ကျပ်သိန်း ၃၀၀၀ ဆု အောင်ဘာလေ ထီလက်မှတ်ကို လိမ်လည် ခိုးယူသွားသည့် အမျိုးသားအား ပေါက်မြို့နယ် ရေပြာနယ်မြေရဲစခန်းတွင် အမှုဖွင့်

(၁၈) ကြိမ်မြောက်တွင် သိန်း ၃၀၀၀ ကံထူးသော ထီလက်မှတ်ကို လိမ်လည် ခိုးယူသွားသည့် အမျိုးသားအား ပေါက်မြို့နယ် ရေပြာနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အဆိုပါ နယ်မြေရဲစခန်းမှ စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် သရက်ကန်ကျေးရွာအုပ်စု၊ လက်ပံတိုရွာမှ အသက် ၃၇ နှစ်ရှိ မတင်စန်း နှင့် မိသားစုသည် ပြီးခဲ့သည့် သြဂုတ်အတွင်း က မိုးယံထီဆိုင်မှ ၄၆ စောင်ပါ ထီအုပ် တစ်အုပ်ကို ကံစမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် အောင်ဘာလေထီ ထွက်ရှိသည့် စက်တင်ဘာ ၁ ရက်တွင် ထီပေါက်စဉ် အလွယ်တကူ မရှိသောကြောင့် ထိုးထားသည့် ထီကို မတိုက်ဘဲ အမှုမဲ့အမှတ်မဲ့ နေခဲ့ကြောင်း၊ စက်တင်ဘာ ၆ ရက်တွင် အမည်မသိ အမျိုးသားတစ်ဦး (ထီရောင်းသူဟု ဆိုသူ) နေအိမ်သို့ ရောက်လာပြီး ထီပေါက်စဉ် တိုက်ပေးမည်ဟု ဆိုကာ ထီလက်မှတ်များကို တောင်းခံခဲ့ကြောင်း၊ တိုက်ကြည့်ပြီး မပေါက်ကြောင်းပြော၍ ပြန်ထွက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသား ပြန်ထွက်သွားချိန်တွင် ထီ ၄၆ ရွက်အနက် ယ- ၈၆၉၁၈၂ ထီလက်မှတ် တစ်ခု ပျောက်ဆုံးနေ၍ ထီပေါက်စဉ်နှင့် ပြန်စစ်ကြည့်ရာ သိန်း ၃၀၀၀ ပေါက်သည့် လက်မှတ်ဖြစ်နေသဖြင့် ထီလက်မှတ်အား လိမ်လည် ယူဆောင်သွားခဲ့သည့် အမျိုးသားအား စုံစမ်းစစ်ဆေးပေးပါရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

သိန်း ၃၀၀၀ ထီပေါက်သူ၏ မိသားစုဝင်တစ်ဦးက “ရွာခံ မဟုတ်ပါဘူး။ ရွာကလည်း မသိဘူး။ သူ့ကိုယ်သူ ရွှေမြန်မာက ထီရောင်းတဲ့သူ လို့တော့ ပြောတယ်၊ ပြီးတော့ ထီတိုက်တယ်၊ မပေါက်ဘူးဆိုပြီး ပြန်သွားတယ်၊ ပြန်ရမလားတော့ မသိဘူး။ ရန်ကုန်က အောင်ဘာလေကိုတော့ ထုတ်မပေးဖို့ အကြောင်းကြားထားတယ်”ဟု သိန်း ၃၀၀၀ ထီပေါက်သူ၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ထီပေါက်သည်ကို ရောင်းသူက အကြောင်းမကြားမီ လိမ်လည် ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ထီပေါက်သည့် မိသားစုထံမှ သိရသည်။

“ထီက နှစ်ဖွဲ့ ဖြစ်နေတာပေါ့။ တစ်ဖွဲ့က ရောင်းခဲ့တယ်၊ တစ်ဖွဲ့က လာပြီး ခိုးသွားတယ်၊ အဲဒီလိုဖြစ်တာ ကျွန်တော်တို့ကတော့ ပိတ်ပစ်ခဲ့တယ်။ ဒီထီလက်မှတ်နဲ့ လာထုတ်ရင် မထုတ်ပေးဖို့ကို လျှောက်လွှာတင်ခဲ့တယ်။ ထီဆိုင်တွေကတော့ လက်ကားကြီးတွေ ဖြန့်တာဆိုတော့ အတိအကျကြီး မလိုက်ပေးနိုင်ဘူးပေါ့”ဟု လက်ပံတိုရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှုဖြစ်စဉ်မှ ထီလက်မှတ် လိမ်လည် ခိုးယူခဲ့သူအား ရေပြာနယ်မြေ ရဲစခန်းတွင် (ပ) ၈၂/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကျပ်ငါးရာတန် အောင်ဘာလေထီ ဖွင့်လှစ်သည့် ခြောက်လအတွင်း ကျပ်သိန်း သုံးထောင်ဆု အပါအ၀င် ဆုငွေ လာရောက်ထုတ်ယူခြင်း မရှိသည့် ထီလက်မှတ် ခုနစ်သောင်းကျော် ရှိကြောင်းနှင့် ယခုလ ပထမအပတ်အတွင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားပြီး ဆုမဲများကို ထီဖွင့်လှစ်သည့်နေ့မှ တစ်နှစ်အတွင်း လာရောက်ထုတ်ယူခြင်း မရှိပါက ယင်းဆုငွေအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းမည်ဖြစ်ကြောင်း ကြေညာထားသည်။

