မောင်တောမြို့နယ် တောင်ပြို (ယာ) ချောင်းပေါက်အနီးရှိ နယ်စပ်ခြံစည်းရိုးများကို တစ်ဖက်နိုင်ငံမှလူအချို့က လွှဖြင့်ဖျက်ဆီးသောကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်း အစိုးရ ထုတ်ပြန်

တစ်ဖက်နိုင်ငံမှ လူအချို့က ဖျက်ဆီးခဲ့သည်ဟုဆိုသော ခြံစည်းရိုးတိုင်များကို တွေ့ရစဉ်

မောင်တောမြို့နယ် တောင်ပြို (ယာ) ချောင်းပေါက်ဝအနီးရှိ  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံထားမှုကို တစ်ဖက် နိုင်ငံမှ လူအချို့က ဖျက်ဆီးသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇွန် ၂၉ ရက် သတင်း ထုတ်ပြန်ချက်အရသိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၈ ရက် ညနေ ၃ နာရီခွဲ တွင် တစ်ဖက်နိုင်ငံမှ လူ ၁၂ ဦးခန့်က အဆိုပါ ခြံစည်းရိုးကို လာရောက်ဖျက်ဆီးနေသည်ကို တွေ့ရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အော်ဟစ် မောင်းထုတ်သဖြင့် ၎င်းတို့မှာ ထွက်ခွာသွားခဲ့ ကြကြောင်း၊ ညနေ ၆ နာရီတွင် ၎င်းတို့ ထပ်မံ ရောက်ရှိလာပြီး အဆိုပါ ခြံစည်းရိုးတိုင်များကို ထပ်မံဖျက်ဆီးနေသည်ကိုတွေ့ရ၍ သတိပေး အော်ဟစ်ပြောဆိုရာ ထွက်ခွာသွားခြင်း မရှိဘဲ ပြန်လည် အော်ဟစ်ပြောဆိုပြီး ခြံစည်းရိုးတိုင်များအား လွှဖြင့် ဆက်လက်ဖျက်ဆီးနေသောကြောင့် ရဲအရာရှိတစ်ဦးက အမ်အေ- ၁၁ ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ လာရောက် ဖျက်ဆီးသူများအနက်တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ခြံစည်းရိုးကို သွားရောက်စစ်ဆေးရာ တိုင်လေးတိုင်ခန့် ပျက်စီးခဲ့ကြောင်း တွေ့ရှိရပြီး ထပ်မံ မဖြစ်ပွားစေရေး စောင့်ကြည့်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရ ရှိသည်။

မောင်တောမြို့နယ် တောင်ပြို (ယာ) ရဲကင်းစခန်း၏ မြောက်ဘက် ကိုက် ၂၀၀ ခန့် အကွာ တောင်ပြို (ယာ) ချောင်းပေါက်ဝအနီး ရှိ မြန်မာဘက်ခြမ်း၌ ရေတိုက်စား၍ ပေ ၁၈၀ ခန့် ပျက်စီးခဲ့သည့် ခြံစည်းရိုးအစား ယာယီ သစ်သားတိုင်၊ သံဆူးကြိုးများဖြင့် ယာယီပြန်လည် ကာရံထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

မောင်တော အဝေးသင်ဌာနခွဲတွင် မြန်မာစာနှင့် သမိုင်းဘာသာရပ် ပို့ချမည်ဖြစ်ပြီး တက်ရောက်မည့် ကျောင်းသူကျောင်းသားများ စာရင်းပေးနိုင်ပြီဖြစ်

မောင်တော အဝေးသင်ဌာနခွဲတွင် မြန်မာစာနှင့် သမိုင်းဘာသာရပ် ပို့ချမည်ဖြစ်ပြီး တက်ရောက်မည့် ကျောင်းသူကျောင်းသားများ စာရင်းပေးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“စဖွင်တဲ့ အခုနှစ်မှာတော့ မြန်မာစာနဲ့ သမိုင်းကို ပို့ချမယ်။ အရင်က တက်နေပြီး ကျောင်းနဲ့ အဆက်ပြတ်နေတဲ့ သူတွေ၊ အသစ်တက်မယ့်သူတွေ၊ ဒီနှစ် ဆယ်တန်းအောင်တဲ့သူတွေ အဝေးသင်တက်မယ့် သူတွေဟာ ဒီမှာ စာရင်းလာပေးရမယ်။ လျှောက်လွှာ ဖြည့်တင်ရမယ်။ ဆရာ ဆရာမတွေလည်း မောင်တောမှာ လာပို့ချမယ်။ စာမေးပွဲလည်း မောင်တောမှာ ဖြေရမယ်။ စစ်တွေကို သွားစရာမလိုဘဲ ဒီမှာ အားလုံး ဆောင်ရွက်ရမယ်” ဟု မောင်တောခရိုင် ပညာရေးမှူးက ပြောကြားသည်။

