မလေးရှားတွင် မြေပြိုမှုကြောင့် မြန်မာသုံးဦး သေဆုံး

မလေးရှားနိုင်ငံတွင် မြေပြိုမှုကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးဦး သေဆုံးခဲ့ကြောင်း မလေးရှားအခြေစိုက် ကပုန်း နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောကြားသည်။

မလေးရှားနိုင်ငံ ကင်မရွန်ကုန်းမြင့်ဒေသတွင် အောက်တိုဘာ ၁၄ ရက် နံနက် ၃ နာရီခန့်က မိုးသည်းထန်စွာရွာ၍ မြေပြိုမှု ဖြစ်ပွားသဖြင့် ယင်းကုန်းမြင့် တောင်စောင်းတွင် နေထိုင်ကြသော မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးဦးမှာ မြေပြိုမှုကြောင့် သေဆုံးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ယင်းသေဆုံးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးဦးသည် ၂၃ နှစ်အရွယ်ရှိ ချင်းလူမျိုး ဇနီးမောင်နှံ ကိုအောင်ထန်း၊ မနိုင်းဝါနှင့် ၎င်းတို့၏ မိတ်ဆွေ ၃၄ နှစ်အရွယ် ရခိုင်လူမျိုး မအေးအေးမူ ဖြစ်ကြောင်း သိရသည်။

“မလေးရှားနိုင်ငံမှာပေါ့လေ။ နှစ်ရက်ရှိပြီ။ မိုးက တအားရွာတယ်။ တအားရွာတဲ့အခါကျတော့ မလေးရှားရဲ့ သစ်သီးတွေထွက်တဲ့ ဒေသပေါ့လေ။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက အဲဒီမှာ နေထိုင်ကြတယ်။ တောင်ယာ စိုက်ကြတာပေါ့လေ။ အလုံပိတ် တဲကြီးတွေမှာ လုပ်ကြတာပေါ့လေ။ နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာတော့ ဒီတောင်တွေက အက်နေပြီ။ မိုးသည်းထန်စွာ ရွာတော့ ဒီအက်ကြောင်းထဲကို ရေတွေက ထိုးဝင်သွားတယ်။ တောင်ရဲ့အောက်ခြေမှာ အလုပ်သမားတွေ နေကြတာ။ မနေ့က မနက်မှာ (အောက်တိုဘာ ၁၄ ရက်) မြေစာတွေက အိပြီးပြိုကျတာ။ ပြိုကျတဲ့အခါမှာ တချို့လူတွေက ထွက်ပြေးလို့ လွတ်မြောက်သွားတယ်။ ဒါပေမဲ့ ချင်းတိုင်းရင်းသား ဇနီးမောင်နှံ နှစ်ဦးရယ် ရခိုင်အမျိုးသမီး တစ်ဦး သေဆုံးသွားတယ်။ ကယ်ဆယ်ရေးက ချက်ချင်း မရောက်ဘူး။ နောက်ကျတယ်။ အဲဒီနေရာက တောင်ပေါ်ဒေသဆိုတော့ သွားရတာ နည်းနည်းလှမ်းတယ်။ မိုးရွာတော့ သွားရတာတွေက မလွယ်ဘူးလေ” ဟု ကပုန်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောကြားသည်။

ကယ်ဆယ်ရေးများသည် နံနက် ၁၁ ခန့် တွင် ရောက်ရှိလာခဲ့ပြီး ၎င်းတို့အလောင်းများအား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင်လည်း ယင်းဒေသတွင် မြေပြိုမှုကြောင့် မြန်မာနိုင်ငံသား တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ အတွင်းလူနာအဖြစ် ကုသခဲ့ရကြောင်း သိရသည်။

ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်လမ်းဖြစ်သည့် ၀ိုင်းမော်-ကန်ပိုင်တည် လမ်းကြောင်းပေါ်တွင် မြေပြိုမှုကြောင့် တံတားတစ်စင်း မြေကြီးနှင့်အတူ တောင်ခြေသို့ ပြိုကျ

ဝိုင်းမော်-ကန်ပိုင်တည် လမ်းကြောင်းပေါ်တွင် မြေပြိုမှုကြောင့် တံတားတစ်စင်း မြေကြီးနှင့်အတူ တောင်ခြေသို့ ပြိုကျခဲ့သည်ကို တွေ့ရစဉ်

ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်လမ်းဖြစ်သည့် ၀ိုင်းမော်-ကန်ပိုင်တည် လမ်းကြောင်းပေါ်တွင် မြေပြိုမှုကြောင့် အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက တံတားတစ်စင်း မြေကြီးနှင့်အတူ တောင်ခြေသို့ ပြိုကျသွားကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်းတွင် မိုးဆက်တိုက် ရွာသွန်းပြီး မိုးများမှုကြောင့် ဆဒုံးမြို့အထက် စင်ကြိုင် နှင့် လုကြည်ကြား မိုင်တိုင် ၅၆ ရှိ (၆) နှင့် (၇) ကြားရှိ တံတားအမှတ် ၆/၅၆ အရှည် ၁၇၃ ပေရှိ ကွန်ကရစ်တံတား (ဒေသအခေါ် တံတား ညီနောင်) သည် မြေကြီးနှင့်အတူ တောင်ခြေသို့ ပြိုဆင်းသွားကြောင်း သိရသည်။

ကချင်ပြည်နယ် လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းနိုင်ထွန်းက “အောက်တိုဘာ ၁၄ ရက်ညက မိုးသည်းထန်လို့ ဖြစ်တာပါ။ မြေပြိုမှုက ကြီးတယ် ပြောရမှာပေါ့။ ပေ ၁၇၃ အရှည် တံတား ပါသွားတယ်လို့ သိရတယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့က လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လမ်းဦးစီးဌာနက ညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးတွေ သွားကြည့်နေကြပါပြီ။ အဆက်အသွယ်တော့ မရသေးဘူး။ ဒီလမ်းက နှစ်တိုင်းလည်း ပြိုတယ်။ တံတားတော့ မပါဘူးပေါ့။ အခုလည်း နေရာကွက် မိုးကြီးလို့ပါ။ အခြားလမ်းတွေမှာတော့ မြေပြိုတာ မကြားမိသေးဘူး” ဟု ပြောကြားသည်။

ကန်ပိုင်တည်သို့ ပြေးဆွဲနေသည့် ကုန်တင်ကားများ၊ ခရီးသည်ကားများ ရပ်နားထားရပြီး လက်ရှိတွင် ကုန်စည်နှင့် လူများ သွားလာနိုင်ခြင်း မရှိသေးကြောင်း ပြောကြားသည်။

ကားဆရာ ကိုငယ်က “ကားတွေက ဟိုဘက်ဒီဘက်မှာ ပိတ်နေကြတယ်။ ဒီနေ့လည်း ဘယ်ကားမှ မထွက်နိုင်ကြသေးဘူး။ မြေပြိုတာက ကြီးတယ်။ တံတားတစ်ခု ပါသွားတယ်။ ခါတိုင်း ပြိုတာက လမ်းပေါ် ပြိုကျတာ။ အခုက လမ်းပါသွားတယ်။ ကားတွေ တစ်နေ့ကို အစီး ၅၀ အထက် သွားနေတဲ့လမ်းပါ။ တရုတ် တစ်ရှူးငှက်ပျောကားတွေလည်း ပိတ်မိနေတော့ မကြာခင်မှာ ပြီးအောင်လုပ်မယ် ထင်တယ်”ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် မိုးရာသီအတွင်း ၀ိုင်းမော်-မန်ဝိန်းကြီး-ချီဖွေလမ်းပိုင်း၊ ၀ိုင်းမော်-ကန်ပိုင်တည်-တရုတ်နိုင်ငံလမ်းပိုင်း၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း၊ ပူတာအို-ဒရုခ-နောင်မွန်လမ်းပိုင်းများသည် မြေပြိုလေ့ ရှိကြောင်း ယခင်က ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များအရ သိရသည်။

တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ် တရားဝင် အဓိက ဆက်သွယ်သည့် ၀င်ပေါက်မှာ ကန်ပိုင်တည် ၀င်ပေါက်နှင့် လွယ်ဂျယ် ၀င်ပေါက်၊ ပန်ဝါ ၀င်ပေါက်တို့ကို အဓိက အသုံးပြုနေသည်။ ထို့ပြင် လိုင်ဇာ၊ မန်ဝိန်းကြီး ၀င်ပေါက်များကိုလည်း အသုံးပြုနေကြောင်း သိရသည်။

