တရားရုံး၊ ဥပဒေအရာရှိ၊ ရဲတို့နှင့်ပတ်သက်သည့် တိုင်ကြားစာအပါအ၀င် တိုင်စာတစ်ထောင်ကျော် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ ရောက်ရှိကြောင်း ကော်မတီအတွင်းရေးမှူး ပြောကြား

တရားရုံး၊ ဥပဒေအရာရှိ၊ ရဲတို့နှင့်ပတ်သက်သည့် တိုင်ကြားစာအပါအ၀င် တိုင်စာ ၁၀၀၀ ကျော် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ ရောက်ရှိကြောင်း အဆိုပါကော်မတီအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်လင်းက The Daily Eleven သတင်းစာကို ပြောကြားသည်။

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရးရာကော်မတီအား တရားစီရင်ရေးနှင့် ဥပဒေရေးရာလုပ်ငန်းများ မှန်ကန်မှု၊ တရားမျှတမှုရှိစေရေးအတွက် ကူညီဆောင်ရွက်ရန်၊ သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရန်တို့ကို တာဝန်ပေးထားသည်။

“တိုင်စာတွေကတော့ ၁၁၀၀ ကျော်လောက် ရောက်တယ်။ ကျွန်တော်တို့ကော်မတီအဖွဲ့က ၁၉ ဦးရှိတယ်လေ။ သူတို့ကို ၁၀ မှုစီပို့ပြီး ဖတ်ခိုင်းတယ်။ ဖတ်ခိုင်းပြီးတော့ တိုင်ချက်နဲ့မညီတဲ့ဟာတွေ၊ လိပ်စာမစုံတာတွေ ကော်မတီကနေ မှတ်တမ်းတင်တယ်။ ကျန်တာတွေကျတော့ သက်ဆိုင်ရာဌာနတွေကို ပို့ပါတယ်။ တိုင်စာတွေကိုကတော့ အခုနပြောသလို တရားရုံးကို အမှုရှုံးလို့တိုင်တဲ့လူတွေက များတယ်။ ငွေရေးကြေးရေးပြဿနာတွေလည်း ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ အဂတိကော်မရှင်ကို ပို့တယ်ခင်ဗျ” ဟု ဦးအောင်တင်လင်းက ပြောကြားသည်။

ကော်မတီသို့ တိုင်ကြားလာသည့် တိုင်စာများနှင့်ပတ်သက်၍ စိစစ်ပြီး သက်ဆိုင်ရာဌာနများကို ပို့ပေးကြောင်း ဦးအောင်တင်လင်းက ဆက်လက်ပြောကြားသည်။

“ဥပဒေအရာရှိက အခုနပြောသလို လျှော့ပြီးတော့တတ်တဲ့ ပုဒ်မတွေတို့ တိုးပြီးတတ်တဲ့ ပုဒ်မတွေတို့ အဲဒီလိုမျိုးတွေ တိုင်တာပါတယ်” ဟု ဥပဒေအရာရှိများအပေါ် တိုင်ကြားစာများနှင့်ပတ်သက်၍ ကော်မတီအတွင်းရေးမှူး ဦးအောင်တင်လင်းက ပြောကြားသည်။

ပြည်ထောင်စုတရားလွှတ်တော်က ထုတ်ပြန်ထားသည့် ၂၀၁၇ ခုနှစ် တရားရုံးနှစ်စဉ် အစီရင်ခံစာစာအုပ်တွင် ၀န်ထမ်းစည်းကမ်းဖောက်ဖျက်ခြင်း၊ လုပ်ထုံးလုပ်နည်း မလိုက်နာခြင်း၊ စီမံခန့်ခွဲမှု အားနည်းခြင်းတို့အတွက် အရေးယူဆောင်ရွက်မှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် လက်အောက်တရားရုံးအဆင့်ဆင့်ရှိ တရားရေးအရာရှိ/ တရားသူကြီး ၈၈ ဦး၊ ရုံးဝန်ထမ်း ၇၂ ဦး စုစုပေါင်း ၁၆၀ တို့အား ၀န်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ပါရှိသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ထပ်မံကွယ်လွန်သွားသဖြင့် လစ်လပ်သည့်မဲဆန္ဒနယ် ၁၃ နေရာအထိ ရှိလာ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ထပ်မံကွယ်လွန်သွားသဖြင့် လစ်လပ်သည့်မဲဆန္ဒနယ် ၁၃ နေရာအထိ ရှိလာကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်သန်းသည် ဧပြီ ၂၇ ရက်တွင် ကွယ်လွန်သွားသည့်အတွက် မိသားစုနှင့်ထပ်တူ ၀မ်းနည်းကြေကွဲရကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူ့လွှတ်တော်၌ ချင်းပြည်နယ် ကန်ပက်လက်မဲဆန္ဒနယ်၊ ရှမ်းပြည်နယ် လဲချားမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမဲဆန္ဒနယ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမဲဆန္ဒနယ်နှင့် အမျိုးသားလွှတ်တော်၌ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) တို့တွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်လျက်ရှိသည်။

