သြဂုတ် ၂၅ နောက်ပိုင်း မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ဘင်္ဂါလီမွတ်စလင် ၅၈၂၀၀၀ ရောက်ရှိခဲ့ဟု ကုလသမဂ္ဂ ထုတ်ပြန်

အောက်တိုဘာ ၁၆ ရက်က နတ်မြစ်ကို ဖြတ်ကျော်ပြီးနောက် တွေ့ရသည့် ဘင်္ဂါလီဒုက္ခသည်များ (Photo : AFP)

သြဂုတ်လကုန်နောက်ပိုင်း မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရောက်ရှိခဲ့သည့် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည် အရေအတွက်သည် ၅၈၂၀၀၀ ရှိ လာကြောင်း၊ နယ်စပ်၌ ထောင်နှင့်ချီသည် သောင်တင်နေကြောင်းလည်း ကုလသမဂ္ဂက အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအရေအတွက်သည် ပြီးခဲ့သော သီတင်းပတ်ကုန်တွင် ရှိခဲ့သည့် ၅၃၇၀၀၀ မှ ၄၅၀၀၀ တိုးတက်လာခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် မြန်မာလုံခြုံရေး တပ်များအား ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်များက ၀င်ရောက် တိုက်ခိုက်မှုကို မြန်မာတပ်မတော်က စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့်နောက်ပိုင်း မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ဘင်္ဂါလီမွတ်စလင်များ အလုံးအရင်းဖြင့် ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်အနီး သောင်တင်နေသော ထပ်မံရောက်လာသည့် ဒုက္ခသည် ထောင်နှင့်ချီ၏ အခြေအနေကို အလွန်အမင်း စိုးရိမ်မိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR ၏ ပြောခွင့်ရပုဂ္ဂိုလ် အင်ဒရေးမာဟီဆက်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၅ ရက်ညနောက်ပိုင်း ဘင်္ဂါလီဒုက္ခသည် ၁၀၀၀၀ မှ ၁၅၀၀၀ အထိသည် အန်ဂျူမန်ပါရာ နယ်စပ်စခန်းကို ဖြတ်သန်း၍ ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်ခဲ့ကြောင်း ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။ ယင်းဒုက္ခသည်များအနက် အများအပြားသည် နေရပ်မှ ထွက်ခွာရန်၊ မဟုတ်လျှင် အသတ်ခံရမည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်မှု ကြုံခဲ့ရသော်လည်း ရခိုင်ပြည်နယ်တွင် နေထိုင်ရန် ရွေးချယ်ခဲ့ကြသူများ ဖြစ်ကြောင်း၊ နောက်ဆုံးတွင် ၎င်းတို့၏ရွာများ မီးရှို့ခံရခြင်းကြောင့် ထွက်ပြေးလာရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ရောက်ရှိရန် တစ်ပတ်ကြာ လမ်းလျှောက်ခဲ့ရကြောင်း၊ အများစုသည် ဘင်္ဂလားဒေ့ရှ်ရှိ စိုက်ခင်းများတွင် ကျူးကျော်နေထိုင်ဆဲဖြစ်ပြီး နယ်စပ်မှ ရွှေ့ပြောင်းရန် ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြကြောင်း၊ ဒုက္ခသည်များအား အရေးပေါ်လက်ခံရန် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများအား UNHCR က တိုက်တွန်းနေကြောင်း မာဟီဆက်က ပြောကြားခဲ့သည်။                           Ref : AFP

ရခိုင်အရေးကြောင့် ဥရောပသမဂ္ဂက မြန်မာစစ်ဘက်နှင့် ဆက်ဆံရေးကို ပြန်လည်ဖြတ်တောက်

အောက်တိုဘာ ၁၆ ရက်က ဘရပ်ဆဲလ်ရှိ ဥရောပကော်မရှင်ရုံးအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo : AFP)

