ပြုံယမ်း၌ တောင်နှင့် မြောက်ကိုရီးယားတို့၏ ထိပ်သီးဆွေးနွေးပွဲစတင်

စက်တင်ဘာ ၁၈ ရက်တွင် ပြုံယမ်းလေဆိပ်၌ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း(၀ဲ)နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်(ယာ)တို့က မြောက်ကိုရီးယား ပြည်သူများကို နှုတ်ဆက်နေစဉ် (Photo : AFP)

တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းသည် မြောက်ကိုရီးယားနှင့် အမေရိကန်ကြားမှ တန့်နေသည့် နျူကလီးယား ဖျက်သိမ်းရေး ဆွေးနွေးမှုများကို ပြန်လည်အသက်ဝင်စေရန် ကြိုးပမ်းရေးအတွက် စက်တင်ဘာ ၁၈ ရက်က မြောက်ကိုရီးယားမြို့တော် ပြုံယမ်းသို့ ရောက်ရှိလာသည်။

ပြုံယမ်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသော မွန်းနှင့် လာရောက် ကြိုဆိုသော ကင်တို့သည် ပွေ့ဖက်နှုတ်ဆက် ခဲ့ကြသည်။ မွန်းကို ကြိုဆိုသူ ရာပေါင်းများစွာသည် မြောက်ကိုရီးယား အလံများနှင့် ကိုရီးယားကျွန်းဆွယ် အလံများကို ကိုင်ဆောင်နှုတ်ဆက်ခဲ့ကြပြီး တောင်ကိုရီးယားအလံ အမှတ်အသားကို မွန်း၏ ဘိုရင်း ၇၄၇ လေယာဉ်ပေါ်တွင်သာ တွေ့ရသည်။

ကင်နှင့် မွန်းတို့ စီးနင်းလာသော အမိုးဖွင့်ကား ဖြတ်သန်းမောင်းနှင်သည့် လမ်းတစ်လျှောက်၌ ထောင်ပေါင်းများစွာသော ဒေသခံများသည် ပန်းစည်းများကို ကိုင်ဆောင်ကာ ‘နိုင်ငံပြန်လည်ပေါင်းစည်းရေး’ ဟူ၍ သံပြိုင်သီဆို နေကြသည်။ ခေါင်းဆောင်များ စီးနင်းလာသော ကားသည်ကင်အီဆွန်း၊ ကင်ဂျုံအီတို့ လဲလျောင်းရာ ကမ်ဆူဆမ်နန်းတော်ရှေ့မှလည်း ဖြတ်သန်းခဲ့သည်။ ယင်းနောက်တွင် မွန်းနှင့် ကင်တို့သည် ၎င်းတို့၏ တရားဝင် ဆွေးနွေးမှုများကို စတင်ခဲ့သည်။

၁၉၅၀ ပြည့်နှစ်က နျူကလီးယားလက်နက်ပိုင်သည့် မြောက်ကိုရီးယားသည် အိမ်နီးချင်း တောင်ကိုရီးယားသို့ ကျူးကျော်ခဲ့ခြင်းကြောင့် ကိုရီးယားစစ်ပွဲ အစပြုခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားသည် လက်ရှိအချိန်အထိ ၎င်းထက်များစွာ ချမ်းသာသွားပြီဖြစ်သော တောင်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေးမှာ အရေးကြီးကြောင်းကို ပုံမှန်ပြောနေဆဲဖြစ်သည်။ မွန်း၏ မိဘများသည်လည်း ကိုရီးယားစစ်ပွဲအတွင်း မြောက်ဘက်မှ တောင်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။

မွန်းနှင့်ကင်တို့၏ ထိပ်သီးအစည်းအဝေးသည် သမိုင်းသစ်တစ်ခုကို ဖန်တီးမည့် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုကို အရှိန်ထပ်မံမြှင့်တင်ရန် အရေးကြီးသည့် အခွင့်အရေး ဖြစ်လိမ့်မည်ဟု မြောက်ကိုရီးယားအစိုးရ သတင်းအေဂျင်စီ (KCNA) တွင် ဖော်ပြခဲ့သည်။

၂၀၀၀ ပြည့်နှစ်က တောင်ကိုရီးယားသမ္မတ ကင်ဒေးဂျုံ၊ ၂၀၀၇ ခုနှစ်က တောင်ကိုရီးယားသမ္မတ နိုမူဟွန်းတို့၏ မြောက်ကိုရီးယား ခရီးစဉ်များနောက်တွင် မွန်း၏ ယခုသုံးရက်ကြာ မြောက်ကိုရီးယားခရီးစဉ် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မွန်း ရောက်လာသည့် စက်တင်ဘာ ၁၈ ရက်မှာပင် မြောက်ကိုရီးယား အာဏာရပါတီ၏ အာဘော်သတင်းစာဖြစ်သော ရိုဒေါင်ရှင်မွန်က အမေရိကန်အပေါ် ဝေဖန်ပုတ်ခတ်မှုများကို ဖော်ပြခဲ့သည်။ လက်ရှိဖြစ်ပေါ်နေသော ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနှင့် ပတ်သက်ပြီး အမေရိကန်တွင်သာ အလုံးစုံ တာဝန်ရှိကြောင်း၊ အမေရိကန်သည် နျူကလီးယားလက်နက်များ ဦးစွာဖျက်သိမ်းရမည်ဆိုသည့် မူဝါဒကိုသာ ခေါင်းမာမာဖြင့် ဆက်လက်ကိုင်စွဲထားကြောင်း ထိုအယ်ဒီတာ့အာဘော် ကဏ္ဍတွင် ဖော်ပြခဲ့သည်။

“အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးပွဲတွေကို ဒီခရီးစဉ်က တစ်နည်းမဟုတ်တစ်နည်း ပြန်စနိုင်တယ် ဆိုရင်ပဲ အတော်လေးကို လုံလောက်နေပါပြီ” ဟု မွန်းက မြောက်ကိုရီးယားသို့ မထွက်ခွာမီတွင် ပြောကြားခဲ့သည်။ သို့သော် စောင့်ကြည့်သူများက ယင်းမျှော်မှန်းချက်နှင့် ပတ်သက်၍ လျှောချခဲ့ပြီး ကင်ဂျုံအွန်သည် မြောက်ကိုရီးယားအတွက် စီးပွားရေး အကျိုးအမြတ်ရစေမည့် နေရာများ၌ နှစ်နိုင်ငံပူးပေါင်းမှု မြှင့်တင်ရေး အတွက်သာ တိုက်တွန်းလိမ့်မည်ဟု သုံးသပ်ခဲ့ကြသည်။

