅၀၀ အထိ မြင့်တက်ဖွယ်ရှိကြောင်း ခန့်မှန်းနေကြပြီး ဈေးကစားသည့်ဘဏ်များ ရှိနေပါက ခေါ်ယူတွေ့ဆုံနေရုံဖြင့် မပြီးဘဲ အရေးယူရန်ပါ လိုအပ်ကြောင်း စီးပွားရေး ပညာရှင်အချို့က ထောက်ထားသည်။

ပြည်တွင်း၌ ဒေါ်လာဈေး ပုံမှန်ထက် မြင့်တက်လာသည့် အချိန်တိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို ခေါ်ယူတွေ့ဆုံပြီးနောက် ဒေါ်လာဈေး ပြန်လည်ကျဆင်းမှု ရှိသော်လည်း အမှန်တကယ် အရေးယူမှု မရှိသဖြင့် ဒေါ်လာဈေး ခဏသာ ကျဆင်းပြီးနောက် ပြန်လည်မြင့်တက်မှုများ မကြာခဏ ဖြစ်ပေါ်နေသည်။

“အဓိက,ကတော့ တရုတ်နဲ့ အမေရိကန်ကြားက ကုန်သွယ်ရေး စစ်ပွဲကြောင့်လို့ ထင်တယ်။ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်တော့ အမေရိကန်ကလည်း သူ့ဒေါ်လာတန်ဖိုး မြင့်အောင်လုပ်တယ်။ တရုတ်ကလည်း သူ့ငွေတွေကို ပြည်ပစီးထွက်မှု လျော့နည်းနိုင်သမျှ လျော့နည်းအောင် လုပ်နေတယ်။ ဒီလို တင်းကျပ်လာတာတွေက အဓိက အကြောင်းရင်းလို့ ထင်တယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့လူမျိုးက စိုးရိမ်စိတ်ကြီးတယ်။ မြန်မာကျပ်ငွေတန်ဖိုး ဒီထက်ကျသွားနိုင်တယ် ထင်ကြတယ်။ ဒီတော့ ဒေါ်လာစုဆောင်းတယ်။ ၀ယ်ကြတယ်။ အဲဒီတော့ ဒေါ်လာဈေးက တက်တာပေါ့။ အဲဒီလို ဒေါ်လာဈေး တစ်ခုခုဖြစ်ပြီ။ တက်တာမြန်တယ်။ ကြမ်းတယ်ဆိုရင်တော့ ဗဟိုဘဏ်က ခေါ်တွေ့လေ့ရှိတယ်။ ဦးသိန်းစိန်ခေတ် တုန်းကဆိုရင် ဦးဝင်းရှိန်က ကျွန်တော်တို့ကို ခေါ်မေးဖူးတယ်။ အဲဒီတုန်းက ဗဟိုဘဏ်ဥက္ကဋ္ဌက ဦးသန်းညိန်းပေါ့။ အဲဒီတုန်းက ကျွန်တော်တို့ တွေ့ပြီးတော့ နောက်နေ့မှာ နည်းနည်းပြန်ကျသွားတယ်။ ဒေါက်တာအောင်ထွန်းသက် အပါအ၀င် ငါးဦးပေါ့။ ဒေါ်လာဈေး မြင့်တက်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ထင်မြင်ချက် တောင်းခံတာပေါ့။ အခုနောက်ပိုင်းလည်းပဲ ဒေါ်လာဈေး တက်တာမြန်တယ်။ မြန်မာကျပ်ငွေတန်ဖိုး ကျတာကြမ်းတယ်ဆိုရင် သူတို့ခေါ်တွေ့လေ့ ရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဘဏ်တွေကိုယ်တိုင်က မြန်မာကျပ်ငွေထက် ဒေါ်လာအပေါ် အဓိကအားထားပြီးတော့ အလေးထားနေရတဲ့ သဘောရှိတယ်။ ဒါပေမဲ့ ခေါ်တွေ့ရုံ သက်သက်နဲ့တော့ သိပ်ထိရောက်မှာ မဟုတ်ဘူးထင်တယ်။ ခေါ်တွေ့ရုံနဲ့တော့ မသမာနည်းလမ်း မသုံးဖို့၊ ဈေးမကစားဖို့ အဆင့်လောက်ပဲဖြစ်မယ်။ ဈေးမကစားဖို့ သတိပေးရုံ သက်သက်နဲ့ မဖြစ်ဘူးပေါ့။ ဒုတိယအဆင့်မှာ အရေးယူဖို့ လိုတာပေါ့။ ဈေးကစားတဲ့ ဘဏ်တွေရှိရင် ထိထိရောက်ရောက် အရေးယူနိုင်ဖို့ လိုတာပေါ့” ဟု မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ဆိုသည်။

