အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် နိုင်ငံသားနှင့် နိုင်ငံခြားသားများ ဆိုက်ရောက်ကဒ်နှင့် ထွက်ခွာကဒ် ရေးသွင်းရခြင်းကို စက်တင်ဘာ ၁၂ ရက်မှစတင်ပြီး ကင်းလွတ်ခွင့်ပြုမည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ- နေ၀န်းထက်)

ကမ္ဘာလှည့်ခရီးသည်များ ပိုမိုဝင်ရောက်လာစေရန်နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် နိုင်ငံသားနှင့် နိုင်ငံခြားသား ခရီးသည်များ ရေးသွင်းပေးအပ်ရသည့် ဆိုက်ရောက်ကဒ် (Arrival Card) နှင့် ထွက်ခွာကဒ် (Departure Card) ကို စက်တင်ဘာ ၁၂ ရက်မှစတင်၍ ကင်းလွတ်ခွင့် ပြုသွားမည် ဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဆိုက်ရောက်ကဒ်နှင့် ထွက်ခွာကဒ်များကို ဖြည့်စွက်ပေးအပ်ရန် မလိုကြောင်းနှင့် သက်ဆိုင်ရာ လေကြောင်းလိုင်းများ အနေဖြင့်လည်း လေယာဉ်ပေါ်၌ Immigration Form များကို ခရီးသည်များကို ဖြန့်ဝေရန် မလိုတော့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“နိုင်ငံခြားသားတွေ ဝင်လာရင် ဖောင်တွေဖြည့်စရာ မလိုတဲ့အတွက် ဝင်ထွက်ရတာ လွယ်သွားတာပေါ့။ တစ်ချို့နိုင်ငံတွေကိုလည်း ဗီဇာကြေးတွေ မကောက်တော့ဘူး။ အခမဲ့ပေးတာတို့တွေ လုပ်လာတယ်။ ထိုင်းမှာလဲ ဒီလိုမျိုးလုပ်တာဘဲ။ ဖြေလျှော့တာတွေ များရင်တော့ ဧည့်သည်အဝင်က တိုးတက်လာမှာဘဲ” ခရီးသွား သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ Glenn Thurston Peters ကပြောကြားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဆိုက်ရောက်ကဒ်နှင့် ထွက်ခွာကဒ်များ ကိုဖြည့်စွက်ခြင်းအား ကင်းလွတ်ခွင့် ပြုထားသောကြောင့် လေကြောင်းလိုင်းမှ ပေးပို့သော ခရီးသည်စာရင်းနှင့် အမှန်တကယ် ဝင်ရောက်ထွက်ခွာသည့် စာရင်းတို့အား ကိုက်ညီမှုရှိစေရန် သက်ဆိုင်ရာ လေကြောင်းလိုင်း အသီးသီးမှ တာဝန်ခံရမည် ဖြစ်ကြောင်းလည်း ပါရှိသည်။

“Digital ခေတ်မှာ ဒီလိုဘဲဖြစ်သင့်တယ်။ ဘာဘဲပြောပြော ဘောပင်မှင်ကုန် သက်သာတာပေါ့” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောကြားသည်။

ပြည်တွင်းလေဆိပ်များ၌ ၂၀၁၇ ခုနှစ် အောက်တိုဘာမှ ၂၀၁၈ ခုနှစ် သြဂုတ်လအထိ ခရီးသည်ငါးသန်းနီးပါး ၀င်ရောက်ခဲ့ပြီး ခရီးစဉ်ပျံသန်းမှု ၁၁၀၇၈၄ ကြိမ်ရှိခဲ့

