နာရီပိုင်းခန့် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံ

စက်တင်ဘာ ၁၅ ရက်က ရေကြီးရေလျှံမှုဖြစ်ပွားစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

နာရီပိုင်းခန့် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် စမ်းချောင်း၊ ဗဟန်းအပါအ၀င် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး စမ်းချောင်းမြို့နယ်တွင် ကွန်ကရစ်လမ်းခင်းခြင်းအား ဗဟိုလမ်း ဗားကရာပွိုင့်ထောင့်မှ ရှင်စောပု လမ်းထောင့်အထိ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ခဲ့သဖြင့် အဆိုပါလမ်းဘေးရှိ နေအိမ်များနှင့် ဆိုင်ခန်းများအတွင်း ရေများ ၀င်ရောက်ခဲ့ကြောင်း သိရသည်။

“အရင်တုန်းကလည်း မိုးအရမ်းရွာတဲ့အခါ အခုလိုပဲ ရေကြီးပေမယ့် မိုးတိတ်တာနဲ့ ပြန်ကျတယ်။ အခုက လမ်းတွေကို ခင်းတော့ မြင့်တဲ့နေရာကမြင့်ပြီး နိမ့်တဲ့နေရာက နိမ့်နေတော့ နိမ့်တဲ့နေရာမှာဆို ရေက တော်တော်နဲ့မကျပါဘူး။ မနေ့ကဆို ကားတွေမြုပ်တာတွေတောင် ရှိပါတယ်။ ဆိုင်လည်း မနေ့ က တစ်ဝက်လောက်ထိ မြုပ်လာလို့ ပိတ်လိုက်ရပါတယ်။ ဒီနားပတ်ဝန်းကျင်က ဆိုင်အတော်များများလည်း ပိတ်လိုက်ရပြီး အိမ် တွေထဲထိတောင် ရေ၀င်တာတွေ ရှိပါတယ်” ဟု စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ဗားကရာလမ်းထောင့်ရှိ ဈေးရောင်းချသူတစ်ဦးကပြောကြားသည်။

စက်တင်ဘာ ၁၅ ရက်က မိုးရွာသွန်းမှုကြောင့် စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ဗားကရာလမ်းထောင့်တွင် ရေလျှံမှု အဓိက ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁၄ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် စမ်းချောင်းမြို့နယ် ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့်နှင့် မြေနီကုန်းတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။

ယင်းသို့ ရေကြီးရေလျှံမှုများကြောင့် Hotel Azure  နှင့် ပန်းခြံတာဝါများရှိ ကားပါကင်များထဲသို့ ရေများစီးဝင်ပြီး ကားပါကင်ရှိကားအချို့ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ကရင်ပြည်နယ် ဘားအံမြို့တွင် ရေအနည်းငယ် ကျသွားသော်လည်း ရေဘေးစိုးရိမ်နေရဆဲဖြစ်ကာ သွားလာရေး ခက်ခဲနေဆဲဖြစ်

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သံလွင်မြစ်နှင့် ဂျိုင်းမြစ်တို့ ရေပြည့်ရေလျှံဖြစ်ကာ ၈ ရက် ကြာသည်အထိ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ် လှိုင်းဘွဲ့မြို့နယ် အပါအ၀င် မြို့နယ်၊ ကျေးရွာ အများအပြား ရေနစ်မြုပ်ခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် အနည်းငယ် ကျသွားသော်လည်း စိုးရိမ်နေရဆဲဖြစ်ကာ သွားလာရေး ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ဇူလိုင် ၃၀ ရက် ည၆နာရီအထိ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေသည့်အပြင် မိုးအဆက်မပြတ် ရွာသွန်းခြင်းတို့ကြောင့် ဘားအံ-သထုံကားလမ်းနှင့် ဘားအံ-ဇာသပြင်အဖြောင့်လမ်းရှိ အချို့နေ ရာများတွင် ရေအနက် နှစ်ပေနှင့် ငါးပေအ နက်အထိ ရေကျော်နေပြီး ဘားအံ၊ ကော့က ရိတ်၊ မြ၀တီကားလမ်း တံတားအမှတ် ၁- ၃၆ ခရဲကမ်းနားကျေးရွာအုပ်စု၊ ဥပုသ်တောင်မုခ် ဦးအနီးတွင် ကားလမ်းပေါ်သို့ ရေသုံးပေခန့် ကျော်နေသည့်အတွက် သတိပေးတားမြစ်ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ  ဂျိုင်း(ကော့ကရိတ်) ပွန်း တွန်းတံတား ချဉ်းကပ်လမ်းပေါ်တွင် ရေအ နက် ခုနစ်ပေခန့်ကျော်နေသဖြင့် ဖြတ်သန်း သွားလာ၍ မရရှိသေးခြင်းကြောင့် ကုန်သွယ် မှု၊ ကုန်စည်စီးဆင်းမှု ရပ်တန့်လျက်ရှိကြောင်း သိရသည်။ ထိုင်းကုန်စည်များ ပြည်တွင်းဈေး ကွက်သို့ တင်ပို့မှုရပ်ဆိုင်းနေသလို မြန်မာ့ကုန် စည်များလည်း နယ်စပ်မြ၀တီမြို့သို့ ၀င်ရောက်မှု မရှိခြင်းကြောင့် အခြေခံစားကုန်များ အနည်းငယ် ဈေးတက်စ ပြုနေပြီဖြစ်ကြောင်း သိရသည်။

မြ၀တီမြို့တွင် အဓိက စားသောက်ကုန် ဆန်ဈေးအနည်းငယ်သာ မြင့်တက်လာသော်လည်း ကွမ်းရွက်ဈေးမှာ သုံးဆခန့် မြင့်တက်သွားခဲ့ကြောင်း၊ ယခင်ကွမ်းရွက် တစ်ပိဿာ ကျပ် ၄၅၀၀ မှ ယခု ကုန်သွယ်မှု ရပ်တန့်နေခြင်းကြောင့် ကွမ်းတစ်ပိဿာ ၁၂၀၀၀ ကျော်ထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ဘားအံမြို့တွင် သံလွင်မြစ်ရေချိန်သည် ဇူလိုင် ၃၀ရက် နံနက် ၁၀ နာရီခွဲအချိန် တိုင်း တာချက်အရ ယင်းမြို့၏စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၃၅ စင်တီမီတာ တွင်ရှိနေပြီး ဂျိုင်းမြစ်ရေချိန်မှာ ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီအချိန် တိုင်းတာချက်အရ ကျုံဒိုးမြို့၏ စိုးရိမ်ရေအမှတ် ၅၇၀စင်တီမီတာ အထက် ၆၁၄ စင်တီမီတာတွင် ဆက်လက် တည်ရှိသော်လည်း ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီခွဲမှ ၁၀ နာရီခွဲအတွင်း မိုးဇလ၏ တိုင်းတာချက်များအရ သံလွင်မြစ်နဲ့ ဂျိုင်းမြစ်ရေတို့မှာ လေးစင်တီမီတာခန့်စီ ကျဆင်းသွားသည်ဟု ဆိုသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံဖြစ်နေသည့် ကရင်ပြည်နယ်အတွင်း မြို့နယ်ငါးမြို့နယ်၌ ကယ်ဆယ်ရေး စခန်း ၅၀ ကျော် ဖွင့်လှစ်ပြီး လူဦးရေ ၂၀၀၀၀ ခန့်ကို ကယ်ဆယ်ကူညီထားရပြီး ရေအကျကို မျှော်လင့်နေကြကြောင်း သိရသည်။

 

ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှု ခုနစ်ရက်ရှိပြီဖြစ်၍ ကုန်စည်စီးဆင်းမှုပြတ်တောက်၊ တောင်ငူမြို့တွင် မြစ်ရေ စံချိန်တင် မြင့်တက်ဆဲဖြစ်ပြီး ပဲခူးမြို့၌ အနည်းငယ်ရေပြန်ကျ

ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွား နေသည်ကို ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှု ခုနစ်ရက်ရှိပြီဖြစ်၍ ကုန်စည်စီးဆင်းမှု ပြတ်တောက်လျက်ရှိကာ တောင်ငူမြို့တွင် မြစ်ရေ စံချိန်တင် မြင့်တက်ဆဲဖြစ်ပြီး ပဲခူးမြို့၌ အနည်းငယ် ရေပြန်ကျခဲ့ကြောင်း သိရသည်။

 

ရေကြီးမှုကြောင့် ရန်ကုန် – မော်လမြိုင် လမ်းမကြီးအပေါ် ၂ မိုင်ခွဲ သုံးမိုင်ခန့်အထိ ကုန်တင်ကားများ တန်းစီပိတ်မိနေပြီး ကုန်စီးဆင်းမှု ရပ်တန့်နေဆဲဖြစ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင်း မိုးအဆက်မပြတ် ရွာသွန်းကာ မြစ်ရေမြင့်တက်လျက်ရှိပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက် ရှိသည်။

ရေကြီးမှုကြောင့် ဘီးလင်းမြို့အ၀င်အနီး ရန်ကုန် – မော်လမြိုင် ကားလမ်းမပေါ် နှစ်မိုင်ခွဲ သုံးမိုင်ခန့်အထိ ကုန်တင်ကားများ တန်းစီပိတ်မိနေပြီး ကုန်စီးဆင်းမှု ရပ်တန့်နေဆဲဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်က သိရသည်။ မွန် ပြည်နယ် ဘီးလင်းမြို့၌ ဇူလိုင် ၂၂ ရက်မှစ၍ ရေများမြင့်တက်လာခြင်းဖြစ်ပြီး  ဇူလိုင် ၂၆ ရက် ညပိုင်းတွင်  ရန်ကုန်-မော်လမြိုင် ကားလမ်းမရှိ ရေဖုံးလွှမ်းနေသော ကားလမ်းမကို မွန်ပြည်နယ်အစိုးရက ယာဉ်ဖြတ်သန်းခွင့် မပြုတော့ခြင်းဖြစ်သည်။

ယာဉ်ဖြတ်သန်းခွင့် ပိတ်ထားသည့်အတွက် ဇူလိုင် ၂၆ ရက် ညပိုင်းစ၍ ကုန်စိမ်း၊ ကုန်ခြောက်နှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ယာဉ်များ ပိတ်မိလျက်ရှိသည်။

“ကုန်ကားတွေပိတ်နေတော့ ကုန်ပ္စည်းတွေက ကျိန်းသေပေါက်ဈေးက တက်လာမှာပဲ။ မော်လမြိုင်အောက်ဘက် ထားဝယ်တို့ မြိတ်တို့ ကော့သောင်းတို့မှာ ကုန်တွေဈေးတက်သွားပြီ။ အခု သုံးရက်ပိတ်နေပြီ။ နောက်ထပ်ပိတ်ရင် ကုန်တွေပျက်ပြီ။ မော်လမြိုင်အောက်ဘက်ကပို့တဲ့ ငါးတို့ငါးခြောက်တို့လည်း ရန်ကုန်မှာ ဈေးတက်မှာပဲ။ ကားအုံနာတွေအတွက် ကုန်ကျစရိတ်တွေ များကုန်တာပေါ့။ ကုန်စိမ်းကားတွေကတော့ ပြန်လှည့်ကြတယ်။ ကုန်တွေပုပ်ကုန်မှာ စိုးလို့လေ” ဟု ဦးမန်းကျော်က ပြောကြားသည်။

“ကုန်ပစ္စည်းတွေ အခုလောလောဆယ် သောင်တင်နေတယ်။ အာလူးနဲ့ ကြက်သွန်ကို အပင်ပေါက်မှာ စိုးရိမ်ရတယ်။ မိုးကာနဲ့ အမြဲအုပ်ထားရလို့လေ။ ကားမသွားရတော့ ကားပေါ်က ကုန်တွေ ကြန့်ကြာနေတာပေါ့။ ကျွန်တော်တို့ ကားသမားတွေလည်း ဒုက္ခရောက်ကြတာပေါ့” ဟု ရန်ကုန်မှ တင်ဆောင်လာသော ကုန်ပစ္စည်းများကို မော်လမြိုင်သို့ ပို့ဆောင်ပေးရသည့် ယာဉ်မောင်း ကိုမောင်ခိုင်က ဆိုသည်။

အလားတူ မော်လမြိုင်ဘက်မှ ရန်ကုန်သို့ လာရောက်မည့် ကုန်များတင်ဆောင်လာသော ကုန်တင်ယာဉ်များသည် မိုင်တိုင် ၁၂၆ မှ ၁၂၉ အကြား ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် ရေများဖုံးလွှမ်းနေသဖြင့် ကုန်တင်ယာဉ်များ ရပ်တန့်ထားရကြောင်း သိရသည်။

မွန်ပြည်နယ် ဘီးလင်းမြို့မှာ မိုးများပြီး တောင်ကျရေ မြစ်ရေလွှမ်းမိုးမှုဒဏ်ကို မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာ ၂၂ ရွာ လူဦးရေ ၉၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်း ၃၅ ခုတွင် နေထိုင်နေရသည်။

 

ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားမှု ခုနစ်ရက်ရှိပြီဖြစ်၍ သောက်သုံးရေ ပြတ်လပ်မှုအချို့ ရှိနေ

ဘီးလင်းမြို့တွင် ရေကြီးရေလျှံမှု ဆက်လက် ဖြစ်ပွားနေသည်ကို ဇူလိုင် ၂၉ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ လိမ့်ဆင်းမှုကြောင့် ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေမှု ခုနစ်ရက်မြောက်နေ့အထိ ရောက်ရှိလာပြီး သောက်သုံးရေ ပြတ်လပ်မှုအချို့ ဖြစ်ပေါ်နေဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ ဇူလိုင် ၂၉ ရက်က သိရသည်။

“ဘီးလင်းမြို့နယ် အတွင်းမှာ ဒီနေ့ပါဆိုရင် ရေကြီးရေလျှံတာ ခုနစ်ရက်မြောက် ဖြစ်လာပါပြီ။ အဲဒီအတွက် သောက်သုံးရေ ပြတ်လပ်မှုတွေ ရှိလာပါတယ်။ အဲဒီအတွက် ရှိတဲ့အင်အားနဲ့ နိုင်သလောက်တော့ လိုက်ပို့ပေးနေပါတယ်။ ဒါပေမဲ့ လုံလောက်မှုတော့ မရှိသေးဘူး။ အခုလက်ရှိအချိန်အထိ ရေသန့်ကို တောင်းဆိုနေကြပါတယ်။ နောက်တစ်ခါ သွားလာရခက်ခဲတဲ့ ကျေးရွာတွေကို သွားဖို့က အခက်အခဲတွေ ရှိနေပါတယ်။ အခုနတ်ကြီးကျေးရွာဘက်ကို ရေလမ်းကြောင်းကတက်ဖို့ ကြိုးစားနေပေမယ့် ရေစီးကကြမ်းတော့ မတက်နိုင်ကြဘူး ဖြစ်နေတယ်” ဟု ဘီးလင်းမြို့ ကူညီကယ်ဆယ်ရေး တာဝန်ခံ ကိုပြည့်စုံအောင်က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အခုလက်ရှိ မြို့ ပေါ် ငါးရပ်ကွက်က ကယ်ဆယ်ရေးစခန်းတွေမှာ လူပေါင်း ၉၀၀၀ ကျော် ရှိနေပါတယ်။ ကျေးရွာပေါင်း ၂၂ ရွာလောက်မှာလည်း ရေကမြုပ်နေဆဲပါ။ အခုလက်ရှိ အခြေအနေက ဘီးလင်းမြစ်ရေက ၁၁၀၀ စင်တီမီတာလောက် ရောက်နေတော့ နောက်နှစ်ရက်လောက်အထိ ရေထပ်ကြီးနေမယ့်သဘော ရှိနေပါသေးတယ်” ဟု ပြောကြားသည်။

“ကျွန်မတို့ ရွာတွေဘက်မှာက ရေတွင်းတွေ ရေမြုပ်ကုန်လို့ သုံးမရတော့ဘူး။ အဓိက က သောက်ရေပေါ့။ အဲဒါကို အခုဘီးလင်းမြို့ နယ် ရေဘေးကယ်ဆယ်ရေး ကွပ်ကဲမှုရုံးမှာ လာထုတ်ယူနေတာပါ” ဟု ဘီးလင်းမြို့နယ် လိပ်ခုံးကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

