၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အမြန်ဆုံးကြေညာသင့်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများ တိုက်တွန်း

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ရွေးကောက်ပွဲ ကျင်းပမည့်ရက်အား ယခုအချိန်ကတည်းက ကြေညာသင့်ကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းလိုက်သည်။

ဇန်န၀ါရီ ၁၇ ရက်က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားသည့် ရွေးကောက်ပွဲမူဘောင် ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ERCB) က ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်စဉ်တွင် ပွင့်လင်းမြင်သာမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြင့်မားလာရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းကြောင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းသည်။

ရွေးကောက်ပွဲ ကျင်းပရန် လျာထားသည့် အချိန်ကာလနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အချိန်စာရင်းကို မသိရှိရသဖြင့် မဲဆန္ဒရှင်များ၏ ပါဝင်မှု အားနည်းပါးနိုင်ခြင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ် စီမံခန့်ခွဲမှု အခက်အခဲကြုံနိုင်ခြင်း၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု အားနည်းနိုင်ခြင်း စသည်တို့ ဖြစ်လာနိုင်သည်ကို ရွေးကောက်ပွဲမူဘောင် ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ERCB) က စိုးရိမ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။

သို့ဖြစ်ပါ၍ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအ၀င် အများပြည်သူများ ပါဝင်ဆောင်ရွက်မှု မြင့်မားလာရေးအတွက် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ် အချိန်စာရင်း (ရွေးကောက်ပွဲနေ့၊ ကိုယ်စားလှယ်လောင်း အမည်တင်သွင်းမည့်နေ့၊ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းနှင့် ထုတ်ပြန်ကြေညာသည့်နေ့၊ ကြိုတင်မဲပေးရမည့်နေ့) လုပ်ငန်းစဉ် အသေးစိတ်ကို အနည်းဆုံး ခြောက်လကြိုတင် ကြေညာပေးရန်၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ မဲဆန္ဒရှင်စာရင်း၊ မဲရုံစာရင်း၊ ကိုယ်စားလှယ်လောင်းစာရင်း၊ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ/လုပ်ထုံးလုပ်နည်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးရန်နှင့် လစ်လပ်နေရာ အများစုတွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို စီမံခန့်ခွဲရန်နှင့် ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ပူးပေါင်းပါဝင်မှုပြုလုပ်ရန် အခက်အခဲ မရှိနိုင်သည့် ပွင့်လင်းရာသီ ကာလမျိုးတွင် ရွေးချယ်ကျင်းပရန်လည်း ရွေးကောက်ပွဲ မူဘောင် ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ERCB) က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းထားသည်။

ထို့အတူ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) မှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က “ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အမြန်ဆုံးကြေညာဖို့ တိုက်တွန်းလိုပါတယ်။ ခြောက်လကြိုပြီးတော့ ကြေညာပါ။ ဒါမှ နိုင်ငံသားတွေ ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်မှာ ပိုမိုပါဝင်လာနိုင်ဖို့ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ပြင်ဆင်မှုတွေ အသိပညာပေးမှုတွေ ပိုမိုဆောင်ရွက်နိုင်မယ်။ နောက်ပြီး ကြိုတင်ကြေညာခြင်းအားဖြင့် အနိုင်ရပါတီပဲ ဖြစ်ဖြစ်၊ ပါတီအသစ်တွေပဲ ဖြစ်ဖြစ်၊ ၀င်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအားလုံး တစ်ပြေးညီ ပြင်ဆင်ချိန်ရမယ်။ ဒါဟာ ရွေးကောက်ပွဲကော်မရှင်အတွက် ပွင့်လင်းမြင်သာမှုနဲ့ သမာသမတ်ကျမှုကို ပြသရာလည်း ရောက်ပါမယ်”ဟု သတင်းစာရှင်းလင်းရာတွင် ပြောကြားသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံနိုင်ရန် ရွေးကောက်ပွဲမူဘောင် ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ERCB) အနေဖြင့် စီစဉ်ထားကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် နှစ်နေရာ အပါအ၀င် လစ်လပ်နေသည့် မဲဆန္ဒနယ် ရှစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် က ဇန်န၀ါရီ ၁၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါ လစ်လပ်လျက်ရှိသည့် မဲဆန္ဒနယ်မြေများမှာ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ချင်းပြည်နယ် မတူပီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)၊ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်သူ့လွှတ်တော်တွင် လစ်လပ်နေသည့် နှစ်နေရာသည် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မဲဆန္ဒနယ်နှင့် ရှမ်းပြည်နယ် လဲချားမြို့နယ် မဲဆန္ဒနယ်များ ဖြစ်ကြောင်း သိရသည်။

ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လတာအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ကော်မရှင်အဖွဲ့ခွဲရုံးများအတွက် ကျပ်သန်း ၂၈၃၄ ဒသမ ၀၅၆ နှင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျပ်သန်း ၁၆၆၁ ဒသမ ၆၁၆၊ စုစုပေါင်း သာမန်အသုံးစရိတ် ကျပ် သန်း ၄၄၉၅ ဒသမ ၆၇၂ ကို ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီ ၁၆ ရက်က တင်ပြခဲ့သည်။

အရပ်သားအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပြီးဖြစ်ကာ ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် ငါးကြိမ်မြောက် ပြုလုပ်သည့် ရွေးကောက်ပွဲဖြစ်လာမည် ဖြစ်သည်။

ပြည်သူ့လွှတ်တော် နှစ်နေရာ အပါအ၀င် လစ်လပ်မဲဆန္ဒနယ် ရှစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်မည်

ဇန်န၀ါရီ ၁၅ ရက်က နေပြည်တော်တွင်ပြုလုပ်သော လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်လာသော ကိုယ်စားလှယ်များကို တွေ့ရစဉ်

ပြည်သူ့လွှတ်တော် နှစ်နေရာ အပါအ၀င် လစ်လပ်နေသည့် မဲဆန္ဒနယ် ရှစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။

ဇန်န၀ါရီ ၁၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၃) မှ ဦးခင်မောင်လတ်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ်နေရာအတွက် ရွေးကောက်ပွဲပြုလုပ်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းသည်။

အဆိုပါမေးမြန်းမှုအား ဦးအောင်မြင့်က”ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) အပါအ၀င် လစ်လပ်နေတဲ့ မဲဆန္ဒနယ် ရှစ်နေရာရှိပါတယ်။ ပြည်သူ့လွှတ်တော်မှာ နှစ်နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မှာ ခြောက်နေရာ ရှိပါတယ်။အဲဒီ လစ်လပ်မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်အတွင်းမှာ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် ရှစ်နေရာတွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ်မှာ နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ကျန်လစ်လပ်နေရာများသည် ကွယ်လွန်သွားသည့်အတွက် လစ်လပ်ခြင်းဖြစ်ကြောင်း သိရသည်။

လစ်လပ်လျက်ရှိသည့် မဲဆန္ဒနယ်မြေများမှာ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ချင်းပြည်နယ် မတူပီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)၊ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)၊စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်သူ့လွှတ်တော်တွင် လစ်လပ်နေသည့် နှစ်နေရာသည် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မဲဆန္ဒနယ်နှင့် ရှမ်းပြည်နယ် လဲချားမြို့နယ် မဲဆန္ဒနယ်များဖြစ်ကြောင်း သိရသည်။

ဦးအောင်မြင့်က”ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့်နေ့ကို ကြေညာပါမယ်။ ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ ညှိရဦးမယ်။မဲစာရင်းကောက်ဖို့တွေရော ဆိုတော့လေ။ ၂၀၁၈ ခုနှစ်ထဲမှာတော့ဖြစ်မယ်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဘတ်ဂျက်ကိစ္စတွေလည်း လုပ်နေပါတယ်။ မဲစာရင်းကောက်ရမယ်။ ရွှေ့ပြောင်းသွားတာတွေ၊ ရွှေ့ပြောင်းလာတာတွေ ရှိဦးမယ်။ ကြားဖြတ်ပြုလုပ်မယ့်နေ့ကို မကြာခင်ကြေညာမှာပဲ။ ပြင်ဆင်နေပါပြီ။ မဲစာရင်းကတော့ရှိတယ်။ ဒါပေမယ့်ပြန်စိစစ်ရမယ်။ အဲ့ဒါတွေအတွက် ဘတ်ဂျက်ကသုံးစွဲရဦးမယ်”ဟု ပြောကြားသည်။

