ဂေါ်ရန်ဂျီကျွန်းဒေသရှိ တည်းခိုရိပ်သာလုပ်ငန်းများ တရားမ၀င်ဖြစ်နေသဖြင့် အစိုးရနှင့် ဒေသခံများ ညှိနှိုင်းဆွေးနွေးရန် လိုအပ်နေ

ဧရာဝတီတိုင်းဒေသကြီး ဂေါ်ရန်ဂျီကျွန်းဒေသရှိ တည်းခိုရိပ်သာလုပ်ငန်းများ တရားမ၀င်ဖြစ်နေသဖြင့် အစိုးရနှင့် ဒေသခံများ ညှိနှိုင်းဆွေးနွေးရန် လိုအပ်နေကြောင်း သိရသည်။

ဂေါ်ရန်ဂျီကျွန်းဒေသမှာ စည်ပင်သာယာ နယ်နိမိတ်ထဲ၌ ပါဝင်မှုမရှိခြင်းကြောင့် တည်းခိုရိပ်သာလုပ်ငန်းများကို လိုင်စင်ပေးမရသဖြင့် တရားမ၀င်ဖြစ်နေခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

“ဂေါ်ရန်ဂျီက ဘယ်လိုဖြစ်လဲဆိုတော့ မြေပိုင်ဆိုင်မှု အခြေအနေနဲ့ ပတ်သက်လို့ ခိုင်မာမှုမရှိဘူး ဖြစ်နေတယ်။ သူတို့တွေကို ကျွန်တော်တို့က စနစ်တကျနဲ့ မှတ်ပုံတင်ပေးပြီးတော့ လုပ်ပေးချင်တာပေါ့။ မြေပိုင်ဆိုင်မှု မရှိတဲ့အခါ ဒီကိစ္စကိုပဲ အဆင်ပြေအောင် လုပ်နေတယ်။ သူတို့နဲ့ တိုင်ပင်ပြီး အစိုးရအဖွဲ့ကို တင်ပြဖို့ ဆောင်ရွက်နေတာရှိတယ်။ အဲဒီမှာ ခရီးသွားနဲ့ ပတ်သက်လို့ တည်းခိုရိပ်သာ လုပ်ငန်းတွေရှိတယ်။ အဲဒီတည်းခိုရိပ်သာ လုပ်ငန်းတွေက လိုင်စင်မရှိဘူး ဖြစ်နေတယ်။ စည်ပင်သာယာလိုင်စင်လည်း မရှိဘူး။ ကျွန်တော်တို့ ဟိုတယ်၊ ခရီးကပေးတဲ့ လိုင်စင်လည်း မရှိဘူး။ ကျွန်တော်တို့တွေက ပေးချင်တယ်၊ ကွင်းဆင်းမှုကိုလည်း ခဏခဏ လုပ်တယ်။ ဒါပေမဲ့ ဘာဖြစ်နေလဲဆိုတော့ စည်ပင်သာယာနယ်နိမိတ်ထဲမှာ အဲဒီ့ရွာတွေက မရှိဘူး။ စည်ပင်သာယာနယ်နိမိတ်မှာ မရှိတဲ့အခါ မြေပိုင်ဆိုင်မှုအထောက်အထား မခိုင်မာဘူး။ ဒါပေမဲ့ လုပ်ငန်းကတော့ ဖြစ်နေတယ်။ ဒါကိုဘယ်လိုမျိုးလုပ်ရင် ကောင်းမယ်ဆိုတာ အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုခံဖို့ အတွက် ဟိုတစ်လောက ကျွန်တော်တို့ဆီ အဲဒီ့လုပ်ငန်းရှင်တွေ တက်လာပြီး တိုင်ပင်ပြီးတော့ အစိုးရအဖွဲ့ကိုတင်ပြပြီး လမ်းညွှန်မှုခံဖို့ လုပ်ထားပါတယ်။ မကြာခင်သူတို့ စာတင်ပါလိမ့်မယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။

ဂေါ်ရန်ဂျီကျွန်းဒေသ၌ တည်းခိုရိပ်သာလုပ်ငန်းများ တရားဝင်ဖြစ်လာစေရန် အဆိုပါ ဒေသကို စည်ပင်သာယာနယ်နိမိတ်ထဲ ထည့်သွင်းနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးက ပြောကြားသည်။