မောင်တောခရိုင်အတွင်းမှ ဘင်္ဂါလီ ကျောင်းသားများအတွက် အဓိကရည်ရွယ် ဖွင့်လှစ်မည့် အဝေးသင်ဌာနခွဲကို မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်ရှိ ခရိုင်ပညာရေးမှူးရုံးတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်နှင့်အဖွဲ့သည် ဇွန် ၂၇ ရက် နံနက် ၁၀ နာရီခွဲက မောင်တောမြို့ အထက(၁) အစည်းအဝေး ခန်းမတွင် မောင်တောဒေသအတွင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့ကြသည့် ကျောင်းသားများ၊ လက်ရှိ အဝေးသင် ပထမနှစ်နှင့် ဒုတိယနှစ် တက်ရောက်နေကြသည့် ရခိုင်တိုင်းရင်းသား ကျောင်းသားများ၊ ဘင်္ဂါလီ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ မောင်တောမြို့ မြို့သူကြီးရှိ ခရိုင်ပညာရေးမှူးရုံးတွင် ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ပထမဆုံး အဝေးသင်ဌာနခွဲ (မြန်မာနှင့်သမိုင်း) ဖွင့်လှစ်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။

အလားတူ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်နှင့်အဖွဲ့သည် ဘူးသီးတောင် အထကကျောင်းရှိ မေယုရတနာခန်းမတွင် တက္ကသိုလ်ဝင်တန်းအောင်နှင့် အဝေးသင်တက္ကသိုလ် တစ်ပိုင်းတစ်စ တက်ရောက်ပြီးသူ ဘင်္ဂါလီ ကျောင်းသား ၂၅၀ ခန့်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီ ကျောင်းသားကျောင်းသူများအတွက် မောင်တောမြို့တွင် အဝေးသင်ဌာနခွဲ တစ်ခု ဖွင့်လှစ်ပေးရန် စီစဉ်

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ရှိ တက္ကသိုလ် တက်ရောက်မည့် ဘင်္ဂါလီ ကျောင်းသား၊ ကျောင်းသူများအတွက် မောင်တောမြို့တွင် အဝေးသင်ဌာနခွဲတစ်ခု ဖွင့်လှစ်ပေးရန် စီစဉ်နေကြောင်းနှင့် ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် စစ်တွေမြို့နယ် သက်ကယ်ပြင်ရွာနှင့် သံတွဲမြို့တို့တွင် အဝေးသင်ဌာနခွဲများ ဖွင့်ထားပြီး ဘင်္ဂါလီကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ၀င်ရောက်ဖြေဆိုနိုင်ရေး စီမံထားကြောင်း သိရသည်။

ထိုသို့ စီစဉ်ရခြင်းသည် အဝေးသင်တက္ကသိုလ် တက်ရောက်မည့် ကျောင်းသားများအနေဖြင့် စစ်တွေတက္ကသိုလ်သို့ ၂၀၁၂ ခုနှစ် ရခိုင်ပြည်အတွင်း ဖြစ်ပေါ်ခဲ့သော အရေးအခင်း နောက်ပိုင်းမှ စတင်ကာ တက်ရောက် သင်ကြားနိုင်ရန် အဆင်မပြေသည့်အတွက် ထိုသို့ စီစဉ်ရခြင်းဖြစ်ကာ ကျောင်းသားများ အဝေးသင်တက္ကသိုလ် စာမေးပွဲကို ကောင်းစွာ ဖြေဆိုနိုင်ရေးနှင့် အနီးကပ်သင်တန်းများ တက်ရောက်နိုင်ရေးအတွက် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်ပြီး စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်က “အဓိက ကတော့ ဘူးသီးတောင်၊ မောင်တောမှာရှိနေတဲ့ အစ္စလာမ်ကျောင်းသားတွေ အဝေးသင်ပညာရပ်ကို သင်နိုင်အောင်လို့ အဲဒီမှာ ကျောင်း အပ်တာတွေ လက်ခံမယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ထုတ်ပေးမယ်။ အနီးကပ်သင်တန်း ပို့ချမယ်။ စာမေးပွဲ ဖြေဆိုနိုင်အောင် လုပ်ဆောင်ပေးမယ်လို့ အခုမှ စီစဉ်နေတုန်း ရှိပါသေးတယ်၊ တက်မယ့်လူတွေ ရှိမလားပေါ့၊ တက်မယ့် လူမရှိရင်တော့ ဖွင့်စရာမရှိဘူး။ သူတို့တက်မယ်၊ မတက်မယ် ဆိုတဲ့အပေါ်မှာ မူတည်တယ်”ဟု ပြောကြားသည်။

ထိုသို့ ဖွင့်လှစ်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ခရိုင်ပညာရေးမှူးတို့နှင့် ဆက်သွယ်ထားကြောင်း၊ တက္ကသိုလ်ဝင်ခွင့် ပုံစံစာရွက်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်းနှင့် ဇူလိုင် ၁၆ ရက်တွင် ၀င်ခွင့်ပုံစံ စာရွက်များကို လက်ခံမည် ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး နေထိုင်သူများကိစ္စ မြန်မာဘက်က တရားဝင် ကန့်ကွက်ခဲ့သော်လည်း မြန်မာပိုင်နက် ခြံစည်းရိုးအနီးအထိ နေအိမ်များ တိုးချဲ့ တည်ဆောက်လာကြောင်း သိရ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး နေထိုင်သူများကို ဇွန်လလယ်ခန့်က တွေ့ရစဉ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး နေထိုင်သူများကိစ္စ မြန်မာဘက်မှ တရားဝင် ကန့်ကွက်ခဲ့သော်လည်း မြန်မာပိုင်နက် ခြံစည်းရိုးအနီးအထိ နေအိမ်များ တိုးချဲ့ တည်ဆောက်လာကြောင်း သိရသည်။

