စစ်တွေမြို့လယ်ရှိ ၀င်္ကဘာကွင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံး

စစ်တွေမြို့လယ်ရှိ ၀င်္ကဘာကွင်းတွင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စက်တင်ဘာ ၂၅ ရက်နေ့ ည ၉ နာရီအချိန်ခန့်က အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးရှေ့နားရှိ ၀င်္ကဘာကွင်းထောင့် နားနေဆောင်နှင့် ကပ်ရပ်တွင် သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းပစ်ခတ်မှုအတွင်း အမျိုးသားတစ်ဦး သေနတ်ထိမှန်ခဲ့ကြောင်း သိရသည်။ အဆိုပါဒဏ်ရာရ အမျိုးသားအား ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ပစ်ခတ်ခံရသူမှာ ဆေးရုံသို့မရောက်မီ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း လတ်တလော စုံးစမ်းမှုအရ သိရသည်။

ကနဦး စုံစမ်းသိရှိရသော သတင်းအချက်အလက်များအရ သေဆုံးသူမှာ စရဖ တပ်ဖွဲ့ဝင် ဖိုးလုံး(ခ)၀င်းထိုက် အသက် ၃၅ နှစ်ဝန်းကျင်ခန့်ရှိသူ ဖြစ်ကြောင်းလည်း သိရသည်။

၎င်းမှာ စစ်တွေစရဖတပ်ဖွဲ့တွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ လက်ရှိအချိန်တွင် တာဝန်မှ ပြောင်းရွှေ့ခံထားရသူ ဖြစ်ကြောင်း သိရပြီး ယင်းနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အခင်းဖြစ်စဉ်အတွင်း လူတစ်ဦးမှ အနီးကပ် ပစ်ခတ်သွားသည်ဟုသာ ယူဆရကြောင်း၊ ဖိုးလုံးနှင့်ဇနီးမှာ ၀င်္ကပါကွင်းတွင်း ဖွင့်လှစ်မည့် ဈေးပွဲတော်သို့ လာရောက်လည်ပတ် ကြည့်ရှုခြင်း ဖြစ်နိုင်ကြောင်းတို့ကိုမူ အခင်းဖြစ်နေရာ အနီးဝန်းကျင်တွင် ရှိနေသူများ၏ ပြောပြချက်အရ သိရသည်။

“25.9.2018 ရက်နေ့ ၉ နာရီ ၁၅ မိနစ်အချိန်မှာ အမှတ်(၁) စစ်ဖက်ရေးရာ လုံခြုံရေးအကူတပ် ရန်ကုန်ကနေ ခွင့်မဲ့ပျက်ကွက်နေတဲ့ တပ်ကြပ်ဝင်းထိုက် သူ့ဇနီး မမွေးဇာနည်အောင်နဲ့ သူ့သမီးငယ်တို့က စစ်တွေ ရွာကြီးတောင်ရပ်ကွက် ဘုရားကြီးအနီးရှိ ၀င်္ကဘာကွင်းမှာ ဈေးသွားဝယ်ရင်းနဲ့ အပြန်မှာ တပ်ကြပ်ဝင်းထိုက်က ရပ်ထားတဲ့ ဆိုင်ကယ်ကို သွားယူနေတဲ့အချိန်မှာ အဲဒီဆိုင်ကယ်နားမှာ နောက်ကနေ လူတစ်ဦးက သေနတ်နဲ့ တစ်ချက်ပစ်သွားတာ ခေါင်းကို။ ဆေးရုံကိုရောက်တဲ့ အချိန်မှာ သူက အသက်မရှိတော့ဘူး အဲဒါကို ကျွန်တော်တို့ ဒီစစ်တွေ နယ်မြေရဲစခန်း (ပ) ၉၀/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်။ အမျိုးသမီးကတော့ ဘာမှထိခိုက်ဒါဏ်ရာတော့မရှိဘူး။ တရားခံကို လက်ရှိ စုံစမ်းရှာဖွေနေပါတယ်” ဟု စစ်တွေမြို့ အမှတ်(၂)နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်အေးကျော် ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းသို့ မေးမြန်းခဲ့သော်လည်း ည ၁၁ နာရီခွဲ အချိန်ထိ အဆိုပါ သတင်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။ အခင်းဖြစ်ပွားသော နေရာသည် စစ်တွေမြို့ အမှတ်(၂) ရဲစခန်းအပိုင်နယ်မြေ ဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အခင်းဖြစ်ပွားရာ နေရာသို့ ရဲတပ်ဖွဲ့ဝင်များ လာရောက် သတင်းယူခြင်း၊ မှတ်တမ်းတင်ခြင်းများနှင့် အခင်းဖြစ်စဉ်များအား ရေးသားပြုစုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်စဉ်ကြောင့် လူတစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ The Daily Eleven သတင်းစာမှ ထပ်မံသိရှိရသော သတင်းအချက်အလက်များ ဆက်လက်ဖော်ပြ ပေးသွားမည်ဖြစ်သည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုမှ ကျူးလွန်သူကို လက်နက်ပုဒ်မဖြင့် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်

သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်စဉ်တွင် ဖမ်းဆီးရမိခဲ့သူအား သြဂုတ် ၂၇ ရက်က ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ်

ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်တွင် လင်မယားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်စဉ်မှ ဖမ်းဆီးရမိခဲ့သူကို လက်နက်ပုဒ်မဖြင့် ထောင်ဒဏ်သုံးနှစ်ကျခံစေရန် စက်တင်ဘာ ၁၉ ရက်က ချမ်းမြသာစည်မြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