“ညက မိုးရွာလို့ ဘီးလင်းအထက်မှာရှိတဲ့ ဘင်ဘန်းကျေးရွာဘက်မှာ တောင်ပြိုတယ်လို့ သိရတယ်။ အခုလို ဘီးလင်းမြို့ထဲအထိကို ရေ၀င်နေတာ လေးရက်ရှိသွားပြီ။ စားရေး သောက်ရေးကတော့ အဆင်ပြေပါတယ်။ လက်ရှိအစိုးရရဲ့ လုပ်ဆောင်တွေက ကောင်းပါတယ်။ ကယ်ဆယ်ရေးတွေရော အားလုံး လိုလေသေးမရှိဘူး။ နောက်ကယ်ဆယ်ရေးတွေက အချိန်အခါမရှိ လိုက်ကယ်ဆယ်ပေးကြတယ်လေ” ဟု ဘီးလင်းမြို့ခံတစ်ဦးက ဆိုသည်။

ဘီးလင်းမြို့ ဘိုးရာဇာရပ်ကွက်နေ ပြည်သူတစ်ဦးဖြစ်သူ ဦးမြင့်နိုင်ကလည်း “ရေက လပြည့်မတိုင်ခင် တစ်ရက်က မြို့ထဲကို စ၀င်လာတယ်။ မိုးကအထက်မှာလည်း ရွာတယ်။ ချောင်းဖျားဘက်မှာလည်း ရွာတယ်။ နောက်တောင်တွေ ပြိုကျတာလည်းရှိတယ်။ အဲဒါတွေကြောင့် ရေကြီးတာပါ။ ဒီနေ့ပါဆို ဘီးလင်းမြို့ထဲ ရေကြီးနေတာ လေးရက်ရှိပါပြီ။ ရှေ့ဆက်ပြီးတော့ မိုးအခြေအနေအပေါ် မူတည်ပါတယ်။ မိုးက တန့်နေရင် အခြေအနေ ကောင်းနိုင်ပါတယ်။ မိုးများနေလို့ရှိရင်တော့ ပိုဆိုးရွားနိုင်ပါတယ်။ နေရေးထိုင်ရေးက စာသင်ကျောင်းမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားပေးထားပါတယ်။ နောက်ထောက်ပံ့မှုတွေလည်း အများကြီး ရှိပါတယ်။ ပရဟိတ အဖွဲ့တွေရော၊ လူမှုရေးအဖွဲ့တွေပါ အများကြီး လာကြပါတယ်” ဟု ပြောကြားသည်။

ဘီးလင်းမြို့နယ်အတွင်း ဇူလိုင် ၂၂ ရက်မှာစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘီးလင်းမြို့နှင့် ကျေးရွာအချို့ရှိ အနိမ့်ပိုင်းနေရာများသို့ ရေများ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ဇူလိုင် ၂၃ ရက်တွင် မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ဘီးလင်းမြစ်ရေလျှံမှုဖြစ်ပွား ကာ ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ် ၁၀၂၂ စင် တီမီတာအနီးသို့ စတက်လာကြောင်း၊  ဇူ လိုင် ၂၄ ရက်တွင် စိုးရိမ်ရေမှတ်အား ကျော်လွန်ပြီး ဇူလိုင် ၂၆ ရက်ညနေပိုင်းမှ စတင်ကာ ရန်ကုန် -မော်လမြိုင်အဝေးပြေးလမ်းပေါ်ရှိ ဘီးလင်း မြို့နယ်အတွင်း မိုင်တိုင် ၁၂၆ မှ  ၁၂၉ အထိ လမ်းရေကျော်မှု ဖြစ်ပွားကာ ကားလမ်းများ ပြတ်တောင်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ဇူလိုင် ၂၇ ရက်တွင် စိုးရိမ်ရေမှတ် ၁၁၁၀ စင်တီ မီတာ အထိရောက်ရှိလာပြီး ဇူလိုင် ၂၈ ရက်တွင် စိုး ရိမ်ရေမှတ် ၁၁၁၁ စင်တီမီတာအထိ ရောက်ရှိ ခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ဘီးလင်းမြို့ ပေါ်၌ ရေဘေးရှောင်စခန်း ၂၄ ခု ဖွင့်လှစ်ခဲ့ရပြီး ဘီးလင်းမြစ်အဖျားရှိ နတ်ကြီးကျေးရွာမှ ဘီးလင်းမြစ်အောက်ပိုင်းရှိ လိပ်လုံးကျေးရွာဘက်အထိ ရွာပေါင်း ၂၀ ကျော်ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းအထိ ဘီးလင်းမြစ်ရေမှာ ၁၀၉၈ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။

ဇူလိုင် ၂၈ ရက်က ဘီးလင်းမြို့အပေါ်ပိုင်းရှိ ဘင်ဘန်းတောင်ပြိုကျပြီး တောင်ကျရေများ များလာခြင်းကြောင့် ရေကြီးရေလျှံမှု ပိုမိုဖြစ် ပွားလာနိုင်သည့်အတွက် အနိမ့်ပိုင်းနေရာ များ၌ နေထိုင်သူများ အရေးပေါ်ရွှေ့ပြောင်း ကြရန် မွန်ပြည်နယ် အစိုးရအဖွဲ့က ဇူလိုင် ၂၈ ရက်ညပိုင်းက အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေလိမ့်ဆင်းမှုများကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အပြင် သထုံမြို့နယ်နှင့် ကျိုက်မရောမြို့နယ် အချို့ဒေသများ၌ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရ သည်။

 

ပဲခူးမြစ်ရေ နှစ်ပေါင်း ၅၄ နှစ်အတွင်း အမြင့်ဆုံးရေမှတ်သို့ ရောက်ရှိခဲ့ပြီး လက်ရှိတွင် အနည်းငယ်ကျဆင်း

ပဲခူးမြို့၌ မြစ်ရေအနည်းငယ် ပြန်ကျပြီ ဆိုသော်လည်း အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးရေလျှံမှုကို ဇူလိုင် ၂၉ ရက် နေ့လယ်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)       

ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ စံချိန်တင်အမှတ် ၉၆၈ သို့ မြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် အနည်းငယ် ပြန်ကျနေကြောင်း သိရသည်။

ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာကို ကျော်လွန်ကာ ဇူလိုင်၂၈ရက် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းတာချက်များအရ စံချိန်တင်အမှတ် ၉၆၈ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် တဖြည်းဖြည်း ပြန်လျော့ကျလာ၍ဇူလိုင်၂၉ ရက် နံနက်ပိုင်း တိုင်းတာချက်အရ  ၉၄၇ စင်တီမီတာသို့ ပြန်လည် လျော့ကျခဲ့ကြောင်း သိရသည်။

“ရေကနည်းနည်းတော့ ပြန်ကျတယ်။ ဒါပေမဲ့ လျော့တယ်ဆိုရုံပဲ ရှိသေးတယ်။ ကားတွေဆိုင်ကယ်တွေ ဖြတ်မရသေးဘူး။ မိုးကလည်း ဆက်ရွာနေသေးတယ်။ ရပ်ကွက်ထဲကိုတော့ လှေငှားပြီး သွားရတယ်။ စားရနေရတာတွေ အရမ်းကို ဒုက္ခရောက်နေကြတယ်။ မိုးတွေတိတ်ပြီး ရေမြန်မြန်ပြန် ကျပါစေလို့ပဲ ဆုတောင်းနေရတယ်” ဟု မဇင်းရပ်ကွက်နေ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

ယခုအခါ ပဲခူးမြစ်ရေ အနည်းငယ် လျော့ကျသော်လည်း စိုးရိမ်ရေမှတ်အထက် များစွာကျော်လွန်လျက် ရှိနေသည်။ ယခုနှစ်တွင် အမြင့်ဆုံး စံချိန်ဖြစ်သော၂၀၁၁ ခုနှစ် မိုးတွင်းကာလ စိုးရိမ်ရေမှတ် ၉၆၀ စင်တီမီတာကို ကျော်လွန်ခဲ့ပြီး ပဲခူး-ရန်ကုန် ကားလမ်းအထက် သုံးပေကျော်ခန့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေ၍ လမ်းကြောင်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ပဲခူးမြစ်ရေသည်​ နှစ်ပေါင်း ၅၄ နှစ်အတွင်း အမြင့်ဆုံး ရေအမှတ်သို့ ရောက်ရှိပြီး ဇူလိုင်​၂၉ ရက်​တွင်​ မြစ်ရေစတင် ကျဆင်းနေပြီဖြစ်​ပြီး ကူညီကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင် ပေးလျက်ရှိ​ကြောင်း သိရသည်​။

“မြစ်​​ရေက သုံး​ပေ​လောက်​အထိ ကျသွားတယ်​။ ရေက​တော့ ကြီး​နေတုန်းပါပဲ။ အရင်​​လောက်​​တော့ မများတော့ပါဘူး။ မြစ်​​ရေကျသွား​ပေမယ့်​ မိုးကရွာ​နေ​တော့ ​ရေထပ်​တက်မှာကို​ စိုးရိမ်​​နေကြတယ်​။ အခြေအနေက​တော့ ​စောင့်​ကြည့်​ရမှာပါပဲ။ လက်​ရှိအချိန်​ထိ​တော့ ​ရေလွှမ်းတဲ့​နေရာ​တွေကို ထမင်းထုပ်​​ဝေတာတွေ၊ ကယ်​ဆယ်​​ရေး လုပ်​တာ​တွေ​တော့ လုပ်​​ဆောင်​​နေပါတယ်​” ဟု ကယ်​ဆယ်​​ရေး လုပ်​ငန်းများ ​ဆောင်​ရွက်​​နေသည့်​ မီးသတ်​ရဲအရာရှိ တစ်​ဦးက ​ပြောကြားသည်​။

ပဲခူးမြစ်​​ရေသည်​ ဇူလိုင်​ ၂၉ ရက်​ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ၉၅၀ စင်တီမီတာသို့ ကျဆင်းသွားကြောင်း သိရသည်​။

ပဲခူးမြို့ပေါ်ရပ်ကွက် အများစုတွင်​ မြစ်ရေကျဆင်းမှု​ကြောင့် အချို့​နေရာများတွင်​ လမ်းလျှောက် သွားနိုင်လောက်သည့်​ အနေအထားကို ရောက်ရှိကာ အချို့အနိမ့်ပိုင်း ရပ်ကွက်များတွင်​ မြစ်ရေလျှံမှုသည်​ သုံးပေခွဲ လေးပေခွဲလောက်အထိ ကျန်နေခြင်းကြောင့် လှေများ အသုံးပြု သွားလာနေဆဲဖြစ်​သည်။

ရွှေသာလျောင်း မြသာလျောင်းဘုရား တည်ရှိသည့်​ ပဲခူးမြို့မှ ကလျာဏီရပ်ကွက်တွင်​ မြစ်ရေ၀င်ရောက်မှု တစ်ပေခန့် ကျဆင်းသော်လည်း ရပ်ကွက်အတွင်းရှိသည့်​​ နေအိမ်များတွင်​ ရေ၀င်ရောက်မှုများ ရှိနေခြင်း​ကြောင့်  ရေဘေးကယ်ဆယ်ရေး စခန်းများ၌ ဆက်​လက်​​ နေထိုင်​​နေရဆဲဖြစ်​​ကြောင်း သိရသည်​။

“ရေမကြီးတာ သုံးနှစ်လောက်ရှိပြီး အခုလောက်ဖြစ်မယ် မထင်တဲ့သူတွေက ပိုပြီးဆုံးရှုံးမှုရှိပါတယ်။ အိမ်​က နှစ်ထပ်​အိမ်​ပါ။ အောက်​​ထပ်​တစ်​ထပ်​လုံး မြုပ်​သွား​တော့ အ​ပေါ်ထပ်​မှာ ​နေလို့ရ​သေး​တော့ ​နေကြတယ်​။ ရေထပ်​တက်မယ်​ ဆိုရင်​​တော့ ​နေလို့ရမှာ မဟုတ်​​တော့ဘူး။ ကယ်​ဆယ်​​ရေးစခန်း သွား​နေရမှာပါ” ဟု ကလျာဏီရပ်​ကွက်​တွင်​​ နေထိုင်​သူ မ​အေးနန္ဒာက ​ပြောကြားသည်​။

ရေကြီးရေလျှံမှုများနှင့်​အတူ ကျန်းမာရေးပြဿနာများ၊ သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရ​ကြောင်း ရပ်​ကွက်​အတွင်း ​နေထိုင်​သူများက ​ပြောကြားသည်​။

ဇူလိုင် ၁၁ ရက်မှ စတင်ပြီး မိုးရက်ဆက် ရွာသွန်းကာ ပဲခူးမြစ်ရေ မြင့်တက်လာခြင်း​ကြောင့် ပဲခူးမြို့အတွင်းမှ ရပ်ကွက်​များတွင်​ ဇူလိုင် ၂၆ ရက်ကစ၍ ရေကြီးရေလျှံမှုများ ကြုံ​တွေ့ခဲ့ရခြင်းဖြစ်​သည်​။

ရေကြီးရေလျှံမှုများ​ကြောင့်​ ပဲခူးမြို့တွင်​ လူနှစ်ဦး သေဆုံးပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၂၀ ကျော် ဖွင့်လှစ်ထားရှိကာ ရေဘေးသင့်ပြည်သူ နှစ်သောင်းကျော်ကို ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးခဲ့​ရကြောင်း သိရသည်​။

 

တောင်ငူမြို့တွင် မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ ရွှေ့ပြောင်းနေရပြီး ကျန်းမာရေး၊ သောက်သုံးရေနှင့် သွားလာရေး အခက်အခဲများရှိနေ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက်သာ ရှိနေပြီး မြစ်ရေများ ၀င်ရောက်ခြင်းကြောင့် တောင်ငူမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် နေပြည်သူများ ရေဘေးလွတ်ရာများသို့ ရွှေ့ပြောင်းနေကြရပြီး ကလေးငယ်များ၏ ကျန်းမာရေး စိုးရိမ်နေကြပြီး သောက်သုံးရေနှင့် သွားလာရေး အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

တောင်ငူမြို့တွင် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းမှ စတင်၍ စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေ အမှတ် ၆၀၀ စင်တီမီတာအထက် ၆၁၉ စင်တီမီတာသို့ ရောက်ရှိလာခဲ့ပြီး ဇူလိုင် ၂၉ ရက်နေ့လည် ၁၂ နာရီခွဲအချိန် မိုးဇလ၏ ထုတ်ပြန်ချက်အရ စိုးရိမ်ရေမှတ်အထက် ၆၂၇ စင်တီမီတာ (တစ်ပေခန့်) အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

မြစ်ရေတိုးလာ၍ တောင်ငူမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် ကျေးရွာများ နေအိမ်များအတွင်း မြစ်ရေ၀င်ရောက် လာခြင်းကြောင့်နေ၍ မရတော့သော အိမ်များမှာ ရေဘေးလွတ်ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ကုန်းမြင့်များသို့  ယာယီရွှေ့ပြောင်း နေရထိုင်ရကာ သွားလာရေးနှင့် သောက်သုံးရေ အခက်အခဲများ ရှိနေကြောင်း သိရသည်။

ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသည့် အခြေအနေနှင့် ပတ်သက်၍ တောင်ငူမြို့နယ် ၉ ရပ်ကွက်နေ ကိုထွန်းတင်ဦးက “ရေကတက်တာကတော့ လပြည့်နေ့ကနေ တဖြည်းဖြည်းချင်း တက်တာပေါ့နော်။ ရေကတဖြည်းဖြည်း တက်တော့ မြုပ်တဲ့နေရာတွေကျတော့ ဖြည်းဖြည်းချင်း သယ်ရတာ။ ၀ုန်းခနဲ တက်ရင်တော့ သယ်ရပြုရတာ မလွယ်ဘူးပေါ့။ ဖြည်းဖြည်းချင်း တက်တော့ သယ်ရပြုတာလည်း လွယ်ကူတယ်။ ပေါ်တော်မူ ဘုရားထဲမှာလည်း ဘုရားလူကြီးကနေ လုပ်ပေးထားတော့ အဆင်သင့် ဖြစ်သွားတာပေါ့။ ရေဘေး ကယ်ဆယ်ရေးအတွက် ဆိုပြီးတော့ သူတို့ကို အဲဒီမှာ နေရာလေး ပေးထားတယ်။ ရေကအခုထိ တက်နေတုန်း တဖြည်းဖြည်းနဲ့ တက်နေတော့ ရပ်ကွက်လူကြီးတွေက လိုက်ပြောတယ်။ မြုပ်တဲ့အိမ်တွေ ဘုရားပေါ်လာပါ။ အကုန်လုံးကို နေရ တွေ ပေးနေတာပေါ့နော်။ အခုအဲဒီလို လိုက်ပြီးတော့ နေရာတွေ ချပေးနေကြတယ်” ဟု ပြောကြားသည်။

