ဗဟိုဘဏ်ရဲ့ ချိန်သားကိုက်ဖြေလျှော့မှုနဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းအောင် ဈေးကစားခံရမှုမှာ ပျောက်ရှသွားတဲ့ ပြည်သူ့ငွေတွေ ပြန်ပေးပါ

တစ်စစကျပ်တည်းလာသော နေ့စဉ်ဘ၀ရပ်တည်မှုတွင် သဲထမ်း၊ ကျောက်ထမ်းဖြင့် ရုန်းကန်နေရသော အလုပ်သမားများအား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် တစ်ကမ္ဘာလုံးက ငွေကြေးတန်ဖိုးတွေ ကျဆင်းနေချိန်မှာ အားလုံးထက်ပိုပြီး ကျဆင်းနေတဲ့ နိုင်ငံသုံးငွေကြေးက မြန်မာကျပ်ငွေပါ။

ဘာတစ်ခုမှ ကောင်းကွက်မရှိတဲ့အပြင် အစိုးရ စာရွက်တွေပေါ်မှာပဲ စီးပွားရေး တိုးတက်နေတဲ့ မြန်မာနိုင်ငံဟာ ကုန်သွယ်ရေးစစ်ပွဲ အလှုပ်အခတ်မှာ တခြားနိုင်ငံတွေနည်းတူ အထိနာတာပဲလို့ အကြောင်းပြမယ် ဆိုရင်တောင် အခြားနိုင်ငံတွေထက် ငွေကြေးတန်ဖိုးက ဆိုးဆိုးရွားရွား ထိုးကျခဲ့တာပါ။

အမေရိကန်နဲ့ တိုက်ရိုက် Trade War ဖြစ်နေလို့ သူ့နိုင်ငံထုတ်ကုန်တွေ ဈေးမကြီးအောင် ယွမ်ဈေးဆွဲချနေတဲ့ တရုတ်တောင်မှ ငွေတန်ဖိုး ကိုးရာခိုင်နှုန်းလောက်ပဲ တန်ဖိုးကျချိန်မှာ မြန်မာကျပ်ငွေ တန်ဖိုးက ၁၃ ရာခိုင်နှုန်းလောက် ကျနေတာပါ။ တခြားနိုင်ငံတွေမှာ ငွေကြေးတန်ဖိုး ကျဆင်းမှုက ပျမ်းမျှခြောက်ရာခိုင်နှုန်း လောက်ပဲရှိပြီး ဇူလိုင် ၁ ရက်ကနေ တွက်ချက်မှုအရ ထိုင်းဘတ်ကျဆင်းမှုက တစ်ရာခိုင်နှုန်း မပြည့်ချိန်၊ စင်ကာပူဒေါ်လာ တန်ဖိုးကျဆင်းမှုက ၀ ဒသမ ၇၂ ရာခိုင်နှုန်းပဲရှိချိန်၊ မလေးရှားရင်းဂစ်တန်ဖိုး ကျဆင်းမှုက နှစ်ရာခိုင်နှုန်းလောက်ပဲ ရှိချိန်တွေမှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုက ဆိုးဆိုးရွားရွား ဖြစ်နေခဲ့တာပါ။

ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲရဲ့ ရိုက်ခတ်မှုဒဏ်ကို ငါတို့လည်း ခံစားနေရတာပဲလို့ တွေးမယ်ဆိုရင်တောင် မြန်မာနိုင်ငံမှာက တွေးလို့မရတဲ့ အခြေအနေတွေအဖြစ် ဗဟိုဘဏ်နဲ့ အစိုးရ တာဝန်ရှိသူတွေရဲ့ ပျက်ကွက်မှုများစွာ ရှိခဲ့ပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး လိုတာထက် ပိုကျဆင်းမှု မဖြစ်အောင်လုပ်ဖို့ အစိုးရနဲ့ ဗဟိုဘဏ်က ဘာတွေ ပျက်ကွက်ခဲ့သလဲ မေးမယ်ဆိုရင် ပြင်ပဈေးကစားမှုတွေ ထိန်းကျောင်းမှုမရှိတာက စရမှာပါ။ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဒေါ်လာဈေး မြင့်တက်လာချိန်တိုင်းမှာ အစိုးရတာဝန်ရှိသူတွေက ဆွေးနွေးပြီး ငွေဈေးကစားသူတွေ အရေးယူမယ် အသံပေးလိုက်တာနဲ့ နောက်တစ်နေ့မှာ ဈေးကစားတာ ပျောက်သွားတဲ့ အသံပေးမှုမျိုး လုပ်ဆောင်ဖို့တောင် NLD အစိုးရက ပျက်ကွက်ခဲ့တာကို တွေ့ရမှာပါ။ ဒါ့အပြင် ဈေးကစားတဲ့ ဘဏ်တွေ၊ ငွေလဲကောင်တာတွေကို အရေးမယူတာတွေ၊ အရေးမယူတဲ့အပြင် ဘဏ်တွေကို ထင်သလို ဈေးကစားလို့ မရအောင် ကန့်သတ်ထားတဲ့ စည်းဘောင် Plus or Minus ကို အခြေအနေ အချိန်အခါ မကြည့်ဘဲ ပယ်ဖျက်လိုက်တာတွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့ ဗဟိုဘဏ်ပူးပေါင်းပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကို တည်ငြိမ်အောင် လုပ်ဆောင်ရမယ့် အချိန်အခါမှာ နှစ်ဖက်စလုံးက တိတ်ဆိတ်နေတာတွေကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုက ဆိုးရွားသထက် ဆိုးရွားလာပြီး ကျပ် ၁၅၆၀ အထိ ဈေးနှုန်းမြင့်တက် သွားတာပါ။ ဒီလိုဈေးကစားခံရမှုမှာ ဆုံးရှုံးနစ်နာခဲ့တာကတော့ ပြည်သူပါပဲ။

 

အသိအမြင်ရှိသော ကြိုတင်ပြင်ဆင်မှု နတ္ထိ

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ စတင်တော့မယ် ဆိုတာ မီဒီယာတွေမှာ ရေးသားဖော်ပြနေတာက ၂၀၁၇ ခုနှစ်လောက် ကတည်းကပါ။ ၂၀၁၆ ခုနှစ်လောက် ကတည်းက မီဒီယာတွေမှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြား အရန်ငွေဟာ ပို့ကုန်ရဲ့ သုံးလစာလောက်ပဲ ရှိတော့တာလို့ ဖန်တစ်ရာတေနေအောင် ပါနေခဲ့ပြီးသားပါ။ တစ်ဖက်မှာလည်း အစိုးရက တောင်းခံသုံးစွဲနေတဲ့ ဘတ်ဂျက်တွေက ဘဏ္ဍာနှစ် တစ်နှစ်ကို ဘီလျံ ၅၀၀၀၊ ၆၀၀၀ တောင်းခံနေပေမဲ့ ၀န်ကြီးဌာနတွေက အမှန်တကယ် စီမံကိန်းတွေ ပြီးမြောက်အောင် သုံးစွဲနိုင်စွမ်း မရှိတာကြောင့်မို့လို့ အစိုးရဘက်က စိစစ်ဖို့ လိုအပ်သလို လွှတ်တော်ဘက်ကလည်း နှစ်စဉ်ကျပ်ဘီလျံ ထောင်နဲ့ချီပြီး မသုံးဘဲ ပြန်အပ်နေတဲ့ ဘတ်ဂျက်တွေကို ထိထိရောက်ရောက် ဖြတ်တောက်ဖို့ ရေးသားခဲ့တာ မကြာခဏပါ။

ဒီလို အခြေအနေမျိုးတွေဟာ အသိအမြင်ကြီးတဲ့၊ နိုင်ငံတကာရဲ့ အရိပ်အခြည်ကို နားလည်တဲ့၊ အရည်အချင်းရှိတဲ့၊ ပြည်တွင်း ပြည်ပ အခြေအနေကို မှန်မှန်ကန်ကန် အကဲဖြတ်ပြီး ကြိုတင်မဟာဗျုဟာ ချမှတ်ထားနိုင်တဲ့ အသိအမြင်ကြီးတဲ့ ခေါင်းဆောင်မျိုးသာ ဦးဆောင်နေမယ်ဆိုရင် ကုန်သွယ်ရေးစစ်ပွဲမှာ ငါတို့နိုင်ငံအထိ မနာအောင် ဘယ်လိုဦးဆောင်မယ် ဆိုတာကို ကြိုတင်မဟာ ဗျုဟာချမှတ်နိုင်မှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ မီဒီယာဘယ်လိုပြောပြော အစိုးရက အဖတ်မလုပ်ပါဘူး။ ကြိုတင်ပြင်ဆင်မှု နတ္ထိပါ။

