တရုတ်နိုင်ငံမှ မှောင်ခို တင်သွင်းလာသည့် မြေဆီကား ၃၁ စီး ထိန်းသိမ်းထားပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့က စုံခုံဖွဲ့ စစ်ဆေးမည်

တရုတ်နိုင်ငံမှ မှောင်ခို တင်သွင်းလာသည့် မြေဆီကား ၃၁ စီး ထိန်းသိမ်းထားပြီး ယင်းကိစ္စကို စုံခုံဖွဲ့ စစ်ဆေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း ဦးဆောင်သည့်အဖွဲ့က သြဂုတ် ၂ ရက်က ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ကချင်ပြည်နယ် အစိုးရအဖွဲ့က ယင်းကိစ္စနှင့် ပတ်သက်၍ စုံခုံဖွဲ့ စစ်ဆေးရန်ရှိပြီး လက်ရှိတွင် ကား ၁၃ စီးကို ဖွင့်ဖောက် စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးမှုကို ဦးဆောင်ခဲ့သည့် ဘဏ္ဍာ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက “တရုတ်က တင်သွင်းလာတဲ့ တရားမ၀င်လို့ ယူဆရတဲ့ မြေဆီကားတွေကို စစ်ဆေးတာ ကား ၁၃ စီး ရှိပါပြီ။ မြေဆီအမျိုးအစား အများဆုံးပါ။ ပိုးသတ်ဆေးလို ဟာမျိုးတွေလည်း ပါပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားမှာပါ။ အဓိကတော့ တစ်ရှူး ငှက်ပျော စိုက်ပျိုးရေးတွေမှာ သုံးစွဲဖို့ မြေသြဇာတွေပါ”ဟု ပြောကြားသည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး (BLO – Border Liaison Office) မှတစ်ဆင့် အဆက်အသွယ် လုပ်ထားပြီး ၀င်လာသည့် ကားအရေအတွက်၊ မည်သည့် ပစ္စည်းများ သယ်လာသည်၊ အရေအတွက် မည်မျှ ဖြစ်သည်ဆိုသည်ကို တရားဝင် မေးမြန်းထားကြောင်း ပြောကြားသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မျိုးသူရတင်က “တရုတ်မြေဆီကားတွေနဲ့ ပတ်သက်ပြီး စစ်ဆေးဆဲ ရှိပါသေးတယ်။ အမှု မဖွင့်နိုင်သေးပါဘူး။ တချို့ကားကို ၀ိုင်းမော်မှာ ထိန်းသိမ်းထားပြီး မြစ်ကြီးနားကို သယ်ပြီး ဖွင့်ဖောက် စစ်ဆေးနေပါတယ်။ အကောက်ခွန်မဲ့တို့၊ မြေဆီတို့နဲ့ ပတ်သက်ရင် သက်ဆိုင်ရာအဖွဲ့တွေကပဲ စစ်ဆေးနေပါတယ်။ တရားမ၀င် ၀င်ရောက်လာတဲ့ တရုတ်နိုင်ငံသား နှစ်ဦးကိုတော့ လ၀ကအက်နဲ့ အရေးယူ အမှုဖွင့်ထားပါပြီ”ဟု ပြောကြားသည်။

ယင်းကားများသည် မြန်မာ-တရုတ် ကန်ပိုင်တည် နယ်စပ်ဂိတ်ကို (အပေါ်လမ်း) မှောင်ခိုလမ်းဖြင့် ကျော်ဖြတ်လာပြီးနောက် လမ်းကြောင်း တစ်ခုတည်းသာရှိသည့် နယ်ခြားစောင့် တပ်ရင်းဂိတ်၊ ဆဒုံးမြို့အ၀င် ဂိတ်ကြီးများနှင့် ဂိတ်ငယ်အချို့ကို ဖြစ်ကျော်လာခဲ့ခြင်း ဖြစ်သည်။