တောင်ငူမြို့နယ်အတွင်း ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသူ လူဦးရေ ၂၅၀၀ ၀န်းကျင်ခန့်ရှိနေရာ မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အမှတ် ၉ ရပ်ကွက်နေ ပြည်သူများမှာ အနိမ့်ပိုင်းနေ ပြည်သူများဖြစ်ကြပြီး ကလေးငယ်နှင့် ကျန်းမာရေး အားနည်းသူများအတွက် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ အမှတ် ၉ ရပ်ကွက် ကြက်လျှာစွန်းရပ်နေ ကိုမျိုးကျော်က “လပြည့်နေ့ကတော့ တက်လာတာက အမြန်ပဲ။ အဲဒီနောက်တော့ တအားကြီး မမြန်ဘူး။ လပြည့်နေ့ကတော့ တအားတက်လာတာ။ တက်တော့ အခက်အခဲကြုံလို့ ကုန်းပေါ်မှာ လူကြီးတွေကိုပြောပြီး ရွှေ့ရတာပေါ့။ ကလေးတွေ ဒုက္ခရောက်တာ တစ်ခုပါပဲ။ လူကြီးတွေကတော့ ရိုးနေပါပြီ။ သွားနေကျ လာနေကျ ဆိုတော့ ကလေးတွေ အတွက်တော့ အန္တရာယ်ပေါ့နော်။ အန္တရာယ်ကြောက်ရတာရယ် ကျန်းမာရေးပေါ့။ အဲဒါလည်း စိုးရိမ်ရတယ်” ဟု ပြောကြားသည်။

တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေကြီးခြင်းကြောင့် အနောက်ဆင်ကျေးရွာအုပ်စုမှ ရွာတန်းရှည် ရေကာတမံဟောင်းအား မြစ်ရေကျော်လွန်၍ တမံအနီးဝန်းကျင် ကျေးရွာသုံးရွာမှ လူနေအိမ်ခြေ ၆၅၀ ခန့်၊ လူဦးရေ ၂၂၀၀ ခန့်အား သောက်သုံးရေနှင့် အစားအသောက်များ ကူညီဆောင်ရွက် ခဲ့ရကြောင်း သိရသည်။

ထိုကဲ့သို့ တာတမံဟောင်းအားမြစ်ရေ ကျော်လွန်ခဲ့သော်လည်း တာတမံဟောင်း၏ အပြင်ဘက်တွင် ပန်းတာဟုခေါ်သော အရံတာ တစ်ခုအား တောင်ငူမြို့နယ် ဆည်မြောင်း ဦးစီးဌာနမှ ကြိုတင်တည်ဆောက်ထား ရှိသဖြင့် ကျေးရွာအတွင်း ရေ၀င်ရောက်မှု ရှိသော်လည်း အနီးဝန်းကျင် ကျေးရွာများမှ လယ်မြေများအား ရေ၀င်နစ်မြုပ် ပျက်စီးနိုင်ခြင်း မရှိကြောင်း တောင်ငူမြို့နယ် ဆည်မြောင်းဦးစီးအရာရှိ ဦးသောင်းတင်က ပြောကြားသည်။

ထို့ပြင် တောင်ငူခရိုင် ကျောက်ကြီးမြို့ နယ်တွင် မြို့လယ်ချောင်းရေကြီးခြင်း၊ စစ်တောင်းမြစ်ရေ တိုးခြင်းများကြောင့် ကျောက်ကြီးမြို့ပေါ် ငါးရပ်ကွက်၊ ကျေးရွာပေါင်း ၁၉ ရွာတို့မှ အိမ်ထောင်စုပေါင်း ၆၆၄ စု၊ လူဦးရေ ၂၉၃၀ ဦးတို့ ရေဘေးလွတ်ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ကုန်းမြင့်များသို့ ယာယီရွှေ့ပြောင်း နေထိုင်ကြရပြီး ရေဘေးသင့် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများနှင့် အစားအသောက် လိုအပ်ချက်များအတွက် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့တို့က ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

စစ်တောင်းမြစ်ရေကြီးခြင်းကြောင့် တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်နှင့် ဖြူးမြို့နယ်တွင် လယ်မြေဧက ၄၀၀၀၀ နီးပါး ရေ၀င်နစ်မြုပ်

ကျောက်ကြီးမြို့နယ်အတွင်း ရေ၀င်နစ်မြုပ်သည့် အခြေအနေနှင့် ပတ်သက်၍ ဒုမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်က “ဒီနေ့မနက်အထိကတော့ အိမ်ထောင်စုပေါင်းက ၈၁၄ စုပါ။ လူဦးရေပေါင်းကတော့ ၃၆၇၅ ဦးပါ။ လယ်မြေက သုံးသောင်းကျော်။ အခုလောလောဆယ်တော့ ရေ၀င်တာပေါ့ဗျာ။ ရေလျော့သွားရင်တော့ ကောင်းရင် ကောင်းမှာပေါ့။ ပျက်ရင်ပျက်မှာပေါ့။ အဲဒါတော့ စာရင်းပြန်ကောက်ရမှာပေါ့နော်။ ရေကတော့ ဧက သုံးသောင်းကျော်လောက် ရေလွှမ်းနေတာပေါ့နော်။ ပျက်စီးဆုံးရှုံးမှုကတော့ ရေကျမှပဲ ပြန်ကြည့်ရမှာလေ။ ရေကျမှ တကယ်ပျက်သွားတာလား။ ဒါမှမဟုတ် ပြန်ရှင်နိုင်သေးလား ပြန်ကောက်ရမှာပေါ့နော်။ ရေအခြေအနေက ဒီနေ့တော့ ကျနေပါတယ်။ မိုးမရွာဘူး။ ရေနည်းနည်း ပြန်ကျသွားတယ်” ဟု ဇူလိုင် ၂၉ ရက် ညနေက ပြောကြားသည်။

ကျောက်ကြီးမြို့နယ်မှာ ဇူလိုင် ၂၃ ရက် မှစတင်၍ ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရကာ ဇူလိုင် ၂၉ ရက်အထိ စာရင်းအရ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရသူ ၃၆၀၀ ကျော်နှင့် လယ်များရေ၀င်နစ်မြုပ်မှု ၃၃၉၅၇ ဧက ကျော်ရှိနေကြောင်း၊ မြို့နယ်အတွင်းရှိ ချောင်း ရိုးတာများ ကျိုးပြတ်မှုများလည်း ရှိနေပြီး နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့မှ ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း၊ ဇူလိုင် ၂၉ ရက်တွင် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့က ကျောက်ကြီးမြို့နယ် ရေဘေးသင့် ပြည်သူများအား လာရောက်တွေ့ဆုံ၍ ထောက်ပံ့ကူညီမှုများ ပေးခဲ့ကြောင်း၊ ကျောက်ကြီးမြို့နယ်အတွင်း ရေဘေးကိစ္စများအတွက် တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးက လာရောက် ကြီးကြပ်ဆောင်ရွက်နေကြောင်း ဦးအေးလှိုင်က ပြောကြားသည်။

ထို့ပြင် ဖြူးမြို့နယ်အတွင်း စစ်တောင်းမြစ်အနီး ကျေးရွာများတွင်လည်း ရေကြီးလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး စစ်တောင်းမြစ် အနီးရှိ ဘန်လောင်းကျေးရွာအုပ်စု၊ မိသလင်ကျေးရွာအုပ်စု၊ မြပဲခူးအုပ်စု စသည့် ကျေးရွာအုပ်စုကြီး သုံးရွာမှ ကျေးရွာခွဲပေါင်း ၁၈ ရွာတွင်မြစ်ရေ ၀င်ရောက်ခြင်းကြောင့် လယ်မြေဧကပေါင်း ၅၀၀၀ ကျော် ရေ၀င်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။

ဖြူးမြို့နယ် ဘန်းလောင်ကျေးရွာ အုပ်စုအတွင်း လယ်မြေများအတွင်း ရေ၀င်ရောက်မှု အခြေအနေနှင့် ပတ်သက်ပြီး ကျေးရွာတာဝန်ခံ ကိုဇော်ဦးက “ကျွန်တော်တို့ ကျောက်စောင်းကျေးရွာဆိုရင် ရေကြီးတယ်။ အခုရွာပေါ်ကို ရေဖြတ်တက်နေတယ်။ လယ်ယာမြေဧကပေါင်းက ဘန်းလောင်အုပ်စု တစ်ခုလုံး အနေအထားနဲ့ ပြောရင်တော့ ဧကပေါင်း၂၇၀၀ နီးပါးခန့်မှာ အခု ဧက ၂၂၀၀ လောက် ရေကြီးနစ်မြုပ်မှုဒဏ်ကို ကြုံတွေ့နေရပါတယ်။ ကြုံ တွေ့နေရတဲ့ ဒါလေးတွေအပေါ်မှာ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးအပေါ် ကျွန်တော် တင်ပြချင်ပါတယ်” ဟု ပြောကြားသည်။

စစ်တောင်းမြစ်အနီး ဖြူးမြို့နယ် မိသလင်ကျေးရွာအုပ်စုတွင်လည်း လယ်မြေဧက ၂၁၀၀ ကျော် ရေ၀င်နစ်မြုပ်နေပြီး လူနေအိမ်ခြေများအတွင်း ရေ၀င်ရောက်ခြင်း၊ တာတမံများ ကျိုးပေါက်ပျက်စီးခြင်းတို့ ကြုံတွေ့နေရကြောင်း သိရသည်။

 

ဘီးလင်းကားလမ်း ရေကျော်ကားပိတ်၍ မော်လမြိုင် ရပ်ကွက်အချို့တွင် ဆန်တစ်ပြည် ကျပ်နှစ်ရာခန့် ဈေးတက်

ဘီးလင်းလမ်းရေကျော်၍ ကားလမ်းများ ပိတ်ထားမှုကြောင့် မော်လမြိုင်မြို့နယ် ရပ်ကွက်အချို့တွင် ဆန်တစ်ပြည် ကျပ်နှစ်ရာခန့် ဈေးတက်နေကြောင်း သိရသည်။

“အိမ်ကတော့ ဆန်ကို တစ်ပြည် နှစ်ပြည်ပဲ ၀ယ်စားပါတယ်။ ဘီးလင်းလမ်းရေကျော်ပြီး ပိတ်တာကြာတော့ ရပ်ကွက်ဈေး ဆန်ဆိုင်တွေက ရန်ကုန်ဆန် မ၀င်လို့ဆိုပြီး တစ်ပြည် ကျပ်၂၀၀ တိုးပြီး အရင်တစ်ပြည်        ကျပ် ၁၈၀၀ ဟာ အခု တစ်ပြည်ကျပ် နှစ်ထောင်နဲ့ ၀ယ်စားနေရတယ်” ဟု တက္ကစီလိုင်းဆွဲသူ ကိုမောင်က ပြောကြားသည်။

 

ဘီးလင်းမြို့အပေါ်ဘက်ရှိ ဘင်ဘန်းတောင် ပြိုကျမှုဖြစ်ပွားခဲ့ပြီး တောင်ကျရေများလာသဖြင့် ဘီးလင်းမြို့အား ရေဘေးအန္တရာယ် အရေးပေါ်အခြေအနေ ကြေညာ

ဘီးလင်းမြို့အတွင်း ရေကြီးနစ်မြုပ်နေမှုအား ဇူလိုင်လ ၂၈ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်

ဘီးလင်းမြို့အပေါ်ဘက်ရှိ ဘင်ဘန်းတောင် ပြိုကျမှုဖြစ်ပွားခဲ့ပြီး တောင်ကျရေ များလာသဖြင့် ဇူလိုင် ၂၈ ရက် ညဉ့်နက်ပိုင်းတွင် ဘီးလင်းမြို့အား ရေဘေးအန္တရာယ် အရေးပေါ်အခြေအနေကြေညာခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့တွင် ထိုကဲ့သို့ အရေးပေါ်အခြေအနေ ကြေညာမှုနှင့်ပတ်သက်၍ ဇူလိုင် ၂၉ ရက် နံနက် ၀၀  နာရီ မိနစ် ၃၀ က မေးမြန်းရာ “ဟုတ်ပါတယ်။ တောင်ကျရေများလာတယ်။ တောင်ပြိုတာလည်းဖြစ်တော့ ရေထပ်တိုးလာနိုင်တဲ့အတွက် အရေးပေါ်အခြေအနေ ကြေညာဖြစ်တာပါ။ လက်ရှိတက်နေတဲ့ ရေထက် မြင့်တက်လာနိုင်တဲ့အနေအထားရှိလို့ ပြောင်းရွှေ့ဖို့လုပ်နေတာပါ။ အရေးပေါ်အခြေအနေ ကြေညာထားတာကို ဘီးလင်းက ပြည်သူတွေကို စက်တွေနဲ့လိုက်အော်ပြီး အသိပေးနေပါတယ်။ ညဘက်ကြီးဖြစ်ပြီး လျှပ်စစ်မီး မရှိတော့ ဓာတ်မီးတွေနဲ့ပဲ ကယ်တယ်ရေးလုပ်နေရတယ်” ဟု ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက အတည်ပြုပြောကြားသည်။

“အရေးပေါ်အခြေအနေ ကြေညာတာမဟုတ်ပါဘူး။ အရေးပေါ်ဖြစ်နေတာပါ။ တောင်ကျရေကျလာလို့ သွားကယ်နေကြပြီ။ လူတော်တော်များလို့ အဲဒီမှာ။ လူ ၃၀၀ ကျော်လောက်ရှိတယ်။ ဘီးလင်းနတ်ကြီးမှာ ဖြစ်တာ။ ရွာက ရှမ်းစုရွာမှာ ၁၀၀ကျော်တယ်။ ကော့တစ် (လွှတ်တော်ကိုယ်စားလှယ်၏ အသံထွက်အတိုင်း) မှာ ၁၃၀၊ ရွာမမှာ ၁၀၀ ကျော်ရှိနေပြီ။ ဘင်ဘန်းတောင်က ရေစီးနဲ့ပြိုကျလို့ပါ။ နတ်ကြီး ဖာပွန်ဆိုတာ ကရင်ပြည်နယ်နဲ့ နီးတယ်။ ဘီးလင်းအပေါ်ဘက်က အဲဒီနေရာက ဘင်ဘန်းတောင်ကပြိုကျတာ။ ရေတွေက ရွာထဲကို လှိမ့်ဝင်လာတာ။ ရွာသားတွေက ကုန်းပေါ်ကိုပြေးတက်ကြပါတယ်။ ကယ်ဆယ်ရေးက စက်လှေတွေလည်း သွားနေပါပြီ။ အိမ်တွေက အကုန်မြှုပ်နေပြီ။ နတ်ကြီးရွာတစ်ရွာလုံးက ရေမြုပ်သွားပြီ။ ကယ်ဆယ်ရေးအတွက် တပ်မတော်၊ လူကယ်ပြန်၊ အခြားလူမှုအဖွဲ့အစည်းတွေရှိမယ်။ အန်အယ်လ်ဒီ အဖွဲ့တွေရှိမယ်”  ဟု သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

ဘီးလင်းမြို့နယ်အတွင်း လမ်းရေကျော်မှု ဖြစ်ပွားနေမှုကြောင့် ရေဘေးကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးနေသော တပ်မတော်သားသုံးဦး ရေဖြင့်မျောပါ ပျောက်ဆုံးနေ

ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီး ရေကြီးရေလျှံမှုကို ဇူလိုင် ၂၈ ရက်က တွေ့ရစဉ်

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းမှုကြောင့် ရန်ကုန်-မော်လမြိုင် အဝေးလမ်းမပေါ်ရှိ ဘီးလင်းမြို့နယ်အတွင်း လမ်းရေကျော်မှု ဖြစ်ပွားနေမှုကြောင့် ရေဘေးကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးနေသော တပ်မတော်သား သုံးဦးမှာ ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ ခွဲခန့်က ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာ မစောတံတားအနီး ရေဖြင့်မျောပါ ပျောက်ဆုံးနေကြောင်း သိရသည်။

ရေဖြင့်မျောပါ ပျောက်ဆုံးနေသော တပ်မတော်သား သုံးဦးမှာ ကျိုက်ထိုမြို့ အမှတ် (၂) ခြေမြန်တပ်ရင်းမှ တပ်သားစိုးရန်နိုင်၊ တပ်သားကျော်ကျော်၊ တပ်သားစောတင်မောင်ဝင်း ဖြစ်ကြောင်း သိရသည်။