မြန်မာနိုင်ငံရှိ ဘင်္ဂါလီမွတ်စလင်တို့၏ ဒေသများတွင် လုံခြုံရေးတပ်ဖွဲ့များက ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့သည် ဟုဆိုကာ ဥရောပသမဂ္ဂက မြန်မာစစ်ဘက်နှင့် ဆက်ဆံရေးကို ပြန်လည်ဖြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၆ ရက်တွင် ဥရောပနိုင်ငံခြားရေး ၀န်ကြီးများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် မြန်မာထိပ်တန်း တပ်မတော် ခေါင်းဆောင်များကို လာရောက်ရန် ဖိတ်ကြားခြင်းများအား ဆိုင်းငံ့ထားရန် သဘောတူခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လွန်ခဲ့သည့်နှစ်က ဥရောပနိုင်ငံ များစွာသို့ သွားရောက်ခဲ့ပြီး ဥရောပသမဂ္ဂမှ ထိပ်တန်းစစ်ဘက်ဆိုင်ရာ ခေါင်းဆောင် တစ်ဦးကိုလည်း အိမ်ရှင်အဖြစ် လက်ခံတွေ့ဆုံခဲ့သည်။ ယခုဆုံးဖြတ်ချက်သည် မြန်မာအရပ်သား အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံအတွင်း၌ သြဇာကြီးမားနေဆဲဖြစ်သော မြန်မာတပ်မတော်တို့နှင့် ဆက်ဆံရေးများ၌ အကြီးအကျယ် မြှုပ်နှံထားသော ကမ္ဘာ့အင်အားကြီးနိုင်ငံများကို ရင်ဆိုင်ရာ၌ အခက်အခဲများရှိကြောင်း ထင်ဟပ်ပြနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ပြင်းထန်စွာ ဝေဖန်မှုများခံခဲ့ရပြီး လူ့အခွင့်အရေးအဖွဲ့များက မြန်မာလက်နက်ကိုင် တပ်မတော်ကို ပိုမိုပြင်းထန်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။

Burma Capaign UK အဖွဲ့က ဥရောပသမဂ္ဂ၏ တုံ့ပြန်မှုသည် လုံလောက်ခြင်းမရှိဟု ပြစ်တင်ရှုတ်ချခဲ့သည်။ “မြန်မာ တပ်မတော်အရာရှိ တချို့ကို ဥရောပလာဖို့ ဖိတ်ကြားမှု ဆိုင်းငံ့ထားရုံလောက်က ရိုဟင်ဂျာတွေကို လူမျိုးစုလိုက် သုတ်သင်မှုကို တုံ့ပြန်ရာမှာ လုံးဝပျော့ညံ့တဲ့ ဆုံးဖြတ်ချက်ပါပဲ” ဟု အဆိုပါအဖွဲ့၏ ညွှန်ကြားရေးမှူး မက်ဖာမနာက ပြောကြားခဲ့သည်။ “ဒီအားနည်းတဲ့ တုံ့ပြန်မှုကို မြန်မာတပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မတော်မတရားမှုတွေ ဆက်လုပ်ဖို့ မီးစိမ်းပြတာလို့ မှတ်ယူမှာပဲ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

လူဇင်ဘတ်တွင် ပြုလုပ်သော ဥရောပသမဂ္ဂ၀န်ကြီးများ အစည်းအဝေး၏ ဆုံးဖြတ်ချက်သည် ဗုဒ္ဓဘာသာဝင်များ လွှမ်းမိုးသော မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ မွတ်စလင်ဒေသများတွင် လုံခြုံရေးတပ်များ၏ လုပ်ဆောင်ခဲ့မှုနှင့် အချိုးမျှတခြင်းမရှိဟု ဝေဖန်ခံခဲ့ရသည်။ မြန်မာလုံခြုံရေးတပ်များ၏ စစ်ဆင်ရေးကို ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ အကြီးအကဲက “လူမျိုးစုလိုက် သုတ်သင်မှု၏ ပြဋ္ဌာန်းစာအုပ်နမူနာ” ဟုပင် ခေါ်ဆိုခဲ့သည်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသည် အကြီးတန်း မြန်မာတပ်မတော် အရာရှိများကို ဧည့်ခံခြင်းအား ရပ်ဆိုင်းလိုက်သကဲ့သို့ လက်တွေ့လုပ်ဆောင်နေသည့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားလုံးကိုလည်း ပြန်လည်သုံးသပ်မည်ဖြစ်သည်။

အပြုသဘောဆောင်သော ဖွံ့ဖြိုးမှုများနှင့်အညီ တုံ့ပြန်ရန် အသင့်ရှိသည်ဟူသည့် ရပ်တည်ချက်ရှိကြောင်း ပြောကြားခဲ့သော်လည်း ရခိုင်ပြည်နယ်၌ အခြေအနေရပ်များ တိုးတက်ခြင်း မရှိပါက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် နောက်ထပ်အရေးယူမှု နည်းလမ်းများကို စဉ်းစားမည် ဖြစ်ကြောင်းလည်း ၀န်ကြီးများက ပြောခဲ့သည်။ ဥရောပသမဂ္ဂက လက်နက်များသာမက ပြည်တွင်း၌ ဖိနှိပ်မှုများ ပြုလုပ်ရာတွင် အသုံးပြုနိုင်သည့် ကိရိယာ တန်ဆာပလာများကိုလည်း မြန်မာနိုင်ငံသို့ ရောင်းချခြင်း ဆက်လက်ပိတ်ပင် သွားမည်ဟု ဆိုသည်။