 

(၁၅) ကြိမ်မြောက် ကျပ် ၅၀၀ တန်အောင်ဘာလေထီတွင် အက္ခရာ ၄၅ လုံး ရောင်းချခဲ့ပြီး ဆုမဲပေါင်း ၁၂၄၁၈၂ ဆု ဖွင့်လှစ်ပေးမည်

ရန်ကုန်မြို့တွင်းရှိ အောင်ဘာလေထီရောင်းချသည့်ဆိုင်မှ ပြည်သူတစ်ဦး ထီဝယ်ယူနေစဉ် (ဓာတ်ပုံ – ကြည်နိုင်)

(၁၅) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် အက္ခရာအလုံးရေကို အနည်းငယ် ပြန်လည်တိုးမြှင့်ထားပြီး ‘က’ အက္ခရာမှ ‘ကဌ’ အက္ခရာအထိ အက္ခရာ အလုံးရေ ၄၅ လုံး ခွဲဝေရောင်းချခဲ့ရာ ဆုမဲပေါင်း ၁၂၄၁၈၂ ဆု ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

၂၀၁၈ ခုနှစ် ဇွန် ၁ ရက်တွင် ဖွင့်လှစ်မည့် (၁၅) ကြိမ်မြောက်တွင် ကျပ်သိန်းတစ်သောင်းဆုတစ်ဆု၊ ကျပ်သိန်းငါးထောင်ဆုနှစ်ဆု၊ ကျပ်သိန်းသုံးထောင်ဆုနှစ်ဆု၊ ကျပ်သိန်းတစ်ထောင်ဆု ငါးဆု၊ ကျပ်သိန်းငါးရာ ဆုခုနစ်ဆု၊ ကျပ်သိန်းသုံးရာဆု ၁၁ ဆု အပါအ၀င် ဆုမဲများ ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။ ယခုလဖွင့်လှစ်ပေးမည့် ဆုကြီးအချို့နှင့် ဆုမဲအရေအတွက်မှာ ယခင်လထက် ပိုများလာကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သည့် (၁၄) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် ‘က’ အက္ခရာမှ ‘ကည’ အက္ခရာအထိ အက္ခရာ ၄၃ လုံး ရောင်းချပေးခဲ့ပြီး ဆုမဲပေါင်း ၁၂၄၁၅၈ ဆု ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

(၁၄) ကြိမ်မြောက်တွင် ကျပ်သိန်းတစ်သောင်းဆုတစ်ဆု၊ ကျပ်သိန်းငါးထောင်ဆု နှစ်ဆု၊ ကျပ်သိန်းသုံးထောင်ဆုနှစ်ဆု၊ ကျပ်သိန်းတစ်ထောင်ဆု သုံးဆု၊ ကျပ်သိန်း ၅၀၀ ဆု ငါးဆု၊ ကျပ်သိန်း ၃၀၀ ဆု ခုနစ်ဆု၊ ကျပ်သိန်း ၁၀၀ ဆု ရှစ်ဆုနှင့် ကျပ်သိန်း ၅၀ ဆု ကိုးဆုစသည်ဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး ဆုကြီး အချို့အပါအ၀င် ဆုအရေအတွက်ကို အနည်းငယ် လျှော့ချခဲ့ကြောင်း သိရသည်။

အက္ခရာ ၄၇ လုံးရောင်းချပေးစဉ်က ဆုမဲပေါင်း ၁၂၄၂၀၄ ဆုဖွင့်လှစ်ပေးခဲ့ပြီး ကျပ်သိန်းတစ်သောင်းဆုတစ်ဆု၊ ကျပ်သိန်း ၅၀၀၀ ဆုနှစ် ဆုနှင့် ကျပ်သိန်းသုံးထောင်ဆုသုံးဆု၊ ကျပ်သိန်းတစ်ထောင်ဆု ခြောက်ဆု၊ ကျပ် သိန်း ၅၀၀ ဆု ရှစ်ဆု၊ ကျပ်သိန်း ၃၀၀ ဆု ၁၁ ဆု စသည်ဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

