လျှပ်စစ်ဓာတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်း ချေးငွေရယူရန်ကိစ္စ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

လျှပ်စစ်ဓာတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်း ချေးငွေရယူရန်ကိစ္စအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်း ချေးငွေရယူရန် ကိစ္စအား ဒုတိယ၀န်ကြီးက ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြ ခဲ့ခြင်းဖြစ်သည်။

“စီမံကိန်းမှာ ဓာတ်အားပို့လွှတ်ရေး အပိုင်းနဲ့ ဓာတ်အားဖြန့်ဖြူးရေးပိုင်းဆိုပြီး နှစ်ပိုင်းပါဝင်ပြီး ဓာတ်အားပို့လွှတ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၁၁ သန်း၊ ဓာတ်အားဖြန့်ဖြူးရေး အပိုင်းအတွက် အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၉၄ သန်း၊ စီမံကိန်း အတိုင်ပင်ခံ ငှားရမ်းခြင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၈ သန်း၊ မမျှော်မှန်းနိုင်သော အသုံးစရိတ် အမေရိကန် ဒေါ်လာ ၃၈ ဒသမ ၆၀ သန်းနဲ့ စီမံကိန်းကာလအတွင်း အတိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၇ သန်းတို့ကို ADB ချေးငွေ ရယူသွားမှာဖြစ်ပြီး လူမှုရေး သဘာဝပတ်ဝန်းကျင်နဲ့ မြေရရှိရေး စရိတ်တွေနဲ့ စီမံခန့်ခွဲမှု စရိတ်အတွက် စုစုပေါင်း ကျသင့်မယ့် ခန့်မှန်းအမေရိကန် ဒေါ်လာ ၁၀ သန်းနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေကို နိုင်ငံတော်အစိုးရ ဘတ်ဂျက်မှ ကျခံသုံးစွဲရမှာ ဖြစ်ပါတယ်” ဟု ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ADB ဘဏ်မှယူမည့် ချေးငွေဆိုင်ရာ အချက်အလက်များမှာ ချေးငွေပမာဏ အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်း၊ စီမံကိန်းကာလ ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၆ နှစ်ဖြစ်ပြီး ချေးငွေသက်တမ်းသည် ဆိုင်းငံ့ကာလ ရှစ်နှစ်နှင့် ပြန်ဆပ်ကာလ ၂၄ နှစ် စုစုပေါင်း  ၃၂  နှစ် ဖြစ်ကာ အတိုးနှုန်းအနေဖြင့် ဆိုင်းငံ့ကာလအတွင်း တစ်ရာခိုင်နှုန်းနှင့် ပြန်ဆပ်ကာလအတွင်း ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်၍ ADB မှ ယခင်ပေးအပ်ခဲ့သည့် ချေးငွေများအတိုင်း ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ထို့ပြင် စီမံကိန်း ခန့်မှန်းကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၃၀၈ ဒသမ ၉ သန်းဖြစ်ပြီး ၎င်းပမာဏတွင် ADB မှ ချေးငွေအမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်း ပေးအပ်မည်ဖြစ်၍ နိုင်ငံတော်အစိုးရဘတ်ဂျက်မှ အမေရိကန်ဒေါ်လာ ၁၀ သန်းနှင့် ညီမျှသော မြန်မာကျပ်ငွေကို ကျခံသုံးစွဲရမည်ဖြစ်ကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်မည့် ကာလသည်  ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် ဇွန်လအထိ ၇၂ လ ကာလအတွင်း ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ခန့်မှန်းပြီးစီးမည့် အချိန်သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာဖြစ်ကြောင်း ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

အဆိုပါ ADB ဘဏ်မှ ချေးငွေသည် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် လျှပ်စစ်ဓာတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်ရန်အတွက် ချေးယူခြင်းဖြစ်ပြီး လုပ်ငန်းအပိုင်း (၁) ဓာတ်အားပို့လွှတ်ရေး အပိုင်းတွင် အလုံ-သီတာ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းနှင့် မော်လမြိုင်-ရေး-ထားဝယ် ၂၃၀ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းနှင့် လုပ်ငန်း အပိုင်း ၂ ဓာတ်အားဖြန့်ဖြူးရေး အပိုင်းတွင် တိုင်းဒေသကြီးနှစ်ခု (ပဲခူး၊ ဧရာဝတီ) နှင့် ပြည်နယ်သုံးခု (ကရင်၊ မွန်၊ ရခိုင်) တို့တွင် ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ ၄၂ ရုံအသစ် တည်ဆောက်ခြင်းနှင့် ၆ ရုံ အဆင့် မြှင့်တင်ခြင်းနှင့် ဓာတ်အားလိုင်း ၄၈ ခု တည်ဆောက်ခြင်း စသည်တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စီမံချက် ၁၅ ခုဖြင့် နိုင်ငံအချင်းချင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၇၃ သန်းကျော်၊ ယူရို ၁၀၃ သန်းကျော်၊ စင်ကာပူဒေါ်လာ ၃၄၆ သန်းကျော်၊ ဂျပန်ယန်း သန်းတစ်သိန်းကျော်အား စာချုပ်ချုပ်ဆိုခဲ့