လေဆိပ်အဆောက်အအုံသစ် ဖွင့်လှစ်ခဲ့သည့် မြစ်ကြီးနားလေဆိပ်အား တွေ့ရစဉ်

ပြည်တွင်းလေဆိပ်များ၌ ပြီးခဲ့သည့် ၂၀၁၇ အောက်တိုဘာမှ ယခုနှစ် သြဂုတ်လအထိ ခရီးသည်စုစုပေါင်း ငါးသန်းနီးပါး ၀င်ရောက်ခဲ့ပြီး ပျံသန်းမှုကြိမ်ရေအနေဖြင့် ၁၁၀၇၈၄ ကြိမ် အထိရှိခဲ့ကြောင်း လေကြောင်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံရှိ ပြည်တွင်းလေဆိပ်များအနက် နိုင်ငံတကာလေကြောင်းလိုင်းများ ဆင်းသက်ပျံသန်းသည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ် သုံးခုရှိပြီး အခြားပြည်တွင်းလေဆိပ်များအနေဖြင့် ညောင်ဦး၊ မြစ်ကြီးနား၊ ဟဲဟိုး၊ လွိုင်ကော် ၊ သံတွဲနှင့် စစ်တွေ လေဆိပ်များသည် ခရီးသည်အများဆုံးရရှိသည့် ပြည်တွင်းလေဆိပ်များဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ အောက်တိုဘာမှ ယခုနှစ် သြဂုတ်လအထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေကြောင်းခရီးစဉ်ပျံသန်းမှုကြိမ်ရေ ၃၀၈၆၁ ကြိမ်ရှိပြီး လေဆိပ်သို့ ၀င်ရောက်သည့် ခရီးသည် ၁၇၂၄၁၁၁ ဦး၊ အထွက်ခရီးသည် ၁၇၂၇၀၆၈ ဦးရှိပြီး မန္တလေးလေဆိပ်တွင် လေကြောင်းခရီးစဉ်ပျံသန်းမှုကြိမ်ရေ ၃၉၄၉ ကြိမ်ရှိပြီး အ၀င်ခရီးသည် ၁၉၆၁၁၂ ဦး၊ အထွက်ခရီးသည် ၁၈၆၇၃၈ ဦး ၀င်ထွက် အသုံးပြုခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ၂၀၁၇ အောက်တိုဘာမှ ယခုနှစ် သြဂုတ်လအထိ ပျံသန်းမှုကြိမ်ရေ ၈၁၇ ကြိမ်၊ လေဆိပ်သို့ဝင်ရောက်သည့် ခရီးသည် ၁၅၁၇၃ ဦး၊ လေဆိပ်မှ ထွက်ခွာသည့်ခရီးသည် ၁၂၈၃၅ ဦးရှိကြောင်း သတင်းရရှိသည်။

ပြည်တွင်းလေဆိပ်များအနက် လွိုင်ကော်လေဆိပ်သည် လွိုင်ကော်မြို့ရှိ ထင်ရှားသော နေရာများဖြစ်သည့် တောင်ကွဲစေတီ၊ ထီးစဲခါးရေတံခွန်၊ လောပိတရေအား လျှပ်စစ်စက်ရုံ၊ ကန်ခုနစ်ဆင့်နှင့် ထီးပွင့်ကန် စသည့် သဘာဝရှုခင်းများသည် ပြည်တွင်း ပြည်ပခရီးသွားများ အများဆုံး သွားရောက် လည်ပတ်လေ့ရှိသဖြင့် ခရီးသည် ၀င်ရောက်မှု တိုးတက်လာခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်မြို့တော်ဖြစ်သည့် လွိုင်ကော်မြို့သို့ နိုင်ငံခြားသားခရီးသည် လာရောက်လည်ပတ်မှုမှာ ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် တိုးတက်လာခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် နိုင်ငံခြားသားခရီးသည် ၂၉၇၃ ဦး ၀င်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ လွိုင်ကော် လေဆိပ်သို့ ပြည်တွင်းခရီးသည် ၁၆၄၂၁ ဦး၊ နိုင်ငံခြားသားခရီးသည် ၂၉၇၃ ဦး စုစုပေါင်း ခရီးသည် ၁၉၃၉၄ ဦး ၀င်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၁၇ အောက်တိုဘာမှ ယခုနှစ် သြဂုတ်လအထိ ပြည်တွင်း လေဆိပ်များသို့ ခရီးစဉ်ပျံသန်းခဲ့သည့် လေကြောင်းလိုင်းများ အနေဖြင့် မြန်မာအမျိုးသား လေကြောင်းလိုင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ ကမ္ဘောဇလေကြောင်းလိုင်း၊ မန်းရတနာပုံလေကြောင်းလိုင်း၊ Air Mandalay လေကြောင်းလိုင်း၊ Asian Wings ၊ ရွှေမြန်မာလေကြောင်းလိုင်း၊ Yangon Airways နှင့် FMI Air လေကြောင်းလိုင်းတို့ဖြစ်သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၁၈ ခုနှစ်အတွက် ၀င်ရောက်သည့် ခရီးသည်ဦးရေ လေးသန်းပြည့်မြောက်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၀၁၈ခုနှစ်အတွက် ၀င်ရောက်လာသည့် ခရီးသည်ဦးရေ လေးသန်းပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သတင်းရရှိပါသည်။