လတ်တလောတွင် ကျပ် ၁၀၀၀ တန် ထီကို ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း သို့မဟုတ် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ရောင်းချဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းမှာတင်ပြထားဆဲသာဖြစ်ပြီး ခွင့်ပြုမပြုဆိုသည်ကို မသိရသေးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ကျပ်သိန်းတစ်သောင်းဆုကို ရှမ်းပြည်နယ်က အများဆုံးအဖြစ် လေးကြိမ်အထိ ကံထူးရှင်ထွက်ပေါ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးက နှစ်ကြိမ်၊ မန္တလေးတိုင်းဒေသကြီးက နှစ်ကြိမ်၊ မကွေးတိုင်းဒေသကြီးက တစ်ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးက တစ်ကြိမ်၊ ရခိုင်ပြည်နယ်က တစ်ကြိမ်နှင့် ကရင်ပြည်နယ်က တစ်ကြိမ်စီ ကံထူးရှင် ထွက်ပေါ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နှစ်ကြိမ်မှာ ကံထူးရှင်ကို သိရခြင်းမရှိပေ။

ကျပ် ၅၀၀ တန် အောင်ဘာလေထီအပြင် ကျပ်တစ်ထောင်တန် အောင်ဘာလေထီကိုပါ တွဲဖက်ရောင်းချနိုင်ရန် တင်ပြထားဆဲသာဖြစ်ဟုဆို

ကျပ် ၅၀၀ တန် အောင်ဘာလေထီအပြင် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီကိုပါ တွဲဖက်ရောင်းချနိုင်ရန်အတွက် တင်ပြထားဆဲသာဖြစ်ပြီး ခွင့်ပြု မပြုဆိုသည်ကို မသိရသေးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ကျပ် ၅၀၀ တန် အောင်ဘာလေထီကို ၂၀၁၇ မတ်လအတွင်း စတင်ရောင်းချကာ ၂၀၁၇ ဧပြီ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်ခန့်အကြာတွင် ထိုသို့စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။

“ကျပ်တစ်ထောင်တန်ထီကိစ္စက တင်ပြထားတုန်းဖြစ်ပါတယ်။ ရောင်းဖြစ်မယ် မဖြစ်ဘူးဆိုတာ မသိရသေးပါဘူး။ ကျပ် ၅၀၀ တန် အောင်ဘာလေထီ ရောင်းပြီးနောက်ပိုင်းမှာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်အတွင်း အောင်ဘာလေသိန်းဆုခွန်ကတော့ ဟိုးတစ်နှစ်ကထက် နှစ်ဆကျော် ပိုရခဲ့ပါတယ်” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

ကျပ်တစ်ထောင်တန်ထီကို ရောင်းချဖြစ်ပါက ဆုမဲများလည်း ပိုမိုတိုးမြှင့် ဖွင့်လှစ်ပေးနိုင်မည်ဟုဆိုသည်။ သို့သော် ယင်းမှာ ထီဝယ်လိုအားအပေါ်တွင်လည်း မူတည်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

လက်ရှိတွင် ကျပ် ၅၀၀ တန်ထီမှာ ပြင်ပဈေးကွက်၌ ၁၀ စောင်တွဲထိုးပါက ကျပ် ၆၀၀၀ ၀န်းကျင်ခန့်ရှိနေပြီး ထီဝါသနာရှင်များအနေဖြင့် ယခင်ကထက် ဈေးနှုန်းကြီးမြင့်မှု၊ ပိုမိုကုန်ကျလာမှုများ ခံစားနေရကြောင်း သိရသည်။

၁၉၉၅-၁၉၉၆ ခုနှစ်တွင် ကျပ် ၅၀ တန်ထီကို စတင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ၂၀၀၄-၂၀၀၅ တွင် ကျပ် ၁၀၀ တန်ထီကို စတင်ခဲ့သည်။

ကျပ် ၂၀၀ တန် အောင်ဘာလေထီကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် စတင်ရောင်းချခဲ့ပြီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က အမြင့်ဆုံးဆုမှာ ကျပ်သိန်း ၁၀၀၀ ဖြစ်သည်။ ထို့နောက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွင့်လှစ်သည့် အကြိမ်မြောက်မှစ၍ အထူးဆုကြီးအဖြစ် ကျပ်သိန်း ၁၅၀၀ ဆုပေါ်ပေါက်လာပြီး တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကျပ် ၂၀၀ တန်ထီကို ၂၀၁၇ ခုနှစ် မေလတွင် နောက်ဆုံးထားရောင်းချခဲ့ပြီး ၂၀၁၇ ဇွန် ၁ ရက်တွင် နောက်ဆုံးဖွင့်လှစ်ခဲ့ပြီးနောက် ဖျက်သိမ်းခဲ့ကာ ကျပ် ၅၀၀ တန်ထီများကိုသာ ဆက်လက်ရောင်းချခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထီတန်ဖိုးမြင့်တက်ရောင်းချခြင်းများကို ဆယ်စုနှစ်တစ်စုခန့် ကြာမြင့်ပြီးနောက်တွင်သာ တိုးတက်ပြောင်းလဲခဲ့သည်ကို တွေ့ရပြီး ယခုကဲ့သို့ ကျပ် ၅၀၀ တန် ထီစတင်ပြီးနောက် တစ်နှစ်ခန့်သာအကြာတွင် နောက်ထပ်ဈေးနှုန်းနှစ်ဆ ကြီးမြင့်သော အောင်ဘာလေထီကို ထုတ်ဝေရောင်းချရန်မှာ စိန်ခေါ်မှုများရှိနေကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

