မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သရေခေတ္တရာ ရှေးဟောင်းဇုန် အတွင်းရှိ လမ်းအချို့ ပျက်စီးမှုအား ပြန်လည်ပြုပြင်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သရေခေတ္တရာ ရှေးဟောင်းဇုန် အတွင်းရှိ လမ်းအချို့ ပျက်စီးခဲ့မှုအား မူလပုံစံ မပျက်စေဘဲ ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါလမ်းများ ပြင်ဆင်ခြင်းကို စက်တင်ဘာ လဆန်းပိုင်းအတွင်း ပြုလုပ်နေခြင်းဖြစ်ပြီး ရှေးဟောင်းဇုန် အတွင်းရှိ ရဟန္တာကန် အတက်နေရာ၊ မိဖုရားသင်္ချိုင်းနှင့် ကုန်းအမှတ် (၅၃) ပျူအရိုးအိုးသင်္ချိုင်းသို့ သွားရောက် နေရာများတွင် ဌာနရှိ အမျိုးသားများ စုစည်းကာ ကိုယ်ထူကိုယ်ထ လမ်းပြင်နေမှုများကို ပြုလုပ်နေကြောင်း သိရသည်။

“ဒီနှစ်အတွင်းမှာ မိုးတွေတစ်အားကြီးတဲ့ အတွက်ကြောင့် လမ်းတွေပျက်တာရှိတယ်။ ကျွန်တော်တို့ ဇုန်ပတ်လမ်းတွေ ပျက်စီးမှုမှာ ဘတ်ဂျက်ကလည်း မရှိတော့ ဌာနက အမျိုးသားတွေစုပြီး လမ်းပြင်တာတွေကို ပြုလုပ်နေပါတယ်။ ပျက်စီးနေတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ နေပြည်တော်ကို တင်ပြထားတယ်” ဟု ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။

ယင်းရှေးဟောင်းဇုန် အတွင်းသို့ ကားကြီးများ ၀င်ရောက်ခြင်းကို တားမြစ်ထားပြီး  ယာဉ်ငယ်အချို့နှင့် မော်တော်ဆိုင်ကယ်များသာ ၀င်ရောက်ခွင့်ပြုထားပြီး လက်ရှိတွင် ခွင့်ပြုထားသည့်ယာဉ်များ ၀င်ထွက်ရန်ပင် လမ်းများမှာ ဆိုးရွားနေကြောင်း ဒေသခံများထံက သိရသည်။

“ဒေသတွင်း ဆိုင်ကယ်ကားလေးတွေ သွားနေတာက ပြဿနာမရှိဘူး။ တစ်ခါတလေကျတော့ ဖောကားလိုမျိုး ကားကြီးတွေ လာတတ်တယ်။ မြေသယ်ကားတွေ လာတတ်တယ်။ ဒါမျိုးဆိုပျက်ရော မိုးကဒီနှစ်ကောင်းတော့ မြေသားလမ်းလည်းဖြစ် ကားကြီးတွေကလည်း မောင်းတော့ အကုန်ယက်ထုတ် လိုက်သလို ဖြစ်သွားတယ်။ အခုကတော့ တချို့နေရာတွေက ဆိုင်ကယ်ဘီး တစ်နေရာရှောင်ဖို့တောင် မလွယ်တဲ့ နေရာတွေလည်း ရှိနေပါတယ်” ဟု ဒေသခံဦးမျိုးက ပြောကြားခဲ့သည်။

 

မန္တလေးမြို့ အမရပူရ ရွှေကူကျောင်းကြီး ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်း အုတ်လှေကားကို အင်္ဂတေများဖြင့် ပြုပြင်မှုအား ပြန်လည်ခွာချလျက်ရှိ