ပြည်နယ်လွှတ်တော်၌ ချင်းပြည်နယ် မတူပီမဲဆန္ဒနယ် (၁)၊ ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ် (၂)၊ တိုင်းဒေသကြီးလွှတ်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီး တမူးမဲဆန္ဒနယ် (၂)၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမဲဆန္ဒနယ် (၁)၊ မကွေးတိုင်းဒေသကြီး မင်းဘူးမဲဆန္ဒနယ် (၂)၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျဉ်းမဲဆန္ဒနယ် (၁) နှင့် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့မှာ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် မဲဆန္ဒနယ် (၁၂) နေရာရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များက ၂၀၁၈ ခုနှစ်အတွင်းကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများ စတင်ပြုစုလျက်ရှိသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ သတ္တမပုံမှန်အစည်းအဝေးကာလအထိ အဆိုစုစုပေါင်း ၈၄ ခု တင်သွင်းခဲ့ပြီးအဆို ၄၆ ခုကို မှတ်တမ်းအဖြစ်သာ ထားရှိ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ သတ္တမပုံမှန် အစည်းအဝေးကာလအထိ အဆိုစုစုပေါင်း ၈၄ ခု တင်သွင်းခဲ့ရာ အဆို ၄၆ ခုကို မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ သတ္တမပုံမှန် အစည်းအဝေးအထိ အဆိုများဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ရုံးက ဧပြီ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ သတ္တမပုံမှန် အစည်းအဝေးအထိ အဆိုများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ပတ်သက်၍ အဆိုစုစုပေါင်း ၈၄ ခုတင်သွင်းခဲ့ရာတွင် လွှတ်တော်က အတည်ပြုခဲ့သည့်အဆိုမှာ ၃၃ ခု ရှိပြီး မှတ်တမ်းတင်ခဲ့သည့်အဆို ၄၆ ခု၊ အတည်မပြုခဲ့သည့် အဆိုသုံးခု၊ ရုပ်သိမ်းခဲ့သည့် အဆိုတစ်ခုနှင့် ဆက်လက်ဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့သည့်အဆို တစ်ခုရှိကြောင်း သိရသည်။

လွှတ်တော်သို့ တင်သွင်းခဲ့သည့် အဆိုများအနက်မှ တစ်ခုဖြစ်သည့် နိုင်ငံအ၀န်း အဂတိလိုက်စားမှုများ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့် အဆိုကို မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက တင်သွင်းခဲ့သည်။

ယင်းအဆိုသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများအပြား ထောက်ခံဆွေးနွေးခဲ့ကြပြီး လွှတ်တော်ကလည်း ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည့် အဆိုတစ်ခုလည်း ဖြစ်သည်။

ထို့အတူ ပြည်သူ့လွှတ်တော်ရုံးက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ သတ္တမပုံမှန်အစည်းအဝေးအထိ မေးခွန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့် မေးခွန်းစုစုပေါင်း ၅၃၁၈ ခု ဖြေဆိုထားပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွ င်ကျင့်သုံးနေသည့် မြေအရင်းအမြစ်ဥပဒေများနှင့် စီမံခန့်ခွဲပုံအချို့မှာ သက်တမ်း နှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်၍ ခေတ်အခြေအနေနှင့်ကိုက်ညီပြီး တရားမျှတမှုရှုထောင့်များဖြင့် ပြင်ဆင်ရန်လိုအပ်ဟု အကြံပြု

မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် မြေအရင်းအမြစ်ဥပဒေများနှင့် စီမံခန့်ခွဲပုံအချို့မှာ သက်တမ်း နှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်၍ ခေတ်အခြေအနေနှင့်ကိုက်ညီပြီး တရားမျှတမှုရှုထောင့်များဖြင့် ပြင်ဆင်ရန်လိုအပ်ကြောင်း အကြံပြုမှုများရှိနေသည်။ နေပြည်တော်တွင် ဧပြီ ၆ ရက်က အမျိုးသားမြေအသုံးချမှုကောင်စီ၏ ပထမအကြိမ် အစည်းအဝေးကိုကျင်းပခဲ့ပြီး အစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့သည်။

အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မြေအသုံးချမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ၊ မြေပုံများ တိကျပြည့်စုံမှုမရှိခြင်းကြောင့် စီမံခန့်ခွဲသူများနှင့် ပြည်သူများအကြား လုပ်ကိုင်ခွင့်၊ ပိုင်ဆိုင်ခွင့် အငြင်းပွားခြင်း၊ မြေမဲ့ယာမဲ့နှင့် မြေကျူးကျော်မှုများဖြစ်ပွားခြင်း စသော မြေယာပြဿနာများကို ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် မြေနှင့်ဆက်စပ်ပြီး စီမံခန့်ခွဲလုပ်ကိုင်ဆောင်ရွက်နေသည့် အစိုးရဌာန၊ အဖွဲ့အစည်းများရှိပြီး အဆိုပါဌာနအဖွဲ့အစည်းများက ပြဋ္ဌာန်းကျင့်သုံးနေသည့် မြေနှင့်ဆက်စပ်သည့်ဥပဒေများ သဟဇာတဖြစ်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် မြေအရင်းအမြစ်ဥပဒေများနှင့် စီမံခန့်ခွဲပုံအချို့မှာ သက်တမ်းနှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်၍ ယနေ့ခေတ်၏အခြေအနေများနှင့် ကိုက်ညီဆီလျော်မှု၊ လူထုအကျိုးစီးပွားသယ်ပိုးနိုင်မှု၊ တရားမျှတမှု ရှုထောင့်များမှနေ၍ အလေးထားဆန်းစစ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ အင်္ဂလိပ်လက်ထက်ကတည်းကိုက မြေနဲ့ပတ်သက်လို့ အောက်မြန်မာပြည်မြေများနှင့် ကျေးရွာများအက်ဥပဒေ၊ အထက်ပါမြန်မာပြည်မြေများနှင့် ကျေးရွာများအက်ဥပဒေဆိုတာရှိတယ်။ အင်္ဂလိပ်ခေတ်က ဥပဒေတွေပေါ့။ နောက်ပြီးတော့ မြေသိမ်းတဲ့ဥပဒေတွေရှိတယ်။ ပြောသလိုပဲ အဲဒါတွေက နှစ်ကရာချီနေပြီ။ နောက်တစ်ခု မြေနဲ့ပတ်သက်လို့ လယ်ယာမြေရှိတယ်။ သစ်တောမြေရှိတယ် အစရှိသဖြင့် မြေတွေအများကြီးရှိတယ်” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ထန်းတပင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ပြောကြားသည်။