(၁၅) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် အက္ခရာအလုံးရေ အနည်းငယ်တိုးမြှင့်ထားပြီး အက္ခရာ ၄၅ လုံး ခွဲဝေရောင်းချမည်

(၁၅) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် အက္ခရာ အလုံးရေကို အနည်းငယ် ပြန်လည်တိုးမြှင့်ထားပြီး ‘က’ အက္ခရာမှ ‘ကဌ’ အက္ခရာအထိ အက္ခရာ အလုံးရေ ၄၅ လုံး ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

၂၀၁၈ ခုနှစ် မေလ ၁ လရက်တွင် ဖွင့်လှစ်ခဲ့သည့် (၁၄) ကြိမ်မြောက် ကျပ် ၅၀၀ တန်အောင်ဘာလေထီတွင် ‘က’ အက္ခရာမှ ‘ကည’ အက္ခရာအထိ အက္ခရာ ၄၃ လုံး ရောင်းချပေးခဲ့ပြီး ဆုမဲပေါင်း ၁၂၄၁၅၈ ဆု ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဧပြီလမှာ သင်္ကြန်ကာလဖြစ်ပြီး ထီရောင်းအား ကျဆင်းတတ်သောကာလဖြစ်သောကြောင့် ယခင်လများက အက္ခရာ ၄၇ လုံး ဆက်တိုက်ရောင်းချပေးခဲ့သော်လည်း ဧပြီလတွင် အက္ခရာအလုံးရေ လျှော့ချရောင်းချခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဆုမဲအရေအတွက်မှာလည်း ယခင်လများထက် အနည်းငယ်လျော့နည်းခဲ့ပြီး ကျပ်သိန်းတစ်သောင်းဆုတစ်ဆု၊ ကျပ်သိန်းငါးထောင်ဆု နှစ်ဆု၊ ကျပ်သိန်းသုံး ထောင်ဆုနှစ်ဆု၊ ကျပ်သိန်းတစ်ထောင်ဆု သုံးဆု၊ ကျပ်သိန်း ၅၀၀ ဆု ငါးဆု၊ ကျပ်သိန်း ၃၀၀ ဆု ခုနစ်ဆု၊ ကျပ်သိန်း ၁၀၀ ဆု ရှစ်ဆု နှင့် ကျပ်သိန်း ၅၀ ဆု ကိုးဆုစသည်ဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး ဆုကြီးအချို့အပါအ၀င် ဆုအရေ အတွက်ကို အနည်းငယ်လျှော့ချခဲ့သည်။

အက္ခရာ ၄၇ လုံးရောင်းချပေးစဉ်က ဆုမဲပေါင်း ၁၂၄၂၀၄ ဆု ဖွင့်လှစ်ပေးခဲ့ပြီး ကျပ်သိန်းတစ်သောင်း ဆုတစ်ဆု၊ ကျပ်သိန်း ၅၀၀၀ ဆုနှစ်ဆုနှင့် ကျပ်သိန်းသုံးထောင်ဆု သုံးဆု၊ ကျပ်သိန်းတစ်ထောင်ဆုမှာ ခြောက်ဆု၊ ကျပ်သိန်း ၅၀၀ ဆုမှာ ရှစ်ဆု၊ ကျပ်သိန်း ၃၀၀ ဆုမှာ ၁၁ ဆု စသည်ဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

(၁၄) ကြိမ်မြောက် ကျပ် ၅၀၀ အောင်ဘာလေထီဖွင့်ပွဲတွင် ကျပ်သိန်းတစ်သောင်းဆုကို ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ထီဆိုင်တစ်ခုမှဆွတ်ခူးခဲ့ကြောင်း သိရသည်။ ကံထူးရှင်မှာ ရန်ကုန်မြို့မှ အလုပ်ကိစ္စဖြင့် သွားရောက်နေထိုင်လုပ်ကိုင်နေသည့် ဇနီးမောင်နှံဖြစ်ကြောင်း သိရသည်။

(၁၂) ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီတွင် အက္ခရာ ၄၇ လုံး ရောင်းချမည်ဖြစ်ပြီး လာမည့်လများ၌ အက္ခရာအလုံးရေ အပြောင်းအလဲလုပ်ရန် အစီအစဉ်မရှိသေးဟု သိရ

(၁၂) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီကို ‘က’ မှ ‘ကဎ’ အထိ အက္ခရာ ၄၇ လုံး ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သည့် ကိုးကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် အက္ခရာ ၄၈ လုံး ရောင်းချပေးခဲ့ပြီးနောက် ၁၀ ကြိမ်မြောက်နှင့် ၁၁ ကြိမ်မြောက်တို့တွင် အက္ခရာ ၄၇ လုံး ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း ထီဝယ်လိုအား မြင့်တက်မှုကြောင့် ထီဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အက္ခရာအလုံးရေကို ရုတ်တရက်တိုးမြှင့်ရန်မဖြစ်နိုင်ဘဲ လေးလခန့် ကြိုတင်အချိန်ယူရကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