ရှေးဟောင်း အုတ်လှေကားကို အင်္ဂတေများဖြင့် ပြုပြင်မှုအား ပြန်လည်ခွာချထားစဉ်

မန္တလေးမြို့ အမရပူရမြို့နယ် ရွှေကူကျောင်းကြီးကျောင်းတိုက် အတွင်းရှိ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်သော အုတ်ကျောင်းကြီး အတက်လှေကားအား အင်္ဂတေများဖြင့် ပြုပြင်ထားမှုကို ယခုအခါ ပြန်လည်ခွာချ လျက်ရှိကြောင်း သိရသည်။

နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိပြီ ဖြစ်သည့် အဆိုပါ ရှေးဟောင်းအုတ်ကျောင်းကြီးအား နိုင်ငံခြားသားများ ၀င်ရောက်လေ့လာမှု များပြားလာသောကြောင့် လာရောက်လေ့လာသူများ အတက်အဆင်း အဆင်ပြေစေရန် အင်္ဂတေအချောကိုင်ကာ ပြုပြင်ထားခြင်း ဖြစ်သော်လည်း ဝေဖန်ကန့်ကွက်မှုများ ရှိနေသည့်အတွက် ယခုအခါ အဆိုပါ အင်္ဂတေများအား ပြန်လည်ခွာချထားပြီးဖြစ်ကြောင်း ရွှေဂူကြီးကျောင်းတိုက်မှ ဦးပဉ္ဇင်းတစ်ပါးက မိန့်ကြားသည်။

“ဦးဇင်းတို့ ဆရာတော်ကြီးက စေတနာနဲ့ လုပ်ပေးတာပါ။ ဒီကျောင်းတိုက်ကြီး ရေရှည်တည်မြဲအောင် ဦးဇင်းတို့တွေ၊ ကိုရင်တွေက အမြဲလုပ်အားပေး သန့်ရှင်းရေး လုပ်နေတာပါပဲ။ နိုင်ငံခြားသားတွေက အတက်အဆင်း လုပ်တဲ့အခါ လှေကားက အုတ်တွေက ဆွေးမြည့်နေတော့ အဆင်မပြေကြတာနဲ့ အင်္ဂတေ ကိုင်လိုက်တာပါ။ အခုတော့ ပြန်ခွာချထားလိုက်ပြီ” ဟု အဆိုပါ ရွှေဂူကြီးကျောင်းတိုက်မှ ဦးပဉ္ဇင်းက မိန့်ကြားသည်။

အမရပူရမြို့နယ်ရှိ ရွှေကူကြီးအုတ်ကျောင်းတွင် ဘုန်းတော်ကြီးမှ နိုင်ငံခြားသားများ လာရောက်ကြည့်ရှုရန် ရှေးဟောင်းလှေကားမှ အပေါ်သို့တက်ရာတွင် အဆင်မပြေသဖြင့် ခိုင်ခံ့စေရန် လှေကားအပေါ်ဘက် အင်္ဂတေဖြင့် ကိုယ်တော်လေးများက စေတနာဖြင့် ပြုလုပ်ခဲ့သည်မှာ ရက်ပိုင်းသာရှိသေးကြောင်း၊ ရှေးဟောင်းသုတေသန အနေဖြင့် ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ရှေးဟောင်းလက်ရာအတိုင်း ထိန်းသိမ်းနေပါသဖြင့် ရှေးဟောင်းလှေကားကို နဂိုမူလလက်ရာအတိုင်းသာ ထားရှိရမှာ ဖြစ်ပါကြောင်း ရှင်းလင်းပြောဆို ဆွေးနွေးလျှောက်ထားမှု အပေါ်မှ အင်္ဂတေများကို ပြန်လည်ခွာထုတ်နေပြီဖြစ်ပြီး ရှေးဟောင်းလက်ရာများကို မပျက်စီး မပျောက်ဆုံးစေရေးအတွက် အဘက်ဘက်မှ ကူညီသတင်းပေးပို့သူများကို အထူးကျေးဇူးတင်ရှိပါကြောင်း မန္တလေးမြို့ ရှေးဟောင်းဌာနမှ ဒေါ်မေမြင့်မိုက ၎င်း၏ဖေ့ဘွတ်အကောင့်တွင် ရေးသား ဖော်ပြထားသည်။

