ရန်ကုန်မြို့ ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံကြီးတွင် ရပ်ဝေးမှလာရောက်ကုသသည့် ရက်ချိန်းလူနာများနှင့် လူနာစောင့်များ ငွေကြေးအခက်အခဲကြောင့် ဆေးရုံဘေးပလက်ဖောင်းပေါ်တွင် ညအိပ်နေကြရ

ရန်ကုန်မြို့ ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံကြီးအနီးရှိ ပလက်ဖောင်းပေါ်တွင် အိပ်စက်နေသူအချို့အား မေ ၇ ရက် ညပိုင်းကတွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်မြို့ ခုတင် ၅၀၀ဆံ့ အထူးကု ဆေးရုံကြီးတွင် ရပ်ဝေးမှ လာရောက်ကုသသည့် ရက်ချိန်းလူနာများနှင့် လူနာစောင့်များ ငွေကြေးအခက်အခဲကြောင့် ဆေးရုံဘေး ပလက်ဖောင်းပေါ်တွင် အိပ်နေရကြောင်း အဆိုပါဆေးရုံအနီးတွင် နေထိုင်သူများနှင့် အိပ်စက်နေသူများက ပြောကြားသည်။

ယင်းဆေးရုံသို့ လာရောက်ပြသသည့် လူနာအများစုသည် ရပ်ဝေးမှလာရောက် ဆေးကုသမှုခံယူနေကြပြီး တည်းခိုစရာနေရာ မရှိခြင်း၊ အသိမိတ်ဆွေမရှိခြင်းနှင့် ငွေကြေးအခက်အခဲ စသည်တို့ကြောင့် အများစုမှာ ဆေးရုံအပြင်ဘက်တွင် အိပ်ကြရခြင်းဖြစ်ကြောင်း သိရသည်။

“အန်တီတို့က စီပိုးရှိလို့လာပြတာ။ အထဲမှာ လူနာလည်း မနေရဘူး။ လူနာစောင့်လည်း မနေရဘူး။ ဆေးဝင်တဲ့လူနာဆို နေလို့ရတယ်။ ပြမယ့်သူတွေဆို ဒီမှာနေလို့မရဘူး။ အပြင်မှာ၊ ဘုန်းကြီးကျောင်းတွေမှာ ကြုံသလို နေရတာပေါ့။ တချို့ကကျတော့ ဆေးခန်းပြ ဖို့လာတယ်။ မမီလိုက်ဘူး။ အဲဒီလိုတွေ ရှိတယ်။ ဒီနေ့ပြလို့မရဘူး။ ဥပမာ တနင်္လာနေ့ ပြရမယ်၊ ဗုဒ္ဓဟူးနေ့မှ ပြရမယ် အဲဒီလိုတွေရှိတယ်။ အဲဒါတွေကို တချို့ကမသိဘူး။ မသိတော့ သူတို့တွေက နယ်ဝေးကလာတာဆိုတော့ အိမ်မပြန်တော့ဘူး။ တည်းစရာလည်း မရှိဆိုတော့ အပြင်မှာပဲ အိပ်လိုက်ကြတာ။ အန်တီတို့ဆို နှစ်ပတ်သုံးပတ်လောက်ရှိနေပြီ။ ချိန်းတယ်။ ပြန်လာတယ်။ အဲဒီလိုမျိုးတွေပေါ့နော်” ဟု စစ်တွေမြို့မှ လာရောက်ဆေးကုသသည့် ဒေါ်စန္ဒာက ပြောကြားသည်။