မွန်းနှင့်အတူ ဆမ်ဆောင်းဆက်ခံသူ လီဂျဲယောင်၊ ဟွန်ဒိုင်းကား ထုတ်လုပ်ရေး လုပ်ငန်းမှ ဒုတိယဥက္ကဋ္ဌတို့ အပါအ၀င် တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်ကြီးများ လိုက်ပါခဲ့သည်။ မွန်းသည် ၎င်း၏ကိုယ်စားလှယ် အဖွဲ့နှင့်အတူ ပြုံယမ်းရှိ အဓိကနေရာများသို့ သွားရောက်ရန်လည်း စီစဉ်ထားသည်။

လက်ရှိတွင် တောင်ကိုရီးယား စီးပွားရေး၌ အခက်အခဲများ ကြုံနေရသဖြင့် မွန်း၏ လူထုထောက်ခံမှုနှုန်းမှာ ကျဆင်းနေသည်။ ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းရေးအတွက် မွန်း၏ တိုက်တွန်း လုပ်ဆောင်မှုများကိုလည်း တောင်ကိုရီးယား မီဒီယာများတွင် သတိရှိရန် တိုက်တွန်းနေကြကာ နျူကလီးယား ဖျက်သိမ်းမှုနှင့် ပတ်သက်ပြီး သိသာထင်ရှားသည့် အကျိုးရလဒ်များ ထွက်ပေါ်လာစေရန် တောင်းဆိုနေကြသည်။

Ref : AFP

မြောက်ကိုရီးယားက အဓိကဒုံးစမ်းသပ်သည့်နေရာအား စတင်ဖျက်သိမ်းနေဟု စောင့်ကြည့်သူများ ပြောကြား

မြောက်ကိုရီးယား၏ ဆိုဟဲဒုံးပစ်လွှတ်သည့် နေရာအား ပြသသည့် ဂြိုဟ်တုဓာတ်ပုံသတင်းအား ဇူလိုင် ၂၄ ရက်တွင် ဆိုးလ်ရှိ ဘူတာရုံတစ်ရုံ၌ ပြသနေစဉ် (Photo – AP)

မြောက်ကိုရီးယားသည် ၎င်း၏ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးများအတွက် စမ်းသပ်သည့် နေရာအဖြစ် ရှုမြင်ခံရသော အဓိကဂြိုဟ်တု ပစ်လွှတ်သည့်နေရာမှ အဆောက်အအုံအချို့ကို စတင်ဖျက်သိမ်းနေကြောင်း မကြာသေးမီက ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံများကို လေ့လာသုံးသပ်ပြီးနောက် ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့ကြသည်။

အမေရိကန်အခြေစိုက် 38 North ၀က်ဘ်ဆိုက်မှ ထိုလေ့လာသုံးသပ်မှုအား အတည်ပြုနိုင်ပါက မြောက်ကိုရီးယားသည် အမေရိကန်နှင့် သမိုင်းဝင်ထိပ်သီးကျင်းပအပြီး နောက်ထပ်ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ခြင်းဖြစ်နိုင်ကြောင်း ရှုမြင်ခံရသည်။ သို့သော် ထိုအပြုအမူ၏ ရည်ရွယ်ချက်ကို ကျွမ်းကျင်သူအချို့က မေးခွန်းထုတ်ခဲ့ကြသည်။

မြောက်ကိုရီးယားသည် ဆိုဟဲဂြိုဟ်တု လွှတ်တင်ရေးစခန်းတွင် လောင်စာအရည် သုံးအင်ဂျင်များအား စမ်းသပ်ရာ၌ အသုံးပြုသော ဒုံးပျံအင်ဂျင်စမ်းသပ်သည့်စင်တစ်ခုနှင့် လည်ပတ်သည့် အဆောက်အအုံတစ်ခု တို့အား စတင်ဖျက်သိမ်းနေကြောင်း ဂြိုဟ်တုဓာတ်ပုံများအား လေ့လာသုံးသပ်မှုအရ သိရှိရကြောင်း ထိုဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား အနောက်မြောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသော ဆိုဟဲကို အာကာသပတ်လမ်းသို့ လွှတ်တင်မည့် ဂြိုဟ်တုများအား ထားရှိရန်အတွက် တည်ဆောက်ထားသည်ဟု အပြင်ပန်းအားဖြင့် ထုတ်ပြန်ထားသော်လည်း ထိုဒုံးပျံအင်ဂျင်များအား ဒုံးစီမံကိန်းများအတွက် အလွယ်တကူ ပြန်လည်ပြင်ဆင်အသုံးပြုနိုင်ကြောင်း သိရသည်။ ပြုံယမ်း၏ အာကာသအစီအစဉ်ဆိုသည်မှာ ဒုံးလက်နက်များ စမ်းသပ်ရန်အတွက် အကာအကွယ်ယူထားခြင်းဖြစ်ကြောင်း နိုင်ငံတကာက တံဆိပ်ကပ်ခဲ့ကြသည်။

မြောက်ကိုရီးယား၏ ထိုလုပ်ရပ်သည် ထရန့်နှင့် စင်ကာပူသမိုင်းဝင်ထိပ်သီးတွင် ကြေညာခဲ့သော ကတိပြုမှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဖြည့်ဆည်းရန် အရေးပါသော ပထမခြေလှမ်းဖြစ်ကြောင်း 38 North ၀က်ဘ်ဆိုက်မှ သုံးသပ်သူ ဂျိုးဇက်ဘာမြူဒစ်ဇ်က ပြောကြားခဲ့သည်။ ဆိုဟဲသည် မြောက်ကိုရီးယား၏ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးစီမံကိန်းအတွက် နည်းပညာများ ဖန်တီးတည်ဆောက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ယူဆရပြီးနောက်ပိုင်း ယခုလုပ်ရပ်များသည် မြောက်ကိုရီးယား၏ ယုံကြည်မှုပြန်လည်တည်ဆောက်ခြင်း ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းကို ကိုယ်စားပြုကြောင်း ၎င်းက ပြောကြားခဲ့သည်။

စင်ကာပူထိပ်သီးတွင် ကင်က ဒုံးအင်ဂျင် အဓိကစမ်းသပ်သည့်နေရာအား ဖျက်ဆီးပစ်မည်ဟု ထရန့်ကို ကတိပြုခဲ့သော်လည်း မည်သည့်နေရာဟု အထူးပြုမပြောခဲ့ပေ။

