JICA ထံမှ ချေးငွေရယူ၍ SME ချေးငွေ ချေးရာတွင် ရာခိုင်နှုန်း ၇၀ သော ပြည်သူများရှိရာ ကျေးရွာများကို ထည့်သွင်း စဉ်းစားသင့်ပြီး စံသတ်မှတ်ချက်များ ဖြေလျှော့စဉ်းစားသင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြောကြား

JICA ထံမှ ချေးငွေရယူ၍ SME ချေးငွေ ချေးရာတွင် ရာခိုင်နှုန်း ၇၀ သော ပြည်သူများရှိရာ ကျေးရွာများကို ထည့်သွင်း စဉ်းစားသင့်ပြီး Criteria (စံသတ်မှတ်ချက်) များကို ဖြေလျှော့စဉ်းစားသင့်ကြောင်း ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်းက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်းပြီး နေပြည်တော်၌ ဖေဖော်ဝါရီ ၁၆ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး အဋ္ဌမနေ့တွင် ဒေါက်တာ တင်တင်ဝင်းက ဆွေးနွေးရာတွင် အထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“အသေးစား အလတ်စား စီးပွားရေးလုပ်သူတွေဟာ သိန်းထောင်နဲ့ချီပြီး မလုပ်နိုင်ပါဘူး။ ထောင်နဲ့ချီပြီး လုပ်ကိုင်နေသူတွေဟာ အသေးစား အလတ်စား စီးပွားရေး မဟုတ်ပါဘူး။ အမှန်တကယ် ပြည်ထောင်စုတစ်ဝန်း စီးပွားဖွံ့ဖြိုးတိုးတက်လိုလျှင် အောက်ခြေက စရပါမယ်။ လုပ်ငန်းတစ်ခုကို တစ်နိုင်တစ်ပိုင် လုပ်နေရာမှ ငွေကြေးအဆင်မပြေလို့ လုပ်ငန်းရပ်ရခြင်းကို SME မှ ကာကွယ်ပေးရပါမယ်။ ကျွန်မ မဲဆန္ဒနယ်မှာတော့ SME နဲ့ ပတ်သက်တဲ့ ချေးငွေကိစ္စ အဆင်မပြေပါဘူး။ သူတို့ သတ်မှတ်ထားတဲ့ Criteria တချို့ဟာ ပြည်သူတွေ လက်လှမ်းမမီပါဘူး။ သိန်းပေါင်းများစွာ လည်ပတ်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်ရမယ်ဆိုတဲ့အချက်၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အာမခံထားရှိရမယ့် အချက်တွေဟာ ငွေရေးကြေးရေး အဆင်မပြေပေမဲ့ စီးပွားလုပ်ကိုင် လိုသူတွေအတွက် အခက်အခဲ ဖြစ်နေပါတယ်။ SME ချေးငွေချေးရာ မှာ ၇၀ ရာခိုင်နှုန်းသော ပြည်သူတွေရှိရာ ကျေးရွာများကိုပါ ထည့်သွင်းစဉ်းစားသင့်ပြီး Criteria တွေကို ဖြေလျှော့စဉ်းစားသင့်ပါကြောင်း ဆွေးနွေးအပ်ပါတယ်” ဟု ဒေါက်တာ တင်တင်ဝင်းက ပြောကြားသည်။

ထို့ပြင် လုပ်ငန်းတစ်ခုသည် နိုင်ငံလူဦးရေ၏ အများစုကို ဦးတည်ပြီး စဉ်းစားရမည်ဖြစ်ကာ အရင်းအနှီးအတွက် အကန့်အသတ် ဖြစ်သည့် ဂရန်၊ စည်ပင်သာယာ ထောက်ခံချက်၊ လုပ်ငန်းလိုင်စင်နှင့် SME မှတ်ပုံတင်များကို ကန့်သတ်လိုက်မည် ဆိုပါက လုပ်ငန်းရှင်များအတွက် အခက်အခဲများစွာရှိကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

