ကချင်ပြည်နယ်တွင် ပြည်ထောင်စုအစိုးရဗဟိုက ခွင့်ပြုထားသည့် မြေဧကငါးသောင်းကျော် အစိုးရက ပြန်လည်သိမ်းယူ

ကချင်ပြည်နယ်တွင် ပြည်ထောင်စု အစိုးရဗဟိုက ခွင့်ပြုထားသည့်မြေဧက ငါးသောင်းကျော် အစိုးရ ပြန်သိမ်းယူခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက ပြောကြားသည်။

ကချင်ပြည်နယ်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း မြေအမျိုးစားကို ပြည်ထောင်စု အစိုးရဗဟိုက ခွင့်ပြုထားမြေ၊ ပြည်နယ် အစိုးရလုပ်ငန်းအဖွဲ့က ခွင့်ပြုထားမြေ၊ ဒေသအာဏာပိုင်က ခွင့်ပြုထားမြေ သုံးမျိုးအနက် ပြည်ထောင်စုအစိုးရ ဗဟိုခွင့်ပြုမြေကို ပြည်နယ်အစိုးရမှ လုပ်ပိုင်ခွင့်မရှိသဖြင့် ပြည်နယ်မြေလွတ်၊ မြေလပ်၊ မြေရိုင်း အထူးအဖွဲ့က စိစစ်၍ ပြည်ထောင်စုသို့ တင်ပြခဲ့ပြီးနောက် ပြည်ထောင်စုက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဦးမြသိန်းက “မြေလွတ်၊ မြေလပ်၊ မြေရိုင်းခွင့်ပြုတာ သုံးမျိုးရှိတယ်။ ဒေသအာဏာပိုင်ခွင့်ပြု၊ ပြည်နယ်လုပ်ငန်း အဖွဲ့ခွင့်ပြု၊ ပြည်ထောင်စုဗဟိုခွင့်ပြုပေါ့။ ဒေသအာဏာပိုင်ခွင့်ပြုနှင့် ပြည်နယ်လုပ်ငန်းအဖွဲ့ ခွင့်ပြု နှစ်မျိုးကို ၂၀၁၂ ဥပဒေအရ ပေးပိုင်ခွင့်၊ ခွင့်ပြုပိုင်ခွင့် မရှိလို့ မနှစ်က ကျွန်တော်တို့ ပြန်သိမ်းလိုက်ပြီဆိုတဲ့ အမိန့်ထွက်တယ်။ ဗဟိုခွင့်ပြုက ၂၀၁၈ ဇူလိုင် ၁၇ ရက်မှာ ဆုံးဖြတ်တယ်။ ကျွန်တော့်ဆီ သြဂုတ်လထဲ စာရောက်လာတယ်။ ဧကငါးသောင်း ကျော်ပါတယ်။ ပြန်သိမ်းတာက လေးနှစ်အတွင်း အကောင်အထည် မဖော်လို့ ပြန်သိမ်းတာပါ။ လုပ်ငန်းအကောင်အထည် ဖော်ထားပြီးသားတွေကိုလည်း ပြန်လည် လျှောက်ထားရမယ်။ ခွင့်ပြုမိန့်အသစ်ချမယ်လို့ မူချထားပါတယ်” ဟုပြောကြားသည်။

ကချင်ပြည်နယ်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း မြေအမျိုးအစားကို ပြည်ထောင်စု အစိုးရဗဟိုက ခွင့်ပြုထားမြေ၊ ပြည်နယ်အစိုးရ လုပ်ငန်းအဖွဲ့ ခွင့်ပြုထားမြေ၊ ဒေသအာဏာပိုင် ခွင့်ပြုထားမြေများဖြစ်ပြီး ဧကပေါင်း ၁၃၉၀၀၀၀ ကျော်အနက် ဧကပေါင်း ၈၀၀၀၀ ကျော်သာ အကောင်အထည်ဖော်ခြင်း ဖြစ်သဖြင့် အောက်ခြေအထိ စိစစ်ပြီး သိမ်းယူရန် ပြည်ထောင်စုအစိုးရသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းမြေဧကများကို  ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများက အစိုးရ အဆက်ဆက်တွင် ရယူထားခြင်းဖြစ်ပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေအရ လေးနှစ်အတွင်း အကောင်အထည်ဖော်ခြင်း မရှိသဖြင့် သိမ်းယူရခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဦးမြသိန်းက “အခုမြေတွေကို အစိုးရက ဥပဒေအရ စိုက်ပျိုးထားရင်ပြန်လျှောက် မလုပ်တာကို ပြန်သိမ်းတာပေါ့။ အားလုံးကိုချုပ်ရင် အစိုးရမြေ ဘယ်လောက်ရှိမလဲ သိရမှာပေါ့။ စိုက်ပျိုးပြီး မလျှောက်ရင် အစိုးရက ကျူးမြေသတ်မှတ်မှာပေါ့။ အစိုးရက တရားစွဲတာတွေလည်း လုပ်လို့ရတယ်။ ဥပဒေအရက လေးနှစ်အတွင်း အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သဘာဝဘေး၊ စစ်ဘေးဒဏ်တွေကြောင့် ချွတ်ယွင်းချက်တော့ရှိတယ်” ဟု ဆိုသည်။

မြေယာပြဿနာများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က၂၀၁၈ ခုနှစ်မတိုင်ခင် ဖြေရှင်းကြရန် ညွှန်ကြားထားပြီး ကာလအားဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း မြေယာပြဿနာကို ဖြေရှင်းရန် စာထွက်ထားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက ဆိုသည်။

“ကချင်၊ ကယား၊ ချင်း၊ ပဲခူး စိုက်ပျိုးရေး ၀န်ကြီးတွေနဲ့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့တွေ့တော့ မြေယာပြဿနာ ရှင်းတာနှေးတယ်လို့ ပြောတယ်။ ၈၈ ခုနှစ် အရှေ့ပိုင်းတွေ ရှင်းနေရင်ပြီးမှာ မဟုတ်ဘူးလို့ ပဲခူးတိုင်းက ၀န်ကြီးထောက်ပြတယ်။ ကျွန်တော်တို့လည်း သဘောတူတယ်။ အဲဒါကြောင့် ၈၈ ခုနှစ် နောက်ပိုင်း မြေယာပြဿနာကို အဓိက ဖြေရှင်းနေတယ်။ အဲဒီနောက်ပိုင်းမှာပဲ အဓမ္မ သိမ်းယူတာကို အများဆုံး ဖြစ်နေတာ တွေ့ရတယ်။ အင်္ဂလိပ်ခေတ်က မြေသိမ်းဥပဒေအတိုင်း သွားရင်တောင် မြေယာပြဿနာက မကြီးများဘူး။ ဥပဒေအရ သိမ်းလို့ရတယ်။ လျော်ကြေးပေးရမယ်။ လျော်ကြေးမပေးရင် မြေပြန်ပေးရုံပဲ။ ခုကဥပဒေအတိုင်း မလုပ်လာခဲ့ကြလို့ မြေယာပြဿနာကြီးနေတာ” ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက ပြောကြားသည်။

ပြည်ထောင်စု ဗဟိုမှပြန်လည် သိမ်းယူခဲ့သည့် မြေများတွင် ဖားကန့်မြို့နယ် လီဒိုလမ်းတစ်လျှောက်ရှိ ယုဇနကုမ္ပဏီ အပါအ၀င် အခြားသော ကုမ္ပဏီများလည်း ပါဝင်ခဲ့ပြီး ဧကပေါင်း ၂၈၀၀၀ ကျော်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ထုတ်ပြန်သော မြေလွတ်၊ မြေရိုင်း စီမံခန့်ခွဲ့ရေး နည်းဥပဒေအရ နှစ်ရှည် သီးနှံစိုက်ပျိုးမြေ ဖြစ်ပါက တစ်နှစ်လျှင် တစ်ဧက ကျပ် ၃၀၀၀၊ ဥယျာဉ်ခြံ သီးနှံစိုက်ပျိုးမြေ ဖြစ်ပါက တစ်နှစ်လျှင် ကျပ် ၂၀၀၀ အ ခွန်ရှိပြီး ငှက်ပျောစိုက်ဧကများနှင့် နှစ်ရှည်သီးနှံခြံမြေများမှာ အခွန်ကောက်ခံရရှိမှု မရှိသေးဟု သိရသည်။

 

မြန်မာနိုင်ငံတွ င်ကျင့်သုံးနေသည့် မြေအရင်းအမြစ်ဥပဒေများနှင့် စီမံခန့်ခွဲပုံအချို့မှာ သက်တမ်း နှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်၍ ခေတ်အခြေအနေနှင့်ကိုက်ညီပြီး တရားမျှတမှုရှုထောင့်များဖြင့် ပြင်ဆင်ရန်လိုအပ်ဟု အကြံပြု

မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် မြေအရင်းအမြစ်ဥပဒေများနှင့် စီမံခန့်ခွဲပုံအချို့မှာ သက်တမ်း နှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်၍ ခေတ်အခြေအနေနှင့်ကိုက်ညီပြီး တရားမျှတမှုရှုထောင့်များဖြင့် ပြင်ဆင်ရန်လိုအပ်ကြောင်း အကြံပြုမှုများရှိနေသည်။ နေပြည်တော်တွင် ဧပြီ ၆ ရက်က အမျိုးသားမြေအသုံးချမှုကောင်စီ၏ ပထမအကြိမ် အစည်းအဝေးကိုကျင်းပခဲ့ပြီး အစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့သည်။

အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မြေအသုံးချမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ၊ မြေပုံများ တိကျပြည့်စုံမှုမရှိခြင်းကြောင့် စီမံခန့်ခွဲသူများနှင့် ပြည်သူများအကြား လုပ်ကိုင်ခွင့်၊ ပိုင်ဆိုင်ခွင့် အငြင်းပွားခြင်း၊ မြေမဲ့ယာမဲ့နှင့် မြေကျူးကျော်မှုများဖြစ်ပွားခြင်း စသော မြေယာပြဿနာများကို ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် မြေနှင့်ဆက်စပ်ပြီး စီမံခန့်ခွဲလုပ်ကိုင်ဆောင်ရွက်နေသည့် အစိုးရဌာန၊ အဖွဲ့အစည်းများရှိပြီး အဆိုပါဌာနအဖွဲ့အစည်းများက ပြဋ္ဌာန်းကျင့်သုံးနေသည့် မြေနှင့်ဆက်စပ်သည့်ဥပဒေများ သဟဇာတဖြစ်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် မြေအရင်းအမြစ်ဥပဒေများနှင့် စီမံခန့်ခွဲပုံအချို့မှာ သက်တမ်းနှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်၍ ယနေ့ခေတ်၏အခြေအနေများနှင့် ကိုက်ညီဆီလျော်မှု၊ လူထုအကျိုးစီးပွားသယ်ပိုးနိုင်မှု၊ တရားမျှတမှု ရှုထောင့်များမှနေ၍ အလေးထားဆန်းစစ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ အင်္ဂလိပ်လက်ထက်ကတည်းကိုက မြေနဲ့ပတ်သက်လို့ အောက်မြန်မာပြည်မြေများနှင့် ကျေးရွာများအက်ဥပဒေ၊ အထက်ပါမြန်မာပြည်မြေများနှင့် ကျေးရွာများအက်ဥပဒေဆိုတာရှိတယ်။ အင်္ဂလိပ်ခေတ်က ဥပဒေတွေပေါ့။ နောက်ပြီးတော့ မြေသိမ်းတဲ့ဥပဒေတွေရှိတယ်။ ပြောသလိုပဲ အဲဒါတွေက နှစ်ကရာချီနေပြီ။ နောက်တစ်ခု မြေနဲ့ပတ်သက်လို့ လယ်ယာမြေရှိတယ်။ သစ်တောမြေရှိတယ် အစရှိသဖြင့် မြေတွေအများကြီးရှိတယ်” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ထန်းတပင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ပြောကြားသည်။

လက်ရှိတွင် အောက်မြန်မာပြည်မြေများနှင့် ကျေးရွာများအက်ဥပဒေ၊ အထက်ပါမြန်မာပြည်မြေများနှင့် ကျေးရွာများအက်ဥပဒေ စသည့်ဥပဒေများကို ပြန်လည်လေ့လာပြီး ကိုင်တွယ်ရန်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးနေမျိုးထွန်းက ပြောကြားသည်။

“အဲဒီတော့ နိုင်ငံတကာမှာ မူအရဆိုရင် တခြားနိုင်ငံတွေမှာဆိုရင် Land အာဏာပိုင် အဖွဲ့အစည်းပေါ့။ မြေနဲ့ပတ်သက်တဲ့ အာဏာပိုင်အဖွဲ့အစည်းက တစ်ခုပဲရှိတယ်။ တချို့နိုင်ငံတွေမှာဆိုရင် ၀န်ကြီးဌာန Land Ministery တောင်ထားတယ်ဗျာ။ အခုဟာက ကျွန်တော်တို့နိုင်ငံမှာက ရှုပ်နေတာကသိတဲ့အတိုင်းပဲ။ မြို့ပေါ်မှာဆိုလို့ရှိရင် ဂရန်မြေ၊ ပါမစ်မြေ၊ နောက်ပြီးကျတော့ ဘိုးဘွားပိုင်မြေ၊ မြေတွေက အများကြီးရှိတယ်” ဟု ဦးနေမျိုးထွန်းက ပြောကြားသည်။