 

လင်းဇင်းကုန်းသုသာန်ဟောင်း အတွင်းမှ အမရပူရခေတ် ရှေးဟောင်းစေတီနှင့် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန် ကုန်ကျစရိတ် တွက်ချက်ပြီး ရှေးဟောင်းသုတေသန ဦးစီးဌာနသို့ တင်ပြထား

အမရပူရခေတ်လက်ရာ ရှေးဟောင်းစေတီနှင့် အဆောက်အအုံအချို့ကို တွေ့ရစဉ်

အမရပူရမြို့နယ် တောင်သမန်အင်းမြောက်ဘက်ရှိ လင်းဇင်းကုန်းသုသာန်ဟောင်း အတွင်းမှ အမရပူရခေတ်လက်ရာ ရှေးဟောင်းစေတီနှင့် အဆောက်အအုံများမှာ လက်ရှိအချိန်တွင် ပြိုကျပျက်စီးမည့် အခြေအနေ ရင်ဆိုင်နေရပြီး ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နိုင်ရန်အတွက် ကုန်ကျစရိတ်တွက်ချက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ တင်ပြထားကြောင်း သိရသည်။

အမရပူရခေတ် ဘိုးတော်ဘုရား လက်ထက်က တည်ဆောက်ခဲ့သည့် လင်းဇင်းကုန်း သုသာန်ဟောင်း အတွင်းမှ ရှေးဟောင်းစေတီနှင့် သာသနိက အဆောက်အအုံများကို ယခင်အစိုးရလက်ထက် အတွင်းက တူးဖော်သုတေသန ပြုလုပ်ကာ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့သော်လည်း အခြေအနေ အကြောင်းကြောင်းကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရသည်မှာ ယခုအချိန်အထိဖြစ်ကြောင်း၊ ထိုသို့ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ရပ်နားထားရခြင်းကြောင့် ရှေးဟောင်း အဆောက်အအုံများမှာ ကြံ့ခိုင်မှုအားနည်းလာပြီး ပြိုကျပျက်စီးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့သည့် မြန်မာမှု ဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပ၀တီ) က ပြောကြားသည်။

“လင်းဇင်းကုန်းအတွင်းက ရှေးဟောင်းအဆောက်အအုံတွေ ပြုပြင်ထိန်းသိမ်းနိုင်ဖို့အတွက် ဘယ်လောက် ကုန်ကျနိုင်မလဲဆိုတာ တွက်ချက်ခိုင်းထားတာကြောင့် ကုန်ကျစရိတ်တွက်ချက်ပြီး ရှေးဟောင်းဌာနကို တင်ပြထားပါတယ်။ မကြာခင်မှာတော့ ထိန်းသိမ်းသွားနိုင်မယ်လို့ ထင်ပါတယ်။ အဆောက်အအုံတွေက မိုးတွင်းကာလမှာ အချိန်မီ ထိန်းသိမ်းနိုင်မှု မရှိဘူးဆိုရင် ပြိုကျသွားတော့မှာ။ စေတီရဲ့ အနောက်ဘက်မှာရှိတဲ့ တိုင်ဆိုရင် အောက်ခြေက ခံနိုင်အားမရှိလို့ ဒေါက်တိုင်တွေနဲ့ ကူထောက်ထားရတယ်။ သူ့ကိုအချိန်မီ မထိန်းသိမ်းနိုင်ဘူးဆိုရင် မကြာခင်မှာ ပြိုလဲတော့မှာပါ။ ဒါကြောင့် ပြိုကျပျက်စီးနိုင်မယ့် အဆောက်အအုံတွေကို အမြန်ဆုံး ပြုပြင်ထိန်းသိမ်းခွင့်ရဖို့ အရေးကြီးပါတယ်” ဟု မြန်မာမှု ဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပ၀တီ) က ပြောကြားသည်။