“ဒီချေးငွေဟာ ဂျပန်နိုင်ငံကနေပြီးတော့ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်တဲ့အတွက် ပိုက်ဆံ တစ်သောင်းချေးရင် ငွေတစ်ကျပ်သာ ပြန်ပေးရတဲ့ နှစ် ၄၀ ချေးရတဲ့ ချေးငွေဖြစ်ပါတယ်။ အရပ်စကားနဲ့ လွယ်လွယ်ခေါ်ကြမယ်ဆိုရင်တော့ အတိုးမဲ့ ချေးငွေလို့တောင် ပြောလို့ရတဲ့ ချေးငွေဖြစ်ပါတယ်။ လုပ်ငန်းရှင်များ ချေးငွေယူတဲ့အခါမှာ အခက်အခဲတချို့ကို တင်ပြလိုပါတယ်။ အထူးသဖြင့်တော့ ၀န်ကြီးဌာနက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေဟာ ဖွံ့ဖြိုးမှုနည်းတဲ့ ဒေသတွေ ကျေးလက်ဒေသမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ လုပ်ငန်းငယ် အသေးလေးတွေအတွက် အတော်လေးကို မလွယ်တဲ့ အချက်အလက်ပဲ ဖြစ်နေပါတယ်။ ဖွံ့ဖြိုးမှုနည်းတဲ့ ဒေသတွေမှာဆိုရင် လုပ်ငန်းလေးတွေ လုပ်ကြတဲ့အခါမှာ မြို့ပေါ်ဒေသမှာ ရှိသလိုမျိုး ပစ္စည်းတစ်ခု ရောင်းလိုက်တိုင်း ပိုက်ဆံပြန်ရတာ မဟုတ်ပါဘူး။ အကြွေးချရတာပါ။ အကြွေးမချရင် ဒီပစ္စည်းက မရောင်းရပါဘူး။ အကြွေးပြန်ဆပ်မယ့် ရာသီပေါ်သီးနှံတွေ ပေါ်တဲ့အချိန် အကြွေးပြန်ဆပ်ချိန်ကျရင်လည်း သီးနှံတွေနဲ့ ပြန်ဆပ်ကြတာ များပါတယ်။ အဲဒီတော့ အဲဒီက လုပ်ငန်းရှင်က ရှုံးရှုံးမြတ်မြတ် အသီးအနှံတွေ ယူထားရတာ ရှိပါတယ်။ တချို့နေရာမှာဆို ခရမ်းသီးတွေနဲ့ ပြန်ဆပ်တာ ရှိပါတယ်။ ငွေပေါ်ဖို့ဆိုတာ တော်တော်လေး ခဲယဉ်းပါတယ်။ တချို့ ဖွံ့ဖြိုးမှုနည်းတဲ့ ဒေသတွေမှာဆိုရင် ပစ္စည်းချင်းဖလှယ်တဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ အဲဒီလိုဒေသမှာရှိတဲ့ လုပ်ငန်းငယ်လေးတွေက ငွေကြေးအရင်းအနှီး အများကြီး လိုအပ်ပါတယ်။ အဲဒီအရင်းအနှီးကို လုပ်ဖို့ အကန့်အသတ်ဖြစ်တဲ့ ဂရန်တို့၊ စည်ပင်သာယာရဲ့ ထောက်ခံချက်တို့ လုပ်ငန်းလိုင်စင်တို့ SME မှတ်ပုံတင်တို့ အဲဒါတွေက ကန့်သတ်လိုက်မယ်ဆိုရင် လုပ်ငန်းရှင်များအတွက် အခက်အခဲအများကြီး ဖြစ်သွားပါမယ်။ အဲဒီဒေသမှာရှိတဲ့ ပညာရေး အခြေအနေဟာလည်း တော်တော်လေး နိမ့်ကျနေပါတယ်။ အမြင့်ဆုံး အလယ်တန်းလောက်ပဲ သင်နိုင်တဲ့ အခြေအနေမျိုးမှာ မြို့ပြမှာရှိတဲ့ စံချိန်စံညွှန်းတွေနဲ့ ဒီဒေသက ပုဂ္ဂိုလ်တွေကို သွားပြီး ချေးငွေတွေကို ဒါတွေကိုက်ညီမှသာ ပေးမယ်ဆိုရင် အဲ့ဒီဒေသက ပုဂ္ဂိုလ်တွေကို မပေးဘူးလို့ ပြောတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ လိုပါတယ်။ ဂျပန်နိုင်ငံကနေ ပိုက်ဆံ တစ်သောင်းချေးမှ တစ်နှစ်လုံးကို တစ်ကျပ်နဲ့ သူများနိုင်ငံ သူများလူမျိုးက ကိုယ့်နိုင်ငံ တိုးတက်ရေးအတွက် အတိုးမဲ့နီးပါး ချေးနေနိုင်သေးရင် ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးက ကျွန်တော်တို့ လူမျိုးကို ပြန်ချေးတဲ့အခါ ရှစ်ကျပ်ခွဲတို့ ၁၁ ကျပ်တို့ မချေးနိုင်ဘူးဆိုတာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ လေးကျပ်နဲ့ ချေးရင်လည်း အမြတ်ကျန်ပါတယ်။ သုံးကျပ်နဲ့ ချေးရင်လည်း အမြတ်ကျန်ပါတယ်။ နှစ်ကျပ်လည်း အမြတ်ကျန်တာပဲ”ဟု ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအဆင့် (၂) အတွက် JICA ထံမှ ဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလျံ ချေးယူမည်ဖြစ်ပြီး လုပ်ငန်းရှင်တစ်ဦးလျှင် အများဆုံးအဖြစ် ကျပ်သန်း ၅၀၀ ထုတ်ချေးနိုင်မည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ချေးငွေရယူရန်နှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

