ဆေးယဉ်ပါး အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားသူများ ရှိလာပြီး အေအာတီဆေး ယဉ်ပါးမှုများကို အရွယ်ရောက်ပြီးသူများထက် ဆယ်ကျော်သက် လူငယ်များတွင် ပိုတွေ့နေရ

အိပ်ခ်ျအိုင်ဗွီ လူနာများအတွက် နယ်စည်းမခြား ဆရာဝန်အဖွဲ့က ဖွင့်လှစ်ထားသည့် ဆေးခန်းတွင် အေအာတီဆေး လာရောက် ထုတ်ယူနေသူအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျာ်)

မြန်မာနိုင်ငံတွင် ဆေးယဉ်ပါး အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားမှုများ ရှိလာပြီး ရောဂါပိုး ကူးစက်ခံရသူများအနက် ဆယ်ကျော်သက် လူငယ်များမှာ အရွယ်ရောက်ပြီးသူများထက် ပထမအဆင့် ဆေးယဉ်ပါးမှု ပိုမိုများပြားနေကြောင်း အိပ်ခ်ျအိုင်ဗွီ လူနာများအား ဆေးကုသမှု ပေးနေသည့် နယ်စည်းမခြား ဆရာဝန်အဖွဲ့မှ သိရသည်။

အိပ်ခ်ျအိုင်ဗွီရောဂါပိုးရှိ ဆယ်ကျော်သက် လူငယ်များသည် ရောဂါဒဏ် ခံစားရသော အဓိကအုပ်စု တစ်စုဖြစ်သော်လည်း ပံ့ပိုးကူညီမှု ပြုလုပ်ကြရာတွင် မကြာခဏ လျစ်လျူရှုခံနေကြရသူများ ဖြစ်ကြောင်းနှင့် ယင်းဆယ်ကျော်သက် လူငယ်လေးများ၏ ဆယ်ကျော်သက်ဘ၀ အထူးလိုအပ်ချက်များသည်လည်း လုံလောက်စွာ ဂရုတစိုက်ကူညီပံ့ပိုးမှု မရရှိကြသောကြောင့် ရလဒ်အနေဖြင့် ၎င်းအုပ်စုဝင်များအတွင်း ဆေးယဉ်ပါးဖြစ်ပွားမှု ရာခိုင်နှုန်းမှာလည်း မြင့်မားနေခြင်းဖြစ်ကြောင်း သိရသည်။