“လတ်တလောမှာတော့ ထီအက္ခရာ အလုံးရေကိုတိုးထုတ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ဒီလိုမျိုးအက္ခရာအလုံးရေ တိုးဖို့ဆိုတာကလည်း လေးလလောက် ကြိုတင်ပြင်ဆင်အချိန်ယူပြီး လုပ်ဆောင်ရတာပါ။ ခုအနေအထားအရတော့ မကြာခင်မှာ ထီရောင်းအား နည်းနည်းပြန်ကျတတ်တဲ့ ကာလကိုရောက်တော့မှာဖြစ်လို့ ဒီအတိုင်းပဲ ဆက်ထုတ်သွားဖို့ ရှိနေပါတယ်” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

လဆန်းပိုင်းတွင်သာ ထီဈေးနှုန်းများမှာ ပိုမိုမြင့်တက်လေ့ရှိပြီး လကုန်ပိုင်းတွင် ပုံမှန်ဈေးနှုန်းသို့ ပြန်လည်ကျဆင်းသွားတတ်ကြောင်း သိရသည်။ ထို့ပြင် ဧပြီလ၀န်းကျင်မှာ ထီရောင်းအား ပြန်လည်ကျဆင်းတတ်သည့် ကာလဖြစ်ကြောင်း သိရသည်။ (၁၁) ကြိမ်မြောက် ကျပ် ၅၀၀ အောင်ဘာလေထီဖွင့်ပွဲတွင် ကျပ်သိန်းတစ်သောင်းဆုကို ပြည်မြို့မှ ထီအရောင်းကိုယ်စားလှယ်တစ်ဦးက လက်ကျန်ထီမှ ဆွတ်ခူးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထီဝယ်လိုအား ပြန်လည်မြင့်တက် လာခြင်းကြောင့် ဈေးကစားမှုများ ရှိနေပြီး အက္ခရာအလုံးရေ အပြောင်းအလဲလုပ်ရန် လေးလခန့် ကြိုတင်အချိန်ယူရကြောင်း သိရ

ဈေးကွက်အတွင်း ရောင်းချနေသည့် ထီလက်မှတ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

လက်ရှိတွင် ထီဝယ်လိုအား ပြန်လည်မြင့်တက် လာခြင်းကြောင့် ဈေးကွက်အတွင်း ဈေးကစားမှုများရှိနေပြီး ထီအက္ခရာအလုံးရေ တိုးမြှင့်ရန်အတွက် ချက်ချင်းမဖြစ်နိုင်ဘဲ လေးလခန့် ကြိုတင်အချိန်ယူရကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

“လက်ရှိမှာ ရောင်းအားပြန်ကောင်းလာတဲ့ အခြေအနေမှာ ရှိပါတယ်။ ၀ယ်လိုအားတက်လာတော့ ထီဈေးမြင့်တက် ရောင်းချမှုတွေ ရှိလာတာပေါ့။ အဲဒီတော့ ထီအက္ခရာအလုံးရေ ပြန်တိုးထုတ်မလား စဉ်းစားရတယ်။ ဒါပေမဲ့ ဒီလိုမျိုး တိုးထုတ်ဖို့ ဆိုတာက လေးလလောက် ကြိုတင်အချိန်ယူ ပြင်ဆင်ရတယ်။ အခု ၀ယ်လိုအား တက်နေတယ် ဆိုပေမဲ့ ပြီးရင် ပြန်ကျဦးမယ်။ အဲဒီအခါ တိုးထုတ်တဲ့ အက္ခရာတွေက ရောင်းမကုန်တာတွေ ဖြစ်ပြန်ရော။ ကျပ် ၅၀၀ တန်ထီ စဖွင့်တုန်းကလည်း ရောင်းကောင်းလို့ဆိုပြီး အက္ခရာ အလုံးရေ တိုးထုတ်ခဲ့တယ်။ နောက်ပိုင်းကျတော့ ရောင်းအားပြန်ကျလို့ အက္ခရာအလုံးရေ ရှစ်လုံးအထိ ကျန်နေတာမျိုးတွေ ကြုံခဲ့ရတယ်။ ၀ယ်လိုအား ကျချိန်မှာ ထီအရောင်းကိုယ်စားလှယ် အတော်များများလည်း ရပ်ဆိုင်းကုန်တယ်။ ထီဈေးနှုန်းကို ထိန်းချုပ်နိုင်ဖို့က လိုသလောက် ရောင်းပေးနိုင်ဖို့လိုတယ်။ အရန်ထီစနစ် ကျတော့လည်း ထီအကြိမ်ရေနဲ့ဖွင့်မယ့် ရက်စွဲမပါလို့ ထီလက်မှတ် လိမ်လည်ရောင်းချတာတွေဘာတွေ ဖြစ်ခဲ့လို့ အရမ်းကြီး အဆင်မပြေဘူး။ အစိုးရအနေနဲ့ အရှုံးခံနိုင်ရင်တော့ အက္ခရာနှစ်လုံးစာလောက်ကို အပိုထုတ်ထားမယ်ဆိုရင် ရကောင်းရနိုင်တယ်။ ဒီလဆိုရင် အက္ခရာ ၄၇ လုံးထုတ်ထားတယ်။ လက်ရှိဈေးကွက်မှာ ထီရောင်းအားက ပြန်ပြီးကောင်းမွန်နေတဲ့ အနေအထားပါ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူက ဇန်န၀ါရီ ၉ ရက်တွင် ပြောကြားသည်။