လက်ရှိတွင် အောက်မြန်မာပြည်မြေများနှင့် ကျေးရွာများအက်ဥပဒေ၊ အထက်ပါမြန်မာပြည်မြေများနှင့် ကျေးရွာများအက်ဥပဒေ စသည့်ဥပဒေများကို ပြန်လည်လေ့လာပြီး ကိုင်တွယ်ရန်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးနေမျိုးထွန်းက ပြောကြားသည်။

“အဲဒီတော့ နိုင်ငံတကာမှာ မူအရဆိုရင် တခြားနိုင်ငံတွေမှာဆိုရင် Land အာဏာပိုင် အဖွဲ့အစည်းပေါ့။ မြေနဲ့ပတ်သက်တဲ့ အာဏာပိုင်အဖွဲ့အစည်းက တစ်ခုပဲရှိတယ်။ တချို့နိုင်ငံတွေမှာဆိုရင် ၀န်ကြီးဌာန Land Ministery တောင်ထားတယ်ဗျာ။ အခုဟာက ကျွန်တော်တို့နိုင်ငံမှာက ရှုပ်နေတာကသိတဲ့အတိုင်းပဲ။ မြို့ပေါ်မှာဆိုလို့ရှိရင် ဂရန်မြေ၊ ပါမစ်မြေ၊ နောက်ပြီးကျတော့ ဘိုးဘွားပိုင်မြေ၊ မြေတွေက အများကြီးရှိတယ်” ဟု ဦးနေမျိုးထွန်းက ပြောကြားသည်။

မြေယာမူဝါဒများ၊ မြေနှင့်ပတ်သက်သည့် ဥပဒေများကိုလည်း ပြောင်းလဲပြင်ဆင်ရန်လိုကြောင်း ဦးနေမျိုးထွန်းက ပြောကြားသည်။

“အဲဒါတွေကို တစုတစည်းတည်းရှိဖို့လိုပြီ။ လိုတော့ ယခင်အစိုးရလက်ထက်နဲ့ ကျွန်တော်တို့အစိုးရလက်ထက် အပြောင်းအလဲမှာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှာ မြေယာမူဝါဒဆိုပြီး ချသွားတာရှိတယ်။ မြေယာမူဝါဒမှာ တချို့နေရာလေးတွေ ကောင်းပါတယ်။ အဲဒီတော့ ပြောချင်တာက မြေယာမူဝါဒကိုလည်းချဖို့လိုတယ်။ မြေနဲ့ပတ်သက်လို့ စီမံခန့်ခွဲတဲ့နေရာမှာလည်း တသီးတခြားရှိဖို့လည်းလိုတယ်။ နိုင်ငံတော်အကျိုးအတွက်ဆိုရင် သစ်တောမြေကို ဘယ်လိုလုပ်မလဲ။ မြေယာတွေနဲ့ပတ်သက်လို့ နိုင်ငံတော်ပိုင်တဲ့ မြေယာမှန်သမျှကို မြေယာပိုင်အဖွဲ့အစည်းတစ်ခုတည်းကပဲ ဆောင်ရွက်တာအကောင်းဆုံးလို့ ကျွန်တော်ထင်တယ်” ဟု ဦးနေမျိုးထွန်းက သုံးသပ်ပြောကြားသည်။

မြေယာစီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသည့် လက်ရှိဥပဒေများကို လေ့လာဆန်းစစ်ပြီး အဆိုပါဥပဒေများကို လွှမ်းခြုံသည့် သဟဇာတဖြစ်မည့် အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းပေးရမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

“မြေနဲ့ပတ်သက်လို့ Mother Law ပေါ့။ အဲဒါတစ်ခုတင်ဖို့အတွက်ကို သူတို့ကြိုးစားနေတာတွေရှိတယ်။ လွှတ်တော်မှာလည်း လာပြီးတော့မှ မြေယာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်တဲ့ မြေစာရင်းဦးစီးဌာန အငြိမ်းစားပညာရှင်တွေပေါ့။ နောက်တစ်ခါ ဥပဒေအကြံပေးကော်မရှင်တို့၊ ဘာတို့နဲ့ ဆွေးနွေးနေတာတွေလည်း ကြုံခဲ့ရတယ်ဆိုတော့ အဲဒါကမလုပ်လို့မဖြစ်ဘူး။ မှန်ပါတယ်။ ဒုတိယသမ္မတပြောတာ မှန်ပါတယ်။ မြေယာနဲ့ပတ်သက်လို့ အင်္ဂလိပ်ခေတ်ကတည်းက ပြဋ္ဌာန်းထားတာတွေက ဒီနေ့ခေတ်ဥပဒေနဲ့ မညီတာတွေလည်းရှိတယ်” ဟု လက်ပံတန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက ပြောကြားသည်။

