ပြည်ပအလုပ်အကိုင် လိုင်စင်မရှိဘဲ အမျိုးသမီးများအား ပြည်ပသို့ပို့ဆောင်ရန် ဆောင်ရွက်နေသည့် အမျိုးသားအား ဖမ်းဆီး

မရမ်းကုန်းမြို့နယ်၊ မုဒိတာအိမ်ရာဝင်းအတွင်း ပြည်ပအလုပ်အကိုင်လိုင်စင်မရှိသည့် လုပ်ငန်းတစ်ခုမှ အမျိုးသမီးအလုပ်သမားများအား ပြည်ပသို့ပို့ဆောင်ရန်ဆောင်ရွက်နေသော အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း ဘုရင့်နောင်နယ်မြေရဲ စခန်းမှ စုံစမ်းသိရသည်။

အဆိုပါမုဒိတာအိမ်ရာဝင်းအတွင်းရှိ တိုက်အမှတ် (B) မှ တိုက်ခန်းတစ်ခန်းအား ဇွန် ၅ ရက် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးခဲ့ရာ သက်မောင်မောင်ဆိုသူက အမျိုးသမီး ၁၀ ဦးကျော်အား ပြည်ပအလုပ်အကိုင်လုပ်ငန်းလိုင်စင်မရှိဘဲ ပြည်ပသို့ ပို့ဆောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်ပအလုပ်အကိုင်လိုင်စင်မရှိဘဲနဲ့ အလုပ်သမားပို့ဖို့လုပ်နေတာပါ။ ပတ်စ်ပို့တွေ၊ အထောက်အထားတွေတော့ရှိတယ်။ အမျိုးသမီး ၁၀ ယောက်ကျော်ကျော်လောက် ရှိတယ်။ ကောင်မလေးတွေကလည်း ပိုက်ဆံပေးထားတာတော့ မရှိဘူး။ ဒီအတိုင်းပဲခေါ်လာတာ။ ပြည်ပအလုပ်အကိုင်လိုင်စင်ကို တင်ထားတုန်းပဲရှိတယ်။ မကျသေးဘူး။ အဲဒါတွေလုပ်နေတဲ့ သက်မောင်မောင်ကို ဖမ်းပြီးတော့ စစ်ဆေးနေပါတယ်” ဟု ဘုရင့်နောင် နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အမျိုးသမီး ၁၀ ဦးကျော်မှာ တရားဝင် ပတ်စ်ပို့ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် သူများဖြစ်ပြီး တောင်ငူ၊ တောင်တွင်းကြီး၊ ကယားပြည်နယ်တို့မှ လာရောက်ကြသူများဖြစ်ကာ အဆိုပါအမျိုးသမီးများအား ၎င်းတို့ ဒေသနှင့်မိသားစုများထံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ဘုရင့်နောင်နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိတွင် ပြည်ပအလုပ်အကိုင် လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်နေသည့် သက်မောင်မောင်ဆိုသူအား အလုပ်သမားဦးစီးဌာနမှ တရားလိုပြုလုပ်၍ ပြည်ပအလုပ်အကိုင်ဥပဒေဖြင့် အမှုဖွင့်ရန် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံသားများ၏ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှုနှုန်းထား မြင့်တက်လာကြောင်း စစ်တမ်းတစ်ရပ်ထုတ်ပြန်

အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံသားများ၏ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်မှု နှုန်းထားမှာ မြင့်တက်လာကြောင်း Myanmar Center for Economic and Social Development အဖွဲ့၏ လေ့လာချက် စစ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

အာဆီယံနိုင်ငံများအနက် ရွှေ့ပြောင်းသွားလာမှုမှာ မြန်မာနိုင်ငံက ၃၃ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်နေပြီး ပြည်တွင်း၌ ကျွမ်းကျင်လုပ်သား ရှားပါးမှုက အဓိက ပြဿနာ ဖြစ်နေကြောင်း အလုပ်သမားရေးဆိုင်ရာ ကျွမ်းကျင်သူများက ပြောဆိုသည်။