Ref : AFP

၂၀၁၇ ခုနှစ် စားနပ်ရိက္ခာဖူလုံမှုနှင့် လုံခြုံစိတ်ချရမှုဆိုင်ရာ ညွှန်းကိန်း၌ နိုင်ငံပေါင်း ၁၁၃ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၈၀ ရရှိခဲ့ပြီး အာဆီယံနိုင်ငံများထဲတွင် တတိယမြောက် ရမှတ်အနည်းဆုံး နိုင်ငံဖြစ်

တောင်ငူမြို့ရှိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)

The Economist Intelligence Unit (EIU) မှ ထုတ်ပြန်သော ၂၀၁၇ ခုနှစ် စားနပ်ရိက္ခာဖူလုံမှုနှင့် လုံခြုံစိတ်ချရမှုဆိုင်ရာ ညွှန်းကိန်း၌ နိုင်ငံပေါင်း ၁၁၃ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၈၀ ရရှိခဲ့ပြီး အာဆီယံနိုင်ငံများထဲတွင် တတိယမြောက် ရမှတ်အနည်းဆုံးနိုင်ငံ ဖြစ်ကြောင်း အဆိုပါညွှန်းကိန်းအရ သိရသည်။

၂၀၁၇ ခုနှစ် စားနပ်ရိက္ခာဖူလုံမှုနှင့် လုံခြုံစိတ်ချရမှုဆိုင်ရာ ညွှန်းကိန်းတွင် မြန်မာနိုင်ငံက ရမှတ် ၄၄ ဒသမ ၈ ရှိခဲ့ပြီး ၂၀၁၆  ခုနှစ်ကရရှိခဲ့သော ၄၆ ဒသမ ၅ နှင့် နှိုင်းယှဉ် ပါက ၁ ဒသမ ၇ ကျဆင်းခဲ့ပြီး အဆင့်ပြောင်းလဲမှု မရှိကြောင်း သိရသည်။ အဆိုပါညွှန်းကိန်း၌ ရမှတ်အများဆုံး ရရှိသည့် နိုင်ငံ ၂၀ စာရင်းတွင် အာရှနိုင်ငံများထဲမှ သြစတြေးလျ (၈၃ ဒသမ ၃ မှတ်)၊ ဂျပန် (၇၉ ဒသမ ၅ မှတ်) နှင့် စင်ကာပူ (၈၄ မှတ်) တို့သာ ပါဝင်ခဲ့သည်။

စားနပ်ရိက္ခာ ဖူလုံမှုနှင့် လုံခြုံစိတ်ချရမှုဆိုင်ရာ ညွှန်းကိန်းကို စားနပ်ရိက္ခာ ထုတ်လုပ်မှုနှင့် လုံလောက်မှုဆိုင်ရာ အခြေအနေ၊ စားနပ်ရိက္ခာ လွယ်ကူစွာရရှိနိုင်မှု အခြေအနေ၊ အရည်အသွေးနှင့် လုံခြုံစိတ်ချမှု အခြေအနေ၊ သဘာဝအရင်းအမြစ် ကြွယ်ဝမှုနှင့် ဘေးအန္တရာယ် ဖြေရှင်းနိုင်မှု အရည်အသွေးတို့ကို အဓိကထားပြီး စိစစ်ရွေးချယ်ခြင်း ဖြစ်သည်။