“အမရပူရ ရှေးဟောင်းစေတီတော်နဲ့ အဆောက်အအုံတွေ အချိန်မီပြုပြင် ထိန်းသိမ်းခွင့် ရရှိဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်ကပဲ မန္တလေးရှေးဟောင်းဌာနကနေ နေပြည်တော်ကို တင်ပြထားတယ်လို့ သိရပါတယ်။ ဒါတွေကို ပြုပြင်ထိန်းသိမ်းသွားမှာက ဘယ်အဖွဲ့အစည်းမှ ပါဝင်မှာ မဟုတ်ဘဲ ကျွန်တော့်အနေနဲ့ အလှူငွေ ပေးအပ်လှူဒါန်းပြီး  ပြုပြင်ထိန်းသိမ်းဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ လက်ရှိ မူလပျက်ပုံအတိုင်းပိုပြီးတော့ မပျက်စီးသွားစေဖို့ ပြုပြင်ထိန်းသိမ်းဖို့ လုပ်ဆောင်သွားမှာပါ” ဟု ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းနိုင်ရန် အလှူငွေပေးအပ် လှူဒါန်းမည့် ဦးအောင်ကိုလင်းက ပြောကြားသည်။

အမရပူရမြို့နယ် လင်းဇင်းကုန်းသုသာန်အတွင်းရှိ ဘိုးတော်ဘုရားလက်ထက်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းအဆောက်အအုံများမှာ ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းမှု မပြုလုပ်နိုင်ခဲ့သဖြင့် လက်ရှိတွင် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါ အမရပူရခေတ်လက်ရာ အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။

ဓည၀တီ ရှေးဟောင်းဇုန်အတွင်း ကျရောက်သည့် ကျောက်တော်-မြောက်ဦး ရထားလမ်းပိုင်း ပြန်လည် ဖျက်သိမ်းခြင်းလုပ်ငန်း စတင်

ဖျက်သိမ်းပြီး ရထားလမ်းပိုင်းအား မြေညှိပေးနေစဉ် (Photo : Khaing Morn Twan)

ဓည၀တီ ရှေးဟောင်းဇုန်ထဲတွင် ကျရောက်သည့် ကျောက်တော်-မြောက်ဦး ရထားလမ်းပိုင်း ပြန်လည်ဖျက်သိမ်းခြင်းနှင့် ရထားလမ်းအား စိုက်ပျိုးအဖြစ် မြေညှိခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ဓည၀တီရှေးဟောင်းဇုန်ထဲတွင် ကျရောက်သည့် ကျောက်တော်-မြောက်ဦး ရထားလမ်းပိုင်း ပြန်လည်ဖျက်သိမ်းခြင်း လုပ်ငန်းတွင် ကျောက်တော်မြို့နယ် မဟာမုနိ ဘူတာမှ မြောက်ဦးဘက်သို့ လမ်းပိုင်းအား လယ်ယာမြေအဖြစ် ပြန်လည်လုပ်ကိုင်နိုင်ရန် မြေညှိခြင်းလုပ်ငန်းကို မေ ၁၆ ရက်ကစပြီး လက်ရှိ တွင် ပေ ၅၀၀ အထိ ပြီးစီးနေပြီဖြစ်ကြောင်းနှင့် မြေညှိပေးနေသည်မှာ မဟာမြတ်မုနိဘူတာကနေ မြောက်ဦးဘက်သို့ တစ်မိုင်ခန့် မြေညှိပေးမည်ဖြစ်ပြီး ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်အပေါ်မူတည်ပြီး ရထားလမ်းပိုင်းကို မြေညှိပေးသွားမည်ဟု စစ်တွေ-မင်းဘူး ရထားလမ်း စီမံကိန်းရုံးမှ မန်နေဂျာ ဦးဝင်းထွဋ်က ပြောကြားသည်။

စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်းရုံးမှ မန်နေဂျာ ဦးဝင်းထွဋ်က “အခုတော့ ဓည၀တီ ရှေးဟောင်းနယ်မြေထဲကဟာကို ဖျက်သိမ်းနေပါပြီ။ လောလောဆယ် ပေ ၅၀၀၊ ပေ ၇၅၀ လောက်တော့ မြေညှိပြီးပါပြီ။ လမ်းပိုင်းစလုပ်တာက ၂၀၀၉ ခုနှစ်က စတယ်။ ၂၀၁၄ ခုနှစ်မှာ ဒေသခံတွေက တောင်းဆိုတဲ့အတွက် ရထားလမ်းကို ယာယီရပ်ဆိုင်းလိုက်တယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာကျတော့ ကျောက်တော်-မြောက်ဦး ရထားလမ်းပိုင်းကို ဖျက်သိမ်းဖို့ ညွှန်ကြားချက် ရောက်တယ်။ အဲဒီကတည်းကစပြီး ဖျက်သိမ်းလိုက်တာပါ။ ကျွန်တော်တို့က ဖျက်သိမ်းလိုက်တဲ့အခါ ဒေသခံတောင်သူတွေက ဒီလမ်းမြေတွေကို ပြန်ပြီး စိုက်ပျိုးလို့ရအောင် လုပ်ပေးပါဆိုပြီး တောင်းဆိုပါတယ်။ အဲဒါကြောင့် ၀န်ကြီးဌာနက ရထားလမ်းမြေတွေကို ပြန်ညှိပေးနေတာပါ” ဟု ပြောကြားသည်။

မြေညှိခြင်းကို ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလထိ ခြောက်လဘတ်ဂျက်တွင် တစ်မိုင်လောက် ညှိပေးမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမူ အပေါ်မှာ မူတည်ပြီး ဆက်လက်မြေညှိ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်သူလယ်သမားများ ဥပဒေအထောက်အကူပြုကွန်ရက် (ရခိုင်ပြည်နယ်) မှ စီမံကိန်းမန်နေဂျာ ကိုကျော်ထွီးက “အခုတော့ ဘတ်ဂျက်အလိုက် မြေညှိပေးနေတဲ့အတွက် အများကြီး ၀မ်းသာပါတယ်။ ဆက်ပြီးတော့ လယ်သမားတွေ စိုက်ပျိုးနိုင်အောင်အထိ ပြုလုပ်ပေးဖို့ကိုလည်း နိုင်ငံတော်အစိုးရထံ တောင်းဆိုချင်ပါတယ်။ အခုမြေညှိပေးတဲ့မြေတွေမှာ သီးနှံစိုက်လို့တော့ မဖြစ်သေးပါဘူး။ အနည်းဆုံး တစ်နှစ်နှစ်နှစ်ထိ စောင့်ရပါ မယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် စစ်တွေ -ရေချမ်းပြင် ၁၁ မိုင် လမ်းပိုင်း၊ ပုဏ္ဏားကျွန်း (ကွမ်းတောင်)  – ကျောက်တော် ၄၃ မိုင် လမ်းပိုင်း စုစုပေါင်း ၅၄ မိုင်တွင်ရထားများ ပုံမှန်ပြေးဆွဲပေးနေကြောင်းနှင့် ဖျက်သိမ်းလိုက်သည့် ကျောက်တော် -မြောက်ဦး လမ်းပိုင်းသည် ၃၂ မိုင်ခွဲရှိကြောင်း သိရသည်။

ကျောက်တော်မြို့နယ်တွင် လိုဏ်ခေါင်းတစ်ခု တူးဖော်ရာမှ ရှေးဟောင်းဆင်းတုတော်များနှင့် ရုပ်တုများ တူးဖော်တွေ့ရှိ

