တောင်ငူမြို့နယ် ကံရိုးကျေးရွာအနီးတွင် သေနတ်၊ လက်ပစ်ဗုံး၊ မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိသော တရားခံအား တောင်ငူခရိုင် တရားရုံးက ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ချမှတ်

သေနတ်၊ လက်ပစ်ဗုံး၊ မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိသော တရားခံအား တောင်ငူခရိုင်တရားရုံးတွင် အောက်တိုဘာ ၉ ရက်က ရုံးထုတ်လာစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကံရိုးကျေးရွာအနီးတွင် ပြီးခဲ့သောသြဂုတ် ၁၁ ရက် ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀ ကျော်၊ ပစ္စတိုသေနတ် တစ်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်ဆန် (ကောင်း) များနှင့် ငွေစက္ကူရောရာ ကျပ်သိန်း ၂၀ ကျော်တို့အား ဖမ်းဆီးရမိခဲ့သော တရားခံ ဖားသု (ခ) ဖားထူး (ခ) ဒီငြိမ်းအား အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီခန့်က တောင်ငူခရိုင် ဒုခရိုင် တရားသူကြီး(၁)က ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်များဖြင့် အမိန့်ချမှတ်လိုက်ကြောင်း တောင်ငူခရိုင်တရားရုံးမှ သိရသည်။

တရားခံ ဖားသု (ခ) ဖားထူး (ခ) ဒီငြိမ်း (ဘ) ဦးမြင့်စိုး၊ သယာကုန်းလမ်း၊ ၂၃ ရပ် ကွက်၊ တောင်ငူမြို့နေသူမှာ လွန်ခဲ့သော ၂၀၁၆ ခုနှစ်အတွင်းကလည်း တောင်ငူမြို့နယ် အမှတ် ၃ နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၍ မယ(ပ)၃/၂၀၁၆၊ မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့် ခံထားရသူဖြစ်ကာ ထွက်ပြေးတိမ်းရှောင် နေသူဖြစ်ပြီး ၎င်းအား ၂၀၁၈ ခုနှစ် သြဂုတ် ၁၁ ရက်တွင် တောင်ငူမြို့နယ် ကံရိုးကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၁ရက်က ဖမ်းဆီးရမိရာတွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀ ကျော်၊ ပစ္စတိုသေနတ်တစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ သေနတ်ကျည်ဆန် (ကောင်း) များနှင့် ငွေစက္ကူရောရာ ကျပ်သိန်း ၂၀ ကျော်တို့နှင့် မော်တော်ယာဉ်အား ထပ်မံဖမ်းဆီးရမိ၍ သက်ဆိုင်သော မူးယစ်ဆေးဝါးပုဒ်မများ၊ လက်နက်ပုဒ်မများဖြင့် ထပ်မံအမှုဖွင့် အရေးယူခဲ့ပြီး ၂၀၁၆ ခုနှစ်က ပြစ်မှုပုဒ်မနှင့် ၂၀၁၈ ခုနှစ်က ပြစ်မှုပုဒ်များ အားလုံးအတွက် တောင်ငူခရိုင် ဒုခရိုင်တရားသူကြီး(၁)က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပြစ်ဒဏ်များအရ တရားခံ ဖားသု (ခ)ဖားထူး (ခ) ဒီငြိမ်းအား ၂၀၁၆ ခုနှစ်က အမှုဖွင့် အရေးယူထားသော တရားခံပြေး ပြစ်မှုအတွက်၊ ၁၀၄/၂၀၁၈/၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပြစ်မှုပုဒ်မ ၁၉(က)၂၂(ခ)အတွက် ထောင်ဒဏ် နှစ်အကန့်အသတ်မရှိဖြင့် လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် အမှုဖွင့် အရေးယူထားသော ပြစ်မှုများအနက် ၁၀၄/၂၀၁၈ ခုနှစ်/မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပြစ်မှု ပုဒ်မ ၁၉(က)၂၂(ခ)အတွက် ထောင်ဒဏ်နှစ် အကန့်အသတ်မရှိဖြင့် လည်းကောင်း၊ ၁၀၅/ ၂၀၁၈၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈)အရ ထောင်ဒဏ် နှစ်လဖြင့်လည်းကောင်း၊ ၁၀၆/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ) အရ ထောင်ဒဏ် ခြောက်လတို့ဖြင့်လည်းကောင်း အသီးသီး ပြစ်ဒဏ်အမိန့်များ ချမှတ်လိုက်ကြောင်း တောင်ငူခရိုင် ဒုခရိုင်တရားသူကြီး (၁) က ပြောကြားသည်။