“အခုဆိုရင် နေအိမ်တွေက ခြံစည်းရိုးနားအထိ တိုးချဲ့ တည်ဆောက်ထားတာကို တွေ့ရတယ်။ ခြံစည်းရိုးအနားအထိ တိုးလာတာက လူဦးရေ တိုးလာလို့လား။ နေရာပြောင်းတာလားတော့ မသိဘူး။ အဲဒီကန့်ကွက်ထားတဲ့ နေရာမှာ လူတွေ လျော့သွားတာ မရှိဘူး။ အဆောက်အအုံတွေလည်း အရင်အတိုင်း တွေ့ရသေးတယ်” ဟု တောင်ပြိုနယ်စပ်တွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေး အရာရှိတစ်ဦးက ပြောကြားသည်။

နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး နေထိုင်ခွင့် မရှိသောနေရာတွင် လူဦးရေ၊ အိမ်ထောင်စုများ တရားမ၀င် တိုးပွားလာမှုကို သတင်း ဖလှယ်မှုမရှိခြင်းသည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များကို ချိုးဖောက်ရာ ရောက်သဖြင့် မြန်မာနိုင်ငံဘက်မှ တရားဝင် ကန့်ကွက်ကြောင်း၊ ၎င်းအပြင် အာဆာအကြမ်းဖက်အဖွဲ့ များ ရောနှော ၀င်ရောက်လာကြောင်း သိရသဖြင့် ကာကွယ်တားဆီးပေးရန် နှင့် အဆိုပါနေရာ၌ မေ ၆ ရက်မှ မေ ၈ ရက်အထိ ယာယီတဲအသစ် ရှစ်လုံး ဆောက်လုပ်ထားသည်ကို တွေ့ရကြောင်း မေ ၁၆ ရက် မွန်းလွဲပိုင်းတွင် မြန်မာဘက်ခြမ်း (တောင်ပြို-၀ဲ ၀င်ထွက်) တံတားအနီး ရှင်းလင်းဆောင်၌ ကျင်းပသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူးက ပြောကြားသည်။

၂၀၁၇ ခုနှစ် ဖြစ်စဉ် ဖြစ်ပြီးကတည်းက ပြောင်းရွှေ့ဒုက္ခသည်များ ယခုအချိန်အထိ နယ်နိမိတ်မျဉ်းအနီး နေထိုင်လျက်ရှိပြီး ၎င်းတို့ဘက်မှ ထောက်ပံ့မှုများ မရှိကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး အဆောက်အအုံနှင့် ပတ်သက်၍ နယ်စပ်ရေးရာကိစ္စ ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ရန် ရှိပါကြောင်း၊ သို့ရာတွင် နေရပ် စွန့်ခွာသူများမှာ ကမ္ဘာ့အဖွဲ့အစည်းများမှ ထောက်ပံ့ပေးမှုကြောင့် ရပ်တည်၍ရနေခြင်း ဖြစ်ပါကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများဖြစ်၍ ကမ္ဘာ့အဖွဲ့အစည်းများ အနေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ကန့်ကွက်၍ မရပါကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တပ်ရင်းမှူးက အဆိုပါတွေ့ဆုံပွဲ၌ ပြန်လည်ဆွေးနွေးရာတွင် ပြောကြားသည်။

ဆက်လက်၍ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ၁၀ ဦး နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ၁၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး နေထိုင်သူများအား မြန်မာ တာဝန်ရှိသူများ သွားရောက် တွေ့ဆုံနေသည်ကို တွေ့ရစဉ်