“နယ်စည်းမခြား ဆရာဝန်အဖွဲ့က လူနာတွေအတွက် အင်းစိန်နဲ့ သာကေတ ဆေးခန်းမှာ ကျန်းမာရေး ၀န်ဆောင်မှုတွေကို ပေးနေပါတယ်။ အင်းစိန်နဲ့ သာကေတဆေးခန်း နှစ်ခုပေါင်းရင် လူနာပေါင်း ၁၇၀၀၀ ကျော် ရှိတယ်။ လူနာတွေထဲမှာ အေအာတီဆေး သောက်နေရတဲ့ ဆယ်ကျော်သက် လူငယ်တွေလည်း ပါပြီးတော့ လူနာ ၈၀၀ ကျော် ရှိပါတယ်။ လူနာတွေရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး လိုအပ်ရင် လိုအပ်သလို ကြည့်ပေးပြီး ကျန်းမာရေး အရမ်းကောင်းနေတဲ့ လူနာတွေဆိုရင်တော့ သုံးလ တစ်ကြိမ် ပြန်ကြည့်ပါတယ်။ အေအာတီဆေးက ပုံမှန် စွဲသောက်ရတယ်။ အချိန်တိကျရတယ်။ ပမာဏ တူညီရတဲ့အတွက် စနစ်တကျ မသောက်ရင် ဆေးယဉ်ပါး ဖြစ်တာပေါ့။ အခု ဆယ်ကျော်သက် လူငယ်တွေက အရွယ်ရောက်ပြီးသူတွေထက် ပထမအဆင့် ဆေးယဉ်ပါးမှုက ပိုများနေတယ်။ ဖြစ်နိုင်ခြေက သူတို့က ငယ်တဲ့အချိန်မှာကျတော့ သူတို့ကို စောင့်ရှောက်တဲ့သူအပေါ်မှာ မှီခိုနေရတယ်။ စောင့်ရှောက်ပေးတဲ့သူက အလုပ်များလို့၊ မအားလို့ ဆေးကို ပုံမှန် မလုပ်ပေးနိုင်တာမျိုး၊ တချို့ကျတော့ မိဘတွေ မရှိကြတော့ဘူး။ တခြား ဆွေမျိုးသားချင်းတွေနဲ့ နေရတဲ့အခါ အချိန်မှန်မှန် ဆေးမသောက်နိုင်တာတွေက များလာတယ်။ ကြာလာတဲ့အခါ လူနာက ပထမအဆင့် ဆေးတွေနဲ့ ကုလို့ မရကြတော့ဘူး။ အဓိက ဆေးကို ပုံမှန် မသောက်လို့ ဆေးယဉ်ပါးတာတွေ ဖြစ်တာပါ။ ဒီလို ပထမအဆင့် ဆေးယဉ်ပါးတဲ့ သူတွေကို ဒီထက်ပိုပြင်းတဲ့ ဒုတိယအဆင့် ဆေးတွေနဲ့ ပြန်ကုပေးရပါတယ်” ဟု နယ်စည်းမခြား ဆရာဝန်အဖွဲ့၊ သာကေတ ဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နယ်စည်းမခြား ဆရာဝန်အဖွဲ့ (ရန်ကုန်) တွင် အေအာတီဆေး သောက်သုံးနေရသူ လူနာ စုစုပေါင်း ၁၇၀၀၀ ကျော်ရှိပြီး ယင်းတို့အနက် အသက် ၁၀ နှစ်မှ ၁၉ နှစ်ကြား ဆယ်ကျော်သက် လူငယ် ၈၀၀ ကျော် ရှိကြောင်းနှင့် ဒုတိယအဆင့် အေအာတီဆေး သောက်သုံးနေရသူ ဆယ်ကျော်သက်လူငယ်မှာ ရာခိုင်နှုန်း ၂၀ ခန့်ရှိကြောင်း သိရသည်။

နယ်စည်းမခြား ဆရာဝန်အဖွဲ့သည် ၂၀၀၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် အသက်ကယ် အေအာတီဆေးကုထုံးကို စတင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်း၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လက်ရှိ အိပ်ခ်ျအိုင်ဗွီ/တီဘီရောဂါကု စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလထိ ရရှိထားသည့် အချက်အလက်များအရ အဖွဲ့၏ စီမံကိန်းနေရာများ အားလုံးတွင် အေအာတီဆေးဖြင့် လူနာ ၃၄၈၇၇ ဦးကို ကုသပေးနေပြီး ယင်းတို့အနက်မှ ၁၈၀၇ ဦးမှာ အသက် ၁၀ နှစ်မှ ၁၉ နှစ်ကြား လူငယ်များ ဖြစ်ကြောင်းနှင့် ယင်းအရေအတွက်မှာ လူနာစုစုပေါင်း၏ ငါးရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။

မြန်မာ အပါအ၀င် မဟာမဲခေါင်ဒေသ၌ ငှက်ဖျားရောဂါကင်းဝေးရေး အရှိန်မြှင့်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ဒေါ်လာ ၉၇ သန်းကျော် ထောက်ပံ့

ငှက်ဖျားရောဂါနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင် ဖတ်ရှုနေသူ တစ်ဦးအား တွေ့ရစဉ်

၂၀၃၀ ပြည့်နှစ်အတွင်း မြန်မာအပါအ၀င် မဟာမဲခေါင်ဒေသတွင်း နိုင်ငံများ၌ ငှက်ဖျားရောဂါ ကင်းဝေးရေး အရှိန်မြှင့် လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေ အဖွဲ့က ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေ ဒေါ်လာ ၉၇ ဒသမ ၄၄ သန်း ဆက်လက် ထောက်ပံ့ရန်ရှိကြောင်း သိရသည်။

