နေပြည်တော် ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ ကျော်ပျက်စီး

နေပြည်တော် ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာ အုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်

နေပြည်တော် ဥတ္တရသီရိမြို့ တောင်ညိုကျေးရွာ အုပ်စုတွင် မေ ၁၇ ရက်ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် တာဝန်ရှိသူများထံမှ သိရသည်။

လေပြင်းတိုက်ခတ်ခြင်းကြောင့် ကြံ့ခိုင်မှု အားနည်းသော နေအိမ်များ ပြိုလဲခြင်း၊ စာသင်ကျောင်း၊ ဓမ္မာရုံများ အပါအ၀င် အိမ်ခေါင်မိုးများ ပြိုကျခြင်း၊ သွပ်မိုးများလန်ခြင်း၊ သစ်ပင်ပိခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံများ အနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

“လေပြင်းမုန်တိုင်းတိုက်တာ နေအိမ် ၁၀၀ ကျော်လောက် ပျက်စီးသွားတယ်။ ဆုံးရှုံးမှု တန်ဖိုးကတော့ အကုန်မတွက်ရသေးပါဘူး။ တော်တော်များများ ပျက်စီးဆုံးရှုံးမှု ရှိပါတယ်။ ဒေသခံတွေ အနေနဲ့ကတော့ အခက်အခဲ ဖြစ်တာပေါ့” ဟု တောင်ညိုစခန်းမှူး ရဲအုပ်လင်းထိန်က ပြောကြားသည်။ ထိုသို့ ထိခိုက်ပျက်စီးမှုကြောင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ရဲအုပ်လင်းထိန်က ပြောကြားသည်။

“ပျက်စီးတာတွေကတော့ အောင်ချမ်းသိမ်းရွာရယ်၊ မင်းနောင်ရယ်၊ ကြီးပွားရပ်ကွက်ရယ်၊ နောက် ဈေးနားတစ်ဝိုက် အထက်တန်းကျောင်း၊ အုပ်ချုပ်ရေးမှူးရုံးမှာ သစ်ပင်ပိတယ်။ လူတွေကတော့ အသေအပျောက် ထိခိုက်မှု မရှိပါဘူး။ အကူအညီကတော့ လိုမယ်ထင်ပါတယ်” ဟု တောင်ညို ဒေသခံ ဒေါ်ခင်သန်းဝင်းက ပြောကြားသည်။

လက်ရှိတွင် အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ မီးသတ်၊ ကြက်ခြေနီ၊ ရဲတပ်ဖွဲ့နှင့် နယ်ခံပရဟိတ အဖွဲ့များက အပျက်အစီးများကို ကူညီရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှလည်း လာရောက်ကူညီ ထောက်ပံ့မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သာသနိက အဆောက်အအုံ၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီး

မကွေးတိုင်း စကုမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည်များကို တွေ့ရစဉ်

စကုမြို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သာသနိကအဆောက်အအုံ၊ စာသင်ကျောင်းနှင့် လူနေအိမ် စုစုပေါင်း ၁၄၀ ခန့် ပျက်စီး

မကွေးတိုင်းဒေသကြီး စကုမြို့တွင် မေ ၁၁ ရက် ညနေ ၄ နာရီကျော်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သာသနိကအဆောက်အအုံ၊ စာသင်ကျောင်းနှင့် လူနေအိမ် စုစုပေါင်း ၁၄၀ ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ညနေပိုင်းက မိုးအနည်းငယ် စတင်ရွာသွန်းပြီး ၁၀ မိနစ်တွင် လေပွေ လေပြင်း တိုက်ခတ်ခဲ့ရာမှ အဆောက်အအုံများ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း စကုမြို့ပေါ် ရပ်ကွက်များမှ လူနေအိမ်ကိုးလုံးသည် လုံးဝပြိုလဲသွားခဲ့ပြီး ဘုရားတန်ဆောင်း၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ် ၁၃၀ ကျော်သည် ခေါင်မိုးများလန်၍ ပျက်စီးခဲ့ကြောင်း စကုမြို့တွင်းရှိ သစ်ပင်ကြီးအချို့နှင့် ဆက်သွယ်ရေးတိုင်များလည်း ပြိုလဲပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

“ပထမမိုးလေးရွာပြီးတော့ လေတွေတိုက်လာတယ်။ လေတွေတိုက်လာပြီးတော့ ဒီအပင်တွေ ပြတ်ကျလာတာပဲ။ လေတအားတိုက်လာတော့ ထွက်ပြေးကြတယ်။ ကိုယ်လွတ်ရာလွတ်ကြောင်း ပြေးကြတယ်။ အခုမနက်တော့ မီတာဘောက်က မီးမလာတော့ပါဘူး။ ဒီမှာ သစ်ပင်တွေ လာရှင်းပေးနေကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အဘွားအသက် ၆၀ ကျော်မှာ ဒီလိုလေတိုက်တာမျိုးလည်း မကြုံဖူးပါဘူး” ဟု စကုမြို့ အမှတ် (၁) ရပ်ကွက်မှ နေအိမ်ပျက်စီးခဲ့သည့် ဒေါ်လုံးက ပြောကြားသည်။

