ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ခေတ္တရပ်နားခဲ့သည့် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ထုတ်ပေးနေပြီး ချေးငွေပြန်မဆပ်သည့် တောင်သူဦးရေ တစ်သိန်းနီးပါးရှိနေ

ဧရာဝတီတိုင်း ကျေးလက်တစ်ခုတွင် တောင်သူများ လယ်ယာလုပ်ငန်းခွင် ၀င်နေစဉ်

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်က ရန်ပုံငွေ လိုအပ်ချက်ကြောင့် ခေတ္တရပ်နားခဲ့ရသည့် ၂၀၁၈ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက် ထုတ်ပေးနေပြီး အချိန်စေ့လွန် စိုက်ပျိုးစရိတ် ချေးငွေများကို ပြန်လည်ပေးဆပ်ခြင်း မရှိသည့် တောင်သူများမှာ ဧရာဝတီဒေသကြီး တစ်ခုလုံးတွင် ၉၇၈၀၂ ဦး ရှိနေကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်မှ ရန်ပုံငွေချထားပေးရန် ကြန့်ကြာနေမှုကြောင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများထံ ထုတ်ချေးနေသည့်  စိုက်ပျိုးစရိတ် ချေးငွေများကို ခေတ္တရပ်နားထားရပြီး ဆက်လက် ထုတ်ချေးပေးနေပြီ ဖြစ်ကြောင်း၊ သြဂုတ် ၃၀ ရက်အထိ တောင်သူ ၂၈၇၃၆၁ ဦး၊ လယ်ယာမြေ ၁၉၁၂၁၁၉ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ၂၈၆၈၁၇ ဒသမ ၈၅ ကျပ်သန်း ထုတ်ချေးပေးပြီး ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွင် ချေးငွေမူဝါဒ အပြောင်းအလဲအရ ပုံစံ (၇) မူရင်းကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံ အပ်နှံ၍ ငွေချေးယူရမည် ဖြစ်သောကြောင့် ပုံစံ (၇) မူရင်း မတင်ပြနိုင်သဖြင့် ချေးငွေထုတ်မချေးခဲ့သည့် တောင်သူများမှ ယမန်နှစ် တောင်သူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့် ရှိနေကြောင်း၊ ထို့ပြင်  အချိန်စေ့လွန် စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည်ပေးဆပ်ခြင်း မရှိသည့် တောင်သူဦးရေ ၉၇၈၀၂ ဦးအထိရှိပြီး ယင်းတောင်သူများထံမှ ကြွေးကျန် ၇၁၈၈၁ ဒသမ ၆၃ ကျပ်သန်း ပြန်လည်တောင်းခံရန် ကျန်ရှိနေကြောင်း သိရသည်။

“ပြောင်းလဲတဲ့ ငွေချေးစနစ်အရ ကျွန်တော်တို့ဘဏ်က ဒီနှစ်မှာ ပုံစံ (၇) ကို အပေါင်ယူလိုက်တယ်။ အဲဒီမှာ ဘာဖြစ်လာလဲဆိုတော့ ဥပမာ တချို့လယ်သမားတွေက တခြားအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကဘဏ်တွေ၊ အသေးစားငွေချေးရေး အဖွဲ့တွေကို ပုံစံ (၇) မူရင်းတွေကို အပ်ပြီးတော့ ငွေချေးထားတာ ရှိပါတယ်။ ဘဏ်ကနေ စိုက်ပျိုးစရိတ်ချေးငွေဆိုတဲ့ အချိန်ကျတော့ အဲဒီ ပုံစံ (၇)ထားထားတဲ့ နေရာကနေ ပုံစံ (၇) တွေကို ခဏတောင်းတယ်။ တောင်းပြီးတော့ ဒီမှာငွေချေးဖို့ပြတယ်။ ကျွန်တော်တို့က မိတ္တူနဲ့ တိုက်ဆိုင်စစ်ဆေးတယ် မှန်တယ်ဆိုရင် ပြန်ပေးလိုက်တယ်ပေါ့။ အဲဒီတုန်းက သူတို့က အဆင်ပြေတာပေါ့။ သို့သော်ဒီနှစ်ကျတော့ ကျွန်တော်တို့က ပုံစံ (၇) မူရင်းကို အပ်မှငွေချေးပေးတာဆိုတော့ ကုမ္ပဏီတွေက ငှားလို့မရတော့ဘူး။ ငှားလို့မရတော့တော့ ဒီနှစ်ဆို အရင်နှစ်တွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဟာ ချေးငွေလာမထုတ်ကြဘူး။ လာမထုတ်ကြသလို  ပြန်လည်း မဆပ်ကြတော့ဘူး။ အရင်ကတော့ ဆပ်လိုက်တယ်။ ပြန်ထုတ်သွားတယ်။ အဲဒီလိုမျိုး လုပ်ကြတာပေါ့။ တောင်သူလယ်သမား ပေါင်းချေးပြီးသားပေါ့နော်။ ၂၈၇၃၆၁ ဦးဆိုတော့ တောင်သူပေါင်း နှစ်သိန်းရှစ်သောင်းကျော်ရှိတယ်။ မနှစ်က ကျွန်တော်တို့ ချေးတာက တောင်သူပေါင်း သုံးသိန်းနှစ်သောင်းကျော် ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် သုံးသိန်းခြောက်သောင်းကျော် အမြင့်ဆုံးကနေ အခု နှစ်သိန်းရှစ်သောင်းကျော်။ တောင်သူပေါင်း ရှစ်သောင်း လယ်သမားပေါင်း ရှစ်သောင်းပေါ့။ ငွေမချေးရတဲ့ အနေအထား ရှိပါတယ်။ ကြွေးကျန်တဲ့ တောင်သူပေါင်းကလည်း ကိုးသောင်းကျော်လောက် ကျန်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တိုင်းမန်နေဂျာ ဦးသန်းဌေးအောင်က ပြောကြားသည်။

 

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က MEB Two Step Loan ဖြင့် နှစ်တို၊ နှစ်ရှည် ချေးငွေထုတ်ချေးခြင်းကို ယခုလတွင် စတင်မည်

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စိုက်ပျိုးရေး မွေးမြူးရေး လုပ်ငန်းများအတွက် ချေးငွေလိုအပ်သည့် တောင်သူလယ်သမားများနှင့် လုပ်ငန်းရှင်များကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က MEB Two Step Loan ဖြင့် နှစ်တိုချေးငွေ နှစ်ရှည်ချေးငွေများ ထုတ်ချေးခြင်းကို ယခုသြဂုတ်လမှ စတင်ချေးပေးမည်ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