မေးခွန်းမေးမြန်းခဲ့သည့် ဦးခင်မောင်လတ်က”ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)က ကိုယ်စားလှယ်က ၂၀၁၇ ခုနှစ်ထဲမှာ ကွယ်လွန်ခဲ့ပါတယ်။ အခုဆိုရင် ခုနစ်လကြာခဲ့ပြီဖြစ်ပါတယ်။ ဒီမဲဆန္ဒနယ်က ဘူးသီးတောင်၊ မောင်တောနဲ့ဝေးကွာတဲ့ လုံခြုံတဲ့မဲဆန္ဒနယ်ဖြစ်ပါတယ်။ ဘင်္ဂါလီကျေးရွာ နှစ်ရွာပဲရှိပါတယ်။ ၂၀၁၆ ခုနှစ် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို တတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေရဲ့ ပုဒ်မ ၈၉ မှာ  လစ်လပ်နေတဲ့နေရာမှာ ခြောက်လအတွင်း ရွေးကောက်တင်မြှောက်ပြီးဖြစ်ရမယ်ဆိုပြီးတော့ အတိအကျ ပြဋ္ဌာန်းထားပါတယ်။ အခုကတော့ ခုနစ်လရှိပါပြီ။ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ဆိုရင် ၂၀၁၀ ပြည့်နှစ်မှာပြဋ္ဌာန်းခဲ့တဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၀ မှာပါပါတယ်။ ပုဒ်မ ၅၀ မှာက သဘာဝဘေးအန္တရာယ်နဲ့ လုံခြုံရေးအခြေအနေ မရှိမှ ရွှေ့ဆိုင်းလို့ရတာဖြစ်ပါတယ်။ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှာက ဒီလိုအခြေအနေမျိုးတွေ မရှိပါဘူး။ မဲစာရင်းတွေလည်း ရှိပြီးသားဖြစ်တဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းအပ်ပါတယ်”ဟု ပြောကြားသည်။

အရပ်သားအုပ်ချုပ်ရေးစနစ်သို့ပြောင်းလဲခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ၊၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပြီးဖြစ်ကာ ၂၀၁၈ ခုနှစ်အတွင်းပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် ငါးကြိမ်မြောက်ပြုလုပ်သည့် ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေသည့် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌအချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားထားကြောင်း ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ပြောကြား

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေသည့် သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌ အချို့က ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ထံ အကြောင်းကြားထားကြောင်း ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က The Daily Eleven သတင်းစာကို ဇန်န၀ါရီ ၁၃ ရက်က ပြောကြားသည်။

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပမည်ဖြစ်သော်လည်း ကျင်းပမည့်ရက်ကို အတိအကျမပြောနိုင်သေးကြောင်း ဦးအောင်မြင့်က ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်လစ် လပ်ကြောင်းကို သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌများက  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားလာခြင်း ရှိ မရှိ မေးမြန်းမှုအပေါ် “အကြောင်းကြားတော့မယ်။ အကြောင်းကြားထားတဲ့ နေရာတွေလည်း ရှိတယ်။ အကြောင်းမကြားသေးတဲ့ နေရာတွေလည်း ရှိတယ်။ ရှိတော့ရင် ဥပဒေအတိုင်းပြောလို့ အကြောင်းကြားတယ်သူကနေစ လုပ်ရမှာပေါ့ဗျာ။ နောက်လွှတ်တော်က နောက်တစ်လနေမှ အကြောင်းကြားရင် အဲဒီတော့ နောက်တစ်လပေါ့။ အဲဒီလိုဆိုရင်တော့ ရွေးကောက်ပွဲက ဆက်နေတော့မှာလေ။ အဲဒီလိုပဲ ကုန်အောင်စုံအောင် စောင့်ပြီးတော့ ညှိတယ်ဆိုတာ အဲဒါပေါ့။ အကုန်အကြောင်းကြားတော့မှာပါ။ သေချာပါပြီ။ အဲဒီလိုလုပ်ရမှာပေါ့” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောကြားသည်။

ရွေးကောက်ပွဲဥပဒေများတွင် “လွှတ်တော်တွင် တစ်စုံတစ်ရာ အကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ် နေရာလစ်လပ်လျှင် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကော်မရှင်သို့ အကြောင်းကြားသည့်နေ့မှစ၍ လွှတ်တော်ပုံမှန်သက်တမ်း၏ ပထမနှစ်အတွက် တစ်နှစ်အတွင်းတွင်လည်းကောင်း၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်များအတွက် ခြောက်လအတွင်းတွင်လည်းကောင်း ပုဒ်မ ၅၀ ပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်စေဘဲ ဥပဒေနှင့်အညီ အစားထိုး ရွေးကောက်တင်မြှောက်ပြီးဖြစ်ရမည်” ဟု ပြဋ္ဌာန်းထားသည်။

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် ပြည်သူ့လွှတ်တော် နှစ်နေရာမှာ ချင်းပြည်နယ် ကန်ပက်လက်မဲဆန္ဒနယ်နှင့် ရှမ်းပြည်နယ် လဲချားမဲဆန္ဒနယ်တို့ဖြစ်ပြီး ကျန်လစ်လပ်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ငါးနေရာမှာ ချင်းပြည်နယ်၊ မတူပီ မဲဆန္ဒနယ်(၁)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမဲဆန္ဒနယ်(၂)၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမဲဆန္ဒနယ် (၁)၊ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျဉ်းမဲဆန္ဒနယ်(၁)နှင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မဲဆန္ဒနယ်(၂) တို့ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်က ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကျင်းပခဲ့ခြင်း ဖြစ်သည်။

လိုင်ဘေးရီးယား သမ္မတရွေးကောက်ပွဲ၌ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဟောင်း ၀ီယာ အနိုင်ရ

၂၀၁၆ ခုနှစ် ဧပြီ ၂၈ ရက်က မွန်ရိုဗီးယားရှိ ပါတီရုံးချုပ်၌ ထောက်ခံသူများအား နှုတ်ဆက်နေသော ဂျော့ဝီယာ (Photo: AFP)

ပြည်တွင်းစစ်ပွဲများ၊ နိုင်ငံရေးလုပ်ကြံမှုများနှင့် အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုအကျပ်အတည်းစသည့် ဒဏ်ရာဒဏ်ချက်များ ခံစားခဲ့ရသော လိုင်ဘေးရီးယားတွင် ဆယ်စုနှစ် ခုနစ်ခုအတွင်း ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ အာဏာလွှဲပေးမှုဖြစ်လာမည့်  သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့၌ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဟောင်း ဂျော့ဝီယာသည် ပြိုင်ဘက်ဖြစ်သူအား အလွယ်တကူ အနိုင်ရခဲ့ကြောင်း သိရသည်။

အနောက်အာဖရိကရှိ လိုင်ဘေးရီးယားတွင် ၂၀၀၆ ခုနှစ်၌ ပထမဆုံးအမျိုးသမီး သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် အယ်လင်ဂျွန်ဆာလိဖ်နေရာကို အသက် ၅၁ နှစ်ရှိ ၀ီယာက ဆက်ခံမည်ဖြစ်သည်။ ဒီဇင်ဘာ ၂၆ ရက်တွင် ကျင်းပခဲ့သည့်ရွေးကောက်ပွဲ ဒုတိယအကျော့၌ မဲ ၉၈ ဒသမ ၁ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် ၀ီယာသည် မဲ ၆၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဒုတိယသမ္မတဂျိုးဇက် ဘိုအာကိုင်က မဲ ၃၈ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် (NEC) က ထုတ်ပြန်ခဲ့သည်။