“မနေ့က မစောတံတားအနီးမှာရှိတဲ့ လယ်ထွန်စက် တစ်စီးကို တပ်မတော်သားတွေရော၊ ရဲတပ်ဖွဲ့ဝင်တွေရော၊ ကြက်ခြေနီတွေရော ကူပြီးတော့ ရေထဲကနေ ရွှေ့ပြောင်းအပြီးမှာ တပ်မတော်သား ခုနစ်ဦး ရေစီးအား ပြင်းထန်လို့ ရေထဲမျောသွားတယ်။ တပ်မတော်သား လေးဦးကတော့ နီးစပ်ရာ ဓာတ်မီးတိုင်တွေမှာ ခိုနေပြီး ကျန်ခဲ့တယ်။ ကျန်တပ်မတော်သား သုံးဦးကတော့ ရေထဲမျောသွားပါတယ်” ဟု အဆိုပါ မစောတံတားအနီးရှိ မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

“မနေ့(ဇူလိုင်၂၇ ရက်) က ကျွန်တော်တို့ ဘီးလင်းမြို့ထဲ ရောက်တဲ့အချိန်မှာ ကြားတဲ့သတင်းက ရေဘေးကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ တပ်မတော်သားသုံးဦး ရေထဲမျောပါ ပျောက်ဆုံးနေတဲ့ သတင်းပါ။ ဘယ်နေရာမှာဖြစ်လဲမေးတော့ မစောတံတား အနီးမှာ ဖြစ်တာလို့ ကြားသိရပါတယ်။ တပ်မတော်သား ခုနစ်ဦးမျောတာ လေးဦးက ဓာတ်တိုင်ကို သွားဖက်မိလို့ ပြန်ကယ်လို့ ရလိုက်ပါတယ်။ ကျန်တဲ့သုံးဦးကိုတော့ အခုအချိန်အထိ ရှာဖွေနေဆဲပါပဲ” ဟု မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

“လက်ရှိ ဘီးလင်းရေကြီးမှု ဖြစ်စဉ်မှာ လူအသေအပျောက် မဖြစ်ရလေအောင် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက် နေပါတယ်။ အဲဒီလို ဆောင်ရွက်နေတဲ့ အချိန်မှာ အခုလို တပ်မတော်သား သုံးဦးက မမျှော်လင့်ဘဲနဲ့ ပျောက်ဆုံးသွားတဲ့အတွက် ကျွန်တော်တို့ မွန်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ အထူးပဲ ၀မ်းနည်းမိပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ မွန်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ တပ်မတော်သား တစ်ဦးကို ကျပ်သိန်း ၂၀ နှုန်းနဲ့ ထောက်ပံ့ကူညီ ထားပါတယ်။ အခုလက်ရှိတော့ တပ်မတော်သား သုံးဦးက ပျောက်ဆုံးဆဲ အဆင့်မှာပဲ ရှိပါသေးတယ်” ဟု မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

ရေထဲမျောပါ ပျောက်ဆုံးနေသော တပ်မတော်သား သုံးဦးအား တပ်မတော်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ များမှ လှေများဖြင့် လိုက်လံရှာဖွေ လျက်ရှိကြောင်း သိရသည်။

 

ဘီးလင်းမြို့နယ်​၊ ရန်​ကုန်​-​မော်​လမြိုင်​ အ​ဝေး​ပြေး ကားလမ်း​ပေါ်တွင် ရေကြီး​ရေလျှံမှုများ ဖြစ်​​ပေါ်​နေပြီး လမ်း​ကြောင်းများ ပြတ်​​တောက်​​လျက်ရှိ

ဓာတ်ပုံ – ဘိုဘိုမြင့်

မိုးသည်းထန်​စွာ ရွာသွန်းပြီး ​တောင်​ကျ​ရေ ကျဆင်းမှု​ကြောင့်​ ပေါ်ရှိ ဘီးလင်းမြို့နယ်​အတွင်းရှိ ရန်​ကုန်​-​မော်​လမြိုင်​ အ​ဝေး​ပြေးကားလမ်း​ ရေကြီး​ရေလျှံမှုများ ဖြစ်​​ပေါ်​နေပြီး လမ်း​ကြောင်းများ ပြတ်တောက်နေဆဲ ဖြစ်ကြောင်း သိရသည်​။

သထုံမြို့နယ်​ ဒုံဝန်း​ကျေးရွာဘက်​မှ စတင်​ကာ ဘီးလင်းမြို့နယ်​ ​ရွှေ​ရောင်​​ကျေးရွာ၊ ​တောင်​က​လေး​ကျေးရွာ၊ ​ဒေါက်​ရပ်​​ကျေးရွာနှင့်​ ဘီးလင်းမြို့ သကြားစက်​အနီး ​ရေကြီး​ရေလျှံမှုများ ဆက်​လက်​ဖြစ်​​ပေါ်ဆဲဖြစ်​​ကြောင်း သိရသည်​။

ယ​နေ့ ဇူလိုင်​လ ၂၈ ရက်​ မွန်းလွှဲ ၁ နာရီအချိန်​အထိ ဘီးလင်းမြို့ အနီးဝန်းကျင်​၌ မိုးရွာသွန်းမှု မရှိပဲ ​တောင်ကျ​ရေများမှာလည်း ယမန်​​နေ့ထက်​ ၁ ​ပေခန့်​​ လျော့ကျသွား​ကြောင်း ကူညီကယ်​ဆယ်​​ရေး​ ဆောင်ရွက်​​နေသူများ၏ ​ပြောကြားချက်​များအရ သိရသည်​။

ထို့အပြင်​ ဘီးလင်းမြို့နယ်​ ​တောင်​က​လေး​ကျေးရွာ မိုင်​တိုင်​ ၁၂၉/၅ အနီး​လှေဆိပ်​၌လည်း မဖြစ်​မ​နေ ခရီးသွားမည့်​ သူများထံမှ ​လှေစီးခ အဆမတန်​​ တောင်းခံမှုများ ရှိ​နေ​ကြောင်း သိရသည်​​။

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းမှုကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်နှင့် ရေးမြို့နယ် ဒေသအချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား

ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ ကျဆင်းမှုကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်နှင့် ရေးမြို့နယ် ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေလျှံမှုကြောင့် ဇူလိုင် ၂၂ ရက်ညပိုင်းမှစ၍ ဘီးလင်းမြို့ပေါ်ရပ်ကွက်များ ဖြစ်ကြသည့် ဘိုးရာဇာရပ်ကွက်၊ ဆရာစံရပ်ကွက်၊ ကန်သာယာရပ်ကွက်၊ ဘိုးလှကြီးရပ်ကွက်နှင့် မဲလံဂေါင်ကျေးရွာများမှ အိမ်ထောင်စု ၂၅၉ စုမှ လူဦးရေ စုစုပေါင်း ၁၀၂၂ ဦးမှာ ရေဘေးရှောင်စခန်း ကိုးခုတွင် ပြောင်းရွှေ့နေထိုင်နေကြကြောင်း ဘီးလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

“ကျွန်မတို့အိမ်က မြစ်ကမ်းပါးဘက် မျက်နှာပေးထားတယ်ဆိုတော့ ရေတက်လာတော့ ရပ်ကွက်လူကြီးက နင်တို့ကမ်းပါးပြိုလိမ့်မယ်။ ကလေးတွေနဲ့ဆိုတော့ ပြောင်းကြတော့လို့ လာပြောပါတယ်။ ညဘက်မှဆိုရင် ပြောင်းရ ရွှေ့ရခက်မယ် ဆိုတာနဲ့ ကျွန်မတို့က ဇူလိုင် ၂၂ ရက်ညနေပိုင်းမှာ ဒီလေသာ ဘုန်းကြီးကျောင်းကို ပြောင်းလာရပါတယ်။ ကျွန်မတို့ကို လှေတွေနဲ့ရော၊ ကားတွေနဲ့ပါ လာကြိုပေးကြပါတယ်” ဟု ဘိုးရာဇာ ရပ်ကွက် ၄၇ စုအပိုင်းတွင်နေထိုင်သူ မနီလာက ဆိုသည်။

၎င်းကဆက်လက်ပြီး “ဒီနှစ်က တောင်ရေကျတာ နည်းနည်းမြန်တယ်။ မနှစ်ကတော့ ရေကျတာ ဒီလောက်မမြန်ဘူး။ ကိုယ့်အိမ်ရှေ့မှာပဲဆိုတော့ မြင်နေရတယ်လေ။ ဒီနှစ်ကျတော့ နှစ်ရက်တည်းနဲ့ ရေကကမ်းပါးနဲ့ ညီသွားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း ပြောင်းကြတော့ဆိုတာနဲ့ ဒီလေသာ ဘုန်းကြီးကျောင်းကို ပြောင်းလာတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

“ဇူလိုင် ၂၂ ရက်ညနေ ၅ နာရီလောက်ကစပြီး ဘီးလင်းမြစ်ရေက တက်လာတာပေါ့။ ဘိုးရာဇာရပ်ကွက်၊ ၄၇ အိမ်စုအပိုင်းက လူတွေကိုဆိုရင် လှေတွေနဲ့ သွားခေါ်ရတယ်။ အဲဒီအပိုင်းက လူတွေကိုတော့ ဘီးလင်းမြို့ လေသာဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ထားရှိထားပါတယ်။ ဒီလေသာ ဘုန်းကြီးကျောင်းမှာ ဇူလိုင်  ၂၃ ရက်အထိကို ရေဘေးရှောင်ပြည်သူ ၂၄၃ ဦးရှိပါတယ်။ ၁၂ နှစ်အောက် ကလေးတွေရော၊ ၁၂ အထက်လူတွေ အားလုံးပေါင်းပါ။ လက်ရှိမှာတော့ မြို့နယ်ထွေအုပ်ရုံးက ဆန်နဲ့ရေသန့်တွေ လာရောက် ဝေငှထားပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ ကျန်းမာရေး ၀န်ထမ်းတွေက ဒီမှာ ဆေးပေးခန်း လာဖွင့်ပေးထားပါတယ်” ဟု ဘိုးရာဇာရပ်ကွက်နေ ဒေါ်သန်းသန်းထွေးက ပြောကြားသည်။

ဘီးလင်းမြို့ ကန်သာယာ ရပ်ကွက်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်

“ဘီးလင်းမြစ်ရေ အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်မတို့က လပြည့်ရေကို စောင့်ကြည့်နေရပါတယ်။ လက်ရှိအခြေအနေထက် ထပ်ပြီးတက်နိုင်ခြေ ရှိပါတယ်။ ချောင်းဖျားရေကျမှာ ကြောက်ရပါတယ်။ မိုးရေကိုတော့ သိပ်မကြောက်ရဘူး” ဟု ဒေါ်သန်းသန်းထွေးက ဆက်လက်ပြောကြားသည်။

“မိုးကဆက်တိုက်ရွာနေတော့ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က စပြီးတော့ ဘီးလင်းမြစ်ရေက မြို့အစပ်ကို ရောက်လာတယ်။ ဇူလိုင် ၂၂ ရက်ကျတော့ မြစ်ရေက ကန်သာယာရပ်ကွက် အပိုင်း ၇ ထဲကို ၀င်လာတယ်။ ရပ်ကွက်ထဲ နေထိုင်တဲ့လူတွေ နေလို့မရလောက်တဲ့ အထိကို ရေကတက်လာတယ်။ ဘီးလင်းမြို့ ရေကြီးရတဲ့အပိုင်း နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက ဘီးလင်းမြို့ နောက်ကျောမှာရှိတဲ့ တောင်ပေါ်တွေက ဆင်းလာတဲ့ ရေတွေရှိတယ်။ နောက်တစ်ပိုင်းက ဘီးလင်းမြို့ရဲ့အထက် မိုင် ၃၀ လောက်ဝေးတဲ့ ချောင်းဖျားကနေ မိုးရေနဲ့အတူ လိမ့်ဆင်းလာတဲ့ရေတွေ ရှိပါတယ်။ အဲဒီရေ နှစ်ခုပေါင်းစပ်ပြီးတော့ မြစ်ရေလျှံမှု ဖြစ်ပွားပြီးတော့ ဘီးလင်းမြို့ရဲ့ အနိမ့်ပိုင်းတွေကို ရေ၀င်ရောက်လာတာ ဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ကန်သာယာရပ်ကွက်မှာ ဒီရေဘေးရှောင်စခန်းသုံးခု ထားရှိပါတယ်။ ဒီကန်သာယာ မူလတန်းကျောင်း အမှတ် (၂) မှာတော့မှာ လူဦးရေ ၃၀၀ ကျော်လောက်ရှိပါတယ်။ တချို့ကလည်း ရေအခြေအနေကြည့်ပြီး မပြောင်းလာသေးတဲ့ လူတွေလည်း ရှိပါသေးတယ်။ နောက်ပြီး တ.စ.ညပါတီ မြို့နယ်ရုံးနဲ့ အောင်ဇေယျခန်းမမှာလည်း ရေဘေးရှောင်တဲ့လူတွေကို ရေဘေးရှောင်စခန်း ဖွင့်လှစ်ပြီး ထားရှိထားပါတယ်” ဟု ကန်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရဆိုရင် ဒုတိယ၀ါဆိုလပြည့်ကျော် ၃ ရက်လောက်မှ ရေပြန်ကျနိုင်မယ်ထင်တယ်။ လက်ရှိမှာ ဒီရေက တောင့်နေတော့ ရေကမဆင်းဘူး။ မိုးကလည်း ဆက်တိုက် ရွာနေမယ်ဆိုရင် ရေကအီနေမယ့်သဘော ရှိပါတယ်” ဟု ဦးသန်းထိုက်ဦးက ဆက်လက်ပြောကြားသည်။

အလားတူ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မွန်ပြည်နယ် သထုံမြို့နယ် အတွင်းရှိ ဒုံသမိချောင်းရေ မြင့်တက်လာမှုကြောင့် ဒူးရင်းဆိပ် ကျေးရွာတွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ဒူးရင်းဆိပ်ကျေးရွာရှိ အိမ်ထောင်စု ၈၀ မှ လူဦးရေ စုစုပေါင်း ၃၇၂ ဦးမှာ ယင်းကျေးရွာရှိ ရွာလယ်ဓမ္မာရုံနှင့် တပ်ဦးဘုန်းတော်ကြီးကျောင်းတွင် နေထိုင်လျက်ရှိသည်။

ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းမှုကြောင့် မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာ ကျေးရွာတွင် ရေကြီးရေလျှံမှု များဖြစ်ပေါ်နေပြီး လူနေအိမ်အချို့ ရေလွှမ်းမှုခံထားရကြောင်း သိရသည်။

 

တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတဲ့ ကူသူကယ်သူမဲ့ မြန်မာ့ရေဘေး

မော်လမြိုင်မြို့ တောင်ဝိုင်းရပ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို ဇွန် ၁၇ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုဝင်း)

၂၀၁၅ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံတွင် မိုးတွင်းကာလသို့ ရောက်ရှိလာသည်နှင့် ဒေသအသီးသီးတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလာသည်။ ယခုနှစ်တွင်လည်း ဇွန်လအစ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုများကို ကြုံတွေ့ခဲ့ရသည်။

၂၀၁၅ ခုနှစ်တွင် ပြည်နယ်နှင့် တိုင်း ၁၂ ခု၌ ရေကြီးရေလျှံမှုကြောင့် မြစ်ချောင်းအနီးရှိ မြို့များသာမက ကုန်းတွင်းမြို့များပါ ရေကြီးရေလျှံမှု ကြောင့် လူဦးရေ ၁၇ သိန်းကျော် ရေဘေးသင့်ခဲ့ပြီး ၁၈၁ ဦး သေဆုံး ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခု တွင် ထပ်မံရေကြီးရေလျှံမှုကြောင့် ပြည်သူငါးသိန်းကျော် ရေဘေးသင့်ခဲ့ပြီး ၂၀၁၇ ဇူလိုင်တွင်  ပြည်နယ် ၁၁ ခုတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ သောကြောင့် လူသေဆုံးမှုများလည်း ရှိခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ

၂၀၁၈ မေ ၂၉ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပွားခဲ့သည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မိုးရွာသွန်းမှုသည် ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့တွင် ဖြစ်ပွားခဲ့သည်။ ယခုကဲ့သို့ မိုးရွာသွန်းမှုကြောင့် မြစ်ချောင်းများတွင် ရေများပြည့်လျှံနေပြီး ဇွန် ၁၀ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းတစ်ခု ထပ်မံဖြစ်ပွားပြီး ၎င်းနှင့်အတူ မုတ်သုံလေ အားကောင်းခြင်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးခြောက်ခုတွင် ရေကြီးရေလျှံခဲ့ခြင်းဖြစ်သည်။

“ဒီနှစ်ရေကြီးရေလျှံတာ စောတာပေါ့။ လက်ရှိမှာ မြန်မာနိုင်ငံ အထက်ပိုင်းဒေသနဲ့ အလယ်ပိုင်း ဒေသမှာ မိုးအားလျော့လာပြီ။ မုတ်သုံကလည်း ရခိုင်ကမ်းရိုးတန်းမှာ အားအတင့်အသင့်လောက်ပဲ ရှိတော့တယ်။ ၂၀၁၅ ကနေစပြီးတော့ ရေကြီးတာ တောက်လျှောက် ဖြစ်လာတယ်။ အဓိက ပြောရမယ်ဆိုရင် ရာသီဥတု ပြောင်းလဲလာတဲ့အတွက် မိုးရွာသွန်းမှုတွေ ပြောင်းလဲလာတယ်။ ဒီနှစ်ထူးခြားတာက အရင်နှစ်တွေဆိုရင် ရခိုင်တစ်လှည့် တနင်္သာရီတစ်လှည့် မုတ်သုံအားကောင်းတယ်။ ဒီနှစ်မှာတော့ မုတ် သုံက နှစ်ခုလုံးမှာ တစ်ပြိုင်တည်းမှာ အားကောင်းတာ ရက်တော်တော်ကြာကြာ ဖြစ်တယ်။ အရင်ကဆိုရင် တစ်ပတ်မှာ နှစ်ရက်သုံးရက်လောက် ဖြစ်တာ။ အခုတစ်ပတ်လုံးနီးပါး မုတ်သုံအား အလွန်ကောင်းတဲ့ အနေအထားရှိတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန် ၁၁ ရက်တွင် မကွေး-ကန်ပြား- နေပြည်တော်လမ်းရှိ ချောင်းရေကျော်ကာ ရေစီးအလွန်သန်သောကြောင့် ခရီးသည်တင်ယာဉ် အများစု စောင့်ဆိုင်းခဲ့ရပြီး လူနာယာဉ် တစ်စီးပေါ်တွင် ပါရှိလာသည့် မွေးလူနာတစ်ဦး ကလေးအသေ မီးဖွားမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

“ကားတွေပိတ်မိနေတုန်း ကျွန်တော်တို့ စီးလာတဲ့ကားကို ဆရာတွေပါလားဆိုပြီး အကူအညီတောင်းတယ်။ လူနာက ဆရာဝန်တွေ ရောက်လာတဲ့အချိန်မှာ အသေမွေးပြီးသွားပြီ။ ဆရာဝန်က အချင်းကို ချပေးတယ်။ ကလေးအမေရဲ့အသက်ကိုတော့ ကယ်လိုက်နိုင်တယ်” ဟု ရန်ကုန်မှ မကွေးသို့ ပြန်လာစဉ် ချောင်းရေကျော်မှုကို စောင့်ဆိုင်းခဲ့ရသည့် ဒေါက်တာညီညီအောင်က ပြောကြားသည်။

ရေကြီးရေလျှံမှုကြောင့် ဇွန် ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် နောင်ပိုအောင်ဆပ်ကယား ကြိုးတံတား ပျက်စီးပြီး ကျေးရွာ ၁၀ ရွာခန့် သွားလာရေးများ ခက်ခဲခြင်း၊ တမူးမြို့တွင်လည်း မြို့ပေါ်ရပ်ကွက်များအတွင်း နေအိမ်အချို့ ရေနစ်မြုပ်မှုနှင့် ကြုံတွေ့ခဲ့ရခြင်း၊ မောင်တောမြောက်ပိုင်းသွား ကားလမ်းပိုင်းအချို့ ပျက်စီးခဲ့ခြင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း တောင်ကျချောင်း ရေလျှံမှုကြောင့် မြို့နယ်နှစ်ခုတွင် ကျောင်း ၆၉ ကျောင်းပိတ်ခဲ့ရခြင်း၊ မင်းဘူးမြို့တွင် မန်းချောင်းနှင့် နွားကူးချောင်း ရေ၀င်ရောက်မှုကြောင့် တစ်နှစ်ကျော်အရွယ် ကလေးသေဆုံးခြင်း၊ ပေါင်းတည်မြို့ ရန်ကုန်-ပြည်ကားလမ်း အရှည်တစ်မိုင်နီးပါးခန့် ရေကျော်ခဲ့သဖြင့် မြို့ ပေါ်ရပ်ကွက် ၁၂ ရပ် ကွက်နှင့် ကျေးရွာပေါင်း ၂၀၀ ကျော် တွင် ရေလွှမ်းခြင်းတို့ ဖြစ်ပွားခဲ့သည်။

ယင်းအပြင် ဇွန် ၁၃ ရက်တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် ဟုမ္မလင်း၊ အင်္ဂပူ၊ စကု၊ စလင်း၊ ဒီးမော့ဆိုမြို့၊ ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် ကျောက်တော်မြို့တို့တွင် ဆည်ရေကြီးခြင်း၊ တောင်ကျရေ မြင့်တက်ခြင်းနှင့် တာပေါင်ကျိုးခြင်းများ ဖြစ်ပွားခဲ့သည်။ ဇွန် ၁၄ ရက်တွင်လည်း မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ဖောင်တော်ဦးဘုရား ရင်ပြင်တော်ပေါ် တွင် အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ပြီး မြေပြိုမှုကြောင့် အိမ်လေးလုံး ပျက်စီးကာ လူငါးဦး သေဆုံးခဲ့သည်။

“နှစ်စဉ်တော့ ရေကြီးရေလျှံမှုတွေ ကြုံလာတဲ့ အနေအထား ရှိတဲ့အတွက် မြစ်ကမ်းအနီးမှာ နေတဲ့သူတွေက ဘေးလွတ်တဲ့နေရာ ရွှေ့ပြောင်းသင့်တယ်။ နိုင်ငံတော်ဘက်က တတ်နိုင်သလောက် မြစ်ကမ်းပါးပြိုတာတွေ ဆောင်ရွက်နေတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဆောင်ရွက်နိုင်သေးတဲ့ အချိန်ကျတော့ မဆောင်ရွက်နိုင်သေးတဲ့ အပိုင်းမှာဆိုရင် ရေစီးတိုးပြီး မြစ်ကမ်းပါး ပြိုတာတွေဖြစ်တယ်။ မကွေးတိုင်းမှာလည်း အဲဒီလိုဖြစ်စဉ်တွေရှိတယ်။ ပြည်သူတွေအနေနဲ့ ရေကြီးရေလျှံမှု ဖြစ်လာရင် ဘေးလွတ်ရာ ရွှေ့ပြောင်းသင့်တယ်” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

၂၀၁၈ ဇွန်လဒုတိယပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် အဓိကဆည်ကြီးခြောက်ခု တွင် ကန်ရေပြည့်အမှတ်များကျော် လွန်ပြီး မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်း၊ မဒေးချောင်းများ ရေကြီးမှုဖြစ်ပွားကာ မင်းဘူးနှင့် သရက်ခရိုင်အတွင်းရှိ ကျေးရွာအချို့ ရေကြီးနစ်မြုပ်ခဲ့ရပြီး လမ်းများ၊ တံတားများ၊ လယ်ယာမြေများနှင့် စိုက်ပျိုးထားသောသီးနှံများ ပျက်စီး ဆုံးရှုံးခဲ့ရသည့်အပြင် လူငါးဦး အသက်ဆုံးရှုံးခဲ့ကာ ရခိုင်ပြည်နယ် တွင် ဇွန် ၁၂ ရက်မှ ၁၅ ရက်အတွင်း သဘာဝဘေးကြောင့် လူရှစ်ဦး သေဆုံးခဲ့သည်။

ယခုလတ်တလော ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ငဖဲ၊ ကံမ၊ စကု၊ မင်းတုန်း၊ ပွင့်ဖြူနှင့် စေတုတ္တရာ မြို့နယ်များတွင် လမ်း၊ တံတား၊ တာတမံ၊ လူနေအိမ် အဆောက်အဦ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လယ်ယာမြေ ပျက်စီးဆုံးရှုံးမှု ကနဦး ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၂၂,၇၂၀ ခန့် ရှိကြောင်း၊ ဆုံးရှုံးမှုစာရင်းများ ရှိနိုင်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဆုံးရှုံးမှုစာရင်းများ၏ အသေးစိတ် အချက်အလက်များကို ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဒုတိယရေကြီးကာလ ဇူလိုင်၊ သြဂုတ်တွင် ရေကြီးရေလျှံနိုင်

မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝဘေးအန္တရာယ်ကို သတိပြုရသည့်ကာလ သုံးခုရှိပြီး မိုးဦးကာလ ဇွန်လ၊ မိုးလယ်ကာလ ဇူလိုင်နှင့် သြဂုတ်လ၊ မိုးနှောင်းကာလ စက်တင်ဘာလနှင့် အောက်တိုဘာလ တို့ဖြစ်သည်။ အဆိုပါ ကာလသုံးခုအနက် ဇူလိုင်နှင့် သြဂုတ်လတွင် မြစ်ရေကြီးခြင်းသည် အများဆုံး ဖြစ်ပွားသည့် ကာလဖြစ်သည်။

ရေကြီးခြင်းသည် မိုးတွင်းကာလ၌ မြစ်ဝှမ်းဒေသတွင် အချိန်ကြာကြာ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်းဖြတ်ကျော် ၀င်ရောက်စဉ် မိုးထစ်ချုန်း ရွာသွန်းခြင်း၊ မြစ်ဖျားဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဆည်၊ ရေကာတာကြီးများ ကျိုးပေါက်ခြင်းတို့ကြောင့် ဖြစ်သည်။

ယခုလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားခဲ့သည့် မုန်တိုင်း၊ မုတ်သုံလေအား အလွန်ကောင်းခြင်းနှင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းနောက်တွင် တိမ်တိုက်ကြီး တစ်ခုသည် မြန်မာ့ကမ်းရိုးတန်းသို့ မိုးရွာသွန်းမည့် တိမ်တိုက်များ ပို့ပေးကြောင်း၊ ထို့ကြောင့် ဧရာဝတီတိုင်း ဒေသကြီးမှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မိုးများနေခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

“အဲဒီတော့ ကျွန်တော်တို့ စိုးရိမ်တာက ဒီလိုမျိုးပုံစံက လာမယ့် ဇူလိုင်လမှာ ဘင်္ဂလားပင်လယ်အော်မှာ ကိုးမန်းဆိုတဲ့ မုန်တိုင်းလေးဖြစ်ပြီးတော့ ရခိုင်ကမ်းရိုးတန်းမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ဖြတ်ပြီးတော့ ပြည်နယ်နဲ့တိုင်း ၁၂ ခု ရေ ကြီးခဲ့တယ်။ အဲဒီလိုမျိုး ဖြစ်မှာလားဆိုပြီး လူတွေစိုးရိမ်နေတယ်။ ကျွန်တော်တို့ ကြည့်တဲ့အခါကျတော့ ဇူလိုင်လက မေ၊ ဇွန်ထက် မိုးများမယ်။ မုန်တိုင်းဖြစ်မဖြစ်ကတော့ ကြိုမပြောနိုင်သေးဘူး။ မိုးများမယ့် အကြောင်းက မုတ်သုံလေအား ကောင်းလို့လည်း မိုးများနိုင်တယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ မုတ်သုံမုန်တိုင်းငယ်လို့ ခေါ်တဲ့ မုန်တိုင်းငယ်လေးတွေကြောင့်လည်း မိုးများနိုင်တယ်။ အဲဒီလိုမျိုး ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဇူလိုင်၊ သြဂုတ်မှာ မုန်တိုင်းငယ် ဖြစ်တာများမယ်ဆိုရင် မြန်မာနိုင်ငံ အလယ်ပိုင်း၊ အထက်ပိုင်း မိုးများမယ်။ အဲဒီလိုမိုးများရင် ရေတော့ အထိုက်အလျောက် ကြီးမှာပဲ။ ဇူလိုင်၊ သြဂုတ်ကလည်း ရေကြီးရာသီဖြစ်တယ်။ ရေကြီးရာသီမှာ မိုးက ထပ်များသေးတယ်ဆိုရင် ပုံမှန်အားဖြင့် ရေကြီးရာသီ ဖြစ်တယ်ဆိုရင် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဇူလိုင်၊ သြဂုတ်က မိုးများတယ်။ အဲဒီကရွာတဲ့ မိုးတွေက ဧရာဝတီ၊ ချင်းတွင်းဆင်း လာပြီးတော့ အလယ်ပိုင်းတို့ အောက်ပိုင်းတို့မှာ ရေကြီးတယ်။ ဒါက ပုံမှန် အခုက ဇူလိုင်၊ သြဂုတ်မှာ လေဖိအားနည်းရပ်ဝန်းတို့ မုန်တိုင်းငယ်တို့ဖြစ်ရင် အထက်ပိုင်းလည်း မိုးရွာမယ်။ အလယ်ပိုင်းလည်း မိုးရွာမယ်။ အောက်ပိုင်းလည်း မိုးရွာမယ်။ အဲဒီလိုရွာရင် အပေါ်ပိုင်းကရွာတဲ့ မိုးရေက မြစ်ထဲကို ဆင်းလာချိန်မှာ အလယ်ပိုင်းကလည်း ထက်ရွာရင် ရေပိုကြီးသွားမယ်။ အဲဒါကို သတိပြုဖို့လိုတယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

ထို့ပြင် ယခုနှစ်အတွင်း မုတ်သုံမိုးရွာသွန်းမှုသည် ထူးခြားမှုတစ်ခု ဖြစ်ခဲ့ကြောင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေအား အလွန်ကောင်းပါက အလယ်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုနည်းပါးသော်လည်း ဇွန်လတွင် အလယ်ပိုင်း ဒေသများတွင်ပါ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မိုးလေ၀သပညာရှင်များက လေ့လာဆန်းစစ်မှုများ ပြုလုပ်နေသည်။

“အရင်ပုံသေနည်းတွေအရ မုတ်သုံလေအားကောင်းရင် အလယ်ပိုင်း မိုးသိပ်မရွာဘူး၊ အခုမုတ်သုံလေ အားကောင်းပြီး အလယ်ပိုင်းလည်း မိုးတွေရွာတယ်။ အလယ်ပိုင်းမှာ မုတ်သုံလေအားကောင်း မိုးရွာတာက ရခိုင်ဘက်မှာ မုတ်သုံလေ အားကောင်းရင် အလယ်ပိုင်း မိုးရွာတာကို တွေ့ရတယ်။ တနင်္သာရီဘက်မှာ မုတ်သုံလေအားကောင်းရင် အလယ်ပိုင်းမှာ မိုးသိပ်မရွာဘူး ဆိုတာကို တွေ့ရတယ်။ ဒါကို အတည်ပြုချက်တွေတော့ မလုပ်ရသေးဘူး” ဟု ဦးချစ်ကျော်က ပြောကြားသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပွားပြီး မုတ်သုံလေအားကောင်းကာ မိုးရွာခဲ့ကြောင်း၊ သို့သော် တစ်ပြိုင်တည်း မြန်မာနိုင်ငံ အနောက်မြောက်မှ မြန်မာနိုင်ငံအလယ်ပိုင်းသို့ လေပွေလှိုင်းလေးတစ်ခု တိုးဝင်လာခဲ့ကြောင်း၊ ယင်းလေပွေလှိုင်း တိုးဝင်လာမှုကြောင့် မိုးရွာမှု ဖြစ်ပွားခြင်း သို့မဟုတ် မုန်တိုင်းငယ်လေး အရှိန်ကြောင့် မိုးရွာခြင်းဆိုသည်နှင့် ပတ်သက်ပြီး သုံးသပ်နေကြောင်း ဦးချစ်ကျော်က ဆိုသည်။