၂၀၁၂ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယား၏ အဓိကဒုံးပျံလွှတ်တင်သည့် နေရာဖြစ်သော ဆိုဟဲတွင် ထိုဖျက်သိမ်းရေးလုပ်ငန်းစဉ်သည် နျူကလီးယားကင်းစင်ရေးသို့ ဦးတည်သော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ထရန့်နှင့် ကင်တို့၏ ထိပ်သီးအတွက် ကြားဝင်ညှိနှိုင်းခဲ့သည့် တောင်ကိုရီးယားက ထုတ်ပြန်ခဲ့သည်။ သို့သော် 38 North ၀က်ဘ်ဆိုက်၏ ထိုလေ့လာသုံးသပ်မှုအား အလွန်အမင်း အဓိပ္ပာယ်ကောက်ယူခြင်းမပြုရန် ကျွမ်းကျင်သူအချို့က သတိပေးခဲ့သည်။

Ref ;AFP

မြောက်ကိုရီးယား၏ ကတိများ အသက်ဝင်လာရေး ရုန်းကန်နေရသည့် အမေရိကန်

အလွန်အမင်း အမွှမ်းတင်ခဲ့ကြသည့် ဒေါ်နယ်ထရန့်-ကင်ဂျုံအွန် ထိပ်သီးဆွေးနွေးပွဲပြီးနောက် တစ်လကျော် အကြာတွင် နျူကလီးယား ဖျက်သိမ်းရေးနှင့် ပတ်သက်၍ အမှန်တကယ် တိုးတက်မှုရရှိရန် ခက်ခဲနေကြောင်း အထင်အရှား ပြသနေသည့် မြောက်ကိုရီးယားအား ထိရောက်သည့် ပိတ်ဆို့မှု အပြည့်အ၀ ပြုလုပ်ရန်အတွက် အမေရိကန်က ကုလသမဂ္ဂကို မေတ္တာရပ်ခံလျက်ရှိသည်။

ဇွန် ၁၂ ရက်က စင်ကာပူတွင် ပြုလုပ်သည့် သမိုင်းဝင် တွေ့ဆုံဆွေးနွေးမှုပြီးနောက် ပူးတွဲကြေညာချက်၌ မြောက်ကိုရီးယား ခေါင်းဆောင်က ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယား ဖျက်သိမ်းရေး အပြည့်အ၀ လုပ်ဆောင်ရန် သူ၏ကတိကို ထပ်လောင်းအတည်ပြုခဲ့သည်။

သို့သော် မြောက်ကိုရီးယား၏ နျူကလီးယားစီမံကိန်းကို ဖျက်သိမ်းရန် မည်သို့မည်ပုံ ပြုလုပ်မည်နှင့် မည်သည့် အချိန်ဇယားအတိုင်း ပြုလုပ်မည်ဟူသော အချက်များ အပါအ၀င် လုပ်ငန်းစဉ်၏ အသေးစိတ်များအား ယခုအထိ စေ့စပ်ညှိနှိုင်းရခြင်း မရှိသေးပေ။

ယခုအချိန်တွင် အလွန်လျင်မြန်စွာ စတင်သင့်ကြောင်း အဆိုပြုနေကြသည့် နျူကလီးယား အလျင်အမြန် ဖျက်သိမ်းရေးကို အမေရိကန် အစိုးရအဖွဲ့က အခိုင်အမာ တွန်းအားပေးလာခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယား ဖျက်သိမ်းရေးအား ဒေါ်နယ်ထရန့်၏ လက်ရှိ သမ္မတသက်တမ်း ကုန်ဆုံးချိန်ဖြစ်သော ၂၀၂၀ ပြည့်နှစ် အရောက်၌ အပြီးသတ်ရရှိရန် မျှော်လင့်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့သည်။

စင်ကာပူ ကတိက၀တ်များနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ ပုံပေါ် လာရေးအတွက် စိန်ခေါ်မှုများကို လက်ခံရန် ပွန်ပီယိုအား တာဝန်ပေးထားသည်။

သို့သော် ပွန်ပီယိုသည် နောက်ပိုင်း၌ ပြုံယမ်းသို့ သွားရောက်ခဲ့ပြီး စင်ကာပူ တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်း ရက်ပေါင်း ၄၀ ကျော်လာချိန်၌ အမေရိကန်တို့ဘက်မှ သိသိသာသာ လေသံပြောင်းလာခဲ့သည်။

“ကျွန်တော်တို့မှာ အချိန်အကန့်အသတ် မရှိဘူး။ ကျွန်တော်တို့မှာ အမြန်နှုန်း အကန့်အသတ် မရှိဘူး” ဟု ထရန့်က ဇူလိုင် ၁၈ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

လေသံပြောင်းသွားခြင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဟီသာနူအက်က “ကျွန်မတို့ ဒီကိစ္စနှင့် ပတ်သက်ပြီး နေ့တိုင်း ပြင်းပြင်းထန်ထန် လုပ်ပါမယ်လို့ ကတိထားခဲ့ကြပါတယ်။ လုပ်စရာ ကျန်တာတွေ အများကြီး ရှိတဲ့အကြောင်း ကျွန်မတို့ ပြောခဲ့ကြပါတယ်” ဟု ဖြေကြားခဲ့သည်။

၁၅ နှစ်ကြာမည့် လုပ်ငန်းစဉ်လား

စင်ကာပူ ထိပ်သီးဆွေးနွေးပွဲသည် စန်းတင်ခံရခြင်း၊ ခမ်းနားထည်ဝါခြင်း၊ မျှော်လင့်ချက်မြင့်မားစွာ ထားခံရခြင်းတို့ ရှိသော်လည်း ရှည်လျားပြီး ခက်ခဲကြမ်းတမ်းသည့် လုပ်ငန်းစဉ်တစ်ရပ်၏ အရှင်းဆုံး ပုံကြမ်းမျှသာ ပေးခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူ များစွာတို့က သတိပေးခဲ့သောကြောင့် အရှိတရားသို့ ပြန်လည် ရောက်ရှိခြင်းက ကြိုဆိုရမည်သာ ဖြစ်သည်။