ဧရာဝတီတိုင်းဒေသကြီး ကျေးလက်တစ်ခုတွင် မိုးစပါး စိုက်ပျိုးနေသည့်မြင်ကွင်း (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စီမံချက် ၁၅ ခုဖြင့် နိုင်ငံအချင်းချင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၃၀၀ သန်း၊ ယူရို ၁၀၃ ဒသမ ၈၈၃ သန်း၊ စင်ကာပူဒေါ်လာ ၃၄၆ ဒသမ ၃၀၀ သန်း၊ ဂျပန်ယန်း ၁၂၇၈၂၇ ဒသမ ၀၀၀ သန်းအား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ချေးငွေပေးသည့် နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြထားမှုအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ၀န်ကြီးဌာနနှင့် အဖွဲ့အစည်းများနှင့် ပြည်ပချေးငွေ ရရှိရန် စာချုပ်ချုပ်ဆို ဆောင်ရွက်မှု အခြေအနေများ အနေဖြင့် ပြည်ထဲရေး ၀န်ကြီးဌာနမှ ခေတ်မီအဆင့်မြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ မီးသတ်အထောက်အကူပြုယာဉ်များ၊ စက်ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ ၀ယ်ယူရန်အတွက် ပိုလန်နိုင်ငံမှ ယူရိုသန်း ၅၀ ဒသမ ၀၀၀၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေသွင်းစိုက်ပျိုးမှု ဧရိယာ အပါအ၀င် လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း AFD ထံမှ ယူရို ၂၅ ဒသမ ၀၀၀ သန်း၊ အရှေ့ပိုင်း ပြည်နယ်များ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် IFAD မှ စင်ကာပူဒေါ်လာ ၄၀ ဒသမ ၄၀၀ သန်း၊ စိုက်ပျိုးရေးဝင်ငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် JICA ထံမှ ဂျပန်ယန်း ၃၀၄၆၉ ဒသမ ၀၀၀ သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) တိုးတက်ကောင်းမွန်ရေးစီမံကိန်း KfW ထံမှ ယူရို ၅ ဒသမ ၀၀၀ သန်း၊ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း KEDCF ထံမှ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၃၀၀ သန်း၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့် ၂ (အပိုင်း ၁)အတွက် JICA ထံမှ ဂျပန်ယန်း ၅၆၆၂၂ ဒ သမ ၀၀၀ သန်းချေးယူရန် စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံများ အလုံးစုံ ပြုပြင်မွမ်းမံရေး စီမံကိန်းအတွက် JICA ထံမှ ဂျပန်ယန်း ၁၀၇၈၇ ဒသမ ၀၀၀ သန်း၊ ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အား ရရှိရေး အစီအစဉ် ၂ (ဓာတ်အားစနစ်တိုးချဲ့ခြင်း) အတွက် KfW ထံမှ ယူရို ၂၃ ဒသမ ၈၈၃ သန်း၊  ကျန်းမာရေး အားကစားဝန်ကြီးဌာန မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေး လုံခြုံမှုဆိုင်ရာ စီမံချက်အတွက် ADB ထံမှ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၀၀၀ သန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန Development Policy Operation (DPO) အတွက် IDA မှ စင်ကာပူဒေါ်လာ ၁၄၈ ဒသမ ၇၀၀ သန်း၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (အဆင့်-၂) အတွက် JICA ထံမှ ဂျပန်ယန်း ၁၄၉၄၉ ဒသမ ၀၀၀၊ အိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းအတွက် JICA  ထံမှ ဂျပန်ယန်း ၁၅၀၀၀ ဒသမ ၀၀၀ သန်း၊ မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် IDA မှ စင်ကာပူဒေါ်လာ ၇၁ ဒသ မ ၇၀၀ သန်း၊ အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းအတွက် IDA မှ စင်ကာပူဒေါ်လာ ၈၅ ဒသမ ၅၀၀ သန်း ချေးယူရန် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာမှ ပေးအပ်သည့် ဖွံ့ဖြိုးမှု အကူအညီများကို အသုံးပြုရာတွင် ပြည်သူများ ထိရောက်စွာ အကျိုးရှိစေရေးအတွက် ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့ (DACU) အနေဖြင့် ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အကူအညီများ ထိရောက်မှု ရှိစေရေးအတွက် ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ ပြီးပြည့်စုံသော မူဝါဒ လမ်းညွှန်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ ပါဝင်သည့် ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒ (DAP) ထုတ်ပြန်ကာ စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် မြန်မာပြည်သူ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ် (မူကြမ်း) နှင့် Myanmar Sustainable Development Plan (မူကြမ်း) ကို ရေးဆွဲလျက်ရှိကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ရခိုင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးရန်အတွက် တောင်သူများအား ချေးငွေထုတ်ချေးမှု အချိန်တိုးမြှင့်

ဂွမြို့နယ်အတွင်းမှ မိုးစပါးစိုက်ပျိုးနေမှုမြင်ကွင်း (ဓာတ်ပုံ- သားကြီး)