ဘိုအာကိုင်၏ Unity Party က ရွေးကောက်ပွဲပထမအကျော့နှင့် ပတ်သက်၍  NEC အား ဥပဒေကြောင်းဆိုင်ရာ စိန်ခေါ်မှုများကြောင့် သီတင်းပတ်ခုနစ်ပတ်ကြာ နှောင့်နှေးခဲ့သော်လည်း ရွေးကောက်ပွဲများအား မည်သည့်အကြမ်းဖက်ဖြစ်စဉ်မျှ မဖြစ်ပွားခဲ့ဘဲ အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် ဥရောပသမဂ္ဂနှင့် ဒေသတွင်းဆိုင်ရာအဖွဲ့  ECOWAS က ဂုဏ်ပြုခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ ရလဒ်မကြေညာမီ ၀ီယာထောက်ခံသူများက စုဝေးအောင်ပွဲခံရန် ပြင်ဆင်ခဲ့ပြီး NEC ရုံးချုပ်အပြင်ဘက်၌ လက်နက်ကိုင်ရဲများအား ချထားခဲ့သည်။ ဖီဖာ၏ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုနှင့် Ballon D’Or ဆုရရှိခဲ့ဖူးသည့် တစ်ဦးတည်းသော အာဖရိက နိုင်ငံသား ၀ီယာသည် ၂၀၀၅ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ဆာလိဖ်ကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဒုတိယသမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့မှု၌လည်း ၎င်းသည် ထပ်မံရှုံးနိမ့်ခဲ့သည်။

ဝန်ကြီးအများအပြားအပါအ၀င် ဒီမိုကရေစီနည်းကျ ရွေးချယ်ခံသမ္မတတစ်ဦးမှ နောက်တစ်ဦးထံ အုပ်ချုပ်ရေးအာဏာကို စနစ်တကျလွှဲပြောင်းပေးနိုင်ရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း ဆာလိဖ်၏ရုံးက ထုတ်ပြန်ခဲ့သည်။

၁၉၈၉ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်အကြား ဆက်တိုက်ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်များကြောင့် ခန့်မှန်းခြေလူ ၂၅၀၀၀၀ ခန့် သေဆုံးခဲ့ရသော လိုင်ဘေးရီးယားတွင် ပြီးခဲ့သောနှစ် ၇၀ ကျော်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ က ၁၉၄၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ အာဏာလွှဲပြောင်းပေးမှုကို အတားအဆီးဖြစ်စေခဲ့သည်။ ဆာလိဖ်၏ အရင်သမ္မတ ချားစ်တေလာသည် အိမ်နီးချင်း ဆီယာရာလီယွန်တွင် သူပုန်အဖွဲ့များအား ထောက်ပံ့ခဲ့သည်ဟု စွဲချက်ဖြင့် ရုံးတင်စစ်ဆေး ခံရမှုများမှ ရှောင်လွှဲနိုင်ရန် ၂၀၀၃ ခုနှစ်တွင် နိုင်ငံမှထွက်ပြေးခဲ့သည်။ တေလာ၏ အရင် သမ္မတနှစ်ဦးသည်လည်း လုပ်ကြံခံခဲ့ရကြောင်း သိရသည်။

ပြည်ပြေးဘ၀ကနေ မဲဆွယ်သူနဲ့ ထောင်ထဲကနေ မဲဆွယ်သူတို့ ပြိုင်ဆိုင်ရမယ့် ကက်တလန်ရွေးကောက်ပွဲ

တစ်ယောက်က ဘယ်ဂျီယံကနေပြီး ဗီဒီယိုကနေတစ်ဆင့် မိန့်ခွန်းပြောတယ်။ နောက်တစ်ယောက်က အကျဉ်းထောင်ထဲကနေပြီး မိန့်ခွန်းတွေ ရေးပို့တယ်။ ဒီဇင်ဘာ ၂၁ ရက်မှာလုပ်မယ့် အဓိကရွေးကောက်ပွဲတွေမတိုင်မီ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကက်တလန် ခွဲထွက်ရေးသမားတွေရဲ့ ရွေးကောက်ပွဲမဲဆွယ်မှုက သိပ်ကိုထူးဆန်းနေတယ်။

စပိန် ဗဟိုအစိုးရက ဖြုတ်ချလိုက်တဲ့ ကက်တာလိုနီးယားဒေသရဲ့ သမ္မတနဲ့ ဒုတိယ သမ္မတတွေဖြစ်ကြတဲ့ ကားလက်စ်ပူဒီမွန့်နဲ့ အော်ရီယိုဟွမ်ကဲရက်စ်တို့ဟာ ကက်တလန်ဒေသကို ဦးဆောင်ဖို့ ဒီဇင်ဘာ ၂၁ ရက် ရွေးကောက်ပွဲမှာ တစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင်ဖို့ရာ မဲဆွယ်ရေးအတွက် ထူးခြားတဲ့နည်းလမ်းတွေကို အသုံးပြုနေရပါတယ်။

သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက် နိုင်သွားရင် ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာက ပဟေဠိဆန်နေဆဲပါပဲ။

ပူဒီမွန့်ဟာ အောက်တိုဘာ ၂၇ ရက်မှာ ကက်တလန်ပါလီမန်က လွတ်လပ်ရေး ကြေညာပြီးတဲ့နောက် ဘယ်ဂျီယံကို ထွက်ပြေးခဲ့ရပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ပုန်ကန်မှုနဲ့ ကက်တလန်လွတ်လပ်ရေးအတွက် တွန်းအားပေး လုပ်ဆောင်ခဲ့ရာမှာ ပြည်သူပိုင်ငွေတွေကို အလွဲသုံးစားလုပ်မှု စတာတွေအတွက် စပိန်အစိုးရက သူ့ကို အလိုရှိနေပါတယ်။

ကက်တလန်မှာပဲ ကျန်ခဲ့တဲ့ ဟွမ်ကဲရက်စ်ကတော့ ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး အလားတူအမှုတွေနဲ့ပဲ တရားစွဲဆိုခံရပြီး အခု စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲပါပဲ။

ကက်တလန်လွတ်လပ်ရေး ကြေညာပြီးတဲ့နောက် စပိန်ဝန်ကြီးချုပ် မာရာနိုရာခိုက တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ကက်တလန်ကို တိုက်ရိုက်အုပ်ချုပ်လိုက်ပြီး ဒေသခံအစိုးရကို ထုတ်ပယ်၊ ကက်တလန်ပါလီမန်ကိုဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ ခေါ်ခဲ့ပါတယ်။

 

■ တရားရုံးတွေနဲ့ တွစ်တာပို့စ်တွေ

သူ ဘယ်ဂျီယံကိုသွားဖို့ ဆုံးဖြတ်ခဲ့ရတာက စပိန်အစိုးရဟာ ခွဲထွက်ရေးသမားတွေကို နိုင်ငံရေးကြောင့် တရားစွဲတယ်ဆိုတာ လူသိရှင်ကြားဖြစ်အောင် ပြသဖို့ပါလို့ ပူဒီမွန့်က ပြောပါတယ်။

ပူဒီမွန့်က သူ့ကိုယ်သူ ကက်တာလိုနီးယားရဲ့ တရားဝင်သမ္မတလို့ ခေါ်ဆိုပြီး“ကက် တာလိုနီးယားအတွက် အတူတကွ8 ဆိုတဲ့ အုပ်စုကို ဦးဆောင်နေပါတယ်။ အဲဒီစာရင်းထဲမှာ သူ့ရဲ့ ကွန်ဆာဗေးတစ် PDeCAT ပါ တီဝင်တွေနဲ့ လွတ်လပ်တဲ့ ကိုယ်စားလှယ်လောင်းတွေ ပါဝင်ပါတယ်။ ထင်မြင်ချက် စစ်တမ်းတွေအရ အဲဒီစာရင်းဝင်တွေဟာ ထောက်ခံမှု ဖြည်းဖြည်းချင်း မြင့်တက်လာပြီး ဟွမ်ကဲရက်စ်ရဲ့ လက်ဝဲယိမ်း ERC ပါတီနဲ့ ထောက်ခံမှုမှာ ကွာဟချက် သိပ်မရှိတော့ပါဘူး။ ERC က အနိုင်ရရှိမယ်လို့ အကြီးအကျယ် ရေပန်းစားခဲ့တာပါ။