“အောင်မြင်ဖို့ စေ့စပ်ညှိနှိုင်းမှုတွေက အချိန်လိုအပ်ပါတယ်” ဟု ၀ါရှင်တန်မြို့မှ အကြံပေးအဖွဲ့ဖြစ်သော ၀ီလ်ဆင်စင်တာမှ အေဘရာဟင်ဒန်းမက်က ပြောကြားခဲ့သည်။ သူက “တချို့ကျွမ်းကျင်သူတွေက ပြီးပြည့်စုံပြီး အတည်ပြုလို့ရတဲ့ နျူကလီးယား ဖျက်သိမ်းရေးဟာ ၁၅ နှစ် ကြာနိုင်ပါတယ်လို့ သတိပေးထားပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ခြောက်လကို ပြောင်းပြန်ပြောင်းလဲနိုင်ခြင်းများနှင့် မူးဝေလောက်သည့်  အဖြစ်အပျက်များပြီးနောက် ယခုအခါ အကောင်အထည်ဖော်ရန် ကာလကြာရှည်စွာ  စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

အချို့သော လေ့လာသူများအတွက် စင်ကာပူဆွေးနွေးပွဲက ပေးခဲ့သည့် အရှိန်အဟုန် ပျောက်ဆုံးသွားခြင်းမှာ စိုးရိမ်ဖွယ်ဖြစ်နေသည်။ တိုးတက်မှု အမှန်တကယ် ရှိခဲ့သည် ဆိုလျှင်ပင် မဖြစ်စလောက်သာ ဖြစ်လိမ့်မည်။

ပွန်ပီယိုက ယခုအခါ လာမည့် သီတင်းနှစ်ပတ်အတွင်း ဖြစ်လိမ့်မည်ဟု ပြောဆိုခဲ့ခြင်းနှင့်အတူ ကိုရီးယားစစ်ပွဲ (၁၉၅၀-၅၃) အတွင်း ကျဆုံးသွားခဲ့သည့် အမေရိကန်စစ်သားများ၏ ရုပ်ကြွင်းများကို မြောက်ကိုရီးယားက အမေရိကန်ကို ပြန်ပေးသည့် ကိစ္စအား ဇွန် ၁၂ ရက် ဆွေးနွေးပွဲ၏ လတ်တလော သက်ရောက်မှုဟု ဆိုခဲ့လျှင်ပင် ပို၍ရှုပ်ထွေးမှုများ ရှိနေပုံရသည်။

ယခုအထိ အမေရိကန်-မြောက်ကိုရီးယား နှင်းခဲအရည်ပျော်ကျမှု၏ ခိုင်မာသော တစ်ခုတည်းသော ရလဒ်မှာ မြောက်ကိုရီးယားက နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ ရပ်ဆိုင်းထားပြီး အမေရိကန်ဘက်ကလည်း မြောက်ကိုရီးယားက ရန်စမှုဟု စွပ်စွဲထားသော စီစဉ်ပြီးသား တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရွှေ့ဆိုင်းထားခြင်းသာ ဖြစ်သည်။

အမေရိကန်သည် ယခင်ကလည်း ယင်းကဲ့သို့သော နှစ်ဦးနှစ်ဖက် ရပ်ဆိုင်းထားသည့် ကိစ္စများကို ပြန်လည် ပယ်ချခဲ့ဖူးသည်။ ထို့ကြောင့် ယခုကဲ့သို့ ရွှေ့ဆိုင်းထားမှုများသည်ပင်လျှင် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်း ပြန်လည်ပြောင်းလဲ သွားနိုင်သည်။

(၀ဲမှယာ) မိုက်ပွန်ပီယို၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေးတို့ ဇူလိုင် ၂၀ ရက်က နယူးယောက်မြို့တွင် တောင်ကိုရီးယား အာဏာပိုင်များနှင့် ဆွေးနွေးပြီးနောက် ထွက်ခွာလာစဉ် (Photo : AFP)

“ကျွန်မတို့ရဲ့ ပန်းတိုင်က ပြီးပြည့်စုံတဲ့၊ အတည်ပြုနိုင်တဲ့၊ ပြန်လည်ပြောင်းလဲခြင်း မပြုနိုင်တဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား စီမံကိန်း ဖျက်သိမ်းရေး ဖြစ်နေတုန်းပဲဆိုရင် ကျွန်မတို့ အောင်မြင်မှာ မဟုတ်ဘူး” ဟု မဟာဗျူဟာနှင့် နိုင်ငံတကာဆိုင်ရာ လေ့လာရေးဌာနမှ ဆူးမီတယ်ရီက ကော်လိုရာဒိုပြည်နယ် အက်စပန်မြို့တွင် ပြုလုပ်သည့် လုံခြုံရေးညီလာခံတစ်ရပ်၌ ပြောကြားခဲ့သည်။

“သူတို့ဟာ သူတို့ရဲ့ နျူကလီးယားလက်နက်စီမံကိန်းကို စွန့်လွှတ်မှာ မဟုတ်တဲ့အပြင် သူတို့ရဲ့ စီမံကိန်း တိုးတက်ဖို့ အချိန်နဲ့အမျှ လုပ်ဆောင်နေပါတယ်” ဟုလည်း အဆိုပါ အမျိုးသမီးက ပြောကြားခဲ့သည်။

စင်ကာပူတွင် အဓိက ရည်ရွယ်ချက်နှင့် ပတ်သက်၍ စာဖြင့် ရေးသားထားသော ကတိတစ်ရပ်ကို ရယူရန် ပျက်ကွက်ခဲ့သည့်အတွက်  ထရန့်အစိုးရအဖွဲ့သည် ဝေဖန်မှုခံနေရပြီး စေ့စပ်ညှိနှိုင်းမှုများသည် မြောက်ကိုရီးယား၏ နောက်ဆုံးဖြစ်သော အပြည့်အ၀ အတည်ပြုနိုင်သော နျူကလီးယား ဖျက်သိမ်းရေးဆီသို့ ဦးတည်သွားရေးသာ ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသည်။

အစီအစဉ် (ခ) ဟူ၍ မရှိ

သို့သော် ဇူလိုင်လအစောပိုင်းက ပွန်ပီယို မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ခြင်းသည် သူကိုယ်တိုင် အကြီးအကျယ် စိတ်ပျက်သွားရုံမှတစ်ပါး ဘာအကြောင်းမျှ မရှိခဲ့ဟု ဘရွတ်ကလင်း အင်စတီကျုရှင်းအတွက် ရေးသားသော ဆောင်းပါးတစ်ပုဒ်၌ ဂျက်ဖရီဘာဒါနှင့် ရိုင်ယန်ဟက်စ်က ဆိုသည်။ အဆိုပါ ကျွမ်းကျင်ပညာရှင် နှစ်ဦးက ပြဿနာမှာ မြောက်ကိုရီးယား၏ ပူးပေါင်းဆောင်ရွက်မှုအတွက် အာမခံချက်ရရှိရန် ထရန့်အနေဖြင့် သြဇာအရှိန်အ၀ါ များစွာကို အလဟသ စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