ဒုတိယ၀န်ကြီးက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအဆင့် (၂) အတွက် ဂျပန်နိုင်ငံ JICA ထံမှ ချေးငွေ ဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလျံ (မြန်မာကျပ်ငွေ ဘီလျံ ၁၈၀ ခန့်) ချေးယူမည် ဖြစ်ကြောင်း၊ စီမံကိန်းအဆင့် (၁) အတွက် ဂျပန်ယန်း ၅ ဒသမ ၀၃၃ ဘီလျံ (မြန်မာကျပ် ငွေ ၆၁ ဒသမ ၆၅၄ ဘီလျံခန့်) ရယူ ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် SME လုပ်ငန်းပေါင်း ၆၀၀၀၀ ကျော် ရှိသည့်အတွက် ချေးငွေပံ့ပိုးရန် လိုအပ်မှုများ ရှိနေကြောင်း၊ ထို့အတွက် နိုင်ငံတော်က အဆင့် (၂) စီမံကိန်းအဖြစ် ဆက်လက် အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း၊ ယခု ချေးငွေသည် ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀ ဖြစ်ကာ ချေးငွေသက်တမ်း နှစ် ၄၀ ဖြစ်ကြောင်း၊ အတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အတိုးကျသင့်ငွေကို တစ်နှစ် နှစ်ကြိမ် ဆပ်ရမည်ဖြစ်ကြောင်း၊ အရင်းပြန်လည် ပေးဆပ်မှုအား ဆိုင်းငံ့ကာလကျော်ပါက တစ်နှစ် နှစ်ကြိမ်နှုန်း ပေးဆပ်ရမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ပြည်ပချေးငွေတွေနဲ့ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေရဲ့ အားနည်းချက်နဲ့ ပုံနှိပ်အခွန်

ရန်ကုန်မြို့လယ်တစ်နေရာတွင် သတင်းစာ၊ ဂျာနယ်ရောင်းချနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြောက်ဦးဖြစ်စဉ် မတင်မကျ အခြေအနေမှာပဲ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ဂူတာပြင်ကျေးရွာဝန်းကျင်မှာ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေ နေရာငါးနေရာခွဲပြီး အစုလိုက်၊ အပြုံလိုက် ခွဲမြှုပ်နှံထားတယ်လို့ AP သတင်းဌာနရဲ့ ဆင့်ကဲစွပ်စွဲချက် ပေါ်ထွက်လာပါတယ်။

ပဏာမစစ်ဆေးချက်မှာ ရာနဲ့ချီတဲ့လူတွေကို သတ်ထားတယ်ဆိုတာကို ငြင်းဆိုထားပေမယ့် ဒီအခြေအနေရဲ့ နောက်ဆက်တွဲဂယက်ဟာ ဘယ်လိုဖိအားဖြစ်လာနိုင်မလဲဆိုတာ ချင့်ချိန်စရာဖြစ်လာနေတဲ့ ဒီရက်သတ္တပတ်မှာ ပြည်ပချေးငွေရယူပြီး လုပ်နေတဲ့ စီမံကိန်းတွေမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာ၊ ပုံနှိပ်လုပ်ငန်းတွေ ရပ်တည်နိုင်ဖို့အတွက် အခွန်လျှော့ချပေးဖို့ဆိုတာတွေကို ပြန်လည်တင်ပြလိုပါတယ်။