မြေယာပြဿနာများနှင့်ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီသို့ ရောက်ရှိသည့် တိုင်ကြားစာအမှုတွဲပေါင်း ၆၃၂၀ မှုရှိပြီး ဗဟိုကော်မတီ၏စိစစ်မှုများအရ တိုင်ကြားစာအမှုတွဲ ၆၆၉ မှုသာ ဖြေရှင်းဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

အမှတ်တံဆိပ်တုပမှုနှင့် ကုန်ပစ္စည်းအတုများ ဈေးကွက်သို့ ၀င်ရောက်လာမှုကို ဟန့်တားနိုင်ရန် ရည်ရွယ်ရေးဆွဲထားသည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်ပြီး အစည်းအဝေးပြုလုပ်

အမှတ်တံဆိပ်တုပမှုနှင့် ကုန်ပစ္စည်းအတုများ ဈေးကွက်သို့ ၀င်ရောက်လာမှုကို ဟန့်တားနိုင်ရန်ရည်ရွယ်ကာ ရေးဆွဲထားသည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ဦးဆောင်ကာ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်များသည် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မတ် ၃၁ ရက်တွင် လွှတ်တော်ဝင်းအတွင်းရှိ ဥပဒေကြမ်းကော်မတီ အစည်းအဝေးခန်းမ၌ ဆွေးနွေးခဲ့ကြကြောင်း ဥပဒေကြမ်းကော်မတီက သတင်းထုတ်ပြန်ထားသည်။

“ဟုတ်ပါတယ်။ အဲဒါဒီလိုပါ သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနက တာဝန်ရှိတဲ့ ကုန်အမှတ်တံဆိပ် department က ကုန်အမှတ်တံဆိပ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ကို လာပြီးတော့ ရှင်းလင်းဆွေးနွေးတာပါ။ ဆွေးနွေးပြီးတော့ ကျွန်တော်တို့က သိတဲ့အချက်တွေရယ်။ ဥပဒေရေးဆွဲရင် လုပ်ငန်းအကောင်အထည်ဖော်နိုင်ခြင်းရှိ၊ မရှိပေါ့။ အပြန်အလှန် ဆွေးနွေးတာပေါ့။ ပြောရရင်တော့ hearing ပေါ့ဗျာ” ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးနေမျိုးထွန်းက ပြောကြားသည်။

အဆိုပါ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကြမ်းကို အမှတ်တံဆိပ်ကို အကာအကွယ်ပေးခြင်းအားဖြင့် ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ အမှတ်တံဆိပ်ပိုင်ရှင်နှင့် အခွင့်အရေးရရှိသူတို့၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရန်၊ အမှတ်တံဆိပ်တုပမှုနှင့် ကုန်ပစ္စည်းအတုများ ဈေးကွက်သို့ ၀င်ရောက်လာမှုကို ဟန့်တားနိုင်ခြင်းအားဖြင့် မျှတသောဈေးကွက်ယှဉ်ပြိုင်မှုစနစ်ကို တည်ဆောက်ရန်နှင့် သုံးစွဲသူများအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးနိုင်ရန် ရည်ရွယ်ကာ ရေးဆွဲထားခြင်းဖြစ်သည်။

“အဓိကတော့ ကုန်အမှတ်တံဆိပ်ပြုလုပ်တာတွေကို ဟန့်တားနိုင်ဖို့ပေါ့လေ။ ဒီလိုဟန့်တားနိုင်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက လာမယ်။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေကို ပြောရရင်တော့ ကျွန်တော်တို့ ဒီမှာတခြားနိုင်ငံက ပေါက်ထားတဲ့ brand တွေ အတုအပလုပ်ပြီး လာတဲ့အတွက်ကို ဒီမှာတကယ်လို့ လာပြီးတော့ product လာပြီးလုပ်မယ့်လူတွေက အဲဒီလိုအတုအပရဲ့ အန္တရာယ်ကိုကာကွယ်ဖို့ဆိုရင် ဒီကုန်အမှတ်တံဆိပ်တို့ ဘာတို့ရှိထားမှလေ။ အဲဒီလိုဥပဒေအရ အကာအကွယ်ပေးထားမှသာလျှင် ရင်းနှီးမြှုပ်နှံရဲမှာလေ။ ဒီဥပဒေကတော့ တိုင်းပြည်ရဲ့ လိုအပ်ချက်အရ တကယ်လိုအပ်နေတဲ့ဥပဒေပါ” ဟု ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှ ဦးနေမျိုးထွန်းက ပြောကြားသည်။

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားခြင်းဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးနေမျိုးထွန်းက ဆိုသည်။

ဒုတိယသမ္မတအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်အား ရွေးချယ်တင်မြှောက်

ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည့် ဦးဝင်းမြင့်အား တွေ့ရစဉ် (Photo : Pyithu Hluttaw)

သမ္မတရွေးချယ် တင်မြှောက်ရေး အဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယပိုင်း အစီအစဉ်ကို မတ် ၂၃ ရက် မွန်းလွဲ ၁ နာရီ၌ ပြန်လည်ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်အား ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်းရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်နှင့် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးတို့ နှစ်ဦးရှိသဖြင့် ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်ခဲ့ရာ ဆန္ဒမဲပေးသူ ၃၀၄ ဦးအနက် ဒုတိယသမ္မတလောင်း ဦးဝင်းမြင့်က ၂၇၃ မဲ ရရှိခဲ့ပြီး ဦးသောင်းအေးက  ၂၇ မဲရရှိခဲ့ကာ ပယ်မဲ ၄ မဲ ရှိခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအမည်ကို ပြည်ထောင်စု လွှတ်တော်နာယကထံ တင်ပြမည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ရပ်နားကြောင်း ကြေညာခဲ့သည်။

ဒုတိယ သမ္မတလောင်းရွေးချယ်ရန် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကို ယနေ့ (မတ်လ ၂၃ ရက်) နံနက်ပိုင်းက စတင်ပြုလုပ်ခဲ့ပြီး အစည်းအဝေး ပထမပိုင်း အစီအစဉ်တွင် ဒုတိယသမ္မတလောင်းများ အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် အဆိုပြုလွှာကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ပထမပိုင်း အစီအစဉ်တွင် ဒုတိယသမ္မတလောင်းများအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးတို့အား သက်ဆိုင်ရာပါတီ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီက အဆိုပြု တင်ပြခဲ့ခြင်းဖြစ်သည်။

မတ် ၂၃ ရက်က ကျင်းပသည့် အစည်းဝေးသို့ တက်ရောက်လာသော ဦးဝင်းမြင့်အား တွေ့ရစဉ်

ဦးဝင်းမြင့်ကို ၁၉၅၁ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ညောင်ချောင်းကျေးရွာ၌ မွေးဖွားခဲ့ပြီး ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ B.Sc ဘွဲ့ရခဲ့ပြီး H.G.P.,R.L ထပ်မံရရှိခဲ့ကာ ၁၉၈၅ ခုနှစ်မှ စတင်ကာ အထက်တန်း တရားလွှတ်တော်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့နောက် နိုင်ငံရေးလောကတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသို့ ၀င်ရောက်လှုပ်ရှား ဆောင်ရွက်မှုများကြောင့် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။

ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းမှ လွတ်မြောက်လာပြီးနောက် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု၍ ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

ဦးဝင်းမြင့်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့၏ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် စသည်ဖြင့် အဆင့်ဆင့်သော ပါတီတာဝန်များကို ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားပြု တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးချယ်တင်မြှောက် ခံခဲ့ရပြီး ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်ခဲ့သည်။

ဒုတိယ သမ္မတလောင်းရွေးချယ်ရေး အစည်းအဝေး ခေတ္တရပ်နားပြီး မွန်းလွဲပိုင်းတွင် ဆက်လက်ပြုလုပ်မည်

နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိ မရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့တွင် ပါဝင်မည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်အား တွေ့ရစဉ်

ဒုတိယ သမ္မတလောင်းရွေးချယ်ရန် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကို ယနေ့ (မတ်လ ၂၃ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး အစည်းအဝေး ပထမပိုင်း အစီအစဉ်တွင် ဒုတိယသမ္မတလောင်းများ အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် အဆိုပြုလွှာကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဒုတိယသမ္မတလောင်းများအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း)နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးတို့အား သက်ဆိုင်ရာပါတီ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီက အဆိုပြု တင်ပြထားသည်။

ထို့နောက် နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိ မရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့တွင် ပါဝင်မည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် မောက်မယ်ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းငေါင်းဆိုင်ဟိန်းတို့အား သက်ဆိုင်ရာပါတီ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီက အဆိုပြုတင်ပြခဲ့ပြီး သက်ဆိုင်ရာပါတီ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီက ထောက်ခံခဲ့သဖြင့် စက်ခလုပ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ခဲ့သည်။

ထိုသို့ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲများသည့် ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်အား နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိ မရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့တွင် ပါဝင်မည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ဒုတိယသမ္မတလောင်း အဆိုပြုလွှာနှင့် ဒုတိယသမ္မတလောင်းများ အမည်စာရင်းပြုစုရန် အစည်းအဝေး ပထမပိုင်းအား ရပ်နားကြောင်းနှင့် အစည်းအဝေး ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီတွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

 

 

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် တာဝန်မှနုတ်ထွက်သွားပြီး သမ္မတနေရာတွင် အစားထိုးခန့်အပ်ခံရဖွယ်ရှိသူအဖြစ် သတင်းထွက်ပေါ်နေ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် တာဝန်မှနုတ်ထွက်သွားပြီး လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးနေရာတွင် အစားထိုးခန့်အပ်ခံရဖွယ်ရှိသူအဖြစ် သတင်းထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

ဦးဝင်းမြင့်အနေဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ကြောင်း မတ် ၂၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၃၀ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