ဖိလစ်ပိုင်တွင် မြေပြိုမှု ထပ်မံဖြစ်ပွားခြင်းကြောင့် လူ ၁၂ ဦးသေဆုံးပြီး ဒါဇင်များစွာ ပျောက်ဆုံးနေ

စက်တင်ဘာ ၂၀ ရက်တွင် စီဘူးကျွန်းစုရှိ နာဂါမြို့၌ မြေပြိုသည့်နေရာတွင် ကယ်ဆယ်ရေးများ ဆောင်ရွက်နေကြစဉ် (Photo: AFP)

အင်အားပြင်းမုန်တိုင်း ၀င်ရောက် တိုက်ခတ်ခြင်းခံခဲ့ရသော ဖိလစ်ပိုင်နိုင်ငံတွင် စက်တင်ဘာ ၂၀ ရက်က မုတ်သုံမိုးများ ရွာသွန်းခြင်းကြောင့် မြေပြိုမှုထပ်မံဖြစ်ပွားခဲ့ပြီး လူ ၁၂ ဦးသေဆုံးခဲ့ကာ လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်ဆိုးကြီးသည် ၂၀၁၈ ခုနှစ်၏ အင်အားအပြင်းဆုံးတိုင်ဖွန်းမန်ခွပ် ၀င်ရောက်ပြီး ရက်အနည်းငယ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်ရပ်မတိုင်မီကလည်း အီတိုဂွန်မြို့တွင် မြေပြိုမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း စီဘူကျွန်းပေါ်တွင် တည်ရှိသော တီနာအန်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြီးကြောင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများနှင့် ဒေသခံပြည်သူများသည် ဂေါ်ပြား၊ ငန်းပြားများကို ကိုင်ဆောင်၍ အသက်ရှင်ကျန်သူများအား ရှာဖွေရန် အပတ်တကုတ် လုပ်ဆောင်နေကြသည်။

မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခြင်းသည် ထုံးကျောက်မြေလွှာများအား လျှောကျနိမ့်ဆင်းစေခြင်းနှင့် ကျိုးပဲ့ခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် မြေပြိုမှုဖြစ်ပွားရခြင်းဖြစ်ပြီး စက်တင်ဘာ ၂၀ ရက် အစောပိုင်းက ဖြစ်ပွားသွားသော မြေပြိုမှုအတွင်းတွင် နေအိမ် ၁၀ လုံး ပျက်စီးသွားခဲ့ကြောင်းနှင့် မြေပြိုမှုသည် လူအများ အိပ်စက်နေသည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက်ရှင်ကျန်ရစ်သူများကို လူနာတင်ကားဖြင့် သယ်ဆောင်သွားခဲ့ကြပြီး သေဆုံးသွားသူများကို မူတီနာအန်ကျေးရွာဘုရားကျောင်းတစ်ခု အတွင်းရှိ ခုံတန်းရှည်များပေါ်တွင် တင်ထားကြောင်း သိရသည်။ “လူ ၆၄ ဦး ပျောက်ဆုံးနေပြီးတော့ လူ ၁၂ ဦး သေဆုံးသွားပါပြီ။ ထိခိုက်ဒဏ်ရာရတဲ့သူက ကိုးဦးပါ။ ဒဏ်ရာတွေကတော့ မစိုးရိမ်ရပါဘူး။ မြေပြိုမှုဖြစ်ပွားတဲ့ နေရာမှာ ကယ်ဆယ်ရေးလုပ်သား ၁၀၀ ကျော် ရှိပါတယ်။ မြေတူးစက်တွေ၊ အခြားစက်ပစ္စည်းတွေ အသုံးပြုပြီးတော့ ရှာဖွေနေပါတယ်” ဟု ဖိလစ်ပိုင်ပြည်သူကာကွယ်ရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဂျူးလီးယက်စ်ရန်ဂျာက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

စီဘူးကျွန်းတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုအတွင်း အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ပထမဆုံးမြေပြိုမှု ဖြစ်ပွားခဲ့သည့် အီတိုဂွန်မြို့တွင်လည်း အလောင်းရှာဖွေမှုကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။ ရွှေတူးဖော်ခြင်း လုပ်ငန်းများ လုပ်ကိုင်ကြသည့် အီတိုဂွန်မြို့နှင့် အခြားမြို့များ တည်ရှိနေသော Cordillera တောင်တန်းဒေသတွင် မြေပြိုမှုများ ဖြစ်ပွားခြင်းကြောင့် လူများစွာ သေဆုံးရခြင်းဖြစ်သည်။