ပြည်ပချေးငွေတွေနဲ့ လုပ်ဆောင်တဲ့ စီမံကိန်းတွေရဲ့ အားနည်းချက်

ဦးသိန်းစိန်အစိုးရလက်ထက်ကနေ NLD အစိုးရကို နောက်ဆုံးလက်ဆင့်ကမ်းခဲ့တဲ့ ချေးငွေပမာဏဟာ ပြည်တွင်းကြွေးမြီ ကျပ် ၁၅၇၂၄ ဘီလျံနဲ့ ပြည်ပကြွေးမြီ ကျပ် ၁၂၂၄၆ ဘီလျံဖြစ်ပြီး စုစုပေါင်း ၂၇၉၇၀ ဘီလျံကို လက်ဆင့်ကမ်းခဲ့ပါတယ်။

အစိုးရတစ်ရပ်တက်လာတိုင်း လိုအပ်တဲ့ စီမံကိန်းတွေမှာ ရှိနေတဲ့ ငွေနဲ့သုံးစွဲဖို့ မလောက်ငှတာကြောင့် ထုံးစံအတိုင်းပဲ ဘတ်ဂျက်လိုငွေအတွက် ပြည်တွင်းပြည်ပကြွေးမြီတွေ ရယူခဲ့ရသလို စီမံကိန်းတွေ လုပ်ဆောင်ဖို့အတွက်လည်း ပြည်ပချေးငွေတွေ ရယူခဲ့ပါတယ်။

ဒီလို ရယူရာမှာဆိုရင် လက်ရှိအစိုးရရဲ့ ပထမဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံနှင့် အဖွဲ့အစည်းငါးခုဆီကနေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၇ ဘီလျံတန်ဖိုးရှိ ချေးငွေစာချုပ် ၁၄ ခု ချုပ်ဆိုခဲ့ပြီး ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ်မှာလည်း ထပ်မံပြီး ဒေါ်လာ ၁၂၂၀ ဒသမ ၁၆ သန်း ချေးယူဖို့ ညှိနှိုင်းထားပြီး စုစုပေါင်းဒေါ်လာ ၂ ဒသမ ၃ ဘီလျံအထိ ချေးယူဖို့ ပြင်ဆင်ခဲ့တာ တွေ့ရပါတယ်။

“ပြည်ပချေးငွေရယူပြီး အကောင်အထည်ဖော် ဆောင်ရွက်တဲ့ စီမံကိန်းတွေမှာ အကြောင်းကြောင်းကြောင့် မျှော်မှန်းတဲ့အတိုင်း အောင်မြင်မှုမရှိခြင်း၊ အားနည်းမှုရှိခြင်းတို့ကို တွေ့မြင်ကြရပါတယ်။ ဒါကြောင့် ယင်းအားနည်းချက်၊ လိုအပ်ချက်တွေကို သင်ခန်းစာယူပြီး သေချာစွာ စိစစ်သုံးသပ် ဆောင်ရွက်လျက် ရှိပါတယ်။ ပြည်ပချေးငွေရယူရာမှာ ဦးစွာသက်ဆိုင်ရာဝန်ကြီးဌာနက မိမိဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်တွေနဲ့ကိုက်ညီမှု ရှိ မရှိ စိစစ်သုံးသပ်ရမှာ ဖြစ်ပါတယ်” လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့ ကြွေးမြီကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်ပကြွေးမြီ ဒေါ်လာသန်း ၉၀၀၀ နီးပါးရှိပြီး ၂၀၅၂-၂၀၅၃ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ သန်း ၁၀၀ ကနေ သန်း ၇၀၀ ကျော်အထိ ပြန်လည်ပေးဆပ်ရမယ့် အခြေအနေပါ။ မြန်မာနိုင်ငံရဲ့ ကြွေးမြီဟာ လက်ရှိအချိန်မှာ ပြည်ပကြွေးမြီတင် ဒေါ်လာ ၉ ဒသမ ၅ ဘီလျံကျော် ရှိနေပြီဖြစ်ပါတယ်။ ဒီလို ကြွေးမြီရှိနေပေမယ့် လက်ရှိအစိုးရစီမံကိန်းတွေအတွက် ချေးငွေတွေ ဆက်ယူထားတာကြောင့် မကြာခင်မှာ ၁၀ ဘီလျံကျော်ဆီ အဆင့်တက်လာတော့မှာဖြစ်ပါတယ်။ တိုင်းပြည်ဘတ်ဂျက်ကနေ တောင်းခံပြီးလုပ်နေတဲ့ စီမံကိန်းတွေမှာလည်း တောင်းခံထားတဲ့ ဘတ်ဂျက်နဲ့လျော်ညီတဲ့ စီမံကိန်း အကောင်အထည်ဖော်နိုင်မှု မမြင်ရသလို အတိုးပေးနေရတဲ့ ပြည်ပချေးငွေတွေနဲ့ ရယူထားတဲ့ စီမံကိန်းတွေမှာလည်း အားနည်းချက်တွေနဲ့ ရည်မှန်းထားသလောက် မအောင်မြင်တာကို မြင်နေရတာဟာ မြန်မာနိုင်ငံအတွက်တော့ ခြောက်အိပ်မက်တစ်ခုလို ဖြစ်နေပါတယ်။