အလားတူ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် CCTV ကင်မရာ လေးလုံး တပ်ဆင်ခြင်းနှင့် လုံခြုံရေး ဆိုလာမီးတိုင် ၁၀ တိုင် တပ်ဆင်ထားခြင်းများသည် တစ်ဖက် နိုင်ငံနယ်မြေ အခြေအနေများ နှင့် လှုပ်ရှားမှုများကို စောင့်ကြည့် သတင်းရယူခြင်းဖြစ်၍ ကုလသမဂ္ဂ စည်းမျဉ်းအရ မလုပ်သင့်သည်ကို လုပ်သည့်သဘောဖြစ်၍ အမြန်ဖယ်ရှား ပေးစေလိုကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး လူမနေထိုင်ရန် သတ်မှတ်ထားသည့် နေရာတွင် လူဦးရေ တိုးပွားလာမှုများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် လျစ်လျူရှုပြီး ထောက်ခံအားပေးသည့် သဘောဆောင်နေကြောင်း၊ အိမ်ထောင်စုများ တိုးချဲ့လာမှု၊ ရွှေ့ပြောင်းလာမှုများကို ထိန်းသိမ်းရန်အတွက် အသံချဲ့စက်ဖြင့် သတိပေး တားမြစ်မှုများ ဆောင်ရွက်နေရခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပူးပေါင်း ဆောင်ရွက်ပါက မိမိတို့အနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်ရန် မလိုကြောင်း မေ၂၃ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအနီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူးက ကန့်ကွက်ပြောဆိုခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးရှိ အဆောက်အအုံ မဆောက်လုပ်ရန် တားမြစ်ထားသည့် ဇုန်အတွင်း တဲအသစ်များ ထပ်မံ တိုးချဲ့ဆောက်လုပ်ခြင်းများ ရပ်ဆိုင်းစေလိုပြီး ရိက္ခာလာရောက် ပေးပို့မှုများနှင့် လုံခြုံရေး လိုက်ပါကူညီပေးနေမှုများကို ကန့်ကွက်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့်အဖွဲ့သည် ဇွန် ၁၈ ရက် မောင်တောခရီးစဉ်တွင် တောင်ပြိုနယ်စပ် ခြံစည်းရိုးပြင်ပ၌ တရားမ၀င် တဲထိုးနေထိုင်နေကြသည့် ဘင်္ဂါလီများနှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး အဆောက်အအုံ မဆောက်လုပ်ရန် တားမြစ်ထားသည့် ဇုန်အတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးသွားသည့် ဘင်္ဂါလီ အိမ်ထောင်စု ၁၀၀၀ ကျော် တရားမ၀င် နေထိုင်နေကြောင်း နှင့် ၎င်းတို့အား မြန်မာအစိုးရ တာဝန်ရှိသူများက ပြန်လည်လက်ခံရေး ကိစ္စများနှင့်ပတ်သက်ပြီး အကြိမ်ကြိမ်ပြောဆိုခဲ့သော်လည်း ဘင်္ဂါလီငါးဦးမှအပ ကျန်ဘင်္ဂါလီများ ပြန်လည် ၀င်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းမှ မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်ခြံစည်းရိုးအကြား (နယ်စပ်မှတ်တိုင် ၃၄ အနီး) နေထိုင်ခဲ့သော မောင်တောမြို့နယ် တောင်ပြိုလက်ယာ ကျေးရွာနေ အဲဖ်တာအာလွမ် အပါအ၀င် မိသားစုဝင် ငါးဦးသည် စားဝတ်နေရေး အခက်အခဲရှိပြီး ကျန်းမာရေး ဆိုးရွားစွာဖြင့် ဒုက္ခမျိုးစုံ ခံစားနေရသဖြင့် နိုင်ငံအတွင်း ပြန်လည် ၀င်ရောက်ခွင့်ပြုပါရန် တင်ပြသဖြင့် အဆိုပါတင်ပြချက်အပေါ် အဆင့်ဆင့် တင်ပြခဲ့ရာ တရားဝင် လက်ခံရေးစခန်းမှ တစ်ဆင့် ၀င်ရောက်ခွင့်ရရှိခဲ့ပြီး ၁၃-၄-၂၀၁၈ ရက်တွင် တောင်ပြိုလက်ဝဲ ၀င်ထွက်ဂိတ် (နှစ်နီုင်ငံ ချစ်ကြည်ရေးတံတားအနီး)မှ တောင်ပြိုလက်ဝဲ စိစစ်ရေးစခန်းသို့ အဲဖ်တာအာလွမ် နှင့် မိသားစုများ ရောက်ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၆ ခုနှစ် ငါးခူရနယ်ခြားစောင့်ရဲစခန်း အကြမ်းဖက်မှုဖြစ်စဉ်နှင့် ဆက်စပ် ဖမ်းဆီးခံထားရသူ ရှိုင်းဆောက်လုပ်ရေး ဥက္ကဋ္ဌနှင့် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ဇော်ဝင်း (ခေါ်) ဇော်ကီးအာမတ်ကို မောင်တောခရိုင်တရားရုံးမှ တရားရှင်လွှတ်

ဓာတ်ပုံ – ရဲဇာနည် Facebook

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က ငါးခူရ နယ်ခြားစောင့်ရဲစခန်း အကြမ်းဖက်မှု ဖြစ်စဉ်မှ လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသူ မောင်တောမြို့နယ် ယခင်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းကို မောင်တောခရိုင်တရားရုံးမှ ဇွန်လ ၂၀ ရက်နေ့က တရားရှင် လွှတ်ပေးလိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သူ ဦးသင်္ခါကျော်က ပြောကြားသည်။