အဆိုပါ အခြေအနေများ စိစစ်သုံးသပ်ရာတွင် မြန်မာနိုင်ငံက သဘာဝအရင်းအမြစ်  ကြွယ်ဝမှုဆိုင်ရာ အခြေအနေနှင့် စားနပ်ရိက္ခာ ထုတ်လုပ်မှုနှင့် လုံလောက်မှုဆိုင်ရာ အခြေအနေတို့တွင် ရမှတ်ကောင်းမွန်သော်လည်း စာနပ်ရိက္ခာ လွယ်ကူစွာရရှိနိုင်မှု အခြေအနေ၊ အရည်အသွေးနှင့် လုံခြုံစိတ်ချမှု အခြေအနေ၊ သဘာဝဘေးအန္တရာယ် ဖြေရှင်းနိုင်မှု အရည်အသွေးတို့တွင် ရမှတ်လျော့နည်းခဲ့ကြောင်း သိရသည်။ ထို့ပြင် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကဏ္ဍတွင် မူဝါဒပိုင်းဆိုင်ရာ အားနည်းမှု၊ သွင်းအားစုနှင့် အရင်းအနှီးရရှိနိုင်မှုဆိုင်ရာ အခွင့်အလမ်း နည်းပါးမှု၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးမှု အထောက်အကူ အားနည်းချက်များလည်း ရမှတ်လျော့နည်းမှု၏ အကြောင်းအရာအချို့ ဖြစ်သည်။

ယင်းညွှန်းကိန်းတွင် ပါဝင်သော ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် အိုက်ယာလန်၊ သြစတြီးယား၊ ပြင်သစ်၊ အမေရိကန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ ကနေဒါ၊ ဒိန်းမတ်နှင့်  ဆွီ ဒင်နိုင်ငံတို့ဖြစ်ပြီး အာဆီယံနိုင်ငံများထဲမှ စင်ကာပူက ရမှတ် ၈၄  မှတ်ဖြင့် အဆင့် ၁၉ ၌ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းညွှန်းကိန်းတွင် ပါဝင်သည့် အခြားအာရှနိုင်ငံကြီးများ၏ ရမှတ်များမှာ တောင်ကိုရီးယားက ၇၄ ဒသမ ၇ မှတ်၊ တရုတ်က ၆၃ ဒသမ ၇ မှတ်၊ အိန္ဒိယက ၄၈ ဒသမ ၉ မှတ်တို့ဖြစ်သည်။

အာဆီယံနိုင်ငံများထဲတွင် စင်ကာပူပြီးနောက် မလေးရှားက ၆၆ ဒသမ ၂ မှတ်၊ ထိုင်း က ၅၈ ဒသမ ၃ မှတ်၊ ဗီယက်နမ်က ၅၄ မှတ်၊ အင်ဒိုနီးရှားက ၅၁ ဒသမ ၃ မှတ်၊ ဖိလစ်ပိုင် က ၄၇ ဒသမ ၃ မှတ်၊ မြန်မာက ၄၄ ဒသမ ၈ မှတ်၊ ကမ္ဘောဒီးယားက ၄၃ ဒသမ ၃ မှတ်၊ လာ အိုက ၃၃ ဒသမ ၁ မှတ်ရရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံက ယခုညွှန်းကိန်းတွင်ပါဝင်သော အာဆီယံနိုင်ငံများအနက် အဆင့် (၇) နေရာ တွင် ရပ်တည်လျက်ရှိသည်။

၂၀၁၇ ခုနှစ် စားနပ်ရိက္ခာဖူလုံမှုနှင့် လုံခြုံ စိတ်ချရမှုဆိုင်ရာ ညွှန်းကိန်းတွင် ရမှတ်အနည်းဆုံး ၁၀ နိုင်ငံစာရင်းတွင် ကွန်ဂို၊ ဘူရွန်ဒီ၊ မာ ဒါဂါစကာ၊ ယီမင်၊ ချက်ဒ်၊ ဆီရာလီယွန်၊ ဟေ တီ၊ နိုင်ဂျာ၊ မာလာဝီ၊ ဆီးရီးယားတို့ပါဝင်ပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနက် လာအို (၃၃ ဒသမ ၁ မှတ်) နှင့် ဘင်္ဂလားဒေ့ရှ် (၃၉ ဒသမ ၇ မှတ်) တို့က ရမှတ်အနည်းဆုံး ၂၅ နိုင်ငံစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။

ချားလ်မင်းသား၏ အာရှခရီးစဉ်တွင် မြန်မာနိုင်ငံကို ချန်လှပ်ထားခဲ့

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က ကင်ဘာရာရှိ သြစတြေးလျစစ်အထိမ်းအမှတ်နေရာတွင် တွေ့ရသော ဗြိတိန်မင်းသားချားလ် (Photo: AFP)

ဗြိတိန်တော်ဝင်မင်းသား ချားလ်သည် ယခုလနှောင်းပိုင်းတွင် အရှေ့တောင်အာရှ နှင့် အိန္ဒိယသို့ လာရောက်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံသို့ လာရောက်တော့မည် မဟုတ်ကြောင်း သိရသည်။