“ပြန်သုံးသပ်ကြည့်တဲ့ အချိန်မှာ မုန်တိုင်းငယ်လေးတိုက်တဲ့ အချိန်မှာ လေကပြင်းတယ်။ ပြင်းတဲ့အတွက်ကြောင့် ရေငွေ့တွေက ရခိုင်ရိုးမကိုကျော်ပြီး အလယ်ပိုင်းအထိ ရောက်သွားတယ်။ အဲဒီကောင်က ပုံမှန်အားဖြင့် အလယ်ပိုင်းကို ကျော်ပြီးတော့ ရှမ်းနဲ့ ကချင်ကိုသွားရွာတယ်။ ဒါပေမဲ့ လေပွေလှိုင်းလေး တိုးဝင်လာတဲ့အတွက်ကြောင့် လေပွေလှိုင်းက ကချင်ဘက်ကို မသွားနိုင်အောင် တားလိုက်လို့ အလယ်ပိုင်းမှာ မိုးတွေပိုရွာသွားသလား ဆိုတဲ့ကောက်ချက်ကို သုံးသပ်နေတယ်။ အခုလိုဖြစ်ရပ်က ပြောင်းလဲလာတဲ့ ရာသီဥတုရဲ့ အကျိုးသက် ရောက်မှုကို ထင်ထင်ရှားရှား စိန်ခေါ်နေပြီ။ အဲဒီဟာကို ပညာရှင်တွေလည်း အဖြေရှာနေတယ်။ အဲဒီလိုအဖြေရှာတာက ပြည်သူလူထုကို ပိုမိုကောင်းမွန်တဲ့ သတိပေးချက်လေး ပေးနိုင်ဖို့ဖြစ်တယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

ပုသိမ်-ချောင်းသာ ကားလမ်းတစ်လျှောက် တောင်ကျရေ စီးဆင်းမှုကြောင့် လမ်းပိုင်းအချို့ ရေနစ်မြုပ် နေသည်ကို ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – မင်းသူဝင်းထွဋ်)

သစ်တောပြုန်းတီးမှု၏ အကျိုးဆက်

လေးနှစ်ဆက်တိုက် ရေကြီးရေလျှံမှုပြဿနာ၏ ဇာစ်မြစ်ကို ပြန်လည်ရှာဖွေပါက ဆယ်စုနှစ်ကြာ တရားမ၀င် သစ်မှောင်ခိုထုတ်ယူမှုများ၊ စနစ်တကျ သစ်ထုတ်ယူမှုများ မရှိခြင်းကြောင့် သစ်တောများ ပြုန်းတီးမှုကြောင့်ဖြစ်ကြောင်း၊ သစ်တောများ ပြုန်းတီးမှုကြောင့် မြေပြိုမှုများဖြစ်ပွားကာ မြစ်ချောင်းများတွင် နုန်းပို့ချမှုများလာပြီး မိုးသည်းထန်စွာ ရွာသွန်းသည်နှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“ပြောရမယ်ဆိုရင်တော့ အကုန်လုံးကပတ်သက်ပြီး ဆက်နွှယ်နေတာ။ သစ်တောပြုန်းတီးတာ တစ်ခုတည်းတော့ မဟုတ်ဘူး။ မြစ်ကြမ်းပြင်တွေ မြင့်တက်လာတာ၊ သစ်တောတွေပြုန်းတီးတဲ့ အတွက်ကြောင့် မိုးရွာတဲ့အခါ မြေသားတွေ တိုက်စားပြီးတော့ မြစ်ကြမ်းပြင်တွေ မြင့်တက်လာတယ်။ အဓိကဖြစ်တာကတော့ ချောင်းငယ်၊ မြောင်းငယ်လေးတွေမှာ ဖြစ်တာများတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ဆိုသည်။

“ရာသီဥတု ပြောင်းလဲလာမှုက အဓိကကတော့ သစ်ပင်မရှိလို့ပဲ။ သစ်ပင်ရှိရင် ဘယ်ရာသီဥတုမှ မပြောင်းဘူး။ ရေပိုရေလွှဲနယ်တွေ မှာ စက်ရုံတွေ ဆောက်ပစ်ရင် ဆောက်ပစ်တယ်။ တည်းခိုခန်း တွေလည်း ဆောက်ရင်ဆောက်ပစ်တယ်။ ရာသီဥတုနဲ့ပတ်သက်ရင် မရေရာတဲ့ဘ၀ကြီး၊ သဘာဝဘေး အန္တရာယ်နဲ့ပတ်သက်ရင် မမျှော်မှန်းနိုင်တဲ့ဘ၀ကြီး၊ ခန့်မှန်းချက် ထုတ်ဖို့တောင်ခက် နေတယ်။ အဲဒါ မိုးလေ၀သသမားတွေညံ့လို့ မဟုတ်ဘူး။ သိထားတဲ့ အညွှန်းဘောင်ကိုကျော်ပြီး ရာသီဥတု ဖောက်ပြန်မှုက ဖြစ်နေတယ်။ ပြောင်းလဲလာတဲ့ ရာသီဥတုကို ပြည်သူလူထုတွေ နားလည်လာဖို့ လိုတယ်။ အဲဒါကြောင့် ပြည်သူလူထုက ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘဲနဲ့ နားလည်အောင်လုပ်ပြီး ကိုယ်အသက်ရှည်အောင် နေထိုင်ဖို့လိုတယ်” ဟု ဦးချစ်ကျော်က ဆိုသည်။

လက်ရှိအချိန်တွင် သဘာဝတောတောင်၊ ရေမြေတွေက ပျက်စီးနေပြီး ထိန်းသိမ်းရန် ခက်ခဲနေကြောင်း၊ မြို့ပြမှုထက် အားကြီးဖွံ့ဖြိုးတိုးတက်ဖို့ထက် ရေ၊ မြေ၊ တောတောင်တွေဖြစ်သည့် သဘာဝကို အရင်ထိန်းသိမ်းမှ အဆင်ပြေမည် ဖြစ်ကြောင်း၊ နာဂစ်ပြီးသည့်နှစ်မှ စတင်ကာ အစိုးရ အဆက်ဆက်မှ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကြိုးစားဆောင်ရွက် နေကြသော်လည်း အဆင်ပြေခဲ့ခြင်း မရှိကြောင်း၊ ရာသီဥတုသည် ကမ္ဘာနှင့်ချီပြီး ကုစားရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ဥပဒေများဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း မြန်မာ့အစိမ်းရောင်ကွန်ရက်မှ ဒေါ်ဒေ၀ီသန့်စင်က ဆိုသည်။

“တိုက်တာအဆောက်အအုံတွေ ဆောက်လိုက်လို့ လယ်ယာတွေ ကျုံ့သွားတာကတစ်မျိုး၊ နောက်တစ်ခုက သဘာဝတရားကြောင့် ရေကြီးတာကြောင့် စိုက်ပျိုးရေးအတွက် အဆင်မပြေတာက တစ်မျိုး။ အဲဒီအခါကျရင် ရာသီဥတုက တားလို့မရဘူး။ ကမ္ဘာကြီးပူနွေးမှုကြောင့် ရာသီဥတု ဖောက်ပြန်တယ်ဆိုတော့ နိုင်ငံတိုင်း နိုင်ငံတိုင်း တက်ညီလက်ညီ လုပ်မှရတာ။ ဒါပေမဲ့ ကိုယ့်တိုင်းပြည် အတွင်းမှာကျတော့ ကိုယ်ကလုပ်လို့ရတယ်။ ဘယ်ဟာကို ဦးစားပေးလုပ်မလဲ။ ဘယ်ဟာကို သင့်တင့်မျှတအောင် လုပ်မလဲ။ ရာသီဥတုက ကမ္ဘာနဲ့ချီပြီး ကုစားရမှာ။ ဖွံ့ဖြိုးတိုးတက်ဖို့ လိုတယ်။ လိုအပ်သလောက်ကို လုပ်ပါ။ ဒီအစိုးရကို အရမ်းအားကိုး ယုံကြည်ပြီး ပုံအပ်ထားတာ။ စဉ်းစဉ်းစားစားနဲ့ လုပ်စေချင်တယ်။ အခုလိုဖြစ်တာက မြေတွေပြိုနေတာက၊ သဲတွေတူးတာတွေ၊ သစ်တောပြုန်းတာတွေ၊ ရွှေကျင်နေတာတွေကြောင့် ဖြစ်တယ်။ သဘာဝတရားက မနိုင်မနင်းနဲ့ ပျက်စီးနေပြီ။ ဒါကို လက်တွေ့ကျကျ ထိရောက်အောင် စာအုပ်တွေထဲမှာ ဟောပြောပွဲတွေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့တွေမှာ ပြောတာမျိုး မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ကို တကယ်လုပ်မှရမယ်။ ဥပဒေတစ်ရပ်နဲ့ ထိန်းကျောင်းဖို့လိုတယ်။ ဒီမှာက ဥပဒေကို အာဏာသက်ဝင်အောင် မလုပ်တဲ့အတွက် ဒုက္ခဖြစ်နေတာ” ဟု ဒေါ်ဒေ၀ီသန့်စင်က ဆိုသည်။

ဒုတိယရေကြီးကာလနဲ့ အနာဂတ်အတွက် အစိုးရ ဘာတွေပြင်ဆင်ထားလဲ

ရေကြီးခြင်းကဲ့သို့သော သဘာဝဘေးဒဏ် ခံခဲ့ရမှုများအတွက် ကာလသုံးခု သတ်မှတ်ထားပြီး ယင်းကာလများတွင် အရေးပေါ်ကာလ၊ တဖြည်းဖြည်း ပြန်ကောင်းအောင် ပြုလုပ်သည့်ကာလ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်သည့် ကာလများရှိကြောင်း သိရသည်။

ရေဘေးကြိုတင် ကာကွယ်ရေးအတွက် တာတမံများ ကြံ့ခိုင်ရေးဆောင်ရွက်ခြင်း၊ ပန်းတာများ ပြုလုပ်ခြင်း၊ မြစ်ချောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ခြင်း၊ သဲအိတ်များဖြင့် တာဖို့ခြင်း၊ မြေထိန်းနံရံများ ပြုလုပ်ခြင်း၊ ရေပြွန်များ၊ ရေကာတာများ ပြုလုပ်ခြင်း၊ ပြည်သူများ ဘေးကင်းစေရန်အတွက် စက်လှေများ၊ အသက်ကယ် အင်္ကျီများအပြင် ဘက်စုံသုံး ဆိပ်ခံဘောတံတား ရေယာဉ်တို့ကိုပါ ထောက်ပံ့ထားပါကြောင်း၊ အသိပညာပေး ရုပ်သံဇာတ်လမ်းများ၊ စာစောင်များနှင့် လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခြင်းများကိုလည်း တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆောင်ရွက်ထားရှိပါကြောင်းနှင့် ကြုံတွေ့ရမည့် သဘာဝဘေးအန္တ ရာယ်များကိုလည်း သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့များ၊ ၀န်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ ယခုရက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုသည် အချိန်တိုအတွင်း အပျက်အစီးများပါကြောင်း၊ ပြန်လည်ထူထောင်ရေးအတွက် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ရေကြီးရေလျှံပြီးနောက် အဓိက အရေးကြီးဆုံးမှာ ရေနှင့် စနစ်တကျ အညစ်အကြေး စွန့်ခြင်းဖြစ်သည်။ သန့်ရှင်းသော ရေရရှိရေးနှင့် စနစ်တကျ အညစ်အကြေးစွန့်ခြင်းများ ပြုလုပ်နိုင်မှသာ ကူးစက်ရောဂါများကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

“စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက်လည်း စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုတွေ လုပ်ပေးသင့်တယ်။ ဒါလည်း ပြန်လည်ထူထောင်ရေးမှာ အရေးကြီးတဲ့ အရာဖြစ်တယ်” ဟု မိုးလေ၀သပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

ထို့ပြင် ပြန်လည်ထူထောင်ရေးအတွက် စပါးမျိုး၊ စိုက်ပျိုးစရိတ်၊ ရေတွင်းရေကန် ပြုပြင်သန့်ရှင်းရေး၊ လူ၊ တိရစ္ဆာန် ကျန်းမာရေး စောင့်ရှောက်ရေး၊ ကျောင်း၊ ဆေးခန်းပြုပြင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ပြန်လုပ်ရေးများတွင် အဓိကထား ဆောင်ရွက်သင့်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းသည် လယ်ယာစိုက်ပျိုး၊ သား၊ ငါးမွေးမြူရေး ကဏ္ဍသည် အဓိကကျသည့် စီးပွားရေးကဏ္ဍ ဖြစ်နေကြောင်း၊ ယင်းစီးပွားရေး လုပ်ငန်းများသည် ရာသီဝင်ငွေပေါ်တွင် မူတည်သဖြင့် ရာသီဥတု ပြောင်းလဲမှုပေါ်တွင် များစွာတည်မှီနေကြောင်း၊ ရာသီဥတု ပြောင်းလဲမှုအား တိုက်ရိုက်ထိန်းချုပ်၍ မရသော်လည်း အတိုင်းအတာ တစ်ခုအထိ ကာကွယ်၍ရကြောင်း၊ ရေကြီးရေလျှံမှုများသည် နှစ်စဉ်ဖြစ်ပွားနေသဖြင့် ကာကွယ်ရန် ဆည်များဖြင့် ကာကွယ်နည်းများ၊ သစ်တောသစ်ပင်များ ပြန်လည်စိုက်ပျိုးမှုများ ပြုလုပ်သင့်ကြောင်း၊ လယ်ယာစိုက်ပျိုးရေး၊ သား၊ ငါးမွေးမြူရေးကို အဓိက စီးပွားရေးအဖြစ် မပြုလုပ်သင့်ဘဲ အခြားသော စီးပွားရေးကဏ္ဍများကို စဉ်းစားသင့်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင်များကို ကာကွယ်ပြီး စီးပွားရေး ကဏ္ဍများ တည်ဆောက်ရန် လိုအပ်ကြောင်း၊ လက်ရှိစီးပွားရေးသည် တိုးတက်သင့်သလောက် မတိုးတက်ကြောင်း၊ လွန်စွာတိုးတက်မှု မြန်ဆန်ပါကလည်း အခြားသော ကုန်ကျစရိတ်များ ဖြစ်လာကြောင်း၊ ဥပမာအားဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများဖြစ်ကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ဆိုသည်။

“အဲဒါတွေ မဖြစ်အောင် GDP တိုးတက်မှုက ခြောက်နဲ့ ခုနစ် ရာခိုင်နှုန်းလောက်မှာ ရှိတယ်။ ၇-၈-၉ လောက်ရှိရင် ပိုကောင်းတယ်။ ၁၀ ကျော်သွားရင် တိုးတက်မှုမြန်ပြီး ကျသွားလည်း ထိုးကျသွားမှာ စိုးရိမ်တယ်။ ပုံမှန်လေး တက်နေပြီးတော့ သွားနေနိုင်တယ် ဆိုရင်ကောင်းတယ်။ ရေကြီးရေလျှံတာ နှစ်တိုင်းဖြစ်နေတဲ့အတွက် ဘာရင်ဆိုင်ရလဲဆိုရင် လယ်ယာစိုက်ပျိုး၊ မွေးမြူရေးကဏ္ဍမှာ နှစ်တိုင်း ထိခိုက်တာပေါ့။ ဒါတွေက GDP အတွက် ဆိုးကျိုးတွေပေါ့။ နောင်နှစ်လာမယ့်ဘေးတွေ အတွက်ကို ရေတိုရေရှည် စီမံကိန်းတွေ လုပ်ဖို့လိုတယ်။ ရေရှည်ကတော့ ဘတ်ဂျက်ခွဲဝေမှုကို မူတည်ပြီးတော့ နှစ်တိုင်းနှစ်တိုင်း လုပ်သွားရမှာပေါ့။ တစ်နှစ်တည်းနဲ့တော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကာကွယ်နိုင်မှာ မဟုတ်ဘူး။ အဲဒါအတွက် ဘက်စုံစဉ်းစားရမယ်။ အခွန်ကိုလည်း ရိုးရှင်းလွယ်ကူစွာ လုပ်ပေးရမယ်။ စီးပွားရေး လုပ်ငန်းတွေ လျင်မြန်ဖို့ပေါ့။ လုပ်သာကိုင်သာရှိတဲ့ အခွန်နှုန်းထားတွေပေါ့။ တစ်ဖက်က စီးပွားရေး ကျသွားနိုင်ခြေ ရှိရင်တောင် ပြန်တည့်မတ်နိုင်တာပေါ့။ ရေကြီး ရေလျှံ ဖြစ်တဲ့အခါ နိုင်ငံတော်ဘဏ္ဍာနဲ့ စိုက်ထုတ်သုံးစွဲတဲ့အခါ အဖြစ်နိုင်ဆုံး နိုင်ငံတွင်း၊ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ပစ္စည်းနဲ့ သုံးစွဲနိုင်ရင် ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ခေါက်ဆွဲခြောက်တို့၊ စောင်တို့ လိုအပ်တာရှိတယ်။ တရုတ်တို့၊ ထိုင်းတို့က သွင်းရင် တရုတ်တို့၊ ထိုင်းတို့ကိုပဲ စီးဝင်သွားမယ်။ မိအေးနှစ်ခါနာမယ်။ ရေကြီးရေလျှံဖြစ်လို့ ဆုံးရှုံးတယ်။ တစ်ဖက်ကလည်း နိုင်ငံဝင်ငွေဆုံးရှုံးတယ်။ ဒါကြောင့် ဖြစ်နိုင်သမျှ ပြည်တွင်းက ပစ္စည်းတွေနဲ့ ၀ယ်ယူအစားထိုးနိုင်ရင် ပိုကောင်းမယ်” ဟု ဒေါက်တာအောင်ကိုကိုက ပြောသည်။