မြေယာမူဝါဒများ၊ မြေနှင့်ပတ်သက်သည့် ဥပဒေများကိုလည်း ပြောင်းလဲပြင်ဆင်ရန်လိုကြောင်း ဦးနေမျိုးထွန်းက ပြောကြားသည်။

“အဲဒါတွေကို တစုတစည်းတည်းရှိဖို့လိုပြီ။ လိုတော့ ယခင်အစိုးရလက်ထက်နဲ့ ကျွန်တော်တို့အစိုးရလက်ထက် အပြောင်းအလဲမှာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှာ မြေယာမူဝါဒဆိုပြီး ချသွားတာရှိတယ်။ မြေယာမူဝါဒမှာ တချို့နေရာလေးတွေ ကောင်းပါတယ်။ အဲဒီတော့ ပြောချင်တာက မြေယာမူဝါဒကိုလည်းချဖို့လိုတယ်။ မြေနဲ့ပတ်သက်လို့ စီမံခန့်ခွဲတဲ့နေရာမှာလည်း တသီးတခြားရှိဖို့လည်းလိုတယ်။ နိုင်ငံတော်အကျိုးအတွက်ဆိုရင် သစ်တောမြေကို ဘယ်လိုလုပ်မလဲ။ မြေယာတွေနဲ့ပတ်သက်လို့ နိုင်ငံတော်ပိုင်တဲ့ မြေယာမှန်သမျှကို မြေယာပိုင်အဖွဲ့အစည်းတစ်ခုတည်းကပဲ ဆောင်ရွက်တာအကောင်းဆုံးလို့ ကျွန်တော်ထင်တယ်” ဟု ဦးနေမျိုးထွန်းက သုံးသပ်ပြောကြားသည်။

မြေယာစီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသည့် လက်ရှိဥပဒေများကို လေ့လာဆန်းစစ်ပြီး အဆိုပါဥပဒေများကို လွှမ်းခြုံသည့် သဟဇာတဖြစ်မည့် အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းပေးရမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

“မြေနဲ့ပတ်သက်လို့ Mother Law ပေါ့။ အဲဒါတစ်ခုတင်ဖို့အတွက်ကို သူတို့ကြိုးစားနေတာတွေရှိတယ်။ လွှတ်တော်မှာလည်း လာပြီးတော့မှ မြေယာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်တဲ့ မြေစာရင်းဦးစီးဌာန အငြိမ်းစားပညာရှင်တွေပေါ့။ နောက်တစ်ခါ ဥပဒေအကြံပေးကော်မရှင်တို့၊ ဘာတို့နဲ့ ဆွေးနွေးနေတာတွေလည်း ကြုံခဲ့ရတယ်ဆိုတော့ အဲဒါကမလုပ်လို့မဖြစ်ဘူး။ မှန်ပါတယ်။ ဒုတိယသမ္မတပြောတာ မှန်ပါတယ်။ မြေယာနဲ့ပတ်သက်လို့ အင်္ဂလိပ်ခေတ်ကတည်းက ပြဋ္ဌာန်းထားတာတွေက ဒီနေ့ခေတ်ဥပဒေနဲ့ မညီတာတွေလည်းရှိတယ်” ဟု လက်ပံတန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက ပြောကြားသည်။

မြေယာပြဿနာများနှင့်ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီသို့ ရောက်ရှိသည့် တိုင်ကြားစာအမှုတွဲပေါင်း ၆၃၂၀ မှုရှိပြီး ဗဟိုကော်မတီ၏စိစစ်မှုများအရ တိုင်ကြားစာအမှုတွဲ ၆၆၉ မှုသာ ဖြေရှင်းဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတောင် အတက်လမ်းဘေး မြေခုနစ်ဧကကျော်အား တစ်ဦးတည်း ဂရန်ချထားပေးမှုကို ပြန်လည်စိစစ်ပေးရန် တင်ပြထား