ချားလ်မင်းသားသည် ဗြိတိန်အစိုးရ၏ကိုယ်စား မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားခဲ့သော်လည်း ယခုအခါ သူ၏တရားဝင် ခရီးစဉ်အစီအစဉ်တွင် မြန်မာနိုင်ငံကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။

ချားလ်မင်းသားသည် မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဟု ပြီးခဲ့သည့်လတွင် မီဒီယာများက ဖော်ပြခဲ့ကြသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် သြဂုတ် ၂၅ ရက်နောက်ပိုင်းမှစပြီး ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပဋိပက္ခများပြီးနောက် ချားလ်မင်းသား၏ ခရီးစဉ်တွင် မြန်မာနိုင်ငံ မပါဝင်တော့ခြင်းဖြစ်သည်။

အောက်တိုဘာ ၄ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့သော ချားလ်မင်းသား၏ ခရီးအစီအစဉ်၌ ချားလ်နှင့် ဇနီးဖြစ်သူ ကမီလာတို့ သည် စင်ကာပူ၊ မလေးရှားသို့ သွားရောက်မည်ဖြစ်ပြီး ထို့နောက် အိန္ဒိယသို့ ဆက်လက် သွားရောက်ကာ ၀န်ကြီးချုပ် နရင်ဒရာမိုဒီနှင့် တွေ့ဆုံမည်ဖြစ်သည်။

“ကျွန်တော်တို့ ဒေသတွင်းမှာ ရွေးချယ်မှု စုံလင်ရေးကို သေချာစဉ်းစားခဲ့ပါတယ်။ ဒီနေ့ကျွန်တော်တို့ ကြေညာခဲ့သလိုပဲ စင်ကာပူနဲ့ မလေးရှားကို ကျွန်တော်တို့ သွားမှာပါ” ဟု ဗြိတိန်၏ နိုင်ငံခြားရေးနှင့် ဓနသဟာယဆိုင်ရာရုံးမှ ဒုတိယဥက္ကဋ္ဌ ဖိလစ်မာလိုနီက သတင်းထောက်များကို ပြောကြားခဲ့သည်။

မာလိုနီနှင့် တော်ဝင် တာဝန်ရှိသူများက ခရီးစဉ်နှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည်။ မြန်မာနိုင်ငံတွင် လူမျိုးစုအလိုက် သန့်စင်မှုများ ဆောင်ရွက်နေသည်ဟု ဗြိတိန်အာဏာပိုင်များက စွပ်စွဲထားပြီး မြန်မာ နိုင်ငံအတွက် စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင် တန်းပေးရေးအစီအစဉ်ကို ပြီးခဲ့သည့်လတွင် ဗြိတိန်က ရပ်ဆိုင်းခဲ့သည်။

မြန်မာနှင့် ဗြိတိန်တို့၏ သံတမန်ဆက်ဆံရေး ယိုယွင်းလာခဲ့ပြီး လူ့အခွင့်အရေး လှုံ့ဆော်သူများကလည်း တော်ဝင်ခရီးစဉ်ကို ဆန့်ကျင်ခဲ့ကြသည်။

“ချားလ်မင်းသားလို ပုဂ္ဂိုလ်တစ်ယောက်က အဲဒီနိုင်ငံကို သွားမယ်ဆိုတာ ဆုလာဘ်တစ်ခုလို့ ရှုမြင်ခံရပါလိမ့်မယ်။ အစိုးရနဲ့ စစ်တပ်က အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်နေတာကို တရားဝင် အသိအမှတ်ပြုပေးသလို ဖြစ်ပါလိမ့်မယ်” ဟု Burma Campaign UK  မှ ဒါရိုက်တာ မက်ဖာမာနာက ပြောကြားခဲ့သည်။

ချားလ်မင်းသားနှင့် ကမီလာတို့သည် အောက်တိုဘာ ၃၁ ရက်တွင် စင်ကာပူ၌ ခရီး စဉ်စတင်မည်ဖြစ်ပြီး ထို့နောက် မလေးရှားသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

မလေးရှားတွင် ဗြိတိန်နှင့် မလေးရှားတို့ ၏ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်အထိမ်း အမှတ်ကို ဆင်နွှဲကြမည်ဖြစ်သည်။

ထို့နောက် ချားလ်မင်းသားသည် သူ၏ ၁၁ ရက်ကြာ အာရှခရီးစဉ်ကို အိန္ဒိယတွင် အဆုံးသတ်မည်ဖြစ်သည်။