မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ် မယ်ဆိုင်ချောင်း ရေကြီးပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဈေးများ ရေနစ်မြုပ်ကာ ယာယီပိတ်ထား

မယ်ဆိုင်ချောင်း ရေကြီးမှုကြောင့် ဈေးများရေနစ်မြုပ်နေစဉ် (ဓာတ်ပုံ-သက်ဦး)

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ် မယ်ဆိုင်ချောင်း ရေကြီးသဖြင့် ထိုင်းနိုင်ငံနှင့် တာချီလိတ်ရှိ တာလော့ဈေးများ ရေနစ်မြုပ်ခြင်းကြောင့် ဈေးဆိုင်များ ယာယီပိတ်ထားရကြောင်း တာချီလိတ်ဒေသခံများထံမှ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် သိရသည်။

တာချီလိတ်မြို့တွင် စက်တင်ဘာ ၁၈ ရက် နံနက်အစောပိုင်းက ရွာသွန်းခဲ့သောမိုးကြောင့် မယ်ဆိုင်ချောင်း ရေကြီးခဲ့သဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ နယ်နိမိတ်တံတားအနီး ချောင်းဘေးပတ်ဝန်းကျင် ဈေးများ ရေကြီးနစ်မြုပ်ခဲ့သဖြင့် ဈေးဆိုင်များ ပိတ်ထားရခြင်းဖြစ်ကြောင်း၊ အဆိုပါ ဈေးတို့မှာ ရေ၀ပ်ဧရိယာတွင် ကျရောက်နေသဖြင့် နှစ်စဉ်တိုင်းရေကြီးချိန် နစ်မြုပ်လေ့ရှိပြီး၊ ထိုသို့ ဆိုင်ပိတ်လေ့ရှိကာ တစ်ရက် နှစ်ရက်နေလျှင် ရေပြန်ကျသွားတတ်ကြောင်း၊ တာချီလိတ်တွင် ရေကြီးခြင်းကြောင့် မက္ကာဟိုခမ်းရပ်ကွက်နှင့် တာလော့ရပ်ကွက်ရှိ တာလော့ဈေး ရေနစ်မြုပ်နေပြီး မယ်ဆိုင်ဘက်တွင် စိုင်းလုံးကျွဲဈေးတွင် ရေကြီးနစ်မြုပ်မှု ဖြစ်ခဲ့ပြီး ဆိုင်ခန်းများ ပိတ်ထားကြောင်း သိရသည်။

“မယ်ဆိုင်ချောင်း ရေကြီးတာပေါ့။ ခုနစ်ပေ ရှစ်ပေလောက် နက်တယ်။ အခုချိန်မှာ ပေ ၂၀ လောက်တော့ ရှိမှာပေါ့။ မနက်ကမှ စတက်တယ်၊ ဒီတိုင်းပဲ ခဏလောက် တက်ပြီးတော့ ပြန်ကျသွားတယ်။ တစ်ရက် နှစ်ရက်ပြီးရင် ပြန်ကျတယ်။ အကြာကြီး မဟုတ်ဘူး။ ဟိုဘက် ဒီဘက် တံတားနားမှာပေါ့။ ဈေးပေါ်တက်တာပေါ့။ အရင်က ရေ၀ပ်ဧရိယာတွေပဲ ဟိုဘက်ချဲ့ ဒီဘက်ချဲ့ပေါ့။ နှစ်ဖက်လုံးပါတယ်။ ဟိုဘက်က တောင်စောင်းပေါ်မှာရှိတဲ့ ဈေးကိုတက်တာ၊ ဒီဘက်ကမှာတော့ တံတားဘယ်ဘက်ခြမ်းမှာရှိတဲ့ ဈေးကို ရေတက်တာပေါ့။ တချို့တော့ နည်းနည်းတော့ ရေမြုပ်တာပေါ့။ ရေမြုပ်တာ ကျော်တယ်။ တစ်ဈေးလုံး တက်တယ်။ လမ်းမကြီး မရောက်ခင်အထိကို တက်တယ်။ ဒီတိုင်းပဲ အကြာကြီး မဟုတ်ဘူး” ဟု တာချီလိတ်ဒေသခံ ကိုသန့်ဇင်က ပြောကြားသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ရေကြီးမှုကြောင့် ချစ်ကြည်ရေး တံတား(၁) အနီး တင်ကျန်ခဲ့သည့် ရွှံ့များကို သက်ဆိုင်ရာက ရေများဖြင့် ပြန်လည်ဆေးကြောခြင်းကို စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက မြင်တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကြီးမြို့တွင်လည်း ၁၇ ရက်ညက လေပြင်းတိုက်ခတ်ခြင်းကြောင့် ညောင်ဖြူနယ်မြေ (၆) သော်ကလမ်းတွင် ဓာတ်တိုင်အချို့ လဲပြိုခြင်း ရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းကို မုန်တိုင်းချဉ်းကပ်ရောက်ရှိလာကာ မုန်တိုင်း ၀င်ရောက်စဉ် တစ်နာရီ ၄၆ မိုင်နှုန်း၊ လေပြင်းတိုက်ချိန် ၅၄ မိုင် အထိရှိပြီး မုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ် တစ်ခုလုံး လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်ထန်ခြင်းနှင့် ကြုံတွေ့ရတတ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ သိရသည်။

“အခု တတိယ ၁၀ ရက်ပတ်မှာ ရှမ်းတောင်မှာ ရွာသွန်းမြဲအောက်ကို လျော့မယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ရွာသွန်းမြဲထက်ကို ရွာနိုင်တယ်။ အခု တတိယ ၁၀ ရက်ပတ်မှာ လေးရက်ကနေ ငါးရက်ခန့် မိုးထစ်ချုန်း ရွာနိုင်တယ်။ စက်တင်ဘာ ၂၂ ရက်ကနေ ၂၇ ရက်အထိ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မုတ်သုန်ဆုတ်ခွာမယ်လို့ ဌာနကနေ ခန့်မှန်းထားတယ်။ မိုးတိမ်တောင်တွေ ဖြစ်ထွန်းတယ်ဆိုရင် မိုးရွာတာ၊ မိုးသီးကြွေတာ၊ မိုးချုန်းတာ၊ မိုးကြိုးပစ်တာတို့ ဒီအန္တရာယ်တွေတော့ စိုးရိမ်ရတယ်။ ရေကြီးတာတို့ တောင်ကုန်း တောင်တန်းတွေမှာ အဲလို ဖြစ်တယ်လေ။ အမြင့်ပိုင်းကနေ ရွာချလိုက်တဲ့ မိုးကြောင့် လျှပ်တစ်ပြက် ရေကြီးတယ်။ ကာကွယ်ဖို့ရာ အချိန်မလုံလောက်ဘူးပေါ့။ အဖျက်စွမ်းအားများတယ်။ မုတ်သုန်ထွက်မယ့် အချိန်အခါမျိုးမှာတောင် စောင်းတောင်တန်းမှာနေကြတဲ့ ပြည်သူတွေ ဂရုစိုက်ဖို့ လိုတာပေါ့။ မြေပြိုတာတွေ ရေကြီးရေလျှံတာတွေ ဖြစ်တာပေါ့” ဟု ရှမ်းပြည်နယ် မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုလေးက ပြောကြားသည်။