“ကျွန်တော်တို့ ERC ကို မဲပေးပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့သမ္မတက ပူဒီမွန့်ပါပဲ”  လို့ ပူဒီမွန့်ကို ထောက်ခံကြောင်းပြသဖို့ ဒီဇင်ဘာ ၇ ရက်မှာ ဘရက်ဆဲမြို့မှာ သွားစုကြတဲ့ လူပေါင်း ၄၅,၀၀၀ ထဲက တစ်ဦးဖြစ်တဲ့ အယ်လီဘာရိုက ရှင်းပြပါတယ်။

“ပူဒီမွန့်၊ ငါတို့သမ္မတ” ဆိုတာ သူ့ မဲဆွယ်ပွဲရဲ့ ကြွေးကြော်သံပါပဲ။ သူ့ရဲ့ လူထုတွေ့ဆုံပွဲတွေကို ဗီဒီယိုကွန်ဖရင့်ကနေတစ်ဆင့် ပြုလုပ်ပြီး သူ့ရဲ့ ထင်မြင်ချက်တွေကို လူမှုမီဒီယာကနေပဲ ဖော်ပြရတာပါ။

ဒီဇင်ဘာ ၁၅ ရက်က ဘာစီလိုနာမြို့တွင် မဲဆွယ်မှု လူုထုတွေ့ဆုံပွဲအတွင်း ဘရက်ဆဲမြို့မှနေ၍ မိန့်ခွန်းပြောနေသော ပူဒီမွန့်ကို သြဘာပေးနေကြစဉ် (Photo: AFP)

■ စာတွေနဲ့ ဖုန်းခေါ်ဆိုမှုတွေ

တစ်ဖက်မှာလည်း ဟွမ်ကဲရက်စ်ဟာ နိုဝင်ဘာ ၂ ရက်ကတည်းက အကျဉ်းထောင်ထဲကိုရောက်နေတာမို့ ERC အတွက်လည်း မလွယ်လှပါဘူး။

“နိုင်ငံသားတွေအပေါ် ကျွန်တော်တို့ရဲ့ သြဇာလွှမ်းမိုးနိုင်စွမ်းက တစ်စတစ်စ လျော့ပါးလာပါတယ်။ ကျွန်တော်တို့ ဒီဘိတ်လည်း မလုပ်နိုင်ဘူး။ အင်တာဗျူးတွေလည်း မလုပ်နိုင်ဘူး။ ရုပ်သံရှိုးတွေကိုလည်း မလာနိုင်ဘူး” လို့ ဟွမ်ကဲရက်စ်ရဲ့ ညာလက်ရုံး ရာအူးမာစီယာက ပြောပါတယ်။

ERC ကိုယ်စားလှယ်လောင်းရဲ့ မဲဆွယ်ပွဲမှာ ပါဝင်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ အကျဉ်းထောင်ထဲကနေ စာတွေရေးပြီး သူ့အကြံပေးတွေဆီ ပို့တာပါပဲ။ ဒါပေမဲ့ ဒါက မဲဆွယ်မှုကို အကြီးအကျယ် ရှုပ်ထွေးစေတယ်လို့ မာစီယာက ဆိုပါတယ်။

မက်ဒရစ်မြို့အနီး အက်စထရီမေရာမှာရှိတဲ့ အကျဉ်းထောင်ထဲကနေ ဟွမ်ကဲရက်စ်အနေနဲ့ တစ်ပတ်ကို ၁၀ ကြိမ်သာ ဖုန်းပြောခွင့်ရပြီး တစ်ကြိမ်ကို ငါးမိနစ်ပဲ ပြောရပါတယ်လို့ မာစီယာက ပြောပါတယ်။

“အဲဒီ ၁၀ ကြိမ်မှာမှ ရှစ်ကြိမ်က သူ့ဇနီးအတွက်ပါ” လို့လည်း သူက ဆိုပါတယ်။

ဟွမ်ကဲရက်စ်နဲ့ စကားပြောတဲ့အခါ သူ့အနေနဲ့ သူပြောတာတွေကို မှတ်စုတိုတွေအဖြစ် အမြန်မှတ်ထားရပြီး ညွှန်ကြားချက်တွေကို ERC ရဲ့ နံပတ် (၂) ခေါင်းဆောင်ဖြစ်တဲ့ မာတာရိုဗီရာကို ပေးရပါတယ်လို့ မာစီယာက ဆိုပါတယ်။

အစောပိုင်းမှာတော့ ထင်မြင်ချက် စစ်တမ်းတွေအရ ERC ဟာ ရွေးကောက်ပွဲအနိုင်ရဖို့ သိသိသာသာ ရေပန်းစားခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေကနေ အမြတ်ထုတ်နိုင်ခဲ့တဲ့ လွတ်လပ်ရေးကို ဆန့်ကျင်တဲ့ ပါတီတစ်ခုဖြစ်တဲ့ Ciudadanos နဲ့ ရေပန်းစားမှုအပြိုင်ဖြစ်နေပါပြီ။ ကက်တာလိုနီးယားမှာရှိတဲ့ အဲဒီပါတီရဲ့ခေါင်းဆောင်က အင်နက်စ်အယ်ရီမာဒက်ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ခဲ့ပေမယ့် ပူဒီမွန့်ရဲ့ PDeCAT ပါတီ နဲ့ ERC ပါတီတို့ဟာ အခုတော့ သီးခြားစီ ယှဉ်ပြိုင်ကြမှာပါ။

 

■ ညီညွတ်ရေး အ၀ါရောင်

သူတို့အနေနဲ့ ညီညွတ်ရေးတပ်ဦးတစ်ရပ် ထူထောင်ဖို့ ကြိုးစားရာမှာ သူတို့ဟာ တစ်ဖက်နဲ့တစ်ဖက် မဝေဖန်ကြပါဘူး။

ဟွမ်ကဲရက်စ်၊ ကက်တာလိုနီးယား ပြည်ထဲရေး ၀န်ကြီးဟောင်း ယော်ကွင်းဖုန်နဲ့ လွတ်လပ်ရေးလိုလားတဲ့ အရပ်ဘက်ခေါင်းဆောင် နှစ်ဦး စတဲ့လူတွေကို ဖမ်းဆီးထိန်းသိမ်းထားတာအတွက် နှစ်ဖက်စလုံးက အပြင်းအထန် ကန့်ကွက်တာချင်းလည်း တူကြပါတယ်။

နှစ်ပါတီစလုံးဟာ သူတို့ရဲ့ဒေါသတွေကို ပြသဖို့ အ၀ါရောင်ကိုအသုံးပြုတာချင်းလည်း တူကြပါတယ်။ တချို့က အ၀ါရောင်ဖဲကြိုးကို ၀တ်ဆင်ကြပြီး တချို့က အ၀ါရောင်ကုတ်အင်္ကျီတွေကို ၀တ်ဆင်ကြပါတယ်။

ဒါပေမဲ့ စိတ်ဝမ်းကွဲမှုတွေကတော့ ပေါ်ထွက်လာခဲ့ပါတယ်။

ထုတ်ပယ်ခံရတဲ့အစိုးရအဖွဲ့မှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရတဲ့အပြင် ပြီးခဲ့တဲ့ အပတ်ကမှ အာမခံနဲ့ လွတ်လာတဲ့ ERC ပါတီက ကားလက်စ်မန်ဒိုက“ပူဒီမွန့်ဟာ ထပ်ပြီး သမ္မတ မဖြစ်နိုင်တော့ဘူး။ သူ ပြန်လာနိုင်ပြီး သမ္မတနေရာ ပြန်ယူမယ်ဆိုတာကတော့ အိပ်မက်သက်သက်ပါပဲ” လို့ ပြောခဲ့ပါတယ်။