“ကျွန်တော်တို့ဘက်မှာ ဒီလိုလည်း ပြင်းပြင်းထန်ထန် တစ်ခါမှမတိုက်ဖူးဘူး။ မနေ့က လေစတိုက်တော့ လူတွေကလည်း သာမန်ပဲနေကြပါတယ်။ တကယ်လည်း ပြင်းပြင်းထန်ထန်လည်း တိုက်လာတော့ ဟိုပြေးဒီပြေး ပြေးကြတယ်။ သွပ်တွေက ကွာပြီးလွင့်လာ။ ခေါင်မိုးတွေကကွာပြီး လွင့်လာ။ အဲလိုဖြစ်မှ လူတွေက ပြေးမိပြေးရာ ပြေးကြတယ်။ တချို့လည်း အိမ်အမိုးချပ်ကြီးတွေအတိုင်း လွင့်လာတော့ ပြေးကြလွှားကြနဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ပါတယ်။ အပျက်အစီးက ကျွန်တော့် အမှတ် (၂) ရပ်ကွက်ကတင် အိမ်ခြေ ၄၆ အိမ် ပျက်စီးပါတယ်။ အမိုးတွေ လန်ကုန်ခဲ့တာပါ” ဟု စကုမြို့ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်က ဆိုသည်။

စကုမြို့ အုပ်ချုပ်ရေးမှူး ဦးကြည်မင်းက “ကျွန်တော်တို့ အခုပစ္စည်းဆုံးရှုံးမှု၊ ပျက်စီးမှုစာရင်းတွေ ပြုစုပြီးဖြစ်ပါတယ်။ အဲဒီစာရင်းတွေကို မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဌာနကနေတစ်ဆင့် လူကယ်ပြန်ဌာနကို တင်ပြသွားပါမယ်။ လူကယ်ပြန်ဌာနကနေမှ ကျွန်တော်တို့တင်ပြထားတဲ့ စာရင်းတွေနဲ့ သူတို့သတ်မှတ်ထားတဲ့ ပစ္စည်းများကို ပေးမယ်လို့ မျှော်လင့်ပါတယ်” ဟုပြောကြားသည်။

အဆိုပါ လေပြင်းမုန်တိုင်းကြောင့် စကုမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းအနီးရှိ သက်တမ်းရင့် သစ်ပင်ကြီးတစ်ပင် ပြိုလဲခဲ့ရာမှ သကျမဉ္ဇူစေတီတော်အရှေ့ဘက်ရှိ ခြင်္သေ့ရုပ်တု၏ ဦးခေါင်းပိုင်း ပျက်စီးခဲ့ကြောင်း လေပြင်းသည် လေပွေပုံစံ တိုက်ခတ်ခဲ့ပြီး အဆောက်အအုံအများစုသည် ခေါင်မိုးများလန်၍ ပျက်စီးခဲ့ကြောင်း နေအိမ်ပျက်စီးခဲ့သည့် နေရာများတွင် စကုမြို့ရဲတပ်ဖွဲ့၊ မီးသတ်၊ စည်ပင်နှင့် လူမှုရေးပရဟိတအဖွဲ့များမှ ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့နယ် အရှေ့ကောက်တောင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀ လုံးခန့် ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် အရှေ့ကောက်တောင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

မေ ၁၁ ရက် ညနေ ၃ နာရီတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓနိမိုး၊ ထရံကာထားသော လူနေအိမ် ၁၀ လုံးခန့် အမိုးလန်ကာ နေအိမ်အချို့ပျက်စီးခဲ့ကြောင်း အရှေ့ကောက်တောင်း ကျေးရွာသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ညနေ ၃ နာရီလောက်မှာပေါ့။ လေကြမ်းတွေတိုက်လာပြီး မိုးလည်းပါတယ်။ ရွာထဲကအိမ်တချို့ အမိုးတွေလန်ကုန်တယ်။ အမိုးတွေကတော့ ဓနိမိုး၊ ရုံးမိုးထားတာတွေပေါ့။ တချို့အိမ်တွေကျတော့ ထရံတွေကွာတယ်။ သစ်ပင် သစ်ကိုင်းတွေလည်း ကျိုးကျတယ်။ လူတွေ၊ တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ ပျက်စီးတာတွေလည်း ရွာကတွေပဲ ကိုယ့်အချင်းချင်းပြန်ကူပြီး ဆောက်ပေးနေကြတယ်” ဟု အရှေ့ကောက်တောင်း ကျေးရွာသားတစ်ဦးက ပြောကြားသည်။

အရှေ့ကောက်တောင်းကျေးရွာသည် ခန္တီးမြို့အောက်ဘက် မိုင် ၃၀ ခန့်အကွာ ချင်းတွင်းမြစ်ကမ်းပေါ်တွင် တည်ရှိပြီး ထိုသို့လေပြင်းတိုက်ခတ်မှုမျိုး ယခင်က မဖြစ်ခဲ့ဖူးကြောင်း သိရသည်။

မေ ၁၁ ရက်က ခန္တီးမြို့ပေါ်တွင်လည်း လေပြင်းတိုက်ခတ်ခဲ့ပြီး သစ်ကိုင်းများ ကျိုးကျခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် သစ်ပင်များကျိုးကျခြင်း၊ ပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့စဉ်

လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းမြို့တွင် သစ်ပင်များကျိုးကျခြင်း၊ ပြိုလဲခြင်းများဖြစ်ပေါ်ခဲ့ကာ လူတစ်ဦးထိခိုက်ဒဏ်ရာရ

လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းမြို့တွင် သစ်ပင်များကျိုးကျခြင်း၊ ပြိုလဲခြင်းများဖြစ်ပေါ်ခဲ့ကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေ ၁၁ ညပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းဒဏ်ကြောင့် စစ်ကိုင်းမြို့ပေါ် ရပ်ကွက်များရှိ သက်တမ်းရင့် သစ်ပင်များပြိုလဲခြင်း၊ သစ်ကိုင်းများကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး မြို့မဈေးလမ်းရှိ ဖုန်းဆိုင်တစ်ဆိုင်အနီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကိုင်းပြုတ်ကျကာ အမျိုးသားတစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းခုတင် ၂၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းမြို့ ကားကွင်းအတွင်းရှိ သက်တမ်းရင့်ညောင်ပင်ကိုင်း ပြုတ်ကျမှုဖြစ်ပွားခဲ့ပြီး ငါးထပ်ကြီးဘုရားလမ်း နန္ဒ၀န်ရပ်ကွက် ဆုတောင်ပြည့်ဘုရားအနီး သက်တမ်းရင့် ညောင်ပင်ကိုင်း ပျက်ကျခြင်းများ ဖြစ်ပေါ်ခဲ့ခြင်း မြို့ပေါ်ရပ်ကွက်အသီးသီးရှိ သစ်ပင်များတွင်လည်း သစ်ပင်ကိုင်းပျက်ကျခြင်း၊ နေအိမ်အမိုးများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

“ည ၈ နာရီလောက်က လေပြင်းတိုက်ချိန် ၀ုန်းဆို ကိုင်းပျက်ကျတာ။ ဓာတ်ကြိုးတွေ အပေါ်ပျက်ကျတာ။ လမ်းပေါ်ပျက်မကျတာ ကံကောင်းသွားတယ်။ အဲဒီအချိန်လမ်းပေါ် သွားလာနေကြတာ။ ဒီမနက် လျှပ်စစ်ဝန်ထမ်းတွေနဲ့ မီးသတ်တပ်ဖွဲ့တွေ လာရှင်းနေတာ တွေ့ပါတယ်” ဟု နန္ဒ၀န်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

မေ ၁၁ ည ၇ နာရီက စစ်ကိုင်းမြို့ အမှတ် ၁၀၅ ယာဉ်ထိန်းတပ်ဖွဲ့စုရုံး အတွင်းရှိ သက်တမ်း ၁၀၀ ကျော်ရှိ မန်ကျည်းပင် အမြစ်မှကျွတ်ထွက်ကာ မြို့နယ်ပညာရေးမှူး ရုံးဝင်းအတွင်းရှိ အားကစားဆောင်ပေါ် ပြိုလဲကာ အားကစားဆောင် နောက်ခြမ်း ပျက်စီးခဲ့ရကြောင်းသိရပြီး မြို့မရဲစခန်းဝင်းအတွင်းရှိ ၀န်ထမ်းလိုင်းခန်းများ အမိုးလန်ပျက်စီးခဲ့ရကြောင်း သိရသည်။

မြင်းမူမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီးမှု ဖြစ်ပေါ်ခဲ့စဉ်

မြင်းမူမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ငါးလုံးပြိုကျကာ နေအိမ် ၁၄၁ လုံး အမိုးလန်ပျက်စီးမှု ဖြစ်ပေါ်ခဲ့

နေအိမ်ငါးလုံး ပြိုကျကာ နေအိမ် ၁၄၁ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း မေ ၁၂ ရက်တွင် မြင်းမူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထံမှ သိရသည်။

မေ ၁၁ ရက် ညပိုင်းကတိုက်ခတ်ခဲ့သော လေပြင်းဒဏ်ကြောင့် မြင်းမူမြို့ မုံရွာ-မန္တလေး ကားလမ်းတစ်လျှောက် သစ်ပင်များကျိုးကျခြင်း၊ သစ်ပင်များ အမြစ်မှကျွတ်ကာ ပြိုလဲခြင်း၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ ၁၈ ခုရှိ နေအိမ်များပြိုကျခြင်း၊ အမိုးလှန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကာ အမှတ် ၄ ရပ်ကွက်ရှိ သိမ်တော်ကြီးဘုရား အရံစေတီ ငှက်ပျောဖူး ပြုတ်ကျမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“မနေ့ညနေ ၆ နာရီ တိုက်တဲ့ လေပြင်းဒဏ်ကြောင့် မြင်းမူမြို့ပေါ်နဲ့ ရွာတွေကအိမ်တွေ အမိုးလန်၊ ပြိုကျပျက်စီးခဲ့ပါတယ်။ လူထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ပါဘူး။ ပျက်စီးဆုံးရှုံးမှု စာရင်းတွေကောက်ကာ တိုင်းအစိုးရအဖွဲ့ကို တင်ပြပြီး အထောက်အပံ့ရဖို့ ဆောင်ရွက်နေပါတယ်” ဟု မြင်းမူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်းက ပြောကြားသည်။

မြင်းမူမြို့နယ် မုံရွာ-မန္တလေး ကားလမ်းတစ်လျှောက် သစ်ပင်ပြိုလဲခြင်းများအား မြတ်သုခအသင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ညတွင်းချင်းရှင်းလင်းခဲ့ခြင်း လူနေအိမ်များပေါ် သစ်ပင်ပြိုလဲမှုများအား မီးသတ်တပ်ဖွဲ့များ၊ လူမှုကူညီရေးအသင်းများက ကူညီဖယ်ရှား ရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘေးအန္တရာယ် စီမံခန့်ခွဲမှု ရန်ပုံငွေကို နှစ်စဉ် ကျပ်ဘီလျံ ၂၀ ခွဲဝေသတ်မှတ်ထားကြောင်းနှင့် အဆိုပါ ရန်ပုံငွေမှ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနှင့် ဘေးလျော့ပါးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလျက်ရှိဟု သိရ