တရားခံပြေး ဖားသု (ခ)ဖားထူး (ခ) ဒီငြိမ်းသည် တောင်ငူမြို့ရှိ တည်းခိုခန်းတစ်ခုတွင် နေထိုင်ပြီး ပစ္စတိုသေနတ်၊ လက်ပစ်ဗုံးတို့ ကိုင်ဆောင်ကာ Mark – X အမျိုးအစား ခဲရောင်ကား တစ်စီးဖြင့် တောင်ငူမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖြန့်ဖြူးရောင်းချနေသူဖြစ်သည်။ ၎င်းအား ၂၀၁၈ ခုနှစ် သြဂုတ်  ၁၁ ရက် ညနေပိုင်းတွင် တောင်ငူမြို့ ကံရိုးကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းမဟောင်းဘေးတွင် တောင်ငူခရိုင် ရဲတပ်ဖွဲ့ဝင်များက လုံးထွေးသတ်ပုတ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၈၁ ပြား၊ ၃၈ ပစ္စတို (စတီးရောင် BABILON DOYCIA VITORIA အင်္ဂလိပ်စာတန်းပါ) တစ်လက်၊ ၉ မမ ပစ္စတိုကျည် ငါးတောင့်၊ 38 SUPER AUTO စာတမ်းပါ ကျည်ဆန်ခုနစ်တောင့် (ကောင်း)၊ ပွိုင့် ၂၂ ကျည်ခြောက်တောင့် (ကောင်း)၊ နာနတ်သီးဗုံး ရွှေရောင်စနက်တံ တပ်ဆင်လျက် လက်ပစ်ဗုံးတစ်လုံး၊ ငွေရောင်ခြောက်လုံးပြူး သေနတ်ပုံစံ ဂက်စ်မီးခြစ် တစ်ခုနှင့် MARK – X အမျိုးအစား ခဲရောင်မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာက်တိုဘာ ၆ ရက် ညပိုင်းက တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ဝင်များ မြို့ပေါ်တွင် လုံခြုံရေးလှည့်ကင်းများ ဆောင်ရွက်စဉ် တောင်ငူ အမှတ် ၁ ရဲစခန်းမှ စစ်တောင်း သံတံတားအနီးတွင် ချာလူးဆိုသူထံမှ ပစ္စတိုသေနတ် တစ်လက်နှင့် ကျည်ဆန်များအား လည်းကောင်း၊ တောင်ငူအမှတ် ၂ နယ်မြေရဲစခန်းမှ တောင်ငူမြို့ အ.ထ.က (၂) ကျောင်းရှေ့ ဗိုလ်မှူးဖိုးကွန်းလမ်းပေါ်တွင် စောဇော်မှိုင်းဆိုသူထံမှ ပစ္စတိုသေနတ်တစ်လက်နှင့် သေနတ်ကျည်ဆန်များ ဖမ်းဆီးရမိခဲ့သည်။

 

ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု ကျုံကမိကျေးရွာတွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ လေသေနတ်နှင့် ဂက်စ်သေနတ်များ ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ လေသေနတ်နှင့် ဂက်စ်သေနတ်များ ဖမ်းဆီးရမိစဉ်

ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု ကျုံကမိကျေးရွာတွင် ဇန်န၀ါရီ ၂၈ ရက် ညပိုင်းအချိန်က စိတ်ကြွရူးသွပ်ဆေးပြား များနှင့်အတူ လေသေနတ်နှင့် ဂက်စ်သေနတ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သထုံခရိုင် မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ်အောင်သူ၊ တောင်စွန်းနယ်မြေ ရဲစခန်းမှ ရဲအုပ်ဟန်တင့်နှင့် တပ်ဖွဲ့ဝင်များ၊ ပေါက်တောကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ ဇန်န၀ါရီ ၂၈ ရက် ည ၇ နာရီခန့် ကဘီးလင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု၊ ကျုံကမိစု ကျေးရွာလမ်းဆုံ၊ တောင်ကုန်းကျောင်း ဘုန်းကြီးကျောင်း မုခ်ဦးရှေ့တွင် စောင့်ဆိုင်းနေစဉ် ကျုံကမိစုကျေးရွာ ကုန်းပေါ်တန်းပိုင်းမှ လမ်းဆုံဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် လင်းထက်အောင်(ခ)ငထက် (၂၈ နှစ်) (ဘ) ဦးသိန်းဆွေအား ရပ်တန့်စစ်ဆေးရာ ၎င်းလွယ်ထားသည့် ဖားစည်တံဆိပ်ပါ နီမည်းရောင် ဘေးလွယ်အိတ် အတွင်းမှ ပလတ်စတစ်အိတ် အကြည်ဖြင့် ထုပ်ထားသည့် WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၁၇ ပြား၊ R စာလုံးပါ ပန်းရောင်စိတ်ကြွဆေးပြားနှစ်ပြား စုစုပေါင်း စိတ်ကြွဆေးပြား ၁၉ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို တွေ့ရှိရသဖြင့် စီးနင်းလာသည့် ဆိုင်ကယ်နှင့် ပစ္စည်းများကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့် ပတ်သက်၍ လင်းထက်အောင်(ခ)ငထက်အား စုံစမ်းမေးမြန်းခဲ့ရာ တစ်ပြားလျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် ကင်းရွာကျေးရွာနေ စိုးသူ(၃၀ နှစ်) (ဘ) ဦးစံ ချိန်ထံမှ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ပူးပေါင်းအဖွဲ့သည် ည  ၇ နာရီ မိနစ် ၄၀ ခန့်တွင် စိုးသူအား ကင်းရွာ ရွာလယ်လမ်းမ၌ တွေ့သဖြင့် ၎င်းခန္ဓာကိုယ်ကို ရှာဖွေရာ စိတ်ကြွဆေးပြားနှင့် ပတ်သက်၍ တစ်စုံတရာ ရှာဖွေတွေ့ရှိခြင်း မရှိသဖြင့် စိုးသူအား မေးမြန်းခဲ့ရာ လင်းထက်အောင်(ခ) ငထက်အား ရောင်းချပေးခဲ့သည့် စိတ်ကြွဆေးပြားများမှာ ပေါက်တောကျေးရွာနေ ကျော်စွာဝင်းထံမှ တစ်ပြားလျှင် ကျပ် ၄၀၀၀ နှုန်းဖြင့် ၀ယ်ယူခဲ့သော ဆေးပြားများ ဖြစ်ကြောင်းကို စစ်ဆေးသိရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ထို့နောက် ပူးပေါင်းတပ်ဖွဲ့မှ ည ၁၀ နာရီ ခန့်တွင် ပေါက်တောကျေးရွာနေ ကျော်စွာဝင်း (၄၀ နှစ်) (ဘ) ဦးသိန်းမြ၏ နေအိမ်အား ၀ရမ်းအမှတ်ပြသ၍ ၀င်ရောက်ရှာဖွေခဲ့ရာ ကျော်စွာဝင်းကို နေအိမ်တွင် တွေ့ရှိရပြီး ၎င်းဝတ်ဆင်ထားသည့် ပုဆိုးခါးပိုက်အတွင်း မှ ကော်ဘူးဖြင့် ထည့်ထားသည့် WY နှင့် R စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၅၀ ပြားနှင့် စိတ်ကြွဆေးပြားရှူရာတွင် အသုံးပြုသည့် ဂက်စ်မီးခြစ် တစ်လုံးတို့ကို တွေ့ရှိရပြီး နေအိမ် စက်ပြင်ခန်းအတွင်းရှိ အပ်ချုပ်စက်ခုံမှ RAPID CAL 11 စာတန်းပါ ကော်ဗူးဖြင့် ထည့်ထားသော လေသေနတ်ခဲသီး ၄၀၀၊ RAPID CAL 22 စာတန်းပါ ကော်ဘူးဖြင့် ထည့်ထားသော လေသေနတ်ခဲသီး ၂၃၀၊ ဂက်စ်သေနတ်ဖြင့် ပစ်ခတ်သည့် ကော်စေ့ ၂၀၀၊ အပ်ချုပ်စက် အံခွက်အတွင်းမှ ၅ ဒသမ ၅၆ နံပါတ်ပါ ယမ်းတောင့် တစ်တောင့်၊ ၇ ဒသမ ၆၂ x ၃၉ နံပါတ်ပါ ယမ်းတောင့်တစ်တောင့် တွေ့ရှိခဲ့ရပြီး နေအိမ်ခြံဝင်းအတွင်း ရပ်ထားသော ယာဉ်အမှတ် 4D/5479 PRELDE အမျိုးအစား ယာဉ်မောင်းထိုင်ခုံ အံဝှက်အတွင်းမှ ဆေးထိုးပိုက်အိပ်ခွံအတွင်း ထည့်ထားသည့် WY နှင့် R စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၁၂၂ ပြား၊ R စာလုံးပါ အစိမ်းရောင်နှစ်ပြား စုစုပေါင်း ၁၂၄ ပြား ခန့်ကိုလည်းကောင်း၊ ယာဉ်အမှတ် 6E/1646 အမျိုးအစား မော်တော်ယာဉ်နောက်ခန်း အတွင်းတွင် အရှည် ၄၃ လက်မရှိ ဘေးဆွဲလေသေနတ်တစ်လက်၊ အရှည် ၃၉ လက်မရှိ အောက်ဆွဲလေသေနတ် တစ်လက်၊ M1911 A1 U.S.A ARMY စာတန်းပါ ဘောစေ့အသုံးပြု ပစ်ခတ်ရသော ဂက်စ်သေနတ်တစ်လက်၊ OPS MRPCAL 45 စာတန်းပါ ဘောစေ့အသုံးပြု ပစ်ခတ်ရ သောဂက်စ်သေနတ် တစ်လက်တို့အား တွေ့ရှိရပြီး မော်တော်ယာဉ်ရှေ့ခန်းအလယ် အံဝှက်အတွင်းမှ စိတ်ကြွဆေးပြား ရောင်းရငွေဟု ယူဆရသော ငွေစက္ကူ ကျပ် ၁၂၁၅၈၀၀ နှင့် 6E/ —- နံပါတ်ပါ မော်တော်ယာဉ် သက်သေခံ လက်မှတ်တစ်စောင်၊ ကျော်စွာဝင်း ကိုင်ဆောင်သည့် ဆင်းကတ်နှစ်ကတ်ပါ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

