အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က ဆီးရီးယားကို လေကြောင်းမှတိုက်ခိုက်

မြေပြင်မှဝေဟင်ပစ်ဒုံးကြောင့်လင်းသွားသောဒမတ်စကတ်ကောင်းကင် (Photo : AP)

ပြီးခဲ့သည့် သီတင်းပတ်က လူဒါဇင်ချီ သေဆုံးစေခဲ့သည့် ဓာတုလက်နက် တိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့က ဧပြီ ၁၄ ရက် အစောပိုင်းတွင် ဆီးရီးယားကို လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်လာခဲ့ကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆီးရီးယားကို စစ်ရေးအရ အရေးယူ တိုက်ခိုက်မည်ဟု ဧပြီ ၁၃ ရက် နှောင်းပိုင်းတွင် အိမ်ဖြူတော်မှ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ဆီးရီးယားစစ်ပွဲတွင် အနောက် အင်အားကြီး နိုင်ငံများက အကြီးမားဆုံး စွက်ဖက်မှုကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ဆီးရီးယား၏ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရသည်ဟု ယူဆရသည့် ကလေးငယ်အချို့အား တွေ့ရစဉ် (Photo : AFP)

ဆီးရီးယားသမ္မတ ဘာရှားအယ် အာဆတ်အစိုးရသည် ဓာတုလက်နက်များ အသုံးပြုမှုကို မရပ်တန့်ပါက လက်တုံ့ပြန်ရန် ပြင်ဆင်ထားကြောင်း ထရန့်က ပြောကြားထားခဲ့ပြီး သူပြောသည့်အတိုင်း ဒမတ်စကတ်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဂျီဟတ်များ၏ ပစ်ခတ်မှုများအပြီး သူရဲကောင်းဆန်သော ပြင်သစ်ရဲတစ်ဦး ဒဏ်ရာများဖြင့် သေဆုံး

မတ် ၂၃ ရက်က ပြင်သစ်တောင်ပိုင်းရှိ Trebes မြို့တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ကားတစ်စီးအား ရှာဖွေနေသော ပြင်သစ်ရဲများကို တွေ့ရစဉ် (ပုံကြီး) (Photo- AP) ၊ သေဆုံးခဲ့သည့် ပြင်သစ်ဒုတိယရဲမှူးကြီး Arnaud Beltrame (ပုံသေး) (Photo – AFP)

အစ္စလာမ္မစ်အကြမ်းဖက်သမားတစ်ဦး၏ တိုက်ခိုက်မှုအတွင်း အမျိုးသမီးဓားစာခံတစ်ဦး၏ အစားဝင်ပေးမည်ဟု ကမ်းလှမ်းခဲ့သည့် ပြင်သစ်ရဲတစ်ဦးသည် ပစ်ခတ်ခံခဲ့ရမှုနှင့် ဓားဖြင့်ထိုးခံခဲ့ရမှုများကြောင့် ရရှိခဲ့သော ဒဏ်ရာများဖြင့် မတ် ၂၄ ရက်တွင် သေဆုံးခဲ့ရာ သေနတ်သမား၏လက်ချက်ဖြင့် လေးဦးမြောက် သေဆုံးသူဖြစ်လာခဲ့သည်။

ပြင်သစ်အနောက်တောင်ပိုင်းရှိ Trebes မြို့တွင် IS ဂျီဟတ်အဖွဲ့အား သစ္စာခံသည်ဟု ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ထားသော တိုက်ခိုက်သူတစ်ဦးက မတ် ၂၃ ရက်တွင် စူပါမားကတ်တစ်ခုထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး ဈေးဝယ်သူများနှင့်ဝန်ထမ်းများအား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာသို့ အလျင်အမြန်သွားရောက်ခဲ့ကြသည့် တာဝန်ရှိသူများထဲတွင် အသက် ၄၅ နှစ်ရှိ ဒုတိယရဲမှူးကြီး Arnaud Beltrame လည်း အပါအ၀င်ဖြစ်သည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးရဲများက ရောက်ရှိလာပြီး ထိုသေနတ်သမားအား မချေမှုန်းနိုင်မီ Beltrame သည် ပစ်ခတ်ခံရပြီး ဓားဖြင့် ထိုးခံခဲ့ရခြင်း ဖြစ်သည်။

ဒုတိယရဲမှူးကြီး Arnaud Beltrame သည် ကွယ်လွန်ခဲ့ပြီဖြစ်ပြီး တိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြောင်း၊ ၎င်း၏ သူရဲကောင်းဆန်မှုအား ပြင်သစ်ကမည်သည့် အခါမျှ မေ့ပျောက်မည်မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီး Gerard Collomb က Twitter တွင် ဂုဏ်ပြုရေးသားခဲ့သည်။