“ဂေါ်ရန်ဂျီဒေသနံ့သာပု၊ ကြွေချိုင်ကို စည်ပင်သာယာနယ်နိမိတ်ထဲ သွတ်သွင်းဖို့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက ကြိုးစားခဲ့ပါတယ်။ ဒေသခံတွေက စည်ပင်သာယာ နယ်နိမိတ်ထဲသွင်းမှာကို အပြင်းအထန် ဆန့်ကျင်ကြပါတယ်။ ဘာကြောင့် ဆန့်ကျင်လဲဆိုတော့ ကျေးလက်ဒေသ အနေအထားမှာ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက ခင်းပေးတဲ့ လမ်းတွေဘာတွေ ခွဲဝေရရှိတဲ့ အခါမှာ သူတို့က ဒီရရှိတဲ့ အခွင့်အရေးတွေ လက်လွတ်သွားမှာစိုးလို့ စည်ပင်သာယာ နယ်နိမိတ်ထဲကို မ၀င်ချင်ပါဘူးဆိုပြီး ရွာသူရွာသားတွေစုပြီး လက်မှတ်ထိုး ကန့်ကွက်တဲ့အတွက် ဒီလုပ်ငန်း နှောင့်နှေးနေခြင်း ဖြစ်ပါတယ်။ စည်ပင်သာယာနယ်နိမိတ်ထဲ သွတ်သွင်းမှုကိုလက်ခံဖို့ မြို့နယ်အုပ်ချုပ်ရေးနဲ့ ဒေသခံတွေ တွေ့ဆုံပြီးတော့ ရှင်းလင်းချပြခြင်းများနဲ့ စည်းရုံးဆောင်ရွက်ပါဆိုပြီး ဆောင်ရွက်ခိုင်းထားတာ ရှိပါတယ်။ အထွေထွေ အုပ်ချုပ်ရေးကိုလည်း မြို့နယ်နိမိတ်ထဲကို သွတ်သွင်းဖို့ လမ်းညွှန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ မြို့နယ်နိမိတ်ထဲ တစ်ဆက်တစ်စပ်တည်း မရှိဘဲနဲ့ ကွာဝေးနေတဲ့ ကျေးလက်ဒေသဖြစ်တဲ့အတွက် မြို့နယ်နိမိတ်ထဲကို သွတ်သွင်းဖို့က ခက်ခဲတဲ့အတွက် စည်ပင်သာယာ နယ်နိမိတ်ကိုပဲ သွတ်သွင်းရမယ့် အနေအထားမှာ ရှိနေပါတယ်။ စည်ပင်သာယာ နယ်နိမိတ်ထဲ သွတ်သွင်းခြင်းအားဖြင့် အားလုံးက စနစ်တကျ ကြီးကြပ်ကွပ်ကဲပြီးတော့မှ တရားဝင် လုပ်ကိုင်ခွင့်ပြုတဲ့ လုပ်ငန်းတွေအဖြစ် လုပ်ကိုင်ရမယ်ဆိုရင် တရားဥပဒေညီညွတ်တဲ့ ဟိုတယ်လုပ်ငန်း၊ တည်းခိုခန်းလုပ်ငန်းတွေ ဖြစ်လာမှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

လက်ရှိတွင် ဂေါ်ရန်ဂျီကျွန်းဒေသ၌ တည်းခိုရိပ်သာ ၃၆ ခုခန့်ရှိပြီး ဘန်ဂလို အလုံးရေ ၃၃၀ ကျော်ရှိကာ တစ်နှစ်လျှင် ခရီးသွား ၇၀,၀၀၀၀န်းကျင် လာရောက်လျှက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်းရေနက်ဆိပ်ကမ်း ဆောင်ရွက်နိုင်ခဲ့ပါက ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို တိုက်ရိုက်ဆက်သွယ်ပေးမည့် လမ်းကြောင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒုဝန်ကြီး ဆို

လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ကြိုးပမ်းနေသည့် ဧရာဝတီတိုင်း ငရုတ်ကောင်းမြို့ ဂေါ်ရန်ဂျီကျွန်းအနီးတစ်ဝိုက်ကို တွေ့ရစဉ် (ဓာတ်ပုံ-MTWH)

ငရုတ်ကောင်းရေနက်ဆိပ်ကမ်း ဆောင်ရွက်နိုင်ခဲ့ပါက ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာတို့ ကို တိုက်ရိုက်ဆက်သွယ်ပေးမည့် လမ်းကြောင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။