မိုးညိုမြို့နယ်အတွင်း ဧပြီလအတွင်းက လေပြင်းတိုက်ခတ်မှုကြောင့် အိမ်များပျက်စီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်း)

သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုရန်ပုံငွေကို နှစ်စဉ်ကျပ်ဘီလျံ ၂၀ ခွဲဝေသတ်မှတ်ထားကြောင်းနှင့် အဆိုပါရန်ပုံငွေမှ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနှင့် ဘေးလျော့ပါးရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်တွင် စုစုပေါင်း ကျပ် ၁၁ ဒသ မ ၇ ထရီလီယံခန့်အထိ ဆုံးရှုံးမှုများခဲ့ပြီး လူပေါင်း ၁၄၀၀၀၀ ခန့် သေကျေပျက်စီး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ပိုမိုကောင်းမွန်သည့် စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေတို့ကို ရေးဆွဲဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီ ၁၂ ဖွဲ့ကို ဖွဲ့စည်းပြီး စီမံခန့်ခွဲမှုလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အဆင့်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ရန်ပုံငွေကို နှစ်စဉ် ကျပ်ဘီလျံ ၂၀ ခွဲဝေသတ်မှတ်ထားကြောင်းနှင့် အဆိုပါရန်ပုံငွေမှ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုနှင့် ဘေးလျော့ပါးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

နာဂစ်အလွန်ကာလတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းကျောင်း၊ နေပြည်တော်တွင် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနနှင့် လပွတ္တာမြို့တွင်လည်း နာဂစ်မုန်တိုင်းအတွင်း မိဘမဲ့ဖြစ်သွားကြသည့် ကလေးသူငယ်များအတွက် လူငယ့်အားမာန်သင်တန်းကျောင်းတို့ကို တည်ထောင်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ခိုင်ခံ့သည့် အခြေခံအဆောက်အအုံများ အားနည်းသည့်အတွက် ဘေးဖြစ်ချိန်တွင် ခိုလှုံနိုင်ရန် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ အလုံး ၇၀၊ အခြားမုန်တိုင်းဒဏ်ခံ အဆောက်အအုံများကို ဆောက်လုပ်ခဲ့ပြီး ယခုနှစ်အတွင်းမှာလည်း ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၅၇ လုံး ထပ်မံဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ထိုနည်းတူစွာ အသိပညာပေးလုပ်ငန်းများနှင့် ဇာတ်တိုက်လေ့ကျင့်မှုများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့ကျစေရေးအတွက် လူတိုင်းလူတိုင်းမှ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများရှိရန် လိုအပ်သကဲ့သို့ အဆိုပါ အသိတရားအပေါ်တွင် သတိဖြင့် တုံ့ပြန်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း ၀န်ကြီးဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

သဘာဝဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လက်ရှိကာလ ခြောက်လဘတ်ဂျက်အတွင်း ပမာဏတစ်ခုသတ်မှတ်ကာ ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

မိုးရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းလေးကြိမ် ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းများကြောင့် ရေကြီးရေလျှံခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကို သတိပြုရန် လိုအပ်ဟုဆို

မန္တလေးမြို့တွင် ဧပြီ ၂၇ ရက် ညနေ ၆ နာရီက လေပြင်းတိုက်ခတ်မှုကြောင့် သက်တမ်းရင့်သစ်ပင်ကြီး လဲပြိုခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)

မိုးရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းလေးကြိမ် ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းများကြောင့် ရေကြီးရေလျှံခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကို သတိပြုရန်လိုအပ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“မိုးတွင်းကာလမှာဖြစ်တဲ့ မုန်တိုင်းတွေကတော့ မြန်မာနိုင်ငံကို ၀င်လေ့မရှိဘူး။ ဒါပေမဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလမှာဖြစ်တဲ့ မုန်တိုင်းအချို့ကတော့ မြန်မာနိုင်ငံကို ၀င်လေ့ဝင်ထရှိတယ်။ မုတ်သုံဝင်ပြီး ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ လ၀က်လောက်အထိကတော့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံကို မုန်တိုင်းဝင်လေ့ဝင်ထမရှိဘူး။ ဒါပေမဲ့ ဘာရမလဲဆိုတော့ မိုးအမြောက်အမြားရတဲ့ အတွက်ကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံကို မ၀င်ပေမယ့် ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေဆိုရင် ရေကြီးရေလျှံမှုအပြင် လေဒဏ်ပါခံစားရတဲ့ အနေအထားရှိတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်မှာလည်း တွေ့ခဲ့ရတယ်။ အဲဒီတုန်းက မုန်တိုင်းတွေက မြန်မာနိုင်ငံကို တိုက်ရိုက်မ၀င်ခဲ့ဘူး။ သူတို့ကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာရှိတယ်။ အဲဒါကြောင့် ဒီဟာတွေကိုလည်း သတိပြုဖို့လိုပါတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