 

ဒီဇင်ဘာ ၁၁ ရက်တွင် စတင်မည့် လူထုအခြေပြု ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုး အစီအစဉ်တွင် ဆေးမထိုးမီ ကျန်းမာရေး စစ်ဆေးမှုနှင့် နောက်ဆက်တွဲရောဂါ စောင့်ကြပ်မှုများကို တိုးမြှင့်လုပ်ဆောင်မည် 

ရှမ်းပြည်နယ်တွင် ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) အောင်သန်းထွဋ်နှင့် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း အပါအ၀င် လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ထားသူ အရပ်သားလေးဦးရှိကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က ရှမ်းပြည်နယ်လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ဒုတိယကြိမ်မြောက် ရှမ်းပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (ပထမနေ့) ကို ဒီဇင်ဘာ ၄ ရက် တနင်္လာနေ့တွင် စတင်ကျင်းပခဲ့ရာတွင်  ရှမ်းပြည်နယ်အတွင်းရှိ မြို့ နယ်အသီးသီးတွင် အရပ်သားများအား လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့် ပြုထားသူ မည်မျှရှိပြီး မည်သည့်လက်နက် အမျိုးအစား ဖြစ်ကြောင်းကို သိရှိလိုပါသည် ဆိုသည့် အဆိုပါမေးခွန်းကို ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးညီညီ (ခ) ဦးညီလေးချမ်းက မေးမြန်းခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ရှမ်းပြည်နယ်မှာ လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုထားသူ လေးဦးရှိပါတယ်။ ပထမတစ်ဦးမှာ ဒေါက်တာ စိုင်းခမ်းလှိုင်ဖြစ်ပြီး ပစ္စတို ဖြစ်ပါတယ်။ ဒုတိယ တစ်ဦးကတော့ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် (အငြိမ်းစား) ဖြစ်ပြီး 538 တစ်လက်နှင့် 532 တစ်လက် ကိုင်ဆောင်ထားပါတယ်။ တတိယ တစ်ဦးကတော့ ဦးမြင့်ဦးဖြစ်ပြီး ဂျာမနီပစ္စတို တစ်လက် ကိုင်ဆောင်ခွင့် ပြုထားပါတယ်။ စတုတ္တ တစ်ဦးကတော့ ဦးအောင်ကိုဝင်းဖြစ်ပြီး CZ-2075၊ 9mm တစ်လက်ကိုင်ဆောင်ခွင့် ပြုထားကြောင်း ဖြေကြားအပ်ပါတယ်” ဟု ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် လက်နက်ကိုင်ဆောင်ရေးမူအရ လေသေနတ်၊ လုပ်သေနတ် အပါအ၀င် လက်နက်အားလုံးကို လိုင်စင်ဖြင့်သာ ကိုင်ဆောင်ရန် ညွှန်ကြားထားကြောင်း၊ ထိုသို့ လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ရရှိရန် ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ လက်နက်ကိုင်ဆောင်ခွင့်လိုင်စင် ပါမစ်စိစစ်ရေး အဖွဲ့သို့ တင်ပြလျှောက်ထားရမည် ဖြစ်ကြောင်း၊ ထိုအဖွဲ့၏ စိစစ်ခွင့်ပြုချက်ရမှသာ ကိုင်ဆောင်ခွင့်ရှိကြောင်း သိရသည်။

တရားမ၀င် လက်နက်များ၊ ဆက်သွယ်ရေးစက်များ၊ လိုင်စင်မဲ့ယာဉ်များအား နီးစပ်ရာ တပ်၊ ရဲစခန်းများ၊ ရဲတပ်ဖွဲ့မှူးရုံးများသို့ အမြန်ဆုံး လာရောက်အပ်နှံကြရန်နှင့် လာရောက်အပ်နှံခြင်း မရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက ကြေညာထားကြောင်း အောက်တိုဘာ ၁၈ ရက်က မြန်မာ့အသံ ရုပ်မြင်သံကြား သတင်းထုတ်လွှင့်ချက်အရ သိရသည်။

တရားမ၀င် လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်ပါက ၁၈၇၈ ခုနှစ် လက်နက်ဥပဒေ ပုဒ်မ ၁၉ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်ထက်မနည်း၊ ခုနစ်နှစ်ထက်မပိုသော  ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး အလားတူ ၁၉၅၁ ခုနှစ် လက်နက်များ ယာယီ ပြင်ဆင်ချက်အက် ဥပဒေပုဒ်မ ၁၉ (က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်ထပ် မနည်း၊ ခုနစ်နှစ်ထပ်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

တာချီလိတ်မြို့ရှိ နေအိမ်တစ်အိမ်တွင် နေထိုင်သည့် ထိုင်းနိုင်ငံသား လေးဦးထံမှ သေနတ်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