“ပြောရရင် ရာခိုက ကျွန်တော်တို့ရဲ့ သမ္မတကို ပြောင်းလဲနိုင်တယ်ဆိုတာကို လက်ခံဖို့ နောက်သမ္မတတစ်ဦး ရှိလာနိုင်ပါတယ်” လို့ မန်ဒိုနဲ့အတူတူ လွတ်မြောက်လာပြီး ‘ကက်တာလိုနီးယားအတွက် အတူတကွ’ ဆိုတဲ့အဖွဲ့စာရင်းမှာ ပါဝင်သူ ဂျော်ဒီတူရူးက ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ ရာထူးနေရာအတွက် တရားဝင် မယှဉ်ပြိုင်မီ ပြုလုပ်နေကျ ပါလီမန်ဒီဘိတ်လုပ်ဖို့ရာ ပြန်လာဖို့ ပူဒီမွန့်ကို မကြာသေးမီကတော့ တံခါးဖွင့်ထားဆဲပါပဲ။

ဒါပေမဲ့ “ဒီဘိတ်လုပ်ပြီး ပါလီမန်ကနေ ထွက်တာနဲ့ လက်ထိပ်ခတ်ပြီး ဖမ်းခေါ်သွားမယ်ဆိုတာ ဘယ်လောက်များ ၀ိရောဓိသဘော ဆောင်နေပါသလဲ” လို့ သူက ထောက်ပြပါတယ်။ အရင်တုန်းက သူ့ရဲ့ ဒုတိယသမ္မတ ဖြစ်ခဲ့ပြီး အခုတော့ ပြိုင်ဘက်ဖြစ်နေတဲ့ ဟွမ်ကဲရက်စ်ရှိတဲ့ အကျဉ်းထောင်ကိုပဲ သူ့ကို ခေါ်သွားနိုင်ပါတယ်။

နီပေါ၌ သမိုင်းဝင်ရွေးကောက်ပွဲများ ကျင်းပ

နိုဝင်ဘာ ၂၆ ရက်က နီပေါရွေးကောက်ပွဲနေ့တွင် ချူတာရာမြို့ထဲရှိ မဲရုံတစ်ရုံ၌ မဲထည့်နေသူ အမျိုးသမီးတစ်ဦးအား တွေ့ရစဉ်

ဆင်းရဲနွမ်းပါးသည် ဟိမ၀န္တာဒေသ နိုင်ငံ နီပေါ၏ အလှည့်အပြောင်းဟု ယူဆထားကြသော သမိုင်းဝင်ရွေးကောက်ပွဲကို  နိုဝင်ဘာ ၂၆ ရက်က နိုင်ငံမြောက်ပိုင်းရှိ နေရာအနှံ့အပြားတွင် ကျင်းပခဲ့သည်။ ယခု ရွေးကောက်ပွဲသည် သွေးချောင်းစီး ပြည်တွင်း စစ်ပြီးဆုံးခဲ့သည့် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကတည်းက နိုင်ငံကို နှိပ်စက်နေခဲ့သည့် မတည်ငြိမ်မှုများကို အဆုံးသတ် ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

နှစ်ပိုင်းခွဲ၍ ကျင်းပကြမည်ဖြစ်သော အမျိုးသားနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများသည် စစ်ပြီးနောက်ပိုင်း နီပေါ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အောက်၌ ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲများလည်းဖြစ်သည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ နီပေါနိုင်ငံကို ဘုရင်စနစ်မှ ဒီမိုကရေစီစနစ်သို့သွားသည့် လမ်းကြောင်းပေါ်သို့ရောက်စေပြီး ၁၀ နှစ်ကျော်ကြာ မော်သူပုန်တို့၏ ပုန်ကန်မှုများကို ၂၀၀၆ ခုနှစ်တွင် အဆုံးသတ်စေခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက်မှ ပေါက်ဖွားလာခြင်းဖြစ်သည်။

မြို့တော် ခတ္တမန္တူ၏အရှေ့ပိုင်းရှိ ချူတာရာမြို့တွင် နံနက်အစောပိုင်းကတည်းက  မဲဆန္ဒရှင်အများအပြားသည် တောင်များဘက်မှ တိုက်ခိုက်လာသည့် လေအေးများကို ကြံ့ကြံ့ခံရင်း မဲပေးရန် တန်းစီနေကြခြင်းဖြစ်သည်။ “မဲပေးဖို့၊ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ဖို့အတွက် ကျွန်တော်တို့အရမ်း စိတ်လှုပ်ရှားနေကြပါတယ်။ ဒီရွေးကောက်ပွဲအပြီးမှာ တည်ငြိမ်တဲ့ အစိုးရတစ်ခုပေါ်ပေါက်လာဖို့လည်း မျှော်လင့်ပါတယ်” ဟု မဲဆန္ဒရှင်တစ်ဦးက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်နှစ်က ငလျင်ကြီးကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခဲ့ရသည့် ဒေသများအပါအ၀င် နိုင်ငံမြောက်ပိုင်းထဲမှ လူပေါင်း ၃ ဒသမ ၂ သန်းသည် နိုဝင်ဘာ၂၆ ရက် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိကြသည်။ ရွေးကောက်ပွဲ ဒုတိယအပိုင်းကိုမူ နောက်ထပ် ၁၀ ရက်အကြာတွင် လူနေထူထပ်သည့် နိုင်ငံတောင်ပိုင်း၌ ကျင်းပကြမည်ဖြစ်သည်။ ရွေးကောက်ပွဲ ရလဒ်များမှာမူ ဒီဇင်ဘာ ၇ ရက် ရွေးကောက်ပွဲအပြီး ရက်အနည်းငယ်အကြာတွင် သိရမည်ဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီ အိန္ဒိယနှင့် တရုတ် နယ်စပ်များကို ပိတ်ထားခဲ့ပြီး မဲရုံများကို စောင့်ရန် ထောင်နှင့်ချီသော လုံခြုံရေးအစောင့်များကို ချထားခဲ့သည်။

၂၀၀၆ ခုနှစ်က ပြည်တွင်းစစ် အဆုံးသတ်ပြီးနောက်ပိုင်း သူပုန်ဟောင်းများက ဖွဲ့စည်းထားသည် မော်ပါတီသည် ကွန်မြူနစ်ပါတီ  CNP-UML  နှင့် မဟာမိတ်ဖွဲ့လိုက်ရာ ယှဉ်ပြိုင်ရန် ခက်ခဲသည့် နိုင်ငံရေးအင်အားကြီး အုပ်စုကြီးဖြစ်လာခဲ့သည်။ ထို့ကြောင့် အာဏာရ ဗဟိုနီပေါကွန်ဂရက်ပါတီသည် အာဏာ ဆက်လက်တည်မြဲစေရေးအတွက် သေးငယ်သော ပါတီများနှင့် အချိတ်အဆက်ရရှိရန် ရုန်းကန်ရလျက်ရှိသည်။ ထိုနိုင်ငံရေး အင်အားစုနှစ်ခုစလုံးက လူဦးရေ ၂၉ သန်း နေထိုင်သည့် ကုန်းတွင်းပိတ်နိုင်ငံ နီပေါတွင် မဖြစ်မနေ လိုအပ်သည့်  စီးပွားရေးဖွံ့ဖြိုးမှုများ ဖြစ်ပေါ်လာစေရန် ကတိပြုထားကြသည်။