အဆိုပါ နှစ်တိုနှစ်ရှည် ချေးငွေထုတ်ချေးခြင်းကို တစ်နိုင်ငံလုံးတွင် ယမန်နှစ်က စတင်ဆောင်ရွက်နေပြီး မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် သြဂုတ်လမှ စတင်ချေးနိုင်ပြီး ချေးငွေဆောင်ရွက်လိုသူများ အနေနဲ့ မိမိတို့နှင့် သက်ဆိုင်ရာ နယ်မြေများမှ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်များတွင် စုံစမ်းမေးမြန်းနိုင်ပြီး နှစ်တိုချေးငွေအဖြစ် ချေးငွေပမာဏ ကျပ်သိန်း ၅၀၀ နှင့် လုပ်ငန်းသုံး စက်ကိရိယာအတွက် အများဆုံး ကျပ်သိန်း၂၀၀ ထုတ်ချေးနိုင်ပြီး နှစ်ရှည်ချေးငွေအဖြစ် အများထုတ်ချေးမည် ပမာဏမှာ ကျပ်သိန်း ၅၀၀၀ ဖြစ်သည်ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (မန္တလေးဘဏ်ခွဲ) တိုင်းမန်နေဂျာဦးစုက ပြောကြားသည်။

“မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် နှစ်စဉ်ရာသီစိုက်ပျိုးရေး ချေးငွေများအပြင် နှစ်ရှည်ချေးငွေဖြစ်တဲ့ သုံးနှစ် သုံးရစ်၊ ငါးနှစ် ငါးရစ် စသဖြင့် ချေးငွေတွေကိုလည်း ထုတ်ချေးနေပါတယ်။ JICA ချေးငွေတို့ မြန်မာစီးပွားရေးဘဏ်ကနေ ယူပေးတဲ့ MEB Two Step Loan တို့ ချေးပေးနေပါတယ်။  JICA ချေးငွေက ၂၀၁၇ -၂၀၁၈ ခုနှစ်က စတင်ချေးပေးနေ ပြီး မြန်မာစီးပွားရေး ဘဏ်ကနေတစ်ဆင့် ချေးပေးတဲ့ MEB Two Step Loan ကတော့ တစ်နိုင်ငံလုံး အနေနဲ့က ပြီးခဲ့တဲ့နှစ်ကစတာ ဖြစ်ပေမယ့် မန္တလေးတိုင်းဒေသကြီး အနေနဲ့ကတော့ အခု သြဂုတ်လကစပြီးတော့ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး တောင်သူလယ်သမား လုပ်ငန်းရှင်တွေကို စတင်ချေးပေးသွားမှာ ဖြစ်ပါတယ်။ အဓိကတော့ နိုင်ငံတော်ရဲ့ မူဝါဒဖြစ်တဲ့ SME  လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီချေးငွေကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ချေးငွေပေးတာက မြန်မာ့စီးပွားရေးဘဏ်ကနေ ပေးတာပါ ထုတ်ချေးပေးတဲ့ ငွေကြေးကို ကျွန်တော်တို့က ၉ ရာခိုင်နှုန်း ကောက်ခံသွားမှာပါ” ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ချေးငွေနှင့် ပတ်သက်အမျိုးအစား သတ်မှတ်ထားရာတွင် လုပ်ငန်းသုံး စက်ကိရိယာချေးငွေ အမျိုးအစားနှင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေး မွေးမြူရေး အခြေခံစီးပွားရေး လုပ်ငန်းများအတွက် ချေးငွေအမျိုးအစားတို့ဖြစ်သည်။ လုပ်ငန်းအမျိုးအစား လုပ်ငန်းပမာဏနှင့် အာမခံပေးနိုင်မှု အခြေအနေအပေါ် မူတည်၍ ချေးငွေပမာဏ သတ်မှတ်ထုတ်ချေးမည် ဖြစ်ရာတွင် နှစ်တိုချေးငွေ အဖြစ်အများဆုံး ထုတ်ချေးငွေ ပမာဏမှာ ကျပ်သိန်း ၅၀၀ ဖြစ်ပြီး လုပ်ငန်းသုံး စက်ကိရိယာအတွက် အများဆုံး သိန်း၂၀၀ သတ်မှတ်ထားသည်။ နှစ်တိုချေးငွေ၏ သက်တမ်းမှာ သုံးနှစ်ဖြစ်ကာ ကျသင့်အတိုးကို သုံးလတစ်ကြိမ် ကောက်ခံမည်။ အရင်းပေးဆပ်မှုကို တစ်နှစ်ဆိုင်းငံ့ပြီး နှစ်နှစ်အတွင်း ခြောက်လတစ်ကြိမ် လေးရစ်ကောက်ခံမည်ဖြစ်ပြီး နှစ်ရှည်ချေးငွေမှာ အများဆုံး ထုတ်ချေးမည့် ငွေပမာဏမှာ ကျပ်သိန်း ၅၀၀၀ ဖြစ်သည်။ နှစ်ရှည်ချေးငွေ၏ သက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး ကျသင့်အတိုးကို သုံးလတစ်ကြိမ် ကောက်ခံမည်ဖြစ်ပြီး အရင်းပေးဆပ်မှုကို နှစ်နှစ်ဆိုင်းငံ့ပြီး သုံးနှစ်အတွင်း ခြောက်လတစ်ကြိမ်ဖြင့် ခြောက်ရစ်ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

“ထုတ်ချေးနိုင်တဲ့သူတွေက တောင်သူလယ်သမား လုပ်ငန်းရှင်၊ လုပ်ငန်းရှင် အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီတွေကို ကျွန်တော်တို့က ထုတ်ချေးပေးသွားမယ်။ ထုတ်ချေးတဲ့ အမျိုးအစားက လုပ်ငန်းသုံး စက်ကိရိယာအတွက်ချေးငွေ နောက်တစ်ခုကတော့ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများ စိုက်ပျိုးရေး မွေးမြူရေးကို အခြေခံတဲ့ အသုံးပြုမည့် အဆောက်အအုံနှင့် ပစ္စည်းများ တည်ဆောက် ထုတ်လုပ်တဲ့ လုပ်ငန်းများအတွက် ထုတ်ချေးပေးသွားမယ်။ ချေးငွေကာလ စက်ကိရိယာဆို သုံးနှစ် သုံးရစ်နဲ့ ချေးမယ်။ အများဆုံး ကျပ်သိန်းနှစ်ရာအထိ ချေးပါမယ်။ နှစ်တိုထဲမှာ စိုက်ပျိုးရေး မွေးမြူရေး အတွက် ကျပ်သိန်းငါးရာချေးလို့ ရတယ်။ နှစ်တိုထဲမှာပါတယ် သုံးနှစ် သုံးရစ်ဆပ်ပေါ့။ နှစ်ရှည်အနေနဲ့ ကျပ်ငါးနှစ် ငါးရစ်ဆို ကျပ်သိန်းနှစ်ရာ မြို့နယ်မှာဆို Limit ထားပါတယ်။ တိုင်းဒေသကြီး ဘဏ်ခွဲမန်နေဂျာကတော့ ကျပ်သိန်းငါးရာအထိ ခွင့်ပြုပေးနိုင်ပြီး အဲဒီအထက် ပိုသွားခဲ့ရင် ကျပ်သိန်းသုံးထောင် အထိဆိုရင် ကျွန်တော်တို့ ရုံးချုပ်ရဲ့ ချေးငွေဌာနက စိစစ်ဆောင်ရွက်မယ်။ အဲဒီထက် ကျော်လွန်သွားရင် ကျပ်သိန်းငါးထောင်အထိဆို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှာရှိတဲ့ ချေးငွေဌာနကနေ စိစစ်ဆောင်ရွက်သွားမယ်။ ကျပ်သိန်းနှစ်ရာကနေ အများဆုံး ကျပ်သိန်းထောင်အထိ ထုတ်ချေးသွားမှာ ဖြစ်ပါတယ်။ အဓိက တကယ်လည်း လုပ်ရမယ်။ ပြည်ပပို့ကုန်တိုးမြှင့်ရေး သွင်းကုန်အစားထိုး ဆိုသည့် အဓိက အချက်နှစ်ချက်ကို အကောင်အထည် ပံ့ပိုးဆောင်ရွက်တာ ဖြစ်တယ်” ဟု မြန်မာ လယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေးဘဏ်ခွဲ) တိုင်းမန်နေဂျာဦးစုက ပြောကြားသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က  MEP Two Step Loan ဖြင့် ချေးငွေ ထုတ်ချေးခြင်းပေးရာ၌ မြန်မာ့စီးပွားရေးဘဏ်က မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်သို့ သတ်မှတ်သည့် အတိုးနှုန်းမှာ တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ငွေချေးယူသူအပေါ် သတ်မှတ်သည့် အတိုးနှုန်းမှာ တစ်နှစ်လျှင် ၉ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ထားသည်။