လုပ်ခလစာ သက်သာသော မြန်မာနိုင်ငံသားများအစား ဈေးနှုန်းကြီးမြင့်သော အိမ်နီးချင်းနိုင်ငံက ကျွမ်းကျင်လုပ်သားများက နေရာယူထားကြကြောင်း Myanmar Center for Economic and Social Development အဖွဲ့၏ လေ့လာချက်များအရ သိရသည်။

မြန်မာနိုင်ငံမှ အခြားတစ်နိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်ကြခြင်းအပြင် ပြည်တွင်း၌လည်း နယ်ဒေသများမှ မြို့ကြီးများသို့ ရွှေ့ပြောင်းလုပ်ကိုင်ကြသော နှုန်းထားများလည်း မြင့်တက်လာကြောင်း သိရသည်။ အများစုသည် ကျေးလက်ဒေသများတွင် ရာသီအလိုက် လုပ်ကိုင်ရမည့် စိုက်ပျိုးရေး လုပ်ငန်းများအစား မြို့ကြီးများရှိ အထည်ချုပ်စက်ရုံများတွင် လစဉ်ပုံမှန်ဝင်ငွေရသော လစဉ်ပုံမှန်ဝင်ငွေရတဲ့ လုပ်သားများအဖြစ် ကူးပြောင်းလာကြကြောင်း သိရသည်။

“အဓိကကတော့ ပြည်တွင်းမှာ တကယ်ကျွမ်းကျင်တဲ့ လုပ်သားတွေ ရှိလာမယ်ဆိုရင် ရွှေ့ပြောင်းမှုတွေ လျော့ကျသွားမှာ။ ကျွန်တော်တို့ JobNet အနေနဲ့လည်း ပြည်ပရောက်နေတဲ့ တကယ့်ကျွမ်းကျင်သူတွေကို ပြန်ပြီးဖိတ်ခေါ်နေပါတယ်။ JobNet & Website မှာဆိုလည်း ပြည်ပရောက်နေတဲ့ မြန်မာတွေအတွက် ပြည်တွင်းမှာ ပြန်လုပ်နိုင်မယ့် အလုပ်တွေကို တွေ့ရမှာပါ။ ကျွမ်းကျင်လုပ်သားတွေ ရှိလာဖို့ကတော့ ရေတိုရေရှည် စီမံကိန်းတွေချပြီး ဆောင်ရွက်ရမယ့် အခြေအနေ ရှိပါတယ်” ဟု JobNet.com.mm  ၏ မန်နေဂျင်း ဒါရိုက်တာ Matt De Luca က သုံးသပ်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်လျက်ရှိသော လူဦးရေ၏ ၄၂ ဒသမ ၃ ရာခိုင် နှုန်းသည် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြောင်းရွှေ့လာကြသူများ ဖြစ်ကြပြီး ၂၆ ရာခိုင်နှုန်းသည် အလုပ်အကိုင်ကြောင့် ရွှေ့ပြောင်းသွားလာခြင်း ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ စစ်တမ်းက ဖော်ပြခဲ့သည်။ ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿနာကို ဖြေရှင်းပေးနိုင်မှု မရှိမချင်း ရွှေ့ပြောင်းလုပ်သား ပြဿနာမှာ ပိုမိုကြီးမားလာဖွယ် ရှိနေကြောင်း သိရသည်။

ပြည်တွင်း၌ မြန်မာနိုင်ငံလုပ်သား အင်အားကို ကောင်းစွာအသုံးချပြီး ပို့ကုန်ဦးစားပေး ထုတ်လုပ်ရေး လုပ်ငန်းများနှင့် လုပ်အားအခြေခံ ကုန်ထုတ်လုပ်မှုများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက မြန်မာ့စီးပွားရေးအတွက် အလားအလာကောင်းများ ရှိနေကြောင်း Asian Development Outlook 2018 တွင် ဖော်ပြထားသည်။

 

အကြောင်းအမျိုးမျိုးကြောင့် လူဦးရေနှစ်သန်းအထက် ပြည်ပနိုင်ငံများသို့ ရောက်နေပြီး အသက် ၁၅ နှစ်မှ ၃၉ နှစ်ဝန်းကျင် အလုပ်လုပ်နိုင်သည့်လူငယ် အများဆုံးဖြစ်နေ