၂၀၁၈ခုနှစ် သြဂုတ် ၂၈ ရက်က  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၀င်ရောက်သည့် လေးသန်းပြည့်ခရီးသည်အား  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကြိုဆိုပွဲ အခမ်းအနားအား ပြုလုပ်ခဲ့သည်။

၂၀၁၈ခုနှစ် သြဂုတ် ၂၈ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  China Eastern Airlines  လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် မခင်ဖူးသစ်အား ကံထူးရှင်အဖြစ် ရွေးချယ်ခံခဲ့ရပြီးဆုကြေးငွေ ကျပ်တစ်သန်းနှင့် အခြားမြန်မာကျပ်ငွေ တစ်သန်းတန်ဖိုးရှိ ခရီးသွားလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။

“၂၀၁၈ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ကို ရောက်ရှိလာတဲ့အားလျော်စွာ  ဒီနေ့မှာ ရန်ကုန် လေဆိပ်ရဲ့ လေးသန်းမြောက်ခရီးသည်ကို ကြိုဆိုခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့ရဲ့အထူးလေ့ကျင့်သင်ကြားပေးထားတဲ့ လေဆိပ်ဝန်ထမ်းများနဲ့ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး နိုင်ငံတကာ အဆင့်မီလေဆိပ်အဖြစ် အကောင်းဆုံး ၀န်ဆောင်မှုပေးနိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်နေပါတယ်” ဟု Yangon Aerodrome Company  Ltd  ၏ Chief Operating Officer ဖြစ်သူ Mr.Jose Angeja က ပြောကြားခဲ့သည်။

“ရန်ကုန်လေဆိပ်ရဲ့လေးသန်းမြောက် ခရီးသည်ကြိုဆိုတဲ့အခမ်းအနားမှာ ကံထူးရှင်ဖြစ်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒီနေ့အခမ်းအနားက အံ့အားသင့်စရာပါ။ ရန်ကုန်လေဆိပ်ရဲ့ တာဝန်ရှိသူတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်”  ဟု လေးသန်းမြောက် ခရီးသည်အဖြစ် ရွေးချယ်ခံရသည့် မခင်ဖူးသစ်က ပြောကြားခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ၂၀၁၈ ခုနှစ်၏ ပထမဆုံးသော တစ်သန်းမြောက်ခရီးသည်အဖြစ် ၂၀၁၈ခု နှစ်၊ ဖေဖော်ဝါရီလ ၂၆ရက်နေ့က Emirates လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ လိုက်ပါလာသည့် မလွင်မာမြင့်က ရွေးချယ်ခံခဲ့ပြီး၊ နှစ်သန်းမြောက်ခရီးသည်အဖြစ် ဧပြီလ ၂၀ရက်နေ့ကရန် ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည့် Air KBZ လေကြောင်းလိုင်း၏ သံတွဲ-ရန်ကုန်ခရီးစဉ်တွင် လိုက်ပါလာသည့် မနန်းအေးအေးအောင်က ကံထူးရှင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။  သုံးသန်းမြောက်ခရီးသည်အဖြစ် ဇွန်  ၂၈ ရက်နေ့က Jet Star Asia လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် Mr.Jefferson Olivieri Costa အား ရွေးချယ်ခံခဲ့ရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၂၀၁၇ခုနှစ်တွင် ခရီးသည်ပေါင်း ၅ ဒသမ ၉၂ သန်း၊ ၂၀၁၆ ခုနှစ်တွင် ခရီးသည်ပေါင်း ၅ ဒသမ ၄၅ သန်းအား ၀န်ဆောင်မှု ပေးနိုင်ခဲ့ပြီး ယင်းခရီးသည်များအနက် ၆၆ ရာခိုင်နှုန်းမှာ နိုင်ငံခြားသားခရီးသည်များ ဖြစ်ကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့ထွက်ခွာသည့် ခရီးသည်တစ်ဦးလျှင်  အမေရိကန် ဒေါ်လာ ၂၀နှင့် ပြည်တွင်း ခရီးစဉ် ထွက်ခွာသည့် ခရီးသည်တစ်ဦးလျှင် မြန်မာကျပ်ငွေ ၃၀၀၀ အား Airport Tex အနေဖြင့်ရန်ကုန်လေဆိပ်တွင် ကောက်ခံလျက်ရှိကြောင်း သိရသည်။

ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်ခရီးသွားများကို ဗီဇာဖြေလျှော့ခွင့်ပြုထားသော်လည်း Show Money ဒေါ်လာ ၁၀၀၀ ပြခိုင်းသည်မှာ မဖြစ်သင့်ဟုဆို

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အတွင်းပိုင်းမြင်ကွင်း

ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအား ဗီဇာကင်းလွတ်ခွင့်နှင့် တရုတ်နိုင်ငံသား (ဟောင်ကောင်နှင့် မကာအို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံသားများ အပါအ၀င်) ကမ္ဘာလှည့်ခရီးသည်များအား ဆိုက်ရောက်ဗီဇာဖြင့်မြန်မာနိုင်ငံသို့ ၀င်ရောက်ခွင့်ပြုထားသော်လည်း Show Money အဖြစ်ဒေါ်လာ ၁၀၀၀ ပြ ခိုင်းသည်မှာ မဖြစ်သင့်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ပြောကြားသည်။

“ဗီဇာ ကင်းလွတ်ခွင့်ပေးထားကိုတော့ ကြိုဆိုတယ်။ ဖြစ်သင့်တယ်။ ဒေါ်လာ ၁၀၀၀ Show Money အဖြစ် ပြရမှာတော့မဖြစ်သင့်ဘူး။ ဘာလိုလဲဆိုတော့ အခုခေတ်က ကတ်ပဲ သုံးကြတယ်။ ပိုက်ဆံကိုသယ်တဲ့သူတွေ နည်းတယ်လေ။ မိသားစုလေးယောက်လာတယ်ဆိုရင် ဘယ်လိုလုပ်ပြီး တစ်ယောက် ၁၀၀၀ သယ်လာမလဲ။ သယ်လာတဲ့ခေတ်လည်း မဟုတ်တော့ဘူး။ ကမ္ဘာကြီးကပြောင်းလဲနေပြီ။ ဒါကြီးက လိုက်ပြီး လုပ်ဖို့လိုတယ်။ နောက်တစ်ခုက ဂျပန်၊ ကိုးရီးယား၊ ဟောင်ကောင်၊ မကာအိုတို့က တိုးတက်တဲ့နိုင်ငံတွေ။ ဂျပန်ဆိုရင် သူ့နိုင်ငံကူးလက်မှတ်က ကမ္ဘာပေါ်မှာ နံပါတ်(၁)ဘဲ။ ဂျပန်နိုင်ငံကူးလက်မှတ် ကိုင်ထားသူတွေ ကမ္ဘာမှာ ၁၈၉ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်နဲ့ သွားနိုင်တယ်။ ပိုက်ဆံကို ကတ်နဲ့သုံးနေတဲ့အချိန်မှာ ဘယ် သူမှဒေါ်လာ ၁၀၀၀ ကို သယ်မလာဘူး။ ဒါလေးတစ်ချက် ပြန်ပြင်ပေးဖို့လိုမယ်။ ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ အခြေအနေအလိုက် လက်ခံနိုင်အောင် ကိုယ်တွေဆီကလည်း ပြောင်းလဲဖို့သင့်တယ်။ အရင်တုန်းကစဉ်း စားပုံမျိုးနဲ့ စဉ်းစားပြီး လုပ်သလိုမျိုး ဖြစ်နေ ပြီ။ မဖြစ်မနေ ပြရမယ်ဆိုလည်း ဒေါ်လာ ၅၀၀ လောက်၊ ဒါမှမဟုတ် သူတို့ကတ်တွေကို ကြည့်လို့ရတာပဲ။ တိုးတက်နေတဲ့ ဂျပန်လိုနိုင်ငံ၊ ကမ္ဘာမှာ ၁၈၉ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်နဲ့ သွားနိုင်တဲ့နိုင်ငံကို ဒေါ်လာ ၁၀၀၀ Show Money  ပြရတာတော့မဖြစ်သင့်ဘူး” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ပြောကြားသည်။

အဆိုပါဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်ခွင့်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်ထားပြီး အဆိုပါ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံ သား (ဟောင်ကောင်နှင့် မကာအိုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနိုင်ငံသားများ အပါအ၀င်) ကမ္ဘာလှည့်ခရီးသည်များသည် Show Money အဖြစ် လေဆိပ်တွင် အမေရိကန် ဒေါ်လာ ၁၀၀၀ ပြသရမည်ဖြစ်ပြီး တရုတ်နိုင်ငံသားများက ဆိုက်ရောက်ဗီဇာ အခငွေ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀ ပေး  ဆောင်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“Show Money ပြရမယ့်ကိစ္စက မရှိတော့ဘူး။ ငွေကိုင်ပြီးသုံးတာက  တော်တော် နည်းသွားပြီ။ ခရီးသွားရင်လည်း Credit Card နဲ့ပဲ သုံးတယ်။ ကြိုတင်ငွေတွေပေးချေပြီးသား။ ဟိုးအရင်တုန်းကတော့ ဖြစ်ခဲ့ တယ်။ မြန်မာနိုင်ငံသားတွေ ယိုးဒယားကို သွားရင် အလုပ်သမားတွေအတွက် Show Money ပြခိုင်းတယ်။ အခုအဲဒီကိစ္စမရှိတော့ဘူး။ အခုတရုတ်နိုင်ငံသားတွေက ကမ္ဘာပေါ်မှာ ပိုက်ဆံအသုံးနိုင်ဆုံးနိုင်ငံ။ ဒေါ်လာ ၁၀၀၀ ပြခိုင်းတယ်ဆိုတဲ့အတွက်ကြောင့် ပိုက်ဆံမပါဘဲ ကတ်ပဲပါလာတဲ့သူ ရှိနိုင်တယ်။ တရုတ်နိုင်ငံမှာက Credit Card တောင် မဟုတ်တော့ဘူး။ ဖုန်းမှာရှိတဲ့ကုဒ်  နံပါတ်နဲ့ပြပြီး ဈေးဝယ်လို့ရတဲ့အနေအထားတွေ ရှိသွားပြီ။ ခေတ်တွေက ပြောင်းလဲသွားပြီ။ ပြောင်းလဲနေတဲ့ခေတ်မှာ Show Money ပြခိုင်းတယ်ဆိုတဲ့အတွက်ကြောင့် ဧည့်သည်တွေကို အတားအဆီးဖြစ်သွားတယ်။  ဒါတွေက မလုပ်သင့်ဘူး။ ခရီးသွား လုပ်ငန်းအတွက် လာမယ့်ဧည့်သည်တွေကို နှောင့်နှေးအောင်လုပ်သလိုဖြစ်နေတယ်။ ဘယ်တုန်းကမှ မြန်မာနိုင်ငံကိုဝင်တဲ့ဧည့်သည်တွေ Show Money မပြခဲ့ရပါဘူး။ ၁၉၉၁ ခုနှစ်ကတည်းက ခရီးသွားလုပ်ငန်းလုပ်ခဲ့တာ။ နှစ်ပေါင်း ၂၈ နှစ်ရှိပြီ။ တစ်ခါမှ Show Money ပြပြီး လာလည်ရတာ မရှိဘူး။အခုမှ အဲဒီလိုလုပ်တယ်ဆိုတာက လုပ်ကိုင်တာတွေ မှားယွင်းနေတယ်။ Show Money ပြခိုင်းတာကို လုံးဝကိုရုပ်သိမ်းရမယ်”  ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးအေးကျော်က ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 မှ ပြည်ပလေကြောင်းလိုင်း ၁၁ ခုကို Terminal 1 သို့ ပြောင်းရွှေ့မည်ဖြစ်ပြီး Biman Bangladesh လေကြောင်းလိုင်းအား ဇူလိုင် ၇ ရက်တွင် ပထမဆုံးပြောင်းရွှေ့မည်