ငါးနှစ်အတွင်း စားနပ်ရိက္ခာဖူလုံမှု၊ လုပ်ကွက်ငယ်တောင်သူများ ၀င်ငွေပိုမို မြင့်မားလာခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ ရပိုင်ခွင့်များ ပိုမိုခိုင်မာစေရန် ဆောင်ရွက်မည်

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အထိ ငါးနှစ်အတွင်း စားနပ်ရိက္ခာဖူလုံမှု၊ လုပ်ကွက်ငယ် တောင်သူများ ၀င်ငွေပိုမိုမြင့်လာခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ ရပိုင်ခွင့်များ ပိုမိုခိုင်မာစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ၂၀၁၈-၂၀၁၉ မှ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ ရေးဆွဲဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက အရေးပါသည့်အတွက် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS) ကို ရေးဆွဲရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို အစိုးရ-တောင်သူလယ်သမား-ပုဂ္ဂလိက လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်အပေါ် တည်ဆောက်ထားကြောင်း၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ၏ မဏ္ဍိုင်ကြီး သုံးရပ်တို့ကို အခြေခံ၍ စီမံကိန်းများ၊ လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို (၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ) အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေး မ,တည်ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော် ရေးဆွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အောက်ရှိ စီမံကိန်း လုပ်ငန်းစဉ်များကို ပုံသေသတ်မှတ်ထားခြင်း မရှိဘဲ လာမည့် အနာဂတ် ကာလတွင် ဖြစ်ပေါ်လာနိုင်သော စီမံကိန်း လိုအပ်ချက်များအရ ပြောင်းလဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဖြင့် စားနပ်ရိက္ခာနှင့် အာဟာရ ဖူလုံမှု တိုးတက်ခြင်း၊ ဆင်းရဲနွမ်းပါးမှု လျော့ကျခြင်း၊ လုပ်ကွက်ငယ် တောင်သူလယ်သမားများနှင့် ကျေးလက်နေ ပြည်သူများ ၀င်ငွေပိုမို မြင့်မားလာခြင်းနှင့် သာတူညီမျှမှု ရှိလာခြင်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်လာမှုနှင့် လယ်သမားများ၏ ရပိုင်ခွင့်များ ပိုမိုခိုင်မာလာမှုစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာသည် အဓိက ထပ်ဆင့်ရလဒ်သုံးခု၊ ချက်ချင်းရလဒ် ၂၇ ခု၊ လုပ်ဆောင်ချက် ၂၇၀ တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနအောက်ရှိ တက္ကသိုလ်နှစ်ခု အပါအ၀င် ဦးစီးဌာန ၁၂ ခု မှ အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သိရသည်။

အကျိုးတူ လယ်ယာဥပဒေ ကြန့်ကြာနေခြင်းကြောင့် လယ်သမားအချို့ ဆုံးရှုံးနစ်နာမှုများ ရှိနေသည်ဟု ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ပြောကြား

ပဲခူးတိုင်းဒေသကြီးအတွက် ရေးဆွဲပြ ဌာန်းမည့် Contract Farming Law ကြန့်ကြာနေပြီး လက်ရှိ လုပ်ငန်းများတွင် လယ်သမားအချို့ ဆုံးရှုံးနစ်နာမှုများ ရှိနေသည်ဟု ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီး ဦးအောင်ဇော်နိုင်က ဇွန် ၆ ရက်က UMFCCI ၌ ပြုလုပ်သည့် Learning Event on Myanmar Contract Farming ပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့ ၂၀၁၇ ခုနှစ်ကတည်းက လွှတ်တော်ကို မူကြမ်းပို့ထားတယ်၊ ပို့ထားတော့ လွှတ်တော် ဥပဒေကြမ်းကော်မတီကနေပြီးတော့ ကျွန်တော်တို့ ပေးထားတဲ့ မူကြမ်းပေါ်မှာ သူတို့ဆွေးနွေးရမယ်၊ ဆွေးနွေးပြီးတော့ လွှတ်တော်က အတည်ပြုပေးရမယ်၊ လွှတ်တော်က အတည်ပြုပေးရင်တော့ ကျွန်တော်တို့က ကျင့်သုံးလို့ ရပြီပေါ့လေ၊ ဒါပေမဲ့ လောလောဆယ် လွှတ်တော်က မဆွေးနွေးသေးဘူး၊ မဆွေးနွေးသေးဘူး ဆိုတာက တခြားအရေးကြီးတဲ့ ဥပဒေတွေလည်း ရှိတယ်” ဟု ၀န်ကြီးက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် မြေယာခွန်ဥပဒေ၊ Contract Farming Law နှင့် အသေးစား စက်မှုလက်မှုဥပဒေ ဟူသည့် ဥပဒေမူကြမ်း သုံးခုကို လွှတ်တော်သို့ တင်ထားပြီး မြေယာခွန် ဥပဒေအား ဦးစားပေး ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ငွေကြေးစိုက်ထုတ်သူ လုပ်ငန်းရှင်နှင့် မြေယာပိုင်ရှင် လယ်သမားများကြားမှ ပွဲစားကသာ နှစ်ဖက်စလုံးအား တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်နေပြီး အစိုးရမှ ကြားဝင်ကြီးကြပ်နိုင်ခြင်း မရှိသေးကြောင်းနှင့် လယ်သမားများဘက်မှ နစ်နာနိုင်ခြေ ပိုများကြောင်း ၀န်ကြီးက ပြောကြားသည်။