ဦးအောင်ဇော်ဝင်း (ခ) ဇော်ကီးအာမတ်အား ရာဇ၀တ်မှု အမှတ် ၃၅/ ၂၀၁၈ ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၀၂/၃၃၃/၃၂၆/၃၄ တို့နဲ့ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၁၆ ခုနှစ်က ငါးခူရစခန်း တိုက်ခိုက်ခံရမှုနဲ့ သူ့ကို ၃၀၂/၃၃၃/၃၂၆/၃၄ တို့နဲ့ တရားစွဲပါတယ်။ တရားစွဲတဲ့ထဲမှာ ၂၀၁၆ ခုနှစ်ကတော့ တရားခံ ၄၅ ဦးကို စွဲပြီးပါပြီ။ အဲဒီထဲမှာ ၄ ဦး သေဒဏ်ကျပါတယ်။ တခြားသူတွေကတော့ ထောင်ဒဏ် အနှစ် ၂၀ နဲ့ အသီးသီးကျပါတယ်။ အဲဒီအထဲမှာ တရားခံပြေးက အကုန်လုံး ၂၀၀ ကျော်လောက်ပါတယ်။ အဲဒီအထဲမှာ ဦးအောင်ဇော်ဝင်းလည်းပါတယ်။ အခု ဦးအောင်ဇော်ဝင်း အမှုမှာ သက်သေ ၂၁ ဦးကို စစ်ဆေပြီးတဲ့အခါမှာ သူ့ကို စွဲချက်တင်နိုင်လောက်တဲ့ ငြိစွန်းမှု မရှိဘူး ဆိုပြီးတော့ ကျင့်ထုံး ပုဒ်မ ၂၅၃ (၁) အရ တရားရှင် လွှတ်လိုက်တာပါ” ဟု တရားရှင် လွှတ်ပေးလိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သူ ဦးသင်္ခါကျော်က ပြောကြားသည်။

မောင်တောမြို့နယ် ယခင်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က ထိုင်းလေကြောင်း TG ဖြင့် ဘန်ကောက်သို့ ထွက်ခွာရန် ရောက်ရှိလာစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သူ့အား မောင်တောသို့ လွဲပြောင်းကာ သူ့အမှုအား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရှိုင်း” ဆောက်လုပ်ရေး ကုမ္မဏီဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း(ခ) ဇော်ကီးအာမတ်အား ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် ငါးခူရ နယ်ခြားစောင့်စခန်း တိုက်ခိုက်ခံရမှုတွင် အကြမ်းဖက်သမားများကို အားပေးအားမြောက် လုပ်သည် ဟုဆိုကာ ဒုရဲမှူးထွန်ထွန်းစိုးမှ တစ်ခြားဘင်္ဂလီလူမျိုး ၄၅ ဦးနှင့်အတူ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် အထူးကုဆရာဝန်ကြီးများ အပါအ၀င် ကျန်းမာရေးဝန်ထမ်း ၇၈ ဦး ထပ်မံခန့်အပ်

ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် အထူးကုဆရာဝန်ကြီးများ အပါအ၀င် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း ၇၈ ဦးကို ထပ်မံဖြည့်တင်း ခန့်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ မည်သူမဆို ကျန်းမာရေး စောင့်ရှောက်မှု လာရောက် ခံယူနိုင်ကြောင်း နှင့် ဆေးရုံဆေးခန်းများသည် ကျန်းမာရေး စောင့်ရှောက်မှု ခံယူသူများအတွက် အကာအကွယ် ပေးထားသည့် နေရာများဖြစ်ကြောင်း အသိပေးကြေညာချက်များ ပြုလုပ်၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိကြောင်းနှင့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီမှ ဧပြီလအတွင်း စစ်တွေဆေးရုံ၊ သက္ကယ်ပြင်ဆေးရုံ၊ မြောင်းဘွေဆေးရုံ၊ ဘူးသီးတောင်ဆေးရုံ၊ စေတီတောင်ဆေးရုံ၊ မောင်တောဆေးရုံများတွင် ပြင်ပလူနာနှင့် အတွင်းလူနာအဖြစ် တိုင်းရင်းသား ၂,၈၂၃ ဦး၊ မွတ်စလင်ဘာသာဝင် ၁၁,၃၇၃ ဦး၊ စုစုပေါင်း ၁၄,၁၉၆ ဦးကို ကုသပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာန အနေဖြင့် ဆရာဝန်၊ သူနာပြုများ အပါအ၀င် သားဖွားဆရာမ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် စသည့် အခြေခံကျန်းမာရေး ၀န်ထမ်းများကို နှစ်စဉ် မွေးထုတ်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအား ဦးစားပေး အစီအစဉ် သတ်မှတ်၍ ခန့်အပ်သွားမည် ဖြစ်ကြောင်းနှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (စစ်တွေ) ၌ သူနာပြုနှင့် သားဖွားသင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၃၀၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ခြောက်လ သင်တန်းအား စစ်တွေမြို့ ၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၀၁ ဦးတို့ဖြင့် လေ့ကျင့် သင်တန်းပေးထားပြီး ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဆရာဝန်၊ သူနာပြုများနှင့် အခြေခံကျန်းမာရေး ၀န်ထမ်းများ ရာထူးတိုးမြှင့်ပေးရေးအတွက် အစီအစဉ်များ ဆောင်ရွက်သွားရန်ရှိပြီး ရာထူးတိုး၍ လစ်လပ်နေရာများနှင့် သက်ပြည့်ပင်စင်ယူခြင်း အပါအ၀င် အခြားလစ်လပ်နေရာများ၌ ပြန်လည် ခန့်အပ်နိုင်ရေးအတွက် အစီအစဉ်များအား စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံများ၌ ဆရာဝန်များ ပိုမို ခန့်အပ်နိုင်ရေးအတွက် ဆေးတက္ကသိုလ်များမှ မွေးထုတ်ပေးသော ဆရာဝန်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဦးစားပေး ခန့်အပ်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရ၏ အထူးအစီအစဉ် အနေဖြင့်လည်း ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့တွင် ညမထွက်ရ ကန့်သတ်အချိန်ကို လျှော့ချ