စစ်ကိုင်းတောင်တက်လမ်း တစ်နေရာကို တွေ့ရစဉ်

စစ်ကိုင်းတောင်အတက်လမ်းဘေး မြေခုနစ်ဧကကျော်အား တစ်ဦးတည်းဂရန်ချထားပေးမှုကို ပြန်လည်စိစစ်ပေးရန် ဒေသခံများက စစ်ကိုင်းမြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီထံ တင်ပြထားကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်၊ ဆန်းသစ်ရပ် စစ်ကိုင်းတောင်အတက်လမ်း (ဆွမ်းဦးပုညရှင်အတက်လမ်း) ဘေးရှိ ကွင်းအမှတ် (၇၈၈) ဦးပိုင်အမှတ် ၁၉/၁ မြေ ၁ ဒသမ ၀၂ ဧက နှင့်  င်္၅၄ ဧရိယာ မြေ ၆ ဒသမ ၅၁ အား ၂၀၁၀ ပြည့်နှစ်တွင် စစ်ကိုင်းခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ကောင်းမြန်မာအောင်ကုမ္ပဏီအား ပန်းပုလက်ရာ အရောင်းပြခန်းပြုလုပ်ရန် နှစ် ၃၀ မြေငှားဂရန်ချထားပေးခဲ့ကြောင်း၊ ယခု လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း မပြုဘဲ သံဆူးကြိုးများ ကာရံခတ်ထားသောကြောင့် ဒေသခံများက အဆိုပါမြေနေရာအား ဂရန်ချထားပေးမှုအပေါ် ပြန်လည်စိစစ်ပေးရန် တင်ပြထားကြောင်း သိရသည်။

“လုပ်ငန်းအကောင်အထည်ဖော် ဆောင် ရွက်ခြင်းမရှိဘဲ သံဆူးကြိုးတွေကာထားတယ်။ ဒီမြေနေရာက အရင်က ယာမြေတွေပေါ့။ န၀တအစိုးရလက်ထက် သစ်တောပိုင်မြေဖြစ် သွားတယ်။ ဒီနေရာကို ဓမ္မစကြာဥယျာဉ်လုပ်ဖို့ လျာထားကြပေမယ့် ကံတလူနားကို ဓမ္မစကြာ ဥယျာဉ်ရောက်သွားတော့ သစ်တောက ကိုးခရိုင်စိမ်းလန်းစိုပြေရေးဆိုပြီး ဆက်လက်ထိန်းသိမ်းခဲ့တယ်။၂၀၁၀ နောက်မှာ တစ်ဦး တည်းကို ချထားပေးလိုက်တယ်လို့ သိခဲ့တယ်။ ဒီနေရာက စစ်ကိုင်းတောင်ကို စတက်တဲ့နေရာကောင်းပေါ့။ ဒေသခံတွေအတွက် နစ်နာတယ်။ဒါကြောင့် မြို့နယ်ကိုတင်ပြထားပါတယ်။ ဒီနေရာက အစိုးရရဲ့ စီမံခန့်ခွဲမှု အောက်ပဲ ရှိသင့်တဲ့မြေနေရာပါ” ဟု သောတာပန်ရပ်ကွက်မှ ဦးကျော်ဆန်းက ပြောကြားသည်။

သံဆူးကြိုးခတ်ထားသော မြေနေရာထဲ၌ ယာမြေနှစ်ဧက ပါဝင်သောကြောင့် မြေယာပိုင်ဆိုင်သူနှစ်ဦးကလည်း ပြန်လည်စိစစ်ပေးရန် စစ်ကိုင်းမြို့နယ် လယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီထံ တင်ပြထားကြောင်း သိရပြီး  အဆိုပါမြေနေရာသည် စစ်ကိုင်းတောင်သို့ န၀တ၊ နအဖအစိုးရအဖွဲ့ဝင်များ လာရောက်သည့်အခါ ဟက်စကီးကွင်းအဖြစ် အသုံးပြုခဲ့သောမြေနေရာဖြစ်ကြောင်း သိရသည်။

“ဒေသခံတွေတင်ပြချက်ကို ပြန်လည်စိစစ်တော့ ဒီမြေနေရာက စီမံကိန်းအကောင် အထည်မဖော်ခြင်း၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းမရှိခြင်း၊ ဒေသအကျိုးစီးပွား မဖြစ်ထွန်းခြင်း၊ အငြင်းပွားဖွယ်မြေယာပိုင်သူရှိ နေခြင်းတွေကိုတွေ့ရှိရတယ်။ ခရိုင်နဲ့ တိုင်းကိုဆက်တင်ပြထားပါတယ်”  ဟု စစ်ကိုင်းမြို့နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ  အဖွဲ့ဝင် ဦးခင်မောင်လတ်က ပြောကြားသည်။