ကျပ် ၅၀၀ တန်ထီကို ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မတ်လတွင် စတင်ရောင်းချစဉ်က ထီဈေးနှုန်းကစားမှုများ မဖြစ်ပေါ်စေရေးအတွက် အရန်ထီများ ထားရှိကာ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထိုသို့ အလုံအလောက် ရောင်းချပေးသော်လည်း ကျပ်သိန်းတစ်သောင်းဆုကြောင့် စိတ်ဝင်စားမှု အလွန်မြင့်တက်ခဲ့ကာ ထိုစဉ်ကပင် ဈေးတင်ရောင်းချခြင်းများ ရှိခဲ့ကြောင်း သိရသည်။ နယ်မြို့များသာမက ရန်ကုန်မြို့၌ပင် ပင်ရင်းထီဆိုင်းများမှလွဲ၍ ကျန်အရောင်းဆိုင် အများစုမှာ သတ်မှတ်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချခဲ့ခြင်းများ ရှိခဲ့သည်။

ထို့နောက် ထီရောင်းအား ပြန်လည်ကျဆင်းချိန်တွင် ပုံမှန်ဈေးနှုန်းဖြင့် အများစုမှာ ပြန်လည်ရောင်းချခဲ့ကြပြီး နယ်မြို့များတွင်မူ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနိုင်ခြင်း ပိုမိုနည်းပါးကြောင်း သိရသည်။ အောင်ဘာလေ သိန်းဆုဌာနခွဲ အနေဖြင့် ဈေးနှုန်းပိုမို ရောင်းချခြင်းများအား တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး ခေါ်ယူသတိပေးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အောင်ဘာလေထီ ဥပဒေကြမ်းကို တင်သွင်းထားပြီး အတည်ပြုပြဋ္ဌာန်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇူလိုင် ၁၄ ရက်က အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစိုးရထီရုံးမှ တာဝန်ရှိသူ သို့မဟုတ် ထီလုပ်ငန်းရှင် သို့မဟုတ် ထီရောင်းချသူ မည်သူမျှ ထီလက်မှတ်ကို သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုရန် တားမြစ်ထားပြီး အဆိုပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်ခြောက်လမှ အများဆုံး ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ထိုထောင်ဒဏ်အပြင် ငွေဒဏ်ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၅၀ အထိ ချမှတ်ခြင်းခံရမည်ဟု ဖော်ပြပါရှိသည်။

ကျပ် ၅၀၀ တန်ထီ စစချင်း (၁) ကြိမ်မြောက်တွင် ထီစာအုပ်ပေါင်း သုံးသန်းခန့် (ထီလက်မှတ်စောင်ရေ သိန်း ၃၀၀ ကျော်) ရောင်းချနိုင်ခဲ့ပြီး ထီရောင်းရငွေ စုစုပေါင်းမှာ ကျပ်သန်း ၁၅၀၀ (ကျပ် ၁၅ ဘီလျံ) ခန့်အထိ စံချိန်တင် ရောင်းချခဲ့ရကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မတ်၊ ဧပြီ၊ မေ သုံးလအတွင်း ကျပ် ၅၀၀ တန် အောင်ဘာလေထီ စုစုပေါင်း ရောင်းရငွေမှာ ကျပ်ဘီလျံ ၄၀ ကျော်အထိ ရှိခဲ့ပြီး စံချိန်တင် ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

(၁၀) ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီတွင် ကျပ်သိန်းတစ်သောင်းဆု တစ်ဆုနှင့် ကျပ်သိန်းငါးထောင်ဆုနှစ်ဆု အပါအ၀င် ဆုမဲပေါင်း ၁၂၄၂၀၄ ဆု ဖွင့်လှစ်ပေးမည်