“နယ်စပ်မှာရှိတဲ့ ကုန်သည်တွေကနေပြီးတော့ တခြားနိုင်ငံမှာရှိတဲ့ မျိုးတွေ၊ တခြား သွင်းအားစု အကုန်လုံးကို လက်ခံပြီးတော့ ပြည်တွင်းမှာရှိတဲ့ တောင်သူတွေကို ကြားထဲက ပွဲစားတွေနဲ့ ဖြန့်ပေးလိုက်တယ်၊ အဲ့လူတွေကတစ်ဆင့် တောင်သူတွေကို စိုက်ခိုင်းတယ်၊ သီးနှံပေါ်လာတဲ့ အချိန်မှာကျတော့ ဈေးကွက်အာမခံချက် မရဘူး၊ စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံတွေအပေါ်မှာ အာမခံချက်ရှိတဲ့ ဈေးကွက် မဟုတ်ဘူး၊ ၀ယ်ချင် ၀ယ်တယ်၊ မ၀ယ်ချင် မ၀ယ်ဘူးဆိုတော့ တောင်သူတွေပဲ အများကြီး နစ်နာရတယ်၊ အဲဒီတော့ တောင်သူတွေရဲ့ ဆုံးရှုံးမှုတွေထဲမှာ အဲဒီလို မလိမ့်တပတ်နဲ့ ခံလိုက်ရတဲ့ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတွေက အများကြီးရှိတယ်၊ အဲဒီတော့ နှစ်ပေါင်းများစွာ အရှုံးပေါ်ရင်းကနေ ဒီနေ့ တောင်သူတွေဟာ အကြွေးပင်လယ် ဝေနေတယ်ပေါ့နော်” ဟု ၀န်ကြီးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တောင်သူဦးရေ တစ်သိန်းကျော်က မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံ အချိန်စေ့လွန်ကြွေးကျန် ကျပ် ၇၈ ဘီလျံကျော် ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေ

ဧရာဝတီတိုင်းဒေသကြီးအတွင်း တောင်သူဦးရေ သုံးသိန်းကျော် ရှိသည့်အနက် တောင်သူဦးရေ တစ်သိန်းကျော်မှာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံ စိုက်ပျိုးစရိတ်ချေးငွေ အချိန်စေ့လွန် ကြွေးကျန်ပေါင်း ကျပ် ၇၈ ဘီလျံကျော်ထိ ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သတင်းရရှိသည်။

စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးဆပ်ရန် အချိန်ကျော်လွန်နေသည့် အချိန်စေ့လွန် ကြွေးကျန် တောင်သူများမှာ ၂၀၁၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွင် ၁၁ ဦး၊ ၂၀၁၂ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေတွင် ၉၀ ဦး၊ ၂၀၁၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေတွင် ၃၈၉၈ ဦး၊ ၂၀၁၃ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေတွင် ၃၂၂၂ ဦး၊ ၂၀၁၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေတွင် ၁၄၁၅၁ ဦး၊ ၂၀၁၄ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေတွင် ၁၃၁၆၉ ဦး၊ ၂၀၁၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေတွင် ၂၀၇၈ ဦး၊ ၂၀၁၅ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေတွင် ၂၃၄၃ ဦး၊ ၂၀၁၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေတွင် ၃၂၇၅၃ ဦး၊ ၂၀၁၆ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေတွင် ၃၂၇၁၈ ဦး စုစုပေါင်း ၁၀၄၃၃၄ ဦး ထိရှိနေပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံ ပြန်လည်ပေးသွင်းရမည့် အချိန်စေ့လွန် ကြွေးကျန်မှာ ကျပ် ၇၈၀၄၀ ဒသမ ၇၉ သန်းထိ ကျန်ရှိသေးကြောင်း သိရသည်။

 

ဦးနေ၀င်းအစိုးရ အာဏာသိမ်းခဲ့သည့် မတ် ၂ ရက်ကို တောင်သူလယ်သမားနေ့ဟု သတ်မှတ်မှုအစား ဂဠုန်ဆရာစံ နယ်ချဲ့ကို စတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်သို့ ပြောင်းလဲသတ်မှတ်ပေးရန် မန္တလေးမြို့၌ ပြုလုပ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် တောင်သူများတောင်းဆို

မန္တလေးမြို့တွင် မတ် ၂ ရက် (တောင်သူလယ်သမားနေ့) နံနက်ပိုင်းက ပြုလုပ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားကို တွေ့ရစဉ်

ဦးနေ၀င်းအစိုးရ အာဏာသိမ်းခဲ့သည့် မတ် ၂ ရက်ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်မှုအစား ဂဠုန်ဆရာစံ အင်္ဂလိပ်နယ်ချဲ့ကို စတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်သို့ ပြောင်းလဲသတ်မှတ်ပေးရန် အတွက် မန္တလေးမြို့တွင် မတ် ၂ ရက် (တောင်သူလယ်သမားနေ့) နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် တောင်သူများက သဘောထား ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြသည်။

တောင်သူလယ်သမားနေ့ အခမ်းအနားကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန်တောင်သူလယ်သမားသမဂ္ဂ (အထက်ဗမာပြည်) ရုံးတွင် ပြုလုပ်ခဲ့ပြီး ယာမြေသိမ်းဆည်း ခံထားရသည့် တောင်သူများ အပါအ၀င် တောင်သူ ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

“ဒီကနေ့ တောင်သူလယ်သမားနေ့ ပြုလုပ်ရတာက ၁၉၃၀ ခုနှစ်မှာ ဂဠုန်ဆရာစံက နယ်ချဲ့အင်္ဂလိပ်တွေကို တောင်သူလယ်သမားထု ဘက်ကနေပြီးတော့ တော်လှန်ခဲ့တယ်။ အဲဒီအတွက် အထိမ်းအမှတ်သဘော ပြုလုပ်တာ ဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံက ၁၉၆၂ ခုနှစ် မတ် ၂ ရက်မှာပဲ ဦးနေ၀င်းအစိုးရက အာဏာ သိမ်းလိုက်တယ်။ အဲဒီအာဏာသိမ်းခဲ့တဲ့ မတ် ၂ ရက်ကို တောင်သူလယ်သမားနေ့ဆိုပြီး ပြောင်းလဲသတ်မှတ် ပစ်လိုက်တယ်။ ကျွန်တော်တို့ တောင်သူလယ်သမားတွေ တော်လှန်ခဲ့ကြတဲ့နေ့ကို မသတ်မှတ်ခဲ့ဘူး။ လက်ရှိ အစိုးရကလည်း တောင်သူလယ်သမားနေ့တွေကို အလေးထား ကျင်းပတာလည်း မရှိပါဘူး။ အဲဒီလို မလုပ်တာကလည်း သမိုင်းကို မှေးမှိန်အောင် ပြုလုပ်တယ်လို့ ထင်တယ်။ တောင်သူလယ်သမားတွေဟာ နိုင်ငံရဲ့ ရေသောက်မြစ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားနေ့ကို ဂဠုန်ဆရာစံနဲ့အတူ လယ်သမားတွေ တော်လှန်ခဲ့ကြတဲ့ ဒီဇင်ဘာ ၂၂ ရက်ကို ပြောင်းလဲသတ်မှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန်တောင်သူလယ်သမားသမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌ ဦးလင်းထင်စိုးက ပြောကြားသည်။

ထို့ပြင် တောင်သူများ၏ တောင်သူလယ်သမားနေ့ ပြောင်းလဲသတ်မှတ်ပေးရန် တောင်းဆိုမှုကို အစိုးရထံ စာပေးပို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