“သေနတ်ပစ်ခတ်မှုက ကျူးလွန်သူကို လိုင်စင်မရှိဘဲ လက်နက်ကိုင်ဆောင်မှုပုဒ်မ၁၉(စ)နဲ့ မြို့နယ်တရားရုံးက အမိန့်ချလိုက်ပါတယ်။ ခရိုင်တရားရုံးမှာ လူသတ်မှုပုဒ်မတွေနဲ့ အမှုဖွင့်တာကိုလည်း ဆက်လက် တရားရင်ဆိုင်ရဦးမှာပါ။ ခရိုင်ရုံးမှာ တရားစွဲဆိုမှုကတော့ စီအိုင်ဒီက တရားလိုပြုလုပ်ထားတာပါ” ဟု အောင်ပင်လယ်ရဲစခန်းမှူး ရဲအုပ်စိန်ထွန်းဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် ကျန်ရှိသည့်အမှုများအတွက် နိုင်ငံတော်စရိတ်ဖြင့် ရှေ့နေလိုက်ပါ ဆောင်ရွက်ပေးနိုင်ရန် တရားရုံးက စီစဉ်ပေးခဲ့ကာ စက်တင်ဘာ ၂၇ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း မန္တလေးခရိုင်တရားရုံးမှ သိရသည်။

သြဂုတ် ၁၃ ရက် နံနက် ၁၁ နာရီကျော်က ဖြစ်ပွားခဲ့သည့် ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်တွင် လင်မယားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ချမ်းမြသာစည်မြို့နယ် ၅၅ လမ်း နှင်းဆီလမ်းနှင့် ရွာလယ်လမ်းမကြီးကြားတွင် ဆိုင်ကယ်စီးလာသည့် လင်မယားနှစ်ဦးကို အခြားဆိုင်ကယ်တစ်စီးမှ ဆိုင်ကယ်ချင်းဝင်တိုက်ခဲ့ကြောင်း၊ ဆိုင်ကယ်များလဲကျသွားသည့်နောက်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ခြေလျင်ထွက်ပြေးလာခဲ့ကြောင်း၊ ထို့နောက် အနီးနားရှိ ဆိုင်တစ်ဆိုင်ထဲမှ ထွက်လာသည့် ဆိုင်ကယ်ကို လုယူရာ မရရှိခဲ့ဘဲ ၅၅ လမ်းပေါ်ရှိ ဆိုင်ကယ်၊ ကားများကို သေနတ်ပြတားဆီးခဲ့ကြောင်း၊ ခွေးဘီလူးကားတစ်စီးကို တားမြစ်ရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ခဲ့သော်လည်း ကျည်ထွက်ခဲ့ခြင်းမရှိဘဲ အနီးဝန်းကျင်မှ ၀ိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းကြောင့် သေနတ်ပစ်ခတ်သူကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ရပ်ကွက်မှ မျက်မြင်တွေ့ရှိခဲ့သူများထံမှ သိရသည်။

သေနတ်ပစ်ခံခဲ့ရသည့် ဇနီးမောင်နှံမှာ လီလျှီစွမ်းခေါ် ကိုဇော်လင်းနှင့် ဟောလောက်ဖိန်တို့ဖြစ်ပြီး ချမ်းမြသာစည်မြို့နယ် ခတ္တာလမ်းနှင့် ဂန္ဓာလမ်းကြား၊ ၅၅ လမ်းနှင့် ၅၆ လမ်းကြား A23 တွင် ခေါင်ရည်ဆိုင်ဖွင့်ထားပြီး တာမိုးညဲကွတ်ခိုင်ဇာတိဖြစ်ကြောင်း သိရသည်။

ကျူးလွန်သူမှာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာမှ ပန်းရံလုပ်ကိုင်သူ မောင်မျိုး (ခ) ခွန်ကောလားဖြစ်ပြီး ၎င်းကို လူသတ်မှုပုဒ်မ ၃၀၂၊ လုယက်မှုကျူးလွန်ရာတွင် နာကျင်စေမှုပုဒ်မ ၃၉၄ တို့ဖြင့် အမှုဖွင့်ထားပြီး စက်တင်ဘာ ၁၀ ရက်တွင် တရားစွဲဆိုခဲ့သည်။ အဆိုပါ သေနတ်ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ငွေလုယူရန်ကြိုးစားရင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်သည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မြောက်ဦးပဋိပက္ခ ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန်မေးခွန်းထုတ်ခဲ့သဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသူ ဦးအောင်သန်းဝေအား စွဲချက်တင်ရန် အမိန့်ချမှတ်ခဲ့ပြီး ဦးအောင်သန်းဝေကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးပါ သုံးဦးအား ပြန်လည်တရားစွဲထားကြောင်း သိရ

ဦးအောင်သန်းဝေအား စက်တင်ဘာ ၁၈ ရက် စစ်တွေတရားရုံး ရုံးထုတ်တွင် တွေ့ရစဉ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် သေနတ်ပစ်ခတ်မှု၊ ဖမ်းဆီးထားမှုများနှင့် ပတ်သက်ပြီး လူမှုကွန်ရက်တွင် ရေးသားဖော်ပြမှုတို့ကြောင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေးဥပဒေ ပုဒ်မ ၁၀ နှင့် ပုဒ်မ ၅၀၆ တို့ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော ဦးအောင်သန်းဝေ၏ အမှုတွင် ပုဒ်မ ၁၀ ဖြင့် စွဲချက်တင်ရန် စက်တင်ဘာ ၁၈ ရက်က မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်းနှင့် ဦးအောင်သန်းဝေကလည်း မြို့နယ်အုပ်ချုပ်ရေးမှူး အပါအ၀င် ထွေအုပ်ဝန်ထမ်းသုံးဦးတို့အား ပုဒ်မ ၁၀ ဖြင့် ပြန်လည်တရားစွဲဆိုထားကြောင်း သိရသည်။