ဧပြီနှင့် မေလတွင်ဖြစ်သည့် မုန်တိုင်းများသည် မြန်မာနိုင်ငံသို့ ၀င်ရောက်မှုများခဲ့ကြောင်း၊ မုန်တိုင်းတစ်ခုဖြစ်ခဲ့သည်ဆိုပါက မိုးလေ၀သသတင်းကို စောင့်ကြည့်နားထောင်သင့်ကြောင်း၊ မုန်တိုင်းဘေးဒဏ် သင့်နိုင်သည့်နေရာအဖြစ် ဖော်ပြပါက မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သင့်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့များ၏ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်သင့်ကြောင်း ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မိုးရာသီကာလ ခန့်မှန်းချက်တွင် အနောက်တောင်မုတ်သုံလေသည် ၂၀၁၈ ခုနှစ် ဇွန်လပထမရက်သတ္တပတ် (မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် နယုန်လပြည့်ကျော်) တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသို့ ၀င်ရောက်ဖွယ်ရှိပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာ ပထမရက်သတ္တပတ် (မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် တော်သတင်းလပြည့်ကျော်)တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားဖွယ်ရာ ရှိကြောင်းလည်း သိရသည်။

ထို့ပြင် မိုးဦးကာလသည် ၂၀၁၈ ခုနှစ် အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်သည့်နေ့မှ ဇွန်လကုန်အထိဖြစ်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း၊ မိုးရွာသွန်းမှု အခြေအနေသည် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ယင်းအပြင် မိုးလယ်ကာလသည် ၂၀၁၈ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ်လကုန်အထိဖြစ်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ပြီး မိုးရွာသွန်းမှု အခြေအနေသည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

ဆက်လက်ပြီး မိုးနှောင်းကာလသည် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁ ရက်မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့် နေ့အထိဖြစ်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်ကြောင်း၊ မိုးရွာသွန်းမှု အခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ဟင်္သာတခရိုင်၌ လေပြင်းတိုက်ခတ်မှုကြောင့် နှစ်ရက်အတွင်း နေအိမ်ပေါင်း ၂၄၀၀ ခန့် ထိခိုက်ပျက်စီး

ဟင်္သာတမြို့နယ် ပဲကြီးကျွန်းကျေးရွာအုပ်စုရှိ နေအိမ်အချို့ လေဘေးသင့်မှု အခြေအနေကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်မျိုး (ဟင်္သာတ))

လေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတခရိုင်၌ နေအိမ်ပေါင်း ၂၄၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဧပြီ ၁၉ ရက် ညနေပိုင်းအထိ ရရှိသည့် စာရင်းများအရ သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုမှာ ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျေးရွာများရှိ လူနေအိမ်များ ပြိုကျခြင်း၊ အမိုးလန် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“မနေ့က ညနေ ၅ နာရီလောက်မှာ လေပြင်းတိုက်တယ်။ ဖုန်လုံးကြီးတွေထတယ်။ ကျွန်တော်လည်း ရွာကုန်းပေါ်ရောက်နေတာနဲ့ ရေမချိုးဘဲ ပြန်ပြေးလာတာ။ အိမ်ရောက်တော့ တစ်ယောက်မှ မရှိကြတော့ဘူး။ ကလေးတွေနဲ့ ပြေးလွှားနေကြရတယ်။ အိမ်မှာထရံတွေလည်း မရှိတော့ဘူး။ သွပ်တွေလည်းကွာပြီး တိုင်တွေလည်း ယိုင်ရွဲ့ကုန်တယ်။ ဘေးအိမ်ကလည်း သွပ်တွေ လွင့်ထွက်ကုန်တယ်။ အဲဒါနဲ့ အိမ်ရှေ့အိမ်အောက်ထဲသွားပြီး ခိုနေရတယ်။ လေပြင်းပြီးတော့ မိုးကဆက်ရွာတယ်။ လောလောဆယ် နေစရာမရှိဘူး။ ကြံဖန်ပြီး အိမ်အောက်ထဲမှာပဲ နေနေရတယ်” ဟု ဟင်္သာတမြို့နယ် ပဲကြီးကျွန်းကျေးရွာအုပ်စု လက်ပံကုန်းအစုမှ ကိုသန့်ဇင်က ပြောကြားသည်။

လေဘေးကြောင့် ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ်စသည့် မြို့နယ်ခြောက်မြို့နယ်စလုံး၌ ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။

သစ်ကိုင်းကျိုးကျ၍ နေအိမ်ပျက်စီးခဲ့သည့် ဟင်္သာတမြို့နယ် ရေလယ်ကျွန်းကျေးရွာမှ ဒေါ်အုန်းက “လေနည်းနည်းတိုက်တုန်းကတော့ ကျွန်မတို့အိမ်ပေါ်မှာနေတယ်။ လေတအားကြီး ကြမ်းလာတော့ အောက်ကို ကလေးတွေနဲ့ ဆင်းပြေးတယ်။ ဆင်းလည်းပြေးရော သစ်ကိုင်းကျိုးကျတယ်။ ဆင်းပြေးလို့ မပြေးလို့ အိမ်ပေါ်မှာနေရင်လည်း အကုန်လုံးပိပြီး လူတွေပါ ဒုက္ခရောက်ကုန်မှာ။ အိမ်ကလည်း တစ်ခြမ်းလုံးပြိုသွားတယ်။ တိုင်တွေပါကျိုးကုန်တယ်” ဟု ပြောကြားသည်။

မြို့နယ်အသီးသီးရှိ ပြိုကျပျက်စီး၊ အမိုးလန်ပျက်စီး အိမ်ခြေများစာရင်းကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များက ကွင်းဆင်းစိစစ်မှုများ လုပ်ဆောင်နေပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့မှုများလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