အမေရိကန်က အချိုးညီညီ လှုပ်ရှားရန် အကူအညီပေးခဲ့သည့် မြောက်ကိုရီးယားအပေါ် အမြင့်ဆုံး ဖိအားပေးရန် နိုင်ငံတကာ လှုပ်ရှားမှု-ပြင်းထန်သည့် ပိတ်ဆို့မှုများနှင့် သံတမန်ရေးအရ အထီးကျန်အောင် ပြုလုပ်ခြင်းတို့သည် စတင်၍ အားနည်းလာပြီဖြစ်သည်။

“တရုတ်က အမှန်တကယ် အကောင်အထည်ဖော်ခဲ့ခြင်း မရှိတာကြောင့် ပိတ်ဆို့မှုတွေဟာ ချည့်နဲ့သွားခဲ့ပြီး ဖြစ်ပါတယ်” ဟု တယ်ရီက ပြောကြားခဲ့သည်။

ထို့ကြောင့် ပွန်ပီယို၏ ဇူလိုင် ၂၀ ရက်က ကုလသမဂ္ဂသို့ သွားရောက်ခဲ့မှုသည် ပိတ်ဆို့မှုစည်းမျဉ်းကို ချိုးဖောက်သော အစိုးရအဖွဲ့များကို ရှုတ်ချရန်နှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် ပြင်းထန်သည့် ဖိအားပေးမှုကို  ဆက်လက် ထိန်းသိမ်းထားရေး တောင်းဆိုရန် ဖြစ်သည်။

သို့သော် ယင်းသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ မြောက်ကိုရီးယား၏ ရန်စမှုအသစ်အပေါ် အမြင့်ဆုံး ဖိအားပေးမှုသည် နိုင်ငံအချို့မပါဘဲ ဆက်ထိန်းထားရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

“တကယ်မှာ အလုပ်မဖြစ်ဘူးဆိုရင် ကျွန်မတို့မှာ အစီအစဉ်တစ်ရပ် ရှိထားဖို့လို ပါတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ တကယ်တော့ အစီအစဉ် (ခ) ဆိုတာ ရှိမနေပါဘူး” ဟု တယ်ရီက ဆိုသည်။

ကင်နှင့် ထိပ်သီးအတွက် ပြင်ဆင်မှုများအား အပြီးသတ်နေချိန် ထရန့်က အကောင်းမြင်မှုရှိကြောင်း ထုတ်ဖော်ပြောကြား

ဇွန် ၁၁ ရက်က ဆိုးလ်မြို့ရှိ ဘူတာရုံတစ်ရုံတွင် ထရန့်နှင့် ကင်တို့၏ သတင်းထုတ်လွှင့်နေစဉ် (Photo: AFP)

မြောက်ကိုရီးယားနှင့် အမေရိကန်ကြား သမိုင်းဝင် ထိပ်သီးအစည်းအဝေးအား ကျင်းပရန် အလွန်အမင်း နီးကပ်လာချိန်၌ သမ္မတ ဒေါ်နယ်ထရန့်က ကောင်းမွန်သည့်ရလဒ် ထွက်လာလိမ့်မည်ဟု ခန့်မှန်းထားကြောင်း ပြောခဲ့သည်။ ထို့ပြင် ထရန့်က ဇွန် ၁၂ ရက် အစည်းအဝေးသည် အလွန်စိတ်ဝင်စားစရာကောင်းလိမ့်မည် ဟုလည်းဆိုသည်။ ထိုစဉ် ကင်ဂျုံအွန်မှာမူ ဇွန် ၁၁ ရက် တစ်နေ့လုံး လူမြင်ကွင်းမှ ပျောက်နေခဲ့သည်။

ဇွန် ၁၂ ရက် နံနက် ၉ နာရီတွင် စတင်မည့် ထိပ်သီးတွေ့ဆုံမှု၏ အစီအစဉ်အရ ထရန့် နှင့် ကင်တို့သည် စကားပြန်များနှင့်အတူ နှစ်ဦးတည်း နှစ်နာရီကျော်ကြာ ဆွေးနွေးကြမည် ဖြစ်သည်။ ထို့နောက်မှ ၎င်းတို့၏ အကြံပေးများအား ဆွေးနွေးပွဲသို့ ၀င်လာခွင့်ပြုမည် ဖြစ်သည်ဟု အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သမ္မတ ထရန့်သည် ဇွန် ၁၁ ရက်က စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် Istana (အစိုးရရုံး) တွင် နေ့လယ်စာ စားရင်း တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် “ကျွန်တော်တို့တော့ မနက်ဖြန်ကျရင် အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ အစည်းအဝေးတစ်ခုနဲ့ ကြုံရတော့မယ်။ ကိစ္စတွေဟာ အလွန်ကို ချောချောမောမော ဖြစ်သွားလိမ့်မယ်လို့ ထင်ပါတယ်” ဟု ထရန့်က လီကို ပြောကြားခဲ့သည်။ အစောပိုင်းကလည်း ထရန့်သည် “လေထုထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်နေသည်”ဟု ရေးသားခဲ့သေးသည်။

ထိုစဉ် အမေရိကန်နှင့် မြောက်ကိုရီးယား အစိုးရအရာရှိများသည် Ritz-Carlton ဟိုတယ်တွင် ခေါင်းချင်းရိုက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ကိုယ်စားလှယ်များသည် ထရန့်နှင့်ကင်တို့ ပြီးမြောက်အောင် ဆွေးနွေးသင့်သည့် အထူးအချက်များကို အနှစ်ချုပ်ခဲ့ကြပြီး အဓိက ကိစ္စရပ်များအား မည်သို့ ဖြေရှင်းမည်နှင့် ပတ်သက်ပြီး ဇာတ်ညွှန်းများစွာကိုလည်း ထုတ်ခဲ့ကြသည်။

ယင်းတွေ့ဆုံမှုများသည် ဆက်ဆံရေး ပျော့ပျောင်းလာသည့် လက္ခဏာများ ဖြစ်ကြသော်လည်း တစ်ဖက်တွင်လည်း တင်းမာမှုတို့၏ အရိပ်အယောင်အဖြစ် မြောက်ကိုရီးယားသည် မည်သည့် အမေရိကန်-မြောက်ကိုရီးယား အစည်းအဝေးတွင်မဆို ပါဝင်မည့် အမေရိကန် ၀န်ထမ်းများအားလုံးကို အလွန်စေ့စပ်စွာ စစ်ဆေးပြီး သူလျှို ဟုတ် မဟုတ် မည်ကဲ့သို့ သေချာစေနိုင်မည့် အကြောင်းများကို မေးမြန်းခဲ့သည်ဟု သိရသည်။