ဦးအောင်သန်းဝေ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် “လူသတ်လက်နက်နဲ့ ရခိုင်ပြည်နယ် အတွင်းရေးမှူး(ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦး လူသတ်မှု (တရားခံ) ဘယ်သူလဲ” ဆိုသည့် ပို့စ်ကို ဇွန် ၁၈ ရက်က ရေးသားဖော်ပြခဲ့မှုကြောင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေးဥပဒေ ပုဒ်မ ၁၀ တို့ဖြင့် အမှုဖွင့်ခံရပြီး ဇွန် ၂၁ ရက် ညနေပိုင်းက ဖမ်းဆီးခံခဲ့ရကာ ရာဇ၀တ်မကင်းသော ခြောက်လှန့်မှု ပုဒ်မ ၅၀၆ သြဂုတ် ၁၀ ရက်က ထပ်မံပြီး တရားစွဲဆိုခြင်း ခံထားရခြင်းဖြစ်ကြောင်း သိရသည်။

“ပုဒ်မ ၁၀ နဲ့ ပတ်သက်ပြီး ဒီနေ့စွဲချက် အမိန့်ချတယ်။ စွဲချက်တင်လိုက်တယ်ပေါ့။ ၅၀၆ နဲ့ပတ်သက်ပြီးတော့ ဒီနေ့ လိုပြသက်သေတွေ အားလုံးကို စစ်ဆေးပြီးဖြစ်တယ်။ ၂၁ ရက်နေ့မှာ ပြန်လည်ချိန်းလိုက်တယ်။ ကျွန်တော့်ဘက်ကလည်း စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေရယ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမင်းသူတို့ကို နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၂ ကို ချိုးဖောက်တဲ့အတွက် ပုဒ်မ ၁၀ နဲ့ အရေးယူပေးဖို့ သူတို့နှစ်ဦးကို တစ်မှုစွဲပါတယ်။ နောက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘောလုံးကွင်းရပ်ကွက်စာရေးကို နိုင်လွတ်လုံဥပဒေပုဒ်မ ၈ (ခ) ကို ချိုးဖောက်တဲ့အတွက် သူ့ကိုလည်း ပုဒ်မ ၁၀ နဲ့ အရေးယူပေးဖို့အတွက် စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားပါတယ်။ အဲဒီအပေါ်မှာလည်း မြို့နယ်တရားရုံးက ကျင့် ၂၀၀ အရ စက်တင်ဘာ ၁၁ ရက်က ကျွန်တော့်ကို ပဏာမ စစ်ဆေးပြီးဖြစ်ပါတယ်။ ရဲအရေးပိုင်ဖြစ်တဲ့အတွက် ရဲကို စုံစမ်းဖို့ ပေးထားတယ်လို့ သိရတယ်။ ကျွန်တော့်ကိုစွဲတဲ့ပုဒ်မ ၁၀ အမှုမှာ တရားလိုပြသက်သေ ကိုးဦးရှိတယ်။ အဲဒီကိုးဦးမှာ အမိန့်ပေးစေခိုင်းပြီး ပြောဆိုထားတာ ရဲဝန်ထမ်း နှစ်ဦးနဲ့ ထွေအုပ်ဝန်ထမ်း သုံးဦးကပဲ ကျွန်တော်က ပြောဆိုခဲ့ပါတယ်လို့ ထွက်ဆိုတယ်။ ကျန်တဲ့သက်သေတွေက ဘာမှမသိဘူးဗျ” ဟု ဦးအောင်သန်းဝေက ပြောကြားသည်။

မြောက်ဦးဖြစ်စဉ်တွင် သေနတ်ပစ်ဖောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ပြီး ခုနစ်ဦးသေဆုံးကာ ၁၂ ဦး ဆေးရုံတက် ကုသမှုခံယူခဲ့ရသည်အထိ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းအနက် စစ်တွေပြည်သူ့ဆေးရုံတွင် ဒဏ်ရာဖြင့် ကုသမှုခံယူနေရသူ လူငယ်ရှစ်ဦးကို ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်းလည်း သိရသည်။ ထိုအမှုအား လိုက်ပါဆောင်ရွက်သူ ဦးကျော်ညွန့်မောင်က အောင်သန်းဝေအား တရားစွဲဆိုမှုမှာ မှားယွင်းသည်ဟု ရှုမြင်သုံးသပ်ကြောင်းလည်း ပြောကြားခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး အမှုအား လိုက်ပါဆောင်ရွက်နေသူ ရှေ့နေဦးကျော် ညွန့်မောင်ကလည်း “ဒီနေ့တော့ ကနဦး စွဲဆိုထားတဲ့ နိုင်လွတ်လုံနဲ့ ဥပဒေပုဒ်မ ၁၀ နဲ့ပတ်သက်ပြီး ဦးအောင်သန်းဝေကို စွဲချက်တင်တယ်။ ဦးအောင်သန်းဝေကတော့ အပြစ်မရှိလို့ ငြင်းတယ်။ သူ့ဘက်က သက်သေ လေးယောက်ပြထားတယ်။ အဲဒီအမှုကို ၂၁ ရက်နေ့ တရားခံဘက်ကိုစစ်ဖို့အတွက် CMP လုပ်မယ်ပေါ့ အဲဒီနေ့မှာ။ ၅၀၆ အမှုမှာတော့ ဒီနေ့ ဒုရဲမှူးလှဌေးကို စစ်တယ်။ ပြီးတော့ ဘောလုံးကွင်းရယက စာရေးကိုစစ်တယ်၊ တရားလို ပြသက်သေတွေ အားလုံးစစ်ပြီးပြီပေါ့။ ၂၁ ရက်နေ့မှာ စွဲချက်လျှောက်လဲချက် အမိန့်ချမှတ်မယ်။ နိုင်လွတ်လုံကျတော့ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ၀န်ထမ်းတွေကို လက်လွတ်စပါယ်မလုပ်ရအောင် ထိန်းချုပ်ထားတဲ့ ဥပဒေ၊ ရှင်းရှင်းပြောရရင် ဒီဥပဒေဟာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ၀န်ထမ်းတွေကို တားမြစ်ထားတဲ့ ဥပဒေလို့ပဲ ကျွန်တော်က မြင်တယ်” ဟုလည်း ပြောကြားသည်။