တစ်ဖက်မှာလည်း ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဒေါ်လာဈေး ဆွဲတင်ချိန်မှာတောင် အစိုးရနဲ့ လုပ်ငန်းရှင်တွေကို ကြိုတင်အသိပေး ဆွေးနွေးလို့ လုပ်ငန်းရှင်အချို့က တစ်ဒေါ်လာ ၁၂၀၀ အထိ ဆွဲတင်တော့မှာကိုသိပြီး ကြိုတင်ဝယ်စုနိုင်လို့ ပိုချမ်းသာမှုကို ဖြစ်စေတဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် ကိုပဲ NLD အစိုးရက ဆက်ခန့်ခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ တာဝန်တွေနဲ့ ဥပဒေတွေအရ ပြည်တွင်းဈေးနှုန်း တည်ငြိမ်အောင် မလုပ်နိုင်ရင် တာဝန်ရှိသူတွေကို စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ပြည်တွင်းဈေးနှုန်း တည်ငြိမ်အောင် လုပ်ပြနိုင်စွမ်းမရှိတဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌကိုပဲ ဆက်ပြီး တာဝန်ပေးခဲ့တဲ့ NLD အစိုးရရဲ့ လုပ်ရပ်ဟာ ရည်ရွယ်ချက် တစ်စုံတစ်ရာ ပါနေသလား မေးခွန်းထုတ်စရာပါ။

NLD အစိုးရက ဆက်ပြီး တာဝန်ပေးခဲ့တဲ့ ဦးကျော်ကျော်မောင် စတင်တာဝန်ယူချိန် ၂၀၁၃ သြဂုတ် ၁ ရက်မှာ တစ်ဒေါ်လာ ၉၇၅ ကျပ်ပဲ ရှိပါတယ်။ USDP အစိုးရနဲ့ NLD အစိုးရနှစ်ကြိမ်ဆက် တာဝန်ယူမှု ငါးနှစ်ကျော် ကာလအတွင်းမှာ မြန်မာကျပ်ငွေတန်ဖိုးက ၂၀၁၈ ခုနှစ် သြဂုတ် ၁၇ ရက်မှာ ၁၄၉၈ ကျပ်ပါ။ ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ တင် ၅၂၃ ကျပ် တိတိတန်ဖိုး ကျဆင်းခဲ့ပါတယ်။ ဦးကျော်ကျော်မောင် လက်ထက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုဟာ ရာခိုင်နှုန်း ၆၀ နီးပါး ရှိနေပါတယ်။ ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှု ထက်ဝက်ကျော်ကို ဦးကျော်ကျော်မောင်ရဲ့ ပြည်တွင်းဈေးနှုန်း တည်ငြိမ်အောင် မစွမ်းဆောင်မှုနဲ့ ဖြုန်းတီးလိုက်တဲ့ သဘောဖြစ်ပြီး ကုန်ဈေးနှုန်း မြင့်တက်မှု၊ ငွေဖောင်းပွမှု စတဲ့ဒဏ်တွေကို ပြည်သူလူထု ပိုပိုပြီး ခံစားနေရတဲ့ အခြေအနေမျိုးတွေရဲ့ အဓိကတရားခံဟာ ဗဟိုဘဏ်လို့တောင် ဆိုနိုင်တဲ့ အခြေအနေမျိုးပါ။ ကမ္ဘာ့အသက်ကြီးဆုံး စာရင်းဝင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ရဲ့ ငါးနှစ်ကျော်ကာလအတွင်း စွမ်းဆောင်ရည်ဟာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ရာခိုင်နှုန်း ၆၀ နီးပါးဖြစ်တာမို့ ဗဟိုဘဏ်တစ်ခုရဲ့ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူတွေရဲ့ သမိုင်းတွေထဲမှာလည်း ပြည်တွင်းဈေးနှုန်း တည်ငြိမ်အောင် မစွမ်းဆောင်နိုင်တာတဲ့ ငွေကြေးတန်ဖိုး အများဆုံး ကျဆင်းစေတဲ့ ဥက္ကဋ္ဌအဖြစ်တောင် မှတ်တမ်းဝင်နိုင်ပါတယ်။ ဘာကြောင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်ခိုင်မာမှုကို ကြီးကြပ်ထိန်းကွပ်နိုင်စွမ်း မရှိသူကို ဆက်ပြီးတော့ တာဝန်ပေးခဲ့တယ် ဆိုတာကတော့ NLD အစိုးရတာဝန်ရှိသူတွေပဲ ဖြေနိုင်မှာ ဖြစ်ပါတယ်။

ဘယ်အရာတွေက ကျပ်ငွေတန်ဖိုး ကျဆင်းစေသလဲ

ဘယ်အရာတွေက ကျပ်ငွေတန်ဖိုး ကျဆင်းစေသလဲ မေးမယ်ဆိုရင် NLD အစိုးရလက်ထက်မှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခဲ့တဲ့ ကာလတွေကို ပြန်ကြည့်ရပါလိမ့်မယ်။

NLD အစိုးရ စတင်တာဝန်ယူစ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ စင်ကာပူအခြေစိုက် UOB (United Oversea Bank) က ၂၀၁၆ ခုနှစ် ခုနစ်လတာ ကာလအတွင်းမှာ မြန်မာကျပ်ငွေဟာ အာဆီယံဒေသတွင်းမှာ ၁၀ ဒသမ ၇ ရာခိုင်နှုန်း တန်ဖိုးမြင့်တက်ပြီး စွမ်းဆောင်ရည် အကောင်းဆုံး ငွေကြေးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်  ဒီဇင်ဘာမှာ ၁၄၃၈ ကျပ်အထိ ပြင်ပဈေးမြင့်တက်ခဲ့ပေမဲ့ ပြန်ကျပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ် ဇွန်လမတိုင်ခင်အထိ တစ်ဒေါ်လာ ကျပ် ၁၃၅၀ ပတ်ချာလည်မှာ တစ်နှစ်ကျော် တည်ငြိမ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီကာလတွေမှာလည်း သဘာဝဘေး ရေကြီးရေလျှံ၊ သီးနှံပျက်စီး၊ ကုန်သွယ်မှုလို ငွေမြင့်တက်၊ ဘတ်ဂျက်လိုငွေများ၊ နိုင်ငံခြား ခရီးသွားကျ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျဆင်း၊ ပြည်တွင်း လုပ်ငန်းရှင်တွေ ညည်းတွားနေတဲ့ အခြေအနေမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အခြေအနေမျိုးမှာလည်း ဗဟိုဘဏ်က ပြည်တွင်းဘဏ်တွေကို ဒေါ်လာထုတ်ရောင်း စရာမလိုဘဲ တည်ငြိမ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်လာဈေးနှုန်း မြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းချိန်မှာ အကြောင်းပြချက်က တစ်ခုတည်းပါ။ အဲဒါကတော့ ကုန်သွယ်ရေးစစ်ပွဲဆိုတဲ့ အကြောင်းအရာ တစ်ခုပါပဲ။ ဒီနေရာမှာ အစိုးရတာဝန် ယူထားပြီး ဒေါ်လာဈေးကိုကြည့်ပြီး တက်လည်းတက်တဲ့အလျောက်၊ ကျလည်းကျတဲ့အလျောက် စီးပွားရေး လုပ်နိုင်သူကမှ စီးပွားရေးသမားလို့ စီးပွားရေးပညာရှင် ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့တော်ဝန် ဒေါက်တာမောင်မောင်စိုးရဲ့ ရေးသားချက်မျိုးဟာ ပညာရှင်မဆန်သလို ဒေါ်လာဈေးမြင့်တက်လာပြီး ကျပ်ငွေတန်ဖိုး ကျဆင်းတာကြောင့် လက်ထဲမှာ ကိုင်ထားတဲ့ငွေက အလကားနေရင်း တန်ဖိုးကျနေတဲ့အပြင် ကုန်ဈေးနှုန်း မြင့်တက်လာလို့ ခက်ခက်ခဲခဲ ရှာဖွေစားသောက်နေရတဲ့ ပြည်သူသန်း ၅၀ ကျော်ကို မစာနာရာ ကျလွန်းပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံရဲ့ အနိမ့်ဆုံး လုပ်ခလစာဟာ တစ်ရက်မှ ကျပ် ၄၈၀၀ ပဲ ရတာဖြစ်ပြီး ဒေါက်တာမောင်မောင်စိုးတို့လို ပြည်သူပေးတဲ့လစာ သိန်းဆယ်ဂဏန်း မရသလို ပြည်သူ့ငွေနဲ့လည်း အဆောင်အယောင်တွေ ရရှိခံစားခွင့် မရပါဘူး။ နိုင်ငံ့တာဝန်ကြီးကြီးကို ယူထားပြီဆိုရင် ပြည်သူ့ခံစားချက် သေးသေးလေးတောင် သိမြင်ခံစားတတ်ဖို့ လိုအပ်ပါတယ်။ စားဝတ်နေရေး ကျပ်တည်းလို့ ပြည်သူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတဲ့ ဖြစ်စဉ်တွေ ခဏခဏကြားနေရချိန်မျိုး၊ တိုင်းပြည်စီးပွားရေး ကျပ်တည်းနေချိန်မျိုး၊ မြန်မာကျပ်ငွေ တန်ဖိုး ၁၃ ရာခိုင်နှုန်းလောက် ကျဆင်းသွားချိန်မျိုးမှာ ပိုပြီးတော့ လက်လွတ်စပယ် စကားမျိုး မပြောသင့်တာ သတိချပ်ဖို့ လိုအပ်ပါတယ်။

ကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေကို ပြန်ပြီးတော့ ကြည့်မယ်ဆိုရင် ပို့ကုန်ရငွေတွေကို ခြောက်လအတွင်း နိုင်ငံခြား သုံးငွေတွေနဲ့ ပြည်တွင်းက ကိုယ့်ငွေဘဏ်စာရင်းမှာ လွှဲပြောင်းထည့်သွင်းဖို့ ပြဋ္ဌာန်းထားသလို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာလည်း ဗဟိုဘဏ်က ပြည်တွင်းဘဏ်တွေကို ညွှန်ကြားခဲ့ပြီး ဖြစ်ပါတယ်။

ဒီလို ညွှန်ကြားထားမှုတွေကို ပြန်စိစစ် မစစ် မသိရပေမဲ့ လက်ရှိနိုင်ငံခြားငွေတန်ဖိုး မြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းချိန်ကျမှ ပို့ကုန်ရငွေတွေ အကုန်လုံးက ပြည်တွင်း ပြန်မ၀င်ဘူးဆိုတဲ့အသံ တစ်ခါပြန်ထွက်လာပါတယ်။ ဘာကြောင့် အကျပ်အတည်းကျမှ ပို့ကုန်လုပ်ငန်းရှင်တွေက ပို့ကုန်ရငွေတွေ ပြန်မသွင်းဘူးလားဆိုတဲ့ အသံပြန်ထွက်လာပါသလဲဆိုတာ ဗဟိုဘဏ်တာဝန်ရှိသူတွေပဲ ဖြေနိုင်ပါလိမ့်မယ်။

ဒုတိယအချက်အနေနဲ့ ဗဟိုဘဏ်ဟာ ပြည်တွင်းမှာ ဟိုတယ်တွေ နဲ့ ခရီးသွားလုပ်ငန်းတွေမှာ ဒေါ်လာအစား ကျပ်ငွေသုံးဖို့ အမိန့်စာထုတ်ပါတယ်။ ညွှန်ကြားချက်သာ နှစ်ကြိမ်သုံးကြိမ်လောက် ထုတ်ပေမဲ့ ဘယ်သူကမှတော့ လိုက်နာတာ မမြင်ရပါဘူး။ ဗဟိုဘဏ်ကလည်း Dedollarization Country ဖြစ်အောင် လုပ်ဆောင်မယ် ကြွေးကြော်ပေမဲ့ တကယ်တမ်းမှာတော့ ကိုယ့်ညွှန်ကြားချက်ကိုယ်တောင် ကွပ်ကဲနိုင်စွမ်း မရှိပါဘူး။ အခုဆိုရင် ပြည်တွင်း၊ ပြည်ပက လာရောက်စစ်ဆေးတဲ့ စာမေးပွဲတွေတောင် စာမေးပွဲကြေးကို ဒေါ်လာနဲ့ သွင်းရပါတယ်။ ဒီလိုမျိုး မြန်မာကျပ်ငွေကို ပြည်တွင်းမှာ ဗဟိုဘဏ် ညွှန်ကြားချက်အတိုင်း မသုံးကြတဲ့ ပြဿနာကိုလည်း ဗဟိုဘဏ်ကိုပဲ ပြောရမှာပါ။

ဒါ့အပြင် ဒေါ်လာဈေး မြင့်တက်တဲ့အခါတိုင်း ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ပြည်တွင်းက တရားမ၀င် ဈေးကွက်ကို စစ်ဆေးအရေးယူမယ် ဆိုတာမျိုး ဟန့်တားသလို ပြည်တွင်းဘဏ်တွေကိုလည်း ဈေးကစားမှုမှာ ပါဝင်ပတ်သက်ရင် တည်ဆဲဥပဒေအရ အရေးယူမယ်ဖြစ်ကြောင်း ဗဟိုဘဏ်က ထွက်ပြောတာမျိုးတွေ လုပ်ဆောင်လေ့ ရှိပါတယ်။ ဒီလိုမျိုး လုပ်ဆောင်မှုဟာ ဈေးကွက်စီးပွားရေး စနစ်အရပဲ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေ၊ လက်ဝါးကြီးအုပ်မှု ကာကွယ်ရေးဥပဒေစတဲ့ ဈေးကွက်ကို ထိန်းကျောင်းတဲ့ ဥပဒေတွေနဲ့အညီ လုပ်ဆောင်ကြတာလည်းဖြစ်ပြီး တည်ဆဲငွေရေးကြေးရေး ဥပဒေတွေကို ချိုးဖောက်ရင် အရေးယူမယ်ဆိုတာ ပြောကို ပြောသင့်တဲ့ အခြေအနေပါ။ ဒါပေမဲ့ လက်ရှိအစိုးရ လက်ထက်မှာတော့ ဗဟိုဘဏ်ဘက်ကရော အစိုးရတာဝန်ရှိသူတွေကပါ မြန်မာကျပ်ငွေတန်ဖိုး တခြားနိုင်ငံတွေထက် ဆိုးဆိုးရွားရွား ကျဆင်းနေတာကို လက်ပိုက်ကြည့်နေခဲ့ပြီး လုံးဝကို အသံမထွက်ခဲ့တာ တွေ့ရပါတယ်။ တစ်ဒေါ်လာ ကျပ် ၁၅၆၀ အထိ ခုန်တက်ခဲ့ချိန်ကျမှ အစိုးရဘက်ကနေ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ တွေ့မယ်ဆိုတာမျိုး အသံထွက်လာ ခဲ့ပါတယ်။ ဒီလို ထွက်လာတာနဲ့ တစ်ပြိုင်နက် ဒေါ်လာဈေးက တစ်ဒေါ်လာ ၁၅၆၀ ကနေ ၁၅၃၀ အထိ ဆင်းသွားခဲ့ပြီး သြဂုတ် ၁၈ ရက်မှာ ၁၄၉၅ ကျပ်လောက်နဲ့ပဲ အရောင်းအ၀ယ် ဖြစ်နေပါတယ်။ အဲဒီအချိန်ကျမှပဲ ဗဟိုဘဏ်ဘက်ကလည်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုက နိုင်ငံတကာနဲ့ယှဉ်ရင် အဆိုးဆုံး ၁၃ ရာခိုင် နှုန်းလောက်ကျတယ် ဆိုတာမျိုး ထွက်ပြောလာပါတယ်။