ထရန့်နှင့် ကင်နှစ်ဦးစလုံးသည် ဇွန် ၁၀ ရက်က စင်ကာပူသို့ ရောက်လာကြပြီး လုံခြုံရေး ထူထပ်စွာချထားသော ဇိမ်ခံဟိုတယ်ကြီးများ (အချင်းချင်း တစ်မိုင်ခန့်ဝေးကွာ) တွင် တည်းခိုခဲ့ခြင်း ဖြစ်သည်။ ထရန့်မှာမူ ရှန်ဂရီလာဟိုတယ်တွင် တည်းခိုပြီး ကင်က St.Regis ဟိုတယ်တွင် တည်းခိုသည်။ “ မြောက်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုကြားက သမိုင်းဝင် အစည်းအဝေးကို ကမ္ဘာတစ်ဝန်းလုံးက စောင့်ကြည့်နေကြပါတယ်” ဟု ထရန့် က လီရှန်လွန်းကို ပြောကြားခဲ့သည်။

နျူကလီးယား ဖျက်သိမ်းရေးမှ ပုံမှန်ဆက်ဆံရေး ထူထောင်ခြင်းအထိ စင်ကာပူထိပ်သီး၌ ပါဝင်မည့် အကြောင်းအရာများ

■ နျူကလီးယား ဖျက်သိမ်းရေး – ယင်းသည် ထိပ်သီးဆွေးနွေးပွဲ၏ အဓိက အကြောင်းအရာ ဖြစ်သည်။ အမေရိကန်က မြောက်ကိုရီးယားအား အလုံးစုံယုံကြည်ရပြီး နောက်ပြန် မလှည့်နိုင်သည့် နျူကလီးယား ဖျက်သိမ်းမှုကို လုပ်ဆောင်ရန် တောင်းဆိုနေခြင်း ဖြစ်သည်။ မြောက်ကိုရီးယားကမူ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်စေရမည်ဟု အကြိမ်ကြိမ်ပြောနေသော်လည်း ကင်ဂျုံအွန်ဘက်က လိုက်လျောမည်ဟု ဆုံးဖြတ်ထားသည်မှာ မည်သည့်ကိစ္စ ဖြစ်ကြောင်းကို ယခုတိုင် ရေရေရာရာ မသိရသေးပေ။

■ ကိုရီးယားစစ်ပွဲ အဆုံးသတ်ရေး – ဇွန် ၁၂ ရက် ထိပ်သီးတွင် နောက်ထပ် ဖြစ်မြောက်နိုင်ခြေရှိသည့် သဘောတူညီချက် တစ်ခုမှာ ကိုရီးယားစစ်ပွဲ အဆုံးသတ်ရေးနှင့် ပတ်သက်၍ ဖြစ်သည်။ “ကျွန်တော်တို့ သဘောတူညီချက် တစ်ခုကို သေချာပေါက် ရရှိမှာပါ။ ထူးတော့ ထူးဆန်းပေမယ့် ဒါဟာ လွယ်ကူတဲ့ အပိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု ထရန့်က ထိုကိစ္စနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ကိုရီးယားစစ်ပွဲ အဆုံးသတ်ရန် အပြည့်အ၀ သဘောတူညီချက်ရရှိရေးမှာမူ ပိုမိုရှုပ်ထွေးပြီး မြောက်ကိုရီးယားဘက်မှ ၀င်တိုက်ပေးခဲ့သည့်အပြင် အပစ်အခတ်ရပ်စဲရေးတွင် ၀င်ရောက် လက်မှတ်ထိုးပေးခဲ့သော တရုတ်နိုင်ငံပါ ပါဝင်ရန် လိုအပ်သည်။

■ ဆက်ဆံရေး ပုံမှန်ဖြစ်လာစေရေး- ဆယ်စုနှစ်များစွာ ကြာအောင် ရန်ဘက်များ ဖြစ်ခဲ့ကြသည့် နှစ်နိုင်ငံကြားတွင် ဆက်ဆံရေး ပုံမှန်ဖြစ်လာနိုင်ပြီး ကင်အား အိမ်ဖြူတော်သို့ ဖိတ်ခေါ်ရေးအတွက်ပါ ထရန့်က ထိပ်သီးအစည်းအဝေး မတိုင်မီ မက်လုံးပေးထားခဲ့သည်။

■ လူ့အခွင့်အရေး – နောက်ထပ် မေးခွန်းတစ်ခုမှာမူ ထရန့်သည် လူ့အခွင့်အရေးကိစ္စကို ယခုထိပ်သီးတွင် ဆွေးနွေးခြင်း ရှိ မရှိ ဖြစ်သည်။ “မြောက်ကိုရီးယားဟာ အခြားနိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ တိုးမြှင့်လုပ်ဆောင် လာတာဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခုပါ။ ဒါပေမဲ့ ကင်ဂျုံအွန်ဟာ ကမ္ဘာပေါ်မှာ ဖိနှိပ်မှုအကြီးဆုံး စနစ်တစ်ခုကို ဦးဆောင်နေတယ် ဆိုတာလည်း ကမ္ဘာက သတိရဖို့ လိုပါတယ်” ဟု လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့၏ အာရှဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဘရတ်အဒမ်က ပြောကြားခဲ့သည်။

■ လုံခြုံရေး – မြောက်ကိုရီးယားဘက်မှ အဓိက စိုးရိမ်မှုမှာမူ ၎င်းတို့အစိုးရ ဆက်လက် ရပ်တည်နိုင်ခြင်း ရှိ မရှိ ဖြစ်သည်။ ကနဦးက ထရန့်၏ ရန်လိုသော အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘိုတန်က မြောက်ကိုရီးယားကို လစ်ဗျားနှင့် ခိုင်းနှိုင်းပြောခဲ့သဖြင့် ထိပ်သီးအစည်းအဝေးမှာ လမ်းလွဲလုနီးပါး ဖြစ်ခဲ့ရသေးသည်။ သို့သော် ထရန့်သည် မြောက်ကိုရီးယားတွင် အစိုးရအပြောင်းအလဲ မလုပ်ဟု ကတိပေးထားပြီး နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုမှာမူ မြောက်ကိုရီးယားကို လုံခြုံရေး အာမခံများပင် ပေးနိုင်မည်ဟု ပိုပိုသာသာ ကတိပေးထားသည်။ Ref:AFP/AP

