အမေရိကန်တေးသံရှင် Lancifer ရေးသားကာ တေးသံရှင် ဖြူဖြူကျော်သိန်း သီဆိုထားသည့် ‘အချစ်ကိုယုံကြည်ဆဲပဲ’ တေးသီချင်းသစ် Music Video ရိုက်ကူး

အမေရိကန်တေးသံရှင် Lancifer ရေးသားတီးခတ်ပေးထားကာ တေးသံရှင်ဖြူဖြူကျော်သိန်း သီဆိုသည့် ‘အချစ်ကိုယုံကြည်ဆဲပဲ’ တေးသီချင်းသစ် Music Video အား ရိုက်ကူးထားကြောင်း သိရသည်။ အဆိုပါတေးသီချင်းသစ် Music Video ကို ဖိလစ်ပိုင်ဒါရိုက်တာ Milos နှင့် FG Entertainment အဖွဲ့ဝင်များက ကူညီပုံဖော်ပေးထားခြင်းဖြစ်ကာ တေးသံရှင်ဖြူဖြူကျော်သိန်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

“ဖြူဖြူရဲ့  ဂီတသက်တမ်း ၁၅ နှစ်ပြည့်တဲ့နေ့လေးမှာ သီချင်းသစ် Music Video လေးရိုက်ကူးရင်း ဖြတ်သန်းခွင့်ရတာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ အားပေးကြတဲ့ပရိသတ်တွေ၊ ဂီတခရီးလမ်းတစ်လျှောက်မှာ ပံ့ပိုးပေးကြတဲ့ မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်၊ ဆရာသမားများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီသီချင်းသစ်လေးကတော့ အချစ်ကိုယုံကြည်ဆဲပဲဆိုတဲ့ သီချင်းသစ်လေးပါ။ ဖြူဖြူဖြစ်ချင်တာကို စိတ်တိုင်းကျတဲ့အထိ ဖန်တီးပေးခဲ့တဲ့ Lancifer ၊ Music Video ရိုက်ကူးရာမှာ Milos နဲ့ FG Entertainment အဖွဲ့သားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ Music Video ရိုက်ကူးရေးမှာ ဖြူဖြူဖြစ်ချင်သမျှလုပ်ပေးတဲ့ ဒီဇိုင်နာ၊ မိတ်ကပ်ပညာရှင်၊ Location ကူညီပေးတဲ့ Vintage Luxury Yatch အပါအ၀င် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီသီချင်းလေးထွက်လာတဲ့အခါ ပရိသတ်တွေအတွက် ထူးခြားတဲ့ရသမျိုးလေး ပေါ်လွင်အောင် ကြိုးစားထားပါတယ်။ ပရိသတ်တွေအတွက် ဖြူဖြူရဲ့ အမှတ်တရသီချင်းသစ် တစ်ပုဒ်ဖြစ်စေဖို့ ကြိုးစားထားတာကြောင့် နားဆင်ပေးကြပါဦးလို့ ပြောချင်ပါတယ်” ဟု တေးသံရှင်ဖြူဖြူကျော်သိန်းက ဆိုသည်။

Iron Cross မှ ပထမဆုံးစင်တင်ပွဲထုတ်ခဲ့ကာ ပထမဆုံးတစ်ကိုယ်တော်ခွေထွက်ရှိစဉ်ကပင် ပရိသတ်စိတ်ဝင်စားအားပေးမှု ရရှိခဲ့သည့် တေးသံရှင်ဖြူဖြူကျော်သိန်းသည် လက်ရှိတွင် ဂီတသက်တမ်း ၁၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ဂီတသက်တမ်း ၁၅ နှစ် ပြည့်သည့်နေ့တွင် တေးသီချင်းသစ် Music Video အား ထူးခြားသည့် ဖက်ရှင်ဒီဇိုင်းဝတ်ဆင်မှုများ၊ လှပခမ်းနားသည့် ရိုက်ကူးမှုများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်း Music Video ကို မကြာမီထုတ်လွှင့်သွားရန်လည်း စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် အမေရိကန်အဆိုတော် Lancifer & Wendell တို့ ပူးပေါင်းသီဆိုထားသည့် Miracle တေးသီချင်း Music Video ထွက်ရှိ

တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် အမေရိကန်အဆိုတော် Lancifer & Wendell တို့ပူးပေါင်းသီဆိုထားသည့် Miracle သီချင်း၏ Music Video အား မတ် ၂၅ ရက်တွင် စတင်ဖြန့်ချိထားကြောင်း သိရသည်။ အဆိုပါ တေးသီချင်း Music Vieo ကို Myanmar Music Store နှင့် Myanmar Music Network တို့မှ ဖြန့်ချိထားခြင်းဖြစ်ပြီး iTune, Spotify, Amazon နှင့် You Tube တို့တွင်လည်း ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။

“ဖြူဖြူနဲ့ အမေရိကန်အဆိုတော် Lancifer တို့ collaborate ပြုလုပ်ထားတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ အဲဒါကတော့ On Air Program မှာ Launch လုပ်ပါမယ်။ သူက အမေရိကန်အဆိုတော်ပါ။ လောလောဆယ်တော့ မဲဆောက်မှာ အခြေစိုက်နေတာပေါ့။ မဲဆောက်မှာပြုလုပ်တဲ့ ထိုင်းမြန်မာချစ်ကြည် ရးကုန်စည်ပြပွဲမှာ ဖျော်ဖြေဖို့ သွားရင်းနဲ့ ဖြူဖြူတို့ ဆုံခဲ့တယ်။ အဲဒီကတည်းက သူက သီချင်းတစ်ပုဒ် အတူလုပ်ချင်တယ်ပြောခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ဘူး။ ကြားထဲမှာ သုံးနှစ်လောက်ကြာပြီးမှ ဒီကိုလိုက်ရှာလာပြီး အတူသီချင်းပူးပေါင်းလုပ်ဖို့ စီစဉ်ဖြစ်တာပါ။ ဖြူ ဖြူအနေနဲ့ကတော့ နိုင်ငံခြားအဆိုတော်တစ်ယောက်နဲ့ ပူးပေါင်းပြီး အင်္ဂလိပ်သီချင်းတစ်ပုဒ် ပထမဆုံးလုပ်ဖြစ်တာပါ။ ဒါကို Record အနေနဲ့ Single Song ထုတ်ပါမယ်။ Music Video အနေနဲ့ အွန်လိုင်းကနေတစ်ဆင့် ဖြန့်ချိထားပါတယ်။ ပြည်တွင်းကလည်း ၀ယ်ယူနိုင်သလို နိုင်ငံတကာမှာလည်း တရားဝင်ဖြန့်ချိဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဖြူဖြူကိုပုံစံ အသစ်တစ်မျိုးနဲ့ မြင်တွေ့ခွင့်ရဖို့ ကြိုးစားထားပါတယ်။ ဒီလိုပူးပေါင်းဖန်တီးမှုက ပရိသတ်တွေအတွက်လည်း ခံစားမှုအသစ်၊ အနုပညာ ဖန်တီးမှုအသစ်ကို ရစေမယ်လို့လည်း ယုံကြည်ပါတယ်” ဟု တေးသံရှင်ဖြူဖြူကျော်သိန်းက ဆိုသည်။