ဒီနေရာမှာ မြန်မာကျပ်ငွေဟာ တခြားနိုင်ငံတွေလိုပဲ နှစ်ရာခိုင်နှုန်းလောက်ပဲ တန်ဖိုးကျမယ်ဆိုရင် ၂၀၁၈ ခုနှစ် မေလမှာ အမြင့်ဆုံးဖြစ်တဲ့ တစ်ဒေါ်လာ (ပြင်ပဈေး) ၁၃၅၁ ကျပ်နဲ့တွက်ဦး တစ်ဒေါ်လာ ၁၃၈၀ လောက်ပဲ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ဖြစ်နိုင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ပျှမ်းမျှတန်ဖိုး ကျသလိုမျိုး ခြောက်ရာခိုင်နှုန်း တန်ဖိုးကျမှုနဲ့ တွက်မယ်ဆိုရင် တစ်ဒေါ်လာ ၁၄၃၂ ကျပ်လောက်ပဲ ရှိသင့်တာ တွေ့ရမှာပါ။ ဒါပေမဲ့ တစ်ဒေါ်လာ ၁၅၆၀ လောက်အထိ မြင့်တက်အောင် ဗဟိုဘဏ်နဲ့ အစိုးရက ဘာကြောင့် စောင့်နေတာလဲဆိုတာ မေးစရာ ဖြစ်လာခဲ့သလို တစ်ဒေါ်လာကို ၁၅၀၀ ဖြစ်မှ စီးပွားရေး တိုးတက်မယ်ထင်လို့ ကျပ် ငွေတန်ဖိုး စံချိန်တင်ကျပြီးရင်း ကျနေတာကို စောင့်ကြည့်နေတာလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပြီး ဒီလိုစံချိန်တင် ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ နစ်နာခဲ့တဲ့ ပြည်သူတွေအတွက် အစိုးရနဲ့ ဗဟိုဘဏ်က ဘယ်လိုကုစားမလဲဆိုတာ သိချင်မိပါတယ်။

ဒေါ်လာဈေးနှုန်း ကျဆင်းမှုတွေထဲမှာ အဆိုးရွားဆုံး ဖြစ်စဉ်တွေလည်း ရှိနေနိုင်ပါသေးတယ်။ ဥပမာအားဖြင့် တယ်လီကွန်း ကုမ္ပဏီတွေပါ။ အမြတ်ပမာဏကို ကုမ္ပဏီတွေက ထုတ်ပြန်မထားပေမဲ့ သူတို့ရဲ့ ဖုန်းဘီကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမှုကိုတော့ ပြည်သူသိအောင် ထုတ်ပြန်ထားတာ ရှိပါတယ်။

မြန်မာ့ဆက်သွယ်ရေးဟာ ဂျပန်နဲ့ပေါင်းပြီး တယ်လီနောဟာ နော်ဝေးနိုင်ငံက လာရောက်မြှုပ်နှံပါတယ်။ အော်ရီဒူးက ကာတာနိုင်ငံ မြှုပ်နှံမှုပါ။ ၂၀၁၈ ခုနှစ်အတွင်းမှာ စတင်လာတဲ့ Mytel ကတော့ ဗီယက်နမ်နဲ့ ပေါင်းထားပါတယ်။

MPT၊ တယ်လီနောနဲ့ အူရီဒူးတို့ သုံးခုဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်းမှာ ဖုန်းဘီလ်အခွန် ၈၇ ဘီလျံကျော် အခွန်ဆောင်ခဲ့ပါတယ်။ MPT က ကျပ် ၄၄ ဘီလျံကျော်ဖြစ်ပြီး တယ်လီနောနဲ့ အူရီဒူးကတော့ ကျပ် ၄၃ ဘီလျံလောက် ဖုန်းဘီလ်အခွန်ကို ပေးခဲ့တာ တွေ့ရပါတယ်။

ပြည်တွင်းလုပ်ငန်းစုကပါတဲ့ MPT ကို ဘေးဖယ်ပြီး တယ်လီနောနဲ့ အူရီဒူးရဲ့ ဖုန်းဘေလ်ကုန်သွယ် လုပ်ငန်းခွန် ကျပ် ၄၃ ဘီလျံကို ၂၀ နဲ့ မြှောက်မယ်ဆိုရင် သူတို့နှစ်ခုရဲ့ ရောင်းအားဟာ ကျပ်ဘီလျံ ၈၆၀ လောက်ရှိမယ်လို့ အကြမ်းဖျဉ်း ယူဆရမှာ ဖြစ်ပါတယ်။

ဒီရောင်းအား ကျပ် ၈၆၀ ဘီလျံ ကို ဒီကုမ္ပဏီနှစ်ခုက ဒီအတိုင်းထား မှာမဟုတ်ဘဲ နိုင်ငံခြားငွေတွေကို နေ့စဉ်ပေါက်ဈေးအတိုင်း ၀ယ်ပြီး သူတို့မိခင်နိုင်ငံတွေက လုပ်ငန်းစုတွေဆီ ပြန်လွှဲနေမယ်ဆိုရင် ကျပ် ၈၆၀ ဘီလျံဟာ တစ်ဒေါ်လာ ၁၅၀၀ နဲ့ တွက်မယ်ဆိုရင် တောင် ဒေါ်လာ ၅၇၃၃ သိန်းလောက်ဖြစ် ပါတယ်။ နေ့စဉ် ငွေဖြည့်ကတ်ရောင်းရသမျှ မြန်မာငွေတွေကို ပေါက်ဈေး အတိုင်း ဒေါ်လာဝယ်ပြီး သူတို့နိုင်ငံဆီလွှဲနေမယ်ဆိုရင် ပြီးခဲ့တဲ့  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တစ်နှစ်တည်းတင် ဒေါ်လာ ၅၇၃၃ သိန်းလောက် စီးထွက်ခဲ့တာကို တွေ့ရမှာဖြစ်ပါ တယ်။  ဒီလို တယ်လီကွန်းကုမ္ပဏီ တွေဟာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ် က စခဲ့တာဖြစ်လို့ ဘဏ္ဍာနှစ်လေး နှစ်၊ ငါးနှစ်စာလောက် ပြည်ပကို ဒေါ်လာတွေ ပြန်ပို့နေတဲ့အခြေအနေမျိုးပါ။ ဒီလိုအခြေအနေမျိုးသာ တကယ်ဖြစ်နေမယ်ဆိုရင် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ပြည်တွင်း မှာ ဒေါ်လာရှားပါးမှုပြဿနာက အများကြီး လိုက်ကြည့်စရာ မလိုတော့တဲ့အခြေ အနေပါ။ ဒီလိုအခြေအနေမျိုးသာ တကယ်ဖြစ်နေရင် အခုလို မြန်မာ ကျပ်ငွေတန်ဖိုးကျဆင်းနေချိန်မျိုး မှာ ဒီလို တယ်လီကွန်းကုမ္ပဏီတွေကနေ ပြည်ပဆီငွေလွှဲပို့မှုတွေကို အချိန်ကာလတစ်ခုအထိ ရပ်တန့်ဖို့၊ ပြည်တွင်းဘဏ်ထဲမှာ Statement ပြပြီး ကာလတစ်ခုထားဖို့ ဗဟိုဘဏ်အနေနဲ့ လုပ်ဆောင်သင့်ပါတယ်။

နိုင်ငံခြားငွေစီးထွက်မှုတစ်ခုကို ပြောရမယ်ဆိုရင် Facebook ပါ။ မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးစရိတ်ဟာ တစ်လကို ဒေါ် လာသန်း ၃၀၀ လောက်ရှိတယ်လို့ ရန်ကုန်တိုင်းဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။ Facebook ဟာ သူ့ဝင်ငွေရဲ့ ရာခိုင်နှုန်း ၉၀ ကျော်ကို ကြော်ငြာတွေကနေ အဓိက ရသလို Facebook သုံးစွဲတဲ့ နိုင်ငံတွေကိုလည်း အခွန်ပေးဆောင်ရမှုက ၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်မှာဆို ဒေါ်လာ သန်း ၁၅၉၂၀ ကျော် ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း Facebook ကို လူဦးရေသန်း ၂၀ လောက်က သုံးနေပြီး နေ့စဉ် Page များစွာက Facebook ကို ဒေါ်လာတွေပေးပြီး ကြော်ငြာထည့်ရပါတယ်။ အင်တာနက်အသုံးစရိတ် ဒေါ်လာသန်း ၃၀၀ ရှိတဲ့အထဲမှာ Facebook ကို ဒေါ်လာသန်း ၁၀၀ ပဲစီးတယ် ဆိုရင်တော့ ၀င်ငွေခွန်ကောက်ခံနိုင်ရင် တစ်လကို ဒေါ်လာ ၂၅ သန်းရမှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က ပြည်တွင်းကို ၀င်လာခဲ့တဲ့ Facebook ဟာ အခွန်အခပေးဖို့ တာဝန်ရှိပေမဲ့ အခွန်ထမ်းဆောင်မှု မရှိပါဘူး။ ဒီလို အခွန်ပေးဆောင်မှု မရှိတဲ့အပြင် ပြည်ပကို နိုင်ငံခြားငွေ စီးထွက်စေတဲ့ အဓိကပြဿနာထဲက တစ်ခုလည်း ဖြစ်နေတဲ့အတွက် NLD အစိုးရအနေနဲ့ Facebook သုံးစွဲသူတွေကို စောင့်ကြည့်ဖို့ ကျပ်သန်း ၆၄၀၀ လောက် သုံးစွဲနေမယ့်အစား Facebook က အခွန်ဆောင်လာဖို့၊ Facebook က အခွန်မဆောင်ခဲ့တဲ့ ကာလတွေအတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေ ရလာဖို့ နည်းလမ်းရှာရမှာ ဖြစ်ပါတယ်။