ရန်ကုန်လေဆိပ်အဆောက်အအုံနှစ်ခုအား တစ်ဆက်တည်းဆက်စပ်တည်ဆောက်နေသည်ကို တွေ့ရစဉ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 မှ ပြည်ပလေကြောင်းလိုင်း ၁၁ ခုအား Terminal 1 သို့  အဆင့်ဆင့်ပြောင်းရွှေ့သွားမည်ဖြစ်ပြီး Biman Bangladesh လေကြောင်းလိုင်းအား ဇူလိုင် ၇ ရက်တွင် ပထမဆုံးပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း  Yangon Aerodrome Company Ltd (YACL) မှ ဇူလိုင် ၆ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ရေးစီမံကိန်းဖြစ်သည့် လေဆိပ် အဆောက်အအုံနှစ်ခုအား တစ်ဆက်တည်း ချိတ်ဆက်တည်ဆောက်ရာတွင် Terminal 2 ရှိ ပြည်ပလေကြောင်းလိုင်းများအားလုံးကို Terminal 1 သို့ အဆင့်ဆင့် ပြောင်းရွှေ့သွားမည်ဖြစ်ဟု သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ပါဝင်သည့် Terminal 1  နှင့် 2 အား ချိတ်ဆက်ခြင်းလုပ်ငန်းအား ဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်းအား အပြီးသတ်နိုင်ရန်မှာ Terminal 2 ရှိ လေဆိပ်ရုံးခန်းများ၊ လေကြောင်းလိုင်းများအား ခေတ္တပြောင်းရွှေ့ရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ပထမဆုံး Biman Bangladesh  လေကြောင်းလိုင်းအား ဇူလိုင် ၇ ရက် တွင် ပထမဆုံးပြောင်းရွှေ့သွားမည်ဖြစ်ကာ  ယင်းလေကြောင်းလိုင်း၏  BG 060/061  လေယာဉ်ခရီးစဉ်များကို Check in Area ရှိ  Row C Counter  အမှတ်  ၁၁-၁၃ သို့ ပြောင်းရွှေ့ ဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းနောက် ကျန်ရှိသည့်လေကြောင်းလိုင်းများဖြစ်သည့် Air Asia၊ China Airlines၊ Jetstar Asia၊ Malaysia Airlines၊ Myanmar National Airlines၊ Nok Air၊ Qata Airways၊ Thai Airways International၊ Thai Smile Airlines နှင့် Viet Jet Air ဇူလိုင်လကုန်အထိ ဆက်လက်ပြောင်းရွှေ့သွားမည်ဟု သိရသည်။

“ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေနဲ့ နိုင်ငံတကာအဆင့်မီလေဆိပ်တစ်ခု အဖြစ် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေး  ကြိုးစားနေတာနဲ့အညီ ကျွန်တော်တို့ရဲ့ ခရီးသည်တွေကို အခုလိုအနှစ်သာရ ပြည့်ဝတဲ့ အစီအစဉ်တွေနဲ့ တုံ့ပြန်ကြိုဆိုနိုင်ဖို့ အမြဲ ကြိုးစားနေပါတယ်။  Terminal 2 က အ ပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတွေကို Terminal 1 ကို ပြောင်းရွှေ့မှာနဲ့အညီ အပြည်ပြည်ဆိုင်ရာ ခရီးသည်များကို ပိုမိုကောင်း မွန်တဲ့ဝန်ဆောင်မှုတွေ ပေးအပ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု Yangon Aerodrome Company Ltd (YACL)  မှ Chief Operating Officer ဖြစ်သူ Mr.Jose Angeja က ရန်ကုန်လေဆိပ်သို့ ၀င်ရောက်သည့် ခရီးသည် သုံးသန်းပြည့်မြောက်သည့် အခမ်းအနားတွင် ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းစီမံကိန်းတွင်  Terminal 1 နှင့် 2 အား ချိတ်ဆက်ခြင်း၊ လက်ရှိလေယာဉ်ပြေးလမ်းအား တိုးချဲ့ခြင်း၊  လေယာဉ်ရပ်နားရာနေရာအား တိုးချဲ့ခြင်း၊    Cargo အဆောက်အအုံအား တိုးချဲ့ခြင်း၊  VIP/CIP Terminal အသစ်တည်ဆောက်ခြင်း လုပ်ငန်း၊ Terminal 2 အဆင့်မြှင့်တင်ရန် နည်းလမ်းများရှာဖွေခြင်း စသည့်လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၂၀၁၇ ခုနှစ်တွင် ခရီးသည်ပေါင်း ၅ ဒသမ ၉၂ သန်း၊ ၂၀၁၆ ခုနှစ်တွင် ခရီးသည် ပေါင်း ၅ ဒသမ ၄၅ သန်းအား ၀န်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မြောက်ဦးမြို့တွင် လေဆိပ်အသစ် တည်ဆောက်မည်ဖြစ်ကြောင်း သိရ

၂၀၁၇ ဖေဖော်ဝါရီလပိုင်းက မြောက်ဦးလေဆိပ် တည်ဆောက်နေမှု မြင်ကွင်း

ရခိုင်ပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြောက်ဦးမြို့တွင် လေဆိပ်အသစ် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့တွင် လေဆိပ်အသစ်တည်ဆောက်မည့်ကိစ္စကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ဆွစ်ဇာလန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ သံအမတ်ကြီး H.E Mr.Manuel Sager နှင့် ဇန်န၀ါရီ ၂၆ ရက် နံနက်ပိုင်းက တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ ဦးဆောင်သော လုပ်ငန်းအဖွဲ့ကိုးဖွဲ့အား ဖွဲ့စည်းထားပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြောက်ဦးမြို့တွင် လေဆိပ်အသစ် တည်ဆောက်မည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါလေယာဉ်ကွင်းသည် မြောက်ဦးမြို့၏ အရှေ့ဖက် ၄ ဒသမ ၅ မိုင်ခန့်အကွာ နန်းကျားကျေးရွာ အနောက်ဘက်တွင်တည်ရှိပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် သန်း ၂၀၀၀ နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၀၀၀၊ စုစု ပေါင်း ကျပ်သန်း ၄၀၀၀ တို့ဖြင့် ဆုထူးစံကုမ္ပ ဏီမှ တာဝန်ယူကာ တည်ဆောက်ခဲ့ပြီး ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည် နယ်အတွက် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြု ရန်ပုံငွေမှာ ကျပ်သန်းပေါင်း ၁၄၂ ဒသမ ၃၉၃ သာ ခွင့်ပြုထားသောကြောင့် လေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းအား ရပ်ဆိုင်းထားရကြောင်း သိရသည်။
မြောက်ဦးလေယာဉ်ကွင်း စီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၂၅ ဒသမ ၆၁ ဘီလျံဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ဘုရင်များ၏မြို့တော်ဖြစ်ခဲ့သည့် မြောက်ဦးမြို့တွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လက်ရာ အများအပြားကျန်ရှိနေသေးပြီး မြောက်ဦးမြို့ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း (ယူနက်စကို) ၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သို့ရာတွင် လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ မြောက်ဦးကို တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသွား လေးထောင်ခန့်သာ လာရောက်ကြောင်းနှင့် လေဆိပ်အသစ် တည်ဆောက်ပြီးလျှင် ခရီးသွားများပိုမိုဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။