ဒုတိယ၀န်ကြီးက “ငရုတ်ကောင်းရေနက်ဆိပ်ကမ်း ဆောင်ရွက်နိုင်ခဲ့ရင် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို တိုက်ရိုက် ဆက်သွယ်ပေးမည့်လမ်းကြောင်းကြီးအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာ၏ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဒါနန်းမြို့နဲ့ အိန္ဒိယသမုဒ္ဒရာရဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ငရုတ်ကောင်းမြို့တို့ကို ဆက်သွယ်နိုင်မယ့် စီးပွားရေးကုန်သွယ်လမ်းကြောင်းအဖြစ် ဖော်ဆောင်ဖို့ ADB ရဲ့ PLAN ကို ရေးဆွဲထားခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခုလက်ရှိ ဖော်ဆောင်နေသည့် အရှေ့အနောက်စီးပွားရေး စင်္ကြံလမ်းမကြီးသည် ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းမြို့မှ စတင်ကာ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကိုဖြတ်ပြီး မြန်မာနိုင်ငံရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်း SEZ တွင် အဆုံးသတ်ရန် ညှိနှိုင်းဆုံးဖြတ်ထားခြင်း ဖြစ်ကြောင်း၊ အဆိုပါအရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးသည် မြန်မာနိုင်ငံကို ဖြတ်သန်းရာတွင် မြ၀တီ၊ ဘားအံ၊ ကျိုက်ထို၊ ဘုရားကြီးမှတစ်ဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းမတစ်လျောက်ရှိမြို့များ၊ သနပ္ပင်၊ ကမာစဲမှတစ်ဆင့် သီလ၀ါလမ်းကြောင်း တစ်လျှောက်မှလည်းကောင်း ရန်ကုန်မြို့သို့ အသီးသီး ၀င်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် Future Plan အနေဖြင့် ရန်ကုန်မြို့မှပတ်၍ ပုသိမ်မြို့မှတစ်ဆင့် ငရုတ်ကောင်းမြို့အထိ ဆက်လက်သွားလာနိုင်မည့် စီပွားရေးစင်္ကြံလမ်းအဖြစ် လျာထားစီစဉ် ဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ငရုတ်ကောင်းရေနက်စီမံကိန်း အကောင်အထည် ဖော်နိုင်သည့်အခါ ရန်ကုန်၏ Outer Ring Road မှ ပုသိမ်၊ ထိုမှတစ်ဆင့် ငရုတ်ကောင်းသို့ ဆက်သွယ်နိုင်ရန် လျာထားသည်ကို တွေ့ရကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ငရုတ်ကောင်း၊ ငွေဆောင်၊ ချောင်းသာ၊ ဂွမြို့တို့အား ဆက်သွယ်နိုင်မည့် ကွန်ကရစ်လမ်းမကြီးတစ်ခုအဖြစ် စီစဉ်ဖောက်လုပ်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် အစိုးရတို့ ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ဒုတိယ၀န်ကြီးက “မဟာမဲခေါင်ဒေသခွဲ အတွင်းရှိ လမ်းမကြီး (၃)လမ်းကို ADB ၏ ချေးငွေအကူအညီဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားမယ့် လမ်းစီမံကိန်း (၃) ခုကို ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။ မဟာမဲခေါင်ဒေသခွဲအတွင်းရှိ လမ်းမကြီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်-ပုသိမ်လမ်း၊ ပဲခူး-သန်လျင်လမ်းနှင့် ရန်ကုန်-မန္တလေးလမ်းတို့အား လမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နိုင်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ဒေါ်လာ ၃၄၀ သန်း၊ အာဆီယံ အခြေခံ အဆောက်အအုံ ရန်ပုံငွေ (AIF) မှ ဒေါ်လာ ၂၀ သန်း ချေးယူခွင့်ပြုရန်အတွက် စီးပွားရေးရာ ကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၁၇)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၈)တို့မှ ခွင့်ပြုချက် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ပထမစီမံကိန်းဖြစ်တဲ့ ရန်ကုန်-ပုသိမ်လမ်းနဲ့ ပတ်သက်၍ လက်ရှိမှာ Oriental Highway Co.,Ltd မှ BOT စနစ်ဖြင့် ဆောင်ရွက်နေသောလမ်းဖြစ်ပါတယ်။ ADB ၏ အစီအစဉ်ဖြင့် BOT ကုမ္ပဏီမှ ပြန်လည်လွှဲပြောင်းရယူ၍ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ပြီး လမ်းအဆင့်မြှင်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် B.O.T ကုမ္ပဏီ၏ မူလရင်းနှီးမြှုပ်နှံမှုတန်ဖိုးအပေါ် အခြေခံ၍ ADB မှ ထပ်မံရင်းနှီးမြှုပ်နှံလာမည့် တန်ဖိုးနှင့် နှိုင်းယှဉ်တွက်ချက်ပြီး Concession ကို ပြန်လည်တွက်ချက်ရမှာ ဖြစ်ပါတယ်။ လက်ရှိ B.O.T ကုမ္ပဏီနှင့် ADB မှ ပညာရှင်များမှ Operation & Maintainance အတွက် အသစ်ပြန်လည်ပြင်ဆင် စာချုပ်ချုပ်ဆို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ADB ၏ အစီအစဉ်ဖြင့် လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်-ပုသိမ်လမ်းကို အခြေခံ၍ ပုသိမ်မှ ငွေဆောင်၊ ပုသိမ်မှ ငရုတ်ကောင်း၊ ပုသိမ်မှ မော်တင်စွန်း၊ ပုသိမ်မှချောင်းသာ၊ ပုသိမ်မှ ဂွ-ငါးသိုင်းချောင်း၊ သံတွဲ-ငပလီနှင့် ဂွ-ကမ်းသာယာလမ်းကြောင်း တစ်လျှောက်လုံးကို အချိန်တိုအတွင်း သွားလာနိုင်ပြီး ဒေသဖွံ့ဖြိုးရေးအား များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်” ဟု ဖေဖော်ဝါရီ ၂၂ ရက်က လွှတ်တော်သို့ တင်ပြခဲ့သည်။ စိုးမင်းထိုက်

ပြည်တွင်းပြည်ပခရီးသွား ၀င်ရောက်မှု များလာသည့် ဂေါ်ရန်ဂျီကမ်းခြေသို့ ဆက်သွယ်သော လမ်းနှစ်သွယ်ကို လာမည့်ဘတ်ဂျက်တွင် ပြုပြင်မည်

ဂေါ်ရန်ဂျီကျွန်းသို့ သွားရောက်သော လမ်းပိုင်းတစ်နေရာကို တွေ့ရစဉ်

ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု များပြားလာသည့် ဂေါ်ရန်ဂျီကမ်းခြေသို့ ငရုတ်ကောင်းမြို့မှတစ်ဆင့် ဆက်သွယ်သည့် လမ်းနှစ်သွယ်အား လာမည့်ဘက်ဂျက်တွင် ပြင်ဆင်လမ်းခင်း ပေးသွားမည်ဖြစ်ပြီး ယင်းဒေသအား စည်ပင်သာယာရေး နယ်နိမိတ်အတွင်းသို့ ထည့်သွင်းပြီးပါက ဒေသဖွံ့ဖြိုးရေးအတွက် ပိုမိုလုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

ဂေါ်ရန်ဂျီဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငရုတ်ကောင်းမြို့မှ ကြွေချိုင်ကမ်းခြေအထိ ၁၂ မိုင်ခွဲ ရှည်လျားသော လမ်းပိုင်းအား လာမည့် ဘတ်ဂျက်တွင် လမ်းဦးစီးဌာနမှ ဖောက်လုပ်ပေးမည်ဖြစ်ပြီး ငရုတ်ကောင်းမြို့မှ တစ်ဖက်ကမ်းသို့ ဇက်ဖြင့်ကူးကာ ဂေါ်ရန်ဂျီကျွန်းသို့ သွားရောက်သည့် သုံးမိုင်ခန့် ကွာဝေးသော လမ်းပိုင်းကိုလည်း လမ်းဦးစီးဌာနမှပင် ဖောက်လုပ်ပေးမည်ဖြစ်ကြောင်း၊ ယင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငရုတ်ကောင်းမြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းပါ ထည့်သွင်းဆောင်ရွက်မည်ဖြစ်ပြီး စည်ပင်သာယာရေး နယ်နိမိတ်အတွင်းသို့ ထည့်သွင်းပြီးပါက အခြားသော ဒေသဖွံ့ဖြိုးရေးများကိုပါ ဆက်လက်လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ၀န်ကြီးထံမှ သိရသည်။