မတ် ၂ ရက်က မန္တလေးမြို့တွင် ပြုလုပ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် တက်ရောက်လာသည့် တောင်သူများက လက်ရှိရင်ဆိုင်နေရသည့် လယ်ယာမြေ ပြဿနာများ၊ ယာမြေသိမ်းဆည်းခံရမှုနှင့် အမှုဖွင့် တရားစွဲဆိုခံနေရမှုများ အပါအ၀င် တောင်သူလယ်သမားနေ့ ပြောင်းလဲသတ်မှတ်ပေးရန်အတွက် တောင်းဆိုခဲ့ကြသည်။

အခမ်းအနားအပြီးတွင် တောင်သူများက မဟာမုနိဘုရားကြီးသို့ သွားရောက်ပြီး ဂဠုန်ဆရာစံ အပါအ၀င် ခေတ်အဆက်ဆက်က ကျဆုံးသွားခဲ့သည့် လယ်သမားရဲ ဘော်များကို ဆုတောင်းအမျှ ပေးဝေမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တောင်သူများ၏ သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ လူဦးရေ ၇၂  ရာခိုင်နှုန်းကျော်မှာ တောင်သူလယ်သမား မိသားစုဝင်များ ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ၏ အခက်အခဲ အကျပ်အတည်းများကို ဖြေရှင်းပေးရန် တောင်းဆိုကြောင်း၊ လယ်ယာမြေ သိမ်းဆည်းခံ တောင်သူလယ်သမားများကို ဥပဒေပုဒ်မ အမျိုးမျိုးတပ်၍ တရားစွဲဆိုနေခြင်း၊ မတရားဖမ်းဆီး ထောင်သွင်းအကျဉ်းချနေခြင်းတို့ကို ချက်ချင်းရုပ်သိမ်းပေးရန်၊ လယ်ယာမြေ သိမ်းဆည်းခံ တောင်သူလယ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူများကို မတရားဖမ်းဆီး ချုပ်နှောင်ခြင်းများကို ရုပ်သိမ်းပေးရန်၊ ၂၀၁၇ ခုနှစ် လယ်ယာမြေသိမ်း ဥပဒေသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ထိခိုက်စေသော ဥပဒေတစ်ရပ်ဖြစ်နေ၍ တောင်သူလယ်သမားထု တစ်ရပ်လုံးက ကန့်ကွက်ကြောင်း၊ မတ် ၂ ရက်သည် တော်လှန်ရေး ကောင်စီ၏ အာဏာသိမ်းခဲ့သော နေ့တစ်နေ့ဖြစ်ကြောင်း၊ ယင်းနေ့ကို တောင်သူလယ်သမားနေ့ဟု သတ်မှတ်မည့်အစား ၁၉၃၀ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ တောင်သူလယ်သမား ခေါင်းဆောင် ဂဠုန်ဆရာစံက နယ်ချဲ့အင်္ဂလိပ် ကိုလိုနီကို စတင်တော်လှန်ခဲ့သောနေ့ ဖြစ်သောကြောင့် နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ ၂၂ ရက်ကို တောင်သူလယ်သမားနေ့ဟု ပြောင်းလဲသတ်မှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဌေးလှအောင်

တောင်သူလယ်သမားနေ့တွင် ထောင်နှင့်ချီသော လယ်သမားများက လယ်ယာမြေဥပဒေ ပြင်ဆင်ရေး၊ လယ်ယာကဏ္ဍ တိုးတက်ရေးတို့ကို တောင်းဆိုကာ လှိုင်သာယာမြို့နယ်အတွင်း လမ်းလျှောက်ချီတက်

တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တက်ရောက်လာသူများ လှိုင်သာယာမြို့နယ်အတွင်း လမ်းလျှောက်ချီတက်နေသည်ကို မတ် ၂ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- ရှိုင်းလင်းအောင်)

မတ်၂ ရက် (တောင်သူလယ်သမားနေ့) တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အင်အား ၄၀၀၀ ခန့်ရှိ တောင်သူလယ်သမားများ လှိုင်သာယာမြို့နယ် န၀ဒေးမှတ်တိုင်မှ စက်မှုဇုန်မှတ်တိုင်အထိ ကြွေးကြော်သံများနှင့် ချီတက်ခဲ့ကြောင်း သိရသည်။

လမ်းလျှောက်ချီတက်ရာတွင် အစိမ်းရောင် တူညီဝတ်စုံများ ၀တ်ဆင်၍ ‘လယ်သမားထု သွေးစည်းညီညွတ်ရေး…၊ လယ်ယာမြေ ဥပဒေပြင်ဆင်ရေး…၊ လယ်ယာကဏ္ဍ တိုးတက်ရေး…’ စသည့် ကြွေးကြော်သံများ၊ သံချပ်များရွတ်ဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ချီတက်လမ်းလျှောက်သည့် လယ်သမားများက လှိုင်သာယာစက်မှုဇုန် မှတ်တိုင်အနီးရှိ ဘောလုံးကွင်းအတွင်း စုဝေး၍ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်သူလယ်သမားနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသန်းဆွေက မြန်မာနိုင်ငံ၏ စီးပွားရေးသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ ဘေးအန္တရာယ် ကင်းရှင်းသော၊ အာဟာရပြည့်ဝသော စားနပ်ရိက္ခာ ဖူလုံရေးသည် အရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်လာကြောင်း၊ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အတွက် များစွာအားသာကြောင်း၊ ဈေးကွက်အရ ကြည့်မည်ဆိုရင် ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်သော တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံကြားတွင် ရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးစရိတ် သက်သာစွာဖြင့် အဆိုပါနိုင်ငံ နှစ်နိုင်ငံရှိ စားသုံးသူများကို ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ အခြားသော အာရှနိုင်ငံများ၊ အနောက်နိုင်ငံများကိုလည်း ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဈေးကွက်ရှိနေသည့် အနေအထားတွင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍသည် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍကို အထောက်အကူ ပြုသင့်သလောက်မပြု ဖြစ်နေရသည့် အကြောင်းရင်းမှာ လယ်သမားများတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်မည့် လယ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲများမှာ မြေထု၊ မျိုးစေ့၊ နည်းပညာ၊ အရင်းအနှီး၊ လုပ်အား စသည်တို့ဖြစ်ကြောင်း ပြောကြားသည်။