တူးဖော်တွေ့ရှိခဲ့သော ဗုဒ္ဓဆင်းတုတော် (ပုံသေး) နှင့် အုတ်နံရံများ (ပုံကြီး) ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ရွက်မညှိုးတောင်တန်းရှိ ပြိုင်းတောင်၊ တောင်ဦးတွင် အုတ်နံရံများနှင့် ဂူတစ်ခုအား တူးဖော်ကြည့်ရာမှ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များနှင့် ရုပ်တုများ တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းဆင်းတုတော်များကို မတ် ၃၁ ရက်က တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကာ ရှေးမူလက်ရာမပျက်အောင် ဆက်လက်တူးဖော်မှုများ ပြုလုပ်လျက်ရှိပြီး သက်ဆိုင်ရာ ရှေးဟောင်းသုတေသန ဌာနသို့လည်း အကြောင်းကြားထားကြောင်း သိရသည်။

“အဲဒီအနီးအနားမှာတော့ ရွာမရှိဘူး။  ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ် အနီးမှာရှိတဲ့ တောင်တန်းတစ်ခုရဲ့ တောင်ဦးဆိုတဲ့တောင်မှာ ဂူတစ်ခုကိုတွေ့လို့ တူးဖော်ကြည့်တော့ ဂူက မြေအောက် ၁၀ ပေလောက် အနက်မှာ ရှိနေတာ။ အဲဒီအတွင်းဘက်မှာ ဆင်းတုတော်တွေကို တွေ့တာ။ မြေကြီးအောက်ကို တူးလိုက်တော့ ဗုဒ္ဓဆင်းတုတော် အကျိုးအပဲ့တွေကို တွေ့တယ်။ ပလ္လင်တွေ တွေ့တယ်။ ပြီးတော့ ကျောက်ထွင်း ပန်းပုလက်ရာတွေကိုတွေ့တယ်။ လက်ရာတွေကတော့ ရှေးခေတ်လက်ရာတွေပေါ့။ အုတ်ချပ်တွေကလည်း အကြီးကြီးတွေကို တွေ့တယ်။  ကျောက်နံရံမှာလည်း ထွင်းထားတဲ့ ရုပ်တုမျိုးစုံကို တွေ့ရတယ်။ ကျွန်တော့်အမြင်ကတော့ ဂူထဲမှာ တည်ထားခဲ့တဲ့ ဘုရားလို့သာ မြင်တယ်။ ဘယ်ခေတ်ကလုပ်တယ် ဆိုတာတော့ ပညာရှင်တွေလာပြီး လေ့လာမှ သိရမှာပါ။ ကျွန်တော်တို့က ပညာရှင် မဟုတ်တော့ ပြောဖို့ခက်ပါတယ်” ဟု ပက်ခွက်ဆိပ်ကျေးရွာမှ ကိုနေမျိုးအောင်က ပြောကြားသည်။

ပက်ခွက်ဆိပ်၊ ရွက်မညိုးတောင်၊ မော်ရွာ၊ ဒေ၀န်း၊ ခမောင်းတော စသည့်ကျေးရွာများမှ ကျေးရွာလူကြီးများ ဦးဆောင်ပြီး တူးဖော်နေခြင်းဖြစ်ကာ ကျေးရွာသူ ရွာသားများကလည်း တူးဖော်မှုကို လာရောက် ကူညီပေးကြကြောင်း၊ အဆိုပါတောင်သည် ရန်ကုန်-စစ်တွေ ကားလမ်းနံဘေးတွင် တည်ရှိပြီး ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြို့နယ်ခြားစည်းအတွင်း တည်ရှိသော တောင်တစ်ခုဖြစ်ကာ လာရောက် ကြည့်ရှုသူ များပြားလျက်ရှိကြောင်း သိရသည်။

ရတနာပုံခေတ်လက်ရာ ရွှေနန်းတော်ကျောင်းပြုပြင်ထိန်းသိမ်းမှု ရာခိုင်နှုန်း ၅၀ ကျော်ပြီးစီးပြီဖြစ်ကာ ကျန်ရှိအစိတ်အပိုင်းအချို့ပြုပြင်ရန် ရှေးဟောင်းသုတေသနဌာန၏ ခွင့်ပြုချက်စောင့်ဆိုင်းနေ