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးတွင် ပတ်စ်ပို့စာအုပ် လာရောက်ပြုလုပ်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-နေ၀န်းထက်)

မြန်မာနိုင်ငံရှိ လူဦးရေနှစ်သန်းအထက်မှာ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး အသက် ၁၅ နှစ်မှ ၃၉ နှစ်ဝန်းကျင် အလုပ်လုပ်နိုင်သည့်အရွယ် လူငယ်များမှာ အများဆုံးဖြစ်နေကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့က သိရသည်။

လက်ရှိ အိမ်ထောင်စုဝင် နှစ်သန်းခန့်မှာ နိုင်ငံခြားတွင်ရောက်ရှိ နေထိုင်လျက်ရှိပြီး အဆိုပါ လူဦးရေတွင် အမျိုးသား ၁ ဒသမ ၂ သန်း ( ၆၁ရာခိုင်နှုန်း) ပါဝင်နေပြီး နိုင်ငံခြားတွင် ရောက်ရှိနေသူများအနက် ထိုင်းနိုင်ငံတွင် ရာခိုင်နှုန်း ၇၀ ခန့်၊ မလေးရှားနိုင်ငံတွင် ၁၅ ရာခိုင်နှုန်းခန့်နှင့် ကျန် ၁၅ ရာခိုင်နှုန်းမှာ အခြားပြည်ပ နိုင်ငံများတွင် ရောက်ရှိနေထိုင်လျက်ရှိကြောင်းနှင့် လူဦးရေ နှစ်သန်းအနက် ၁ ဒသမ ၇ သန်းခန့်မှာ အလုပ်လုပ်နိုင်သည့် အသက် ၁၅ နှစ်မှ ၃၉ နှစ် (၈၃ ရာခိုင်နှုန်းခန့်) အတွင်း ရှိသူများဖြစ်ပြီး ယင်းလူဦးရေတွင် ၁ ဒသမ ၁ သန်းခန့်သည် အမျိုးသားများ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ရွှေ့ပြောင်းလုပ်သားများသည့် နိုင်ငံများတွင်ပါဝင်ပြီး အလုပ်အကိုင် အခွင့်အလမ်း၊ ပဋိပက္ခစစ်ပွဲများနှင့် သဘာဝဘေး အန္တရာယ်များကြောင့် အဓိက ရွှေ့ပြောင်းနေထိုင် နေရခြင်းဖြစ်ကြောင်း သိရသည်။

ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားဦးရေ သိန်းချီရှိသည်ဟု ဆိုသော်လည်း စာရင်းအတိအကျ ကောက်ယူထားခြင်း မရှိသည့်အတွက် ယခုထက်ပိုမိုရှိကြောင်း၊ ရွှေ့ပြောင်းလုပ်သားများတွင် နိုင်ငံသားများ အပါအ၀င် နိုင်ငံသား မဟုတ်သူများလည်း ပါဝင်ကြောင်းနှင့် ရွှေ့ပြောင်းသူများသည် ပြည်တွင်း၌ ရွှေ့ပြောင်းနေထိုင်ခြင်းများသာမက အလုပ်အကိုင်နှင့် ပညာရေး အခွင့်အလမ်းပေါ် မူတည်၍ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်မှုများလည်း ရှိနေကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် ထုတ်ပြန်ထားချက်အရ ယခင်နေထိုင်ခဲ့သည့် အရပ်မှ လက်ရှိနေမြဲအရပ်သို့ ရွှေ့ပြောင်းလာသည့် ၅၃ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြောင်း၊ ကျားမအုပ်စု နှစ်ခုစလုံးတွင် ရွှေ့ပြောင်းရသည့် အဓိကအကြောင်းရင်းများမှာ ‘မိသားစုနောက်လိုက်၍’ နှင့် ‘အလုပ်ကြောင့်/အလုပ်ရှာရန်’ တို့ကြောင့်ဖြစ်ပြီး မိသားစုနောက်လိုက်၍ ပြောင်းရွှေ့ရခြင်းတွင် အမျိုးသား ၃၂ ရာခိုင်နှုန်းထက် အမျိုးသမီးများ ၄၉ ရာခိုင်နှုန်း ပိုမိုများပြားနေပြီး အလုပ်ကြောင့် အလုပ်ရှာရန်အတွက် ရွှေ့ပြောင်းမှုတွင် အမျိုးသားများ ၄၇ ရာခိုင်နှုန်းက အမျိုးသမီး ၂၃ ရာခိုင်နှုန်းထက် ပိုမိုများပြားနေကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းတွင် ရွှေ့ပြောင်းနေထိုင်သူဦးရေ တစ်ဘီလျံခန့်ရှိပြီး တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူမှာ၂၁၄ သန်း နှင့် နိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်ကြသူမှာ သန်း ၇၄၀ ခန့်ရှိကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ အဖွဲ့အစည်းမှ သိရသည်။