ဇန်န၀ါရီလအတွင်းက မြောက်ဦးမြို့တွင် ဟောပြောပွဲပြုလုပ်ရန် စီစဉ်ခဲ့ရာမှ ဟောပြောပွဲပျက်သွားရာ လူစုလူဝေး ဖြစ်ပေါ်ပြီးနောက် ဟောပြောပွဲပြန်လည် ကျင်းပပေးရန် တောင်းဆိုရာမှစတင်ပြီး ရဲစခန်းနှင့် ထွေအုပ်ရုံးရှေ့သို့ ရောက်ရှိသွားကာ ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

ကျွဲ၊ နွားများ တင်ဆောင်လာသော ကားများကို လက်နက်ကိုင် အဖွဲ့အစည်းများက ဆက်ကြေးကောက်မှုများရှိနေပြီး မပေးပါက သေနတ်ဖြင့်ပစ်ခတ်မှုများရှိဟုဆို

စက်တင်ဘာ ၈ ရက်ကေ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ကျွဲများတင်ဆောင်လာသည့်ယာဉ် တစ်စီးအား တွေ့ရစဉ်

မော်တော်ယာဉ်များပေါ်တွင် ကျွဲ၊ နွား များ တင်ဆောင်လာသော ကားများအပေါ် ဒေသတွင်း လက်နက်ကိုင် အဖွဲ့အစည်းများက ဆက်ကြေးကောက်မှုများရှိနေပြီး မပေးပါက သေနတ်ဖြင့် ပစ်ခတ်မှုများရှိသည်ဟု ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ ဒေသခံအချို့က ပြောကြားသည်။

စက်တင်ဘာ ၈ ရက် နံနက် ၇ နာရီခန့်တွင် ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာအနီး လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျွဲများတင်ဆောင်လာသော ၁၂ ဘီးယာဉ်တစ်စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့ သေဆုံးခဲ့ရသည်။

“သိပ်မကြာခင်ကာလမှာ လွှတ်တော်ကနေပြီးတော့ တရားမ၀င် မှောင်ခိုသွားနေမယ့်အစား တရားဝင်ကုမ္ပဏီက လိုင်စင်နဲ့ သွားပါဆိုပြီး ခွင့်ပြုလိုက်တယ်။ အဲဒီလို ခွင့်ပြုလိုက်တဲ့အခါမှာ ဘာတွေ ဖြစ်လာသလဲဆိုတော့ လိုင်စင်နဲ့တရားဝင်ပါမစ်နဲ့သွားတဲ့ နွားကားတွေဟာ ဒီဘက်ကို ၀င်လာရင် လက်နက်ကိုင်အဖွဲ့အစည်းတွေက အခွန်တွေ ကောက်တာရှိတယ်။ မပေးရင် ပစ်တာပေါ့ဗျာ” ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခင်က တရုတ်နိုင်ငံဘက်သို့ ကျွဲ၊ နွားများ အရှင်တင်ပို့ခွင့်ကို တားဆီးပိတ်ပင်ခဲ့သော်လည်း တရားမ၀င် မှောင်ခိုသွားလာမှုများရှိနေသည့်အတွက် မကြာသေးခင်ကာလမှ တရုတ်နိုင်ငံဘက်သို့ မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှ ကျွဲ၊ နွားများ အရှင်တင်ပို့ခွင့်ကို တရားဝင်ခွင့်ပြုခဲ့ခြင်းသည်။

ထိုသို့ တရားဝင် ခွင့်ပြုပေးထားသော်လည်း တရားမ၀င် မှောင်ခိုရောင်းဝယ်မှုများ ရှိနေဆဲပင်ဖြစ်ပြီး တရားဝင် သွားသည်ဖြစ်စေ၊ တရားမ၀င်သွားသည်ဖြစ်စေ ကျွဲ၊ နွားများ တင်ဆောင်လာသော ကားများအပေါ် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများက အခွန်ကောက်ခံသည်ဖြစ်ရာ အခွန်မပေးဘဲ မောင်းပြေးသော ကားများအား လက်နက်ကိုင်အဖွဲ့အစည်းများက သေနတ်ဖြင့် ပစ်ခတ်လေ့ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့ လကဆိုရင် တရားမ၀င် လိုင်စင်အတုနဲ့ နွားကားအတု ငါးစီး အဖမ်းခံရတယ်။ အဖမ်းမခံရတဲ့ကားတွေ ဘယ်လောက် ရှိနေမတုန်း။ အဲဒီတော့ အဲဒီလို အတုတွေ ရှိသလို အရင်လိုပဲ ဘာလိုင်စင်မှမရှိ ဘာပါမစ်မှ မရှိဘဲ မှောင်ခိုသွားနေတာတွေလည်း ရှိတာပဲ။ နားလည်မှုနဲ့ သွားကြတာပေါ့။ ကျွန်တော်တို့က သိတော့ သိနေတာပဲ။ ဒါပေမဲ့ ဖမ်းပေးလို့မှ မရတာ။ ပြောပေးလို့ပဲရတယ်” ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောကြားသည်။

