နေပြည်တော်၏ တောင်၊ အရှေ့တောင်ဘက်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၅အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့မှုအား နေပြည်တော်တွင် သိသိသာသာ ခံစားခဲ့ရ

နေပြည်တော်၏ တောင်၊ အရှေ့တောင်ဘက်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မူအား နေပြည်တော်တွင် သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။

အဆိုပါ ငလျင်သည် ၂၀၁၈ ခုနှစ်၊ ဇွန် ၂၇ ရက် မြန်မာစံတော်ချိန် ၁၉ နာရီ ၃၂ မိနစ် ၃၂ စက္ကန့်တွင် နေပြည်တော် မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် ခုနစ်မိုင် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း မြောက်လတ္တီတွဒ် (၁၉ ဒသမ ၆၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ၁၈) ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅ ဒသမ ၀) အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်ပြီး ပျဉ်းမနားမြို့ခံ ဒေါ်ယဉ်နွယ်က “ကျွန်မ မီးပူ တိုက်နေတယ်။ အဲဒီအချိန်မှာ ဘာသံကြီးမှန်း မသိဘူး။ ကြောက်စရာ အရမ်းကောင်းတယ်။ အဲဒီအသံကြီးနဲ့အတူ အိမ်လဲ မြောက်တက်သွားသလို ခံစားရလိုက်တယ်။ ရပ်ကွက်ထဲမှာလည်း ဆူညံသွားတယ်။ အကုန်လုံး လမ်းပေါ် ပြေးထွက်ကုန်တယ်။ ကလေးတွေလည်း ကြောက်လန့်ပြီး ငိုတယ်။ အရင်ကလည်း ငလျင်ကို ကြုံဖူးပါတယ်။ အခုဥစ္စာက ဗြုန်းစားကြီး လှုပ်လိုက်တော့ အရမ်းကိုကြောက်သွားတယ်”ဟု ပြောကြားသည်။

အလားတူ ပျဉ်းနားမြို့ခံ ဒေါ်ခင်မျိုးသွယ်က ငလျင်မလှုပ်ခတ်မီ အသံကျယ်လောင်စွာ ပေါ်ထွက်လာပြီး လှုပ်ခတ်မှု ဖြစ်ပေါ်မှသာ ငလျင်လှုပ်ခတ်မှန်း သိကာ လမ်းတွင်းရှိ လူအများအပြား နေအိမ်ပြင်ပသို့ ကြောက်လန့်ကာ ထွက်ပြေးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ပြောကြားသည်။

“ငလျင်လှုပ်တယ်လို့ မထင်ဘူး။ ဗုံးကွဲတယ်လို့ ထင်လိုက်တာ။ အသံပဲ ထွက်လာပြီး မြေကြီးပဲတုန်တာ ဆိုတော့လေ။ အိမ်က မိသားစုတွေတောင် ငလျင်လှုပ်တယ်လို့ မထင်ကြဘူး။ ပြီးမှ ငလျင်လှုပ်တယ်ဆိုတာ Facebook က တက်လာမှ သိတာ”ဟု လယ်ဝေးမြို့နယ် အေလာမြို့မှဒေသခံ ကိုကျော်စွာထွန်းက ပြောကြားသည်။

ယခု လှုပ်ခတ်သွားသည့် ငလျင်သည် စစ်ကိုင်းပြတ်ရွေ့မှ ဖြစ်နိုင်ခြေများပြီး ၂၀၁၈ ခုနှစ် အစပိုင်းကလည်း အဆိုပါ နေရာနားတွင် ငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့ဖူးပြီး ယင်းငလျင် လှုပ်ခတ်စဉ်ကလည်း စစ်ကိုင်းပြတ်ရွေ့ဟု ယူဆကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ဒေါက်တာမျိုးသန့်က ပြောကြားသည်။

၁၈၃၉ ခုနှစ်တွင် စစ်ကိုင်းပြတ်ရွေ့မှ အင်းဝငလျင် လှုပ်ခတ်ခဲ့ကြောင်း၊ ငလျင်လှုပ်ခတ်ခဲ့မှုသည် မိတ္ထီလာ၊ ၀မ်းတွင်း၊ ပျဉ်းမနား နေပြည်တော်အထိ သက်ရောက်မှုများ ရှိခဲ့ကြောင်း ယင်းအချိန်ကာလတွင် ငလျင် တိုင်းစက်များ မရှိခဲ့သဖြင့် ယခုပြန်လည် လေ့လာရာ၌ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၅ အဆင့်ထက် ပိုမိုပြင်းသည်ဟု ယူဆရကြောင်း ၎င်းကပြောကြားသည်။

