ကလေးမြို့နယ် မြောက်စည်းကျေးရွာတွင် နန်းကသည်းချောင်း (မဏိပူရ်မြစ်) တိုက်စားမှုကြောင့် အိမ် ၃၀ ခန့် စိုးရိမ်ရသည့် အခြေအနေရှိဟု သိရ

ကလေးမြို့နယ် မြောက်စည်းကျေးရွာအနီး နန်းကသည်းချောင်း (မဏိပူရ်မြစ်) တိုက်စားမှုကြောင့် ကမ်းပြိုနေသည်ကို တွေ့ရစဉ်

ယခင်နှစ်က ရေကာတာ တည်ဆောက်ခဲ့ပြီး ယခုနှစ်တွင်လည်း ရေလွှဲတန်းတည်ဆောက်ထားခဲ့သော ကလေးမြို့နယ် မြောက်စည်းကျေးရွာအနီး နန်းကသည်းချောင်း (မဏိပူရ်မြစ်) တိုက်စားမှုကြောင့် အိမ်သုံးလုံး ဖျက်ရွှေ့ရမည့် အခြေအနေဖြစ်ပြီး အိမ် ၃၀ ခန့်လည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။

“ကျွန်တော်တို့ ၂၀၁၇ မှာ သူတို့ တည်ဆောက်ပေးခဲ့တဲ့ ကမ်းထိမ်းနံရံက တစ်နှစ်မပြည့်ခင် ပြိုလဲသွားတယ်။ ပြိုလဲတဲ့အချိန်မှာ ကမ်းပါးဘေးမှာ နေထိုင်တဲ့ ပြည်သူလူထုတွေ စိုးရိမ်ကြောင့်ကြမှုကြီးလို့ ရေမြစ်ဖြိုးနဲ့ မြို့နယ်ဌာနဆိုင်ရာတွေကို အကုန်လုံး တင်ပြတောင်းဆိုတယ်။ တောင်းဆိုတော့ မီနီဘတ်ဂျက်မှာ တစ်ခါချပေးတယ်လို့ပြောတယ်။ ရေလွှဲတန်းကို မီနီဘတ်ဂျက်မှာ လာလုပ်တယ်။ သူတို့လုပ်လာတဲ့ အချိန်က မီနီဘတ်ဂျက်မို့ နောက်ကျတဲ့အပိုင်း ဖြစ်ကောင်းဖြစ်မယ်။ ရေလွှဲတန်းရဲ့ အနေအထားမှာ ရေတွေများတော့ အကုန်လုံး ပေါက်ကျိုးသွားတယ်။ ရွာရဲ့ တောင်ပိုင်းရှားခုံကြီးဆိုတာ ဧက အင်မတန် ကျယ်ပါတယ်။ ရှားခုံက လေးဧကကျော် ပါသွားပြီ။ ရှားခုံပါသွားတာနဲ့ တစ်ပြိုင်နက် ရွာကို အန္တရာယ်ကြုံလာရပြီ။ မြေထိန်းနံရံ အထက်ဘက်က ပါသွားပြီ မြေထိန်းနံရံလည်း ညက ၂ နာရီထိုးမှာ ပါနေပြန်ပါပြီ။ ကမ်းပါးဘေးက အိမ်တွေက ညတွင်းချင်း ပစ္စည်းတွေ ရွှေ့တယ်။ ကျေးရွာရဲ့ အနေအထားနဲ့ ကူညီ ၀ိုင်းဝန်းပေးပါတယ်။ သူတို့တစ်တွေဟာ စားဝတ်နေရေးတောင် အနိုင်နိုင်ရုန်းကန်နေရတော့ ရွှေ့ပြောင်းမယ်ဆိုရင်တောင် ဘယ်နေရာမှာ ရွှေ့ပြောင်းမှာလဲ။ ကမ်းပါးက ခြံစပ်ရောက်နေပြီ။ ညဆို အိမ်ပေါ်မှာ မအိပ်ရဲတဲ့ အဆင့်ဖြစ်နေပြီ။ သူတို့ကို ဘယ်နေရာကို ပြောင်းရွှေ့မယ်ဆိုတာ တိုင်ပင်ပေးရတဲ့ အနေအထား ရှိပါတယ်။ ကမ်းပါးဖဲ့တာက ရေနည်းတော့ တဖြည်းဖြည်း ဖဲ့နေဆဲပါ။ အိမ်တွေရွှေ့ပြောင်းလို့ရအောင် ကားတွေ အဆင်သင့်တော့ လုပ်ထားပါတယ်။ သူတို့ အခက်အခဲကို အားလုံးကို သိစေချင်တာပါ။ မြောက်စည်းကျေးရွာက သက်တမ်း ၁၀၀ ကျော်နေပြီ။ အခုလို ဆက်လက်ကမ်းပါးက ဆက်လက် ဖဲ့နေမယ်ဆိုရင်တော့ လာမယ့် ကောက်ခြေဖြတ် (စပါးရိတ်သိမ်းပြီး ပွင့်လင်းရာသီ) မှ လုပ်မယ်ဆိုရင်တော့ ရွာဟာ တော်တော် အန္တရာယ်များနေပါပြီ။ ကမ်းပါးမပြိုအောင် မပဲ့အောင် ကာကွယ်ပေးစေချင်တဲ့ ဆန္ဒရှိတယ်။ ဌာနဆိုင်ရာ တတ်ကျွမ်းတဲ့သူတွေမှသာ နားလည်မှာ။ ပြောင်းရွှေ့ရအောင်လုပ်မယ့် အိမ်ခြောက်အိမ်ရှိပါတယ်။ လောလောဆယ် သုံးအိမ်ကတော့ အန္တရာယ်ရှိနေတာ။ ရွာတောင်ပိုင်းက အစပဲ့တာဆိုတော့ ဘယ်ဖက်ဖဲ့မယ်ဆိုတာက ရေမြေအခြေအနေကို မှန်းဆမရတော့ ဘယ်လောက် အန္တရာယ်ရှိသွားမယ်ဆိုတာ မသိနိုင်ပါဘူး။ တစ်ရွာလုံး အိမ်ခြေက ၄၁၀ ကျော် ရှိပါတယ်။ ရွာတောင်ပိုင်းကမ်းပါးမှာ ရှိတာကတော့ အိမ်ခြေ ၂၅၊ ၃၀ လောက် ရှိပါတယ်” ဟု မြောက်စည်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသိန်းက ပြောကြားသည်။