ပြင်သစ် သမ္မတ အီမန်နျူရယ်မက်ခရွန် ကလည်း Beltrame သည် လူ့အသက်ပေါင်းများစွာအား ကယ်တင်နိုင်ခဲ့ပြီး ၎င်း၏ လုပ်ဖော်ကိုင်ဖက်များနှင့် နိုင်ငံအတွက်ဂုဏ်ယူစရာဖြစ်ကြောင်း ချီးကျူးခဲ့သည်။

ပြင်သစ်တွင် ပြီးခဲ့သောအောက်တိုဘာ၌ မာဆေးရှိ ဘူတာရုံတစ်ရုံတွင် တူနီးရှား အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးသတ်ခဲ့သည့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း စုစုပေါင်းလူလေးဦး သေဆုံးခဲ့ရသည့် ယခုဂျီဟတ်တိုက်ခိုက်မှုအား လုပ်ဆောင်ခဲ့သူသည် အသက် ၂၅ နှစ်ရှိ Radouane Lakdim ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် အနောက်တိုင်းရန်သူများအား ပစ်မှတ်ထားရန် တိုက်တွန်းမှုကို တုံ့ပြန်မှုဖြစ်ကြောင်း IS အဖွဲ့က အခိုင်အမာထုတ်ပြန်ခဲ့သည်။ ပြင်သစ်တွင် ၂၀၁၅ ခုနှစ်နောက်ပိုင်း လူ ၂၄၀ ကျော် သေဆုံးခဲ့ရသော ဂျီဟတ်များ၏ တိုက်ခိုက်မှု တစ်သီတစ်တန်းကြုံခဲ့ရပြီးနောက်ပိုင်း လုံခြုံရေးအတွက် အမြင့်ဆုံးတပ်လှန့်ထားစဉ် ယခု  တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ခိုက်သူသည် ၎င်း၏ အစွန်းရောက်မှုနှင့် Salafist လှုပ်ရှားမှုနှင့် ဆက်နွှယ်မှုများအတွက် စောင့်ကြည့်စာရင်းတွင် ပါဝင်သူဖြစ်ကြောင်း၊ အွန်လိုင်းတွင် ၎င်းက အစွန်းရောက်များနှင့် ဆက်သွယ်မှုများမှတစ်ဆင့် ခြေရာခံနိုင်ခဲ့ကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အစိုးရထိပ်တန်းရှေ့နေ ဖရန်ဆွာမိုလင်းက ပြောကြားခဲ့သည်။  Lakdim သည် မော်ရိုကိုမြောက်ပိုင်းရှိ တာဇာမြို့တွင် မွေးဖွားခဲ့ပြီး ပြင်သစ်နိုင်ငံသား ခံယူထားကြောင်း၊ Trebes မြို့အနီး Carcassonne တွင် ၎င်းနှင့် အတူနေထိုင်သည့် လက်တွဲဖော်ကိုလည်း ထိန်းသိမ်းခဲ့ကြောင်း မိုလင်းက ပြောကြားခဲ့သည်။

Lakdim သည် အလားအလာရှိသော အစွန်းရောက်သမားအဖြစ် စောင့်ကြည့်ခံနေရသော်လည်း ယခုကဲ့သို့ လွတ်မြောက်သွားမှုအတွက် မက်ခရွန်အစိုးရကို မေးခွန်းထုတ်မှုများ ထွက်ပေါ်စေခဲ့သည်။

Ref ; AFP

ပြင်သစ်နိုင်ငံတွင် သံသယရှိစရာ အစ္စလာမ္မစ်အစွန်းရောက်တစ်ဦးက သေနတ်ဖြင့် စိတ်ကြိုက်ပစ်ခတ်ခဲ့သောကြောင့် သုံးဦးသေဆုံး

Super U Supermarket ရှေ့တွင် ပြင်သစ်လုံခြုံရေးတပ်ဖွဲ့များနှင့်ရဲများ စုရုံးနေကြစဉ် (Photo: AFP)

IS အဖွဲ့ကို သစ္စာခံသည်ဟု ကြွေးကြော်ခဲ့သော အမျိုးသားတစ်ဦးက မတ် ၂၃ ရက် တွင် ပြင်သစ်နိုင်ငံတောင်ပိုင်း၌ သေနတ်ဖြင့် စိတ်ကြိုက်ပစ်ခတ်ခဲ့ပြီး ဓားစာခံဖမ်းဆီးမှုအတွင်း အနည်းဆုံး လူသုံးဦး သေဆုံးသွားခဲ့သည်ဟု လုံခြုံရေးသတင်းရင်းမြစ်များက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