မဟာမဲခေါင်ဒေသတွင်း လွန်ခဲ့သော ငါးနှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုကို ၈၆ ရာခိုင်နှုန်းနှင့် ငှက်ဖျားရောဂါကြောင့် သေဆုံးနှုန်း ကို ၉၁ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည်လည်း WHO Global Technical Strategy and Strategy for Malaria Elimination in the Greater Mekong Subregion ကိုအခြေခံပြီး အမျိုးသား     ငှက်ဖျားရောဂါ ကင်းဝေးရေး စီမံချက် ရေးဆွဲပြီးလုပ်ငန်းများ စတင်လျက်ရှိကြောင်း၊ ငှက်ဖျားရောဂါ လျော့နည်းကျဆင်း လာသော်လည်း ဝေးလံခက်ခဲသည့်နေရာများ၊ နယ်စပ်ဒေသများ၊ ရွှေ့ပြောင်းနေထိုင်သူများတွင် ဖြစ်ပွားမှု ရှိနေဆဲဖြစ်ပြီး

ငှက်ဖျားဆေး ယဉ်ပါးမှုနှင့် အာတီမီ ဆီနင်းငှက်ဖျား ဆေးပေါင်းကို ဆေးယဉ်ပါးမှုများသည်လည်း မဟာမဲခေါင်ဒေသတွင်း နိုင်ငံများကို ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အိပ်ခ်ျအိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေများ ဆက်လက် ထောက်ပံ့ပေးရာတွင် တီဘီရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၀၄ သန်း၊ အိပ်ခ်ျအိုင်ဗွီရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန် ဒေါ်လာ ၁၂၉ ဒသမ ၉၆သန်းနှင့် ငှက်ဖျားရောဂါ ကင်းဝေးရေးအတွက် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၄၄ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂၁ ဒသမ ၄၄ သန်း ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၁၀၀၀ လျှင် နှစ်ဦးနှုန်း ငှက်ဖျားရောဂါဖြစ်ပွားမှု ရှိနေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားနှုန်း၏ ၈၅ ရာခိုင်နှုန်း၊ သေဆုံးမှုနှုန်း၏ ၉၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနခွဲ၊ အမျိုးသား ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက်မှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်းမှာ ၂၀၁၂ ခုနှစ် ဖြစ်နှုန်း၏ ၈၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပြီး ယခင်က မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူ ခြောက်သိန်းရှိကြောင်းနှင့် ၂၀၁၆ ခုနှစ် စာရင်းများအရ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်း လျော့ကျလာပြီး လက်ရှိ လူဦးရေ ၁၀၀၀ လျှင် နှစ်ဦးနှုန်း ဖြစ်ပွားလျက်ရှိပြီး သေဆုံးနှုန်းမှာ လူဦးရေ တစ်သိန်းလျှင် ၀ ဒသမ ၀၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားနှုန်း၏ ၈၅ ရာခိုင်နှုန်း၊ သေဆုံးမှုနှုန်း၏ ၉၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေးကို ဦးတည်လုပ်ဆောင်ရန် ရှိကြောင်းနှင့် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၀၀ ကျော်ကို ငှက်ဖျားရောဂါ ကူးစက်မှုရှိနိုင်သော နေရာများအဖြစ် သတ်မှတ်ထားကြောင်း၊ အာရှ-ပစိဖိတ် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေး ကွန်ရက်က ပြုလုပ်သော ငှက်ဖျားရောဂါ ရက်သတ္တပတ် လှုပ်ရှားမှု အစည်းအဝေးမှ သိရသည်။