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်း အလုပ်လုပ်နိုင်သည့်အရွယ် ၃၂ သန်းခန့် ရှိကြောင်းနှင့် ယင်းအုပ်စုသည် လူဦးရေ စုစုပေါင်း၏ ၆၅ ဒသမ ၆ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

 

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာပုံစံတင်သူ သုံးသောင်း ၀န်းကျင်ရှိပြီး ယမန်နှစ်ထက်လျော့နည်း

ကိုရီးယားတွင် အလုပ်လုပ်ကိုင်နိုင်ရန် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာပုံစံ တင်သူများအား တွေ့ရစဉ်

တောင်ကိုးရီးယားနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း စသည်တို့တွင် သွားရောက် အလုပ်လုပ်ရန်အတွက် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာပုံစံ လာရောက် တင်သွင်းသူ သုံးသောင်းဝန်းကျင်ရှိပြီး မနှစ်က ထက်လျော့နည်းသွားကြောင်း မတ် ၁၆ ရက်က အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက စုံစမ်းသိရသည်။

တောင်ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် လိုသူများအတွက် စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို ကိုရီးယားဘာသာစကားသင် သင်တန်းကျောင်းများတွင် ကြိုတင်ပေးထုတ်ပေးထားပြီး မတ် ၁၂ ရက်မှ ၁၅ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အခမဲ့ ထုတ်ပေးခဲ့သည်။ လျှောက်လွှာပြန်တင်ခြင်းကိုမူ မတ် ၁၂ ရက်မှ ၁၅ ရက်အထိ လေးရက်တည်းသာ လက်ခံခဲ့သည်။

ယင်းသို့လျှောက်လွှာ ထုတ်ပေးခြင်းနှင့် လျှောက်လွှာလက်ခံခြင်းကို ဆောင်ရွက်ရာတွင် မတ် ၁၂ ရက်မှ ၁၅ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် ပင်လုံအလုပ်သမားသင်တန်းက ကျောင်းသို့ လျှောက်လွှာ လာရောက် ထုတ်ထားသူများနှင့် သင်တန်းကျောင်းများတွင် ကြိုတင်ထုတ်ထားပေးသူမှာ ၂၂၀၀၀ ကျော် အထိရှိပြီး လျှောက်လွှာပြန်တင်သူ ဦးရေမှာ၂၁၆၀၀ ကျော်ရှိကြောင်း သိရသည်။

“ရန်ကုန်မှာက ဘာသာစကားသင် သင်တန်းကျောင်းတွေကို ကြိုထုတ်ပေးတာနဲ့ မတ် ၁၂ ရက်က ၁၅ ရက်အထိ ထုတ်ပေးထားတာဆိုရင် စုစုပေါင်းလျှောက်လွှာ ၂၂၄၀၀ ကျော်လောက်ရှိတယ်။ ဖောင်ပြန် တင်တာကတော့ ၂၁၆၀၀ လောက်ရှိတယ်။ မနှစ်ကတော့ ရန်ကုန်တစ်ခုတည်းမှာ ထုတ်ပေးတုန်းက လျှောက်လွှာ လာတင်တာ ၃၃၀၀၀ လောက်ရှိတယ်” ဟု အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးက တိုင်းဦးစီးမှူး ဦးကိုကိုလင်းက ပြောကြားသည်။