ပြည်ထဲရေးဝန်ကြီးဌာနတွင် ဖော်ပြထားသည့် မှတ်တမ်းဓာတ်ပုံအား တွေ့ရစဉ်

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့နယ်တွင် ထိုင်းနိုင်ငံသား လေးဦးထံမှ သေနတ်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်က မွန်းလွဲ ၁ နာရီ ၀န်းကျင်တွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် မယ်ခေါင် (၁) လမ်း အမှတ် (၁/၁၄၂) နေ အိုက်ကျွဲ (၂၇ နှစ်) ရှမ်း-လားဟူ/ဗုဒ္ဓရောင်း/၀ယ် (ဘ) ဦးအိုက် အင်၏အိမ်အား မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၃၀) (တာချီလိတ်)မှ ရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ စရဖမှ တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ၀င်ရောက်ရှာဖွေခဲ့ရာ အိုက်ကျွဲနှင့်အတူ ထိုင်းနိုင်ငံသား Mr.Thanaphon Siriphan (၆၇ နှစ်) ထိုင်း/ဗုဒ္ဓရောင်း/၀ယ်(ဘ) ဦးဆူထေ့ ဆွတ်သွေး ရပ်ကွက် လမ်းပန်းမြို့ ထိုင်းနိုင်ငံ၊ တစ်ရပ်ကွက်တည်းနေ Mr.Sitthipong Kuma (၄၃ နှစ်) ထိုင်း/ဗုဒ္ဓ ရောင်း/၀ယ် (ဘ) ဦးဆွန်ထောင်၊ Mr.Adisak Insuriya (၁၅ နှစ်) ထိုင်း/ဗုဒ္ဓ ကျောင်းသား (ဘ) ဦးဖွန်ချိုင်နှင့် Mr.Sutti Pong (၃၀နှစ်) ရောင်း/၀ယ် (ဘ) ဦးဆွတ်လင်း တို့အား တွေ့ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆက်လက်ရှာဖွေခဲ့ရာ အိပ်ခန်းခုတင်ခေါင်းရင်းမှ အိုက်ကျွဲပိုင် PBX 675 နံပါတ်ပါ သြစတြေးလျ နိုင်ငံထုတ် Glock အမျိုးအစား 9MM ပစ္စတိုသေနတ် (၁)လက်၊ ၎င်းကျည်တောင့် ၁၀၀၊ ကျည်အိမ်နှစ်ခု၊ သေနတ်ထည့်သည့် လက်ကိုင်ပါ ကော်ဘူးတစ်ဘူး၊ ပွိုင့် ၄၅ ကျည်တောင့် ၁၀၀၊ ဦးအိုက်ကျွဲ အမည်ပါ အိမ်ထောင်စု လူဦးရေစာရင်း မိတ္တူတစ်ရွက်၊ ဦးအိုက်ကျွဲအမည်ပါ မှတ်ပုံတင်တစ်ခုနှင့် ထိုင်ငံသားများ၏ ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်သုံးခု၊ Mr.Thanaphon Siriphan အမည်ပါ ထိုင်းမှတ်ပုံတင် တစ်ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အိုက်ကျွဲနှင့် ထိုင်းနိုင်ငံသား လေးဦးတို့အား တာချီလိတ်မြို့မရဲစခန်းက (ပ)၂၁၂/၂၀၁၇ ရှမ်း လက်နက်ပုဒ်မ ၁၂(က)(ဂ)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ထိုင်းနိုင်ငံသား လေးဦးအား လ၀ကပုဒ်မဖြင့် ထပ်မံအရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအနီးတွင် လက်လုပ်သေနတ် ကိုင်ဆောင်သူများကို ဖမ်းဆီးရမိ