“နွားမှောင်ခိုလုပ်နေတာလည်း နှစ်ပေါင်းကို ကြာလှပြီ။ တောလမ်းကနေ သွားနေကြတာ။ တောလမ်းကနေ သွားတော့လည်း ကျွန်တော်တို့နယ်မြေတွေက မအေးချမ်းတော့ အခွန်အခတွေပေးပြီး သွားရတာပေါ့။ နောက်ပိုင်းမှာကျတော့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ စပြီးတော့ ကားတွေနဲ့ တင်ကြတယ်။ ကားတွေနဲ့ တင်ကြပေမယ့် တရားဝင် မဟုတ်ပါဘူး။ အဲဒီလို သွားလာနေကြတာပဲ။ နောက်ပိုင်းမှာကျတော့ အနည်းအကျဉ်းပေါ့လေ။ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ သွားလာနေကြတယ်။ ခွင့်ပြုချက်ဆိုပေမယ့် ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စားဝတ်နေရေးအတွက် လုပ်ပေးရတာပဲ” ဟု ၎င်းက ဆက်လက်ပြောပြသည်။

ယခုနှစ် ဇန်န၀ါရီလမှ လက်ရှိအချိန်အထိ ကျောက်မဲမြို့နယ်အတွင်း ကျွဲ၊ နွားများ တင်ဆောင်လာသော ကားများကို အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းများက သေနတ်ဖြင့် ပစ်ခတ်မှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုသို့ ပစ်ခတ်မှုများကြောင့် သေဆုံးသူ ရှစ်ဦး ဒဏ်ရာရရှိသူ ကိုးဦးရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်  ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ တအန်းလက် နက်ကိုင်အဖွဲ့ (TNLA) ၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နှင့် ပြည်သူ့စစ်အဖွဲ့များ ရှိနေသည်။

မုဒုံမြို့ ၀က်တဲကျေးရွာတွင် သေနတ်ကိုင်ဆောင်ထားသူ တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

သေနတ်ကိုင်ဆောင် ပစ်ခတ်သူအား ဖမ်းဆီးရမိစဉ်

မုဒုံမြို့နယ် ၀က်တဲကျေးရွာ၌ စက်တင်ဘာ ၇ ရက် နံနက် ၁၁ နာရီခွဲခန့်က သေနတ်ကိုင်ဆောင်ထားသူ တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များကြား သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မုဒုံမြို့ မြို့မ (၂) ရပ်ကွက်၊ ရွှေညောင်ပင်ရပ်၊ ရထားသံလမ်းဘေး၌ သေနတ်ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်ရဲမှူးမြအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မုဒုံမြို့မရဲစခန်းမှူး (ခေတ္တ) ရဲအုပ်ဝင်းဇော်ဌေး၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ငြိမ်းချမ်းနှင့် တပ်ဖွဲ့များမှ သွားရောက်စစ်ဆေးရာမှ အဆိုပါ သေနတ်ကိုင်ဆောင်ထားသူမှာ ရထားလမ်းအတိုင်း မုဒုံမြို့နယ်၊ ၀က်တဲကျေးရွာသို့ ထွက်ပြေးသွားသဖြင့် တပ်ဖွဲ့ဝင်များမှ ထက်ကြပ်မကွာ လိုက်သွားရာ ၀က်တဲကျေးရွာ လယ်ကွင်းများရှိသည့် နေရာ၌ သေနတ်ကိုင်ဆောင်ထားသူမှာ နောက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်လာသည်ကို မြင်တွေ့သောကြောင့် ပြေးလွှားစဉ် ၎င်းကိုင်ဆောင်ထားသော သေနတ်ဖြင့် ပစ်ခတ်ပြီး လယ်ကွင်းအတိုင်း ဆက်လက်ထွက်ပြေး သွားပြီးနောက် ၀က်တဲချောင်းအတွင်း စက်လှေဖြင့် ထွက်ခွာသွားကြောင်း၊ ထိုသို့ ၀က်တဲချောင်းအတိုင်း စက်လှေဖြင့် ထွက်ခွာလာစဉ် ဖမ်းဆီးရေးအဖွဲ့မှ ရဲအုပ်ငြိမ်းချမ်းနှင့် ရဲတပ်ကြပ်မြင့်သိန်းတို့ အဖွဲ့မှ BA-94 နှင့် 12 ဗို့ ပြောင်းချော (ပန့်အက်ရှင်) သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ရာ သေနတ်ကိုင်ဆောင်ထားသူ၏ ကျောကုန်းနှင့် တံတောင်ဆစ်နှစ်ဖက်၌ ရာဘာကျည် ထိမှန်ခဲ့ပြီး သေနတ်မြှောက် အဖမ်းခံခဲ့ကြောင်း၊ ဖမ်းဆီးရမိခဲ့သူမှာ ဦးအောင်မြတ် (ခ) အုန်းမှုတ် (၅၅ နှစ်) (ဘ) ဦးစံမင်း ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ မုဒုံမြို့ မြို့မ (၂) ရပ်ကွက် မြစံပယ်လမ်းတွင် နေထိုင်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိတွင် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၌ နေထိုင်နေသူဖြစ်ကြောင်း၊ ၎င်းထံမှ အမေရိကန်နိုင်ငံလုပ် Coult, Super Automatic – 22 သေနတ်နံပါတ် 187/274 ပစ္စတို သေနတ်တစ်လက်အား ကျည်ကျန် လေးတောင့်နှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း မုဒုံမြို့မရဲစခန်းထံမှ သိရသည်။

“သေနတ်နဲ့အတူ ဖမ်းဆီးရမိခဲ့သူကို ရာဇသတ်ကြီးပုဒ်မနဲ့ တစ်မှု၊ တရားမ၀င် လက်နက်ကိုင်ဆောင်မှုနဲ့ တစ်မှု အမှုဖွင့်လှစ်ထားပါတယ်။ ပစ်ခတ်မှုတွေကြောင့် ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်တာ မရှိပါဘူး” ဟုမုဒုံမြို့မရဲစခန်းမှ ရဲအုပ်ငြိမ်းချမ်းက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးအောင်မြတ် (ခ) အုန်းမှုတ်အပေါ် မုဒုံမြို့မရဲစခန်းမှ (ပ) ၁၄၉၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ – ၃၀၇ ဖြင့်လည်းကောင်း၊ (ပ) ၁၄၉၉/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ-၁၉ (စ) ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 

သထုံမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့

မွန်ပြည်နယ် သထုံမြို့ သိမ်ကုန်းရပ်ကွက် ၀ါးတောရပ်ရှိ စားသောက်ဆိုင် တစ်ဆိုင်၌ သြဂုတ် ၃၀ ရက်ည ၉ နာရီ ၁၅ မိနစ်ခန့်က သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သထုံမြို့ သိမ်ကုန်းရပ်ကွက် ၀ါးတောလမ်းရှိ ဟာမိုနီ စားသောက်ဆိုင်၌ သထုံမြို့ တာယာစက်ရုံဝင်းအနီး (၃) အိမ်စုရွာနေ အောင်မျိုးသူ (၂၉ နှစ်)(ဘ) ဦးမျိုးမြင့်နှင့် ကျော်ကောင်း၊ ကောက်ကြီး၊ ကိုဖြိုး၊ အောင်ဇေယျာဝင်းတို့ ငါးဦးမှာ စားသောက်ဆိုင်အတွင်း စားသောက်ပြီးပြန်ရန် ဆိုင်မှထွက်လာစဉ် သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ မင်းလမ်း၊ အမှတ်-၇၇၉ နေ KNU ဗဟိုတပ်ဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူ တရုတ် (ခ) အောင်သူရိန် (၃၂ နှစ်) (ဘ) ဦးမင်းဦး ရောက်ရှိလာပြီး “မင်းတို့ဝိုင်းမှာ ဆူညံလွန်းတယ်” ဟုပြောသဖြင့် အောင်မျိုးသူက “အစ်ကိုနဲ့ ဘာဆိုင်လို့လဲ” ဟုပြန်ပြောခဲ့ရာ တရုတ် (ခ) အောင်သူရိန်မှ “မင်းလူမိုက်လား” ဟု ပြောပြီးနောက် ၎င်းတွင်အသင့်ပါလာသည့် သေနတ် (အမျိုးအစားမသိ-အတို) ဖြင့် မိုးပေါ်သို့ တစ်ချက် ထောင်ပစ်ပြီးနောက် အောင်မျိုးသူအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လည်ပင်းအလယ် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက် ထိမှန်ခဲ့ပြီး တရုတ် (ခ) အောင်သူရိန်က ၎င်းစီးနင်းလာ သည့် 1D/—- နံပါတ်တပ် Toyota Mark II အဖြူရောင်ယာဉ် (လိုင်စင်စိစစ်ဆဲ) ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ အောင်မျိုးသူမှာ သထုံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် (အတွင်းလူနာ-စိုးရိမ်ရ) ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သထုံမြို့မရဲစခန်းမှ ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် သထုံမြို့ မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမောင်မောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များမှ ရှာဖွေ၊ စစ်ဆေးဆောင်ရွက်ရာ၌ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော နေရာ၌ တရုတ် (ခ) အောင်သူရိန် ပစ်ခတ်ခဲ့သည့် ကျည်ခွံ PAC-380 AUTO ကျည်ခွံ နှစ်ခုနှင့် ၎င်းမောင်းနှင် ထွက်ပြေးခဲ့သည့် 1D/—- နံပါတ်တပ် Toyota Mark II အဖြူရောင်ယာဉ်ကို ၎င်းနေအိမ်မှ တွေ့ ရှိ သိမ်းဆည်းရမိခဲ့ပြီး တရုတ် (ခ) အောင်သူရိန်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သူကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေပါတယ်။ သေနတ်ပစ်ခံထိတဲ့ သူကတော့ အခြေအနေ ကောင်းသွားပါပြီ။ မစိုးရိမ်ရတော့ပါဘူး။ ပြစ်မှုကျူးလွန်သူကိုတော့ ရာဇသတ်ကြီး ပုဒ်မ- ၃၀၇ အရ  အမှုဖွင့် အရေးယူ ထားပါတယ်” ဟု သထုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမောင်မောင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အောင်မျိုးသူအား သေစေရန် သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအပေါ် သထုံမြို့မ ရဲစခန်းမှ (ပ) ၇၄၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၇ အရ အမှုဖွင့် အရေးယူထားသည်။

 

မန္တလေးမြို့တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် တစ်ဦး သေဆုံးသည့် ဖြစ်စဉ်မှ ဖမ်းဆီးရမိသူအား ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ချုပ်နှောင်ခွင့် ဒုတိယရမန်ယူ

သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်စဉ်တွင် ဖမ်းဆီးရမိခဲ့သူအား သြဂုတ် ၂၇ ရက်က ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ်

ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်တွင် လင်မယားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်စဉ်မှ ဖမ်းဆီးရမိခဲ့သူအား ချုပ်နှောင်ခွင့် ဒုတိယရမန်ကို သြဂုတ် ၂၇ ရက်က ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ရယူခဲ့ကြောင်း သတင်းရရှိသည်။

“ရဲလုပ်ငန်းစဉ်အရ စစ်ဆေးစရာတွေ ကျန်ရှိနေသေးတာကြောင့် စက်တင်ဘာ ၁၀ ရက်အထိ ထပ်မံ ချုပ်နှောင်ခွင့်ရမန် လာယူသွားပါတယ်။ စက်တင်ဘာ ၁၀ ရက် ရောက်ရင်တော့ ခရိုင်တရားရုံးမှာပဲ တရားစွဲဆို ဆောင်ရွက်ရမှာပါ” ဟု ချမ်းမြသာစည်မြို့နယ် တရားသူကြီးက ပြောကြားသည်။