ရန်ကုန်နှင့် မန္တလေးတိုင်း နှစ်ခုပေါင်းတွင် ကိုရီးယားသို့ သွားရောက်ရန်အတွက် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သူ သုံးသောင်းဝန်းကျင် ခန့်ရှိကြောင်း သိရသည်။ ၂၀၁၇ ခုနှစ်တွင် လျှောက်လွှာ ၃၃၀၀၀ ကျော် လက်ခံရရှိခဲ့သည့်အတွက် ၂၀၁၇ ခုနှစ်နှင့် ယခုနှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက လျှောက်လွှာတင်သူဦးရေ နှစ်ထောင်ဝန်းကျင် လျော့နည်းသွားကြောင်း သိရသည်။

“မနှစ်ကထက်တော့နည်းတယ်။ ရန်ကုန် မန္တလေး နှစ်ခုပေါင်းဆိုရင် လျှောက်လွှာလာတင်သူ သုံးသောင်းဝန်းကျင် လောက်ပဲရှိတယ်။ မန္တလေးမှာတော့ လျှောက်လွှာလာတင်သူ ၉၀၀၀ ကျော်လောက်ရှိတယ်” ဟု အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်အေးအေးသော်က ပြောကြားသည်။

၂၀၁၈ ခုနှစ်တွင် တောင်ကိုးရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန်အတွက် စာမေးပွဲဖြေဆိုသူများကို အောင်ချက်ရာခိုင်နှုန်းအား လူဦးရေ တစ်သောင်းအထိတိုး မြှင့်ထားသော်လည်း တောင်ကိုရီးယားသို့ လူဦးရေ မည်မျှခေါ်ယူမည်ကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပေ။

“ဒီနှစ်ကို အောင်မြင်မှုရာခိုင်နှုန်း တစ်သောင်းပေးမယ်လို့သာ သိရပေမယ့် လုပ်သားဘယ်လောက် ခေါ်မယ်ဆိုတာ မသိရသေးဘူး။ စာမေးပွဲအောင်တိုင်းလည်း သွားရမှာ မဟုတ်ဘူး” ဟု ဦးကိုကိုလင်းက ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားများကို အစိုးရချင်း သဘောတူညီမှုဖြင့် ၂၀၁၁ ခုနှစ်ကတည်းက စေလွှတ်ခဲ့ရာ ၂၀၁၇ ခုနှစ်အထိ လုပ်သားသုံးသောင်းကျော် တရားဝင် စေလွှတ်နိုင်ခဲ့ကြောင်း အလုပ်သမား ညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။

 

ဇန်န၀ါရီလအတွင်း ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်သူ တစ်သောင်းရှစ်ထောင်ကျော်ရှိ

ယခုနှစ်စ ဇန်န၀ါရီလအတွင်း ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်သူ ပေါင်း ၁၈၀၀၀ ကျော်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇန်န၀ါရီလအတွင်း ပြည်ပသို့အလုပ်လုပ်ကိုင်ရန် ထွက်ခွာသူပေါင်းမှာ ၁၈၁၁၉ ဦးရှိပြီး အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သူပေါင်းမှာ အများဆုံးဖြစ်ကာ ၁၆၉၈၈ ဦးရှိသည်။