“၁၈၃၉ က နောက်ဆုံး လှုပ်ခဲ့တာဆိုတာ့ မလှုပ်တာနှစ်ပေါင်း ရာချီနေပြီ ဖြစ်တဲ့အတွက် ဒီအပိုင်းက ပြန်လှုပ်မယ်ဆို လှုပ်နိုင်တဲ့ အနေအထား ရှိတယ်။ ဖြစ်နိုင်ခြေ နည်းနည်းများတယ်။ ပြန်လှုပ်ခဲ့ရင်လည်း နေပြည်တော်ကို သက်ရောက်နိုင်တယ်”ဟု ဒေါက်တာမျိုးသန့်က ပြောကြားသည်။

ထို့ပြင် မြေငလျင် မလှုပ်ခတ်ခင် ကြိုတင် ပြင်ဆင်သင့်ကြောင်း၊ နေထိုင်သည့် အိမ် တိုက်ခန်းများကို ငလျင်ဒဏ် ခံနိုင်ရည် ရှိ မရှိ အင်ဂျင်နီယာများဖြင့် စစ်ဆေးသင့်ကြောင်း နေထိုင်သည့် နေရာအား ငလျင်မြေပုံများဖြင့် တိုက်ဆိုင် စစ်ဆေးသင့်ကြောင်း ငလျင်ဇုန် အန္တရာယ်ဇုန်အတွင်း ရှိပါက ပြန်လည်ပြုပြင်သင့်သည်များကို ပြုပြင်သင့်ကြောင်း၊ ငလျင်လှုပ်ခတ်ချိန်အတွင်း ဆောင်ရန် ရှောင်ရန်များကို လေ့လာပြီး အိမ်နီးနားချင်း ရပ်ကွက်နေ ပြည်သူများ အချင်းချင်း တိုင်ပင်ထားမှုကို ကြိုတင်ပြုလုပ်သင့်ကြောင်း ဒေါက်တာမျိုးသန့်က အကြုံပြုပြောကြားသည်။

ဥပဒေပြုအထောက်အကူပြု အဖွဲ့အနေဖြင့် ချို့တဲ့ပြီး ဥပဒေနားမလည်သူ အခြေခံပြည်သူများအတွက် ရှေ့နေငှားပေးခြင်း ဆောင်ရွက်ပေးမည်ဟု ဦးဥာဏ်ဝင်း ပြောကြား

မေ ၁၁ ရက်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အားကစားလေ့ကျင့်ရေး စခန်းဝင်းအတွင်း ဥပဒေပြုအထောက်အကူပြုအဖွဲ့ ရုံးဖွင့်ပွဲ ပြုလုပ်စဉ်

ဥပဒေပြုအထောက်အကူပြုအဖွဲ့ အနေ ဖြင့် ချို့တဲ့ပြီး ဥပဒေနားမလည်သူ အခြေခံ ပြည်သူများအတွက် ရှေ့နေငှားပေးခြင်း ဆောင်ရွက်ပေးမည်ဟု ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥာဏ်ဝင်းက သတင်းမီဒီယာများအား ပြောကြားသည်။

၂၀၁၆ ခုနှစ် ဇန်န၀ါရီ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့သည့် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပြု ဥပဒေအရ ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အမိန့်အရ ဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရသည်။