“အခုက သူတို့ကို ဘာလုပ်ပေးမလဲ ဘယ်လိုအကျိုးအမြတ်ရှိမလဲ မေးတော့မေးနေကြတယ်၊ မေးပေမဲ့ လက်ရှိမှာကိုက သူတို့အကျိုးအမြတ် ခံစားနေရပြီ။ သူတို့မှာ အဲဒီမှာ နှစ်ထပ်တိုက်တွေ ဘန်ဂလိုတွေ ဆောက်ပြီးတော့ လာတဲ့ဧည့်သည်တွေဆီက တည်းခိုခတွေ ကောက်ခံရရှိတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာ ဒါပေမဲ့ ဒီလိုစီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်တယ် ဆိုတာက အစိုးရအဆင့်ဆင့်ရဲ့ ခွင့်ပြုချက်ဌာနဆိုင်ရာတွေရဲ့ ခွင့်ပြုချက် လိုအပ်တာပေါ့။ သူတို့က ဘယ်ခွင့်ပြုချက်မှ တောင်းခံစရာ မလိုဘဲ သူတို့ဘာသာ ဒီလိုလုပ်နေတာကိုပဲ သူတို့က ဒီအခွင့်အရေးကို ရအောင်ယူနေတာပေါ့။ ရအောင်ယူပြီးတော့ တကယ်စနစ်တကျနဲ့ ဌာနဆိုင်ရာတွေ ကြီးကြပ်ကွပ်ကဲမှုအောက်ကိုရောက်မဲ့ စည်ပင်သာယာ နယ်နိမိတ်ထဲကို သွတ်သွင်းမဲ့ကိစ္စကျတော့ သူတို့က ဘယ်လိုအာမခံချက်မျိုး ပေးနိုင်မလဲဆိုတော့၊ အခုတင်ပဲ သူတို့မသိလို့ပါ။ ကျွန်တော်တို့ လာမဲ့ဘတ်ဂျက်မှာ ကျွန်တော်တို့ ငရုတ်ကောင်းမြို့ကနေပြီးတော့ မသိလို့ဆိုတာ ဘတ်ဂျက်ကလည်း တရားဝင် မကြေညာသေးတော့ နည်းနည်းပြောရခက်တယ်။ ကျွန်တော်တို့က ကြိုသိထားတာ ငရုတ်ကောင်းမြို့ကနေ ဂေါ်ရန်ဂျီထိသွားတဲ့ ၁၂ မိုင်လမ်းရှိတယ်။ ဟိုးမနှစ်ကတုန်းက သင်္ကြန်မှာ မိုးတွေရွာပြီးတော့ ကားတွေနစ်တဲ့လမ်း၊ နောက်တစ်ခါ ငရုတ်ကောင်းမြို့ကနေ ချောင်းတစ်ဖက်ကမ်းကို ကူးပြီးတော့ ဟိုဖက်မှာ သုံးမိုင်ခွဲပဲ ရှိတဲ့လမ်း အဲဒီလမ်း နှစ်လမ်းစလုံးကို ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာနကနေပြီးတော့ လမ်းခင်းဖို့ ဘတ်ဂျက်တင်ထားတယ်။ အဲဒီ ဘတ်ဂျက်ကို ကျမယ်လို့ သိနေတယ်။ ဆိုတော့ သူတို့စည်ပင်သာယာ နယ်နိမိတ်ထဲကိုတောင် မရောက်သေးပါဘူး။ ကျွန်တော်တို့ ဒီဒေသက ဖွံ့ဖြိုးသင့်တဲ့ ဒေသပေါ့နော်။ တစ်နိုင်ငံလုံးက စိတ်ဝင်စားနေတဲ့ ခရီးသွားတွေကလည်းလာတယ်၊ ကျွန်တော်တို့က စည်ပင်သာယာ နယ်နိမိတ်ထဲကို မရောက်သေးတာတောင်မှ ဒီလိုမျိုး အဆင့်မြင့်ဖို့ ကြိုးစားနေတာပါ။ ကြိုးစားနေတော့ စည်ပင်သာယာနယ်နိမိတ်ထဲ ရောက်သွားရင်တော့ တိုးတက်မှုလမ်းကြောင်းက ပိုပြီးတော့ မြန်ဆန်မှာပေါ့နော်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ဂေါ်ရန်ဂျီဒေသအား စည်ပင်သာယာရေး နယ်နိမိတ်အတွင်းသို့ ထည့်သွင်းရေးအတွက် ဒေသခံအချို့မှ ကန့်ကွက်မှုများလည်း ရှိနေကြောင်း သိရသည်။

 

လူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ပြင်ဆင်နေသော ဂေါ်ရန်ဂျီဒေသတွင် တရားမ၀င် ကျောက်ထုတ်လုပ်ခြင်း၊ ပင်လယ်သဲ တူးဖော်ခြင်းများ လုပ်ဆောင်နေပြီး သဲကျောက်ကားများ ဖြတ်သန်းမှုကြောင့် ကျေးရွာလမ်းများပါပျက်စီး

ဧရာဝတီတိုင်းဒေသကြီး ဂေါ်ရန်ဂျီဒေသတွင် ကျောက်ထုတ်လုပ်ရေး လုပ်ငန်းသုံး သဲကျောက်ကားအချို့ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်

လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ပြင်ဆင်နေသော ဂေါ်ရန်ဂျီကျွန်း ဒေသအနီးရှိ ကြွေချိုင်ကျေးရွာနှင့် နံသာပုကျေးရွာတို့မှ သဲသောင်ပြင်များနှင့် တောင်များပေါ်တွင် တရားမ၀င် သဲတူးဖော်ခြင်း၊ ကျောက်မိုင်းခွဲ၍ ကျောက်ထုတ်လုပ်ခြင်းများကို ဒေသခံအချို့နှင့် စီးပွားရေး လုပ်ငန်းရှင် အချို့က လုပ်ဆောင်လျက်ရှိပြီး သဲကျောက်တင်သည့် ကားများက ကျေးရွာလမ်းများပေါ်တွင် ဖြတ်သန်းသွားလာမှုကြောင့် လမ်းပိုင်းပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဂေါ်ရန်ဂျီဒေသတွင် သဲကျောက်တင်သည့် ယာဉ်တစ်စီး ဖြတ်သန်းသွားလာစဉ်

ကြွေချိုင်ကျေးရွာရှိ ကြွေချိုင်တောင်၊ နံသာပုကျေးရွာနှင့် ကြွေချိုင်ကျေးရွာအကြား ကျောက်တောင်နှင့် ငရုတ်ကောင်းမြို့နှင့် ဂေါ်ရန်ဂျီကျွန်းအကြားရှိ စမ်းချောင်းဒေသတွင် ဒေသခံအချို့နှင့် စီးပွားရေး လုပ်ငန်းရှင်အချို့က တရားမ၀င်ကျောက်များ တူးဖော်ခြင်း၊ ကျောက်မိုင်းများခွဲခြင်း ပြုလုပ်ကာ ကျောက်ထုတ်လုပ် လျက်ရှိကြောင်း၊ ပင်လယ်ကမ်းစပ်ရှိ သဲသောင်ပြင်များတွင်လည်း သဲများတူးဖော်ပြီး မော်တော်ယာဉ်ကြီးများဖြင့် သယ်ယူ၍ ငရုတ်ကောင်းဒေသတွင် စီမံကိန်းများ လုပ်ဆောင်နေသည့် လုပ်ငန်းရှင်များထံ ရောင်းချမှုများ ရှိနေကြောင်း၊ ကျေးရွာအတွင်းရှိ ဒေသခံများ ဖောက်လုပ်ထားသော မြေသားလမ်းများကိုသာ အသုံးပြု သွားလာနေသောကြောင့် လမ်းပိုင်းပျက်စီးခြင်းများကိုပါ ဆက်လက် ကြုံတွေ့နေရသည်။

ပျက်စီးနေသော ကျေးရွာလမ်းပိုင်း အချို့ကို တွေ့ရစဉ်

“သဲတွေက တူးနေတာ အရင်ရက်က တော်တော်ဆိုးတယ်။ ဒီရက်ထဲကျတော့ သတင်းတွေပွလာတော့ သူတို့ရပ်လိုက်ကြတယ်။ ကျောက်ကတော့ မိုင်းတွေခွဲပြီး ထုတ်နေတာ။ သူတို့ ကျောက်မိုင်းခွဲနေတာကို ကမ်းခြေလောက်ကအစ ကြားရတယ်။ အခုထိလည်း ထုတ်နေတုန်းပဲ။ သဲတွေကျောက်တွေကို သူတို့က စီမံကိန်းတွေမှာ ရောင်းနေတာ။ အဲဒီကားကြီးတွေက ကျွန်တော်တို့ ဒေသခံတွေ ကုန်ပစ္စည်းတင်တဲ့ ကားလေးတွေ အိမ်စီးကားလေးတွေပဲ သွားလာဖို့ ဖောက်ထားတဲ့ လမ်းကိုပဲ အသုံးပြုသွားတယ်။ အရမ်းအကြမ်း မောင်းကြတယ်။ သူတို့သွားတာများတော့ လမ်းတွေလည်း ပျက်ကုန်တယ်။ တစ်ရွာလုံးလဲ ဖုန်တွေချည်းပဲ။ လမ်းဘေးအိမ်တွေက ကလေးတွေဆို အိမ်ထဲက အိမ်ပြင်တောင် သိပ်မထွက်ရဲဘူး။ ကားတွေက အသွားအလာ များလွန်းတာရယ်၊ ဖုန်တွေများလွန်းတာရယ်မို့” ဟု ကြွေချိုင်ကျေးရွာဒေသခံ ကိုနေဇာက ပြောကြားသည်။

တရားမ၀င် ကျောက်ထုတ်လုပ်မှုနှင့် သဲများတူးဖော်ရောင်းချမှုကို ကွင်းဆင်းစစ်ဆေးခဲ့သည့် ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က “သဲတွေ တူးနေတယ်။ ကျောက်တွေ ထုတ်နေတယ်ဆိုလို့ သွားရောက် စစ်ဆေးလိုက်တော့ ထုတ်နေတာတွေကို လုပ်ဆောင်နေသူတွေကို စိစစ်ဖို့ တားမြစ်ဖို့ အရေးယူ ဆောင်ရွက်ဖို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒီတွေ့ရှိတာကို အစိုးရအဖွဲ့ကိုလည်း တင်ပြသွားမှာပါ” ဟု ပြောကြားသည်။

 

လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ပြင်ဆင်နေသည့် ဂေါ်ရန်ဂျီကျွန်းဒေသရှိ ကျေးရွာများအား စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ထည့်သွင်းနိုင်ရန် တိုင်းအစိုးရ လုပ်ဆောင်မည်