ကလေးမြို့နယ် မြောက်စည်းကျေးရွာအနီး မဏိပူရ်မြစ် (ဒေသအခေါ် နန်းကသည်း ချောင်း) ကမ်းထိန်းနံရံကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် သန်း ၁၃၉ သန်းဖြင့် အလျား ၈၄၀ ပေကို နိုင်လင်းကျော်ကုမ္မဏီမှ တာဝန်ယူကာ ၂၀၁၇ ဖေဖော်ဝါရီ ၅ ရက်မှ မေ ၁၇ ရက်အထိ တည်ဆောက်ခဲ့ပြီး တည်ဆောက်အပြီး လေးလအကြာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် မြစ်ရေတိုက်စားသဖြင့် ပျက်စီးခဲ့ခြင်းကြောင့် ယခုနှစ် ခြောက်လ ဘတ်ဂျတ်ဖြင့် ထပ်မံတည်ဆောက်ရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“လက်ရှိအခြေအနေက ညဆိုရင် အိပ်လို့မပျော်ပါဘူး။ ကလေးတွေနဲ့ ဒီမှာ အိပ်ရတာဆိုတော့ နေစရာလည်းမရှိပါဘူး။ အိမ်လေးက ရှိပေမယ့် ပြောင်းစရာမြေက မရှိဘူး။ အုပ်ချုပ်ရေးမှူးကတော့ ရွာရဲ့မြောက်မှာ ရွာဘုံမြေ သုံးဧကလောက်တော့ ရှိပါတယ်။ အဲဒီမှာ ယာယီတဲတန်းထိုးပေးထားမယ်လို့တော့ ပြောပါတယ်။ အိမ်ကတော့ ရွှေ့ပြောင်းတာလို့တော့ မရှိပါဘူး။ အုပ်ချုပ်ရေးမှူးက ခြံတိုင်လေးတွေ ပါသွားပြီဆိုရင်တော့ အိမ်ကိုဖျက်ပြီး ယာယီတဲတန်းထိုးပေးမယ် ပြောပါတယ်။ ကျွန်မတို့လို လက်လုပ်လက်စားလေးတွေကို အိမ်ဝင်းယာလေး ချထားပေးစေချင်ပါတယ်” ဟု ကမ်းပါးပြိုနေသည့် နန်းကသည်းချောင်းဘေးတွင် နေထိုင်သူ မမာမာတင်မှ ပြောကြားသည်။