အလယ်ခေတ်မြို့ ကာကက်ဆိုနီနှင့် အနီးအနားရှိ ထရီဘတ်မြို့တို့တွင် သီးခြားတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ပြီးနောက် သံသယရှိခံထားရသော အစ္စလာမ္မစ် အစွန်းရောက်များ၏ စောင့်ကြည့်စာရင်းတွင်း ပါဝင်ခဲ့သော မောရိုကို နိုင်ငံသားတစ်ဦးဖြစ်သည်ဟု ယုံကြည်ရသည့် သေနတ်သမားကို လုံခြုံရေးတပ်ဖွဲ့များက ပစ်သတ်ခဲ့သည်။

အဆိုပါအမျိုးသားသည် ကာကက်ဆိုနီတွင် ကားတစ်စီးကို အပိုင်စီးခဲ့ပြီး ယင်းကားပေါ်မှ ခရီးသည်တစ်ဦးကို ပစ်သတ်ကာ ဒရိုင်ဘာကို ဒဏ်ရာရအောင် ပြုလုပ်ခဲ့ပြီးနောက် အနီးအနားတွင် အခြားသော လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ရွရွပြေးနေသော ရဲတစ်ဦးကိုလည်း ပစ်ခဲ့သည်။

ထို့နောက် သူသည် ခြောက်ကပ်ကပ်နိုင်လှသည့် ထရီဘတ်မြို့ရှိ Super U Supermarket ကို မောင်းချသွားခဲ့ပြီး ၎င်းတွင် ဓားစာခံများနှင့်အတူ သုံးနာရီကျော်ကြာ ခိုအောင်းနေခဲ့ကာ အနည်းဆုံး လူနှစ်ယောက်ကို သတ်ခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ ကိုယ်ထိလက်ရောက်ကျူးလွန်သူ သည် ဓားများ ကိုင်ဆောင်ထားသည့်အပြင် သေနတ်တစ်လက်နှင့် လက်ပစ်ဗုံးများလည်း ပါလာသည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။

သူသည် စူပါမားကတ်ထဲကို မ၀င်ခင် ဘုရားသခင်သည် အမြင့်မြတ်ဆုံးဟု အော်ဟစ်ခဲ့သည်။

“အမျိုးသားတစ်ယောက်ဟာ အော်ပြီး သေနတ်နဲ့ အကြိမ်ကြိမ် စတင်ပစ်ခတ်ပါတော့တယ်။ အအေးပေးထားတဲ့ နေရာတစ်ခုပါ။ တံခါးပွင့်နေတာကို ကျွန်မမြင်ရတယ်။ အဲဒီမှာ လူတွေ သွားရောက်ခိုလှုံနေဖို့ ကျွန်မပြောခဲ့တယ်။ ကျွန်မတို့အားလုံး ၁၀ ယောက် ရှိပါတယ်။ ကျောဘက်မှာရှိတဲ့ အရေးပေါ် ထွက်ပေါက်ကနေ ကျွန်မတို့ ထွက်ခဲ့ကြပါတယ်”ဟု စူပါမားကတ်တွင် ဈေးဝယ်လာသူ အမျိုးသမီးတစ်ဦးက France Info အသံလွှင့်ဌာနကို ပြောကြားခဲ့သည်။

ဓားစာခံများ လွတ်သွားပြီးနောက် သေနတ်သမားသည် စူပါမားကတ်ထဲတွင် ရဲတစ်ဦးနှင့်အတူ ဆက်လက်ရှိနေခဲ့ပြီး အဆိုပါရဲသည်လည်း အခြားရဲတစ်ဦးကဲ့သို့ပင် သေနတ်ဖြင့် အပစ်ခံရပြီး ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် အကြမ်းဖက်မှုတန်ပြန်ရေးတပ်ဖွဲ့များသည် အဆောက်အအုံပေါ်သို့  ရဟတ်ယာဉ်များဖြင့် ဆင်းသက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ်နောက်ပိုင်း အစွန်းရောက် တိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီးနောက် ယင်းအကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ တပ်လှန့်မှု အမြင့်ဆုံး အနေအထားတွင် ပြင်သစ်နိုင်ငံ၌ ယခု ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြင်သစ်ဝန်ကြီးချုပ် အက်ဒွာဖိလစ်ကမူ အကြမ်းဖက်မှုလုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ပြည်ထဲရေးဝန်ကြီး ဂျရက်ကော်လံကမူ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာခဲ့သည်။