 

မြန်မာခရက်ဒစ်ဗျူရိုလီမိတက် (MCBL) အား ချေးငွေသတင်းပို့ခြင်းဆိုင်ရာ လုပ်ငန်းလိုင်စင် ထုတ်ပေးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတင်းထုတ်ပြန်

မြန်မာခရက်ဒစ်ဗျူရိုလီမိတက် (MCBL) အား ချေးငွေသတင်းပို့ခြင်းဆိုင်ရာ လုပ်ငန်းလိုင်စင် ထုတ်ပေးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မေ ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် မြန်မာခရက်ဒစ်ဗျူရိုလီမိတက် (MCBL) မှာ ဘဏ်များ၊ ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် အခြားငွေရေးကြေးရေး အဖွဲ့အစည်းများအားလုံး၏ ဆက်သွယ်ဆောင်ရွက်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ချေးငွေပြန်လည်ပေးဆပ်မှု သတင်းအချက်အလက်များနှင့် အခြားဆက်စပ်လျက်ရှိသည့် သတင်းအချက်အလက်များကို စုဆောင်းပြီး အဆိုပါ သတင်းအချက်အလက်များကို ငွေထုတ်ချေးသည့် အဖွဲ့အစည်းများသို့ ပြန်လည်ဖြန့်ဖြူးပေးခြင်း ဆောင်ရွက်နိုင်ကြောင်း ပါရှိသည်။

ထိုသို့ လိုင်စင်ထုတ်ပေးခြင်းဖြင့် ဘဏ်များ၊ ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများမှ အာမခံပစ္စည်းရယူပြီး ချေးငွေထုတ်ချေးသည့် စနစ်တစ်ရပ်အပေါ် မှီခိုမှုအား လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ချေးငွေအချက်အလက်များကို အသုံးပြု၍ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူ၏ ငွေချေးရန် ထိုက်တန်မှုအား အကဲဖြတ်ကာ ချေးငွေများ ပိုမိုလွယ်ကူစွာ ထုတ်ချေးလာနိုင်မည်ဖြစ်ပြီး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း ချေးငွေရရှိနိုင်မှု အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်၏ အတိုးနှုန်းလျှော့ချခြင်းနှင့် စပ်လျဉ်း၍ ကနဦးထုတ်ပြန်ချက်သည် ဗဟိုဘဏ်၏ ငွေကြေးမူဝါဒများမှ သွေဖည်သွားနိုင်ပြီး ဘဏ်လုပ်ငန်းကဏ္ဍနှင့် နိုင်ငံ့စီးပွားရေး ထိခိုက်စေနိုင်သောကြောင့် ညွှန်ကြားချက်များ တိကျစွာလိုက်နာရန် ဗဟိုဘဏ်အသိပေး

ကမ္ဘောဇဘဏ်လီမိတက်၏ ဘဏ်ခွဲတစ်ခုတွင် ငွေရေးကြေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

ကမ္ဘောဇဘဏ်လီမိတက်၏ အတိုးနှုန်းလျှော့ချခြင်းနှင့် စပ်လျဉ်း၍ ကနဦးထုတ်ပြန်ချက်သည် ဗဟိုဘဏ်၏ ငွေကြေးမူဝါဒများမှ သွေဖည်သွားနိုင်ကာ ဘဏ်လုပ်ငန်းကဏ္ဍနှင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေနိုင်သောကြောင့် ညွှန်ကြားချက်များ တိကျစွာလိုက်နာရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားကြောင်း သိရသည်။

အဆိုပါ အသိပေးချက်ကို ၂၀၁၈ ခုနှစ် မေ ၂ ရက်တွင် ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌထံ စာအမှတ်၊ မဗဘ/ဘဏ်စိစစ်/ ထွေ (၂၂၆/၂၀၁၈) ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်မိုးမိုးက ပေးပို့ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပါ အဓိကရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို အောင်မြင်စေရန်အတွက် ငွေကြေးမူဝါဒနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီးပွားရေး အဆောက်အအုံတစ်ခုလုံးအပေါ် အဆိုပါမူဝါဒများ၏ သက်ရောက်နိုင်မှုကို ထည့်သွင်းစဉ်းစား၍ ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ လက်ရှိအနေအထားနှင့် သင့်လျော်နိုင်သည့် ငွေကြေးမူဝါဒနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မူဝါဒများကို အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု ဗဟိုဘဏ်က ဆိုသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပါ လုပ်ပိုင်ခွင့်များအား ကျင့်သုံး၍ ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီး ညွှန်ကြားချက်အမှတ် (၁၀/၂၀၁၁) နှင့် ညွှန်ကြားချက်အမှတ် (၁၁/၂၀၁၁) အရ ဗဟိုဘဏ်၏ အတိုးနှုန်းအား တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားသည်။