ရခိုင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးရန်အတွက် တောင်သူများအား ချေးငွေထုတ်ချေးမှုကို အချိန်ထပ်မံတိုးမြှင့်ခဲ့ကြောင်းနှင့် သြဂုတ် ၃၁ ရက်အထိ ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးတိုးတက်ရေးဘဏ် အနေဖြင့် နှစ်စဉ် မေမှ စက်တင်ဘာလ ကုန်အထိ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ် ချေးလေ့ရှိသော်လည်း ယခုနှစ်တွင် လုပ်ငန်း ကြန့်ကြာမှုများ ရှိနေသည့်အတွက် သြဂုတ်လအထိ ထပ်မံတိုးချဲ့ထုတ်ချေးပေးနေခြင်း ဖြစ်ကာ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ် အတွင်း ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“တောင်သူတွေရဲ့ကြွေးဆပ်တာ နောက်ကျမှုတွေ ပါတယ်။ လုပ်ငန်းလုပ်ကိုင်ရတာ နှောင့်နှေးကြန့်ကြာမှုတွေရှိတဲ့အတွက် သတ်မှတ်ကာလမှာ မပြီးနိုင်ခဲ့ဘူး။ အဲဒါကြောင့် ရုံးချုပ်ကနေပြီးတော့ ထပ်ပြီးတော့ အချိန် နှစ်လ ထပ်တိုးလိုက်တယ်။ သြဂုတ် ၃၁ ရက် နောက်ဆုံးထားပြီး ထုတ်ချေးပေးဖို့ ဖြစ်ပါတယ်။ အခုဆိုရင် တောင်သူ ၉၂,၀၀၀ ကျော်အတွက် ကျပ် ၆၉ ဒသမ ၁၉ ဘီလျံကို ထုတ် ပေးထားပြီးဖြစ်တယ်။ နောက်ထပ် တောင်သူ ၆၀,၀၀၀ ခန့်ကိုလည်း ထုတ်ချေးပေးသွားဖို့ ရှိပါတယ်။ ကျန်တာတွေက တောင်သူဦးရေ များပြားတဲ့ ကျောက်တော်၊ မင်းပြားမြို့နယ်တို့က တောင်သူတွေ အများအားဖြင့် ပါဝင်တယ်”  ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးတိုးတက်ရေး ဘဏ်မှ မန်နေဂျာဦးအေးသိန်းက ပြောကြားသည်။

ထို့ပြင် ယခုနှစ်တွင် တောင်သူအရေအတွက် ယခင်နှစ်ထက်များလာသည့်အတွက် တောင်သူများအား ချေးငွေထုတ်ချေးမှုအပိုင်းတွင် ကျပ်သန်း ၄၅၀ ခန့် တိုးမြှင့်ချေး မည်ဖြစ်ကြောင်း သိရသည်။

 

 

မြန်မာခရက်ဒစ်ဗျူရိုလီမိတက် (MCBL) အား ချေးငွေသတင်းပို့ခြင်းဆိုင်ရာ လုပ်ငန်းလိုင်စင် ထုတ်ပေးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတင်းထုတ်ပြန်

မြန်မာခရက်ဒစ်ဗျူရိုလီမိတက် (MCBL) အား ချေးငွေသတင်းပို့ခြင်းဆိုင်ရာ လုပ်ငန်းလိုင်စင် ထုတ်ပေးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မေ ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် မြန်မာခရက်ဒစ်ဗျူရိုလီမိတက် (MCBL) မှာ ဘဏ်များ၊ ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် အခြားငွေရေးကြေးရေး အဖွဲ့အစည်းများအားလုံး၏ ဆက်သွယ်ဆောင်ရွက်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ချေးငွေပြန်လည်ပေးဆပ်မှု သတင်းအချက်အလက်များနှင့် အခြားဆက်စပ်လျက်ရှိသည့် သတင်းအချက်အလက်များကို စုဆောင်းပြီး အဆိုပါ သတင်းအချက်အလက်များကို ငွေထုတ်ချေးသည့် အဖွဲ့အစည်းများသို့ ပြန်လည်ဖြန့်ဖြူးပေးခြင်း ဆောင်ရွက်နိုင်ကြောင်း ပါရှိသည်။

ထိုသို့ လိုင်စင်ထုတ်ပေးခြင်းဖြင့် ဘဏ်များ၊ ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများမှ အာမခံပစ္စည်းရယူပြီး ချေးငွေထုတ်ချေးသည့် စနစ်တစ်ရပ်အပေါ် မှီခိုမှုအား လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ချေးငွေအချက်အလက်များကို အသုံးပြု၍ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူ၏ ငွေချေးရန် ထိုက်တန်မှုအား အကဲဖြတ်ကာ ချေးငွေများ ပိုမိုလွယ်ကူစွာ ထုတ်ချေးလာနိုင်မည်ဖြစ်ပြီး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း ချေးငွေရရှိနိုင်မှု အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် သက်ဆိုင်သော စက်ယန္တရားများ၊ စက်ရုံများ အပါအ၀င် Supply Chain တွင် ပါဝင်သော လုပ်ငန်းများအတွက် သုံးနှစ်သက်တမ်းရှိ ချေးငွေများ ထုတ်ချေးမည်

စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် သက်ဆိုင်သော စက်ယန္တရားများ၊ စက်ရုံများ အပါအ၀င် Supply Chain တွင် ပါဝင်သော လုပ်ငန်းများအတွက်  သုံးနှစ်သက်တမ်းရှိ ချေးငွေများကို လာမည့်ကာလများတွင် ထုတ်ချေးရန် ဆောင်ရွက်သွားမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

နေပြည်တော်၌ မေ ၁၇ ရက်က  ပြုလုပ်သော  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အုတ်တွင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချို မေးမြန်းသော တောင်သူလယ်သမားများ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် နှစ်ရှည်ချေးငွေကဲ့သို့သော အထောက်အပံ့ ဖြစ်စေမည့် ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဒုတိယ၀န်ကြီးက ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ရာသီအလိုက် စိုက်ပျိုးစရိတ် ချေးငွေ အပြင် ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မှ စတင်ပြီး JICA ချေးငွေ အထောက်အပံ့နဲ့ လယ်ယာသုံး စက်ကိရိယာတွေ၊ လယ်ယာကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်တဲ့ စက်တွေ ၀ယ်ယူဖို့အတွက် ချေးငွေနဲ့ စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ မွမ်းမံခြင်း၊ ကုန်တင်ထရပ်ကားများ ၀ယ်ယူခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံတဲ့ ချေးငွေ တွေကို နှစ်တို၊ နှစ်ရှည် ချေးငွေတွေအဖြစ် ထုတ်ချေးပေးလျက်ရှိပါတယ်။ ရှေ့လာမယ့်ကာလတွေမှာ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် သက်ဆိုင်သော စက်ပစ္စည်းများ၊ ယာဉ်ယန္တရားများ၊ သီးနှံသိုလှောင်ရုံများ၊ ကုန်ချောအဖြစ် ထုတ်လုပ်ရာမှာ လိုအပ်တဲ့ စက်ပစ္စည်း ကိရိယာများ၊ စက်ရုံများအပါအ၀င် Supply Chaing တွင် ပါဝင်တဲ့ လုပ်ငန်းအတွက် သုံးနှစ် သက်တမ်းရှိတဲ့ ချေးငွေတွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ချမှတ်ထားသော မူဝါဒစံသတ်မှတ်ချက်တွေနဲ့အညီ စိစစ်ပြီး ချေးငွေများ ထုတ်ချေးဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရှိ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်သည် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော စိုက်ပျိုးစရိတ် ချေးငွေကို တောင်သူလယ်သမားများထံ ထုတ်ချေးပေးနိုင်ရန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သို့ နှစ်စဉ် ငွေလုံးငွေရင်း ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး တောင်သူလယ်သမားများအတွက် ထုတ်ချေးလျက်ရှိသည့် စိုက်ပျိုးစရိတ် ချေးငွေမှာ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း ဖြင့် လယ်သမားများအတွက် သွင်းအားစုများ ဖြစ်သော မျိုးစပါး၊ ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေးနှင့် လယ်ယာလုပ်သားခ စသည့် စိုက်ပျိုး စရိတ်များအတွက် သုံးစွဲနိုင်စေရန်ရည်ရွည်ပြီး ထုတ်ချေးလျက်ရှိသော်လည်း လယ်ယာလုပ်ငန်းအတွက် လိုအပ်နေသည့် လယ်ယာသုံး စက်ပစ္စည်းများ၊ သီးနှံသိုလှောင်ရုံများ၊ ဂိုဒေါင်များ၊ ဆန်စက်စသည့် အရင်းအနှီး ပစ္စည်းများအတွက် လုံလောက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ငရုတ်ကောင်းမှ ငွေဆောင်-ချောင်းသာ-ဂွ-ကမ်းသာယာအထိ ကွန်ကရစ်လမ်း ဖောက်လုပ်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံချက်ချထားကြောင်း ဆောက်လုပ်ရေးဒုတိယ၀န်ကြီး ရှင်းလင်း

ငရုတ်ကောင်း-ငွေဆောင်-ချောင်း သာ-ဂွ-ကမ်းသာယာအထိ ကွန်ကရစ်လမ်း ဖောက်လုပ်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံချက်ချထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောကြားသည်။

မတ် ၂၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာန မဟာမဲခေါင်ဒေသအတွင်းရှိ လမ်းမကြီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အာဆီယံအခြေခံအဆောက်အအုံ ရန်ပုံငွေတို့ထံမှ ဒေါ်လာသန်း ၃၆၀ ချေးယူရန်ကိစ္စနှင့် စပ်လျဉ်းပြီး ပြန်လည်ရှင်းလင်းစဉ် ပြောကြားခဲ့ ခြင်းဖြစ်သည်။

အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းသည် မြန်မာနိုင်ငံအတွင်းတွင် ပုသိမ်မှတစ်ဆင့် နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာနိုင်မည့် ငရုတ်ကောင်းရေနက်ဆိပ်ကမ်းကို မျှော်မှန်းပြီး ဆက်သွယ်ဖောက်လုပ်ရန် စီမံထားရှိခြင်းဖြစ်ကြောင်း၊ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ငရုတ်ကောင်းမှ ငွေဆောင်- ချောင်းသာ-ဂွ-ကမ်းသာယာအထိ တစ်ဆက်တစ်စပ်တည်း ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်ရန် စီမံချက်ချထားပြီးဖြစ်ကြောင်း၊ အဆိုပါလမ်းကို အခြေခံ၍ ပင်လယ်ပြင်ဗဟိုပြု စီးပွားရေးလုပ်ငန်းများဖြစ်သော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အပန်းဖြေစခန်းများ၊ ငါးဖမ်းလုပ်ငန်းများ၊ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများနှင့်အတူ ဆက်စပ်နေသော အခြားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဒုတိယ၀န်ကြီးက ပြောကြားခဲ့ သည်။

ထို့ပြင် အာရှဖွံ့ဖြိုးရေးဘဏ်မှချေးငွေဖြင့်ဆောင်ရွက်မည့် ရန်ကုန်-ပုသိမ်လမ်းသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်အရ Oriental Highway ကုမ္ပဏီ မှ BOT စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လမ်းဖြစ်ကြောင်း၊ ရန်ကုန်-ပုသိမ် လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့်အချိန်တွင် Concession ကို နိုင်ငံတော်မှ ပြန်လည်ထိန်းချုပ် Control လုပ်၍ Operating and Maintenance လုပ်ငန်းများကို BOT ကုမ္ပဏီသို့ ပြန်လည်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိကုမ္ပဏီ၏ Concession သက်တမ်းသည် ၃၃ နှစ်ဖြစ်ကြောင်း၊ ၂၄ နှစ်ကို နိုင်ငံတော်မှ Concession Control လုပ်မည်ဖြစ်ပြီး ADB ၏ ချေးငွေအားလုံးကို ပြန်လည်ပေးဆပ်သွားစေမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ကိုးနှစ်ကိုသာ ကုမ္ပဏီမှ Concession အပြည့်အ၀ ရရှိမည်ဖြစ်ပြီး ကောက်ခံရရှိငွေများထဲမှ ချေးငွေနှင့် အတိုးကို ပေးဆပ်ရမည်ဖြစ်၍ နိုင်ငံတော်အတွက် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိ ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ဒုတိယ၀န်ကြီးက “ငရုတ်ကောင်း ရေနက်ဆိပ်ကမ်း ဆောင်ရွက်နိုင်ခဲ့ရင် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို တိုက်ရိုက်ဆက်သွယ်ပေးမယ့်လမ်းကြောင်းကြီးအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာ၏ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဒါနန်းမြို့နဲ့ အိန္ဒိယသမုဒ္ဒရာရဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ငရုတ်ကောင်းမြို့တို့ကို ဆက်သွယ်နိုင်မယ့် စီးပွားရေးကုန်သွယ်လမ်းကြောင်းအဖြစ် ဖော်ဆောင်ဖို့ ADB ရဲ့ PLAN ကို ရေးဆွဲထားခဲ့ခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခုလက်ရှိဖော်ဆောင်နေသည့် အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးသည် ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းမြို့မှ စတင်ကာ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကိုဖြတ်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်း SEZ တွင် အဆုံးသတ်ရန် ညှိနှိုင်းဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးသည် မြန်မာနိုင်ငံကို ဖြတ်သန်းရာတွင် မြ၀တီ၊ ဘားအံ၊ ကျိုက်ထို၊ ဘုရားကြီးမှတစ်ဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းမတစ်လျှောက်ရှိ မြို့များ၊ သနပ္ပင်၊ ကမာစဲမှတစ်ဆင့် သီလ၀ါလမ်းကြောင်းတစ်လျှောက်မှလည်းကောင်း ရန်ကုန်မြို့သို့ အသီးသီး ၀င်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် Future Plan အနေဖြင့် ရန်ကုန်မြို့မှပတ်၍ ပုသိမ်မြို့မှတစ်ဆင့် ငရုတ်ကောင်းမြို့ အထိ ဆက်လက်သွားလာနိုင်မည့် စီပွားရေးစင်္ကြံလမ်းအဖြစ် လျာထားစီစဉ်ဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

မဟာမဲခေါင်ဒေသအတွင်းရှိ လမ်းမကြီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ဒေါ်လာ သန်း ၃၆၀ ချေးယူရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

မဟာမဲခေါင်ဒေသအတွင်းရှိ လမ်းမကြီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက်  ဒေါ်လာ သန်း ၃၆၀ ချေးယူရန် မတ် ၂၆ ရက် ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

မဟာမဲခေါင်ဒေသအတွင်းရှိ လမ်းမကြီးများဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အာဆီယံအခြေခံ အဆောက်အအုံရန်ပုံငွေတို့ထံမှ ဒေါ်လာ သန်း ၃၆၀ ချေးယူရန်ကိစ္စနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့သည်။

မဟာမဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်စသည့် နိုင်ငံခြောက်နိုင်ငံအနက် ကျန်သည့်ငါးနိုင်ငံသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုန်စည် ကူးသန်းရောင်းဝယ်မှုများကို ဆောင်ရွက်လျက်ရှိနေပြီး မြန်မာနိုင်ငံအနေဖြင့် စတင်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ သို့ရာတွင် စာချုပ်ပါ သဘောတူညီချက်များအရ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပထမဦးစွာ ထိုင်းနိုင်ငံနှင့် ဆောင်ရွက်ရတော့မည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံမှ ကားများ၊ ခရီးသွားပြည်သူများ၊ ကုန်စည်များ ထိုင်းနိုင်ငံအတွင်း ၀င်ရောက်နိုင်မည်ဖြစ်သကဲ့သို့ ထိုင်းနိုင်ငံမှလည်း မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာနိုင်မည်ဖြစ်ကြောင်း၊ ခရီးသွား ပြည်သူများ၊ ကားများ၊ ကုန်စည်များကို မြန်မာနိုင်ငံအတွင်း မြ၀တီအထိ ပထမအဆင့် ၀င်ခွင့်ပေးရမည်ဖြစ်ကြောင်း၊ ထို့နောက် ဘားအံ၊ ရန်ကုန်၊ ပုသိမ်အထိ ၀င်ခွင့်ပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ထိုင်းနိုင်ငံမှတစ်ဆင့် မဟာမဲခေါင်ဒေသတွင်းနိုင်ငံများကို လွတ်လပ်စွာသွားလာနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောကြားသည်။

Cross Border Transport Agreement အရ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖြတ်သန်းသွားလာခွင့်ပြုသည့်အခါတွင် ကိုယ့်နိုင်ငံတွင် ရှိသည့်လမ်းများသည် နိုင်ငံတကာအဆင့်မီ လမ်းများဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မဟာမဲခေါင်ဒေသတွင်း အရှေ့အနောက်စီး ပွားရေးစင်္ကြံလမ်းမကြီးများသည် ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေရှိ ဒါနန်းမြို့မှ အိန္ဒိယသမုဒ္ဒရာအထိ ဆက်သွယ်ထားပြီး ၎င်းလမ်းကြောင်းတစ်လျှောက်ရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများမှ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးစီမံကိန်းများကိုလည်း ကြိုတင်ဆောင်ရွက်ထားရှိပြီး လိုအပ်သည့်အစီအမံများကိုလည်း ချမှတ်ထားကြကြောင်း ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောကြားသည်။

မဟာမဲခေါင်ဒေသခွဲအတွင်းရှိ လမ်းမကြီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်  – ပုသိမ်လမ်း၊ ပဲခူး -သန်လျင်လမ်းနှင့် ရန်ကုန် – မန္တလေးလမ်းတို့အား လမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နိုင်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ဒေါ်လာ သန်း ၃၄၀၊ အာဆီယံ အခြေခံအဆောက်အအုံ ရန်ပုံငွေ (AIF) မှ ဒေါ်လာ သန်း ၂၀ ချေးယူခွင့်ပြုရန် ဖေဖော်ဝါရီ ၂၂ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက တင်ပြခဲ့သည်။

ပထမ စီမံကိန်းဖြစ်သည့် ရန်ကုန်-ပုသိမ်လမ်းသည် BOT စနစ်ဖြင့် ဆောင်ရွက်နေသောလမ်းဖြစ်ပြီး လက်ရှိ BOT ကုမ္ပဏီနှင့် ADB မှ ပညာရှင်များမှ Operation & Maintainance အတွက် အသစ်ပြန်လည် ပြင်ဆင် စာချုပ် ချုပ်ဆို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ADB ၏ အစီအစဉ်ဖြင့် လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်-ပုသိမ်လမ်းကို အခြေခံ၍ ပုသိမ်မှ ငွေဆောင်၊ ပုသိမ်မှ ငရုတ်ကောင်း၊ ပုသိမ်မှ မော်တင်စွန်း၊ ပုသိမ်မှ ချောင်း သာ၊ ပုသိမ်မှ ဂွ-ငါးသိုင်းချောင်း၊ သံတွဲ-ငပလီ နှင့် ဂွ-ကမ်းသာယာ လမ်းကြောင်းတစ်လျှောက် လုံးကို အချိန်တိုအတွင်း သွားလာနိုင်ပြီး ဒေသ ဖွံ့ဖြိုးရေးအား များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ဒုတိယစီမံကိန်းဖြစ်သည့် သီလ၀ါမှ ပဲခူး၊ ကမာစဲမှ ကျိုက်ထိုသို့ ADB နှင့် JICA တို့မှ အကူအညီဖြင့် ဖြတ်လမ်းဖောက်လုပ်ခြင်းဖြင့် ဘုရားကြီးနှင့် ဝေါမြို့တို့ကို ပတ်၍သွားနေရသည့်ခရီးထက် အချိန်ကုန်သက်သာစေမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ဖေဖော်ဝါရီ ၂၂ ရက်တွင် လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့ပြင် တတိယစီမံကိန်းသည် ရန်ကုန်-မန္တလေး အမြန်လမ်း ရန်ကုန်မှ ဘောနတ်ကြီး အထိ မိုင် ၄၀ အပိုင်းကို ADB အကူအညီဖြင့် Pilot Project အနေဖြင့် နိုင်ငံတကာအဆင့်မီ  Expressway အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဦးကျော်လင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံနယ်စပ် ထီးခီးအကြား လမ်းကြောင်းအား အဆင့်မြှင့်တင်ရန် ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလျံချေးယူရန် ပြည်ထောင်စုလွှတ်တော်သို့တင်ပြ