မြောက်ကိုရီးယား၏ မည်သည့်ရန်စမှုကိုမဆို တုံ့ပြန်ရန် အသင့်ရှိနေဟု ပင်တဂွန် ထုတ်ပြန်

မေ ၂၄ ရက်က မြောက်ကိုရီးယားတွင် ပန်ဂျီရီနျူကလီးယား စမ်းသပ်သည့် နေရာအား ဖျက်ဆီးနေမှုကို ပြည်ပမီဒီယာများက မှတ်တမ်းတင်နေစဉ် (Photo – AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အွန်နှင့် ထိပ်သီးပြုလုပ်ရန် အစီအစဉ်အား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖျက်သိမ်းခဲ့ပြီးနောက် ပင်တဂွန်သည် မြောက်ကိုရီးယားထံမှ မည်သည့်ရန်စမှုကိုမဆို တုံ့ပြန်ရန် အသင့်ရှိနေကြောင်း တာဝန်ရှိသူတစ်ဦး က မေ ၂၄ ရက်တွင် သတိပေးခဲ့သည်။

“ကျွန်တော်တို့တွေ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ရောက်နေပါပြီ။ တုံ့ပြန်ဖို့ အသင့်ရှိနေပါပြီ” ဟု အမေရိကန်စစ်ဘက်၏ စစ်ဦးစီးချုပ်များအဖွဲ့ ဒါရိုက်တာ ဒုတိယဗိုလ်ချုပ်ကြီး ကင်နက်မက်ကင်ဇီးက သတင်းထောက်များအား ပြောကြားခဲ့သည်။ “လာမယ့်ရက်တွေမှာ ဘာတွေဖြစ်လာမလဲ ကြည့်ရမယ်။ (မြောက်ကိုရီးယားထံကနေ) ဘယ်လို ရန်စတဲ့လုပ်ရပ်တွေ ဖြစ်လာပါစေ ဒေသတွင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့  သဘောတူညီချက်ယူထားတဲ့အတိုင်း အတိအကျ တုံ့ပြန်သွားဖို့ အသင့်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်ကလည်း မေ ၂၄ အစောပိုင်းတွင် သမ္မတထရန့် နှင့် ဖုန်းဖြင့်စကားပြောခဲ့သည်။ သို့သော် ယင်းသည် ကင်နှင့်ထိပ်သီးအား ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ချမှတ်မှု၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် သတင်းပေးရုံသက်သက် ဟုတ်၊ မဟုတ်ကိုမူ တာဝန်ရှိသူများက မပြောကြားခဲ့ပေ။ မြောက်ကိုရီးယားအား ပြင်းထန်သော ပိတ်ဆို့အရေးယူမှု၊ သံတမန်ရေးရာ ဖိအားပေးမှု၊ စစ်ဘက် အသင့်ပြင်ထားမှုတို့ ပါဝင်သည့် ဖိအားအမြင့်ဆုံးပေးသည့် အစီအစဉ်များတွင် ပင်တဂွန်က အစိတ်အပိုင်းအဖြစ် ပါဝင်ကြောင်း ပင်တဂွန်ပြောခွင့် ရပုဂ္ဂိုလ် ဒါနာဝှိုက်က ပြောကြားခဲ့သည်။

“ကျွန်မတို့တွေ ဒီညမှာ တိုက်မယ်ဆိုရင် အဆင်သင့်ပါပဲ” ဟု မက်ကင်ဇီးနှင့်ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ၀ှိုက်က ပြောကြားခဲ့သည်။ ပင်တဂွန်သည် မြောက်ကိုရီးယားအား နိုးနိုးကြားကြား စောင့်ကြည့်မှုကို  အမြင့်ဆုံးအနေအထား၌ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း မက်ကက်ဇီးက ပြောကြားခဲ့သည်။

ကင်သို့ လိပ်မူထားသောစာတစ်စောင်တွင် ထရန့်က စင်ကာပူ၌ ဇွန် ၁၂ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် အလွန်အမင်းအရေးပါသော ထိပ်သီးကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုစာတွင် အမေရိက၏ လွန်ကဲပြီး စွမ်းအားကြီးမားသော နျူကလီးယားစွမ်းရည်များကို ထည့်သွင်းဖော်ပြထားရာ ယင်းထိပ်သီးအား ပြုလုပ်ရန် လက်ခံခဲ့ကြောင်း ၎င်းကကြေညာခဲ့သည့် အချိန်အထိ ထရန့်၏ ,၀ိသေသများဖြစ်သည့် ရန်လိုသော လေလုံးထွားမှုများသို့ ရုတ်တရက် ပြန်ပြောင်းသွားမှုလည်း ဖြစ်သည်။

နိုင်ငံများအကြား ခဏတာ ဆက်ဆံရေး ပြန်လည်ပျော့ပျောင်းခဲ့သည့် ကာလအတွင်း ပင်တဂွန်သည် ၎င်း၏စစ်ဘက်ဆိုင်ရာကို မည်သည့်အပြောင်းအလဲမှ မလုပ်ခဲ့ကြောင်း မက်ကင်ဇီးက ပြောကြားခဲ့သည်။ ထိပ်သီးဖြစ်ပေါ်တော့မည်ဟု သတင်းစတင် ထွက်ပေါ်လာမှုမှသည် ယခုကဲ့သို့ အဆုံးသတ်သွားသည့်အချိန်အထိ စစ်ဘက်ဆိုင်ရာကို မြှင့်တင်ခြင်း သို့မဟုတ် လျှော့ချခြင်းတို့ မရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သည် တောင်ကိုရီးယားတွင် တပ်ဖွဲ့ဝင် ၂၈၅၀၀ ခန့်ကို တပ်စွဲထားပြီး ၎င်းတို့ နှစ်နိုင်ငံစစ်တပ်များသည် ကိုရီးယားကျွန်းဆွယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအား ပုံမှန်ပြုလုပ်လေ့ရှိသည်။ အမေရိကန်သည် မြောက်ကိုရီးယားမှ ပစ်ခတ်လိုက်သော မည်သည့်ဒုံးများကိုမဆို ပစ်ချနိုင်ရန် ရည်ရွယ်၍ အဆင့်မြင့်ဒုံးခွင်းစနစ် THAAD ကိုလည်း တောင်ကိုရီးယားတွင် ချထားခဲ့သည်။