အီတိုဂွန်တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုအတွင်း လူသေလောင်းများ ထပ်မံတွေ့ရှိနေခြင်းကြောင့် သေဆုံးသူအရေအတွက်မှာ ၈၈ ဦးထိ မြင့်တက်လာကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၀ တွင် ပြောကြားခဲ့သည်။

Ref: AFP

ဘီးလင်းမြို့နယ် ၀င်းက ကျေးရွာရှိ မြသပိတ်တောင်အလယ်ပိုင်းမှ မြေလွှာမှာ တဖြည်းဖြည်းပြိုကျလာသဖြင့် တောင်အလယ်ပိုင်းရှိ ရှေးဟောင်းကြောင်တစ်ရာဘုန်းကြီးကျောင်းနှင့် တောင်အောက်ခြေရှိ နေအိမ်တချို့ ပြောင်းရွှေ့

မြသပိတ်တောင်အလယ်ပိုင်းမှ မြေလွှာမှာ တဖြည်းဖြည်းပြိုကျလာစဉ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ၀င်းက ကျေးရွာရှိ မြသပိတ်တောင်အလယ်ပိုင်းမှ မြေလွှာမှာ ဇူလိုင် ၂၇ ရက်မှစတင်ကာ တဖြည်းဖြည်းပြိုကျလာသဖြင့် တောင်အလယ် ပိုင်းရှိ ရှေးဟောင်းကြောင်တစ်ရာဘုန်းကြီး ကျောင်းနှင့် တောင်အောင်ခြေရှိ လူနေအိမ်တချို့ ပြောင်းရွှေ့ထားရကြောင်း ဘီးလင်းမြို့ နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ အမှတ် (၁) မှ ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၏ပြောကြားချက်အရ သိရသည်။

“၀င်းကကျေးရွာမှာက ဇူလိုင် ၂၇ ရက် ညပိုင်းကစပြီးတော့ မြသပိတ်တောင်ရဲ့  အလယ်နားလောက်မှာရှိတဲ့ အဲဒီ ကြောင်တရာ ဘုန်းကြီးကျောင်းရဲ့အထက်နားလောက်၊ မြသပိတ်စေတီတော်ရဲ့ အောက်နားလောက် ကနေစပြီးတော့  ၁၁ ဧကလောက် ကျယ်တဲ့ မြေပြန့်ကြီးက အောက်ဘက်ကို တဖြည်းဖြည်း နဲ့နိမ့်ဆင်းနေပါတယ်။ ကျွန်တော်က သြဂုတ် ၁ ရက်လောက်ကသွားကြည့်တာ မြေပြန့်ကြီးက ၆ ပေလောက်နိမ့်ဆင်းသွားတယ်။ သြဂုတ် ၃ ရက် အထိကတော့ ၁၂ ပေလောက်အထိ နိမ့်ဆင်းလာတယ်။ အဲဒီအောက်တည့်တည့်မှာ ကြောင်တစ်ရာဘုန်းကြီးကျောင်းရှိတယ်။ အခုဆိုရင် အဲဒီကြောင်တစ်ရာဘုန်းကြီး ကျောင်းရဲ့ တောင်ဘက်အစွန်ဆုံးကျောင်းက မြေပိလို့ တစ်ခြမ်းပြိုသွားပြီး တစ်နေ့ထက် တစ်နေ့သိသိကျကျပြိုဆင်းနေတယ်။ အဲဒီအပြင်ကို ကျောက်တုံးကြီးတွေ၊ ခဲလုံးကြီးတွေလည်း ပြုတ်ကျတာမျိုးရှိတယ်။ တောင်ပေါ်တက်တဲ့ကားလမ်းပေါ်မှာလည်း ခဲလုံးတွေ ပြုတ်ကျနေတာမျိုးရှိနေတယ်။ အဲဒီလိုအခြေအနေမျိုးရှိနေတယ်”ဟု ဒေါက်တာခင်နိုင်ဦး က ပြောကြားသည်။