လှိုင်သာယာမြို့နယ်အတွင်း လမ်းလျှောက်ချီတက်နေသူများကို တွေ့ရစဉ်

ဆက်လက်ပြီး ဦးသန်းဆွေက “မြန်မာနိုင်ငံမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစွာ ရှိပါသေးတယ်။ အဲဒီမြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် အကျိုးရှိစွာ အသုံးမပြုနိုင်သေးပါဘူး။ လက်ရှိ စိုက်ပျိုးနေတဲ့ စိုက်ပျိုးမြေတွေကိုလည်း နည်းစနစ်ကျကျ၊ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်ခြင်း မရှိသေးပါဘူး။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေကလည်း တကယ်လယ်လုပ်ချင်တဲ့ သူတွေအတွက် အဟန့်အတား ဖြစ်နေတယ်။ ဒါက ဘာလဲဆိုတော့ ၁၉၉၁ခုနှစ်၊ ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေတွေရဲ့ အားနည်းချက်ကြောင့် မြေလှောင် ရောင်းစားနေတဲ့စနစ်ကြီး ပေါ်လာတယ်။ ဥပဒေက ပြဌာန်းထားတဲ့အတိုင်း အထူးအဖွဲ့ဟာ မစစ်ဆေးနိုင်တော့ အခုအထိ ဥပဒေအတိုင်း မနာခံတော့ဘဲ စိုက်ပျိုးမြေအဖြစ် အသုံးမ၀င် ဖြစ်နေတာတွေ တွေ့ရပါတယ်။ လယ်ယာမြေ ဥပဒေတွေ ပြင်ဆင်ဖို့ လွှတ်တော်ကို တင်သော်လည်း အလုပ်မဖြစ်တာတွေ တွေ့ရတယ်။ ဒီတော့ လုပ်ပိုင်ခွင့် အငြင်းပွားမှုတွေဟာ ဥပဒေက ပြဋ္ဌာန်းထားတဲ့ ကာလအတွင်းမှာ မပြီးမပြတ်တာတွေဟာ တော်တော်အခက်အခဲ ဖြစ်နေတယ်။ ပြီးတော့ ယခင်တုန်းက လယ်ယာမြေ အဓမ္မသိမ်းဆည်းခြင်း ကိစ္စမှာလည်း ပြန်လည်စိစစ်ရေး ကော်မတီက ရှင်းလို့ မနိုင်တာတွေလည်း ရှိနေတယ်။ ဒါ့အပြင် လက်ရှိစိုက်ပျိုးနေတဲ့ မြေတွေကိုလည်း နည်းစနစ်ကျကျ၊ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးမချနိုင်ခြင်း မရှိသေးပါဘူး။ လယ်ယာမြေ ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ရင်လည်း လယ်ယာမြေ အဓမ္မသိမ်းဆည်းခြင်း လုပ်ပိုင်ခွင့် အငြင်းပွားမှုဖြစ်ခြင်း၊ ကိစ္စရပ် တွေကိုလည်း ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး” ဟု ပြောကြားသည်။

တောင်သူလယ်သမားများအတွက် ဂုဏ်ယူစရာဖြစ်သည့် တောင်သူလယ်သမားနေ့ကို ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းယူခဲ့သည့် မတ်၂ ရက်အစား ပြောင်းလဲသတ်မှတ်ပေးရန် အခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူလယ်သမားများက ပြောကြားသည်။

 

ငါန်းဇွန်မြို့နယ်တွင် မြေနုကျွန်းခွဲဝေပေးမှုနှင့် ပတ်သက်၍ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် တရားစွဲဆိုခြင်း ခံထားရသည့် ဒေသခံတောင်သူ ၁၇ ဦးကို အလုပ်နှင့်ထောင်ဒဏ် ခြောက်လချမှတ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာတွင် ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်ခဲ့ကြသည့် မြေယာများကို မြေနုကျွန်းအဖြစ် ခွဲဝေချထား ပေးခဲ့သည့် ကိစ္စရပ်နှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃ တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် ဒေသခံတောင်သူ ၁၇ ဦးကို ဇန်န၀ါရီ ၁၂ ရက်က ငါန်းဇွန်မြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ခြောက်လချမှတ်ခဲ့ကြောင်း ဒေသခံတောင်သူများထံမှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာတွင် ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်ခဲ့ကြသည့် မြေယာများကို မြေနုကျွန်းမြေအဖြစ် ခွဲဝေချထားပေးခဲ့မှုအပေါ် ဒေသခံတောင်သူများက မကျေနပ်သဖြင့် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ခြင်း၊ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ မြေနုကျွန်းမြေအဖြစ် ကန့်ကွက်ခဲ့မှုအပေါ် ဒေသခံတောင်သူ ၁၈ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃၊ လယ်ယာမြေ ဥပဒေပုဒ်မ ၃၅ တို့ဖြင့် ၂၀၁၆  ခုနှစ်အတွင်းက အမှုဖွင့်ခံခဲ့ရကာ ယခု ၂၀၁၈ ဇန်န၀ါရီ ၁၂ ရက်တွင် ငါန်းဇွန်မြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၅၃ ဖြင့် တောင်သူ ၁၇ ဦးကို ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ခြင်းဖြစ်ကာ လယ်ယာမြေ ဥပဒေပုဒ်မ ၃၅ ဖြင့် စွဲဆိုထားမှုကို ပလပ်ပေးခဲ့ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက် ပေးခဲ့သူ အထက်တန်းရှေ့နေ ဦးဆန်းထွန်းအောင်က ပြောကြားသည်။

“မြေနုကျွန်းမြေကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့တောင်သူ စုစုပေါင်း ၁၇ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၅၃ နဲ့ အလုပ်နဲ့ထောင်ဒဏ် ခြောက်လချမှတ် လိုက်တာပါ။ လယ်ယာမြေဥပဒေနဲ့ စွဲဆိုထားတဲ့ ပုဒ်မကတော့ လွှတ်ပေးလိုက်တယ်။ အမှုကတော့ သုံးမှုပါ။ ပုဒ်မ ၃၅၃ နဲ့အမှုက နှစ်မှုဖြစ်ပြီးတော့ လယ်ယာမြေ ဥပဒေနဲ့ စွဲဆိုထားတာက တစ်မှုဖြစ်ပါတယ်။ အဲဒီထဲကမှ တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြစ်တဲ့ ဥပဒေပုဒ်မ ၃၅၃ နဲ့ ထောင်ဒဏ်ခြောက် လချမှတ်လိုက်တာ ဖြစ်ပါတယ်။ တောင်သူတွေက သူတို့ယာမြေကို ဖျက်ဆီးခံရမှာမို့ တားခဲ့ကြတာ၊ ဖျက်ဆီးတာမဟုတ်ဘူး။ အမှုကိုတော့ အယူခံ ဆက်တက်သွားမှာပါ” ဟု အဆိုပါ တောင်သူများ၏ အမှုအား လိုက်ပါဆောင်ရွက် ပေးခဲ့သည့် အထက်တန်းရှေ့နေ ဦးဆန်းထွန်းအောင်က ပြောကြားသည်။