အာရှနှင့် ပစိဖိတ်ဒေသအတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုသည် ၂၀၁၅ ခုနှစ်တွင် ၈၆ ရာခိုင်နှုန်းမှ ၂၀၁၆ ခုနှစ်တွင် ၄၇ ရာခိုင်နှုန်းအထိ ကျဆင်းသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၆ ခုနှစ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုပေါင်း ၁၁၀၁၄၆ ခုနှင့် ငှက်ဖျားရောဂါကြောင့် သေဆုံးမှုပေါင်း၂၁ ခုသာ ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် ကိန်းဂဏန်း အချက်အလက်များနှင့် နှိုင်းယှဉ်ပါ က ငှက်ဖျားရောဂါ ဖြစ်ပွားမှုပေါင်း ၇၇ ရာခိုင်နှုန်းနှင့် ငှက်ဖျားရောဂါကြောင့် သေဆုံးမှုပေါင်း ၉၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ သိရသည်။

 

မြန်မာတစ်နိုင်ငံလုံးတွင် ဆေးယဉ်ပါးတီဘီ ဖြစ်ပွားမှု၏ ၅၃ ရာခိုင်နှုန်းကျော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း တွေ့ရှိနေ

ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါကုဌာနတစ်နေရာကို တွေ့ရစဉ်

မြန်မာတစ်နိုင်ငံလုံးတွင် ဆေးယဉ်ပါးတီဘီဖြစ်ပွားမှု၏ ၅၃ ရာခိုင်နှုန်းကျော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း တွေ့ရှိနေရပြီး ရန်ကုန်တိုင်းဒေသကြီး၌ တီဘီရောဂါဖြစ်ပွားမှုမှာ လူခြောက်ဦးတွင် တစ်ဦးနှုန်း ဖြစ်နေကြောင်း ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေအဖွဲ့မှ သိရသည်။

ဝန်ကြီးဌာနအနေဖြင့် တီဘီရောဂါ တိုက်ဖျက်ရေးအတွက် သုံးနှစ်အတွင်းဘတ်ဂျက် ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး တီဘီရောဂါကို ၂၀၂၀ ပြည့်နှစ်အတွင်း ရာခိုင်နှုန်း ၄၀ အထိ လျှော့ချနိုင်ရေးနှင့် ဆေးယဉ်ပါးတီဘီရောဂါအား ၂၀၁၅ မှ၂၀၂၀ ပြည့်နှစ်အတွင်း ငါးရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် မျှော်မှန်းထားကြောင်း အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ သိရသည်။

မြန်မာနိုင်ငံ၌ အမျိုးသားများသည် အမျိုးသမီးများထက် တီဘီရောဂါ ပိုမိုဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံသည် အာရှတွင် တီဘီရောဂါ ဖြစ်ပွားမှု အများဆုံးနိုင်ငံတွင် ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံတွင် ဆေးယဉ်ပါး တီဘီဝေဒနာရှင်များ မြင့်တက်လျက်ရှိကြောင်း၊ တစ်ကမ္ဘာလုံးတွင် တီဘီရောဂါကြောင့် သေဆုံးသူပေါင်း ၁ ဒသမ ၄ သန်းရှိကာ ၎င်းတို့အနက် တီဘီဝေဒနာရှင် လေးသိန်းမှာ အိပ်ခ်ျအိုင်ဗွီရှိသူများ ဖြစ်နေကြောင်း၊ လူဦးရေ တစ်သိန်းကိုးသောင်းမှာ ဆေးယဉ်ပါး တီဘီလူနာများဖြစ်ပြီး ကလေး ၁၄၀၀၀၀ သေဆုံးခဲ့ကြောင်း အမျိုးသားတီဘီ ရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ သိရသည်။