“မြသပိတ်တောင်မှာ အဲဒီလိုဖြစ်နေတော့ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက တောင်ခြေမှာရှိတဲ့ ၀င်းကကျေးရွာအုပ်စု ညောင်သုံးပင် ကျေးရွာမှာပေါ့။ အဲဒီရွာမှာရှိတဲ့ အိမ်ခြေ ၁၅လုံးလောက်ရွှေ့ခိုင်းထားပါတယ်။ ကြောင်တစ်ရာ ကျောင်းတိုက်က ဆရာတော်နဲ့သံဃာတော် တွေကိုလည်း ပြောင်းရွှေ့ပေးဖို့လျှောက်ထားပြီးပါပြီ။ လောလောဆယ် အဲဒီလိုမျိုးတွေ လုပ်ဆောင်ထားတယ်။ နောက်ပြီး တောင်ခြေမှာက သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော် ထိန်းသိမ်းထားတဲ့ အဆောက်အအုံတစ်ခုလည်း ရှိနေတယ်။ ပြည်နယ်အစိုးရထံကို လွန်ခဲ့တဲ့ သုံးရက်လောက်က သတင်းပို့ထားပါတယ်” ဟုဒေါက်တာခင်နိုင်ဦးက ဆိုသည်။

“ပြန့်အကျယ်က ၁၁ ဧကလောက်ရှိပေမယ့် ထုထည်ကိုတော့မမှန်းတတ်ဘူး။ ၁၁ ဧကဆိုတာက အနားပတ်ချာလည်ကို လိုက်ကြည့်ပြီး တိုင်းကြည့်တယ်။ နောက် Google မှာ ဧရိယာတွက်တဲ့ဟာနဲ့ တွက်လိုက်တော့ ၁၁ ဧကဆိုပြီးထွက်တယ်။ ထုထည်ကိုတော့ မမှန်းတတ်ဘူး။ ပညာရှင်တော့ လိုအပ်ပါမယ်။ အဲဒီအပြင်ကို နေရာအနှံ့မှာ မြေနီတွေ၊ မြေ၀ါတွေ စိမ့်ထွက်နေတယ်။ ကျွန်တော်တို့ လေ့လာမိသလောက် တောင်ပြိုလို့ရှိရင် တောင်တွေမပြိုခင်မှာထွက်တဲ့ရေတွေ ပုံစံမျိုးလို့ ထင်ရပါတယ်” ဟု ဒေါက်တာခင်နိုင်ဦး က ပြောကြားသည်။

တဖြည်းဖြည်းနိမ့်ဆင်းလာနေသည့် မြေပြန့်ကြီး၏ အောက်တည့်တည့်တွင် မူလတန်းစာသင်ကျောင်း တစ်ကျောင်းရှိနေသည့်အတွက် မြေထုထည်ကြီး ပြိုကျလာပါက အန္တရာယ်ရှိသည့်အတွက် စာသင်ကျောင်း အား ခေတ္တပိတ်ထားရကြောင်း၊ လက်ရှိအချိန်အထိ အဆိုပါမြေပြန့်ကြီး တဖြည်းဖြည်း ပြိုကျလာနေသည်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေရကြောင်း ဒေါက်တာခင်နိုင်ဦးက ဆက်လက်ပြောကြားသည်။

“မြေပြန့်ကြီးက ဒီနေ့ (သြဂုတ် ၄ ရက်) မှာ ၁၄ ပေလောက်အိကျသွားပြီး အဲဒီနေရာ မှာရှိနေတဲ့ ကြောင်တစ်ရာကျောင်းတိုက်ခံနေ လို့ မြေကြီးတွေက အောက်ကို တိုက်ရိုက် မဆင်းလာတာပါ။ အဲဒီအပြင်ကို ၁၅ ပေ၊ ပေ ၂၀ လောက်ရှိတဲ့ ကျောက်တုံးကြီးတွေဆင်းလာဖို့ရှိနေတယ်။ အဲ့ဒီအောက်မှာ အိမ်ပေါင်း ၃၀ လောက်ရှိတယ်။ တချို့အိမ်တွေကိုတော့ ရွှေ့ပေးဖို့ ပြောထားပါတယ်။ တောင်ပေါ်ကကျောက်တုံးကြီးတွေလိမ့်ဆင်းလာရင် အဲဒီအိမ်တွေ ဒုက္ခရောက်နိုင်ပါတယ်”ဟု ဒေသခံ တစ်ဦးဖြစ်သူ ကိုပြည့်စုံကပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင် ၂၆ ရက်မှ စတင်ကာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ် ခဲ့သည့်အပြင် တောင်ပြိုမှုအချို့လည်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။