ထို့ပြင် နှစ်စဉ် မိုးလေ၀သဖြစ်စဉ်များကို မှတ်တမ်းပြုလုပ်နေသည့် အဖွဲ့အစည်းများကို အားဖြည့်ပေးရန် လိုအပ်ကြောင်း၊ မိုးလေ၀သနှင့် ပတ်သက်သည့် ရေဒါ၊ ဂြိုဟ်တုများကို အားဖြည့်ရန် လိုအပ်ကြောင်း၊ ရေကြီးရေလျှံ ဖြစ်ပေါ်လာသည့် အချိန်တွင် ရေချိန်ထိန်းသိမ်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဝေခြင်းများကို ပြုလုပ်သင့်ကြောင်း၊ နိုင်ငံတကာတွင် ရေချိုဆုံးရှုံးမှုများ ဖြစ်နေကြောင်း၊ မိုးရေများကို အကျိုးရှိသည့် ရေအရင်းအမြစ်အဖြစ် ပြန်လည်အသုံးပြုနိုင်ရန် ဆောင်ရွက်သင့်ကြောင်း ဒေါက်တာအောင်ကိုကိုက ဆိုသည်။

“အခွန်စနစ် ပြောင်းရမယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ၊ ကုမ္ပဏီ ဥပဒေတွေက အသစ်ထွက်ပြီးပြီ။ အဲဒါတွေကို အကျိုးသက်ရောက်မှု ပိုမိုမြင့်မားသွားအောင် အခွန်စနစ်နဲ့တွဲပြီး ထားပေးရမယ်။ ယဉ်ကျေးမှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ထိခိုက်စေမယ့် လုပ်ငန်းတွေကလွဲပြီး ကျန်တဲ့လုပ်ငန်းတွေကို ရိုးရှင်းလွယ်ကူစွာနဲ့ ကောက်ခံရမယ်။ တရုတ်ဆိုရင် GDP တိုးတက်မှုတွေ တောက်လျှောက်မြင့်ပြီးတော့ အခုဆိုရင် ပေးဆပ်နေရတယ်။ သဘာဝပတ်ဝန်းကျင်ကြီးက တော်တော်များများ ထိခိုက်သွားတယ်။ အဲအပေါ်မှာ ဘီလျံပေါင်းများစွာ သုံးစွဲနေရတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်လို့ဆိုပြီး စက်ရုံအလုပ်ရုံတွေ ပိတ်လိုက်ရတာ ရှိတယ်။ အဲဒါကို ဖွံ့ဖြိုးဆဲနိုင်ငံတွေ သတိထားရတယ်။ စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်ရေးဆိုရင် သဘာဝ ပတ်ဝန်းကျင်ကို အလေးထားရမယ်။ ဒီနေ့ ရေကြီးရေလျှံ ဖြစ်တာကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းလို့ဖြစ်တာ။ လယ်ယာကဏ္ဍကို ထိခိုက်တဲ့အခါ အခြားတွေကိုလည်း အနည်းနဲ့အများ ထိခိုက်တယ်။ ဒါတွေက ကြိုပြီးပြင်ထားရမှာ” ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

လက်ရှိဖြစ်ပွားနေသည့် ရေကြီးမှုကာလ သုံးခုရှိသည့်အနက် ပထမ ရေကြီးကာလဖြစ်ပြီး ထပ်မံ ဖြစ်ပွားနိုင်သည့် ရေကြီးရေလျှံမှုများကို ကာကွယ်ခြင်း မပြုနိုင်သော်လည်း ကြိုတင်ပြင်ဆင်မှုများ အနေဖြင့် မိုးလေ၀သ သတင်းများအား အစဉ်အမြဲ နားထောင်ကာ စားနပ်ရိက္ခာများ ကြိုတင်စုဆောင်းပြီး ဒေသအာဏာပိုင်များ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာန၊ မိမိမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ထံမှ အကြံဥာဏ်များ တောင်းခံကာ ရေကြီးမှုအန္တရာယ်မှ သက်သာအောင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်ရေကြီးရေလျှံမှုသည် တာဝန်ရှိသူအချို့ သုံးသပ်နေသလို သာမန်ရေကြီးရေလျှံ ဖြစ်သည့်အဆင့် မဟုတ်တော့သည်ကို သတိပြုရန် လိုအပ်မည် ဖြစ်သည်။ ပုံမှန်ရေကြီးနေကျဆိုကာ ပစ်ထားမည်ဆိုပါက ၁၉၅၈ ခုနှစ် စင်ကာပူ Jurong မြို့နယ်တွင် ဒီရေတက်နေကျ အချိန်များ၌ ပုံမှန်ရေကြီးနေသည်ကို စင်ကာပူအစိုးရက မည်သို့ကိုင်တွယ်ခဲ့သည်ကို လေ့လာရန် လိုအပ်သည်။ အစိုးရက ရခိုင့်အရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ဗိုလ်ချုပ်ရုပ်ရှင်များနှင့် ထာဝရ ငြိမ်းချမ်းရေးစေတီ တည်ရန် စဉ်ဆက်မပြတ် အလှူခံခြင်း၊ နှစ်စဉ်ပိုမို များပြားလာသော သဘာဝဘေးများနှင့် ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းမှ သဘာဝဘေး နှင့် လူလုပ်သည့် ဘေးဒဏ်ခံ ပြည်သူများသို့ အလှူခံမှုများ နေ့စဉ်ရှိနေခြင်းကြောင့်လည်း ပြည်သူများအကြား လှူဒါန်းနိုင်စွမ်း လျော့ကျနေသည်။ ထို့ပြင် စီးပွားရေး ကျပ်တည်းမှုကလည်း ထပ်ဆင့်ထိုးနှက်နေသည့် အခြေအနေတွင် အစိုးရအနေဖြင့် ဆီးသီးဗန်းမှောက် ဘတ်ဂျက်များ စိစစ်ကာ ရေကြီးရေလျှံမှုများ အတွက် ရန်ပုံငွေတစ်ရပ်ပင် ထူထောင်ထားရန် လိုအပ်မည့် အခြေအနေ ဖြစ်ပေါ်နေပြီဖြစ်သည်။ သာဓကအားဖြင့် ၂၀၁၅ ခုနှစ် ပြည်နယ်နှင့် တိုင်း ၁၂ ခုတွင် ရေကြီးရေလျှံခဲ့စဉ်က ပြည်တွင်းပြည်ပ ကူညီမှုများရရှိကာ သမ္မတ၏ သဘာဝဘေး ရန်ပုံငွေမှာ ကျပ် ၁၂ ဘီလျံ စိုက်ထုတ်သုံးစွဲခဲ့ရပြီး ၂၀၁၆ ခုနှစ် ရေကြီးရေလျှံမှုတွင် ပြည်တွင်းကူညီမှုဖြင့် အားဖြည့်ကာ ၂၀၁၆ ခုနှစ် သြဂုတ်အထိ ရေဘေးအတွက် ကျပ်သန်း ၅၆၀ သုံးခဲ့ပြီး ကျပ် ၁၇ ဘီလျံကျော် ကျန်နေသေးကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင်မူ ကူညီမှုများ တိတ်ဆိတ်ခဲ့သည်။ နှစ်စဉ်ရေကြီးရေလျှံမှုများတွင် ပြည်သူ ထူခဲ့၊ ထခဲ့ရမှုများ ရှိသော်လည်း အချို့သော သဘာဝဘေးဒဏ်ခံ ဒေသများမှာ ယနေ့အထိ ပြန်လည်ထူမနိုင်မှု အားနည်းနေခြင်းမှာလည်း ပြည်သူ့လှူဒါန်းနိုင်မှုစွမ်းအား လျော့ကျနေသည့် ဖြစ်စဉ်ကို မီးမောင်းထိုးပြနေသလို အစိုးရ၏ စီမံခန့်ခွဲခြင်း အားနည်းမှုများကိုလည်း သက်သေခံနေသည်ဟု ဆိုရမည်ဖြစ်သည်။ ထိုသို့သော အခြေအနေများကို မျက်နှာမူကာ ဒုတိယနှင့် တတိယ ရေကြီးရေလျှံ ကာလများအတွက် ကြိုတင်ပြင်ဆင်မှုများအပြင် နှစ်စဉ်ခံလာရနိုင်သည့် သဘာဝဘေးဒဏ်များကို ယခင်ထက်ပို၍ ကြိုတင်ပြင်ဆင်ရန် လိုအပ်မည်ဖြစ်ကြောင်း တိုက်တွန်းလိုပါသည်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့် ရခိုင်ပြည်နယ်တွင် သဘာဝဘေးကြောင့် လေးရက်အတွင်း သေဆုံးသူ ရှစ်ဦးရှိပြီဖြစ်

မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့် လေးရက်အတွင်း ရခိုင်ပြည်နယ်တွင် သဘာဝဘေးကြောင့် သေဆုံးသူ ရှစ်ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ စစ်တွေမြို့တွင် ရေနစ်သေဆုံးသူနှစ်ဦး၊ တောင်ကုတ်မြို့နယ်တွင် မြစ်ရေကြီး၍ စက်လှေတိမ်းမှောက်ကာ သေဆုံးသူနှစ်ဦး၊ အမ်းမြို့နယ်တွင် ကားရေစီးနှင့်ပါသွား၍ သေဆုံးသူနှစ်ဦးနှင့် မြောက်ဦးမြို့နယ်တွင် ငါးဖမ်းရင်း ရေထဲမျောပါသွားသူတစ်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် လွန်ပူကျေးရွာတွင် တောင်မြေပြိုကျမှုကြောင့် နေအိမ်တစ်လုံးထဲတွင် ပိမိပြီးသေဆုံးသူ တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

ဇွန် ၁၅ ရက်က စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗျူးပွိုင့်ကမ်းခြေအနီး ဘင်္ဂလားပင်လယ်အော် ကမ်းခြေ ရေစပ်တွင် လူတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်းနှင့် ယင်းမတိုင်မီ ဇွန် ၁၃ ရက် နံနက် ၁၀ နာရီက စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ စစ်တွေဟိုတယ်အနီး ဗုဒ္ဓေါမော်ချောင်းတွင် ငါးဖမ်းပိုက်ချရာမှ လူတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ပြည်နယ်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဇွန် ၁၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် အမ်းမြို့နယ် ကြိမ်ချောင်းကျေးရွာအနီး၌ 9J/—- SURF ယာဉ်သည် ရေကျော်နေသော ကားလမ်းကို ဖြတ်ကူးရာ တောင်ကျရေစီးနှင့်အတူ မျောပါသွားပြီး ဇွန် ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် အမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ရှာဖွေစုံစမ်းရာ ကြိမ်ချောင်းကျေးရွာအထွက် ကားလမ်း၏ ၀ဲဘက်ကမ်းစပ်တွင် မျောပါသွားသည့် ယာဉ်အား ရှာဖွေတွေ့ရှိခဲ့ရပြီး ယာဉ်အတွင်း၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ အလောင်းများ တွေ့ရှိခဲ့ပြီး စစ်ဆေးချက်များအရ ယာဉ်မောင်းမှာ ဦးဇော်မင်းသိုက် (၄၁ နှစ်)နှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူမှာ ဒေါ်စံဝင်းခိုင် (၅၂ နှစ်) တို့ဖြစ်ကြောင်း သိရကြောင်းနှင့် ဦးဇော်မင်းသိုက်ပါ နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ အမ်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၃/၂၀၁၈)ဖြင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးမှ သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဇွန် ၁၅ ရက်က ပုဏ္ဏားကျွန်းမြို့နယ် လွန်ပူကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် တောင်မြေပြိုကျပြီး နေအိမ်တစ်လုံး မြေကြီးထဲ မြုပ်ဝင်သွားရာ အဆိုပါ နေအိမ်တွင် နေထိုင်သည့် ဇော်ထွန်း (၁၆ နှစ်) သည် မြေကြီး ပိမိနေသဖြင့် ကျေးရွာသားများက ၀ိုင်းဝန်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

ဇွန် ၁၂ ရက် နံနက် ၁၁ နာရီတွင် တောင်ကုတ်မြို့ သလိန်ပြင်ကျေးရွာအုပ်စု ငတောက်တူပေါက် ချောင်းဝအနီး၌ ဖြစ်ပွားခဲ့သည့် စက်လှေနစ်မြုပ်မှုနှင့် ပတ်သက်၍ ပျောက်ဆုံးနေသူ နှစ်ဦးအား ဆက်လက်ရှာဖွေရာ ဇွန် ၁၅ ရက် နံနက် ၇နာရီခွဲတွင် စပ်ပြားမောင်နှမချောင်းအတွင်း စက်လှေကို အင်ဂျင်မပါဘဲ တွေ့ရှိပြီး စက်လှေအနီး၌ ဦးတူးအား ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်းနှင့် ယင်းမတိုင်မီ ပျောက်ဆုံးသူ ဦးမြင့်နိုင်(ဆိပ်ကမ်းသစ်)၏ အလောင်းကို ဇွန် ၁၄ ရက် နံနက် ၉ နာရီခန့်တွင် ကုလားရောင်မြစ်အထက်ဘက် သလဲချောင်းအထက်တွင် ရှာဖွေ့တွေ့ရှိခဲ့ကြောင်း သိရသည်။

ဇွန် ၁၂ ရက် နံနက် ၁၁ နာရီက တောင်ကုတ်မြို့ သလိန်ပြင်ကျေးရွာအုပ်စု ဒေသအခေါ် ငတောက်တူပေါက် ချောင်းဝအနီး၌ ပန်းတင်ကျွန်းသို့ တောင်ကုတ်ချောင်းအတိုင်း စက်လှေပိုင်ရှင် ဦးတူး(၅၅ နှစ်) မောင်းနှင်ပြီး ဦးမြင့်နိုင်(၄၈ နှစ်) အပါအ၀င် လေးဦးလိုက်ပါလာသည့် အလျား ၂၇ ပေ၊ အကျယ် နှစ်ပေ၊ အနံ သုံးပေခွဲခန့်ရှိ စက်တပ်လှေမှာ ကုလားရောင်မြစ်ဖျားကို ဖြတ်ကူးစဉ် မိုးသက်လေပြင်း ကျရောက်လာသောကြောင့် စက်လှေနစ်မြုပ်ခဲ့ကြောင်း၊ အဆိုပါ စက်လှေနစ်မြုပ်မှုကြောင့် ဦးဝင်းဇော် အပါအ၀င် သုံးဦးအား ငွေဇင်ယော်စက်လှေက တွေ့ရှိကယ်ဆယ်နိုင်ခဲ့ပြီး စက်လှေပိုင်ရှင် ဦးတူးနှင့် ဦးမြင့်နိုင်တို့နှစ်ဦး ပျောက်ဆုံးနေသဖြင့် ပန်းတင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ တောင်ကုတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စက်လှေများဖြင့် အခင်းဖြစ်နေရာ ချောင်းတစ်လျှောက်သို့ လိုက်လံရှာဖွေလျက် ရှိကြောင်းနှင့် ဦးတူးအား တောင်ကုတ်မြို့မရဲစခန်း (ပ)၂၃၉/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၂၈၀ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့နယ်မှ သေဆုံးသူမှာ သံရှင်ပြင်ကျေးရွာမှ ဦးအောင်ကျော်ကြီး (၆၀ နှစ်) ဖြစ်ပြီး ဇွန် ၁၃ ရက်က ငါးဖမ်းပိုက်ကို ပြန်ဖော်ရန်သွားစဉ် လေပြင်းတိုက်ပြီး လှေပေါ်မှ လိမ့်ကျသေဆုံးခဲ့ပြီး ၎င်း၏အလောင်းအား ဇွန် ၁၅ ရက် နံနက်က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဇွန် ၁၆ ရက်တွင် မိုးရွာသွန်းမှုနည်းပါးသွားပြီး ရေကျသွားသဖြင့် ရန်ကုန်-စစ်တွေ ကားလမ်းတွင် ပိတ်မိနေသောကားများ ဖြတ်သန်းသွားလာ၍ ရပြီဖြစ်ကြောင်းနှင့် အမ်း- မအီလမ်း မိုင်တိုင်အမှတ် ၂၂ ပဒဲကြောတွင် ကားလမ်းပြတ်တောက်ခဲ့သည်ကို တံတားထိုးပြီး ဖြစ်သဖြင့် ကားများဖြတ်သန်းသွားလာ နိုင်ပြီဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ရှိနေဆဲဖြစ်ပြီး ပုသိမ်-ချောင်းသာ လမ်းတစ်လျှောက် တောင်ကျရေ စီးဆင်းမှုကြောင့် နေအိမ်အချို့ ရေစီးနှင့်မျောပါ

