စစ်တွေမြို့လယ်ကောင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ပေါက်တောမြို့မှတစ်ဦး ထပ်မံဖမ်းဆီးခဲ့သဖြင့် သုံးဦးအထိရှိလာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေမြို့လယ်ခေါင်တွင် စရဖ (ခွင့်မဲ့ဖြင့်ပျက်ကွက်သူ) တစ်ဦးအား စက်တင်ဘာ ၂၅ ရက် ညပိုင်းက သေနပ်ဖြင့်ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိသူဟုဆိုကာ ဖမ်းဆီးခံရသူများအနက် လွတ်မြောက်သူများ ရှိခဲ့သော်လည်း ပေါက်တောမြို့မှ လူငယ်တစ်ဦး ထပ်မံဖမ်းဆီးခံရသဖြင့် ဖမ်းဆီးခံရသူသုံးဦး ရှိနေကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအနက် အောက်တိုဘာ ၁၀ ရက်က ငါးဦးကို ပြန်လွှတ်ပေးခဲ့ပြီး အောင်တိုဘာ ၉ ရက်က တစ်ဦးနှင့် အောက်တိုဘာ ၁၀ ရက်က စစ်တွေက တစ်ဦးနှင့် ပေါက်တာမြို့က တစ်ဦးတို့ကို ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။

သို့သော်လည်း အောက်တိုဘာ ၉ ရက်က အဝေးသင်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သော အောင်ချေ (ခ) အောင်ဇော်လင်းအား ထပ်မံဖမ်းဆီးကာ ချုပ်ရမန်ရယူခဲ့ကာ အောက်တိုဘာ ၁၀ ရက်တွင် မေယုထွန်း(ခ) မောင်ဇော်ဝင်း၊ အသက် ၃၀ နှစ်တို့အား ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ကာ အောက်တိုဘာ ၁၀ ရက် ညနေပိုင်းက ပေါက်တောမြို့မရဲစခန်းမှ ခိုင်ဘိုဘို (ခ) ကိုသော်ဆိုသော လူငယ်တစ်ဦးအား ထပ်မံဖမ်းဆီးခဲ့ကာ စစ်တွေမြို့မရဲစခန်းသို့ အောက်တိုဘာ ၁၁ ရက်က လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

“ပထမချုပ်ရမန်ရယူထားတဲ့ ငါးယောက်ကို ဒီနေ့ချုပ်ရမန်လည်းစေ့တယ်။ ကျွန်တော်တို့အနေနဲ့ တရားစွဲတင်နိုင်တဲ့ အထောက်အထား တစ်စုံတစ်ရာမျှ မတွေ့ရတဲ့အတွက် ငါးယောက်ကို လွှတ်လိုက်ပြီး ကျန်တဲ့သုံးယောက်ကိုတော့ စစ်ဆေးစရာရှိလို့ ခေါ်ယူစစ်ဆေးနေတာ ဖြစ်ပါတယ်။ အောင်ဇော်လင်းနဲ့ မေယုထွန်းနှစ်ယောက်သာ ကျန်တော့တယ်။ နှစ်ယောက်လုံးကို ၂၂ ရက်အထိ ချုပ်ရမန်ရယူထားတယ်” ဟု အမှတ် (၂) စခန်းမှူးက ပြောကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်ဘာ ၂၅ ရက် ည ၉ နာရီကျော်ခန့်က စစ်တွေမြို့၊ ၀င်္ကပါကွင်းတောင့်အတွင် အမှတ် (၁) စရဖ ရန်ကုန်မှ တပ်ကြပ်အဆင့်ရှိ ကိုဖိုးလုံး (ခ) အောင်ကိုအား အမည်မသိသူတစ်ဦးက သေနပ်ဖြင့် အနီးကပ် ပစ်ခတ်သွားခဲ့သဖြင့် ဆေးရုံမရောက်မီ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ကတော့ အကြောင်းအရင်း အသေးစိတ်မသိဘူး။ စစ်တွေကနေ ခဏထိန်းပေးပါဆိုလို့ ပေါက်တောမှာဖမ်းပြီး စစ်တွေကိုလာပို့ပါတယ်။ စစ်တွေမှာ အမှုဖွင့်ထားတယ်လို့သာ သိရတယ်” ဟု ပေါက်တောမှ ရဲအုပ်သန်းဌေးက ပြောကြားသည်။

စစ်တွေမြို့လယ်ကောင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံရသူခုနစ်ဦးမှ ငါးဦးလွတ်မြောက်

ရခိုင်ပြည်နယ် စစ်တွေမြို့လယ်ကောင်တွင် စရဖ (ခွင့်မဲ့ဖြင့်ပျက်ကွက်သူ) တစ်ဦးအား စက်တင်ဘာ ၂၅ ရက် ညပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိသူဟုဆိုကာ ဖမ်းဆီးခံရသူ ငါးဦး လွတ်မြောက်ပြီး အောင်တိုဘာ ၉ ရက်က တစ်ဦးနှင့် အောက်တိုဘာ ၁၀ ရက်က တစ်ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး လွန်ခဲ့သော ရက်အနည်းငယ်က လူငါးဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ဒုရဲမှူးကြီးမောင်မောင်စိုးက အောက်တိုဘာ ၇ ရက်က ပြောကြားခဲ့ပြီးနောက်ပိုင်း အောက်တိုဘာ ၁၀ ရက်က အဆိုပါ ငါးဦးအား လွှတ်လိုက်ကြောင်း အမှတ်(၂) ရဲစခန်းမှ စခန်းမှူးထံမှ သိရသည်။ သို့သော်လည်း အောက်တိုဘာ ၉ ရက်က အဝေးသင်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သော အောင်ချေ (ခ) အောင်ဇော်လင်းအား ထပ်မံဖမ်းဆီးကာ ချုပ်ရမန်ရယူခဲ့ကာ အောက်တိုဘာ ၁၀ ရက်တွင် မေယုထွန်း(ခ)မောင်ဇော်ဝင်း၊ အသက် ၃၀ တို့အား ထပ်မံဖမ်းဆီးခဲ့ကြောင်းလည်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။