အမျိုးသားလွှတ်တော်အသစ်ထဲမှ အမတ်နေရာ ၂၇၅ နေရာကို အမျိုးသမီးများ၊ တိုင်းရင်းသားမျိုးနွယ်စုဝင်များ၊ ဇာတ်အနိမ့်ဆုံး ဒါလစ်များသို့ ခွဲဝေပေးမည်ဖြစ်သည်။ ထိုသို့ခွဲဝေရာတွင် မညီမျှမှုများ ရှိလာပါက နိုင်ငံတွင်း၌ ပုန်ကန်မှုများ ဆက်လက် တည်ရှိစေရန် တွန်းအားဖြစ်စေလိမ့်မည်ဟု နိုင်ငံရေး လေ့လာသူတို့က သုံးသပ်နေကြသည်။

နီပေါနိုင်ငံသည် ပြီးခဲ့သည့် ၁၁ နှစ်အတွင်းက ခေါင်းဆောင် ၁၀ ဦး၏ အုပ်ချုပ်ခြင်း ခံခဲ့ရပြီး ခြစားမှုများ ထူပြောလျက်ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဘက်လိုက်မှုရှိနေပြီး လက်ရှိအခြေအနေများအရ ကော်မရှင်အပေါ် ယုံကြည်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

 

ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ် (ရန်ကုန်)တွင် နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဘက်လိုက်မှုရှိနေပြီး လက်ရှိအခြေအနေများအရ ကော်မရှင်အပေါ် ယုံကြည်မှုမရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်က နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ် (ရန်ကုန်)တွင် နိုဝင်ဘာ ၂၃ ရက်က လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ပြောကြားခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် အောက်တိုဘာလအတွင်းက နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ရာတွင် တင်ပြရမည့် သတ်မှတ်အင်အားများကို ပြန်လည်တင်ပြခိုင်းခြင်း၊ ပါတီများကို ထုတ်ပြန်သည့် ကြေညာချက်များကို ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခိုင်းခြင်း၊ ပါတီကြေညာချက်များသည် ဥပဒေနှင့်မညီညွတ်ပါက အရေးယူခံရမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက မီဒီယာများသို့ ဖြေကြားထားသည်တို့ကို ပြုလုပ်ထားကြောင်း၊ အတိုက်အခံပါတီများအနေဖြင့် ပြည်သူများကိုယ်စား နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးကို ထိခိုက်လာမည် ဆိုပါက လက်ရှိတာဝန်ရှိနေသည့် အစိုးရအား ထောက်ပြခြင်း၊ ဆွေးနွေးခြင်း၊ အကြံပြုခြင်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထောက်ပြအကြုံပြုချက်များကို လက်မခံပါက နိုင်ငံတော်နှင့် နိုင်ငံသားအကျိုး၊ အချုပ်အခြာအာဏာအား ထိပါးတော့မည်ဆိုပါက ဆန့်ကျင်ကန့်ကွက်သွားရမည်ဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

“ကျွန်တော်တို့ အတိုက်အခံပါတီတွေ အနေနဲ့ ပြည်သူရှေ့က မားမားမတ်မတ် ရပ်တည်ပြီးတော့ ပြည်သူတွေကိုယ်စား လက်ရှိအစိုးရကို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံ၊ သမိုင်းကြောင်းနဲ့ချီပြီးတော့မှ ကျွန်တော်တို့ အကြံတွေပြုပါတယ်။ နိုင်ငံတော်သမ္မတဆီကိုလည်း ကျွန်တော်တို့ အကြံပြုစာပေးတယ်။ တွေ့ဆုံခွင့်တွေ တောင်းတယ်။ ကျွန်တော်တို့ပါတီတွေ အနေနဲ့ ဒီကိစ္စတွေကို ရှင်းလင်းတင်ပြနိုင်ဖို့အတွက် ဒီကိစ္စတွေ အကြံပြုပေးနိုင်ဖို့အတွက် တင်ပြတောင်းဆိုခဲ့တယ်။ ကျွန်တော် တို့တာဝန်က ဒီကိစ္စတွေက ရှင်းလင်းဖို့၊ တင်ပြဖို့၊ အကြုံပြုဖို့ဖြစ်တာကို ကျွန်တော်တို့ ဖိအားပေးသလိုမျိုး၊ ချုပ်ကိုင်သလိုမျိုး ဥပဒေနဲ့အညီ အရေးယူမယ်ဆိုတာမျိုး ကော်မရှင် ဥက္ကဋ္ဌကိုယ်တိုင်က ပြောတာသည် ဒီမိုကရေ စီယဉ်ကျေးမှုနဲ့လည်း မညီညွတ်ဘူး။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အလုပ်မဟုတ်ဘဲနဲ့ ဖိအားပေးတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ဒီလိုပြောဆိုတာကို ကျွန်တော်တို့အနေနဲ့ ကန့်ကွက်ပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ထို့ပြင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် ကျိုင်းတုံမဲဆန္ဒနယ်အမှတ် (၂)တွင် ရွေးကောက်ပွဲ အနိုင်ရရှိထားသည့် ပြည်ခိုင်ဖြိုးပါတီဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရှာမွေလရှဲန်အား အဆိုပါ မဲဆန္ဒနယ်၌ ဒုတိယခိုင်လုံမဲအများဆုံးရရှိသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ၀ဏ္ဏစိုးက ရွေးကောက်ပွဲကာလတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းသည် လက်ကမ်းကြော်ငြာစာရွက်ဝေရာ၌ ကင်းလွတ်ခွင့် အမှတ်ထည့်နှိပ်ရိုက်ထားခြင်း မရှိသောကြောင့် တရားမဲ့ပြုကျင့်မှုဖြင့် ကန့်ကွက်လွှာ တင်သွင်းထားမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ခုံရုံးက ကြားနာစစ်ဆေးမှုများ ပြုလုပ်ပြီး မူလပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အား အနိုင်ပေးခဲ့သည်။ ထို့နောက် ကော်မရှင်၏ ဆုံးဖြတ်ချက်အပေါ် NLD ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းက အယူခံတင်သွင်းရာတွင် မူလအောက်ခုံရုံး၏ ဆုံးဖြတ်ချက်အားပြင်ဆင်၍ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူဖြစ်ကြောင်း ဆုံးဖြတ်သည့်အပေါ် တရားမျှတမှုမရှိကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