“အမှုသုံးမှုနဲ့ စွဲထားတဲ့ထဲက လယ်ယာမြေဥပဒေနဲ့အမှုက လွတ်တယ်။ တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ စွဲဆိုထားတဲ့ နှစ်မှုနဲ့ တောင်သူ ၁၇ ဦးကို ထောင်ဒဏ်ခြောက်လ ချလိုက်တာ။ စုစုပေါင်း တရားစွဲဆိုခံခဲ့ရတာက တောင်သူ ၁၈ ဦးပါ။ တစ်ဦးပဲ လွတ်တာပါ။ အခုလို အမိန့်ချလိုက်တာက တရားမျှတမှုမရှိဘူးလို့ ပြောချင်တယ်။ ကျွန်တော်တို့ အခုအမိန့်ကို အယူခံဆက်တက်ဖို့ရှိသလို သက်ဆိုင်ရာ အထက်အဆင့်ဆင့်အထိ တက်သွားမှာပါ။ ဒီအမှုကို ကျွန်တော်ကိုယ်တိုင် သက်သေလိုက်ပြီး ထွက်ဆိုခဲ့ပါတယ်။ လယ်ယာမြေ ကော်မတီတွေရဲ့ ဥပဒေနဲ့ မညီညွတ်တာတွေကို သက်သေထွက်ဆိုပေးခဲ့တယ်။ မတရားလုပ်နေသူတွေ ဥပဒေနဲ့ မညီတဲ့သူတွေကိုတော့ အရေးမယူဘဲ ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသောက်နေတဲ့ တောင်သူတွေကိုတော့ တရားစွဲထောင်ချတယ်။ လုံးဝမတရားဘူး။ ကျွန်တော်တို့ တောင်သူတွေက ဒါကိုလုံးဝမကျေနပ်နိုင်ဘူး။ တရားမျှတမှုမရှိဘူး” ဟု ငါန်းဇွန်မြို့နယ် အတွင်းမှ ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။

မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ငါန်းမြာကြီး ကျေးရွာတွင် ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်ခဲ့ကြသည့် မြေယာများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက မြေနုကျွန်းမြေအဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့မှုအပေါ် ဒေသခံတောင်သူများက မကျေနပ်သဖြင့် ၂၀၁၇ ခုနှစ် မေလအတွင်းက မန္တလေးမြို့သို့ လာရောက်၍ အဆိုပါဝန်ကြီးကို ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြေနုကျွန်းပေါ်တွင် ၂၀၁၆ ခုနှစ်အတွင်းက ခွဲဝေချထားကာ လုပ်ကိုင်ခဲ့သည့် တောင်သူဦးရေမှာ ၁၈၇၇ ဦးရှိခဲ့ကာ နှစ်စဉ် မြေနုကျွန်းဧကမှာ ၁၉၂၆ ဧကခန့် ပေါ်ထွက်လေ့ရှိကြောင်း သိရသည်။

 

လုပ်ကိုင်ခွင့် တားမြစ်ထားသော အငြင်းပွား လယ်ယာမြေအတွင်း ၀င်ရောက် လုပ်ကိုင်နေသူများကြောင့် ဒေသတွင်း မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားမီ အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆို

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်ရှိ ပဒဲကောကျေးရွာအုပ်စု ဘုတ်ချောင်းကျေးရွာအုပ်စု ဆတ်ကျွန်းကျေးရွာအုပ်စုတို့တွင် သစ်တောဌာနမှ စွန့်လွှတ်ထားသော လယ်ယာမြေဧက ၉၀၀ ကျော်တွင် လယ်ယာအငြင်းပွားမှုကြောင့် လုပ်ကိုင်ခွင့် တားမြစ်ထားသော လယ်ယာအတွင်း ၀င်ရောက် လုပ်ကိုင်နေသူများကြောင့် ဒေသတွင်း မလိုလားအပ်သည့် ပြဿနာများမဖြစ်ပွားမီ အမြန်ဆုံးဖြေရှင်းပေးရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရထံသို့ မူလတောင်သူများ ပုသိမ်မြို့တွင် စကားဝါလမ်းရှိ မြစ်ဝကျွန်းပေါ် ကာကွယ်မြှင့်တင်သူများအဖွဲ့ရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

သစ်တောဦးစီးဌာနမှ စွန့်လွှတ်သည့် လယ်ယာမြေတွင် မူလ တောင်ယာလုပ်ကိုင်သူ ၃၉ ဦးနှင့် တစ်ဖက်မှ တောင်သူ ခုနစ်ဦးတို့မှ အငြင်းပွားလျက် ရှိနေသောကြောင့် နှစ်ဦးနှစ်ဖက် လုပ်ကိုင်ခွင့်အား၂၀၁၇ ခုနှစ် ဇွန်လတွင် အုပ်ချုပ်ရေးအဖွဲ့မှ တားမြစ်ခဲ့သော်လည်း တောင်သူ ခုနစ်ဦးက ၀င်ရောင်လုပ်ကိုင်လျက်ရှိရာ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်း မရှိသဖြင့် ဒေသတွင်း မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရသောကြောင့် တိုင်းဒေသကြီးအစိုးရမှ အမြန်ဆုံးဖြေရှင်းပေးပါရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ဒေသခံ မူလတောင်သူများထံမှ သိရသည်။

“၂၁၀၅ ခုနှစ်မှာ ကျွန်တော်တို့ မူလ တောင်သူတွေ ဆင်းထွန်းလိုက်တယ်။ မူလ တောင်သူတွေကို သူတို့ တရားစွဲပါတယ်။ ကျွန်တော်တို့ လယ်သမားတွေကို ရဲက ဖမ်းတယ်။ ကိုးရက် အချုပ်ထဲမှာနေပြီးတော့ အမှုဆင်ပါတယ်။ အခုချိန်ထိ ကျွန်တော်တို့ ရုံးချိန်းတက်ရတာ တစ်နှစ်ကျော်သွားပြီ။ ၂၀၁၇ မှာ တစ်ခါဆင်းထွန်တော့ နှစ်ဦးနှစ်ဖက်စလုံးကို မြို့နယ်က တားပါတယ်။ ဒေသခံတောင်သူတွေနဲ့ လက်ငုတ်တောင်သူတွေက နားလိုက်တယ်။ တစ်လကြာတော့ လက်ရှိလုပ်နေတဲ့ သူတွေက စက်အလုံး ၂၀ လောက်နဲ့ ၀င်ထွန်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကို ကျွန်တော် ကိုယ်တိုင်ပဲ တက်ပြီးတော့တိုင်တော့ တစ်ခါတည်းတားပြီး အရေးမယူချင်ဘူးဆိုလို့ သုံးခါပြည့်အောင် တားစာစောင့်ပါတယ်။ သုံးခါပြည့်လည်း ထွန်တာပါပဲ။ နောက်ဆုံးရိတ်ချိန် ရောက်တော့လည်း ဘာမှမထူးဘူး။ မူလ တောင်သူတွေ မတရားသဖြင့် ခံစားနေရတာတွေ တားမြစ်တာကို ကျူးတဲ့သူတွေက အမှုမဖြစ်တော့ အဲဒါတွေကိုလည်း အရေးယူပေးစေချင်တယ် ဒီအတိုင်း ဆက်သွားနေတော့မယ်ဆိုရင် မခံစားနိုင်တော့ဘဲ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တဲ့အတွက် အချိန်မီအခါမီ အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု မူလတောင်သူတစ်ဦးဖြစ်သူ ဦးဌေးမြင့် က ပြောကြားသည်။