ထိုကဲ့သို့ ဦးဝင်းမြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်မှ နုတ်ထွက်ကြောင်း နုတ်ထွက်စာကို မတ် ၂၁ တွင် တင်ခဲ့ခြင်းဖြစ်ပြီး နုတ်ထွက်စာတွင် မည်သည့်အကြောင်းကြောင့် နုတ်ထွက်သည်ကို ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည်လည်း လက်ရှိသမ္မတတာဝန်မှ နုတ်ထွက်ကြောင်း မတ် ၂၁ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် နုတ်ထွက်သွားခြင်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်မှ ဦးဝင်းမြင့် နုတ်ထွက်သွားခြင်းသည် တိုက်ဆိုင်နေသောကြောင့် လစ်လပ်လျက်ရှိသည့် သမ္မတနေရာအတွက် ခန့်အပ်ရန်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

ထို့အတူ နိုင်ငံတော်သမ္မတ ဦးထင်ကျော် နုတ်ထွက်ခြင်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နုတ်ထွက်ခြင်းသည် ချိတ်ဆက်မှုများရှိနိုင်ကြောင်း ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီအတွင်းရေးမှူး ဒေါက်တာလှမိုးက ပြောကြားသည်။

“လုပ်ထုံးလုပ်နည်းအရ နိုင်ငံတော်သမ္မတရာထူးကနေ နုတ်ထွက်ပြီးတဲ့အခါမှာ ရုံးဖွင့်ရက်ခုနစ်ရက်အတွင်း နိုင်ငံတော်သမ္မတကို ပြန်လည်ပြီးတော့ အစားထိုးရွေးချယ်ရမှာဖြစ်ပါတယ်။ ပထမဆုံးစလုပ်ရမယ့် အလုပ်ကတော့ လွှတ်တော်ဥက္ကဋ္ဌလည်း ရာထူးကနုတ်ထွက်ကြောင်း လွှတ်တော်မှာ ကြေညာသွားတဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌရာထူးကို အရင်ရွေးချယ်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်က ပြည်သူ့လွှတ်တော်ကနေ ရွေးချယ်တင်မြှောက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ပထမဆုံး ပြည်သူ့လွှတ်တော်ကနေ ဒုတိယသမ္မတလောင်းတစ်ဦးကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒုတိယသမ္မတလောင်းတစ်ဦးကို ရွေးပြီးတော့မှ ပြည်ထောင်စုလွှတ်တော်မှာ ဒုတိယသမ္မတလောင်း သုံးဦးထဲကမှ နိုင်ငံတော်သမ္မတကြီးကို ရွေးချယ်ရမှာဖြစ်ပါတယ်” ဟု ဒေါက်တာလှမိုးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် သက်တမ်းအတွင်း အားရကျေနပ်လောက်အောင် လုပ်ပြနိုင်သော ဆောင်ရွက်ချက်များနည်းပါးပြီး ဦးဝင်းမြင့်အနေဖြင့် အစိုးရနှင့် လွှတ်တော်နှစ်ခုကြား Check and Balance ဖြစ်အောင် ထိန်းကျောင်းနိုင်ခဲ့သဖြင့် ဦးဝင်းမြင့် သမ္မတဖြစ်မည်ဆိုပါက ကြိုဆိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

“သမ္မတရဲ့တာဝန်တွေ၊ ၀တ္တရားတွေထဲမှာပါတဲ့ ကိစ္စရပ်တွေက အများကြီးပဲလေ။ အဓိက,ကတော့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ဖို့ပေါ့။ ပြီးတော့ သမ္မတကအစိုးရတစ်ခုလုံးကို ထိန်းကျောင်းရမှာလေ။ ဦးဝင်းမြင့်အနေနဲ့ သမ္မတဖြစ်ခဲ့ရင်တော့ အစိုးရကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖို့လိုတယ်။ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဓိက,ကတော့ စီးပွားရေးပေါ့။ ဒါတွေနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို သူဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာ ကျွန်မတို့ စောင့်ကြည့်ရမှာပေါ့။ အရေးကြီးတာတော့ တိုင်းပြည်ရဲ့စီးပွားရေးကို ဦးမော့လာဖို့နဲ့ လက်ရှိရှိနေတဲ့ နိုင်ငံတော်ရဲ့အကျပ်အတည်းတွေ ဒါတွေအကုန်လုံးကလည်း သမ္မတတစ်ယောက်ရဲ့ လုပ်ရမယ့်လုပ်ငန်းတွေက အများကြီးရှိတယ်လေ။ ဒါတွေကိုတော့ စောင့်ကြည့်ရမယ့်အခြေအနေပေါ့” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ထိုသို့ လစ်လပ်သွားသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းကို မတ် ၂၂ ရက် (ယနေ့) တွင် ပြည်သူ့လွှတ်တော်၌ ပြုလုပ်မည်ဖြစ်သည်။

ဦးဝင်းမြင့်ကို ၁၉၅၁ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ဦးထွန်းကြည်၊ ဒေါ်စန်းတို့က ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ညောင်ပင်ချောင်ရွာတွင် မွေးဖွားခဲ့ပြီး ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်မှစတင်ကာ တရားလွှတ်တော်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့နောက် နိုင်ငံရေးလောကတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ၀င်ရောက်လှုပ်ရှားဆောင်ရွက်မှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းမှ လွတ်မြောက်လာပြီးနောက် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု၍ ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