“အောက်ခုံရုံးက ဒီအချက်မပါတာသည် မဲရလဒ်အနိုင်အရှုံးမှာ ထူးခြားမှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဲ၂၀၀၀ ကျော် ကွာတယ်။ ကပ်ပြီးတော့ကွာတာ မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီက မဲရတာက ၇၀၂၆၊ NLD က ၄၅၁၈၊ ပြည်ခိုင်ဖြိုးက ၃၄ ရာခိုင်နှုန်း၊ NLD က ၂၂ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် အနိုင်ရထားတဲ့ကိစ္စ၊ လက်ကမ်းကြော်ငြာမှာ ကင်းလွတ်ခွင့်အမှတ်မပါတာသည် ခုနက မဲရလဒ်ကို ပြောင်းလဲသွားတဲ့ အနေအထားတော့ မရှိပါဘူးလို့ ဒီလိုသုံးသပ်တယ်။ သို့သော် အဲဒီအချက်ကို ထောက်ပြပြီးတော့မှ ကျွန်တော်တို့ ကိုယ်စားလှယ်က  ဒီကင်းလွတ်ခွင့်မပါဘဲနဲ့ ပြည်သူလူထုကို လက်ကမ်းကြော်ငြာဝေတာက တရားမဲ့ပြုကျင့်ပါတယ်ဆိုပြီးတော့ ကျွန်တော်တို့ကို တစ်ဖက်သတ်အမိန့်ချတယ်။ အနိုင်ပေးထားတဲ့အမှု တစ်ခုကို ပြောင်းပြန်ပြန်ပြီးတော့ အမိန့်ချတာသည် ရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်တို့က မေးခွန်းထုတ်စရာ အများကြီး ဖြစ်တယ်။ ရွေးကောက်ပွဲကော်မရှင်ဆိုတာ Independent Body ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ ယုံကြည်မှု၊ နိုင်ငံရေးပါတီတွေရဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ တရားမျှတတဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ နိုင်ငံရေးပါတီတွေ၊ ဥပဒေတွေနဲ့အညီ လှုပ်ရှားဆောင်ရွက်နိုင်ဖို့အတွက်ကို ဒါကြီးကြပ်ထိန်းသိမ်းပေးရမယ်။ ဘယ်ပါတီကိုမှ ဘက်လိုက်လို့မရဘူး။ အစိုးရဖြစ်နေတဲ့ မိမိပါတီကို ဘက်လိုက်လို့မရသလို တခြားပါတီကိုလည်း ဘက်လိုက်လို့မရဘူး။ တရားမျှမျှတတနဲ့ မှန်မှန်ကန်ကန်နဲ့ သမာဓိရှိတဲ့ပုဂ္ဂိုလ်တွေ၊ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ဂုဏ်သရေရှိတဲ့ပုဂ္ဂိုလ်တွေလို့ ယူဆပြီးတော့ ဒီနေရာတွေမှာ တာဝန်ပေးထားတာ။ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေက တာဝန်ပေးထားတာ ဖြစ်တယ်။ ဒါပေမဲ့ မိမိတို့ရဲ့လုပ်ဆောင်ချက်ဟာ သမာဓိမရှိဘူး။ လေးစားစရာမကောင်းဘူး။ ဘက်လိုက်နေတယ်။ အတွေ့အကြုံမရှိဘူးလို့ ယူဆတယ်ဆိုရင်တော့ ကျွန်တော်တို့က ဒါပြတ်ပြတ်သားသားပဲ ကော်မရှင်ကို မေးခွန်းထုတ်ရမယ့် အနေအထားဖြစ်ပါတယ်။ ဒီဆောင်ရွက်ချက်ကို ရှုတ်ချပါတယ်။ ကန့်ကွက်ပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ၎င်းအစိုးရလက်ထက်တွင် ဖွဲ့စည်းသည့် ရွေးကောက်ပွဲကော်မရှင်၌ပင် ပြည်ခိုင်ဖြိုးပါတီအား၂၉ မှုကန့်ကွက်ခံရပြီး ပြည်ခိုင်ဖြိုးပါတီမှ သုံးမှုသာနိုင်ကာ ၂၆ မှုရှုံးခဲ့ကြောင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လေးမှုကန့်ကွက်ခံရကာ လေးမှုစလုံး ပြည်ခိုင်ဖြိုးပါတီကပင် ရှုံးနိမ့်ခဲ့ကြောင်း ဒေါက်တာနန္ဒာလှမြင့်၏ ပြောကြားချက်အရ သိရသည်။

ထို့အတူ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ၂၅ မှုကန့်ကွက်ခဲ့ပြီး အကုန်ရှုံးနိမ့်ခဲ့ကြောင်း၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအား ကန့်ကွက်မှုတစ်မှုနှင့် ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်မှု ငါးမှု စုစုပေါင်း ခြောက်မှုရှိပြီး အကုန်ရှုံးနိမ့်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် မျှတမှုရှိမည်ဟု ယုံကြည်ပါသလားဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ဒေါက်တာနန္ဒာလှမြင့်က လက်ရှိအတိုင်း ဆက်သွားနေပါက ယုံကြည်မှုမရှိကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်လုံးဝမတွေ့တာ။ မတွေ့တဲ့အခါကျတော့ ပါတီတွေက ဖြစ်နေတဲ့အခက်အခဲတွေ၊ သူတို့လိုလားချက်လေးတွေ။ နောက်တစ်ခါ ရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်တွေမှာ ကျွန်တော်တို့ ထိတွေ့မှုမရှိတဲ့အတွက်ကို ပြောလို့မရဘူး ဖြစ်နေတာပေါ့နော်။ ဒါကြောင့် အခုလိုဆုံးဖြတ်ချက်နဲ့ ပတ်သက်တာတွေ ဆောင်ရွက်မှုနဲ့ ပတ်သက်တာတွေမှာ မှန်မှန်ကန်ကန်ဖြစ်ဖို့၊ မျှမျှတတဖြစ်ဖို့၊ သမာသမတ်ကျဖို့ပေါ့။ နောက်တစ်ခါ လိုအပ်တဲ့အားနည်းချက်တွေကို ၀ိုင်းဝန်းအကြံပြု ဆွေးနွေးပြီးတော့မှ ဒါပါတီတွေရဲ့ အသံတွေကိုလည်း နားထောင်ပြီးတော့မှ လိုအပ်တာလေးတွေ ပြုပြင်ပြောင်းလဲပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုထားတာရှိတယ်။ အခုချိန်ထိတော့ ကျွန်တော်တို့ကို အကြောင်းပြန်ကြားခြင်း မရှိသေးဘူးပေါ့လေ။ နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ခြင်း မရှိသေးဘူးပေါ့လေ။ လက်ရှိပုံစံအတိုင်း ဆိုရင်တော့ ယုံကြည်မှုမရှိဘူး။ မျှမျှတတ၊ မှန်မှန်ကန်ကန် သမာသမတ်ကျကျလုပ်ဖို့ ပြောင်းလဲလာမယ်ဆိုရင်တော့ ဒီအခြေအနေကိုတော့ စောင့်ကြည့်ရမယ်။ (ဘက်လိုက်မှု ရှိတယ်လို့ ပြောချင်တာလားဟု ထပ်ဆင့်မေးမြန်းမှု) ပြောချင်တာမဟုတ်ဘူး။ ယုံကြည်တာ။ ရှိကိုရှိနေတယ်လို့ ယုံကြည်တာ” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ထိုသို့ ပြည်ခိုင်ဖြိုးပါတီက ပြောဆိုမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥပဒေ၊ နည်းဥပဒေများအား ကျော်လွန်လုပ်ဆောင်ခြင်း မရှိကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ ဥပဒေ၊ နည်းဥပဒေ အတိုင်းလုပ်တာ။ သူတို့ကတော့ ဖိနှိပ်တယ်။ နှိပ်ကွပ်တယ်။ အာဏာကုန်သုံးတယ်လို့ ပြောတယ်။ ပြောပါစေ။ ကျွန်တော်တို့က ဥပဒေ၊ နည်းဥပဒေ ကျော်မလုပ်ဘူး။ အဲဒါပဲ ကျွန်တော်တို့အာမခံတယ်။ သူတို့ထင်တာကတော့ လွတ်လပ်စွာသဘောကွဲလွဲခွင့် ရှိတယ်ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ကို ထောက်ပြမှာက ဘယ်ဥပဒေ ကျော်လွန်လုပ်တာလဲ။ အဲဒါပဲလိုချင်တယ်။  ဂဃနဏပေါ့ဗျာ။ ယေဘုယျဆန်တဲ့ မေးခွန်းတွေတော့ ဖြေရှင်းနေမှာမဟုတ်ဘူး။ ဒီဥစ္စာက ရည်ရွယ်ချက်နဲ့ပြောတာလား။ သိက္ခာကျအောင်ပြောတာလား ကျွန်တော်တို့အဖွဲ့က ပြန်တင်ရဦးမယ်လေ။ ဘောလုံးပွဲလိုပေါ့ဗျာ။ ရှုံးတဲ့အသင်းကတော့ ဒိုင်လူကြီးတော်တယ်လို့ ဘယ်ပြောမလဲ။ ခင်ဗျားမေးတဲ့ဟာကို ဘာမှမဝေဖန်ဘူး။ ကျွန်တော်လည်း မမြင်ရသေးဘူး။ အဲဒီအတွက် ဘာမှတုံ့ပြန်စရာတော့ မလိုဘူး။ ဒါပေမဲ့ ကျွန်တော် အာမခံတာက ကျွန်တော်တို့ကော်မရှင်က ဥပဒေ၊ နည်းဥပဒေကျော်လွန်ပြီးလုပ်တာ ဘာမှမရှိဘူး” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