ဒေါ်လာဈေးကွက်ကို ပြန်ကြည့်မယ်ဆိုရင် တရားမ၀င် ဒေါ်လာဈေးကွက်ဟာ တစ်နှစ်ကို ငါးဘီလျံလောက် စီးဆင်းပါတယ်။ ဒီလိုစီးဆင်းနေတဲ့ ဈေးကွက်ကနေပဲ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုလိုငွေတွေကို ဖြည့်နေတဲ့ သဘော ဖြစ်နေတယ်လို့ ဘဏ်ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ဒီလိုဖြစ်နေတဲ့ ဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင် ဒေါ်လာ ပြင်ပဈေးကို သတ်မှတ်တာက ရွှေဘုံသာလမ်းက မှောင်ခိုတွေက သတ်မှတ်တာပါ။ နေ့စဉ်တစ်နာရီလောက်မှာ ရွှေဘုံသာလမ်းက သတ်မှတ်တဲ့ ပြင်ပဈေးထွက်လာမှ ကျန်တဲ့ပို့ကုန်သမားတွေက ဆက်ပြီးအလုပ်လုပ်တဲ့ အခြေအနေပါ။ ဒီနေရာမှာ ကမ္ဘာ့ပေါက်ဈေးအတိုင်း အတက်အကျ ဖြစ်နေတယ်ဆိုတဲ့ ရွှေဈေးကို ပြန်ကြည့်မယ်ဆိုရင် ဇွန် ၁၃ ရက်မှာ ကမ္ဘာ့ရွှေဈေးဟာ ၁၂၇၄ ဒေါ်လာ ဖြစ်ပြီး ပြည်တွင်း ရွှေဈေးက ကျပ် ၉၃၆၀၀၀ ကျော်ပါ။ အဲဒီနေ့မှာ ဒေါ် လာက ၁၃၆၆ ကျပ်ဖြစ်ပါတယ်။ ဇွန်လ ၁၃ ရက်နောက်ပိုင်းမှာ ကမ္ဘာ့ ရွှေဈေးက ပြုတ်ကျပြီး သြဂုတ် ၁၈ ရက်မှာ ၁၁၈၅ ဒေါ်လာ ပဲ ရှိပါတယ်။ ဒါပေမဲ့ ပြည်တွင်းရွှေဈေးက ကျပ် ၉၅၀၀၀၀ ကျော် ဖြစ်နေပါတယ်။ ကမ္ဘာ့ ရွှေဈေးပေါက်ဈေးအတိုင်း သာ အတက်အကျ ဖြစ်နေမယ်ဆိုရင် ဇွန် ၁၃ ရက်နဲ့ သြဂုတ် ၁၈ ရက် ခြား နားချက်က ကမ္ဘာ့ရွှေဈေး ၈၉ ဒေါ် လာ ကျဆင်းသွားတာ တွေ့ရမှာပါ။ ဒီလိုကျဆင်းသွားတာကြောင့် ရွှေ ဈေးဟာ လက်ရှိ အခြေအနေမှာ တစ်ကျပ်သားကို ကျပ် ၈၂၀၀၀၀ လောက်အထိ ကျဆင်းသင့်နေတာ ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရွှေဈေးက ကမ္ဘာ့ဈေးကျနေလည်း ပြည်တွင်းမှာ ဒေါ်လာဈေးက မာ နေချိန်မှာ လုံးဝကျမလာဘဲ ကျပ် ၉၅၀၀၀၀ ပတ်လည်မှာ တင်းခံနေ တာကို တွေ့ရပါတယ် ။ တရားမ၀င် မှောင်ခိုဈေးကွက်က ပြင်ပဈေး သတ်မှတ်မှ ပြည်တွင်းတရားဝင်ပို့ ကုန်လုပ်ငန်းတွေက လည်ပတ်လို့ ရတယ်ဆိုတဲ့ အခြေအနေက အကြီး အကျယ်မှားနေတာပါ။ ပိုဆိုးတာက ရွှေနဲ့ဒေါ်လာချိတ်ပြီး ကမ္ဘာ့ရွှေဈေး ကျဆင်းနေတာတောင် ပြည်တွင်း ရွှေဈေးက ဈေးကစားနေလို့ မြင့်နေတဲ့ ဒေါ်လာဈေးကိုမှီပြီး ငြိမ်နေတဲ့ အခြေအနေမျိုးကို အဖြေရှာဖို့ လိုအပ်ပါတယ်။

ဒီလို အခြေအနေမျိုးတွေဟာ ပြည်တွင်း ဒေါ်လာဈေး မတည်မငြိမ် ဖြစ်စေမှုတွေကို အမြန်ဆုံးထိန်း ကျောင်းလို့ရတဲ့ အဖြေရှာလို့ လွယ် ကူတဲ့ဖြစ်စဉ်တွေပါ။ ဗဟိုဘဏ်ရဲ့ ပြည်တွင်းဈေးနှုန်းတည်ငြိမ်အောင် လုပ်ဆောင်ဖို့တာဝန်၊ စားသုံးသူအ ကာအကွယ်ပေးရေး ဥပဒေ၊ ယှဉ် ပြိုင်မှုဥပဒေ စတဲ့ ဥပဒေတွေနဲ့ ငွေ ရေးကြေးရေးဥပဒေတွေ ကိုင်တွယ် ပြီး ဘက်ပေါင်းစုံနဲ့ ကျပ်ငွေတန်ဖိုး တည်ငြိမ်အောင် အဖြေရှာဖို့ လိုအပ် ပါတယ်။ တိုင်းသူပြည်သားတွေရဲ့ ငွေကြေးအကျပ်အတည်းဟာ အစိုးရ တစ်ရပ်ကို ပြုတ်ကျအောင် စွမ်း ဆောင်နိုင်တယ်ဆိုတာ ကမ္ဘာမှာရော မြန်မာမှာပါ သက်သေရှိပြီး သားပါ။ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်အောင် လုပ်ဆောင်ခွင့်ကို မထီမဲ့မြင်လုပ်ပြီး ဖြစ်သင့်တာထက် ပိုတန်ဖိုးကျနေ တာတွေကို လက်ပိုက်ကြည့်နေမယ် ဆို ၁၉၈၈ ခုနှစ်တုန်း ကလို၊ ၂၀၀၇ ခုနှစ် အကျပ်အတည်းလိုမျိုး ဖြစ်ရပ် တွေ ဖြစ်မလာနိုင်ပါဘူးလို့ ဘယ်သူမှ အာမခံနိုင်မှာ မဟုတ်ပါဘူး။