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအနီးတွင် လက်လုပ်သေနတ် ကိုင်ဆောင်လာသူများကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင် မှုခင်းအကူအဖွဲ့မှ ရဲအုပ်ခင်မောင်အေး ဦးဆောင်သောအဖွဲ့မှာ အောက်တိုဘာ ၁၃ ရက်က မူးယစ်ဆေးဝါးရောင်းချသူများမှာ လက်နက်ကိုင်ဆောင်နေကြောင်း သတင်းအရ သိန်ခွန်းကျေးရွာအနီးတွင် သွားရောက်စောင့်ဆိုင်း ဖမ်းဆီးစဉ် ယခုကဲ့သို့  လက်လုပ်သေနတ်ကိုင်ဆောင်လာသူများကို ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲအုပ်ခင်မောင်အေး ဦးဆောင်သော အဖွဲ့မှာ သက်သေများနှင့်အတူ သိန်ခွန်းကျေးရွာမှ နှစ်မိုင်ခန့်အကွာအထက် ကွမ်းသီးတောအနီးတွင် စောင့်ဆိုင်းနေစဉ် ချောင်းလမုကျေးရွာမှ မြန်မာ-ထိုင်းနယ်စပ်မောတောင်ဘက်သို့ မောင်းနှင်နေသည့် Wave ခဲရောင် အမျိုးစား (ယာဉ်အမှတ် ၂၉ ယ/၅၈၆၆၈၅ ) အား ရပ်တန့်စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဆိုင်ကယ်ကို ချောင်းမွန် ( ၅ ) ကျေးရွာ၊ ပြည်ကြီးမဏ္ဍိုင်မြို့မှ မျိုးသူ ( ၂၁ နှစ်) ( ဘ ) ဦးတင်ထွန်းမောင်းနှင်ပြီး အနောက်တွင် ရဲကို ( ခ) နောင်ဖြူ ( ၂၁ နှစ်) (ဘ) ဦးယုရှိန်၊ ချောင်းလမုကျေးရွာနေသူ လိုက်ပါလာကြောင်း သိရသည်။

ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ မျိုးသူ လွယ်ထားသည့် သားရေအိတ်အတွင်းမှ အရှည် ရှစ်လက်မရှိပြီး သတ္တုဒင် သုံးလက်မ၊ သံပြောင်းအရှည် ငါးလက်မရှိသော လက်လုပ်သေနတ်နှင့် ပွိုင့် ၃၈ စပါယ်ရှယ်ကျည် ဆုံတစ်တောင့်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားမ၀င် လက်လုပ်သေနတ်ကိုင်ဆောင်လာသူ မျိုးသူနှင့် ရဲကိုတို့အား မောတောင်နယ်မြေရဲစခန်းမှ (ပ) ၁၉ / ၂၀၁၇ ၊ လက်နက် ပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်တွင် သေနတ်အစစ်နှင့် အသွင်သဏ္ဌာန်တူသည့် ပစ္စည်းများ သိမ်းဆည်းရမိ

ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးဂိတ်တွင် သိမ်းဆည်းရမိသော ပစ္စည်းများကို တွေ့ရစဉ်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၁၆ ရက် နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က သေနတ်အစစ်နှင့် အသွင်သဏ္ဌာန်တူသည့် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်ရှိ ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ မြ၀တီမြို့ ရွှေစင်စင်္ကြာဂိတ်မှ စက်တင်ဘာ ၁၅  ရက် ညနေ ၅ နာရီခန့်တွင်ထွက်လာပြီး မရမ်းချောင်း အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာသည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဥာဏရပ်ကွက်နေ ယာဉ်မောင်းသန်းထိုက်အောင် (၃၃ နှစ်) (ဘ) ဦးမြအောင်မောင်းနှင်ပြီး ယာဉ်နောက်လိုက်အဖြစ် မွန်ပြည်နယ် ပေါင်မြို့နယ် စွယ်တော်ရပ်ကွက်နေ ဝေယံထွန်း (၂၁ နှစ်) (ဘ) ဦးစိုးမြင့်နှင့် ခရီးသည်  (၂၄) ဦးတင်ဆောင်လာသည့် ZHONG TONG အမျိုးအစား အဖြူ၊ လိမ္မော်ရောင် ရွှေစင်စင်္ကြာ ခရီးသည်တင်မှန်လုံယာဉ်အမှတ် 7K/ – – – – ယာဉ်၏အောက်ဘက် ပစ္စည်းထည့်ရာနေရာအား စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းကွင်းကားဂိတ်ကို ၀ဏ္ဏ ဖုန်းနံပါတ် အမှတ်အသား ရေးသားထားသည့် အ၀ါရောင် ကတ်ထူဘူးအတွင်းမှ သေနတ်အစစ်နှင့် အသွင်သဏ္ဌာန်တူသော ပစ္စည်းများအား စစ်ဆေး တွေ့ရှိခဲ့ကြောင်း၊ ၎င်းပစ္စည်းများမှာ (က) Sport 7 0 8 ၊ 2.5 Version တံဆိပ်ပါ အနက်ရောင်ဘူးနှင့် ၎င်းဘူးအတွင်းမှ 15 A/02275၊ WARLINGBEFOREUSING READ SAFETY MANUMANUAL MADE IN THIWAN တံဆိပ်ပါ ဂက်စ်ဖြင့် အသုံးပြုသည့် လက်ကိုင်အနက်ရောင်၊ ကိုယ်ထည်အနက်ရောင်၊ သံထည်ခြောက်လုံးပြူး တစ်လက်၊ ၎င်းကျည် အချင်းတစ်စင်တီမီတာ၊  အရှည် လေးစင်တီမီတာ၊ ကိုယ်ထည် ကြေး အ၀ါရောင်၊ ထိပ်ဖူး ပလတ်စတစ်အညိုရောင်၊  ကျည်ခြောက်တောင့်၊ ပလတ်စတစ်အနက်ရောင် စပရိန်တပ်ကျည်ဖြည့် ကိရိယာတစ်ခု၊ (ခ) REVOLVE တံဆိပ်ပါ အနက်ရောင်ဘူး နှင့် ၎င်းဘူးအတွင်းမှ 09Q09879 MADE IN USA MARCAS REGISTRA DAS SMITH & WESSON  စသည်တို့နှင့် အလားတူပစ္စည်းများအား ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ယင်းသေနတ်အစစ်နှင့် အသွင်သဏ္ဌာန်တူသည့် ပစ္စည်းများ သိမ်းဆည်းရမိသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းတာဝန်ခံ အကောက်အခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းသိန်းမှ လုံခြုံရေးတာဝန်ခံ ဒုရဲမှူးအောင်ဝင်းစိန်ထံသို့ လွှဲအပ် သိမ်းဆည်းစေခဲ့ကြောင်း၊ ထို ဂက်စ်အသုံးပြုသည့် သံထည်သေနတ်များ အား မြ၀တီမြို့ရှိ ရွှေစင်စင်္ကြာဂိတ်မှူး ဘိုဖြိုးက ရန်ကုန် မြို့ရှိ ကိုဝဏ္ဏထံသို့ သယ်ဆောင်ခ  ၃၅၀၀ ကျပ်ဖြင့်ပေးပို့ရန် ယာဉ်ပေါ်သို့ ထည့်ပေးခဲ့သည့် ပစ္စည်းများဖြစ်ကြောင်း၊ ယာဉ်ပေါ် တွင် ခရီးသည်များပါရှိသဖြင့် ယာဉ်မောင်း၊  ယာဉ်နောက်လိုက်နှင့် ယာဉ်တို့အား မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းမှ ရန်ကုန်မြို့သို့ စက်တင်ဘာ ၁၆  ရက် နံနက် (၃ နာရီ ၄၅ မိနစ်) ခန့်တွင် ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်များနှင့်ပတ်သက်၍ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား စက်တင်ဘာ ၁၆ ရက်မွန်းလွဲ (၁ နာရီ ၃၀ မိနစ်) ခန့်တွင် ချိန်းဆိုထားရှိခဲ့ပြီး ၎င်းတို့၏ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ စပယ်ယာလိုင်စင်တို့အား ခေတ္တထိန်းသိမ်း ထားရှိထားကြောင်း နှင့် သယ်ဆောင်ပစ္စည်းများမှာ သေနတ်အစစ် နှင့် အသွင်သဏ္ဌာန်တူသည့် ပစ္စည်းများဖြစ်၍ တင်သွင်းခွင့်မရှိသောပစ္စည်းများ သယ်ဆောင်လာမှုနှင့် ပတ်သက်၍ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။