(၁၀) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီဖွင့်ပွဲကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကျပ်သိန်းတစ်သောင်းဆု တစ်ဆု၊ ကျပ်သိန်း ၅၀၀၀ ဆု နှစ်ဆုနှင့် ကျပ်သိန်းသုံးထောင်ဆု သုံးဆု အပါအ၀င် ဆုမဲပေါင်း ၁၂၄၂၀၄ ဆု ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ဇန်န၀ါရီ ၁ ရက်တွင် ဖွင့်လှစ်မည့် (၁၀) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီဖွင့်ပွဲတွင် အခြားဆုမဲများ အနေဖြင့် ကျပ်သိန်းတစ်ထောင်ဆုမှာ ခြောက်ဆု၊ ကျပ်သိန်း ၅၀၀ ဆုမှာ ရှစ်ဆု၊ ကျပ်သိန်း ၃၀၀ ဆုမှာ ၁၁ ဆု၊ ကျပ်သိန်း ၁၀၀ ဆုမှာ ၁၁ ဆုနှင့် ကျပ် သိန်း ၅၀ ဆုမှာ ၁၅ ဆုတို့ ပါဝင်ကြောင်း သိရသည်။ အက္ခရာနှင့် ရှေ့ဂဏန်း သုံးလုံးတူ ကျပ်တစ်သိန်းဆုမှာ ဆုမဲပေါင်း ၁၃၀၀၀ နှင့် အက္ခရာနှင့် ရှေ့ဂဏန်း နှစ်လုံးတူ ကျပ်ငါးသောင်းဆုမှာ ဆုမဲပေါင်း ၁၁၀၀၀၀ တို့လည်း ပါဝင်သည်။

(၁၀) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီကို ‘က’ မှ ‘ကဎ’ အထိ အက္ခရာ ၄၇ လုံးရောင်းချပေးခဲ့ကြောင်း သိရသည်။ ကိုးကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီ လက်မှတ်များကို (က) အက္ခရာမှ (ကဏ) အက္ခရာအထိ အက္ခရာ ၄၈ လုံး ခွဲဝေရောင်း ချပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သည့် ကိုးကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီဖွင့်ပွဲ၌ ကျပ်သိန်းတစ် သောင်းဆု တစ်ဆု၊ ကျပ်သိန်းငါးထောင်ဆု နှစ်ဆု၊ ကျပ်သိန်းသုံးထောင်ဆု သုံးဆု၊ ကျပ် သိန်းတစ်ထောင်ဆု ခြောက်ဆု၊ ကျပ်သိန်း ၅၀၀ ဆု ၁၀ ဆုနှင့် ကျပ်သိန်းသုံးရာဆု ၁၁ ဆုတို့ပါဝင်ခဲ့ပြီး ဆုမဲစုစုပေါင်းမှာ ၁၂၃၂၀၆ ဆုရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သည့် ရှစ်ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာ လေထီတွင် ကျပ်သိန်းတစ်သောင်းဆုတစ်ဆု၊ ကျပ်သိန်း ၅၀၀၀ ဆုနှစ်ဆု၊ ကျပ်သိန်း ၃၀၀၀ ဆုသုံးဆု၊ ကျပ်သိန်း ၁၀၀၀ ဆု ခြောက်ဆု၊ ကျပ်သိန်း ၅၀၀ ဆုကိုးဆု၊ ကျပ်သိန်း ၃၀၀ ဆု ၁၁ ဆုနှင့် အခြားဆုမဲများ ပါဝင်ခဲ့သည်။

ခုနစ်ကြိမ်မြောက် ဖွင့်လှစ်စဉ်က ကျပ် သိန်း ၁၀၀ ဆုကိုးဆုသာရှိခဲ့ရာမှ ရှစ်ကြိမ် မြောက်တွင် ၁၂ ဆု၊ ကျပ်သိန်း ၅၀ ဆုကို ယခင်လ ၁၅ ဆုမှ ယခုလတွင် ၁၇ ဆု၊ ကျပ် သိန်း ၃၀ ဆုကိုလည်း ယခင် ၂၁ ဆုမှ ၂၂ ဆု သို့ တိုးမြှင့်ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခုနစ်ကြိမ်မြောက်တွင် ရောင်းချရန် ထီလက်မှတ်စောင်ရေ ၂၅၀၀၀ ခန့်ကျန်ရှိခဲ့ပြီး ရှစ်ကြိမ်မြောက်တွင် ထီလက်မှတ်စောင်ရေ တစ်သောင်းခန့် ကျန်ရှိခဲ့ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ငါးကြိမ်မြောက်တွင် ထီလက်မှတ် စောင်ရေတစ်သန်းကျော် ရောင်းချရန်ကျန် ရှိနေသည်အထိ စံချိန်တင်ကျန်ရှိမှု ဖြစ်ပေါ်ခဲ့ပြီး ဆုမဲများ ဖွင့်လှစ်ရာတွင် အခက်အခဲ အနည်းငယ်ရှိခဲ့ကာ ကြန့်ကြာမှုများ အနည်းငယ် ဖြစ်ပေါ်ခဲ့သည်။

အမျိုးသမီးတစ်ဦး ယူဆောင်လာသည့် ကျပ်သိန်း ၅၀၀၀ ပေါက်မဲနံပါတ်ပါ ထီလက်မှတ်ကို အောင်ဘာလေထီရုံးက စစ်ဆေးရာ အတုဖြစ်နေကြောင်း သိရ