Ref ;AFP

ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များက ထိပ်သီးမတိုင်မီ စစ်ဘက်နယ်နိမိတ်ပိုင်းခြားမျဉ်းတွင် တွေ့ဆုံမည်

ဧပြီ ၂၆ ရက်က ကိုရီးယားနှစ်နိုင်ငံအကြား စစ်မဲ့ဇုန်ရှိ ပန်မန်ဂျွန်ရွာ တစ်ဖက်တစ်ချက်တွင် စောင့်ကြပ်နေသော တောင်နှင့်မြောက်ကိုရီးယားစစ်သားများကို တွေ့ရစဉ် (Photo: AFP)

တောင်ကိုရီးယားသမ္မတမွန်းဂျေအင်း နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့သည် ဧပြီ ၂၇ ရက်တွင် ကိုရီးယား ထိပ်သီးမကျင်းပမီ ကိုရီးယားကျွန်းဆွယ်အား ပိုင်းခြားထားသော စစ်ဘက်နယ်နိမိတ်ပိုင်းခြားမျဉ်းတွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ၏ အတွင်းဝန်ချုပ် အင်ဂျုံဆွက်က ပြောကြားခဲ့သည်။ စစ်မဲ့ဇုန်ရှိ ကိုရီးယားနှစ်နိုင်ငံအကြား နယ်စပ်၏ အမှတ်အသားဖြစ်သော ကွန်ကရိအတုံးများ ရှိသည့်နေရာတွင် မွန်းက ကင်ကို လက်ခံတွေ့ ဆုံမည်ဖြစ်သည်။

ကင်က ယင်းမျဉ်းအား ကျော်လိုက်လျှင် ပြီးခဲ့သော ၆၅ နှစ်ခန့်က အဆုံးသတ်ခဲ့သော ကိုရီးယားစစ်ပွဲအပြီး တောင်ကိုရီးယားကို ခြေချသည့် ပထမဆုံးမြောက်ကိုရီးယားခေါင်းဆောင်ဖြစ်လာမည်ဖြစ်သည်။ ၂၀၀၀ ပြည့် နှစ်နှင့် ၂၀၀၇ ခုနှစ်တို့တွင် ပြုံယမ်း၌ ကိုရီး ယား နှစ်နိုင်ငံထိပ်သီးများကို ကျင်းပခဲ့ပြီးနောက် ထိုထိပ်သီးသည် နှစ်နိုင်ငံအကြား သုံးကြိမ်မြောက်ထိပ်သီးဖြစ်လာမည်ဖြစ်သည်။ ယင်းထိပ်သီးတွင် မြောက်ကိုရီးယား၏နျူ ကလီးယား လက်နက်အစီအစဉ်သည် အဓိက ဆွေးနွေးစရာဖြစ်လာမည်ဖြစ်သည်။

မြောက်ကိုရီးယား၏နည်းပညာဆိုင်ရာ တိုးတက်မှုများကြောင့် လာမည့်ထိပ်သီးတွင် အပေးအယူပြုလုပ်မှုများသည် ၁၉၉၀ ပြည့် လွန်နှစ်များနှင့် ၂၀၀၀ ပြည့်လွန်နှစ် အစော ပိုင်းနှစ်များတွင် ရရှိခဲ့သော နျူကလီးယား  ဖျက်သိမ်းရေး သဘောတူညီချက်များနှင့် သဘောသဘာဝသည် အခြေခံအားဖြင့် ကွဲပြားလိမ့်မည်ဖြစ်ကြောင်း၊ နျူကလီးယားဖျက်သိမ်းရန် မြောက်ကိုရီးယား၏ဆန္ဒရှိမှုနှင့် ပတ်သက်၍ ခေါင်းဆောင်နှစ်ဦးက မည်သည့်အဆင့်အထိ သဘောတူညီချက်ရရှိမည့် ကိစ္စသည် အခက်ခဲဆုံးအပိုင်းဖြစ်ကြောင်း အင်ဂျုံဆွက်က ပြောကြားခဲ့သည်။

အတိတ်ကာလတွင် မြောက်ကိုရီးယားက ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ရေအတွက် ထောက်ခံပြီး အပြန်အလှန်အားဖြင့် တောင်ကိုရီးယားမှ အမေရိကန်တပ်ဖွဲ့များကို ရုပ်သိမ်းပေးရန်၊ အမေရိကန် က တောင်ကိုရီးယားအား  နျူကလီးယား တိုက်ခိုက်ခံရမှုမှ အကာအကွယ်ပေးမှုကို အဆုံးသတ်ပေးရန် တောင်းဆိုခဲ့သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မြောက်ကိုရီးယားအား  နျူကလီးယားလက်နက်များစွန့်လွှတ်ရန် တောင်းဆိုထားပြီး မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်များ စွန့်လွှတ်မှုကို အပြီးအပြတ်နှင့် ပြန်လည် ပြောင်းလဲ၍ မရနိုင်အောင် လုပ်ဆောင်ရန် ၀ါရှင်တန်က ဖိအားပေးနေသည်။

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအား တရားဝင်အဆုံးသတ်သည့် ငြိမ်းချမ်းရေးသဘော တူညီချက်ရရှိအောင် ကြိုးပမ်းရန်စိတ်ကူးကို တောင်ကိုရီးယားက မကြာသေးမီရက်များက ထုတ်ပြန်ခဲ့သည်။ စစ်ပွဲအတွင်း ကွဲကွာခဲ့သည့်မိသားစုများ ပြန်လည်ပေါင်းစည်းရေး ကိစ္စကိုလည်း ထိုထိပ်သီးတွင် ဆွေးနွေးနိုင်သည်။ ထို့ပြင် မြောက်ကိုရီးယားအေးဂျင့်များ၏ ပြန်ပေးဆွဲခံခဲ့ရသော ဂျပန်နိုင်ငံသားများ၏အရေးကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း မွန်းက ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးကို ပြောကြားခဲ့သည်။ ဧပြီ ၂၇ ရက် ထိပ် သီးသို့ မြောက်ကိုရီးယားဘက်မှ ခေါင်းဆောင်ကင်နှင့်အတူ ၎င်း၏အနီးကပ်အကြံပေးဖြစ်သော ညီမဖြစ်သူ ကင်ယိုဂျုံ၊ မြောက်ကိုရီးယား၏ရုပ်ပြခေါင်းဆောင် ကင်ယုံနမ်၊ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။