ပုံနှိပ်အခွန်လျှော့ချရေးအိပ်မက်

ပြည်တွင်းပုံနှိပ်မီဒီယာလောက ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ် ခွင့်ပြုဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ညိနှိုင်းထားပြီး ကင်းလွတ်ခွင့်ပေးမယ်ဆို အခွန်တွေဆုံးရှုံးနိုင်တာကို ချင့်ချိန်သင့်တယ်လို့ အကြောင်းပြန်ကြောင်းနဲ့ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေရေး ဆွဲချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးဆုံးဖြတ်မှုကို ခံယူသင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက ဇန်န၀ါရီ ၂၉ ရက်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ပုံနှိပ်ခြင်းဝန်ဆောင်မှုကနေ ၀င်ငွေအနည်းငယ်ပဲ ရရှိနေပေမယ့် ပေးဆောင်ရတဲ့ Withholding Tax နှစ်ရာခိုင်နှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းဟာ လုပ်ငန်း ပမာဏတစ်ခုလုံးအတွက် ဖြစ်နေတာကြောင်း လုပ်ငန်းအပ်နှံသူတွေက ဈေးနှုန်းကြီးမြင့်မှုအပေါ် ကန့်ကွက်တာ၊ လုပ်ငန်းမအပ်နှံတော့တာတွေ ကြုံတွေ့နေရတာတွေကြောင့် ပုံနှိပ်လုပ်ငန်းတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဖြေလျှော့ပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။ ဒါ့အပြင်လည်း Social Media အသုံးပြုမှု ပျံ့နှံ့လာနေတာကြောင့် စာပေဖတ်ရှုမှု နည်းပါးလာတဲ့အတွက် နိုင်ငံတကာမှာ အားပေးလုပ်ဆောင်နေသလို နိုင်ငံတော် အစိုးရက အားပေးထောက်ပံ့မှုတွေ ပြုလုပ်ပေးဖို့နဲ့ ကုန်သွယ်လုပ်ငန်းခွန် အပါအ၀င် အခွန်အခတွေ လျှော့ချခြင်း၊ ကင်းလွတ်ခြင်းခွင့်ပြုပေးဖို့ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေကို တင်ပြထားမှုတွေ ရှိနေပေမယ့်လည်း အဓိကကျတဲ့ ပြန်ကြားရေးဝန်ကြီးဌာနကတော့ အခွန်အခတွေ လျော့ကျမှာစိုးလို့ ပုံနှိပ်လုပ်ငန်းတွေ၊ သတင်းစာလုပ်ငန်းတွေကို အခွန်အခလျှော့ချလိုခြင်း မရှိတာကို မြင်နေရပါတယ်။

ကုန်ချောတင်သွင်းမယ်ဆိုရင် အခွန်မကောက်၊ ကုန်ကြမ်းသွင်းရင် အခွန်ကောက်တဲ့ မြန်မာနိုင်ငံ အစိုးရက သတင်းစာထုတ်ပြီး အောက်ဈေးနဲ့ ဈေးကွက်လက်ဝါးကြီးအုပ် ဖြန့်ချိတဲ့နိုင်ငံ၊ အခွန်အခ ကောက်ခံပုံ မှားယွင်းနေတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေ စာမဖတ်ခြင်းဟာ အရေးတကြီး အဖြေရှာရမယ့် အခြေအနေမျိုးမှာ ပုံနှိပ်လုပ်ငန်းတွေနဲ့ သတင်းစာလုပ်ငန်းတွေဟာ အခွန်အခတွေရဲ့ ဖိအားအောက်မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဈေးကွက်လက်ဝါးကြီးအုပ်မှုအောက်မှာ ချည့်နဲ့နဲ့ရှင်သန် ဖြတ်သန်းနေကြပေမယ့် အများစုကတော့ တောင့်ခံနိုင်စွမ်း မရှိကြတော့ပါဘူးလို့ ပြောရမှာဖြစ်ပါတယ်။