မောင်တောမြို့တွင် ညမထွက်ရ ကန့်သတ်အချိန်ကိုလျှော့ချကာ ညမထွက်ရအမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ ပြင်ဆင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာလမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့်ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် ငါးဦး သို့မဟုတ် ငါးဦးထက် ပိုသောသူများ စုဝေးခြင်း မပြုလုပ်ရေးအတွက် ယခင်ထုတ်ပြန်ခဲ့သည့် ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအစား ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအချိန်ထိ ကာလအတွင်း ညမထွက်ရအမိန့်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အရ ပြင်ဆင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အချိန် တစ်နာရီ လျှော့ချလိုက်သည့် ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ထပ်မံထုတ်ပြန်မှုအား မောင်တောမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဇွန် ၁၂ ရက် ညနေပိုင်းက လိုက်လံကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ အေးချမ်းစွာ နေထိုင်ရေးအတွက် မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ ၂၀၁၈ ခုနှစ် ဧပြီ ၁၁ ရက်တွင် အမိန့်အမှတ် ၁/၂၀၁၈ ဖြင့် ညနေ ၉ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအချိန်ထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယခုအချိန်တွင် နယ်မြေ တည်ငြိမ်အေးချမ်းမှု ရှိလာပြီ ဖြစ်သော်လည်း တရားဥပဒေစိုးမိုးမှု ရရှိစေရေးအတွက် တပ်မတော်နှင့်လုံခြုံရေး အဖွဲ့အစည်းများမှ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်သည့်အတွက် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု၊ လွတ်လပ်စွာ ဆက်သွယ်သွားမှု ကန့်သတ်ချက်များအပြင် စားဝတ်နေရေး ကိစ္စရပ်များအပေါ် အထိုက်အလျောက် ထိခိုက်မှုရှိနေသည့်အအတွက် ဒေသတွင်းနေ ပြည်သူလူထု၏ ရေရှည်အကျိုးကို မျှော်ကိုး၍ ပုဒ်မ-၁၄၄ အမိန့်ထုတ်ပြန်ထားသည့် ကန့်သတ်အချိန်ကို လျှော့ပေါ့စဉ်းစားပေးရန် လိုအပ်ကြောင်း သုံးသပ်ရရှိကြောင်း ကြေငြာချက်တွင် ပါဝင်ကြောင်း သိရသည်။

 

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ပိတ်ခဲ့ရသောကျောင်း ၁၁၉ ကျောင်း စတင်ဖွင့်လှစ်