သံလွင်မြစ်သက်ရောက်ရာ ဘားအံမြို့တွင် တစ်လကျော်ကြာသည့်တိုင် မြစ်ရေကျဆင်းလာခြင်း မရှိဘဲ ရေကြီးမှု ဆက်လက်ဖြစ်ပေါ်နေပြီး မြစ်ရေချိန်မှာ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်ရှိနေ

နေအိမ်မစွန့်ခွာလိုသူတစ်ဦး နေအိမ်အတွင်း ဆင့်ထိုးပြီး ချက်ပြုတ်နေစဉ်

သံလွင်မြစ် သက်ရောက်ရာ ဘားအံမြို့တွင် ဇူလိုင် ၂၁ ရက်မှစတင်၍ ရေကြီးရေလွှမ်းမှု ဖြစ်ပေါ်ခဲ့ပြီး တစ်လနှင့် ၁၁ ရက်ကြာသည့် တိုင်မြစ်ရေကျဆင်းလာခြင်း မရှိဘဲ ရက်ရှည်ရေကြီးမှု ဖြစ်ပေါ်နေကာ စက်တင်ဘာ ၁ ရက် နံနက် ၈ နာရီ တိုင်းထွာချက်အရ သံလွင်မြစ်ရေ မှာ ၈၆၂ စင်တီမီတာ ရှိသဖြင့် စိုးရိမ်ရေအမှတ် အထက်တွင် ဆက်လက် တည်ရှိနေကြောင်း သိရသည်။

“ဒီနှစ်မြစ်ရေကြီးမှုက ရက်ကာလရှည် ကြာနေသလို နှစ်ပေါင်း ၅၃ နှစ်အတွင်း တစ်ခါမှ မကြုံဖူးတဲ့ စိုးရိမ်ရေ အမှတ်အထက် ၉၃၈ စင်တီမီတာကို ရောက်ရှိလာတာဟာ သံလွင်မြစ်ရဲ့ထူးခြားဖြစ်စဉ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ပေါ်မှုဟာ သံလွင်မြစ်ဖျားပိုင်းက ပြောင်းလဲမှုတစ်ခုမက တည်ရှိလာလို့လည်း ဖြစ်လာနိုင်ပါတယ်” ဟုသံလွင်မြစ်ကို လေ့လာစောင့်ကြည့်နေသူ ဒေသခံတစ်ဦးက ဆိုသည်။

သံလွင်မြစ်သည် မြန်မာနိုင်ငံမြစ်ရေကြီးမှု ဒုတိယကာလအတွင်း နှစ်စဉ်မြစ်ကြီးမှု ဖြစ်ပေါ်လေ့ရှိကာ၂၀၁၅ ခုနှစ်မှ စတင်၍ မြစ်ရေသက်ရောက်ရာ ဘားအံမြို့တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်လာခဲ့ခြင်းမရှိဘဲ ယခုနှစ် ဇူလိုင် ၂၁ ရက်မှစတင်၍ မြစ်ရေကြီးမှု ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ရေကြီးလွှမ်းမိုးမှုကာလ အနေဖြင့် နှစ်စဉ်ရက်သတ္တ နှစ်ပတ်ကျော်ထိသာ ကြာမြင့်လေ့ရှိပြီး ယခုနှစ်တွင် တစ်လခွဲနီးပါးကြာမြင့်ပြီး ရက်ရှည်ရေကြီးမှု ဖြစ်ပေါ်နေသည်က ထူးခြားမှုဖြစ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဒီလိုရက်ရှည်ရှည် ရေကြီးနေတော့ ရေရှည်ဘယ်လို ရပ်တည်ရမလဲ မသိတော့ဘူး။ ကယ်ဆယ်ရေးစခန်းမှာ မခိုလှုံချင်လို့ အိမ်ပေါ်မှာပဲ ဆင့်ကလေးထိုးပြီး ခြစ်ခြစ်ချုပ်ချုပ် နေရတဲ့ဒုက္ခက မသေးဘူးလေ။ သောက်စရာ ရေကမရှိ။ ရေတွင်းအားလုံးလည်း ရေမြုပ်နေတယ်။ ရေကြီးကာစက ထောက်ပံ့ကူညီတဲ့ လူငယ်လေးတွေ လှေနဲ့လာပြီး ထောက်ပံ့ကူညီလို့ အတော်လေး အသက်ရှူ ချောင်ခဲ့ပေမယ့် အခုကူညီ ထောက်ပံ့သူတွေ မလာကြတော့ဘူး” ဟု အမှတ် ၅ ရပ်ကွက် အောင်နန်း ၃ လမ်းတွင် နေအိမ်မစွန့်ခွာသူ ရေဘေးဒုက္ခသည် တစ်ဦးက ပြောကြားသည်။

ကရင်ပြည်နယ်အတွင်း နေ့စဉ်မိုးရွာသွန်းမှု ရှိနေသောကြောင့် မြစ်ရေချိန်မှာ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာတွင် ရှိနေကာ ဘားအံမြို့နယ် ကျေးရွာအုပ်စုများတွင် မိုးရေ၊ ကွင်းရေ၊ တောင်ကျရေများ ပေါင်းစပ်ကာ ရက်ရှည်ရေကြီးနစ်မြုပ်မှု ခံစားနေရကြောင်း သိရသည်။

 

အမြန်လမ်းမကြီးပေါ်သို့ ဆွာဆည်ရေ ကျော်လွန်ရောက်ရှိခြင်းကြောင့် မိုင်တိုင်အမှတ် ၁၆၅ မိုင်အနီးရှိ အမြန်လမ်းမကြီးတံတား နိမ့်ဆင်းမှုဖြစ်ပွား

ယနေ့ သြဂုတ် ၂၉ ရက် နံနက်အစောပိုင်းတွင် ပဲခူတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ ဆွာဆည်မှ ရေမြောင်းလက်တံ ပြိုကျခြင်းကြောင့် ဆည်ရေများ တစ်ဟုန်ထိုး စီးဆင်းမှုဖြစ်ပွား၍ အမြန်လမ်းမကြီးပေါ်သို့ ဆည်ရေများကျော်လွန် ရောက်ရှိခဲ့ပြီးနောက် အမြန်လမ်း ၁၆၅ မိုင်အနီးရှိ အမြန်လမ်းတံတားကြီး မြေသားကျွံကာ အနည်းငယ်နိမ့်ဆင်းမှု ဖြစ်ပွားနေကြောင်း သိရသည်။