အဆိုပါလအတွင်း မလေးရှားနိုင်ငံသို့ ထွက်ခွာအလုပ်လုပ်ကိုင်သူပေါင်း ၁၆၅ ဦး၊ စင်ကာပူနိုင်ငံသို့ ထွက်ခွာအလုပ်လုပ်ကိုင်သူပေါင်း ၅၅ ဦး၊ ကိုရီးယားနိုင်ငံသို့ ထွက်ခွာအလုပ်လုပ်ကိုင်သူပေါင်း ၆၄၀၊ ဂျပန်နိုင်ငံသို့ ထွက်ခွာအလုပ်လုပ်ကိုင်သူ ၂၃၉ ဦး၊ ယူအေအီးနိုင်ငံသို့ထွက်ခွာ အလုပ်လုပ်ကိုင်သူပေါင်း ၁၆ ဦးနှင့် ကာတာနိုင်ငံသို့ ထွက်ခွာအလုပ်လုပ်ကိုင်သူပေါင်း ၁၆ ဦးရှိကြောင်း ၀န်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ထို့ပြင် ဇန်န၀ါရီအတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိမှု အခြေအနေတွင် အစိုးရအလုပ်အကိုင်တွင် ၉၉၂ ဦး၊ ပုဂ္ဂလိကအလုပ်အကိုင်တွင် ၂၁၀၅၂ ဦး၊ စုစုပေါင်း ၂၂၀၄၄ ဦးကို အလုပ်ခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာရွှေ့ပြောင်းလုပ်သား အများဆုံးသွားရောက်လုပ်ကိုင်သည့် နိုင်ငံမှာ အိမ်နီးချင်းထိုင်းနိုင်ငံဖြစ်ပြီး တရားမ၀င် သွားရောက်လုပ်ကိုင်သူများလည်းရှိသည်။

ပြည်ပသို့ လုပ်သားစေလွှတ်သော အေဂျင်စီများအနက် ဂုဏ်သိက္ခာရှိသည့် အေဂျင်စီအား လာမည့်နှစ်တွင် အလုပ်သမား ၀န်ကြီးဌာနက ဆုပေးမည်

ပြည်ပသို့ မြန်မာလုပ်သားများ တရားဝင်စေလွှတ်သော အေဂျင်စီများအနက် ဂုဏ်သိက္ခာရှိသည့် အေဂျင်စီများကို အလုပ်သမား ၀န်ကြီးဌာနက ဆုပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂုဏ်သိက္ခာရှိသော အေဂျင်စီဆုကို လာမည့် ၂၀၁၈ ခုနှစ်တွင် ပေးအပ်မည်ဖြစ်ပြီး မြန်မာ့ပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) အဖွဲ့ဝင် အေဂျင်စီများထဲမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့် အေဂျင်စီကို ဆုပေးမည်ဖြစ်ကြောင်း သိရသည်။

“အေဂျင်စီတွေအနက် ဂုဏ်သိက္ခာရှိတဲ့ အေဂျင်စီအဖြစ် ဆုတွေပေးချင်တယ်။ အဲဒါကို စည်းမျဉ်း စည်းကမ်းတွေနဲ့ ဘယ်လိုဆုတွေ ရချင်တာလဲ။ လုပ်သင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေက ဘာလဲပေါ့” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

ဆုပေးရာတွင် MOEAF က တင်ပြလာသည့် အေဂျင်စီအား အလုပ်သမား ၀န်ကြီးဌာနက ထပ်မံစိစစ်၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကောင်းတဲ့အေဂျင်စီကို ဆုပေးမယ်။ အဲဒါ MOEAF ကို တာဝန်ပေးထားတယ်။ ဘယ်အေဂျင်စီက စည်းကမ်းကောင်းလဲ။ သူတို့ကပဲ အကဲဖြတ်မှာပေါ့။ သူတို့တင်ပြတဲ့ဟာကို ၀န်ကြီးဌာနက ပြန်ပြီးစဉ်းစားမယ်။ သုံးသပ်မယ်။ လေ့လာမယ်။ ပြီးတော့ ဆုပေးမယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

မြန်မာ့ပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) လက်အောက်တွင် အဖွဲ့ဝင် အေဂျင်စီ ၂၆၀ ကျော်ရှိပြီး သတ်မှတ်ထားသည့် စည်းကမ်းချိုးဖောက်မှုများကြောင့် လုပ်သားစေလွှတ်ခွင့် လိုင်စင် ယာယီနှင့် လိုင်စင်အပြီး ပိတ်သိမ်းခံရသည့် အေဂျင်စီများ ၁၀ ခုကျော်ခန့်ရှိကြောင်း သိရသည်။