ယခုနှစ် မိုးရာသီကာလ မြောက်စည်းကျေးရွာ ကမ်းပြိုမှုမှ ကာကွယ်နိုင်ရေးအတွက် မဏိပူရ်မြစ် (ဒေသအခေါ် နန်းကသည်း ချောင်း) ကြောင်း အရှည်ပေ ၄၀၀၄ ပေကို ရေလမ်းကြောင်း ဖြောင့်ခြင်းလုပ်ငန်းနှင့် ကျောက်စီမြေထိန်းနံရံ အလျားပေ ၈၁၀ ပေ တည်ဆောက်ခြင်း လုပ်ငန်းကို ကျပ်သန်း ၅၀၀ အသုံးပြု MIT Co.,Ltd မှ ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျတ်ဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ အဆိုပါလုပ်ငန်းမှ သောင်တူးခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ် မေ ၁၅ ရက်က စတင်ပြုလုပ်ခဲ့ရာ ဇွန် ၁၄ ရက်တွင် မဏိပူရ်မြစ်ရေ ရုတ်တရက် ကျဆင်းလာပြီး ရေလမ်းကြောင်း ဖြောင့်ထားသည့် သောင်အရှည်ပေ ၂၅၀၀ ကျော်မှာ မျောပါပျက်စီးခဲ့ပြီးနောက် သောင်တူးခြင်းနှင့် ကမ်းထိန်းနံရံပြုလုပ်ခြင်းကို ရပ်နားခဲ့သည်။

ရေတက်ရေကျကာလတွင် မြစ်ရေတိုက်စားမှုကြောင့် ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာရှိ နေအိမ် ၁၃ လုံး ထပ်မံရွှေ့ပြောင်းထားရပြီး နေထိုင်စားသောက်ရေး ခက်ခဲနေ

မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးနေသည့် အနောက်သီရိကျေးရွာအနီး မြစ်ကမ်းပါးကို တွေ့ရစဉ်

ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာမှာ ယခုစက်တင်ဘာလ၏ ရေတက် ရေကျကာတွင် ဧရာဝတီမြစ် ရေတိုက်စားမှုကြောင့် နေအိမ် ၁၃ လုံး ထပ်မံရွှေ့ပြောင်းထားရပြီး နေထိုင်စားသောက်ရေး အခက်အခဲ ကြုံတွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။

ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာမှာ ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းတွင် မြစ်ရေတိုက်စားမှုကြောင့် နေအိမ် ၁၈ လုံး အရေးပေါ် ရွှေ့ပြောင်းထားရပြီး ယခုမြစ်ရေ အတက်အကျ မြန်ဆန်သည့်ကာလတွင် ကမ်းပြိုမှု ဆက်လက့် ဖြစ်ပေါ်နေသည့်အတွက် နေအိမ်များ ရေတိုက်စားခံရခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ရေတိုက်စားမှုကြောင့် စိုက်ပျိုးမြေရင့်များသာမက ရေကျချိန်တွင် ပေါ်ထွန်းသည့် မြေနုများပါ ပြိုကျပျက်စီးနေပြီး ရွှေ့ပြောင်းရသည့် နေအိမ်များမှာလည်း မြေနေရာ ၀ယ်ယူရေးအတွက် မြေဈေးနှုန်းကြီးမြင့်မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

“ကမ်းကတော့ ဆိုးဆိုးရွားရွား ပြိုနေတယ်။ ရေကလည်း တက်လိုက် ကျလိုက်နဲ့ ရေဆော့တဲ့ကာလဖြစ်နေတော့ ကမ်းပြိုတာ ရပ်မသွားဘူး။ လက်ရှိကတော့ ခုရက်ပိုင်းမှာ ၁၃ လုံး ရွှေ့ထားရတယ်။ ရွှေ့ထားရသူတွေကတော့ ဒီတိုင်းဖျက်ပုံထားရတာပေါ့။ ဆောက်စရာမြေ မရှိသေးဘူး။ လက်ရှိကတော့ ရွာထဲက အမျိုးအဆွေအိမ်မှာ ကပ်နေရတယ်။ မြေနေရာအတွက် တောင်းထားဆဲပဲ ရှိသေးတယ်” ဟု အနောက်သီရိကျေးရွာမှ ကိုသန်းလှိုင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ရေတက်ရေကျကာလတွင် မြစ်ရေတိုက်စားမှုကြောင့် နေအိမ် ၆၉လုံးနှင့် ဘုန်းတော်ကြီးကျောင်း ရွှေ့ပြောင်းမှုပြုလုပ်ခဲ့ရပြီး ရွာဦးစေတီနှင့် စိုက်ပျိုးမြေ အများအပြားမှာ မြစ်အတွင်း ပြိုကျပျက်စီးခဲ့ရသည်။