သြဂုတ် ၁၃ ရက်က ချမ်းမြသာစည်မြို့နယ် ၅၅ လမ်း နှင်းဆီလမ်းနှင့် ရွာလယ်လမ်းမကြီးကြား ထွန်တုံးရပ်ကွက်တွင် ဆိုင်ကယ်စီးလာသည့် လင်မယားနှစ်ဦးအား အခြားဆိုင်ကယ် တစ်စီးက ၀င်တိုက်ခဲ့ကြောင်း၊ ဆိုင်ကယ်များ လဲကျသွားသည့်နောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ခြေကျင် ထွက်ပြေးလာခဲ့ကြောင်း၊ ထို့နောက် အနီးရှိ ဆိုင်တစ်ဆိုင်မှ ထွက်လာသည့် ဆိုင်ကယ်ကို လုယူခဲ့ရာ မရခဲ့ဘဲ ၅၅ လမ်းပေါ်ရှိ ဆိုင်ကယ်၊ ကားများကို သေနတ်ပြ တားဆီးခဲ့ကြောင်း၊ ခွေးဘီလူး ကားတစ်စီးကို တားမြစ်ရာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ခဲ့သော်လည်း ကျည်ထွက်ခဲ့ခြင်း မရှိဘဲ အနီးဝန်းကျင်က ၀ိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းကြောင့် သေနတ်ပစ်ခတ်သူကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါရပ်ကွက်မှ မျက်မြင်တွေ့ရှိခဲ့သူများထံမှ သိရသည်။

သေနတ်ပစ်ခံခဲ့ရသည့် လီလျှီစွမ်း ခေါ် ကိုဇော်လင်းနှင့် ဟောလောက်ဖိန်တို့ ဇနီးမောင်နှံမှာ ချမ်းမြသာစည်မြို့နယ် ခတ္တာလမ်း နှင့် ဂန္ဓာလမ်းကြား၊ ၅၅ လမ်းနှင့် ၅၆ လမ်း ကြား A24 တွင် ခေါင်ရည်ဆိုင် ဖွင့်ထားပြီး တားမိုးညဲ ကွတ်ခိုင်ဇာတိ ဖြစ်ကြောင်း သိရသည်။

ဖမ်းမိထားသည့် ကျူးလွန်သူဟု ဆိုသူမှာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာမှ ပန်းရန် လုပ်ကိုင်သူ တစ်ဦးဖြစ်ကာ ရှမ်းဓနုလူမျိုးဖြစ်ပြီး ၎င်းကို လူသတ်မှုပုဒ်မ ၃၀၂၊ လုယက်မှု ကျူးလွန်ရာတွင် နာကျင်စေမှု ပုဒ်မ ၃၉၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ သေနတ်ဖြင့် အပစ်ခံရသူ ဇနီးမောင်နှံ နှစ်ဦးအနက် အမျိုးသမီးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘဏ်က ထွက်လာသောကြောင့် ငွေလုယူရန် ကြိုးစားရင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်သည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

မန္တလေးမြို့တွင် ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့သည့် ပြည်ကြီးတံခွန်မြို့နယ် ကျန်စစ်သားလမ်းပေါ် ဆိုင်ကယ်ဖြင့် သွားနေသူတစ်ဦး သေနတ်ထိမှန်သေဆုံးမှုမှာလည်း တရားခံ ပေါ်ပေါက်ခြင်း မရှိသေးပေ။

ဒဂုံမြောက်မြို့နယ်တွင် ထမင်းဆိုင်၌ ရန်ဖြစ်ခဲ့သည့်အဖွဲ့မှ အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

ဒဂုံမြောက်မြို့နယ်ရှိ ထမင်းကြော်ဆိုင် တစ်ဆိုင်တွင် ရန်ဖြစ်ခဲ့သည့်အဖွဲ့မှ အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မေ ၈ ရက် ည ၁၁ နာရီခွဲခန့်တွင် ဒဂုံမြောက်မြို့နယ် (၃၅) ရပ်ကွက် ပင်လုံလမ်းနှင့် ကျောင်းလမ်းထောင့်၌ ရောင်းချနေသည့် ထမင်းကြော်ဆိုင်အတွင်း လူငယ်တစ်စုမှ ဆိုင်ရှိ စားပွဲနှင့် ထိုင်ခုံများအား ၀င်ရောက် ဖျက်ဆီးနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ အဆိုပါနေရာတွင် လူငယ်များအား မတွေ့ရှိရဘဲ နေအိမ်များသို့ ပြန်သွားကြောင်း သိရသဖြင့် ဆိုင်အား ဖျက်ဆီးသူ လူငယ်များအနက် တစ်ဦးမှာ (၃၂) ရပ်ကွက်နေ ချမ်းမြေ့လင်း (ခ) ခေါင်းဖြူ ဖြစ်ကြောင်း၊ ထို့နောက် ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့၏ နေအိမ်သို့ လိုက်လံ ဖမ်းဆီးခဲ့သည်။