ထားဝယ်-ထီးခီးအကြား အဆင့်မြှင့်တင်မည့် လမ်းပိုင်းတစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံနယ်စပ် ထီးခီးအကြား လမ်းကြောင်းအား အဆင့်မြှင့်တင်ရန် ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလျံချေးယူရန် ပြည်ထောင်စုလွှတ်တော်သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက တင်ပြခဲ့သည်။

မတ် ၁၉ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာနက ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Neighbouring Countries Economic Development Cooperation Agency – NEDA ထံမှ ထိုင်းဘတ် ၄ ဒသမ ၅ ဘီလျံ ချေးယူရန်နှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

ဒုတိယ၀န်ကြီးက ၎င်းစီမံကိန်းအတွက် လမ်းကြောင်းသုံးခုရှိကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း မေတ္တာ-ထီးခီးလမ်းသည် ဆက်သွယ်ရန် လမ်းကြောင်း အတိုဆုံးဖြစ်ကြောင်း၊ အဆိုပါလမ်းကြောင်းအား အီတာလျံ ထိုင်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ တာဝန် ယူဖောက်လုပ်ခဲ့ပြီး လက်ရှိတွင် ကျောက်ကြမ်းလမ်းအဆင့်သာရှိသေးကြောင်း၊ ထားဝယ် ရေနက်ဆိပ်ကမ်းသို့ပို့ဆောင်သည့် ကုန်စည်များ လွယ်ကူလျှင်မြန်စွာပို့ဆောင်နိုင်ရေးအတွက် လက်ရှိလမ်းအား နှစ်လမ်းသွားကားလမ်းအဖြစ် အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်း၊ အဆိုပါ လမ်း အဆင့်မြှင့်တင်ရေးအတွက် NEDA မှ ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလျံ ချေးငွေပေးအပ်မည်ဖြစ်ပြီး ချေးငွေအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ခံ၍ ကန်ထရိုက်တာအား တင်ဒါခေါ်ယူဆောင် ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။

အဆိုပါချေးငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး အချိန်စေ့ရောက်သည့်နှစ်အလိုက် အတိုး၊ အရင်း ပြန်လည်ပေးဆပ်မှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းအသုံးခ ကောက်ခံရရှိမှုငွေများ အပါအ၀င် ရငွေများဖြင့် ပြန်လည်ပေးဆပ်နိုင်ရန်စီစဉ်၍ ဘတ်ဂျက်သို့ ရငွေများပေးသွင်းခြင်း၊ ချေးငွေများ ပေးဆပ်ရန် အသုံးစရိတ်တောင်းခံခြင်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုင်း နိုင်ငံ နယ်စပ် ကချနပူရီမှ ထားဝယ်အထူးစီးပွားရေးဇုန် (၂) သို့ ကတ္တရာကားလမ်း အဆင့်မြှင့်တင်ရန် ချေးယူခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါချေးငွေနှင့်ပတ်သက်ပြီး စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက NEDA အဖွဲ့အစည်းသည် ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများပြုလုပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ ၎င်း၏ ချေးငွေဆိုင်ရာသတ်မှတ်ချက်အနေဖြင့် ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၂၀၊ စုစုပေါင်းချေးငွေ သက်တမ်း နှစ် ၃၀ ဖြစ်ကြောင်း၊ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၀ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပြီး အတိုးကို တစ်နှစ် နှစ်ကြိမ်နှုန်းဖြင့် အကြိမ် ၆၀ ပေးဆပ်ရမည်ဖြစ်ကြောင်း၊ အရင်းငွေကို တစ်နှစ် နှစ်ကြိမ်နှုန်းဖြင့် အကြိမ် ၄၀ ပေးဆပ်ရမည်ဖြစ်ကြောင်း၊ စုစုပေါင်းချေးငွေ၏ ရာခိုင်နှုန်း ၅၀ ကို ထိုင်းကုန်စည်နှင့် ၀န်ဆောင်မှုများအတွက် အသုံးပြုရန် သတ်မှတ်ချက်ထားရှိထားကြောင်း၊ အခွန်အခ၊ အကောက်ခွန်၊ ဆောင်ရွက်ခ စသည်တို့အတွက် ချေးငွေမှ ထုတ်ယူသုံးစွဲ၍ မရကြောင်း၊ စီမံခန့်ခွဲမှုစရိတ်အဖြစ် ချေးငွေပမာဏ၏ ၀ ဒသမ ၁၅ ရာခိုင်နှုန်းကို တစ်ကြိမ်တည်းပေးချေရမည်ဖြစ်ကြောင်း၊ ယခု ချေးငွေ၏ Grant Element တွက်ချက်ရာတွင် ၆၁ ဒသမ ၄၀ ရာခိုင်နှုန်း ရရှိသည့်အတွက် သက်သာမှုရှိသည့် ချေးငွေဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန်မှ ကချနပူရီလမ်းသည် မြန်မာနိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍအတွက် အရေးပါသော လမ်း ဖြစ်ကြောင်း၊ အဆိုပါလမ်းသည် ပင်မလမ်း ကြောင်းဖြစ်သည့် ရန်ကုန်-ရေး-ထားဝယ်- မြိတ်လမ်းနှင့်လည်း ဆက်စပ်လျက်ရှိကြောင်း၊ ယင်းလမ်းမကြီးသည် ရန်ကုန်တောင်ပိုင်းရှိ သီလ၀ါအထူးစီးပွားရေးဇုန်နှင့်လည်း ဆက်စပ်သွားလာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မဟာမဲခေါင်ဒေသခွဲ စင်္ကြံလမ်းတစ်လျှောက်ရှိ မြို့များ ဖွံ့ဖြိုးမှုစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၈၀ ချေးယူရန် လွှတ်တော်သဘောတူ