နွေကာလဖြစ်သည့် ဧပြီနှင့် မေလတွင် လေပြင်းများတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် မိုးလေ၀သဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် အထူးဂရုပြုနေထိုင်ကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီနှင့်မေလတို့တွင် နေ့အပူချိန် တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေ၀သဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း၊ လေပြင်းတိုက်ခတ်စဉ် မြေပြင်ရေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ပေါင်းတည်မြို့နယ်နှင့် သာယာဝတီခရိုင် နတ္တလင်းမြို့နယ်တို့တွင် အိမ်ခြေ ၆၀၀ ကျော် ပျက်စီးပြိုလဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုမှာ ဧပြီ ၁၆ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခတ်ချိန် ကြာမြင့်ခြင်းမရှိသော်လည်း တိုက်ခတ်နှုန်း ပြင်းထန်သောကြောင့် နေအိမ်များလဲပြိုခြင်း၊ အမိုးသွပ်များလန်ခြင်း၊ သစ်ပင်များ ကျိုးပြတ်ကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

မိုးညိုမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၉၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကာ အကူအညီများ လိုအပ်လျက်ရှိ

မိုးညိုမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေများ ပျက်စီးခဲ့စဉ်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း လေဆင်နှာမောင်းသဏ္ဌာန် လေပြင်းများတိုက်ခတ်မှုကြောင့် အိမ်ခြေ ၉၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကာ အကူညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါလေပြင်းများမှာ ဧပြီ ၁၈ ရက် ညနေ ၆ နာရီခန့်က တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် မိုးညိုမြို့နယ်အတွင်း ညောင်ဝိုင်းကျေးရွာအုပ်စု၊ ရွှေခဲ၊ ကြို့ပင်သာ၊ ဇောတိကရပ်ကွတ်၊ ထိန်တော၊ အင်းတော်လုပ်၊ ပေါက်ကုန်းကျေးရွာအတွင်းရှိ ကျေးရွာ ၃၄ ရွာတွင် အိမ်ခြေစုစုပေါင်း ၉၀၁ လုံး ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

“အကူအညီကတော့ လိုတယ်။ အိမ်ခြေက ၉၅၅ အိမ်ခြေရှိသွားပါပြီ။ ပြိုလဲပျက်စီး ၁၉၁ ကျန်တာကတော့ အမိုးလန်၊ ထရံလန်ပေါ့။ ကျွန်တော်တို့က ဘယ်လိုစီစဉ်ဆောင်ရွက်မလဲဆိုတော့ လူကယ်ပြန်ကတော့ စာရင်းတွေ တင်ပြီးသွားပြီ။ ကျွန်တော်တို့အရပ်ဘက်က လှူတာတွေတော့ ရှိပါတယ်။ အမိုးလန်တို့ ဘာတို့ကတော့ မူလအတိုင်း ပြန်ပြီးနေထိုင်နေကြတယ်။ ကူညီလှူဒါန်းလိုသူတွေရှိရင်လည်း ကျွန်တော့်ဆီကို ဆက်သွယ်လို့ရပါတယ်။ လေဆင်နှာမောင်းဆန်ဆန် လေကွက်ကြားတိုက်တာ အရင်တုန်းကလည်း တိုက်တော့တိုက်တယ်၊ ဒီလောက်အများကြီးမဖြစ်ဘူး။ ဒီတစ်ခါက အရေအတွက်အများဆုံးပဲ။ ကျွန်တော်တို့ အတတ်နိုင်ဆုံး စာရင်းဇယား တိကျမှန်ကန်ဖို့နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အမြန်ဆုံးရဖို့ ဆောင်ရွက်နေပါတယ်” ဟု မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးဝင်းက ပြောကြားသည်။

လေပြင်းတိုက်ခတ်မှုကြောင့် လူသုံးဦး ထိခိုက်ဒဏ်ရာရရှိကာ မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း၊ ပျက်စီးမှုများတွင် ပြိုလဲအိမ်ခြေ ၁၉၁ လုံး၊ အမိုးလန်ပျက်စီး ၇၆၄ လုံးရှိကြောင်း၊ ဘေးသင့်လူဦးရေမှာ ၃၆၀၃ ဦးရှိကြောင်း သိရသည်။

“အနောက်ဘက်ကနေ ၀င်လာတာ။ လေပွေပုံစံ လေဆင်နှာမောင်းပုံစံမျိုးပဲ ဝေ့တိုက်သွားတာ။ ကျွန်တော်တို့ ကျေးရွာအုပ်စုထဲမှာက အိမ် ၁၃ လုံးပြိုတယ်။ အိမ်ခြေ ၁၂၀ လောက် အမိုးလန်သွားတယ်။ အခုတော့ ဌာနဆိုင်ရာတွေနဲ့ ကယ်ဆယ်ရေးတွေ ကွင်းဆင်းစစ်ဆေးပြီး အသေးစိတ်စာရင်း ကောက်ယူမှုတွေ လုပ်နေပါတယ်” ဟုမိုးညိုမြို့နယ်၊ အင်းတော်တလုပ်အုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်လှိုင်က ပြောကြားသည်။