အမြန်လမ်းမကြီးပေါ် ဆွာဆည်ရေကျော်လွန်ခြင်း၊ ၁၆၅ မိုင်အနီး အမြန်လမ်းမကြီးတံတား အနည်းငယ် နိမ့်ဆင်းနေခြင်းတို့ကြောင့် မော်တော်ယာဉ်များအား သွားလာခွင့် မပြုသေးဘဲ လမ်းပိတ်ထားခြင်း၊ တံတားကြံ့ခိုင်မှုများအား စစ်ဆေးဆောင်ရွက်ခြင်းတို့ ပြုလုပ်နေရကြောင်း သာဂရအမြန်လမ်းမကြီး ရဲစခန်းမှူးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သာဂရ အမြန်လမ်းမကြီး ရဲစခန်းမှူးက “ကားလမ်းပေါ် ရေကျော်နေတာတော့ ပြန်ကျသွားပါပြီဗျ၊ လောလောဆယ်တော့ စစ်ဆေးလို့ မပြီးသေးပါဘူးဗျ၊ တံတားကတော့ စစ်ဆေးနေပါတယ်ဗျ၊ တံတားက နိမ့်သွားတယ်ဗျ၊ နိမ့်သွားတော့ ကြံ့ခိုင်မှု စစ်ဆေးပြီးတော့ လောလောဆယ် ပေးမတက်သေးတာဗျ၊ ကျွန်တော်တို့ကတော့ လမ်းပိတ်နေရတယ်ဗျ” ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် ဆည်ရေများ တစ်ဟုန်ထိုး စီးဆင်းကာ ရေကြီးရေလျှံခြင်းကြောင့် ရန်ကုန်-မန္တလေး လမ်းမကြီးဟောင်းနှင့် အမြန်လမ်းမကြီးများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိနေပြီး ဆွာချောင်း အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများမှာ ရေဘေးလွတ်ရာများသို့ အရေးပေါ် ရွှေ့ပြောင်းနေရကာ တောင်ငူခရိုင်မှ ဆည်မြောင်းတာဝန်ရှိသူများ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ပရဟိတ အသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေရကြောင်း သိရသည်။

 

ဆွာချောင်းတမံ၏ ရေပိုလွှဲလက်တံမြောင်းနံရံ ပြိုကျမှုကြောင့် အမြန်လမ်းရေကျော်ပြီး ယာဉ်သွားလာမှု ပိတ်ထားရ

ပဲခူးတိုင်းဒေသကြီး၊ ဆွာချောင်းတမံ၏ ရေပိုလွှဲ လက်တံမြောင်းနံရံ ပြိုကျမှုကြောင့် ရေများထိုးဆင်းလျက်ရှိပြီး အမြန်လမ်း ၁၆၆ မိုင် ၀န်းကျင်တွင် ရေကျော်လျက်ရှိပြီး ယာဉ်သွားလာမှု ယာယီပိတ်ထားရကြောင်း ဆည်မြောင်းတာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ဆွာချောင်းတမံ ရေပိုလွှဲဆည်အတွင်းဘက်နံရံ ပြိုကျမှုကြောင့် ဆွာချောင်းတစ်လျှောက်ရေများ ဆင်းလာလျက်ရှိပြီး ကျွန်းတောစု၊ ဥယျာဉ်မှူးနှင့် ချောင်းတစ်လျှောက်ကျေးရွာများ ရေဝင်နစ်မြုပ်လာခြင်းကြောင့် ကျေးရွာများရှိ ဒေသခံများ ရေလွှတ်ရာသို့ အမြန်ဆုံး ပြောင်းရွှေ့ကြရန် လိုအပ်နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဆွာမြို့သို့ ရေဘေးအန္တရာယ်ကြောင့် ထွက်ပြေးလာကြသူ လူဦးရေ ထောင်ဂဏန်းခန့်ရှိနေပြီး ကယ်ဆယ်ရေး စခန်းများ လိုအပ်လျက်ရှိကြောင်း ကနဦး ရရှိသော သတင်းများအရ သိရသည်။

ဆွာဆည်တမံသို့ မြို့နယ်အဆင့်တာဝန်ရှိသူများ သွားရောက် စစ်ဆေးလျက်ရှိကာ ဆွာမြို့ပေါ်အထိ ရေများရောက်ရှိနိုင်ကြောင်း ဆည်မြောင်း အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဆွာချောင်းတမံ ရေပိုလွှဲဆည်အတွင်းဘက်နံရံ ပြိုကျမှုကြောင့် အမြန်လမ်း မိုင်တိုင် ၁၆၅/၁ ရှိ ဆွာချောင်းတံတားကြီး ကျိုးကျတော့မည့် အခြေအနေနှင့် ကြုံတွေ့နေရပြီး မိုင်တိုင် ၁၆၆ ၀န်းကျင်တွင်လည်း ရေကျော်လျက်ရှိကြောင်း သိရသည်။

ဆွာချောင်းတမံ၏ အခြေအနေနှင့် ဆွာချောင်း အနီးဝန်းကျင်ရှိ ဒေသခံများ ရွှေ့ပြောင်းနေရသည့် အခြေအနေများနှင့် ပတ်သက်၍ ဆက်လက်စုံစမ်း ရရှိသည့် သတင်းများကိုလည်း Eleven Media Group မှ ဆက်လက် ဖော်ပြပေးသွားပါမည်။

သံလွင်မြစ်ရေ တတိယအကြိမ် ပြန်လည်မြင့်တက်မှုကြောင့် ဘားအံမြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်းများ တိုးမြှင့်ဖွင့်လှစ်

သြဂုတ် ၂၆ ရက် ညပိုင်းအတွင်း သံလွင်မြစ်ရေ ပြန်တက်မှုကြောင့် ဘားအံမြို့နယ်အတွင်း တတိယအကြိမ် မြစ်ရေလွှမ်းမှု ဖြစ်ပေါ်နေစဉ်

ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက် ရွာသွန်းလျက်ရှိပြီး ၀ါခေါင်လပြည့်တက်ရေ အရှိန်ဖြင့် ဘားအံမြို့နယ်အတွင်း ရေကြီးလွှမ်းမိုးမှု တတိယအကြိမ် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဘားအံမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေး စခန်းများ တိုးမြှင့်ဖွင့်လှစ်ခဲ့ရပြီး အိမ်ထောင်စု ၁၆၀၄ စု၊ လူဦးရေ ကျား-မ စုစုပေါင်း ၈၅၂၃ ဦး ရေဘေးခိုလှုံနေရကြောင်း ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

သံလွင်မြစ်ရေလွှမ်းမိုးမှုမှာ ၀ါခေါင်လပြည့်ကျော် ၂ ရက်နေ့ရောက်သည့်တိုင် မြစ်ရေလွှမ်းမိုးမှု ဆက်လက်ဖြစ်ပေါ်နေပြီး သြ ဂုတ် ၂၈ ရက်ညနေ ၄ နာရီ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် အထက် ၈၇၇ စင်တီမီတာသို့ ရောက်ရှိနေပြီး မြစ်ရေဆုတ်ယုတ်လာခြင်း မရှိသေးကြောင်း သိရသည်။