မင်းဘူး (စကု) မြို့အတွင်း ရေ၀င်နေသည့် နေအိမ်များကို ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)

မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများရှိနေဆဲဖြစ်ပြီး ပုသိမ်-ချောင်းသာ လမ်းတစ်လျှောက် တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်အချို့ ရေစီးနှင့် မျောပါခြင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းအတွင်း မြို့နယ်အများစုတွင် မိုးရပ်သွားသည်မှာ နှစ်ရက်ကျော်ပြီ ဖြစ်သော်လည်း ချောင်းများတွင် ရေပြည့်ရေလျှံ စီးဆင်းနေမှုကြောင့် ရေဘေးရှောင် ပြည်သူများ နေအိမ်များသို့ မပြန်နိုင်သေး

မကွေးတိုင်း ဒေသကြီးအတွင်း မြို့နယ်အများစုတွင် ဇွန် ၁၄ ရက်မှစ၍ ဇွန် ၁၆ ရက်အထိ မိုးရွာသွန်းမှု ရပ်သွားသော်လည်း မုန်း၊ မန်း စသည့်ချောင်းများတွင် ရေပြည့်ရေလျှံ စီးဆင်းမှုကြောင့် ရေဘေးရှောင် ပြည်သူများ နေအိမ်များသို့ မပြန်နိုင်သေးကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဇွန် ၉  ရက်မှ ဇွန် ၁၄ ရက်အထိ မိုးရက်ဆက် ရွာသွန်းမှုကြောင့် ချောင်းများ အားလုံးနီးပါးတွင် ရေပြည့်ရေလျှံ စီးဆင်းခဲ့ကြောင်း၊ ရခိုင်ရိုးမ၏ အရှေ့ဖျားဆုံး တောင်တန်းများနှင့် ချင်းတောင်တန်းများပေါ်တွင် အခြေတည်စီးဆင်းသည့် မုန်း၊ မန်းချောင်းတို့တွင် ရေပြည့်ရေလျှံ စီးဆင်းမှုကြောင့် ထိုချောင်းများနံဘေးဝဲယာရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များတွင် ရေ၀င်ရောက်ခဲ့ကြောင်း၊ ထို့ကြောင့် ဇွန် ၁၁ ရက်မှစ၍ လူနှင့်တိရစ္ဆာန်များ ရေဘေးလွတ်ရာ ရှောင်နေခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ မြို့ပေါ်မှာ ဇွန် ၁၄ ရက်က ရေထပ်တက်လာတာကြောင့် ဒီနေ့ ဇွန် ၁၆ ရက်အထိ ရေဘေးရှောင်စခန်း ၁၀ ခုလောက်မှာ လူဦးရေ ၆၀၀ ကျော်လောက်ရှိ နေဆဲပါပဲ။ သူတို့အတွက် သက်ဆိုင်ရာဌာနနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ မြို့ပေါ်နေပြည်သူတွေက စားသောက်စရာနဲ့ ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့ပါတယ်” ဟု စကုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်မင်းက ပြောကြားသည်။

စကုမြို့ ဆွမ်းလောင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ အများပြည်သူ လှူဒါန်းထားတဲ့ ဆန်၊ ဆီ၊ ဟင်းချက်စရာတွေနဲ့ ရေဘေးရှောင် ပြည်သူတွေအတွက် နေ့စဉ်ချက်ပြုတ် ပေးနေကြပါတယ်။ တစ်နေ့ကို ထမင်းတစ်နပ်စာအတွက် ဆန်လေးတင်းခွဲလောက် ချက်ရပါတယ်။ ကြက်ဥဆိုရင် အလုံး ၄၀၀ ကျော်လောက် ချက်ရပါတယ်။ စကုမြို့မှာ မန်းချောင်းက နှစ်စဉ်ရေတက်နေကျ ဆိုပေမယ့် အခုနှစ် ရေတက်တဲ့ ပမာဏက အများဆုံးပါပဲ။ ရေပြန်ကျဖို့ နောက်ထပ်သုံးရက်လောက် ကြာဦးမယ်လို့ မှန်းဆရပါတယ်” ဟု ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း မိုးရက်ဆက်ရွာသွန်း၍ ချောင်းများရေလျှံမှုကြောင့် သီးနှံစိုက်ခင်း ပျက်စီးမှုများ၊ လမ်း၊ တံတား ပြိုပျက်မှုများလည်း ရှိခဲ့ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် မကွေးတိုင်းအတွင်း လူငါးဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း၊ မကွေး၊ မင်းဘူးမြို့များတွင် သက်တမ်းရင့် သစ်ပင်ကြီးများ ပြိုလဲမှုကြောင့် ကား၊ ဆိုင်ကယ်နှင့် လူများထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း သိရသည်။

မုန်းချောင်းနှင့် မန်းချောင်းပေါ်ရှိ ဆည်တမံကြီးများတွင် ဇွန် ၁၅ ရက်မှစ၍ ရေလျော့ကျလျက် ရှိသော်လည်း ထိုဆည်များအောက်ဘက်တွင် ချောင်းရေများ အလုံးအရင်းဖြင့် စီးဆင်းဆဲဖြစ်ကြောင်း၊ မကွေးတိုင်းအတွင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးရှောင်ပြည် သူစုစုပေါင်း ၇၀၀၀ ကျော်ရှိသည်ဟု မကွေးတိုင်း လူကယ်ပြန်ဌာနတွင် စာရင်းရရှိထားသော်လည်း အမှန်တကယ်တွင် ထိုပမာဏထက် ပိုများမည် ဖြစ်ကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများထံမှ သိရသည်။

ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီးနောက် မြို့ကြီးအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ပုသိမ်ချောင်းသာ ကားလမ်းမတစ်လျှောက် တောင်ကျရေ စီးဆင်းမှုကြောင့် လမ်းပိုင်းများ ပျက်စီးခြင်း၊ ကျေးရွာများ ရေနစ်မြုပ်ခြင်း၊ နေအိမ်အချို့ တောင်ကျရေဖြင့် မျောပါခြင်းများ ဖြစ်ပေါ်

ပုသိမ်-ချောင်းသာ ကားလမ်းတစ်လျှောက်အနီး ကျေးရွာအချို့တွင် တောင်ကျရေ စီးဆင်းမှုကြောင့် ကျေးရွာအချို့ ရေနစ်မြုပ်နေသည့်မြင်ကွင်း (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီးနောက် မြို့ကြီးအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီး ပုသိမ်-ချောင်းသာ ကားလမ်းမတစ်လျှောက် တောင်ကျရေ စီးဆင်းမှုကြောင့် လမ်းပိုင်းများ ပျက်စီးခြင်း၊ ကျေးရွာများ ရေနစ်မြုပ်ခြင်း၊ နေအိမ်အချို့ တောင်ကျရေဖြင့် မျောပါခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ ၀ါးခယ်မ၊ လပွတ္တာစသည့် မြို့ကြီးများတွင် ဇွန် ၁၅ ရက် နံနက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ပုသိမ်-ချောင်းသာ ကားလမ်းမတစ်လျှောက် တောင်ကျရေစီးဆင်းမှုကြောင့် လမ်းပိုင်းများ ရေကျော်ပျက်စီးခြင်း၊ ကျေးရွာများ ရေနစ်မြုပ်ခြင်း၊ နေအိမ်အချို့ တောင်ကျရေဖြင့် မျောပါပျက်စီးခြင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့နှင့် မြောင်းမြမြို့တွင် ယခင်နှစ်များက တစ်ကြိမ်တစ်ခါမျှ ရေနစ်မြုပ်ခဲ့ဖူးခြင်းမရှိသည့် မြို့ပေါ်ရပ်ကွက် အများစု ရေ၀င်နစ်မြုပ်ခဲ့ရကြောင်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များနှင့် လူမှုရေး အဖွဲ့အစည်းများက ရေစီးရေလာ ကောင်းမွန်ရေး လုပ်ဆောင်လျက်ရှိပြီး ရေ၀င်နေမြုပ်နေသည့် နေအိမ်များမှ ပြည်သူများအား ကယ်ဆယ်ကူညီမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ပုသိမ်-ချောင်းသာ ကားလမ်းမ တစ်လျှောက်တွင်လည်း တောင်ကျရေ စီးဆင်းမှုကြောင့် လမ်းပိုင်းငါးနေရာခန့်တွင် တောင်ကျရေ ကျော်ဝင်ရောက်နေပြီး ချောင်းသာကမ်းခြေသို့ သွားရောက်သည့် ခရီးသည်ယာဉ်ကြီးများနှင့် အိမ်စီးကားငယ်များ ဖြတ်သန်းမရခြင်းများ ဖြစ်ပေါ်နေကြောင်း၊ ရှော်ပြာကျေးရွာအုပ်စုနှင့် ချောင်းသာ ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာအချို့တွင် တောင်ကျရေ ၀င်ရောက်မှုကြောင့် နေအိမ်နှစ်လုံး အိမ်ထဲမျောပါခြင်း၊ နေအိမ်များ ရေနစ်မြုပ်နေပြီး ရေစီးအား ပြင်းထန်မှုကြောင့် တစ်နေရာမှ တစ်နေရာသို့ သွားလာ၍ မရဘဲ အပင်များပေါ်တွင် နေထိုင်နေရခြင်း ဖြစ်နေသည်ကို တွေ့ရှိရသည်။

ပုသိမ်-ချောင်းသာကားလမ်းတစ်လျှောက် တောင်ကျရေ စီးဆင်းမှုကြောင့် လမ်းပိုင်းအချို့ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

“ကျွန်တော်တို့ မြို့နယ်ကနေ သတင်းရလို့ အခုချက်ချင်း ဆင်းလာတာပါ။ ယာယီ ကယ်ဆယ်ရေးစခန်းကို ရွှေ့ပြောင်းထားရတာ လူပေါင်း ၁၇၀ လောက် ရှိတယ်လို့ ကြားပါတယ်။ အခုဆန်အိတ်နဲ့ ရေသန့်ဘူးတွေကို ထောက်ပံ့ဖို့ ဆင်းလာတာပါ။ ဒီရောက်မှ သတင်းကြားရတာဆို ရေထဲမျောပါတဲ့ နေအိမ်နှစ်လုံးလောက် ရှိတယ်လို့ ကြားရပါတယ်။ ရေကြီးတာက မြန်အောင်တို့ ကြံခင်းတို့မှာ စဖြစ်ခဲ့တာပါ။ အဲဒီမှာလည်း ဆန်ရိက္ခာတွေ ထောက်ပံ့ခဲ့ပါတယ်။ မိုးက ဒီနေ့နဲ့ မနေ့က မိုးအရမ်းများတော့ တောင်ကျချောင်းရေက အရမ်းများလို့ အခု ရေကြီးရေလျှံမှုတွေတော့ ဖြစ်ပေါ်နေပါတယ်။ ကျွန်တော်တို့လည်း ကူညီထောက်ပံ့ဖို့ အလျင်အမြန် ကြိုးစားနေပါတယ်” ဟု ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းစိုးက ပြောကြားသည်။

ပုသိမ်-ချောင်းသာ ကားလမ်းမ တစ်လျှောက်တွင် ကားပိုင်းများ ရေကျော်ဝင်ရောက်နေမှုကြောင့် ခရီးသွားအချို့ လမ်းပိုင်းများတွင် ပိတ်မိနေပြီး ခရီးသည်များ ယာယီတည်းခို နေထိုင်နိုင်ရန် အဆောက်အအုံများ ဆောက်လုပ်နေရပြီး ထမင်းထုပ်များနှင့် ရေသန့်ဘူးများကို ဒေသဆိုင်ရာ တာဝန်ရှိသူများက စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ခဲ့သဖြင့် ရေ၀င်နစ်ခဲ့သော သောက်သုံးရေကန်များအား ရေစုပ်စက်များဖြင့် စုပ်ထုတ်သန့်စင်ရန် အကူအညီများ လိုအပ်နေ

မင်းပြားမြို့နယ် အတွင်းရှိ သောက်သုံးရေကန်တွင် ရေများလွှမ်းနေစဉ်

ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ခဲ့သဖြင့် မင်းပြားမြို့နယ်အတွင်း ရေ၀င်နစ်မြုပ်သွားခဲ့သော သောက်သုံးရေကန်များကို ရေစုပ်စက်များဖြင့် စုပ်ထုတ်သန့်စင်ရန် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ရေ၀င်နစ်မြုပ်ခဲ့သော သောက်သုံးရေ ကန် ၃၀-၄၀ ခန့်ရှိရာ ယင်းရေကန်များမှ ရေဆိုးများကို စက်ဖြင့်စုပ်ထုတ်ပြီး မိုးရေပြန်လည် ဖြည့်တင်းနိုင်ရန် စီစဉ်ထားမှသာ နွေရာသီတွင် သောက်သုံးရေ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် မင်းပြားမြို့ အထက်ပိုင်းရှိ ဖုန်သာချောင်း၊ ပန်းမြောင်းကြီးချောင်း ၀ဲယာရှိ ကျေးရွာများမှ ရေကန်များအား တူးဖော်သန့်စင်ရန် လိုအပ်နေခြင်း ဖြစ်ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသူ ဦးသန်းရွှေထံမှ သိရသည်။

“ရေကတော့ ကျသွားပြီ။ ဒါပေမဲ့ ရေ၀င် နစ်မြုပ်သွားခဲ့တဲ့ သောက်သုံးရေကန်တွေကို အမြန်ဆုံး တူးဖော်ဖို့ လိုအပ်တယ်။ ရေဆိုးတွေကို ရေစုပ်စက်တွေနဲ့ စုပ်ထုတ်ပြီး ကန်ကိုသန့်ရှင်းအောင် လုပ်ပြီးမှ မိုးရေပြန်ဖြည့်မယ်ဆိုရင် အချိန်လည်း ရသေးတယ်။ နွေရာသီ အတွက်လည်း သောက်သုံးရေ အဆင်ပြေမှာ ဖြစ်တယ်။ အဓိကတော့ ရေကန်တူးဖော်ဖို့ ရေစုပ်စက်ပေါ့။ အဲဒါတွေ လိုအပ်တယ်။ တခြားအစားအသောက် တွေကတော့ သိပ်ပြီး အခက်အခဲ မရှိပါဘူး” ဟု ဦးသန်းရွှေက ပြောကြားသည်။

မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ဇွန် ၁၄ ရက်နှင့် ၁၅ ရက်တွင် မင်းပြားမြို့နယ်အတွင်း ကျေးရွာပေါင်းများစွာ ရေနစ်မြုပ်ခဲ့သဖြင့် ထောင်နှင့်ချီသော ဒေသခံများ နေရာရွှေ့ပြောင်း နေထိုင်ခဲ့ရကြောင်း သိရသည်။

ယခုအခါတွင် ရေကျသွားပြီဖြစ်သည့်တိုင် စားဝတ်နေရေးထက် သောက်ရေကန်များကို တူးဖော်သန့်စင်ခြင်းမှာ လွန်စွာအရေးကြီးကြောင်းနှင့် လက်ရှိအနေအထားတွင် လူမှုအဖွဲ့အစည်း များကလည်း တစ်နိုင်တစ်ပိုင် ရေစုပ်စက်များဖြင့် ရေကန်များမှ ရေဆိုးများကို ထုတ်ပယ်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။