ဂေါ်ရန်ဂျီကျွန်း တစ်နေရာကို တွေ့ရစဉ်

လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ပြင်ဆင်နေသည့် ဂေါ်ရန်ဂျီကျွန်းဒေသရှိ နံ့သာပုကျေးရွာအုပ်စု၊ ကြွေချိုင်ကျေးရွာအုပ်စု၊ နတ်မော်ကျေးရွာအုပ်စု၊ ပန်းမော်ကျေးရွာအုပ်စုများမှ ကျေးရွာများကို ငရုတ်ကောင်းမြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းသို့ ထည့်သွင်းနိုင်ရန် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဒေသခံများနှင့် ညှိနှိုင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဂေါ်ရန်ဂျီကျွန်းဒေသ အနီးရှိ ကျေးရွာများတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ပြင်ဆင်နေသော်လည်း စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပါဝင်ခြင်း မရှိသောကြောင့် နိုင်ငံခြားသားများ လည်ပတ် တည်းခိုနိုင်ရန်အတွက် ဥပဒေအရ အခက်အခဲများ ရှိနေကြောင်း၊ ထို့ပြင် ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်နေသည့် လမ်း၊ တံတားနှင့် လျှပ်စစ်မီးရရှိရေးတို့ကို လုပ်ဆောင်ပေးရန်မှာ စည်ပင်သာယာရေး နယ်နိမိတ်ဝင် ရပ်ကွက်များ ဖြစ်ပေါ်လာမှသာ ဥပဒေအရ လုပ်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကြွေချိုင်ကျေးရွာ နံ့ပုသာကျေးရွာနှင့် အချို့သော ကျေးရွာများမှ ဒေသခံ ပြည်သူများမှာ မိမိတို့ကျေးရွာများကို စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ထည့်သွင်းရေး လုပ်ဆောင်နေမှုအပေါ် ကန့်ကွက်မှုများ ရှိနေသော်လည်း အစိုးရအဖွဲ့အနေဖြင့် ညှိနှိုင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

“ဂေါ်ရန်ဂျီဒေသဟာ အခုနောက်ပိုင်းမှာ ခရီးသွားဝင်ရောက်မှု များလာတယ်။ လူတွေက အရမ်းစိတ်ဝင်စားကြတယ်။ အဲဒီဒေသကလည်း တကယ်ကို လှပတဲ့နေရာတစ်ခု ဖြစ်နေတယ်။ ဒေသခံတွေက လမ်းတို့ လျှပ်စစ်တို့ သူတို့တောင်းဆို ထားကြတာတွေရှိတယ်။ ဒါကို ကျွန်တော်တို့ကလည်း လိုက်လုပ် ပေးချင်တယ်။ နောက်တစ်ခုက နိုင်ငံခြား ဧည့်သည်တွေကလည်း အရမ်းစိတ်ဝင်စားတဲ့ နေရာဆိုတော့ သူတို့လာရောက် လည်ပတ်တာမှာ တည်းခိုဖို့အတွက်က ကျေးရွာတွေမှာဆို တည်းခိုခွင့်က ဥပဒေအရ လုပ်ပေးလို့ မရဘူး။ ဒါကြောင့် ကျွန်တော်တို့က ငပုတောမြို့နယ် စည်ပင်ရော ငရုတ်ကောင်းမြို့ စည်ပင်ရောနဲ့ ညှိနှိုင်းပြီးတော့ အဲဒီကျေးရွာတွေကို စည်ပင်သာယာရေး နယ်နိမိတ်ထဲ ထည့်သွင်းဖို့ လုပ်ဆောင်ပေးနေတာ၊ ဒေသခံတချို့ကလည်း စည်ပင်သာယာ နယ်နိမိတ်ထဲ မထည့်ဖို့ကို ကန့်ကွက်ထားတဲ့စာတွေ ကျွန်တော်တို့ကို ပို့ထားတာရှိတယ်။ အခုလမ်းပန်းဆက်သွယ်ရေး အတွက်ကိုလည်း ပြည်ထောင်စုကနေ ဖော်ဆောင်ပေးဖို့ ကျွန်တော်တို့ တင်ပြထားတာကို လက်ခံပြီးတော့ လမ်းဖောက်လုပ် ပြင်ဆင်ဖို့ကို ဆောင်ရွက်နေပြီ။ ကျွန်တော်တို့ကတော့ စည်ပင်သာယာရေး နယ်နိမိတ်ထဲ ထည့်ဖို့ကို ကြိုးစားပြီးတော့ ဒေသခံတွေ နားလည်းအောင် ညှိနှိုင်းပြီးတော့ လုပ်ဆောင်သွားမယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ဂေါ်ရန်ဂျီကျွန်း ဒေသသည် ၂၀၁၅ ခုနှစ်မှ စတင်ကာ ပြည်တွင်းပြည်ပ ခရီးသွားများအကြားတွင် လည်ပတ် အပန်းဖြေရာ နေရာတစ်ခုအဖြစ် ထင်ရှားလာခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော်လည်း သဘာဝအတိုင်း တည်ရှိနေသေးသည့် ကျွန်းငယ်များ သဘာဝ အလှအပများကြောင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၇ ခုနှစ် မတ်လကုန်အထိ ပြည်တွင်းပြည်ပ ခရီးသွားဦးရေ နှစ်သောင်းကျော်အထိ ၀င်ရောက်ခဲ့ကြောင်း သိရသည်။

 

အပန်းဖြေခရီးသွား ၀င်ရောက်မှုများနေသည့် ဂေါ်ရန်ဂျီကမ်းခြေအား လမ်းပန်းဆက်သွယ်ရေးနှင့် တယ်လီဖုန်းလိုင်းများကောင်းမွန်စေရန် အစိုးရက လုပ်ဆောင်ပေးမည်