ဆေးယဉ်ပါး တီဘီလူနာအများစုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိပြီး လူဦးရေထူထပ်ခြင်း၊ ရွှေ့ပြောင်းလုပ်သား များပြားခြင်း၊ တီဘီလူနာ များပြားခြင်း၊ အိပ်ခ်ျအိုင်ဗွီကူးစက်မှုနှုန်းများခြင်း စသည်တို့ကြောင့် ရောဂါကူးစက်ပြန့်ပွားနှုန်း မြင့်မားနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တီဘီရောဂါ ဖြစ်ပွားမှုနှုန်းမှာ လူဦးရေ တစ်သိန်းလျှင် တီဘီလူနာသစ် ၃၇၀ ခန့်ရှိကြောင်း၊ လူနာဟောင်းများမှာ လူဦးရေတစ်သိန်းလျှင် ၄၇၃ ဦးရှိပြီး သေဆုံးနှုန်းမှာ လူဦးရေ တစ်သိန်းလျှင် ၄၉ ဦးနှုန်း သေဆုံးလျက်ရှိကြောင်းနှင့် တီဘီရောဂါ အဖြစ်အများဆုံး နိုင်ငံ ၃၀ တွင် ပါဝင်ပြီး တီဘီရောဂါဖြစ်ပွားမှုမှာ ကမ္ဘာ့ဖြစ်ပွားမှုနှုန်းထက် သုံးဆမြင့်ကာ အာရှတိုက်တွင် တီဘီဖြစ်ပွားမှု အများဆုံးနိုင်ငံများတွင် ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တီဘီရောဂါပိုးရှိသော်လည်း ဆေးကုသမှုခံယူခြင်း မရှိသည့် လူနာဦးရေမှာ ၂၆ ရာခိုင်နှုန်းခန့် (လူဦးရေငါးသောင်းကျော်) ရှိနေကြောင်းနှင့် ယင်းလူနာများမှာ ဆေးကုသသည့်နေရာများနှင့် လက်လှမ်းမမီခြင်း၊ နည်းအမျိုးမျိုးဖြင့် ပြင်ပတွင် ဆေးကုသနေခြင်း၊ ရောဂါရှိသည်ဟု သိရသော်လည်း ရောဂါပိုးရှာဖွေမတွေ့ရှိခြင်း စသည့် အကြောင်းရင်းများကြောင့်ဖြစ်ကြောင်း သိရသည်။

တီဘီလူနာများတွင် အိပ်ခ်ျအိုင်ဗွီပိုး တွေ့ရှိမှုနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းခန့် ရှိကြောင်းနှင့် တီဘီလူနာသစ်များတွင် ဆေးယဉ်ပါးတီဘီဖြစ်ပွားမှုနှုန်းမှာ ငါးရာခိုင်နှုန်း၊ လူနာဟောင်းများတွင် ဖြစ်ပွားမှုနှုန်းမှာ ၂၇ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

တီဘီရောဂါသည် အသက်အန္တရာယ်ရှိပြီး ကူးစက်နိုင်ခြေ မြင့်မားသည့် ရောဂါဖြစ်သော်လည်း ကုသ၍ရသည့် ရောဂါဖြစ်ကြောင်း၊ ၁၉၉၀ ပြည့်နှစ်နှင့်နှိုင်းယှဉ်ပြီး တီဘီရောဂါ ဖြစ်ပွားမှုနှင့်သေဆုံးမှုများကို ထက်ဝက်လျှော့ချရန် လုပ်ဆောင်လျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းအနေဖြင့် ၂၀၅၀ ပြည့်နှစ်တွင် တီဘီရောဂါကို ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ်မှ ဖယ်ရှားနိုင်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဆေးယဉ်ပါးတီဘီ တိုက်ဖျက်ရေးလုပ်ငန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မွန်၊ စစ်ကိုင်း၊ မကွေး၊ ရှမ်းပြည်နယ် (လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ)၊ ကချင်၊ ကရင်၊ တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူးနှင့် ရခိုင်ပြည်နယ်များတွင် လုပ်ဆောင်လျက်ရှိပြီး ၂၀၁၅ ခုနှစ်အတွင်းက ဆေးယဉ်ပါးတီဘီဖြစ်နှုန်း အများဆုံးရှိနေသည့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးကို ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဆေးယဉ်ပါးတီဘီရောဂါ ရှာဖွေခြင်းကို လက်လှမ်းမီစေရန် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးတို့တွင် ဇီဝလုံခြုံမှုအဆင့် (၃) ရှိ တီဘီဓာတ်ခွဲခန်းများဖြင့် ဆောင်ရွက်နေပြီး ယခုနှစ်တွင် မော်လမြိုင်မြို့၌ တိုးချဲ့ဆောင်ရွက်မည်