လက်ရှိနိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် စာပေးပို့ထားသော်လည်း အကြောင်းပြန်ကြားမှု မရှိကြောင်း ပြည်ခိုင်ဖြိုး ပါတီတာဝန်ရှိသူများက ပြောကြားသည်။

ရွေးကောက်ပွဲဥပဒေသုံးရပ်ကို တစ်ခုတည်းအဖြစ် ပူးပေါင်းမည့် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေသစ် ရေးဆွဲနေပြီး အတည်ပြုပြဋ္ဌာန်းနိုင်ရန် ယခုနှစ်ဒီဇင်ဘာတွင် လွှတ်တော်သို့တင်ပြမည်

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲဥပဒေ စသည်ဖြင့် သီးခြားရေးဆွဲထားသော ရွေးကောက်ပွဲဥပဒေ သုံးရပ်ကို တစ်ခုတည်းအဖြစ် ပူးပေါင်းထားသည့် လွှတ်တော်ရွေးကောက်ပွဲဥပဒေသစ် ရေးဆွဲနေပြီး အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ယခုနှစ်ဒီဇင်ဘာတွင် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

“ပြီးခါနီးပါပြီ။ မူကြမ်းပြီးတဲ့အခါ နိုင်ငံရေးပါတီတွေ၊ CSO တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး အကြံပြုချက်တွေ ရယူဖို့ရှိပါသေးတယ်။ ပါဝင်ပတ်သက်တဲ့ အဖွဲ့တွေအားလုံး စုံသွားပြီ ဆိုရင်တော့  ဒီဥပဒေမူကြမ်းကို လွှတ်တော်ကို ဆက်လက် တင်ပြသွားမှာ ဖြစ်ပါ တယ်” ဟု  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးတင်ထွန်းက ပြောကြားသည်။

“ဒီနှစ်ဒီဇင်ဘာမှာ လွှတ်တော်ကို တင်ပြဖို့ ရည်မှန်းထားပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ယခင်က ရွေးကောက်ပွဲဥပဒေသုံးရပ် ရှိနေသည့်အတွက် ဖတ်ရှုနားလည်ရန် ခက်ခဲသည်ဟု လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် လေ့လာသူများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက တင်ပြကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်က လေ့လာသုံးသပ်ရာတွင်လည်း ဥပဒေသုံးခုတွင် မဲဆန္ဒနယ် သတ်မှတ်သည့် နေရာမှလွဲ၍ ဥပဒေပုဒ်မ အများစုမှာ တူညီသည့်အတွက် လွယ်ကူစေရန် ရေးဆွဲဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

“ကျွန်တော်တို့ ကြည့်တဲ့အခါ လွှတ်တော်သုံးရပ်အတွက် ဥပဒေသုံးခု ပြဋ္ဌာန်းတယ်။ နည်းဥပဒေကလည်း သုံးခုပြဋ္ဌာန်းတယ်။ အဲဒီလိုပြဋ္ဌာန်းတဲ့အတွက် ဖတ်ရှုတဲ့အခါ နားလည်ဖို့ခက်ခဲတာ။ တစ်ခုတည်းသာ လုပ်လိုက်ရင် အလွယ်တကူ သိရှိသွားပြီလို့ ယူဆတယ်။ တကယ်လည်း တစ်ခုတည်း ပြင်ဆင်ထားတယ်။ ဖတ်ရတာ သိပ်လွယ်သွားတယ်” ဟု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

“ပုဒ်မလည်း ထူးမသွားဘူး။ အခန်းကလည်း ထူးမသွားဘူး။ အခန်းကလည်း တစ်ခန်းပဲပိုတယ်။ အဲဒါကလည်း  ရည်ရွယ်ချက် ထည့်လိုက်တဲ့သဘော။ ဥပဒေသုံးခုက ပေါင်းသွားတာ အင်မတန်ကောင်းတဲ့ သဘောပေါ့။ သေသေချာချာ သုံးခုကို တစ်ခုပေါင်းတယ်။ အရင်တုန်းက ရွေးကောက်ပွဲ အတွေ့အကြုံတွေက လိုအပ်တဲ့ ပြဋ္ဌာန်းချက်ကလေးတွေလည်း အသစ်ထည့်ထားတယ်။ CSO တွေ လေ့လာခွင့်ရမယ့် ကိစ္စတွေ၊ နောက်ပြီးတော့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ၊ ညှိနှိုင်းရေး ကော်မတီတွေဖွဲ့ပြီး လုပ်တာတွေ။ ဒါတွေကိုလည်း ဥပဒေသစ်မှာ ထည့်လိုက်တော့ ပိုပြီးတော့ ခိုင်ခိုင်မာမာ ဖြစ်သွားမယ်။ ထူးထူးခြားခြားကြီး ပြောင်းလဲသွားတာမျိုး မရှိဘူး” ဟု ဦးမြင့်နိုင်က ဆက်လက်ပြောကြားသည်။

ရွေးကောက်ပွဲဥပဒေ သုံးရပ်မှ လွှတ်တော်ရွေးကောက်ပွဲဥပဒေ တစ်ခုတည်းအ ဖြစ် သတ်မှတ်ပြဋ္ဌာန်းမည် ဖြစ်သကဲ့သို့ ရွေးကောက်ပွဲ နည်းဥပဒေမှာလည်း တစ်ခုတည်းသာ သတ်မှတ်မည်ဖြစ်ကြောင်း၊ နည်းဥပဒေ ရေးဆွဲမှုနှင့် ပတ်သက်၍လည်း တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ နည်းဥပဒေ ရေးဆွဲရာတွင် လွှတ်တော်ကိုယ်စားလှယ်များအတွက် ရွေးကောက်ပွဲ အသုံးစရိတ် တူညီစွာ ရရှိနေမှုကို စဉ်းစားသုံးသပ် သွားမည်ဖြစ်ကြောင်း သိရသည်။

“တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကျတော့ နှစ်နေရာဆိုတော့ မြို့နယ်တစ်ဝက်ကိုပဲ သူက အသုံးစရိတ်ရတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တစ်မြို့နယ်လုံးအတွက် အကုန်ရတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကျတော့ တချို့ဆို နှစ်မြို့နယ်၊ သုံးမြို့နယ် အဲဒီလိုသုံးရတယ်။ သို့သော်လည်း သိန်းတစ်ရာစီ အညီအမျှဆိုတော့ အဲဒီမှာလည်း အခက်အခဲ နည်းနည်းရှိတယ်။ နည်းဥပဒေကျရင်တော့ ဒါလည်း ပြန်စဉ်းစားဖို့ရှိနေတယ်။ အသုံးစရိတ်က တစ်ပြေးညီပေးထားတော့ တကယ်ကွင်းဆင်းတဲ့အခါ အမျိုးသားလွှတ်တော်က နှစ်မြို့နယ်၊ သုံးမြို့နယ်၊ လေးမြို့နယ် ပေါင်းတော့  သူ့ကျနည်းသွားတာပေါ့။ တချို့မြို့နယ်ကျ လူဦးရေ သောင်းဂဏန်းပဲရှိတယ်။ လူဦးရေ သိန်းဂဏန်းရှိတဲ့ မြို့နယ်တွေရဲ့ အသုံးစရိတ် ဒါလေးတွေကို သင့်တင့်အောင် စဉ်းစားထားပါတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

အဆိုပါဥပဒေသစ် ရေးဆွဲနိုင်ရန်အတွက် နိုင်ငံရေးပါတီများ၊ လေ့လာသူများ အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆွေးနွေးပွဲ ၁၄ ကြိမ်၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း၊ မူကြမ်းအချောသပ် ရေးဆွဲပြီးစီးပါက လွှတ်တော်သို့ မတင်သွင်းမီ နိုင်ငံရေးပါတီများ၊ လေ့လာသူများ အပါအ၀င် ဥပဒေနှင့် ဆက်စပ်သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ အကြံပြုချက်များ ရယူဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားသည်။