လုပ်ကိုင်ခွင့် တားမြစ်လယ်မြေများပေါ် တွင် တောင်သူခုနစ်ဦး ကျူးကျော် စိုက်ပျိုးခဲ့သဖြင့် စပါးများပင် ရိတ်သိမ်းချိန်ဖြစ်နေကာ အဆိုပါစပါးများ လာရောက်ရိတ်သိမ်းစဉ် မူလတောင်သူများနှင့် ထိပ်ဆိုင်တွေ့ဆုံကာ အပြန်အလှန် ပြဿနာများ ဖြစ်ပွားလျက်ရှိကြောင်း၊ မလိုလားအပ်သည့် ပဋိပက္ခများ မဖြစ်ပွားရန် ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဖြေရှင်းပေးမှုကို စောင့်နေသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကလည်း အရေးယူဆောင်ရွက်မှု မရှိသောကြောင့် အရေးယူဆောင်ရွက်ပေးရန် မူလတောင်သူများမှ ဆက်လက် တောင်းဆိုခဲ့သည်။

တောင်သူလယ်သမားများအား တရားစွဲဆိုခြင်းသည် ဥပဒေအရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ပြည်နယ်လွှတ်တော်တွင် ဖြေကြား

တောင်သူလယ်သမားများအား တရားစွဲဆိုခြင်းသည် ဥပဒေအရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ပဉ္စမနေ့ ဒီဇင်ဘာ ၈ ရက်တွင် ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးစိုင်းထွန်းဉာဏ်က မေးမြန်းသော သိမ်းဆည်းခံမြေယာများ ပြန်လည်စိစစ်နေချိန် ကာလအတွင်း မူလတောင်သူများ တရားစွဲခံနေရခြင်းအပေါ် သာမန် လုပ်ထုံးလုပ်နည်းများ၊ တရားစွဲဆိုခြင်းမှ ရှောင်လွှဲနိုင်သည့် အထူးအစီအစဉ်များ ချမှတ်အသုံးပြုသွားရန် အစီအစဉ် ရှိ မရှိဆိုသော မေးခွန်းကို ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တွင် မြေယာအငြင်းပွားမှုများနှင့် ပတ်သက်၍ တောင်သူများအား တရားစွဲဆိုထားသော အမှုပေါင်း ၃၂ မှုနှင့် တရားစွဲဆိုသော တောင်သူစုစုပေါင်း ၁၄၂ ဦး ရှိကြောင်း ဒီဇင်ဘာ ၇ ရက်၌ ဖြေကြားချက်အပေါ် ဒီဇင်ဘာ ၈ ရက်တွင် ထပ်မံ မေးမြန်းခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ သိမ်းဆည်းခံ မြေယာများ ပြန်လည်စိစစ်နေချိန် ကာလမှာပဲ တောင်သူများစွာ တရားစွဲဆို ခံနေရတာကို တွေ့ရပါတယ်။ သိမ်းဆည်းခံမြေများ အများစုဟာဆိုရင် ဥပဒေနှင့် သိမ်းဆည်းခြင်း မဟုတ်ဘဲ ယခုမှ ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းဟာ သေချာစွာ ပြန်လည်စဉ်းစား သုံးသပ်ပြီး ဆောင်ရွက်ကြဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ညွှန်ကြားခဲ့တာ တွေ့ရပါတယ်။ သိမ်းဆည်းခံမြေယာများဟာ မူလသတ်မှတ်ထားတဲ့ စီမံကိန်းများ ဆောင်ရွက် အကောင်အထည်ဖော်ဆောင်မှု မရှိခြင်း၊ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်မှု မရှိခြင်းများ ရှိနေရာ အမှန်တကယ် စွန့်လွှတ်ရမယ့်နေရာများ ဖြစ်ပါတယ်။ တောင်သူများဟာ မည်သည့် စီမံကိန်းမှမရှိတဲ့ မြေများပေါ်မှာ စိုက်ပျိုးတာ တွေ့ရပါတယ်။ မြေကို ရယူသုံးစွဲသူက လေးနှစ်အတွင်း အကောင်အထည်မဖော်ရင် မြေကို နိုင်ငံတော်ကို ပြန်အပ်ရမယ်လို့ ဥပဒေမှာ ရှိပြီးသား ဖြစ်ပါတယ်။ ဒီအနေအထားမှာ တောင်သူများကို တရားစွဲခြင်းကို ပြန်လည်သုံးသပ်ရမယ့် အချိန်လည်းဖြစ်ပါတယ်။ မူလ တောင်သူများက ဆန္ဒစောပြီး ၀င်ရောက်စိုက်ပျိုးခြင်းအပေါ် တရားစွဲဆိုခြင်းတွေဟာ တရားမျှတမှု မရှိဘူးလို့ ကျွန်တော်တို့ ရှုမြင်ပါတယ်” ဟု ဦးစိုင်းထွန်းဉာဏ်က မေးမြန်းခဲ့သည်။

“ရှမ်းပြည်နယ်အတွင်း မြေယာကိစ္စ တိုင်ကြားစာများအပေါ် ပြည်နယ် တိုင်း၊ မြို့နယ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်သည် အောက်ဖော်ပြပါ လုပ်ငန်းစဉ်များနှင့် စိစစ်ရန်အချက်များ အလေးထား ဆောင်ရွက်ရမည့်အချက်များကို စိစစ်၍ လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို တင်ပြဆောင်ရွက်ပါတယ်။ အထက်ဖော်ပြပါ မူဝါဒများ၊ လုပ်ငန်းစဉ်များတွင် တောင်သူများအား တရားစွဲဆို အရေးယူ ဆောင်ရွက်ရမည့် အချက်များ ပါဝင်ခြင်း မရှိသည်ကို စိစစ်တွေ့ရှိရပါတယ်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ (က)၊ ၂၆၊ ၂၇ တို့တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားရှိပါတယ်။ ပုဒ်မ (၁၅) ဗဟိုကော်မတီသည် (က) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိသူက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံတောင်သူများနှင့် အငြင်းပွားခြင်း ကျူးကျော်လုပ်ကိုင်ခြင်း၊ အကျိုးဖျက်ဆီးခြင်းများ တင်ပြလာလျှင် သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများနှင့် ဦးစွာညှိနှိုင်းရမည်၊ ညှိနှိုင်း၍ မရပါက ဥပဒေအတိုင်း ဆောင်ရွက်ရမည်၊ ပုဒ်မ (၂၆) မည်သူမဆို ထိုဥပဒေပါ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် မြေပေါ်ရှိ ပစ္စည်းနှင့်စပ်လျဉ်း၍ ပြစ်မှုထင်ရှား စီရင်ခံရလျှင် ထိုသူကို သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်။ ပုဒ်မ (၂၇) မည်သူမဆို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်ရရှိသူကသော် လည်းကောင်း ကိုယ်စားတာဝန်ရှိသူကသော် လည်းကောင်း ခွင့်ပြုချက်မရှိဘဲ မည်သူမျှ ထိုမြေကို ၀င်ရောက်ကျူးကျော်လျှင် ပြစ်မှုထင်ရှား စီရင်ခံရမည်။ အမှုဖြစ်စဉ်များမှာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်းပုဒ်မ (၂၆) နှင့် (၂၇) တို့အရ အကျိုးနစ်နာသူများက ကျူးကျော်ဝင်ရောက်သူများနှင့် အကျိုးဖျက်ဆီးသူများကို တရားစွဲဆိုခြင်းသာ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်”ဟု ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးက ပြန်လည်ဖြေကြားသည်။