ဆေးယဉ်ပါးတီဘီရောဂါရှာဖွေခြင်းကို လူနာများအားလုံး လက်လှမ်းမီစေရန်အတွက် ရန်ကုန်၊ မန္တလေးမြို့နှင့်တောင်ကြီးတို့တွင် ဇီဝလုံခြုံမှု အဆင့်(၃)(ကုသရန်ခက်ခဲသော တီဘီရောဂါများကို စစ်ဆေးအဖြေရှာရန်၊ အခြားဓာတ်ခွဲခန်းများတွင် စစ်ဆေးထားသည့် အဖြေများကိုမှန်ကန်ခြင်းရှိ မရှိ စစ်ဆေးရန်နှင့်ဖော်ထုတ်ရန်ခက်ခဲသော ရောဂါများကိုအဖြေရှာရန်) ရှိတီဘီဓာတ်ခွဲခန်းများဖြင့် ဆောင်ရွက်နေပြီး ယခုနှစ်တွင် မော်လမြိုင်မြို့အား တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဆိုသည်။

အဆိုပါပြောကြားချက်ကို မတ် ၂၄ ရက်ကရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းမကြီး ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်တွင် ပြုလုပ်သော ‘၂၀၁၈ ခုနှစ်ကမ္ဘာ့တီဘီရောဂါတိုက် ဖျက်ရေးနေ့’ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တီဘီရောဂါသည်ကမ္ဘာပေါ်တွင် ပြည်သူ့ကျန်းမာရေးတစ်ရပ်အနေဖြင့် တည်ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏သုံးပုံတစ်ပုံသည် တီဘီရောဂါ ကူးစက်ခံထားကြောင်း၊၂၀၁၆ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏  ခန့်မှန်းချက်အရ တီဘီရောဂါလူနာ ၁၀ ဒသမ ၄ သန်းဖြစ်ပွားပြီး ၁ ဒသမ ၈ သန်းသေဆုံးနေပြီး မြန်မာနိုင်ငံတွင်တီဘီနှင့် အိတ်ခ်ျအိုင်ဗွီ၊ ဆေးယဉ်ပါးတီဘီရောဂါတွေများသည်လည်း ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် အဖြစ်တည်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် နှစ်ချုပ် အစီအရင်ခံစာအရ စုစုပေါင်း တီဘီလူနာ တစ်သိန်းသုံးသောင်းကျော်  ရှာဖွေကုသပေးခဲ့ကြောင်း သိရသည်။

“ဆေးယဉ်ပါးတီဘီရောဂါရှာဖွေခြင်းကို လူနာများအားလုံးလက်လှမ်းမီစေရန်အတွက် လက်ရှိအချိန်မှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များမှာ ဇီဝလုံခြုံမှုအဆင့် (၃) ရှိ တီဘီဓာခွဲခန်းများဖြင့်ဆောင်ရွက်လျက် မော်လမြိုင်မြို့အတွက် တိုးချဲ့ဆောင်ရွက်ဖို့ စီစဉ်လျက်ရှိတယ်” ဟု ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် တီဘီလူနာ အသစ်တစ်သိန်းကိုး သောင်းခန့်ဖြစ်ပွားနေကြောင်း ခန့်မှန်းပြီး တီဘီလူနာ တစ်သိန်းလေးသောင်းခန့်ကို ရောဂါရှာဖွေကုသပေးလျက်ရှိကြောင်း၊ ပြည်သူလူထုအတွင်း ကျန်ရှိနေသည့် တီဘီလူနာ ငါးသောင်းခန့်ကို တိုင်းဒေသကြီး ပြည်နယ်များမှ တီဘီလူနာ ကွင်းဆင်းရှာဖွေ ကုသခြင်းလုပ်ငန်းစီမံချက်များ ရေးဆွဲပြီးဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။