အဆိုပါ ပျက်စီးဆုံးရှုံးမှုများအား တပ်မတော်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်၊ ကြက်ခြေနီနှင့်အခြား ဌာနဆိုင်ရာဝန်ထမ်းများက ၀ိုင်းဝန်းကူညီ ရွှေ့ပြောင်းပြင်ဆင်မှုများ ပြုလုပ်ပေးနေကြောင်း သိရပြီး ပြီးခဲ့သည့်ဧပြီ ၁၇ ရက်ကလည်း ပေါင်းတည်၊ နတ္တလင်းမြို့နယ်များတွင် လေပြင်းတိုက်ခတ်မှုများကြောင့် အိမ်ခြေ ၆၀၀ ကျော် ပြိုလဲပျက်စီးခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလလယ်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူဦးရေ ၂၇၀၀ ကျော် ဘေးဒုက္ခကြုံတွေ့

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်တွင် တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် အိုးအိမ်ပျက်စီးခဲ့သည့် မိသားစုတစ်စုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်မျိုး)

ယခုရက်ပိုင်းအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူဦးရေ ၂၇၀၀ ကျော် ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် ကျေးရွာအုပ်စုသုံးစု၌ ဧပြီ ၁၆ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှစ်လုံး ပြိုလဲပျက်စီးပြီး နေအိမ် ၁၅၄ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ငါးကျောင်း အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု ၁၅၆ စုမှ လူဦးရေ ၆၀၁ ဦး ဘေးဒုက္ခကြုံတွေ့ခဲ့သည့်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများက ဘေးသင့်ဒေသသို့ သွားရောက်၍ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေသားနှင့် ပစ္စည်းတန်ဖိုးငွေကျပ် စုစုပေါင်း ၇၃၈၆၆၄၄ ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် ကျေးရွာအုပ်စုလေးစု၌ ဧပြီ ၁၆ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃၄ လုံး ပြိုလဲပျက်စီးပြီး နေအိမ် ၄၉၉ လုံးနှင့် ဘုန်းတော်ကြီးကျောင်း လေးကျောင်း အမိုးလန်ပျက်စီးခဲ့ကာ အိမ်ထောင်စု ၅၃၃ စုမှ လူဦးရေ ၂၀၂၂ ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့သဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးတာဝန်ရှိသူများက ယနေ့တွင် ဘေးသင့်ဒေသသို့သွားရောက်၍ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကျောင်းဆောက်ပစ္စည်းဖိုး၊ သေဆုံးသူထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေသားနှင့် ပစ္စည်းတန်ဖိုးငွေကျပ် စုစုပေါင်း ၃၂၇၈၆၁၄၄ ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကျေးရွာအုပ်စု ခုနစ်စုကျေးရွာ ၁၅ ရွာ၌ ဧပြီ ၁၇ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှစ်လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ်အလုံး ၄၀ အမိုးလန်ပျက်စီးခဲ့သဖြင့် အိမ်ထောင်စု ၄၂ စုမှ လူဦးရေ ၁၄၄ ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိမှုအရ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ဟင်္သာတခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများက ယနေ့တွင် ဘေးသင့်ဒေသသို့ သွားရောက်၍ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေသားနှင့် ပစ္စည်းတန်ဖိုးငွေကျပ် စုစုပေါင်း ၃၃၁၂၀၀၆ ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျေးရွာအုပ်စုသုံးစု၊ ကျေးရွာငါးရွာ၌ ဧပြီ ၁၅ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၅၆ လုံးနှင့် ဘာသာရေးအဆောက်အအုံ လေးလုံး အမိုးလန်ပျက်စီးခဲ့သဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ယနေ့တွင် အိမ်ဆောက်ပစ္စည်းဖိုး၊ ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေသားနှင့် ပစ္စည်းတန်ဖိုး ငွေကျပ်စုစုပေါင်း ၆၅၆၉၄၈၀ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီလနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေ၀သဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း၊ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျွန်းလှမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် အင်းတိုင်းကျေးရွာနှင့် ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ဆည်းတည်းရွာဟောင်းတွင် ဧပြီ ၁၃ ရက် ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အချို့နှင့် စာသင်ကျောင်းအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကျွန်းလှမြို့နယ် အင်းတိုင်းကျေးရွာတွင် အစိုးရစာသင်ကျောင်းသည် တစ်ကျောင်းလုံးနီးပါး အမိုးလန်ခြင်း၊ ယင်းကျေးရွာဘုန်းတော်ကြီးကျောင်းသည်လည်း အမိုးလန်ခြင်း၊ လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူ ဒေါ်ညွန့်သန်းက ပြောကြားသည်။

“စာသင်ကျောင်းဟောင်းကြီးကတော့ အကုန်လုံး ပျက်စီးသွားတယ်လို့ ပြောပါတယ်။ ဘုန်းကြီးကျောင်းကတော့ အမိုးတွေ လန်သွားတယ်။ ရွာထဲက လူနေအိမ် ရှစ်လုံးက လဲတယ်။ ဆိုင်ခန်းတစ်ခန်းလည်း ပျက်ပါတယ်။ အသေအပျောက်ကတော့ မရှိဘူး။ တစ်ဦးကတော့ နွားတဲပြိုကျပြီး နွားတွေပါ ပိတယ်” ဟု အင်တိုင်းကျေးရွာမှ ဒေါ်ညွန့်သန်းက ဆက်လက်ပြောကြားသည်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ဆည်းတည်းရွာဟောင်းတွင် ဧပြီ ၁၃ ရက် ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ဆည်းတည်းရွာဟောင်းတွင် နေထိုင်သူ မရီဝင်းက ပြောကြားသည်။