ဒေါ်လာဈေးဆွဲတင်မှုကြောင့် ပျောက်ရှသွားတဲ့ ပြည်သူ့ငွေတွေ ပြန်ပေးပါ

သြဂုတ် ၁၆ ရက်က အကုန်သိ မီဒီယာရဲ့ Facebook Page မှာ Poll တစ်ခု ကောက်ခဲ့တာ တွေ့ရပါတယ်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး ဒေါ်လာတန်ဖိုး တရိပ်ရိပ်တက်နေတာကို အစိုးရက (၁) တမင်လွှတ်ပေး ထားသလား၊ (၂) ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလားဆိုတဲ့ စစ်တမ်းပါ။ ဒီလူထုစစ်တမ်းကို ဆန္ဒပြုသူ ၄၀၀၀ ရှိခဲ့ပြီးတော့ အစိုးရက “တမင်လွှတ်ပေးထားတာလို့ ဖြေဆိုသူ ရာခိုင်နှုန်း ၇၀” အထိ ရှိခဲ့တာကို တွေ့ရပါတယ်။ အစိုးရက ထိန်းဖို့ ကြိုးစားနေတယ်လို့ ဖြေဆိုသူက ၁၂၀၀ ပဲ ရှိခဲ့ပြီး ရာခိုင်နှုန်း ၃၀ ကပဲ မဲပေးခဲ့တာ တွေ့ရပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး ဒေါ်လာတန်ဖိုး တရိပ်ရိပ်တက်နေတာကို အစိုးရက တမင်လွှတ်ပေး ထားတယ်လို့ Facebook သုံးစွဲသူတွေက ဘာကြောင့်ထင်ခဲ့တာလဲလို့ မေးမယ်ဆိုရင် တစ်ဒေါ်လာ ကျပ် ၁၅၀၀ ဖြစ်အောင် ဆွဲတင်နေတယ်ဆိုတဲ့ စကားမျိုးကို ဘဏ်လုပ်ငန်းရှင် အသင်းက ခရိုနီတစ်ဦးက တင်ပြဖူးတာ၊ ပုဂ္ဂလိက ဘဏ်တချို့ရဲ့ ဗဟိုဘဏ်သတ်မှတ် စည်းမျဉ်းကျော်ပြီး ဒေါ်လာဈေး တင်ရောင်းချမှုကို ဗဟိုဘဏ်က အရေးယူဖို့ ပျက်ကွက်ရုံတင်မက ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေ ဈေးမကစားနိုင်အောင် စည်းဘောင် ကန့်သတ်ချက်ဖြစ်တဲ့  Plus or Minus ကို ကျပ်ငွေတန်ဖိုး ကျဆင်းအောင် ချိန်သားကိုက် ဖြေလျှော့ပေးပြီး ပြည်တွင်းဘဏ်တွေ ဒေါ်လာဈေး ရောင်းချင်သလို ရောင်းဖို့ တမင်သက်သက် လုပ်ဆောင်လိုက်တာ၊ တခြားနိုင်ငံတွေမှာ တစ်ရာခိုင်နှုန်း မပြည့်တဲ့ ငွေကြေးကျဆင်းမှုနဲ့ သူ့ငွေကြေး သူ့ဘာသာချလို့ ကျနေတဲ့ တရုတ်တောင် ကိုးရာခိုင်နှုန်းလောက်ပဲ ငွေကြေးတန်ဖိုး ကျဆင်းနေချိန်မှာ မြန်မာ့ငွေကြေးတန်ဖိုး ၁၃ ရာခိုင်နှုန်းလောက် ကျတာကို ဗဟိုဘဏ်က လက်ပိုက်ကြည့်နေခဲ့တာနဲ့ ၁၅၆၀ အထက်ကို တက်နေပြီဆိုမှ ဗဟိုဘဏ်နဲ့ အစိုးရက ရှေ့ထွက်လာခဲ့တာဆိုတဲ့ အခြေအနေတွေက ဒေါ်လာဈေး ကျပ် ၁၅၀၀ အထက်ရောက်အောင် လွှတ်ပေးထားတယ်လို့ ပြည်သူ့ထင်မြင်မှုကို ဖြစ်စေပါတယ်။

အနှစ် ၅၀ ကျော် ပျက်စီးခဲ့လို့၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကျလို့၊ ခရီးသွားတွေမလာလို့၊ သဘာဝဘေးဖြစ်လို့၊ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ဖြစ်လို့ ကျသင့်သလောက် ကျသွားတာကို ပြည်သူတွေက လက်သင့်ခံနိုင်ပေမဲ့ ဈေးကစားတာကြောင့် ကျသင့်တာထက်ပိုပြီး မြန်မာကျပ်ငွေတန်ဖိုး ကျတာနဲ့ ဗဟိုဘဏ်နဲ့ အစိုးရ တာဝန်ရှိသူတွေက လက်ပိုက်ကြည့်နေလို့ ကျသင့်တာထက်ပိုပြီး မြန်မာကျပ်ငွေတန်ဖိုး ကျတာမျိုးကိုတော့ ပြည်သူတွေက လက်သင့်ခံနိုင်မှာ မဟုတ်ပါဘူး။

အထူးသဖြင့် မြန်မာ့ငွေကြေးတန်ဖိုး ကျဆင်းမှုဟာ ပြဿနာအကြီးကြီး မဟုတ်ပါဘူးလို့ ပြောပြီးကာမှ ဒေါ်လာဈေး ဆက်တက်နေပြီး ကျပ်ငွေတန်ဖိုး ကျဆင်းမယ်ဆိုရင် အထွေထွေ ကျပ်တည်းမှုတွေ ရှိလာမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးစီးပွားရေး အကြံပေးပုဂ္ဂိုလ် ရှောင်တာနယ်ရဲ့ ရှေ့နောက်မညီ ထင်ရာပြောကြားမှုမျိုးဟာ စီးပွားရေး အဆင်မပြေတာကြောင့် ပိုပိုပြီး ကျပ်တည်းလာနေတဲ့ ပြည်သူတွေကို ပြက်ရယ်ပြုရာ ကျပါတယ်။

ပြည်သူတွေ မြင်ချင်တာက ကျပ်ငွေတန်ဖိုး ကျဆင်းမှုဟာ ဖြစ်သင့်ရှိသင့်တဲ့ အခြေအနေမှာ တည်ငြိမ်နေဖို့ပါ။ တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲဟာ ဘာဆက်ဖြစ်လာမလဲဆိုတာ မသိရသေးခင်မှာ မြန်မာနိုင်ငံက ပြိုလဲသွားလို့ မရသေးပါဘူး။ ဒီကုန်သွယ်ရေး စစ်ပွဲဟာ အစပဲ ဖြစ်နိုင်သေးသလို အဆုံးသတ်ကာနီးလည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ အမေရိကန်ဟာ သူသာပထမဆိုတဲ့ အခြေအနေကို သူဖန်တီးပြခဲ့ပါပြီ။ ရှေ့မှာ သူအာဏာရှိနေသရွေ့ ဒီလိုမျိုးစစ်ပွဲတွေကို ဆက်ပြီးဖန်တီး နေဦးမယ်၊ မြန်မာနိုင်ငံကလည်း ဈေးကစားသူတွေနဲ့ နိုင်ငံခြားငွေယိုပေါက်တွေ မထိန်းနိုင်ဘဲ ဆက်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းနေဦးမယ်ဆိုရင် ဈေးကစားမှုနဲ့ တာဝန်ရှိသူတွေရဲ့ ကြိုတင်မြော်မြင်မှု နည်းပါးတဲ့ဒဏ်ကို မြန်မာပြည်သူတွေကပဲ ဆက်ပြီး ခံစားရဦးမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဒေါ်လာဈေးဟာ ၁၄၉၅ ကျပ်လောက်အထိ ကျရိပ်ပြနေပါပြီ။ အပေါ်မှာ တွက်ပြခဲ့သလိုမျိုး တခြားနိုင်ငံတွေလို နှစ်ရာခိုင်နှုန်းပဲ တန်ဖိုးကျရင် အလွန်ဆုံးမှ တစ်ဒေါ်လာ ၁၃၈၀၊ ခြောက်ရာခိုင်နှုန်း တန်ဖိုးကျရင် ၁၄၃၂ ကျပ်ဆိုတဲ့ အခြေအနေမျိုးအထိ ထိန်းကျောင်းသွားပြီး ဗဟိုဘဏ်ရဲ့ ချိန်သားကိုက် ဖြေလျှော့မှုနဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းအောင် ဈေးကစားခံရမှုမှာ ပျောက်ရှသွားတဲ့ ပြည်သူ့ငွေတွေရအောင် ပြန်လုပ်ပေးနိုင်မလား ဆိုတာနဲ့ ဈေးကွက်စီးပွားရေးဆိုပြီး မျက်စိမှိတ် လွှတ်ထားပေးတာကြောင့် အစိုးရတစ်ရပ်ကို ပြုတ်ကျအောင် လုပ်နိုင်တဲ့ ငွေကြေး အကျပ်အတည်းကပဲ တိုင်းပြည်ကို ဆွဲချသွားမလားဆိုတာ စောင့်ကြည့်ရင်း ဖြစ်သင့်တဲ့ ကျပ်ငွေတန်ဖိုး တည်ငြိမ်မှုကို ရရှိအောင် လုပ်ပေးပါလို့ပဲ တောင်းဆိုလိုက်ပါတယ်။

 

လက်ရှိအစိုးရလက်ထက် ဈေးဆစ်နေရတဲ့ ဘတ်ဂျက်၊ တစ်ဒေါ်လာ ကျပ် ၁၃၈၀ သတ်မှတ်တွက်ချက်တဲ့ ငွေလဲနှုန်းဂယက်

ဖေဖော်ဝါရီ ၂၂ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစတင်မီ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