မောင်တောမြို့နယ်အတွင်း ကလေးများ စာသင်ကြားနေစဉ်

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ပိတ်ခဲ့ရသောကျောင်း ၁၁၉ ကျောင်းကို ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း စာသင်ကျောင်းပေါင်း ၁၈၅ ကျောင်းရှိပြီး ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့မှ ၀င်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ကျောင်းအားလုံး ပိတ်ထားခဲ့ရပြီးနောက် တဖြည်းဖြည်း တိုးချဲ့ဖွင့်လှစ်ခဲ့ရာ ယခင်နှစ် စာသင်နှစ်အတွင်း ကျောင်းပေါင်း ၁၀၅ ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ကြောင်းနှင့် ယခုနှစ် ကျောင်းဖွင့်ရာသီတွင် စာသင်ကျောင်း ၁၄ ကျောင်းကို တိုးချဲ့ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် ကျောင်း ၁၁၉ ကျောင်း ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောင်းဖွင့်လှစ်မှု အခြေအနေနှင့် ပတ်သက်ပြီး မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က “မောင်တောမြို့နယ်မှာ စုစုပေါင်း စာသင်ကျောင်းက ၁၈၅ ကျောင်းရှိပါတယ်။ အဲဒီထဲက ဒီနှစ် ၁၁၉ ကျောင်းဖွင့်ပါတယ်။ မူလတန်းနဲ့ အလယ်တန်းမှာတော့ လုံလောက်တယ်။ ဆရာဆရာမနည်းတဲ့ ကျောင်းတွေမှာ ပိတ်ထားတဲ့ ကျောင်းတွေက ဆရာ ဆရာမတွေကို တာဝန်ချပေးထားပါတယ်။ အထက်တန်း အဆင့်မှာတော့ ဆရာဆရာမတွေ အပြောင်းအရွှေ့ရှိတော့ နယ်ကျောင်းတွေမှာ လိုအပ်ချက်ရှိပါတယ်။ မဖွင့်လှစ်နိုင်တဲ့ကျောင်း မရှိပါဘူး။ မဖွင့်တဲ့ကျောင်း ဆိုတာက မနှစ်က မီးရှို့ထွက်ပြေးသွားတဲ့ ရွာတွေက ကျောင်းတွေဖြစ်ပါတယ်။ ဒီနှစ် တချို့ရွာတွေမှာ ပြန်လာနေတဲ့သူတွေ ရှိလာတဲ့အတွက် မနှစ်က ၁၀၅ ကျောင်း ဖွင့်ခဲ့ပေမယ့် ဒီနှစ်မှာ ၁၄ ကျောင်းတိုးဖွင့်လို့ အခုဆိုရင် အားလုံး ၁၁၉ ကျောင်း ဖွင့်ပါတယ်။ ဒီနေ့အထိ ကျောင်းသားဦးရေက ထက်၊ လယ်၊ မူ စုစုပေါင်း ၁၆၀၀၀ ကျော် ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ပညာရေးဝန်ထမ်း တချို့သည် အသက်လုကာ ကျေးရွာသားများနှင့်အတူ တောထဲတွင် ပုန်းအောင်းနေခဲ့ရသည်များ ရှိခဲ့ကြောင်းနှင့် မီးရှို့ခံခဲ့ရသည့် ကျေးရွာများမှ ကျောင်သားများမှာ မြို့ပေါ်ကယ်ဆယ်ရေး စခန်းနှင့် ဘုန်းတော်ကြီးများတွင် ပြောင်းရွှေ့ စာသင်ကြားခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် မောင်တောခရိုင်အတွင်း ပိတ်ခဲ့ရသောကျောင်း ၄၂၄ ကျောင်းအနက် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလတွင် ၃၄ ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ကလေးများ စာပေသင်ကြားနိုင်သည့် ကျောင်း စုစုပေါင်း ၃၂၄ ကျောင်းရှိပြီး ဖြစ်ကြောင်း သိရသည်။

မောင်တောခရိုင်အတွင်း စာပေသင်ကြားမှု မြှင့်တင်နိုင်ရန် ဘင်္ဂါလီစကား တတ်ကျွမ်းသော ဆရာဆရာမ ၁၀၀ ခန့်ကို အမြဲတမ်း ၀န်ထမ်းများအဖြစ် ခန့်အပ်ထားရှိကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီအကြမ်းဖက်အုပ်စုက ဟိန္ဒူများကိုအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဆိုသော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာအဖွဲ့၏ အစီရင်ခံစာကို မယုံကြည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

မေ ၂၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသော နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီအား တွေ့ရစဉ် (Photo : Dhaka Tribune)

လွန်ခဲ့သောနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ ဟိန္ဒူ အမျိုးသား၊ အမျိုးသမီးနှင့် ကလေး ၉၉ ဦးအထိ အစုလိုက် အပြုလိုက် သတ်ဖြတ်ခဲ့သည့်အတွက် ဘင်္ဂါလီလက်နက်ကိုင် အုပ်စုတွင် တာဝန်ရှိသည်ဟု အခိုင်အမာ ပြောဆိုထားသော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ၏ ရုတ်တရက် ထွက်ပေါ်လာသော အစီရင်ခံစာကို မယုံကြည်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူဟာဆန် မာမွတ်အလီက ထုတ်ဖော်ပြောကြားခဲ့သည်။

မေ ၂၃ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် မေးမြန်းချက်တစ်ခုကို ဖြေကြားရာ၌ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အစီရင်ခံစာသည် အဘယ်ကြောင့် နောက်ကျလွန်းနေရသလဲဟု သူကမေးခွန်းထုတ်ခဲ့ပြီး အစီရင်ခံစာ ထုတ်ပြန်ရခြင်း နောက်ကွယ်တွင် ရည်ရွယ်ချက်တချို့ ရှိကောင်း ရှိနိုင်ကြောင်း မာမွတ်အလီက ပြောကြားခဲ့သည်။

ဘင်္ဂါလီတို့က မီးဖိုချောင်သုံးဓားများ၊ ဂေါ်ပြားများ၊ ကိုင်းညှပ်ကက်ကြေးရှည်များ ကဲ့သို့သော အခြားလက်နက်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု ၂၀၁၇ ခုနှစ်တွင် မြန်မာတပ်မတော်၏ ထုတ်ပြန်ချက်ကို ကိုးကားလျက် ဘင်္ဂါလီများသည် ဤကဲ့သို့သော လက်နက်များဖြင့် စစ်အခြေစိုက်စခန်းများကို လက်နက်ကိုင် တိုက်ခိုက်ခြင်းအား မည်သို့လုပ်ဆောင်သလဲဟု သူကပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ယခုအစီရင်ခံစာကြောင့် ဘင်္ဂါလီများကို ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆွေးနွေးမှုများအပေါ် အပျက်လက္ခဏာ ဆောင်သည့် အကျိုးသက်ရောက်မှုကို သူကပယ်ချခဲ့ပြီး ယနေ့အချိန်တွင် လူတို့က အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာကို မယုံကြည်ဟု နောက်ထပ်မေးခွန်း တစ်ခုကို သူကဖြေကြားခဲ့သည်။

ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးကို မြန်မာနှင့် ဆွေးနွေးရာတွင် အလွန်ခက်ခဲ နေသော်လည်း ဆွေးနွေးမှုမျာကို ဆက်လက် လုပ်ဆောင်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်က ပေးပို့ထားသော ဒုက္ခသည်စာရင်း ၈၀၃၂ ထဲက ၂၀၀၀ ကို မြန်မာဘက်က စစ်ဆေးအတည်ပြုပြီးပြီဟု မာမွတ်အလီက ဖြေကြားခဲ့သည်။

လွန်ခဲ့သော သြဂုတ်လတွင် ရဲကင်းများကို စီးနင်းတိုက်ခိုက်ချိန်နှင့် တစ်ပြိုင်တည်းမှာပင် ARSA က မောင်တာမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာစုများတွင် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များကို တွေ့ ဆုံမေးမြန်းမှုများက အတည်ပြုခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားခဲ့သည်။

ARSA အနေဖြင့် အခြားသော နေရာများတွင်ပါ ပိုမိုသေးငယ်သော အတိုင်းအတာဖြင့် အရပ်သားများအပေါ် အကြမ်းဖက်မှု ကျုးလွန်ရာတွင် တာဝန်ရှိသည်ဟု ယခုတွေ့ရှိချက်များက ညွှန်ပြလျက်ရှိသည်။

 

မောင်တောမြို့နယ် မြောက်ဖျားစွန်းဒေသ အောင်သပြေကျေးရွာနှင့် အခြားကျေးရွာအချို့သို့ ရောက်ရှိနေကြသော ဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲဖြစ်နေ

မောင်တောမြို့နယ် မြောက်ဖျားစွန်းဒေသ အောင်သပြေကျေးရွာနှင့် အခြားကျေးရွာအချို့သို့ ရောက်ရှိနေကြသော ဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်းနှင့် အစိုးရဘက်က ပံ့ပိုးမှု အားနည်းကြောင်း သိရသည်။

အဆိုပါ ဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်မှ နေရပ်စွန့်ခွာ ထွက်ပြေးခိုလှုံ ရောက်ရှိလာကြသူများဖြစ်ပြီး မာရမာ၊ ရခိုင်နှင့် မြိုတိုင်းရင်းသား ပါဝင်ကြောင်း သိရသည်။ ၎င်းတို့သည် အောင်သပြေကျေးရွာ စာသင်ကျောင်းတွင် ယခင်က နေထိုင်ခွင့် ရရှိခဲ့သော်လည်း ယခုအခါတွင် ရွက်ဖျင်တဲများဖြင့် နေထိုင်ကြရသည့်အတွက် ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း သိရသည်။

“သူတို့က အခုနေထိုင်ရတာ အခက်အခဲ ရှိတယ်။ ဒီလောက် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုမှာ ရွက်ဖျင်တဲထိုးပြီး နေထိုင်ကြရတော့ အပူဒဏ်ကို မခံနိုင်အောင် ဖြစ်နေကြတယ်။ ဒါကြောင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေ ပေးထားဖို့လိုတယ်။ ကျန်းမာရေး ချို့တဲ့လာနိုင်ခြေ ရှိတယ်။ နောက်ပြီး အလုပ်အကိုင်လုပ်ဖို့ကလည်း မရှိဆိုတော့ စားသောက်ရေးအတွက် စိုးရိမ်ရတယ်။ အခု လောလောဆယ် စားဖို့အတွက်ကတော့ အဖွဲ့အစည်းတွေက ကူညီပေးထားကြတယ်။ အစိုးရပိုင်းက ကူညီတာကတော့ မြင်သာထင်သာ မရှိလှပါဘူး” ဟု အဆိုပါ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သူ မောင်တောမြို့မှ ဦးစိန်လှဖြူက ပြောကြားသည်။

အောင်သပြေကျေးရွာတွင် လူဦးရေ ၉၀ ၀န်းကျင် ရောက်ရှိနေကြောင်းနှင့် သုပဏ္ဏကကျေးရွာ၊ သစ်တုံးနားခွဆုံ ကျေးရွာတို့တွင်လည်း ရောက်ရှိနေသူများ ရှိကြောင်း၊ သစ်တုံးနားခွဆုံကျေးရွာမှ ဟင်းရှာဟင်းခူးသွားသော အမျိုးသမီးတစ်ဦး မကြာသေးမီက အသတ်ခံခဲ့ရကြောင်း၊ ၎င်းတို့မှာ မတ်လ ပထမပတ်မှ စတင်ရောက်ရှိလာခြင်းဖြစ်ကာ ကျောင်းနေအရွယ် ကလေးငယ်များလည်း ပါဝင်သည့်အတွက် ကလေးငယ်များ ပညာသင်ကြားရေး အခက်အခဲရှိနေသည်။