လက်ရှိဖြစ်ပေါ်နေသည့် မြစ်ရေစီးကြောင်းအရ ကမ်းပြိုမှု ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရက အနောက်သီရိကျေးရွာ ရွှေ့ပြောင်းရေးအတွက် မြေဧက ၃၀ ကျော်ဖြင့် ကျေးရွာသစ်တည်ရန် ချပေးထားပြီး လက်ရှိနေအိမ် ၆၉ လုံး ရွှေ့ပြောင်းထားကြောင်း သိရသည်။

“မြေက အရင် ၂၀၁၇ ခုနှစ်ကပြောင်းတဲ့ အိမ်တွေအတွက် အကွက်ရိုက်ပေးပြီးပြီ။ ဒီနှစ်ပြောင်းရတဲ့အိမ်တွေအတွက် အကွက်မရိုက် အတည်မပြုသေးလို့ ဘယ်သူမှမနေရဘူး။ ရေတိုက်စားလို့ ရွှေ့ထားတဲ့အိမ်တွေ အကုန်လုံးက ဖြစ်သလိုနေရတယ်။ တာဝန်ရှိသူတွေဆီကို အမြန်ဆုံး မြေနေရာချထားပေးဖို့ တောင်းဆိုထားတယ်။ ရေတက်ချိန်ဆိုတော့ ရွာမှာလည်း ရေ၀င်ပြီး နေစရာမလွယ်ဘူး” ဟု အနောက်သီရိကျေးရွာမှ ကိုသန်းလှိုင်က ပြောကြားသည်။

ကမ်းပြိုမှုကြောင့် နေအိမ်ရွှေ့ပြောင်းရသူများအား ပခုက္ကူမြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ နေအိမ်တစ်လုံးလျှင် ရွှေ့ပြောင်းစရိတ် ကျပ်တစ်သိန်း၊ စားနပ်ရိက္ခာတစ်ပတ်စာနှင့် ကယ်ဆယ်ရေးပစ္စည်းကိုးမျိုးအား ထောက်ပံ့ပေးထားကြောင်း သိရသည်။

ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာမှာ စိုက်ပျိုးမြေအားလုံးနီးပါး ကုန်ဆုံးသွားသည့်အတွက် အများစုမှာ ကျပန်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရပြီး ကျေးရွာမှာ မြို့ပြနှင့် အလှမ်းကွာဝေးခြင်းကြောင့် စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။

ကမ်းပြိုမှု ဆက်လက်ဖြစ်ပေါ်နေခြင်း၊ မြစ်ရေစီးကြောင်းမှာ ကျေးရွာဆီသို့ ဦးတည် စီးဆင်းနေခြင်း၊ လူနေအိမ်များဆီသို့ မြစ်ရေတိုက်စားလာခြင်းနှင့် မြစ်အတွင်းရှိ မြေရင့်ကျွန်းကျေးရွာဖြစ်သည့်အတွက် ရွှေ့ပြောင်းရန် မြေနေရာ နည်းပါးခြင်းကြောင့် ကမ်းပြိုမှု ကြုံတွေ့ရသည့် နေအိမ်များအား ရေလွတ်ရာ ကုန်းတွင်းဘက်သို့ ရွှေ့ပြောင်းခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် ရေတက်ကာလတွင် ပခုက္ကူမြို့နယ်အတွင်းတွင် ကမ်းပြိုမှု ကြုံတွေ့ရသည့် ကျေးရွာနည်းပါးသော်လည်း ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းနှင့် ဧရာဝတီမြစ်ကမ်းနံဘေး ကျေးရွာအချို့မှာ ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။