ရွှေနန်းတော်ကျောင်းသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့လာနေစဉ်

မန္တလေးမြို့ရှိ ရတနာပုံ ခေတ်နှောင်းပိုင်းလက်ရာတစ်ခုဖြစ်သည့် ရွှေနန်းတော်ကျောင်းအား မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်လျက်ရှိပြီး အောက်ခြေကြမ်းခင်းနှင့် ဘေးဝရန်တာများကို အရည်အသွေးမီ ကျွန်းသစ်များဖြင့် မူလလက်ရာအတိုင်း အစားထိုးပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကာ လက်ရှိပြုပြင်ထိန်းသိမ်ခြင်းလုပ်ငန်းများ ပြီးစီးမှုမှာ ရာခိုင်နှုန်း ၅၀ ကျော်ရှိပြီဖြစ်ကြောင်းနှင့် အဆောက်အအုံ၏အစိတ်အပိုင်းအချို့ကို ပြုပြင်ထိန်းသိမ်းခွင့်ရရှိရန်အတွက် ရှေး ဟောင်းသုတေသနဦးစီးဌာန၏ ခွင့်ပြုချက်ကျပါက စတင်သွားမည်ဖြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်နေသည့် အမေရိကန်နိုင်ငံအခြေစိုက် World Monuments Fund (ကမ္ဘာ့အဆောက်အအုံများ ရန်ပုံငွေအဖွဲ့) ထံမှ သိရသည်။

မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းအား နိုင်ငံတကာအဆင့်မီပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အမေရိကန်အစိုးရက ၂၀၁၃ ခုနှစ်တွင် ကမ်းလှမ်းမှုများပြုလုပ်ခဲ့သည်။ ယင်း နောက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီမှစတင်ကာ အမေရိကန်နိုင်ငံအခြေစိုက် World Monuments Fund (ကမ္ဘာ့အဆောက်အအုံများရန်ပုံငွေအဖွဲ့) မှ ရွှေနန်းတော်ကျောင်း၏ ပျက်စီးနေမှုအစိတ်အပိုင်းများအား 3D Laser Scanner ပုံရိပ်ဖမ်းစက်များဖြင့် အသေးစိတ် မှတ်တမ်းများရယူခြင်း၊ သစ်သားဆွေးမြည့်မှုများလေ့လာခြင်း၊ ကျောင်းအတွင်းရေစီးရေလာ စနစ်များလေ့လာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များရယူခြင်း အစရှိသည့် နည်းလမ်းမျိုးစုံဖြင့် လေ့လာမှတ်တမ်းရယူမှုများနှင့် ကျောင်းဆောင်အနောက်ဘက်ရှိ ပျက်စီးမှုများဖြစ်ပေါ်နေသည့် အောက်ခြေကြမ်းခင်းများနှင့် ဘေးဝရန်တာများကို အစားထိုးလဲလှယ်ခြင်းအစရှိသည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို သုံးနှစ်ကျော် အချိန်ယူပြုလုပ်ခဲ့သည်။ လက်ရှိအချိန်တွင် ကျောင်းဆောင်အောက်ခြေတိုင်၌ တပ်ဆင်ထားသည့် နယားအရုပ်များကို ပြုပြင်ထိန်းသိမ်းခြင်းများ လုပ်ဆောင်လျက်ရှိပြီး ရှေးဟောင်း သုတေသနဌာန၏ခွင့်ပြုချက်ကျပါက အရှေ့၊ မြောက်ဘက်နှင့် တောင်ဘက်တို့ရှိ အောက်ခြေကြမ်းခင်းများနှင့် ဘေးဝရန်တာများအား မူလလက်ရာမပျက် အရည်အသွေးမီ ကျွန်းသစ်များဖြင့် အစားထိုးပြုပြင် လဲလှယ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရွှေနန်းတော်ကျောင်းရဲ့ နယားအရုပ်တွေနဲ့ ကျောင်းဆောင်ရဲ့ သစ်သားအစိတ်အပိုင်းအချို့ကို ပြုပြင်နေတယ်။ ပြုပြင်ပြီးသွားရင် နယားအရုပ်တွေကို သူ့ရဲ့မူလလက်ရာအတိုင်း မူလနေရာကို ပြန်ထားသွားမယ်။ ရွှေ နန်းတော်ကျောင်းပြုပြင်ထိန်းသိမ်းမှုရာခိုင်နှုန်းက ရာခိုင်နှုန်း ၅၀ ကျော်ပြီးစီးနေပါပြီ။ ကျောင်းဆောင်ရဲ့ အရှေ့၊ မြောက်ဘက်နဲ့ တောင်ဘက်တို့က အောက်ခြေကြမ်းခင်းတွေ နဲ့ ဘေးဝရန်တာတွေကို အရည်အသွေးမီတဲ့ ကျွန်းသစ်နဲ့ အစားထိုးပြုပြင်လဲလှယ်သွားဖို့ ရှေးဟောင်းသုတေသနဌာနကို ခွင့်ပြုချက်တင်ထားတယ်။ ခွင့်ပြုချက်ရတာနဲ့ စတင်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ လုပ်ငန်းအတွေ့အကြုံတွေအရ ပြောရမယ်ဆိုရင် ဥရောပမှာ ဒီလိုအဆောက်အအုံတွေ ပြုပြင် ထိန်းသိမ်းမယ်ဆိုရင် အချိန်ကာလက ငါးနှစ်လောက် သတ်မှတ်ထားတယ်ဆိုရင် သတ်မှတ်ချက်အတိုင်း ပြီးစီးအောင်လုပ်နိုင်ပါတယ်။ သည်မှာ (မြန်မာနိုင်ငံ) က အချိန်ကာလ သတ်မှတ်ချက်က ပြောရခက်ခဲပါတယ်။ ဘာကြောင့်ဆို အခုလို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ဆောင်တဲ့အတွေ့အကြုံ အားနည်းချက်တွေရှိတော့ လုပ်ငန်းလုပ်ဆောင်ရတာ အားနည်းချက်လေးတွေရှိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာခွင့်ပြုချက်ရ တာနဲ့ ကျန်ရှိနေတဲ့ အဆောက်အအုံပိုင်းတွေကို ပြုပြင်ထိန်းသိမ်းမှုတွေ စတင်သွားမှာပါ” ဟု World Monuments Fund ၏ Program Director Mr. Jeffery Allen က ပြောကြားသည်။

ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းအတွက် အမေရိကန်အစိုးရမှ ကနဦးကူညီထောက်ပံ့ငွေ ဒေါ်လာ ငါးသိန်း ထောက်ပံ့ခဲ့ပြီးနောက် စီမံကိန်းအကောင်အထည်ဖော်နေစဉ်အတွင်း ဘတ်ဂျက်ငွေအခက်အခဲကြောင့် စီမံကိန်းကို ခေတ္တရပ်နားထားခဲ့ရကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဒုတိယပိုင်းစီမံကိန်းအတွက် အမေရိကန်အစိုးရက ဒေါ်လာ သုံးသိန်း ထောက်ပံ့ပေးထားကြောင်း WMF က ထုတ်ပြန်ထားသည်။ ရွှေနန်းတော်ကျောင်း၏ ပျက်စီးယိုယွင်းမှုများ၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် စီမံကိန်းတစ်ခုလုံးအတွက် စုစုပေါင်းကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၁၅ သိန်းခန့် ကုန်ကျနိုင်မည်ဖြစ်ကြောင်း WMF ထံမှ သိရသည်။