အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည်ပွဲတော်ကြီး စတင် ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီ အပူဇော်ခံပွဲတော်ကြီးကို အောက်တိုဘာ ၁၀ ရက် မနက် ၄ နာရီအချိန်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ပထမနေ့တွင် အင်းလေး ဖောင်တော်ဦးဘုရား စံကျောင်းတော်မှ မနက် ၇ နာရီ အချိန်ခန့်တွင် စတင် ထွက်ခွာခြင်းဖြစ်ပြီး ဒုတိယ စံကျောင်းတော်၊ ပထမစံကျောင်းတော်တို့တွင် ခေတ္တနားခဲ့ပြီး၊ အင်းတိန်ကြေးပေါခုံကျောင်းသို့ ၁၀ နာရီခွဲခန့် အချိန်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ပွားတော်လေးဆူ ဒေသစာရီလှည့်လည် အပူဇော်ခံပွဲတော်ကြီးကို အောက်တိုဘာ ၁၀ ရက် နံနက် ၄ နာရီမှစ၍ နမ့်ဟူးကျေးရွာ ဖောင်တော်ဦး ရတနာစံကျောင်းတော်မှ စတင်ထွက်ခွာမည်ဖြစ်ကာ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ လှည့်လည်ပူဇော်ခံမည် ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။

ဖောင်တော်ဦး ရုပ်ရှင်တော်မြတ် ရုပ်ပွားတော်လေးဆူသည် ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဓမ္မဝိဟာရ ကျောင်းတော်ကြီး၌ အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက် သုံးညတိုင်တိုင် သီတင်းသုံး၍ အပူဇော်ခံမည်ဖြစ်ကာ၊ အောက်တိုဘာ ၂၇ ရက် နံနက် ၈ နာရီခွဲတွင် ညောင်ရွှေမြို့ ဖောင်တော်ဆိပ်ကမ်းသို့ ဒေသစာရီ ကြွချီတော်မူလာမည် ဖြစ်သည်။

ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက် နေ့အထိ လှည့်လည် အပူဇော်ခံလေ့ရှိကြောင်း သိရသည်။

ဖောင်တော်ဦးဘုရားကို ကျောင်းတော်ပေါ်တွင် တင်ယူပင့်ဆောင်ကြပြီး၊ ရှေ့မှ ဘုရားကြိုဆွဲလှေ ၁၅ စီး ခန့် ဆွဲစေပြီး၊ အနောက်တွင် ဓမ္မစကြာရွတ်ဆိုသော အဖွဲ့ လှေ ၁၅ စီး ခန့် လိုက်ပါကာ ဒေသစာရီ ကြွချီခြင်းလည်း ဖြစ်သည်။ ဘုရား ၄ ဆူကိုသာ ပင့်ဆောင်ပြီး၊ ရဟန္တာ တစ်ဆူ ကို ပင့်ဆောင်ခြင်း မရှိကြောင်း ဘုရားဂေါပက ဥက္ကဌ ဦးထွန်းအောင်က ပြောကြားသည်။

အင်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ပွဲတော်တစ်ခုဖြစ်သော လှေလှော်ပြိုင်ပွဲကိုလည်း ကျောင်းတော်ဝင်မည့်နေ့ လပြည့်ကျော် ၃ ရက် တွင် ဗိုလ်လုပွဲ ကို ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။ တက်လှေပြိုင်ပွဲတွင် လူ ၁၀၀ လှော်ခြင်း၊ ၄၆ ဦး လှော်ခြင်း ၊ အမျိုးသမီး ၂၆ ဦး လှော်ခြင်း၊ တစ်ဦးချင်း အလိုက် တက်လှေ ပြိုင်ပွဲများကို ရိုးရာမပျက် ယခုနှစ်တွင်လည်း ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ လူ ၁၀၀ ကျော် လှော်ခတ်ရသော တက်လှေအဖွဲ့များမှာ ကျေးရွာအုပ်စုအလိုက် ကေလာ၊ ရွာကြီးရှေ့၊ ရွာကြီးမြောက်၊ အိုးကုန်း၊ ရွှေပြည်သာ၊ ကြာတော၊ ဇရပ်ကြီး၊ ရေတန်း ဟူ၍ ၈ ဖွဲ့ ရှိပြီး၊ တက်လှေ ၄၆ ဦး အဖွဲ့တွင် ကျေးရွာအုပ်စုအလိုက် ကေလာ၊ ဇရပ်ကြီး ၊ ရေသာကုန်း၊ အိမ်ထောင့်ကြီး ဟူ၍ ၄ ဖွဲ့၊ အမျိုးသမီး ၂ ဖွဲ့၊ တစ်ဦးချင်း ၄ ဖွဲ့ ရှိကြောင်း သိရသည်။

အင်းလေးဒေသ ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီတော်မူသည့် ကျေးရွာတစ်လျှောက်တွင် ပွဲများစည်ကားနေပြီး၊ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက် ဖူးမျှော်ကြသဖြင့် မော်တော်ယာဉ်များ၊ စက်လှေများဖြင့် နှစ်စဉ်နှစ်တိုင်း ပြည့်ကျပ် နေလေ့ရှိပြီး၊ လူဦးရေ သိန်းပေါင်းများစွာ လာရောက်ကြသော ပွဲလည်း ဖြစ်သည်။

ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲတော်တွင်း လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက်နှင့် ညွှန်ကြားချက် ၈ ချက် ထုတ်ထားပြီး၊ လုံခြုံရေးကို အထူးဂရုစိုက် စောင့်ရှောက်သွားကြရန်၊ ကန်တွင်းသို့ အမှိုက်နှင့် ပလပ်စတစ်များ မစွန့်ပစ်ရန်၊ ဌာနတိုင်းတွင် ဘုရားကြိုဆွဲလှေ၊ လှေသားများသည် မိမိတို့ တိုင်းရင်းသား ၀တ်စုံများကို အားလုံး တူညီဝတ်စုံအဖြစ် ၀တ်ဆင်ကြရန် စသဖြင့် ၈ ချက် ပါရှိကြောင်း သိရသည်။