“မိုးကြီးလေကြီးလာလို့မို့ အချို့အိမ်တွေက အတော်လေး ပျက်စီးတယ်။ ခန့်မှန်းခြေကတော့ ရှစ်အိမ်လောက်ထင်တာပဲ။ စာရင်းအတိအကျတော့ မဟုတ်သေးဘူး။ နေ့ခင်းဘက်ကျမှ စာရင်းက အတိအကျရမှာ။ မိုးလေတွေလာတော့ကျတော့ သစ်ပင်တွေလည်း လဲကုန်တာလေ။ လမ်းတွေလည်း ပိတ်နေပြီ။ ဘုန်းကြီးကျောင်းလည်း ပျက်စီးတယ်။ စာသင်ကျောင်းဟောင်းကလည်း အကုန်လုံး ပြိုကျသွားတယ်။ လူနေအိမ်တွေရဲ့ အိမ်တွေမှာ ဒိုင်းတွေရော သွပ်တွေပါ ပြောင်းပြန်လန်သလို ဖြစ်သွားတာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဧပြီလဆန်းအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးသက်လေပြင်းတိုက်ခတ်ခံခဲ့ရသည့် မြို့နယ်များမှာ ကျွန်းလှမြို့နယ်၊ အရာတော်မြို့နယ်၊ မုံရွာမြို့နယ်၊ ဘုတလင်မြို့နယ်၊ ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် ပုလဲမြို့နယ်တို့တွင် လူနေအိမ် အများအပြား ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပေါင်းတည်မြို့နယ်နှင့် နတ္တလင်းမြို့နယ်တို့တွင် အိမ်ခြေ ၆၀၀ ကျော် ပျက်စီးပြိုလဲခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံး

လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်နှင့် သာယာဝတီခရိုင် နတ္တလင်းမြို့နယ်တို့တွင် အိမ်ခြေ ၆၀၀ ကျော် ပျက်စီးပြိုလဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုမှာ ဧပြီလ ၁၆ ရက် ညနေ ၅ နာရီခန့်က တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခတ်ချိန် ကြာမြင့်ခြင်း မရှိသော်လည်း တိုက်ခတ်နှုန်း ပြင်းထန်သောကြောင့် နေအိမ်များ လဲပြိုခြင်း၊ သွပ်အမိုးများ လန်ခြင်း၊ သစ်ပင်များ ကျိုးပြတ်ကျခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ ပေါင်းတည်မြို့နယ်၊ ကြာနီကန်အုပ်စုအတွင်းကျေးရွာမှ ဖြစ်ပြီး လေပြင်းတိုက်ခတ်စဉ် နေအိမ်ပြိုလဲမှုကြောင့် သားအမိနှစ်ဦး ပိမိခဲ့ခြင်းဖြစ်ကာ သမီးဖြစ်သူမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး မိခင်ဖြစ်သူမှာ ဆေးရုံတင်ပို့စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အခြားဒဏ်ရာရရှိသူများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

ဟုမ္မလင်းမြို့နယ် နန်နစ်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိပြီး လူနှစ်ဦးသေဆုံး

လေပြင်းတိုက်ခတ်မှုကြောင့် ပေ ၂၀ ခန့်ရှိ သဖန်းပင် လူနေအိမ်ပေါ်သို့ လဲပြိုကျစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မန်စိမ်းအုပ်စု နန်နစ်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိပြီး လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နန်နစ်ကျေးရွာအနောက်ဘက် နတ်မနေအခင်းတောတွင် ဧပြီ ၅ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် သုံးပင်ပတ်လည် နေအိမ်နှစ်လုံးနှင့် လေးပင်သုံးပင်မြေစိုက် ပျဉ်ခင်းပျဉ်ကာလူနေအိမ်တစ်လုံး၊ စုစုပေါင်း လူနေအိမ်သုံးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

လေးပင်သုံးပင်မြေစိုက် ပျဉ်ခင်းပျဉ်ကာ လူနေအိမ်၏ အိမ်နောက်ဘက်ရှိ လုံးပတ်ပေ ၂၀ ခန့် သဖန်းပင်သည် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့လဲကျရာ နေအိမ်ပိမိပြီး နေအိမ်အတွင်း၌ အိပ်နေသည့် အိမ်ရှင်ဒေါ်ကော့ဂျာ၏ ဦးခေါင်းနှင့် ရင်ဘတ်တွင် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်သို့ အလည်အပတ်ရောက်ရှိနေသော ဒေါ်ဂျာခွမ်းနှင့် ဦးဖိုးယောတို့နှစ်ဦးမှာမူ သစ်ပင်လဲကျပိမိသည့်အတွက် ဦးခေါင်း၊ ခြေထောက်နှင့် နံရိုးများကျိုးကျေကာ သေဆုံးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သစ်ပင်ပိမိသည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူ ဒေါ်ကော့ဂျာအား မိုးညှင်းမြို့နယ် လုံးတုံဆေးရုံသို့ပို့၍ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

“ဟုမ္မလင်းမြို့နယ်ထဲကဆိုပေမဲ့ ဟုမ္မလင်းမြို့ပေါ်နဲ့ ဆေးရုံနဲ့ကျတော့ အရမ်းဝေးသွားပြီ။ သွားရေးလာရေးက ကချင်ပြည်နယ်ဘက်နဲ့ ပိုနီးသွားပြီ။ ဒါကြောင့် လူနာကိုတော့ ပိုနီးစပ်ရာဆေးရုံကိုပဲ ပို့လိုက်ကြတယ်လို့ သိရတယ်” ဟု ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။