“ရဲကတော့ ဘာမှပြောမသွားဘူး၊ မြို့မ ရဲစခန်းကို ခေါ်သွားတာကို တွေ့တယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာကိုလည်း ကျွန်တော်တို့မေးတော့ မပြောဘူး။ ရဲငါးယောက်လောက်ပါတယ်။ ကားပေါ်တင်သွားတယ်။ ကျွန်တော်တို့နောက်ကနေ လိုက်ကြည့်တော့ မြို့မရဲစခန်းကို ခေါ်သွားတာတွေ့တယ်” ဟု မေယုထွန်းနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောကြားခဲ့သည်။

“ပထမချုပ်ရမန်ရယူထားတဲ့ ငါးယောက်ကို ဒီနေ့ချုပ်ရမန်လည်း စေ့တယ်၊ ကျွန်တော်တို့အနေနဲ့ တရားစွဲတင်နိုင်တဲ့ အထောက်အထား တစ်စုံတစ်ရာမျှ မတွေ့ရတဲ့အတွက် ဒီနေ့မနက်ကပဲ လွှတ်လိုက်ပါပြီ။ အခုဆိုရင် အောင်ဇော်လင်းနဲ့ မေယုထွန်းနှစ်ယောက်သာ ကျန်တော့တယ်။ နှစ်ယောက်လုံးကို ၂၂ ရက်အထိ ချုပ်ရမန်ရယူထားတယ်” ဟု အမှတ် (၂) စခန်းမှူးက ပြောကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်ဘာ ၂၅ ရက် ည ၉ နာရီကျော်ခန့်က စစ်တွေမြို့ ၀င်္ကဘာကွင်းတောင့်အတွင် အမှတ် (၁) စရဖ ရန်ကုန်မှ တပ်ကြပ်အဆင့်ရှိ ကိုဖိုးလုံး (ခ) အောင်ကိုအား အမည်မသိသူတစ်ဦးက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်သွားခဲ့သဖြင့် ဆေးရုံမရောက်မီ သေဆုံးသွားခဲ့ကြောင်းလည်း သိရှိရသည်။

အောင်ချေအဖမ်းခံရမှုနှင့် ပတ်သက်ပြီး အမှတ် (၂) နယ်မြေရဲစခန်းမှ စခန်းမှူးက “အောင်ချေက အသက် ၂၀ ပေါ့။ ကျွန်တော်တို့ကလည်း ရထားတဲ့အချက်အလက်ပေါ် မူတည်ပြီး အဲဒီလူသတ်မှုနဲ့ ပတ်သက်လို့ စစ်ဆေးစရာရှိလို့ ၂၂ ရက်အထိ ရမန်ယူထားပါတယ်” ဟု ပြောကြားခဲ့သည်။

စစ်တွေမြို့လယ်ကောင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိသူငါးဦးအား ထပ်မံစစ်ဆေး

ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေမြို့လယ်ကောင်တွင် စရဖ (ခွင့်မဲ့ပျက်ကွက်သူ) တစ်ဦးအား စက်တင်ဘာ ၂၅ ရက် ညပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ငါးဦးအား ထပ်မံစစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

ယင်းနှင့်ပတ်သက်ပြီး မကြာခင်ရက်များက လူငယ်အချို့ကို ခေါ်ယူမေးမြန်းမှုများ ရှိခဲ့သော်လည်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း ယခုအတွင်လည်း အခင်းဖြစ်ပွားသည့် ၀င်္ကဘာကွင်းနှင့် အနီးဆုံးရပ်ကွက်များတွင် ပါဝင်သည့် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှ ဒေသခံ ငါးဦးအား စက်တင်ဘာ ၃၀ ရက် ည ၇ နာရီခန့်တွင် ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားသည်။

“မနေ့ညဘက် အပေါင်းအသင်းတွေနဲ့ ထမင်းချက်စားမယ်ဆိုပြီး အိမ်က ထွက်သွားတယ်။ သူတို့ ထမင်းပေါင်းချက်စားနေကြစဉ်မှာ ရဲက လာခေါ်သွားတယ်လို့ သားလေးပြန်လာပြောတော့မှ သိရတယ်။ ကျွန်မယောက်ျားဟာ နိုင်ငံရေးလည်းမလုပ်ဘဲ ကုန်ရောင်းကုန်ဝယ် လုပ်စားနေတာပါ” ဟု ဖမ်းဆီးခံထားရသူတစ်ဦး၏ အမျိုးသမီးက ပြောကြားသည်။

သံသယရှိသူများအား စစ်တွေအမှတ် (၁) ရဲစခန်းနှင့် အမှတ် (၂) ရဲစခန်းတို့မှ တာဝန်ရှိသူများက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့အား အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း အမှတ် (၁) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ သို့သော်လည်း ဖမ်းဆီးထားခြင်းနှင့် ပတ်သက်ပြီး အမှတ် (၂) ရဲစခန်းမှူးအား ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရခဲ့ပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်ဘာ ၂၅ ရက် ည ၉ နာရီကျော်ခန့်က စစ်တွေမြို့ ၀င်္ကဘာကွင်းတောင့်တွင် အမှတ် (၁) စရဖ ရန်ကုန်မှ တပ်ကြပ်အဆင့်ရှိ ကိုဖိုးလုံး (ခ) အောင်ကိုအား အမည်မသိသူတစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သွားခဲ့သဖြင့် ဆေးရုံမရောက်မီ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။