ဦးဝင်းမြင့်သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်အပြင် NLD ပါတီတွင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥပဒေ ပြဋ္ဌာန်းခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကို လွှမ်းမိုးချုပ်ကိုင်ရန် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား

ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း၌ ကျင်းပသည့် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ (MPU) အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်)

မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥပဒေ ပြဋ္ဌာန်းခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကို လွှမ်းမိုးချုပ်ကိုင်ရန် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။

နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း၌ ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ (MPU) အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် က သတင်းထုတ်ပြန်ခဲ့သည်။

အစည်းအဝေး၌ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယင်းဥပဒေ ပြဋ္ဌာန်းခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကို လွှမ်းမိုးချုပ်ကိုင်ရန် မဟုတ်ကြောင်း၊ အဖွဲ့အစည်းတိုင်းမှာ ကိုယ်ပိုင်ဥပဒေများ ရှိကြောင်း၊ ဥပဒေပြဋ္ဌာန်းခြင်းသည် လုပ်ငန်းများကို တိတိကျကျ ဆောင်ရွက်နိုင်စေရန် ဖြစ်ကြောင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအကြား ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ အချင်းချင်း ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ အဖွဲ့ဝင်များသည် လွှတ်တော်အဖွဲ့၏ ညှိနှိုင်း ဆုံးဖြတ်ချက်များကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးကြောင်းကို လွှတ်တော်အဖွဲ့သို့ ပြန်လည်အစီရင်ခံရန် လိုအပ်ပါကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ထို့အတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥပဒေ၏ ရည်ရွယ်ချက်မှာ လွှတ်တော်အသီးသီး၏ ဆောင်ရွက်မှုများ နည်းလမ်း မှန်ကန်ခိုင်မာပြီး အရည်အသွေး ကောင်းမွန် တိုးတက်မြင့်မားရေးအတွက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ ပါဝင်ပါက အင်အားခိုင်မာ တောင့်တင်းလာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ အဖွဲ့ဝင်များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ပိုင်နိုင်စွာ လေ့လာထားရန်လိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်ကလည်း မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီမှ တင်သွင်းခဲ့ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့သည်ဟု လွှတ်တော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖက်ဒရယ်စနစ်သို့ ပြောင်းလဲရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း လိုအပ်ချက်များ၊ ပြင်ဆင်စရာ များစွာရှိနေသည့်အချိန်တွင် အဆိုပါဥပဒေမှာ ရှိရင်းစွဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထက် ပြည်နယ်၊ တိုင်းလွှတ်တော်များ၏ အခွင့်အရေးများကို ပိုမို တင်းကျပ်လိုက်သည့် အခြေအနေတွင် ရှိနေကြောင်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ပြောကြားထားသည်။

“ကျွန်တော်ကတော့ တော်တော် စိတ်မကောင်းဘူး။ ဒီဥပဒေ ပြဋ္ဌာန်းလို့ကို NLD အစိုးရသိက္ခာ ဘာမှတက်လာမှာ မဟုတ်ဘူး။ ပိုပြီးတောင် တိုင်းရင်းသားတွေအတွက် သံသယစိတ်တွေ ၀င်သွားတာပဲ ရှိတယ်။ တစ်ဖက်က ချင်းထည့်တာလား ဆိုတာတောင် သံသယ ဖြစ်လာတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

ထို့ပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) စိုင်းကျော်ညွန့်က “ဒီဥပဒေက ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်မယ်ဆိုတဲ့ အစိုးရက ပြဒါးတစ်လမ်း သံတစ်လမ်း သွားနေတယ်ဆိုတာကို ပြသရာ ရောက်တယ်။ ပါးစပ်ကတော့ ဖက်ဒရယ် ဆိုပြီးတော့” ဟု ပြောကြားထားသည်။

မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥပဒေကို ဖေဖော်ဝါရီ ၈ ရက်က ပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် နာယက၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်အဖြစ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကဖြင့် ဖွဲ့စည်းရမည် ဖြစ်သည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု

နေပြည်တော်တွင်ပြုလုပ်သော အမျိုးသားလွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များကို တွေ့ရစဉ်

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ယင်းဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၉ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဥပဒေကြမ်း၏ ပုဒ်မ ၅ (က) အဖြစ် မြေယာမဲ့နိုင်ငံသားများ၊ လုပ်ကွက်ငယ် တောင်သူလယ်သမားများသည် နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိလိုပါက သတ်မှတ် ချက်များနှင့်အညီ သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားနိုင်သည့်အချက်အား အသစ်ဖြည့်စွက်ကာ အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဥပဒေကြမ်း၏ ပုဒ်မ ၅ (စ) တွင် မြေယာမဲ့ နိုင်ငံသားများ၊ လုပ်ကွက်ငယ်တောင်သူ လယ်သမားများအတွက်သော်လည်းကောင်း၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက်သော်လည်းကောင်း တာဝန်ယူဆောင်ရွက်သည့် အစိုးရဌာန၊ အဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများဟု အသစ်ဖြည့်စွက်ထားကြောင်း၊ ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားသည့် လုပ်ငန်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးခြင်း သို့မဟုတ် ယင်းသို့ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်ဟု ဥပဒေကြမ်း၏ ပုဒ်မ ၈ တွင် အတည်ပြုထားသည်။