ရန်ကုန်မြို့ရဲ့ ရေပိုက်လိုင်းနဲ့ မိလ္လာပိုက်လိုင်းတွေဟာ ဆက်စပ်နေတာကြောင့် အသည်းရောင် အသားဝါ E ပိုး အပါအ၀င် ၀မ်းရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ လှုပ်ခတ်မှုတွေရှိခဲ့တဲ့ ဒီရက်သတ္တပတ်မှာ လွှတ်တော်ကို ပြင်ဆင်ဖို့ တင်သွင်းလာတဲ့ ငြိမ်းစုစီဥပဒေကြမ်းပါ ပုဒ်မ ၁၈ ဟာ ဒီမိုကရေစီကို အန္တရာယ်ပေးတဲ့ ပုဒ်မတစ်ခုဖြစ်နေတယ်လို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေဟာ နေရပ်ကို ပြန်လာရေးထက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေရရှိရေးကို လိုလားနေတယ်လို့ အယ်ဂျားဇီးယားသတင်းဌာနက ဖော်ပြခဲ့တဲ့ အချိန်နဲ့ တစ်ပြိုင်နက်မှာပဲ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး အပါအ၀င် ဒေသခံဌာနေ တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ် ထာဝရလုံခြုံမှုရှိတဲ့ ဘ၀ထူထောင်နိုင်ဖို့ ထိရောက်တဲ့ အကောင်အထည်ဖော်မှု ပြုလုပ်ပေးဖို့ အဆိုဟာလည်း ပြည်သူ့လွှတ်တော်မှာ အတည်ပြုဖို့ မဲခွဲချိန်မှာ ရှုံးနိမ့်ခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီလိုဖြစ်စဉ်တွေ ရှိနေတဲ့ ရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်မှာ ၀န်ကြီးဌာနတွေရဲ့ စီမံကိန်းတွေ တင်ပြလာမှု ဘတ်ဂျက်တွေကို ဖြတ်ချဖို့ဟာ ဈေးဆစ်နေရသလို ဖြစ်နေတယ်ဆိုတာ၊ ပစ္စည်းခွန်ကောက်ခံမှုကနေ ကျပ် ၁၃ ဘီလျံကျော် ရထားတယ်ဆိုတာတွေနဲ့ ၂၀၁၈ ဘဏ္ဍာနှစ်တိုအတွက် ဘတ်ဂျက်ကို တစ်ဒေါ်လာ ၁၃၈၀ ကျပ်နဲ့ ရေးဆွဲထားတယ်ဆိုတဲ့ အခြေအနေတွေကို ဖော်ပြလိုပါတယ်။

ဈေးဆစ်နေရတဲ့ ဘတ်ဂျက်

ဝန်ကြီးဌာနတွေနဲ့ ဗဟိုအဆင့်တွေဟာ မရပါကအရင်း၊ ရပါက အမြတ်သဘောထားပြီး အမှန်တကယ်လိုလို၊ မလိုလိုအကြောင်းပြပြီး ဘတ်ဂျက်တင်ပြ တောင်းဆိုနေတာတွေကို တွေ့နေရပြီး ဘတ်ဂျက်စိစစ်ရာမှာ ဈေးသည်နဲ့ ဈေးဝယ်လို အလျှော့အတင်း လုပ်နေရတာဟာ အလွန်ရှက်ဖို့ ကောင်းနေတယ်လို့ အောင်မြေသာစံ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်က လွှတ်တော်မှာ ဆီးသီးဗန်းမှောက် ဘတ်ဂျက်လို့ တင်စားခဲ့ပြီး လက်ရှိအစိုးရလက်ထက်မှာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဈေးဆစ်နေရတဲ့ ဘတ်ဂျက်ဟာ စိတ်ပျက်စရာ အခြေအနေတွေ မပြောင်းလဲသေးဘူးဆိုတာ ပေါ်လွင်ခဲ့ပါတယ်။

“စိစစ်ရေးပူးပေါင်းအဖွဲ့ရဲ့ အကြံပြုချက်။ ကျွန်တော်တို့ ပြောကြပါမယ်။ အသုံးပြုမယ့် လုပ်ငန်းလို အပ်ချက်ထက် ပိုမိုသော အကောင်းဆုံးနိုင်ငံထုတ်၊ အကောင်းဆုံး အမှတ်တံဆိပ်၊ ဈေးအမြင့်ဆုံးကိုသာ ရွေးချယ်တင်ပြခြင်း။ ဒီနေ့ဝန်ကြီးဌာန အသီးသီးမှာ တင်ပြလာတဲ့ဟာတွေကို ပြန်ကြည့်လိုက်တဲ့အခါ တကယ့် အကောင်းဆုံးဆိုတဲ့ နိုင်ငံထုတ်ပဲ တောင်းတယ်။ အကောင်းဆုံးဆိုတဲ့ အမှတ်တံဆိပ်ပဲတောင်းတယ်။ ဈေးအမြင့်ဆုံးဆိုတာကိုပဲ ရွေးချယ်တင်ပြတယ်။ ပြီးရင် အမှန်တကယ် မရှိမဖြစ် လိုအပ်တဲ့ အရေအတွက်ထက် ပိုပြီးတင်တောင်းတယ်။ တင်ပြသမျှ ပစ္စည်းတိုင်းနီးပါးဟာ ပြည်ပတကယ်ပေါက်ဈေးထက် နှစ်ဆ၊ သုံးဆဈေးနှုန်း မြင့်မားတယ်။ ကျွန်တော်တို့က ဘတ်ဂျက်စိစစ်တဲ့အခါမှာ ဈေးသည်နဲ့ ဈေးဝယ်လိုပဲ ဈေးအပြန်အလှန် စစ်ဆေးနေရတာဟာ အပြန်အလှန် လျှော့ဦးတင်းဦး လုပ်နေရတာဟာ အလွန်ရှက်ဖွယ်ကောင်းပါတယ်။ ၀န်ကြီးဌာနတွေနဲ့ ဗဟိုအဆင့်တွေဟာ မရရင် အရင်း ရရင်အမြတ်သဘောထားပြီး အမှန်တကယ်လိုလို မလိုလို အကြောင်းတွေပြပြီး တင်ြပတောင်းဆိုနေတာ တွေ့ရတယ်။ ဒါလည်း အင်မတန် ၀မ်းနည်းစရာကောင်းသလို အင်မတန်လည်း ရှက်ဖို့ကောင်းပါတယ်” လို့ ဒေါက်တာလှမိုးက ဆွေးနွေးခဲ့ပါတယ်။

မရရင် အရင်း၊ ရရင်အမြတ်ဆိုတာမျိုးနဲ့ ဘတ်ဂျက်ကိုတောင်းပြီး ဆီးသီးဗန်းမှောက်နေသလားတွေး ထင်ရလောက်အောင် တိုင်းပြည်မှာ ဘတ်ဂျက်တောင်းစဉ်တုန်းက အများအပြားတောင်းပြီး စီမံကိန်းတွေ မလုပ်နိုင်တာကလည်း အခြေအနေ ဆိုးရွားလှပါတယ်။ မြင်သာထင်သာ ပြောရရင် ဦးသိန်းစိန်အစိုးရ လက်ထက်ကနေ ဒီနေ့အချိန်အထိ တောင်းခံလာတဲ့ ထပ်တိုးဘတ်ဂျက်တွေမှာဆိုရင် ကျပ်ဘီလျံ ၁၃၀၀၀ ကျော် တောင်းခံခဲ့ရာမှာ ကျပ်ဘီလျံ ၁၀၀၀၀ လောက်ကို ပြန်အပ်ခဲ့တာကလည်း လက်ညှိုးထိုးစရာ ဖြစ်ခဲ့ပါတယ်။

ကျပ် ၁၃ ဘီလျံကျော် ရရှိထားတဲ့ ပစ္စည်းခွန်

အင်္ဂလိပ်ခေတ်မှာ သဿမေဓခွန်လို့ အမည်ခေါ်တွင် ကောက်ခံခဲ့တဲ့ ပစ္စည်းခွန် (Property Tax) ဟာ လက်ရှိအစိုးရလက်ထက်မှာ သူရဦးရွှေမန်းဦးဆောင်တဲ့ ကော်မရှင်ကနေ ရေးဆွဲနေတာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း ဒီပစ္စည်းခွန်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေလက်အောက်က စည်ပင်သာယာရေး ကော်မတီတွေက ကောက်ခံခွင့်သဘောမျိုး ပေးအပ်ထားတာတွေကြောင့် ဒီပစ္စည်းခွန်ဟာ ဘယ်လိုပုံစံနဲ့ ဖြစ်လာမလဲဆိုတာ ပြည်သူတွေက သိရှိလိုနေကြပါတယ်။