ထို့ပြင် လပွတ္တာမြို့နယ်မှ အဆိုပါဆေးရုံသို့ ရက်ချိန်းလာပြသူတစ်ဦးဖြစ်သူ မမိုးအေးကလည်း “အစ်မက အစ်မယောက်ျား ကျောက်ကပ်ဖြစ်လို့ ရက်ချိန်းလာပြန်ပြတာ။ အစ်မတို့က နယ်ကဆိုတော့ ရက်ချိန်းကျော်သွားမှာစိုးလို့ ကြိုထွက်လာရတာ။ ရန်ကုန်မှာလည်း အသိက မရှိဘူး။ တည်းခိုခန်းတွေ သွားအိပ်ဖို့ကျတော့လည်း ပိုက်ဆံမှမတတ်နိုင်တာ။ အဲဒီတော့ ဒီမှာအများနဲ့ပဲဆိုတော့ ဒီမှာပဲစောင့်ရင်း အိပ်ဖြစ်တာပါ။ ဆေးရုံကလည်း အထဲပေးမ၀င်တော့ တော်တော်တော့အဆင်မပြေ ဖြစ်တယ်။ ညပိုင်းကျတော့လည်း စောင့်အိပ်ကြရတာပေါ့။ အဓိကကတော့ မိုးရွာမှာကို စိုးရိမ်တာပါ” ဟု ပြောကြားသည်။

ဆေးရုံအပြင်တွင်အိပ်ကြရသည့် လူနာအချို့နှင့် လူနာစောင့်များအနေဖြင့် တစ်စုံတစ်ရာ အန္တရာယ်ကျရောက်မည် စိုးရိမ်ကြောက်လန့်နေရကြောင်း၊ မကြာမီတွင် မိုးတွင်းကာလ ရောက်တော့မည်ဖြစ်သဖြင့် နေရေးထိုင်ရေးအတွက်လည်း စိုးရိမ်နေရကြောင်း လူနာရှင်များက ပြောကြားသည်။

“အပြင်မှာအိပ်ရတာဆိုတော့ ခြင်ကိုက်တယ်။ လေတိုက်တယ်။ နောက်ဆို မိုးရာသီရောက်တော့မယ်ဆိုတော့ အဲဒါတွေအခက် အခဲရှိပါတယ်။ ဦးတို့ကတော့ ဒီလိုပဲ အလျဉ်းသင့်တဲ့နေရာ လျှောက်ထိုင်၊ လျှောက်နေရတာပေါ့။ ညဘက်အိပ်ပြီဆိုရင် လုံခြုံတဲ့နေရာလေး ကပ်အိပ်တာပေါ့။ လူတွေက သိပ်များတဲ့ အခါကျတော့ အဲဒီလိုဖြစ်တာပေါ့။ ဆေးကုတဲ့ ကိစ္စနဲ့ကတော့ သိပ်ပြီးစိတ်မဆင်းရဲရပါဘူး။ သူ့အချိန်နဲ့သူ စစ်ဆေးတာတွေ လုပ်ပေးတယ်။ ဒါပေမဲ့ သွားရေးလာရေးကျတော့ နယ်ဝေးသမားတွေ ဒုက္ခရောက်တာပေါ့။ ဦးတို့က ခရမ်းသုံးခွကလာတာဆိုတော့ နီးသေးတယ်။ ပြည်တို့၊ အထက်ပိုင်းကလာတဲ့ သူတွေကျတော့ ဒီလိုပဲနေရတာပေါ့” ဟု လူနာတစ်ဦးက ပြောကြားသည်။

ဆေးရုံအနီးရှိ ဘုန်းကြီးကျောင်းများတွင်လည်း လူနာများနှင့် လူနာစောင့်များ ပြည့်လျှံလျက်ရှိပြီး အချို့ ဘုန်းကြီးကျောင်းများမှာ တည်းခိုရန်လက်မခံကြောင်း လူနာရှင်များ၏ ပြောကြားချက်အရ သိရသည်။

မေ ၇ ရက် ညပိုင်းက အဆိုပါ ဆေးရုံကြီး အနီးတွင် ညအိပ်နေရသူ အများအပြားရှိနေပြီး အချို့မှာ ခြင်ထောင်များနှင့် အိပ်စက်နိုင်ခြင်းမရှိဘဲ ကြုံသလိုအိပ်စက်နေရသည်ကို တွေ့ရသည်။