ထို့အတူ ဘဏ်အတိုးနှုန်းများကို ငွေစုဘဏ်အပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှပေးရမည့် အပ်ငွေတို့အပေါ်တွင် ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအောက် နှစ်ရာခိုင်နှုန်း (၁၀%-၂%=၈%) ထက်မနည်းစေရန်၊ ချေးငွေများ၊ စာရင်းပို ထုတ်ချေးငွေများအပေါ်တွင် တောင်းခံနိုင်သည့် အမြင့်ဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းထက် သုံးရာခိုင်နှုန်း (၁၀%+ ၃%=၁၃%) ထက် မကျော်လွန်စေရန် သတ်မှတ်ထားခြင်းဖြစ်သည်။

အဆိုပါညွှန်ကြားချက်အရ ဘဏ်များအနေဖြင့် သတ်မှတ်ဘောင်အတွင်း အတိုးနှုန်းကို ပြင်ဆင်ပြောင်းလဲမှု ပြုလုပ်နိုင်သော်လည်း ဗဟိုဘဏ်၏ ခွင့်ပြုချက်ရယူရန်နှင့် ခွင့်ပြုချက်ရရှိမှသာ ပြင်ဆင်ပြောင်းလဲရန် ညွှန်ကြားထားသည်။

ကမ္ဘောဇဘဏ်လီမိတက်၏ အတိုးနှုန်းလျှော့ချခြင်းနှင့် နောက်ဆုံးထုတ်ပြန်ချက်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖြစ်သော်လည်း ကနဦးထုတ်ပြန်ချက်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသော ငွေကြေးမူဝါဒများမှ သွေဖည်သွားနိုင်ကာ ဘဏ်လုပ်ငန်းကဏ္ဍကို ထိခိုက်နိုင်ပြီး ထိုမှတစ်ဆင့် နိုင်ငံ၏စီးပွားရေးကိုပါ ထိခိုက်စေနိုင်သောကြောင့် ကမ္ဘောဇဘဏ်လီမိတက်အနေဖြင့် အပ်ငွေနှင့် ချေးငွေအပေါ် ထားရှိရမည့် အတိုးနှုန်းများကို သတ်မှတ်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန် ဗဟိုဘဏ်က အကြောင်းကြားထားကြောင်း သိရသည်။

ပြည်တွင်း ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်က စုငွေစာရင်း (Saving Account) အတိုးနှုန်းများအား ၀ ဒသမ ၂၅ ရာခိုင်နှုန်း၊ စာရင်းသေအပ်ငွေ (Fixed Deposit Account) အတိုးနှုန်းကို ၁ ရာခိုင်နှုန်းမှ ၃ ဒသမ ၂၅ ရာခိုင်နှုန်းအထိ တစ်ဦးချင်းနှင့် အဖွဲ့အစည်း ငွေစာရင်းများအလိုက် လျှော့ချခဲ့ကြောင်း ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိရင်ဆိုင်နေရသည့် စီးပွားရေးတုံ့ဆိုင်းနေခြင်းကို တစ်ဖက်တစ်လမ်းမှ ကုစားရန် ဘဏ်အပ်ငွေအတိုးနှုန်းကို ခုနစ်ရာခိုင်နှုန်းနှင့် ဘဏ်ချေးငွေအတိုးနှုန်းကို ၁၁ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်နိုင်ရန် လိုအပ်

မြန်မာနိုင်ငံ၏ လက်ရှိရင်ဆိုင်နေရသည့် စီးပွားရေးတုံ့ဆိုင်းနေခြင်းကို တစ်ဖက်တစ်လမ်းမှကုစားရန် ဘဏ်အပ်ငွေအတိုးနှုန်းကို ခုနစ်ရာခိုင်နှုန်းနှင့် ဘဏ်ချေးငွေအတိုးနှုန်းကို ၁၁ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း ဒုတိယအကြိမ် ပြည် ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်က ဆွေးနွေးသည်။