“အစဉ်အလာအရဆိုရင် ၀ါခေါင်လပြည့် ၁ ရက်နေ့ကစပြီး မြစ်ရေတဖြည်းဖြည်း ဆုတ်ခွာရမှာ ဖြစ်ပေမယ့် ရေကတရိပ်ရိပ် တက်ကောင်းနေတုန်းပဲ။ ရေကြီးနစ်မြုပ်မှုကလည်း တစ်လနဲ့တစ်ပတ် ရှိလာပြီဆိုတော့ လူတွေလည်း အတော်လေး စိတ်ပျက်လာကြပြီလေ။ တစ်နေ့တစ်နေ့ မြစ်ရေမြန်မြန် ကျဆင်းလာဖို့ ဆုတောင်းနေရတာ အမောပါပဲ” ဟု ဘားအံမြို့ အမှတ် ၅ ရပ်ကွက် အောင်နန်း ၄ လမ်းတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

သြဂုတ် ၂၄ ရက်မှစ၍ သံလွင်မြစ်ရေသည် ဆုတ်ခွာစပြုခဲ့ပြီး သြဂုတ်၂၆ ရက် (၀ါ ခေါင်လပြည့်) ညဦးပိုင်းမှ ပြန်လည် မြင့်တက်လာခြင်းကြောင့် ဘားအံမြို့နယ်အတွင်း ပြည်နယ်မိုးလုံလေလုံ အားကစားရုံ၊ ရွှေရင်မျှော်ဘုရား၊ အစ္စလာမ်မ္မစ်ကျောင်း၊ ဗလီဝတ်ပြုကျောင်း၊ အမှတ် (၃) ရပ်ကွက် ဆိုင်ကလုံးစင်တာ၊ မဲဘောင်ဘုန်းကြီးကျောင်း၊ ဓမ္မပီယဘုန်းကြီးကျောင်း၊ သုမေဓာယကြားတောရ ဘုန်းကြီးကျောင်း၊ အထက ၃ (အားကစားရုံ၊ ပြည်နယ်ကမ္မဋ္ဌာန်းကျောင်း၊ အိမ်တိုင်ကုန်း (ရွာသစ်)၊ မြိုင်ကလေးလှာကာ (ကူးဆိပ်)၊ မဂ္ဂင် ဘုန်းကြီးကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်းများ တိုးမြှင့်ဖွင့်လှစ်ထားရပြီး ရေဘေးသင့် အိမ်ထောင်စု ၁၆၀၄ စု၊ လူဦးရေ ကျား-မ စုစုပေါင်း ၈၅၂၃ ဦး ရေဘေးခိုလှုံလျက်ရှိကြောင်း သိရသည်။

 

ရေကြီးရေလျှံမှု မဖြစ်ပွားစေရန် ရန်ကုန်တိုင်းအတွင်းရှိ မြစ်၊ ချောင်းများအား ရေထိန်းတံခါးများ တပ်ဆင်မည်

သြဂုတ်လဆန်းပိုင်းက ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်တွင် ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ကျော်ဇင်ဖြိုး)

ရေကြီးရေလျှံမှု မဖြစ်ပွားစေရန် ရန်ကုန်တိုင်းအတွင်းရှိ မြစ်၊ ချောင်းများအား ရေထိန်းတံခါးများ တပ်ဆင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ကျွန်တော်တို့တိုင်း အတွင်းမှာ ရေကြီးရေလျှံမှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းဖို့အတွက် ကြိုးပမ်းဆောင်ရွက် ခဲ့ပါတယ်။ ဒီအခြေအနေကတော့ အတိုင်းအတာ တစ်ခုအထိ အဆင်ပြေလာပြီ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့အတွင်း ရေနုတ်မြောင်းများကို ပြုပြင်ရမည်ဖြစ်ကြောင်း၊ JICA နှင့် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း၊ ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ ၇၈ သန်း၊ ပြည်ထောင်စုအစိုးရမှ မြို့တော်စည်ပင်သာယာအား ချေးငွေစနစ်တစ်ခုဖြင့် ပြင်ဆင်နေကြောင်း၊ ရေနုတ်မြောင်းများ ပြင်ဆင်နိုင်ပါက ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှုအား ထိန်းနိုင်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ရန်ကုန်မြို့မှာ ချောင်းခုနစ်ချောင်း ရှိပါတယ်။ ဒါကတော့ ရန်ကုန်မြို့ထဲမှာ စီးနေတဲ့ ချောင်းတွေဖြစ်ပါတယ်။ ရေနုတ်မြောင်းထဲက ရေတွေကို ချောင်းတွေကတစ်ဆင့် မြစ်ထဲကို ပို့ရတာဖြစ်တယ်။ မြစ်ထွက်ပေါက်တွေလည်း ရှိပါတယ်။ ဒီနေရာတွေမှာ ရေတံခါးတပ်ဆင်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ကမ္ဘာ့ဘဏ် အကူအညီနဲ့ ရေတံခါးတွေ တပ်ဆင်နိုင်ဖို့ YCDC ဘတ်ဂျက်နဲ့ မြစ်ချောင်းတွေကို ပြုပြင်နိုင်ဖို့ ချောင်းတွေကို ဆယ်ပြီး အဲဒီမှာ ရေတံခါး တပ်ဆင်ထားမယ် ဆိုရင်တော့ ဒီရေတွေကို ထိန်းထားနိုင်မယ်။ မြို့ထဲမှာ မိုးရွာလို့ ကျလာတဲ့ ရေတွေကိုလည်း ချောင်းထဲကနေ ပိုက်နဲ့တစ်ဆင့် မြစ်ထဲကို စွန့်ပစ်နိုင်ဖို့ ဆောင်ရွက်ကြရမှာဖြစ်တယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါ အခြေအနေအား ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်ပညာရှင်များဖြင့် လေ့လာဆန်းစစ်ကာ ကမ္ဘာ့ဘဏ် အကူအညီ၊ JICA အကူအညီနှင့် စည်ပင်မှ ပြည်သူ့ဘဏ္ဍာငွေများဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ယင်းအခြေအနေသည်လည်း အတိုင်းအတာ တစ်ခုထိ အောင်မြင်မှု ရရှိနေမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။