အမျိုးသမီးတစ်ဦး ယူဆောင်လာသည့် ကျပ်သိန်း ၅၀၀၀ ဆုပေါက်မဲပါ ထီလက်မှတ်ကို ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ အောင်ဘာလေ သိန်းဆုဌာနခွဲမှ စစ်ဆေးရာ အတုဖြစ်နေကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၇ ရက်တွင် ကျောက်တံတားမြို့နယ် (၄) ရပ်ကွက် မဟာဗန္ဓုလလမ်း အမှတ် (၃၈၃) ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲသို့ တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သူ အသက် ၆၁ နှစ်အရွယ် အမျိုးသမီး တစ်ဦးက (၆) ကြိမ်မြောက် အောင်ဘာလေထီ လက်မှတ် အမှတ် ကခ-၂၀၁၁၈၃ ဖြင့် ကျပ် သိန်း ၅၀၀၀ ဆုရ လက်မှတ် မှန်/မမှန် လာရောက်စစ်ဆေးခဲ့ရာ အောင်ဘာလေ သိန်းဆုဌာနခွဲ၏ စစ်ဆေးချက်အရ အဆိုပါ ထီလက်မှတ်မှာ အတုဖြစ်နေကြောင်း၊ ယင်းသို့ အတုဖြစ်နေသဖြင့် ပြည်တွင်း အခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ ဒုညွှန်မှူးဒေါ်အိအိခိုင်က တိုင်တန်း၍ ဒေါ်—-  အား ကျောက်တံတား မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၆၈ (အတုပြုလုပ်မှု) ဖြင့် နိုဝင်ဘာ ၈ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံးသို့ ကျောက်တံတား မြို့မရဲစခန်း (က/ခ) ပုံစံဖြင့် ဦးတိုက်လျှောက်ထားကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အား သိရှိနိုင်ရန် အောင်ဘာလေ သိန်းဆုဌာနခွဲမှ ဒုညွှန်မှူး ဒေါ်အိအိခိုင်အား သွားရောက်မေးမြန်းခဲ့ရာ လတ်တလောတွင် မဖြေကြားနိုင်သေးကြောင်း၊ အောင်ဘာလေ သိန်းဆုဌာနခွဲ၏ မီဒီယာပြန်ကြားရေးဌာနသို့ သွားရောက်မေးမြန်းပြီး လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရန်၊ အဆင်ပြေသည့် အချိန်တွင် ပြန်လည်ဖြေကြား ပေးမည်ဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်လည် ဖြေကြားမည်ကို အတိအကျ မပြောနိုင်သေးကြောင်း ပြန်လည်ပြောကြားသည်။

ယင်းကြောင့် အောင်ဘာလေမီဒီယာ ပြန်ကြားရေးဌာနသို့ သွားရောက်မေးမြန်းရာ အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက လာရောက် သတင်းယူသူများ အနေဖြင့် သက်ဆိုင်ရာ သတင်းဌာန၏ ရုံးတံဆိပ်ပါ စာရွက်၊ တာဝန်ခံမည့် အယ်ဒီတာ၏ လက်မှတ်တို့ဖြင့် သိလိုသည့် အကြောင်းအရာများအား ရေးသားတင်ပြရမည် ဖြစ်ကြောင်း အကြောင်းပြန်ကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကို မေးမြန်းရာ “အဲဒီအမျိုးသမီးကို ကနဦးစစ်ဆေးတဲ့ နေရာမှာ သူကပြီးခဲ့တဲ့ ရှစ်လပိုင်းက ပုဂံကို ဘုရားဖူးသွားခဲ့တယ်။ အဲဒီလို သွားတဲ့အခါမှာ အထည်ဆိုင် တစ်ဆိုင်က အထည်ဝယ်တဲ့အခါ အကြွေမရှိလို့ ကံစမ်းတဲ့ အနေနဲ့ ထီလက်မှတ်ကို ယူသွားပါဆိုပြီး ပေးလိုက်လို့ ယူလာတာလို့  ပြောတယ်ပေါ့။ ထီလက်မှတ်ကို အိတ်ထဲထည့်ထားပြီးတော့ အခုတွေ့လို့ သတိရတဲ့ အခါမှာ ခြောက်ကြိမ်မြောက်က ထီပေါက်စဉ်ကို အွန်လိုင်းကရှာပြီး တိုက်တယ်ပေါ့။ ကျပ်သိန်း ငါးထောင်ဆုပေါက်တာ တွေ့လို့သူ့ ထီလက်မှတ်က စစ်မစစ် အောင်ဘာလေရုံးကို လာရောက်စစ်ဆေးတဲ့ အခါမှာ အတုဖြစ်နေတယ်လို့ သိရတယ်။ သူလာထုတ်တဲ့ ကျပ်သိန်းငါးထောင် ပေါက်မဲဆုက မန္တလေးက ပေါက်လို့ ဆုငွေထုတ်ပြီးသား လက်မှတ်ဖြစ်တယ်လို့ ကနဦး သိရပါတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောကြားသည်။