မေ ၁၁ ရက်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အားကစားလေ့ကျင့်ရေးစခန်းဝင်းအတွင်း ဥပဒေပြုအထောက်အကူပြုအဖွဲ့ ရုံးဖွင့်ပွဲတွင် ဦးဥာဏ်ဝင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဥာဏ်ဝင်းက “ဥပဒေပြုအထောက်အကူပြုအဖွဲ့ရဲ့ အဓိကအလုပ်ကတော့ တရားဥပဒေအရာမှာ အညီအမျှရဖို့အတွက် ကျွန်တော်တို့ကူညီမှာ။ ဆင်းရဲလို့၊ ခရီးဝေးလို့၊ နားမလည်လို့ ဥပဒေအခွင့်အရေးတွေ ထိခိုက်သွားမှာကို ကျွန်တော်တို့ ကာကွယ်မယ်။ အခြေခံကတော့ အဲဒါပဲ။ သက်တမ်းကတော့ သတ်မှတ်ထားတာမရှိဘူး။ အခု လောလောဆယ်အဖွဲ့ဝင်ဦးရေက ၁၃ ဦး ရှိပါတယ်။ အဓိကကတော့ မရှိတဲ့သူတွေကို ရှေ့နေငှားပေးမယ်။ ပြောရင်တော့ အကျယ်ကြီးပေါ့။ ဒီအဖွဲ့မျိုး မြန်မာပြည်မှာ မရှိခဲ့ဖူးပါဘူး။ ဒါက ပထမဆုံးဖွဲ့တာ။ ဖွဲ့စည်းပုံနဲ့ မညီဘူး။ ကန့်ကွက်လာတာတွေရှိရင် ဘယ်အချက်က မညီဘူးလဲဆိုတာ ကြည့်မယ်လေ။ ဖွဲ့စည်းပုံနဲ့မညီရင်တော့ ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ အခုပြည်နယ်ရုံးတောင် အကုန်မဖွင့်နိုင်သေးဘူး။ ကျန်နေသေးတယ်။ ဒီကနေစပြီး ဖွဲ့ရမှာပေါ့။ ဖွဲ့တယ်ဆိုတာ ကျွန်တော်တို့ စည်းဝေးဆုံးဖြတ်ချက်နဲ့  ဖွဲ့ရုံနဲ့ မပြီးဘူး။ အလုပ်လုပ်တယ်ဆိုရင် ဘတ်ဂျက်က လိုလာပြီ။ အဲဒါကိုလည်း အန်ကယ်တို့ကြိုးစားပါမယ်” ဟု သတင်းထောက်များအား ပြောကြားသည်။

ဆက်လက်၍ “ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပြုအဖွဲ့ ဥပဒေအရ ဒီအဖွဲ့ ပေါ်ပေါက်လာတာ။ အဓိကရည်ရွယ်တာကတော့ တရားဥပဒေအရာမှာ အားလုံး အညီအမျှဖြစ်စေဖို့။ ဖြည့်ဆည်းနိုင်တဲ့ဟာ ဖြည့်ဆည်းဖို့ပါ။ ခုမှ ရုံးဖွင့်တာ ဘာမှ မလုပ်ရသေးဘူး။ မစရသေးခင် ဘာဖြစ်လာမလဲဆိုတာ ဘာမှ မပြောနိုင်သေးဘူး။ဘယ်လောက် လုပ်နိုင်မလဲဆိုတာ ပြောဖို့စောသေးတယ်” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

ပြည်ထောင်စုဥပဒေဆိုင်ရာအထောက် အကူပေးရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ဥပဒေ ဆိုင်ရာအထောက်အကူပေးရေး ဥပဒေပုဒ်မ  ၅ အရ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ဦးဥာဏ်ဝင်း၊ အတွင်းရေးမှူးအဖြစ် ဦးခင်ဇော် တရားလွှတ်တော် ရှေ့နေတို့အပါ အ၀င် အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေပုဒ်မ ၆ တွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအနေဖြင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အဆင့်ဆင့်ကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများအတွက် မူဝါဒများချမှတ်ခြင်း၊ ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသည့် ပြစ်မှုများကို သတ်မှတ်ခြင်း၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်၏ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပေးခြင်း၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များက ၀န်ဆောင်မှုပေးရာတွင် ဥပဒေနှင့်ညီညွတ်မှု ရှိစေရန်ကြီးကြပ်ခြင်း၊ ဥပဒေရေးရာနှင့်တရားစီရင်ရေးဆိုင်ရာ အသိပညာပေးမှုများကို အများပြည်သူတို့အတွင်းပြန့်ပွားစေရန် စီမံချက်ရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများကို ကူညီနိုင်ရန် ဥပဒေဆိုင်ရာအထောက်အကူပေးရေး နည်းလမ်းများ သတ်မှတ်ထားရှိခြင်း နှင့် ယင်းကိစ္စရပ်များကို အများပြည်သူသိရှိ နိုင်ရန် အသိပညာပေးခြင်း၊ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများအား ဆင်းရဲနွမ်းပါးသူအဖြစ် မှတ်ယူရမည့်အချက်များကို သတ်မှတ်ခြင်း စသည်ဖြင့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။