ဒီလို ပြည်ထောင်စုအဆင့်က ချမှတ်ရေးဆွဲတဲ့ ဥပဒေဟာ ဒေသန္တရအစိုးရတွေ ချမှတ်ထားတဲ့ ဥပဒေစည်းမျဉ်းတွေကို ကျော်ဖြတ်ကောက်ခံမှာဖြစ်လို့ လက်ရှိ စည်ပင်သာယာရေးကော်မတီတွေက ကောက်ခံနေတဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်တဲ့ အိမ်ခြံအဆောက်အအုံတွေရဲ့ ပိုင်ဆိုင်မှုတွေကရော အခွန်နှစ်ထပ်ပေးရမှာလား။ တိုင်းနဲ့ ပြည်နယ်အစိုးရတွေရဲ့ စည်ပင်ကို မပေးရတော့ဘဲ ပြည်တွင်းအခွန်များ ဦးစီးဌာနမှာပဲ အခွန်ထမ်းရမှာလား။ Property Tax ကို ကောက်ခံနိုင်ခွင့်ကို စည်ပင်ကိုပဲ တာဝန်ပေးမှာလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒီလို စိတ်ဝင်စားစရာ အခြေအနေ ဖြစ်တာကြောင့်မို့လို့လည်း ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “ရာဖြတ်ဌာနမှ ကောက်ခံနေသော ပိုင်ဆိုင်မှုအခွန်၊ မကြာခင် ပြည်ထောင်စုမှ ကောက်ခံမည်ဖြစ်သော (Property Tax) ပစ္စည်းခွန် ကောက်ခံမှု စနစ် ၎င်းတို့နှစ်ခုဟာ တူညီမှုရှိပါသလား၊ ပိုင်ဆိုင်မှုအခွန် စည်းကြပ်ခြင်းသည် ငှားရမ်းထားသောသူမှ ပေးဆောင်ရမှာ ဖြစ်ပါသလား သို့မဟုတ် အဆောက်အအုံ ပိုင်ရှင်မှ ပေးဆောင်ရမှာဖြစ်ပါသလား စသည်တို့ကို သိရှိလိုတယ်” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီလိုမေးခွန်းထုတ်ရာမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လက်ရှိအခြေအနေမှာ ပြည်ထောင်စုအဆင့်က ရေးဆွဲနေတဲ့ “ပိုင်ဆိုင်ခွန်ဥပဒေနှင့် နည်းစနစ်များအား ယခုချိန်အထိ ထုတ်ပြန်ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသဖြင့် YCDC မှ စည်းကြပ်ကောက်ခံလျက်ရှိသော ပစ္စည်းခွန်နှင့် သဘောသဘာဝ တူညီ/မတူညီမသိ ရှိရသည့်အပြင် ကောက်မတီမှ ကောက်ခံလျက်ရှိသော ပစ္စည်းခွန်မှာ ယခင်နှစ်ကာလရှည်ကြာကပင် (Property Tax) ပစ္စည်းခွန်ဟု အမည်တပ်၍ စည်းကြပ်ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ပိုင်ဆိုင်ခွန် အမည်ဖြင့် သုံးနှုန်း ကောက်ခံခဲ့သော အခွန်အမျိုးအစားမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် မရှိကြောင်း” ဖြေဆိုခဲ့ပါတယ်။

ခေတ်အဆက်ဆက် အကြံပေးခဲ့တဲ့ Property Tax အိမ်တစ်လုံးပဲပိုင်ရင် သာမန်ပိုင်ဆိုင်မှုဖြစ်လို့ ပြည်သူအားလုံး တန်းတူကောက်၊ နှစ်လုံးပိုင်ရင် တိုးကောက်၊ သုံးလုံးပိုင်ရင် ပိုတိုးကောက်၊ မေတ္တာနဲ့ဆိုပြီး တစ်ဖက်လှည့်နဲ့ အမည်ပြောင်းလို့ မရအောင် ပိုတိုးကောက်ဆိုတာမျိုးနဲ့ အကြံပေးခဲ့တာပါ။ အိမ်ခြံမြေ ပိုင်ဆိုင်မှုနည်းတူ အခြားသော ရွှေ့ပြောင်းလို့မရတဲ့ အခြေပစ္စည်းတွေကိုလည်း အလားတူ သတ်မှတ် ကောက်ခံဖို့ အကြံပြုခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ ၀ိဝါဒကွဲပြားနေတဲ့ ပစ္စည်းခွန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကောက်ခံရာမှာ ကျပ် ၁၃ ဘီလျံကျော် ရထားတယ်လို့ ဖြေထားပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ ၀ိဝါဒ ကွဲပြားနေတဲ့ ပိုင်ဆိုင်မှု အခွန်ဟာ ဘယ်လိုပုံစံနဲ့ ဖြစ်လာမှာလည်း ဆိုတာကိုတော့ စောင့်ကြည့်ကြပါဦးလို့ပဲ ပြောလိုပါတယ်။

တစ်ဒေါ်လာ ကျပ် ၁၃၈၀ သတ်မှတ်တွက်ချက်တဲ့ ငွေလဲနှုန်း ဂယက်

အစိုးရသစ်လက်ထက် ဘတ်ဂျက်ကို ပြောရရင် အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း တစ်ပုံတစ်ပင်ပါ။ ဒါပေမဲ့ အားသာချက်က ပိုနည်းနေပြီး အားနည်းချက်က ပိုများနေတာကတော့ ဆိုးရွားတယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

ဝန်ကြီးဌာနတွေက စီမံကိန်းတွေ မလုပ်နိုင်ဘဲ မြေနေရာမရှိဘဲ ငွေတောင်းခံတယ်။ ပြီးတော့ ရလာတဲ့ငွေကို ခေါင်းစဉ်ပြောင်းပြီးတော့ သုံးစွဲတယ်။ ဒီလိုမလုပ်နိုင်ဘဲ တောင်းထားတဲ့ ဟန်ပြဘတ်ဂျက်တွေက တိုင်းပြည်အတွက် နစ်နာမှု ကြီးကြီးမားမား ဖြစ်စေပါတယ်။ ဒီလို ဘတ်ဂျက်တွေ တောင်းခံရာမှာလည်း နိုင်ငံခြားကနေ ပစ္စည်းဝယ်ယူရမှုများတဲ့ စီမံကိန်းဆိုရင် ငွေကိုလည်း ပိုတောင်းထားသေးတယ်။ နိုင်ငံခြားငွေနဲ့ သတ်မှတ် တောင်းခံမှုတွေမှာလည်း နိုင်ငံခြားငွေလဲနှုန်းကို ဈေးကွက်မဖြစ်ပေါ်တဲ့နှုန်းထက် ပိုတောင်းထားသေးတယ်ဆိုရင် တိုင်းပြည်ကပဲ နာသထက်နာပါတယ်။ လက်ရှိအချိန်အထိ ဗဟိုဘဏ်က အမြင့်ဆုံးငွေလဲနှုန်းဟာ တစ်ဒေါ်လာ ၁၃၆၅ ကျပ်ဖြစ်ပြီးတော့ ဒီငွေလဲနှုန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဘတ်ဂျက်မှာ တစ်ဒေါ်လာ ၁၃၇၀ နဲ့ တောင်းခံခဲ့သလို အခုအချိန်မှာ ကျဆင်းနေတဲ့ ငွေလဲနှုန်း တစ်ဒေါ်လာ ၁၁၃၄ ကျပ်ပဲ ရှိနေချိန်မှာလည်း ၂၀၁၈ ဘဏ္ဍာနှစ် ကာလတိုရဲ့ ဘတ်ဂျက်ကို တစ်ဒေါ်လာ ၁၃၈၀ ကျပ်နဲ့ အလွန်အမင်း ကွာဟပြီး ရေးဆွဲထားတာကို တွေ့နေရပါတယ်။

တိုင်းပြည်မှာ မြန်မာကျပ်ငွေ တန်ဖိုး အလွန်အမင်း တန်ဖိုးကျဆင်းခြင်း ဖြစ်ပေါ်နေချိန်မှာ ငွေလဲနှုန်းကို ဈေးကွက်မဖြစ်ပေါ်တဲ့ ဈေးနှုန်းနဲ့ တွက်ချက်တောင်းခံမှုဟာ ဘတ်ဂျက်နစ်နာမှုအပြင် မြန်မာကျပ်ငွေ တန်ဖိုးဆက်လက်ကျဆင်းခြင်း အပေါ်မှာလည်း အကျိုးသက်ရောက်စေနိုင်ပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။