ပုဒ်မ ၁၀ တွင် ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ယင်းနှင့်ဆက်နွှယ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများအတွက် ခွင့်ပြုသည့်အခါ လက်ရှိလုပ်ကိုင်နေသူရှိ၊ မရှိ စိစစ်ပြီးမှသာ မြေဧရိယာနှင့်စပ်လျဉ်း၍ (က)စိုက် ပျိုးရေးလုပ်ငန်းတွင် နှစ်ရှည်ပင်၊ ဥယျာဉ်ခြံ သီးနှံနှင့် စက်မှုကုန်ကြမ်း ရာသီသီးနှံတို့အတွက် တစ်ကြိမ်လျှင် ဧက ၃၀၀ နှင့်အထက် ဧက ၃၀၀၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည်။ ခွင့်ပြုထားပြီးဖြစ်သည့် ဧက၏ ၇၅ ရာခိုင်နှုန်းကို အပြည့်အ၀လုပ်ကိုင်ဆောင်ရွက်ပြီးဖြစ် ပါက တစ်ကြိမ်လျှင် ဧက ၃၀၀၀ ထက်မပိုစေဘဲ စုစုပေါင်း ဧက ၃၀၀၀၀ အထိ အကြိမ်ကြိမ် ခွင့်ပြုနိုင်သည်။ နိုင်ငံတော်အကျိုးအလို့ငှာ ခွင့်ပြုသင့်သော လုပ်ငန်းဖြစ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် တစ်ကြိမ်တည်းတွင် ဧက ၃၀၀၀ ထက်ပို၍ ဧက ၃၀၀၀၀ အထိ အမှန်တကယ်စိုက်ပျိုးနိုင်မည့် ဧကအား ခွင့်ပြုနိုင်သည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ပုဒ်မ ၁၀ (ခ) စိုက်ပျိုးရေးလုပ်ငန်းတွင် နှစ်ရှည်ပင်၊ ဥယျာဉ်ခြံသီးနှံနှင့် စက်မှုကုန်ကြမ်း ရာသီသီးနှံတို့အတွက် ဧက ၃၀၀ အထိ ခွင့်ပြုနိုင်သည်။ ခွင့်ပြုထားပြီးဖြစ်သည့် ဧက ၇၅ ရာခိုင်နှုန်းကို အပြည့်အ၀ လုပ်ကိုင်ဆောင်ရွက်ပြီးပါက တစ်ကြိမ်လျှင် ဧက ၃၀၀ ထက် မပိုစေဘဲ စုစုပေါင်း ဧက ၃၀၀၀ အထိ အကြိမ်ကြိမ် ခွင့်ပြုနိုင်သည်။ နိုင်ငံတော်အကျိုးအလို့ငှာ ခွင့်ပြုသင့်သော လုပ်ငန်းဖြစ်ပါက ဗဟိုကော်မတီ၏ သဘောတူညီချက်ဖြင့် တစ်ကြိမ်တည်းတွင် ဧက ၃၀၀ ထက်ပို၍ ဧက ၃၀၀၀ အထိ အမှန်တကယ် စိုက်ပျိုးနိုင်မည့် ဧကအား ခွင့်ပြုနိုင်သည်။ ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းလုပ်ကိုင်လိုသူများအတွက် ဧက ၅၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ဥပဒေကြမ်း၏ ပုဒ်မ ၁၁ (က) စိုက်ပျိုးရေး လုပ်ငန်းတွင် နှစ်ရှည်ပင်နှင့် ဥယျာဉ်သီးနှံ ဖြစ်လျှင် စတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ နှစ် ပေါင်း ၃၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည်။ ရာသီသီးနှံဖြစ်လျှင် သတ်မှတ်သော စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မရှိသရွေ့ ခွင့်ပြုရမည်။ ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် စတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ နှစ်ပေါင်း ၃၀ ထက် မပိုစေဘဲ ခွင့်ပြုနိုင်သည်။ ခွင့်ပြုထားသော သက်တမ်းကုန်ဆုံးပြီးနောက် ဆက်လက် ဆောင်ရွက်လိုသော လုပ်ငန်းအတွက် လုပ်ငန်းအမျိုးအစားအပေါ်မူတည်ပြီး ထပ်မံ၍ စုစုပေါင်းနှစ်ပေါင်း ၃၀ ထက်မပိုစေဘဲ အကြိမ်ကြိမ်ခွင့်ပြုနိုင်သည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ထို့ပြင် ခွင့်ပြုကာလထက် ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်းမရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။ ပုဒ်မ ၂၈ တွင် မည်သူမဆို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ် ပိုင်ခွင့် အသုံးပြုခွင့်ရရှိသူ သို့မဟုတ် ထိုသူ၏သဘောတူခွင့်ပြုချက်အရ လုပ်ကိုင်သူက အဆိုပါမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် ဤဥပဒေနှင့်အညီ ဆောင်ရွက်သော လုပ်ငန်းဆောင်ရွက်မှုတစ်စုံတစ်ရာကို ဟန့်တားနှောင့်ယှက်ကြောင်း ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင် ထိုသူကို ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။