ဂေါ်ရန်ဂျီကမ်းခြေတွင် လည်ပတ်သူများအား တွေ့ရစဉ်

ပြည်တွင်းပြည်ပခရီးသွားများ ၀င်ရောက်မှုများပြားနေသည့် ဂေါ်ရန်ဂျီကမ်းခြေအား ကားလမ်းဆက်သွယ်ရေး၊ တယ်လီဖုန်းလိုင်းများ ကောင်းမွန်စေရန်နှင့် ဒေသခံများအနေဖြင့် ခရီးသွားဝန်ဆောင်မှုများ စနစ်ကျစွာ ဆောင်ရွက်တတ်ရန်အတွက် သင်တန်းများ ပေးခြင်းကို အစိုးရအဖွဲ့မှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

လူထုအခြေပြုခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေသည့် ငရုတ်ကောင်းဒေသတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လာရောက်လည်ပတ်သည့် ခရီးသွားများအနေဖြင့် စိတ်ပျက်မှုများရှိခဲ့ကြောင်း၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးကြီးသည်မှာ လမ်းပန်းဆက်သွယ်ရေးဖြစ်သောကြောင့် အစိုးရအဖွဲ့အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် အဓိကထားလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ တယ်လီဖုန်းလိုင်းများ ဆက်သွယ်မှုကောင်းမွန်စေရေးအတွက်လည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး လာရောက်လည်ပတ်သည့် ခရီးသွားများအား ၀န်ဆောင်မှုများပေးဆောင်နိုင်ရန် ချက်နည်းပြုတ်နည်းသင်တန်းများ၊ ၀န်ဆောင်မှု သင်တန်းများအား ဟိုတယ်ခရီးဌာနမှလည်း သင်တန်းများပေးသွားမည်ဖြစ်သည်။

“ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရက ဆောင်ရွက်ပေးရမယ့် လုပ်ငန်းတွေပါပါတယ်။ အဲဒီဆောင်ရွက်ပေးရမယ့် လုပ်ငန်းတွေက ဘာတွေလည်းဆိုတော့ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးဆိုတာ ဒါက ဒီဒေသရဲ့အရေးကြီးဆုံး လုပ်ငန်းဖြစ်တယ်။ ငရုတ်ကောင်း တောင်ကမှ ငရုတ်ကောင်းကိုလာတာ ၁၇ မိုင်ကျော်တယ်။ တစ်ခါ ငရုတ်ကောင်းမြို့ကမှ ဒီဒေသကိုလာတာ ၁၂ မိုင်ခွဲ ဖြတ်ရတယ်။ အဲဒီ ၁၂ မိုင်ခွဲလမ်းကတော့ တော်တော်လေး ဆိုးတဲ့လမ်း။ ဒီလမ်းကောင်းရမယ်ဆိုရင် အခု ကျွန်တော်တို့ နောက်ဆုံးတွေ့ရှိထားတဲ့ တွေ့ ရှိချက်က ဒီ ၁၂ မိုင်ခွဲလမ်းကို ပြုပြင်ထိန်းသိမ်း လုပ်မယ့်အစား ကျွန်တော်တို့ ငရုတ်ကောင်းတောင် ကူးတို့ဆိပ်ကနေပြီးတော့ ဇက်ကူးပြီး တော့ ဟိုဖက်ကမ်းကနေ ဂေါ်ရန်ဂျီအရောက်ကို သုံးမိုင်ကျော်ပဲရှိတယ်။ အဲဒီသုံးမိုင်ခွဲလမ်းကိုသာ အကောင်အထည်ဖော်မယ်ဆိုရင် ကျွန်တော်တို့မှာ နိုင်နိုင်နင်းနင်းနဲ့ သွားရေးလာရေးပါ ပိုပြီးတော့ ခရီးတိုပြီး ဒီဒေသကို လာနိုင်တဲ့သူတွေ ခရီးသည်ဆိုတာ ကားအကြာကြီးမစီးချင်ဘူး။ သူတို့က အမြန်ရောက်လေကြိုက်လေ ဆိုတော့ အမြန်ဆုံးရောက်မယ့်လမ်း၊ သွားရေးလာရေး အဆင်ပြေမယ့်လမ်း ဒီလမ်းကို ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအနေနဲ့ ဆက်လက်ပြီးတော့ အကောင်အထည်ဖော်ဖို့ရှိပါတယ်။ အဲဒီအပြင်ကို ဒီဒေသရဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးပေါ့။ ကျွန်တော်တို့ ခရီးသွားလုပ်ငန်း လုပ်ပြီဆိုလို့ရှိရင် ဒီခရီးသွား လုပ်ငန်းနဲ့အတူပါလာတဲ့ စားရေးသောက်ရေးကထွက်လာတဲ့ အမှိုက်တွေ အမှိုက်ပေါင်းစုံပေါ့နော်။ ဒီအမှိုက်ပေါင်းစုံတွေကို ကျွန်တော် တို့ ဘယ်လိုနိုင်နင်းအောင်၊ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဖြစ်အောင်၊ အများအမြင် တင့်တယ်အောင် ဘယ်လိုရှင်းလင်းရမလဲဆို တဲ့ ဒီစီမံချက်တွေကို ထည့်သွင်းပြီးတော့ ပါဝင်ဖို့လိုပါတယ်။ နောက်ပြီးတော့ ဒီဒေသရဲ့ ဖုန်းလိုင်းပေါ့နော်။ ဖုန်းလိုင်းက သိပ်ပြီးတော့ မမိကြဘူးပေါ့။ မမိကြတာကိုလည်း ဖုန်းလိုင်း မိအောင်ဆောင်ရွက်ပေးရမယ့် အခြေအနေ တွေရှိပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဒီဒေသမှာ မနှစ်ကဆိုရင် ကျွန်တော်တို့ ခရီးသွားတွေဝင်တာ ရုတ်တရက်များပြားလာတယ်။ ခရီးသွားနဲ့ ဒီက၀န်ဆောင်မှုအားနဲ့က မနိုင်မနင်းဖြစ်တဲ့သဘောရှိတယ်။ အဲဒီတော့  ဒီဝန်ဆောင်မှုတွေလည်း ပိုကောင်းလာအောင် ကျွန်တော်တို့ ချက်ပြုတ်နည်းသင်တန်း၊ ဧည့်ခံနည်းသင်တန်း စတဲ့ဒီသင်တန်းတွေကိုလည်း ကျွန်တော်တို့ ဟိုတယ်ခရီးဌာနကနေပြီးတော့ ဆက်ပြီးတော့ ပေးသွားဖို့ရှိပါတယ်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