ချမ်းမြေ့လင်း (ခ) ခေါင်းဖြူ၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များက သွားရောက် မေးမြန်းစုံစမ်းစဉ် ၎င်း၏ မိခင်နှင့် မိသားစုဝင်များက တာဝန်ဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်များအား ရန်ပြုဆဲဆိုခဲ့သည့်အပြင် ချမ်းမြေ့လင်း (ခ) ခေါင်းဖြူမှာ ရဲတပ်ဖွဲ့ဝင်များအား ၀င်ရောက် ထိုးကြိတ်ခဲ့ကာ ၁၂ ဘို့ ပြောင်းချော သေနတ်အား လုယူပစ်ခတ်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ချမ်းမြေ့လင်း (ခ) ခေါင်းဖြူထံမှ သေနတ်အား ပြန်လည်ရယူပြီး မိုးပေါ်သို့ ထောင်ကာ သေနတ်တစ်ချက် ပစ်ဖောက်ခဲ့သော်လည်း ချမ်းမြေ့လင်း (ခ) ခေါင်းဖြူက သေနတ်အား ထပ်မံလုယူရန် ကြိုးပမ်းခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထိုသို့ သေနတ်အား ထပ်မံလုယူရန် ကြိုးပမ်းခဲ့သည့် ချမ်းမြေ့လင်း (ခ) ခေါင်းဖြူအား ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် နှစ်ချက်ပစ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံရန်ပြုပြီး လက်နက်အား လုယက်သူ ချမ်းမြေ့လင်း (ခ) ခေါင်းဖြူ နှင့် မိသားစုဝင် လေးဦးအား ဒဂုံမြောက် ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၃၂ ဖြင့် ဖမ်းဆီး အမှုဖွင့်ထားကြောင်း သိရသည်။

“ထမင်းကြော်ဆိုင်က ခုံတွေ ဖျက်ဆီးပြီး ရန်ဖြစ်တဲ့အဖွဲ့ကိုလည်း အမှုဖွင့်ထားပြီး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်။ အဲဒီလူငယ်အဖွဲ့မှာ ချမ်းမြေ့လင်းလည်း ပါဝင်လို့ အခြားသူနဲ့အတူ ပါဝင်သူတွေကို ဖမ်းဆီးဖို့ လုပ်ဆောင်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လွိုင်ကော်မြို့နယ် မြေနီကုန်းကျေးရွာရှိ ကာရာအိုကေဆိုင်အတွင်း မိတ်ဆွေအချင်းချင်း နောက်ပြောင်ရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ကာရာအိုကေဆိုင်အား တွေ့ရစဉ်

လွိုင်ကော်မြို့နယ် မြေနီကုန်းကျေးရွာတွင် ဖွင့်လှစ်ထားသော ကာရာအိုကေဆိုင်အတွင်း ဧပြီ ၂၆ ရက် ည ၈ နာရီခန့်တွင် မိတ်ဆွေအချင်းချင်း ပုဆိုးဆွဲချွတ်သည်ကို ရှက်သဖြင့် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ သတင်းရရှိသည်။

လွိုင်ကော်မြို့ ဈေးပိုင်ရပ်ကွက်နေရာ အိမ်မှူး ဦးသိန်းတန်ဆိုသူအား ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( ကလလတ) မှ ဆက်ဆံရေးရုံးမှူးဖြစ်သူ ဦးစိုးညွန့်က ပစ္စတိုသေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ရာ နှစ်ချက်ထိမှန်သဖြင့် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ကာရာအိုကေ အခန်းအမှတ် (၁၀) တွင် အခြားမိတ်ဆွေသုံးဦးနှင့်အတူ သီချင်းဆို အရက်အတူ သောက်စားကြရာမှ စကားများရာမှ ဦးစိုးညွန့်မှာ ၎င်းပိုင်ကားအတွင်းမှ သေနတ်အားယူ၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း ရဲအမှုတွဲမှတ်တမ်းအရ သိရသည်။

“သူတို့နှစ်ယောက်က မိတ်ဆွေချင်းချင်းပဲ။ အတူတူ ခဏခဏလာကြတယ်။ အခုကလည်း တစ်ခန်းတည်း သီချင်းဆိုနေရင်း ဦးသိန်းတန်ကစနောက်ပြီး ဦးစိုးညွန့်ပုဆိုးကို ဆွဲချွတ်စတာ။ ဦးစိုးညွန့်ကရှက်ပြီး ကားထဲမှာ ထားခဲ့တဲ့ သေနတ်သွားယူလာတယ်။ ဦးသိန်းတန်က ပစ်လေပစ်လေလို့ပြောတယ်။ နောက်တော့ ပစ်လိုက်တာလို့ သိရတယ်” ဟု မျက်မြင်သက်သေ ကာရာအိုကေဆိုင်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ဦးသိန်းတန်မှာ ၀ဲပေါင်ရှေ့နှင့် ပေါင်နောက် တစ်စင်တီမီတာခန့် ပေါက်ထွက်ဒဏ်ရာ တစ်ချက်စီ၊ ယာဒူးအထက်နှင့် ယာဒူးဘေး တစ်စင်တီမီတာပတ်လည်ခန့် ပေါက်ထွက်ဒဏ်ရာတစ်ချက်စီ ရရှိထားကြောင်း သိရသည်။

ကာရာအိုကေဆိုင်မှာ လွိုင်ကော်မြို့အထွက် မြေနီကုန်းကျေးရွာလမ်းမတန်းတွင် တည်ရှိကာ ဦးကျော်သိန်း ပိုင်သောဆိုင်ဖြစ်ပြီး ဆိုင်နာမည် အမည်ပေးထားခြင်း မရှိကြောင်း သိရသည်။

“စကားများပြီးတော့ ပစ်တယ်လို့ ပြောတာပဲ။ သူတို့လာခေါ်လို့ သွားကြည့်ပေးရတယ်လေ။ ရွာထဲကလူတွေဖြစ်တာ မဟုတ်ဘူး။ အပြင်ကလူတွေ သူတို့အချင်းချင်း ဖြစ်ကြတာ” ဟု မြေနီကုန်းကျေးရွာသူကြီးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား လွိုင်ကော်မြို့မ ရဲစခန်းက ၇၁/ ၂၀၁၈ / ရာဇသတ်ကြီးပုဒ်မ ၃၀၇ ဖြင့် ရဲအုပ်စိုင်းလှအောင်က တရားလိုပြုလုပ်လျက် အမှုဖွင့် အရေးယူထားသော်လည်း သေနတ်ဖြင့် ပစ်ခတ်သူ ဦးစိုးညွန့်ဆိုသူအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။