ရန်ကုန်မြို့အား အစိုးရသစ် စတင်တာဝန်ယူချိန်တွင် ရေကြီးရေလျှံမှု အလွန်များကြောင်း၊ ယခင်က ရန်ကုန်မြို့အား ထောက်ကြန့်ဘက်မှ ၀င်ရောက်လာမည် ဆိုပါက ယင်းနေရာတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ရေကြီးရေလျှံမှု မဖြစ်ပွားစေရန် ငမိုးရိမ်ချောင်းအား ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ရေကြီးရေလျှံမှု မရှိတော့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ စတင်တာဝန်ယူခဲ့တဲ့ ပထမနှစ်ကာလမှာ တိုက်ကြီး-မှော်ဘီဘက်မှာ ရေကြီးရေလျှံမှု တော်တော်များများ ဖြစ်ခဲ့ပါတယ်။ ဒီဘက်နှစ်မှာတော့ ရေကျော်မှု မရှိတော့ပါဘူး။ မြန်မာနိုင်ငံက ရာသီဥတု ပြောင်းလဲမှု အဆိုးရွားဆုံး ခံရနိုင်တဲ့ စာရင်းမှာ ပါပါတယ်။ နိုင်ငံတော်ကနေ ပြည်သူ့ဘဏ္ဍာငွေနဲ့ တည်ဆောက်ထားတဲ့ လမ်းတွေ၊ တံတားတွေဟာ ရေကြီးရေလျှံရင် ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။ ရေကြီးသွားခဲ့ရင် ကတ္တရာလမ်းတွေ ပေါက်ပြဲပျက်စီးသွားတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

 

မိုးနှောင်းကာလတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်သည် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်သဖြင့် ရေကြီးရေလျှံမှုကို ဆက်လက်သတိပြုရန်လို

သြဂုတ်လဆန်းပိုင်းက ပဲခူးတိုင်းဒေသကြီးတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)

မိုးနှောင်းကာလတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း သုံးကြိမ် ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်သည် မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲနိုင်သဖြင့် ရေကြီးရေလျှံမှုအား ဆက်လက်သတိပြုရန်လိုကြောင်း မိုးလေ၀သပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

“မိုးနှောင်းမှာဖြစ်တဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံကိုတော့ မ၀င်ဘူး။ ဒါပေမဲ့ မိုးတော့ရမယ်။ စက်တင်ဘာမှာ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ရင် ၁၀ ရက်တစ်ကြိမ်လောက် ဖြစ်မယ့်သဘောရှိတယ်။ အဲဒီတော့ မိုးရမယ်။ မိုးရရင် မြစ်ထဲမှာ ရေကများလာနိုင်တယ်။ ပင်လယ်ဘက်က ရေတက်ရေကျရှိမယ်။ အဲဒီဟာနဲ့ လေဖိအားနည်းရပ်ဝန်း ဖြစ်တာနဲ့ သွားတိုက်ရင် မြစ်တွေထဲက ရေတွေက ပင်လယ်ထဲကို မထွက်နိုင်တော့ဘူး။ ဇလွန်၊ ငါးသိုင်းချောင်း၊ သာပေါင်း၊ ပန်းတနော်တို့၊ မြစ်ဝကျွန်းပေါ် ဒေသတွေ ရေသွားကြီးနိုင်တယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးတွင်လည်း ရေကြီးရေလျှံမှုကို သတိပြုရန်လိုကြောင်း၊ ရွှေကျင်၊ စစ်တောင်း မြစ်ရေတို့သည် ပဲခူးလွင်ပြင်ဘက်တွင်လည်း ရေကြီးနိုင်ကြောင်း၊ ယခုဖြစ်စဉ်သည် တတိယ ရေကြီးကာလ ဖြစ်ကြောင်း၊ မုန်တိုင်းဖြစ်မည့် အရေအတွက် များနေသဖြင့် ရေကြီးရေလျှံမှု များပြားလာနိုင်ကြောင်း ဦးချစ်ကျော်က ပြောကြားသည်။

“ဘယ်လောက်ပမာဏထိ မိုးများမယ် ဆိုတာကို မပြောနိုင်ဘူး။ ဒီလိုဖြစ်တဲ့အတွက် မိုးရမယ့် ပမာဏများတယ်။ ဒီရေအတက်အကျနဲ့ဆိုရင် ရေကြီးရေလျှံမှု ကြာသွားနိုင်တယ်။ ပြည်သူလူထုကို ဒေသအာဏာပိုင်တွေက ကြိုတင်ပြင်ဆင်ဖို့ လုပ်ရမယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မိုးနှောင်းကာလ မိုးလေ၀သ ခန့်မှန်းချက်တွင် စက်တင်ဘာ ၁ ရက်မှစပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ အနောက်တောင် မုတ်သုံလေ ဆုတ်ခွာသည့်နေ့ကို မိုးနှောင်းကာလအဖြစ် သတ်မှတ်ကြောင်း၊ အနောက်တောင် မုတ်သုံလေသည် စက်တင်ဘာ ၁၆ ရက်မှ ၂၀ ရက်အတွင်း မြောက်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာ ၂၂ ရက်မှ ၂၇ ရက်အတွင်း အလယ်ပိုင်း ဒေသများမှလည်းကောင်း၊ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၃ ရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသများမှ လည်းကောင်း၊ အောက်တိုဘာ ၄ ရက်မှ ၉ ရက်အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ဆုတ်ခွာဖွယ်ရှိကြောင်း သိရသည်။

“မုတ်သုံလေက မြစ်ဝကျွန်းပေါ်ကနေ အောက်တိုဘာ ၃ ရက်နေ့ ထွက်မယ်ဆိုရင် တောင်ပိုင်းဒေသက ၁၀ ရက်နေ့မှာ ထွက်မယ်။ နောက်လည်းမကျဘူး။ စောလည်း မစောဘူး။ ပုံမှန်ပဲ၊ အရင်တုန်းကဆိုရင် စက်တင်ဘာလကုန်၊ အောက်တိုဘာ ၁ ရက်ဆိုရင် တစ်ပြည်လုံးကနေ မုတ်သုံလေဆုတ်သွားတယ်။ အခုနှစ် မိုးရွာရက်က ရက်ပေါင်း ၁၄၀ လောက်ရှိတယ်။ အရင်နှစ်တွေကဆိုရင် မိုးရွာရက်က ၁၂၀၊ ၁၃၀ လောက်ပဲ ရှိတယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်နိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအား အနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ကြောင်း သိရသည်။

 

ပဲခူးမြစ်ရေကြီးမှု တစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးမှုများ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်

ပဲခူးမြစ်ရေကြီးမှု တစ်လကျော်နေပြီး ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုများ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက်မှစ၍ ပဲခူးမြစ်ရေ ဒုတိယအကြိမ် ပြန်လည် မြင့်တက်လာပြီး ပဲခူးမြို့ရှိ အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သော ဇိုင်းတောင်ရပ်ကွက်၊ ဇိုင်းမြောက်ရပ်ကွက်၊ ကျွန်းသာယာရပ်ကွက်၊ မဇင်းရပ်ကွက်နှင့် ကျောက်ကြီးစု ရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သည်။

ပဲခူးမြစ်ရေသည် ဇူလိုင်၂၈ ရက်တွင် စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာကို ကျော်၍ စံချိန်တင် ရေအမှတ် ၉၆၈ စင်တီမီတာအထိ ရောက်ရှိခဲ့ပြီး ပဲခူး- ရန်ကုန် ကားလမ်းမကြီးပေါ်တွင် သုံးပေခန့်အထိ ရေကြီးနစ်မြုပ်ခဲ့ရာ နှစ်ပေါင်း ၅၀ အတွင်း အမြင့်ဆုံး ရေကြီးနစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၂၈ ရက် နောက်ပိုင်းတွင် ပဲခူးမြစ်ရေ ပြန်လည် လျော့ကျလာပြီး လမ်းမကြီးများပေါ်တွင် ရေကြီးနစ်မြုပ်မှုများ မရှိသော်လည်း မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်အချို့တွင် တစ်လကျော် ကြာမြင့်လာသော်လည်း ရေကြီးနစ်မြုပ်နေသေးကြောင်း သိရသည်။