လည်ပတ်အပန်းဖြေစရာနေရာများ များပြားသည့် ဂေါ်ရန်ဂျီကမ်းခြေမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေသည့်အချိန်မှာပင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၁၇ ခုနှစ်  မတ် ၃၁ ရက်အထိ ခရီးသွားပေါင်း လူဦးရေ နှစ်သောင်းကျော် လာရောက်လာပတ်ခဲ့ပြီး  သင်္ကြန်ပွဲတော် ကာလအတွင်းက ခရီးသွားများ ၀င်ရောက်မှုများပြားလွန်းခြင်းကြောင့် တည်းခိုရန်နေရာများပါ အခက်အခဲများဖြစ်ပေါ်ခဲ့ရသည်။

ယခုနှစ်တွင် ခရစ္စမတ် ရုံးပိတ်ရက်မှစ၍ ဂေါ်ရန်ဂျီကျွန်းသို့ လာရောက်လည်ပတ် အပန်းဖြေသူ ခရီးသွားများပြား

ငရုပ်ကောင်းဒေသရှိ ဂေါ်ရန်ဂျီကျွန်း၌ လည်ပတ်သူများ စည်ကားနေသည်ကို တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ရှိ ဂေါ်ရန်ဂျီကျွန်းသို့ ယခုနှစ်တွင် ခရစ္စမတ်ရုံးပိတ်ရက်မှ စတင်ကာ  လာရောက်အပန်းဖြေသူ များပြားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်များတွင် ဂေါ်ရန်ဂျီကျွန်းသို့ လာရောက်အပန်းဖြေသူများမှာ ခရစ္စမတ် နောက်ပိုင်းမှသာ လာရောက် အပန်းဖြေသူ များပြားခဲ့သော်လည်း ယခုနှစ်တွင် ခရစ္စမတ်ပိတ်ရက်မှ စတင်ကာ လာရောက်လည်ပတ်သည့် ဧည့်သည်များ များပြားလျက်ရှိကြောင်း၊ တည်းခိုခန်းများပင် ကြိုတင်မှာယူထားသူများရှိကြောင်း ဒေသတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ကြိုးပမ်းနေသူများထံက သိရသည်။

“ဒီနှစ် ခရစ္စမတ်ပိတ်ရက် ခရီးသွားတွေ လာတာတော့ အများကြီးပဲ  ခရီးသွားဇုန် မဖြစ်သေးတဲ့အခါကျတော့ အစားအသောက်တွေက အများကြီး မပြင်ဆင်ထားတတ်ဘူးလေ။ ဒေသထွက် အစားအစာတွေကတော့ အများကြီး ရှိပါတယ်။ အခုလိုလာတဲ့ ဧည့်သည်တွေအတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး စီစဉ်ထားပါတယ်။ ခရီးသွားဇုန် တရားဝင် မဖြစ်သေးတဲ့အတွက် လမ်းတွေကတော့ အရင်ကထက်စာရင် နည်းနည်းကောင်းလာပေမဲ့ အပန်းဖြေခရီးသွားတွေအနေနဲ့ လာ ရောက်ဖို့ ခက်ခဲနိုင်ပေမဲ့ တကယ့်ကို သဘာဝ အလှရှုခင်းတွေကို တန်ဖိုးထားခံစားချင်သူတွေကတော့ လာကြပါတယ်”ဟု လူထုအခြေပြု ခရီးသွားလုပ်ငန်း ကော်မတီဝင်တစ်ဦးဖြစ်သူ နန့်ချိုပြုံးက ပြောကြားသည်။

ဒေသခံမှ တစ်ပိုင်တစ်နိုင် ဖွင့်လှစ်ထားသော တည်းခိုခန်းမျာရှိပြီး  နှစ်ယောက်တည်းခိုခန်း တစ်ခန်းလျှင် ဈေးနှုန်းကျပ် နှစ်သောင်း၊ ကျပ် သုံးသောင်တို့ဖြစ်ကြောင်း၊ အနီးမှကျေးရွာအတွင်းရှိ နေအိမ်အချို့တွင်လည်း အဖွဲ့လိုက် သတ်မှတ်နှုန်းများဖြင့် တည်းခိုနိုင်ခြင်းများလည်းရှိကြောင်း ဒေသတွင်းတည်းခိုခန်း လုပ်ငန်းရှင်များထံက သိရသည်။

ဂေါ်ရန်ဂျီကျွန်းမှာ ဘုရားတောင်ပေါ်သို့ တက်ရောက် ဘုရားဖူးခြင်း၊ တောင်ပေါ်မှ ပင်လယ်ရှုခင်းများ ကြည့်ရှုနိုင်ခြင်းနှင့် အနီးတွင် လိပ်ချိုင်ကမ်းခြေ၊ ဟင်္သာချိုင်ကမ်းခြေတို့တွင် အပန်ဖြေးရေကစားနိုင်ကြောင်း၊ ပန်းကန်ကျွန်း၊ ကျောက်သေတ္တာကျွန်းစသည့် အနီးတစ်ဝိုက်ကျွန်းများသို့လည်း လည်ပတ်နိုင်ကြောင်း သိရသည်။