ပြည်တွင်းချေးငွေများအတွက် ယခင်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုသာ အားထားခဲ့ရပြီး ယခုအချိန်တွင် ဗဟိုဘဏ်အပြင် အစိုးရ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ဈေးပြိုင်လေလံစနစ်နှင့် ရောင်းချခြင်းဖြင့် ဘတ်ဂျက်လိုငွေများ ဖြည့်ဆည်းနေသည်ကို တွေ့ရှိနေရပြီး ယခုကဲ့သို့ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းရန် အစိုးရငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ် လေလံတင်ရောင်းချခြင်းမှာ ဗဟိုဘဏ်က ဖော်ဆောင်နေသည့် ဈေးကွက် ကပြဋ္ဌာန်းသည့် အတိုးနှုန်းဖြစ်ပေါ်စေရန် အထောက်အကူဖြစ်ကြောင်းနှင့် တစ်ဖက်တွင်လည်း ဗဟိုဘဏ်မှ ဘဏ်၌လာရောက်အပ်နှံငွေများအတွက် ရှစ်ရာခိုင်နှုန်းထက် မနည်းသော ဘဏ်ထုတ်ချေးငွေများကို ၁၃ ရာခိုင်နှုန်းထက်မပိုသော အတိုးနှုန်းများဖြင့် ထုတ်ချေးရန် သတ်မှတ်ထားသည့်အတွက် အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ ရောင်းချရသည့်ကူပွန်နှုန်းသည် အစီရင်ခံစာအရ အစိုးရငွေတိုက်စာချုပ်များအတွက် ကူပွန်နှုန်း ကိုးရာခိုင်နှုန်း၊ ၉ ဒသမ ၂၅ ရာခိုင် နှုန်းနှင့် ၉ ဒသမ ၅ ရာခိုင်နှုန်းတို့အထိ အတိုး နှုန်းမြင့်မားနေခြင်းဖြစ်ကြောင်း ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ယခုအခြေအနေတွင် အစိုးရအနေဖြင့် ဘဏ်တိုးနှုန်းများ လျှော့ချပေးရမည်ဖြစ်ပြီး  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်တွင်အပ်နှံသည့် အတိုးနှုန်းကို ရှစ်ရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းသို့ လည်းကောင်း၊ ဘဏ်မှချေးယူငွေများအတွက် အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်း မှ ၁၁ ရာခိုင်နှုန်းသို့လည်းကောင်း ပြောင်းလဲသတ်မှတ်ပေးပါက ဘဏ်၌ငွေစုသူများအား မထိခိုက်ဘဲ နိုင်ငံတော်၏ အတိုးနှုန်းကုန်ကျစရိတ်ကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ဒေါက်တာသက်သက်ခိုင်က သုံးသပ်သည်။

ထိုကဲ့သို့ အတိုးနှုန်းအား ရှစ်ရာခိုင်နှုန်း နှင့် ၁၃ ရာခိုင်နှုန်းအစား ခုနစ်ရာခိုင်နှုန်းနှင့် ၁၁ ရာခိုင်နှုန်းသို့ ပြောင်းလဲ သတ်မှတ်ခြင်းဖြင့် လက်ရှိရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ စီးပွားရေး တုံ့ဆိုင်းနေခြင်းကို တစ်ဖက်တစ်လမ်းက ကုစားပေးနိုင်သည့်အပြင် စီးပွားရေးလုပ်ငန်းများ၏ မတည်ရင်းနှီးမှုအတွက် ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးသည်။

ပုဂ္ဂလိကကဏ္ဍတွင် ဖြစ်ပေါ်နေသော လက်ရှိအခက်အခဲများကိုဖြေရှင်းနိုင်ရန်အတွက် ချေးငွေအပေါ် အတိုးနှုန်းလျှော့ချပေးရန် (Maximum Bank Lending Rate) ကို လက်ရှိ ၁၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချပေးရန်နှင့် ဘဏ်အပ် ငွေအပေါ်အတိုးနှုန်း Maximum ကိုလက်ရှိ ရှစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းသို့ လျှော့ချပေးရန် လုပ်ငန်းရှင်များမှ တင်ပြမှုအပေါ် ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ (၁၃ ကြိမ်မြောက်) တွင် ဒုတိယသမ္မတဦးမြင့်ဆွေ နှင့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦစိုးသိန်းသို့ တင်ပြထားသည်။