ထိုသို့ တစ်လကျော်ခန့် ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံနေရသော ရပ်ကွက်နေသူများမှာ ဈေးရောင်းဈေးဝယ် လုပ်ကိုင်ရသည်မှာအ ခက်အခဲများရှိခြင်း၊ အနိမ့်ပိုင်း စာသင်ကျောင်းများ ရေ၀င်နစ်မြုပ်နေဆဲဖြစ်၍ စာသင်ကျောင်းများတွင် အခက်အခဲများရှိခြင်း မိဘများ ကျောင်းပို့ကျောင်းကြိုရာတွင် ခက်ခဲခြင်း စားဝတ်နေရေးအတွက် အခက်အခဲများရှိခြင်း စသည်တို့ကြုံတွေ့နေရပြီး အကူအညီများ လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။

“အများစုက ခေါင်းရွက်ဈေးသည်တွေ မရှိဆင်းရဲသားတွေ နေတာ။ ဈေးလည်း ကောင်းကောင်း မရောင်းရဘူး။ ရေဘေးစခန်းတွေမှာတုန်းက အဆင်ပြေတယ်။ စားဖို့မပူရဘူး။ အခုပြန်လာကြတော့ လမ်းမပေါ်သာ ရေမရှိတော့တာ ရပ်ကွက်ထဲမှာ ရေပြန်မကျတာ တစ်လကျော်နေပြီ။ အခုမှ ပိုဆိုးနေတာ။ ကလေးကျောင်းပို့တာက ကျောပိုးပြီး ကျောင်းပို့နေရတယ်။ လှေကလည်း ရှားတယ်။ ပိုက်ဆံရှိမှ မရှိရင် လှေမငှားနိုင်ဘူး။ သွားလာရတာ ခက်ခဲတယ်။ စားဖို့လည်း ကောင်းကောင်း မရှာနိုင်သေးဘူး။ ရေဘေးစခန်းတွေလည်း မရှိတော့ဘူး” ဟု ကျွန်းသာယာရပ်ကွက်နေသူ ဈေးသည်တစ်ဦး က ပြောကြားသည်။

ထို့ပြင် ၀ါခေါင်လပြည့် ပင်လယ်ရေထရက်နှင့် တိုက်ဆိုင်ခြင်း၊ မြစ်ညာဒေသတွင် မိုးများခြင်း၊ ပဲခူးမြို့ ပတ်ဝန်းကျင်တွင် မိုးများခြင်ကြောင့် သြဂုတ်၂၇ ရက် မွန်းလွဲပိုင်း တိုင်းတာချက်များအရ ပဲခူးမြစ်ရေမှာ ၈၃၇ စင်တီမီတာသို့ ရောက်ရှိနေပြီး ယခုနှစ် ပထမဆုံးအကြိမ် ရေကြီးနစ်မြုပ်မှုမှာ ဇူလိုင် ၁၁ ရက်ခန့်က ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘီးလင်းမြစ် ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် ဆောင်ရွက်ပေးရန် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ အစည်းအဝေးတွင် တင်ပြမည်ဟုဆို

ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျရေ လိမ့်ဆင်းမှုများကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ် ရေကျော်ခဲ့စဉ်

နှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိသည့် မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်အား ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် ဆောင်ရွက်ပေးရန် လာမည့် သြဂုတ် ၃၁ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် တင်ပြသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

“ဘီးလင်းမြစ် ရေကြီးရေလျှံမှုကြောင့် အဆိုးဆုံး အခြေအနေကတော့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်တဲ့အထိ ကြုံတွေ ကြရတဲ့အတွက်ကို ဘီးလင်းမြစ်ရဲ့ အခြေအနေကိုတော့ အမြန်ဆုံး ကုစားနိုင်ဖို့ အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဘီးလင်းမြို့နယ် အတွင်းမှာ ရန်ကုန်-မော်လမြိုင် ကားလမ်းနဲ့ ရန်ကုန်-မော်လမြိုင် ရထားလမ်းတွေမှာ ရှိနေတဲ့ ချောင်း၊ မြောင်းတွေကို ချဲ့ထွင်တာတွေ၊ ရေနုတ်မြောင်းတွေကို အသစ်ဖောက်လုပ်တာတွေကို ဆောင်ရွက်စေဖို့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ အစည်းအဝေးမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။ အဲဒီအပြင်ကို ပြည်ထောင်စုကို ဆက်လက်တင်ပြနိုင်ဖို့ ကျွန်တော့်ဆီမှာရှိနေတဲ့ ဆည်မြောင်းဦးစီးဌာနတို့၊ မြစ်ချောင်းဖွံ့ ဖြိုးရေး ဦးစီးဌာနတို့အပြင် လမ်းဦးစီးဌာနတို့၊ ကျန်တဲ့ဆက်စပ်ဌာနတွေကို ခေါ်ယူတွေ့ဆုံပြီးတော့မှ ဆောင်ရွက်မယ့် အစီအမံလေးတွေကို ကြိုတင်ပြီးတော့မှ စူးစမ်းလေ့လာခြင်း လုပ်ငန်းတွေကို အမြန်ဆုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းဌေးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဘီးလင်းမြစ်ရဲ့ အထက်ပိုင်းမှာ သတ္တုတွေ တူးဖော်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အထူးသဖြင့် ရွှေတူးတဲ့ကိစ္စတွေကလည်း အင်မတန်များပြားတဲ့အခါ ကျတော့ ပိုကျလာတဲ့ နုန်းအနည်အနှစ်တွေက ဘီးလင်းမြစ် တစ်လျှောက်လုံးမှာ တော်တော်လေးတော့ ပြည့်နေတယ်။ နာရီပိုင်း အတွင်းမှာ မိုးတအားရွာတဲ့ အခါကျတော့ ရေကလျှံထွက်လာတဲ့ အနေအထားမျိုးကို တွေနေရတယ်။ အဲဒီအတွက်ကြောင့် ဘီးလင်းမြစ်ရဲ့ အောက်ပိုင်းမှာ ရထားလမ်း၊ ကားလမ်းရဲ့ အောက်ဘက် နှင်းပုလဲနှင့် ဒုန်းဝန်းကြား အမြဲတမ်း ရေကြီးရေလျှံမှု ဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် ဘီးလင်းမြစ်ရဲ့ သင့်တော်တဲ့ မြစ်ကြောင်းနေရာ နှစ်ဖက်ကို တစ်ဖြောင့်တည်း ဖောက်ပြီးတော့မှ ရေနုတ်မြောင်းအနေနဲ့ ဆက်သွယ် ဆောင်ရွက်ပေးနိုင်မယ် ဆိုရင်တော့ ရေစီးဆင်းမှုကို ကောင်းမွန်စေမယ်လို့ ယူဆထားပါတယ်” ဟုပြောကြားသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရေကြီးရေလျှံမှုများ အမြဲတမ်း ဆိုးဆိုးရွားရွား ခံစားနေရသော တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်နေရာရှိကြောင်း၊ အဆိုပါနေရာ ခြောက်နေရာတွင် ရေကြီးရေလျှံမှု လျော့နည်းသက်သာအောင် ဆောင်ရွက်ပေးသင့်သည့် မြစ်များ၊ ချောင်းများကို သုံးသပ်ပြီး အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ အစည်းအဝေးတွင် တင်ပြကြမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး၏ ပြောကြားချက်များအရ သိရသည်။

ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျရေ လိမ့်ဆင်းမှုများကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ဘီးလင်းမြစ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့မှုပြီး ဘီးလင်းမြို့ အပါအ၀င် ဘီးလင်းမြို့နယ် အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ် ရေကျော်ခဲ့သည့် အတွက် ဇူလိုင် ၂၆ ရက် ညပိုင်းမှ ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းအထိ ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ခဲ့ပြီး ယာဉ်အစီးရေ ရာနှင့်ချီပြီး ခရီးသည် ထောင်နှင့်ချီကာ စောင့်ဆိုင်းနေခဲ့ရကြောင်းနှင့် ဘီးလင်းမြို့နယ် အတွင်းရှိ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း၌ တံတားများ ရေစီးအားကြောင့် ပျက်စီးမှုများ ရှိခဲ့သည့်အတွက် ရထားလမ်းကိုလည်း ပိတ်ထားခဲ့ရကြောင်း သိရသည်။

တနင်္သာရီမြစ်ရေ တတိယအကြိမ် ရေလွှမ်းမိုးမှုကြောင့် ကယ်ဆယ်ရေးစခန်းများ ထပ်တိုးဖွင့်ခဲ့ရပြီး ရေဘေးသင့် ပြည်သူဦးရေ တိုးလာခဲ့ကာ ရေ၀င်ဧရိယာများမှ ဒေသခံများ အခက်အခဲ ဖြစ်နေကြောင်း သိရ

တနင်္သာရီမြစ်ရေ တတိယအကြိမ် တက်နေသည်ကို သြဂုတ် ၂၃ ရက်က တွေ့ရစဉ်

တနင်္သာရီမြစ်ရေ တတိယအကြိမ်ရေ လွှမ်းမှုကြောင့် ကယ်ဆယ်ရေးစခန်းများ ထပ်တိုးဖွင့်ခဲ့ရသလို ရေဘေးသင့်ပြည်သူ ဦးရေလည်း တိုးလာခဲ့ပြီး ရေမြုပ်ဧရိယာအပြင် ရေ၀င်ဧရိယာများမှ ဒေသခံများ အနေဖြင့်လည်း အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

ယခုနှစ်အတွင်း မြစ်ဖျားပိုင်းတွင် မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီ မြစ်ရေမှာ သုံးကြိမ်အထိ ရေလွှမ်းမှုဖြစ်ခဲ့ပြီး နေအိမ် ထောင်နှင့်ချီကာ နစ်မြုပ်ခဲ့သလို ရေ ဘေးသင့်ပြည်သူ ၂၄၀၀၀ ကျော်အထိ တိုး လာခဲ့ကြောင်းသိရသည်။ နှစ်လခန့်အတွင်း မြစ်ရေ သုံးကြိမ်ကြီးမှုကြောင့် ဒေသခံများ  စားဝတ်နေရေး အခက်အခဲများစွာဖြစ်ခဲ့ကာ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသော လယ်ယာ/ဥယျာဉ်များစွာလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“၁၉၈၁ ခုနှစ်တုန်းက ရေအရမ်းကြီးခဲ့ ဖူးတယ်။ ၁၉၉၄ ခုနှစ် ရေဘေးလိုပဲရေအရမ်း ကြီးပြီး ဆေးရုံတွေ ရေနစ်မြုပ်ခဲ့တယ်။ မြို့ဦး ဈေးလည်း ရေနစ်မြုပ်ခဲ့တယ်။ တစ်မြို့လုံး ရေနစ်မြုပ်ခဲ့တယ်။ အခုဆိုရင် သုံးကြိမ်မြောက် ရေနစ်မြုပ်နေတယ်။ ဒီနှစ်ထဲမှာပေါ့။ တချို့ ဒေသခံတွေက တစ်နေ့လုပ်မှ တစ်နေ့စား တဲ့သူတွေရှိပါတယ်။ အဲဒီလူတွေဆိုရင် ပင် ပန်းဆင်းရဲနေကြပြီ။ ငွေကြေးတတ်နိုင်တဲ့သူ တွေအတွက်ကတော့ ပြောစရာမလိုဘူးလေ။ တစ်နေ့လုပ် တစ်နေ့စားတွေမှာပဲ အခက် အခဲရှိတယ်။ အရင်တုန်းက လူတွေမှာ လှေ တွေရှိတယ်။ အခုကျတော့ အိမ်တိုင်းနီးပါးမှာ လှေမရှိနိုင်တော့ဘူး။ ဦးဇင်းတို့ကျောင်း မှာ ဒုက္ခသည်တွေ အရင်ကအိမ်ထောင်စု ၃၈ စုလောက်ရှိတယ်။ အခုရက်ပိုင်းမှာ အိမ် ထောင်စု ၆၀ နီးပါးအထိ ရှိလာနေတယ်။ ရေ မြုပ်တာ ပိုများလာတော့ ဒုက္ခရောက်တဲ့သူ တွေလည်း များလာတယ်” ဟု တနင်္သာရီမြို့ နယ် ချောင်းကြီးကျောင်းတိုက်တွင် သတင်း သုံးသည့် အရှင်ဝါသေဋ္ဌက မိန့်ကြားသည်။

တနင်္သာရီမြစ်ရေမှာ နှစ်စဉ်စိုးရိမ်ရေ မှတ်နီးပါးသို့ ရေကြီးမှုဖြစ်ပွားလေ့ရှိသော် လည်း အန္တရာယ်ရေမှတ်အထိ ရေမလွှမ်းသည်မှာ နှစ်အတန်ကြာခဲ့ပြီး ယခုနှစ်မှ မိုးသည်းထန်စွာ ရွာသွန်းပြီး သုံးကြိမ်မြောက် မြစ်ရေကြီးမှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီ မြို့နယ်ရှိ ရေကြီးနစ်မြုပ်သော ကျေးရွာတစ်ရွာကို တွေ့ရစဉ်

“တနင်္သာရီမြစ်ရေက ပုံမှန်အတိုင်း ၁၇ ပေ၊ ၁၈ ပေအထိတက်လာရင် ကျွန်တော်တို့ နယ်ခံတွေ ဘာမှမစိုးရိမ်ကြဘူး။ ကျွန်တော်တို့ဆီမှာ အန္တရာယ်ရေမှတ်က ၂၄ သတ်မှတ် ထားတယ်။ အခုဆိုရင် ၂၄ ပေကိုကျော်ပြီးတဲ့ အပြင် ၂၆ ပေအထက်ကိုရောက်နေပြီ။ အဲဒီ အချိန်မှာ ကျွန်တော်တို့ ကစဥ့်ကလျားဖြစ် လာတယ်။ ကွမ်းပင်တွေ၊ ပျိုးပင်တွေ၊ ဥယျာဉ်တွေ၊ မြေမအုံဘက်မှာဆိုရင် လယ်မြေစိုက်ခင်းတွေ၊ သီးနှံစိုက်ခင်းတွေ အားလုံးကုန်သွားပြီ။ မြန်မာအင်းတော်ရွာဆိုရင် ရွာလုံးကျွတ် ရေနစ်မြုပ်နေတယ်။ လုံးဝကိုမဖော်နိုင်ဘူး။ ကျွန်တော်ကိုယ်တိုင် ကယ်ဆယ်ရေး လိုက်နေလို့ သိရတာပါ။ မိုးလည်းများတယ်။ သစ်တောတွေကလည်း မိုးရေကိုမထိန်းနိုင် တော့ဘူး။ အဲဒီတော့ ရေတွေက အရမ်းကို လျှံတက်လာတယ်။ ခံစားနေရတာက တန င်္သာရီတစ်မြို့နယ်လုံးပါပဲ။ မြစ်အောက်ဘက် မှာဆိုရင် လယ်သစ်ကျေးရွာအထိ အဖျား သွားခတ်တယ်။ ခံစားရတာက တနင်္သာရီမြစ် ဖျားကနေ အောက်ဘက်အထိ ရွာတိုင်းနီးပါး ခံစားရတယ်။ စိုက်ခင်းဧရိယာတွေကတော့ အတော်များများကို ကုန်သွားပြီ။ စံချိန်တင်အောင်ကို ဆုံးရှုံးတာပါ။ မျိုးစပါးတွေလည်းအကုန်ဆုံးရှုံးသွားပြီ။ ရိက္ခာတွေကိုတော့ ငါးရက်တစ်ဖြတ်စီ ပေးနေတယ်။ အစိုးရအနေနဲ့ ထောက်ပံ့ပေးပါတယ်။ တတိယအကြိမ်ရေ နစ်မြုပ်တဲ့အခါမှာ အိမ်ထောင်စုဦးရေ ပိုများ လာပါတယ်။ ချောင်းကြီးမှာလည်း ပြောင်းရွှေ့ရတဲ့သူတွေ များလာတယ်။ ရေအမှတ် ကအရမ်းမြင့်လာတယ်။ အရင်စံချိန်ထက် ကျော်သွားပါပြီ။ ချောင်းကြီးနဲ့ ချောင်းငယ် ရပ်ကွက်နှစ်ခုစလုံးမှာ ရေနစ်မြုပ်တဲ့ လူစာ ရင်း တိုးလာပါတယ်။ တခြားရွာတွေမှာလည်း ဒီအတိုင်းပဲ တိုးလာပါတယ်။ နောက်တစ်ခု  ကျွန်တော်တို့ဆီမှာက ရေမြုပ်ဧရိယာအပြင် ရေ၀င်တဲ့ဧရိယာလည်း ရှိနေတယ်။ သူတို့လည်း ထိခိုက်တယ်။ ဘာအလုပ်မှလည်း မလုပ်နိုင်ကြဘူး။ အားလုံးက ကယ်ဆယ်ရေး  ပစ္စည်းကိုမှီခိုပြီး စားသောက်နေရပါတယ်။ကယ်ဆယ်ရေးပစ္စည်း မပြတ်လပ်အောင် အစိုးရအဖွဲ့ရယ်၊ တိုင်းဒေသကြီးလွှတ်တော် အမတ်နဲ့၊ ပြည်သူလွှတ်တော်အမတ်နှစ်ဦး စလုံး အတော်လေးဆောင်ရွက်ပေးပါတယ်။ နှစ်ဦးစလုံးတော်ကြပါတယ်။ ဒီမှာရှိတဲ့ တာ ၀န်ရှိသူတွေက ရေတံခါးဖွင့်မယ်။ ရေငါးပေခန့် ထပ်တိုးမယ်ဆိုပြီး လိုက်လံကြေညာပေး ပါတယ်။ နယ်ခံတွေအားလုံး ပြောင်းရွှေ့ဖို့ အချိန်ရပါတယ်။ ကျွန်တော်တို့လည်း ပြောင်း ရွှေ့ပြီးသားဖြစ်နေတယ်။ မြို့ရိုးကို ရေကျော် လာတဲ့အခါမှာ ၀ုန်းဒိုင်းတွန်းမှာ စိုးလို့ပါ။တဖြည်းဖြည်းဖွင့်ရပါတယ်။ လက်ရှိ ရေသုံး ပေခွဲအထိ ကွာဟနေပါတယ်” ဟု တနင်္သာရီ မြို့နယ် ချောင်းကြီးရပ်ကွက်တွင် နေထိုင်သော ဦးတင်ဝင်းသော်က ပြောကြားသည်။

တနင်္သာရီမြစ်ရေကြီးမှု ဖြစ်ပွားနေသည့် တနင်္သာရီမြို့သို့ လူကယ်ပြန်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လာရောက် ကြည့်ရှုခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မကြန့်ကြာစေဘဲ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

သြဂုတ် ၂၃ ရက် နံနက် ၉ နာရီတိုင်းထွာချက်အရ တနင်္သာရီမြစ်ရေမှာ အနည်းငယ် ပြန်လည်ကျဆင်းနေပြီး အန္တရာယ်ရေမှတ်အောက် တစ်လက်မသို့ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။ နောက်ဆုံး ကောက်ယူထားသော စာရင်းများအရ ရေနစ်မြုပ်ခံခဲ့ရသည့် အိမ်ခြေ ၄၈၃၃ အိမ်၊ အိမ်ထောင်စု ၄၈၈၇ စု ရှိပြီး ရေဘေးသင့် ပြည်သူ ၂၄၁၉၈ ဦးအထိရှိလာကြောင်း သိရသည်။

ရေဘေးကြောင့် ပြောင်းရွှေ့ပေးရသူ ၆၇၆၂ ဦးရှိခဲ့ပြီး လူဦးရေ ၁၃၃၄ ဦးကို ကယ်ဆယ်ရေးစခန်းတွင် စီစဉ်ပေးထားရကာ ရေ၀င်ဧရိယာများအတွင်း ကျရောက်နေသည့် ဒေသခံပြည်သူများကိုလည်း ကယ်ဆယ်ရေး ပစ္စည်းများ လိုက်လံပေးဝေနေကြောင်း သိရသည်။