မဟာမဲခေါင်ဒေသခွဲ စင်္ကြံလမ်းတစ် လျှောက်ရှိမြို့များ ဖွံ့ဖြိုးမှုစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၈၀ ချေးယူရန် ပြည်ထောင်စုလွှတ်တော်က သဘောတူခဲ့သည်။

အဆိုပါချေးငွေနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ယင်းစီမံကိန်းသည် မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးတစ်လျှောက်တွင် ကျရောက်နေသည့် မြို့များတွင်ဆောင်ရွက်မည့် စီမံကိန်းဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မြို့အတန်းအစား သတ်မှတ်ချက်တွင် (ခ) အဆင့်ရှိသော Secondary Cities မြို့များဖြစ်ခြင်း၊ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားကဏ္ဍနှင့် ၀န်ဆောင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရှိခြင်း၊ Development Potential အခွင့်ကောင်းများရှိခြင်း စသည်တို့ကြောင့် ကရင်ပြည်နယ်တွင် ဘားအံနှင့် မြ၀တီ၊ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့တို့အား စီမံကိန်းဝင်မြို့များအဖြစ် သတ်မှတ်ရွေးချယ်ခြင်းဖြစ် ကြောင်း ပြောကြားသည်။

Cross Border Transport Agreement အရ မဟာမဲခေါင်ဒေသခွဲအတွင်းမှ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာမည့် သန်းနှင့်ချီသော ခရီးသွားများအတွက် အဆင်ပြေချောမွေ့စေရန် နယ်စပ်မြို့ဖြစ်သည့် မြ၀တီ၊ ဘားအံနှင့် မော်လမြိုင်တို့ကို ရွေးချယ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် နယ်မြေဒေသဖွံ့ဖြိုးရေးအတွက် ဘားအံ စက်မှုဇုန်ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း၊ မြ၀တီနှင့် မဲဆောက်မြို့တို့တွင် Joint Spatial Development Plan ရေးဆွဲပေးခြင်း၊ မော်လမြိုင်ရှိ ရှေးဟောင်းအဆောက်အအုံဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးရုံးအား Heritage Conservation ပြုလုပ်ခြင်းများ ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါချေးငွေရယူရန်နှင့်ပတ်သက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ADB ၏ ချေးငွေဖြင့်ဆောင်ရွက်မည့် ဘားအံ၊ မြ၀တီ၊ မော်လမြိုင်မြို့များသည် မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်စီးပွားရေးစင်္ကြံလမ်းပေါ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏နယ်စပ်မြို့နှင့် ထပ်မံဖွံ့ဖြိုးရန်အလားအလာရှိသည့် မြို့များဖြစ်သဖြင့် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ယင်းမြို့များအား ရွေးချယ်ခြင်းဖြစ်ကြောင်း၊ အဆိုပါ မြို့သုံးမြို့နေ ပြည်သူများအတွက် ရေကောင်းရေသန့်နှင့် ရေလုံလောက်စွာရရှိခြင်း၊ စွန့်ပစ်ပစ္စည်းများနှင့် အမှိုက်စွန့်ပစ်စနစ်များ ပိုမိုကောင်းစေခြင်း၊ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း၊ စသည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် မြို့ပြဖွံ့ဖြိုးရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ခြင်း၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတက်ခြင်းများအတွက် အထောက်အပံ့ဖြစ်ခြင်းများ ဖြစ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ပြောကြားသည်။

ချေးငွေစီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ခံကာ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့မှ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ချေးငွေရယူခြင်း၊ သုံးစွဲခြင်း၊ ပြန်လည်ပေးဆပ်ခြင်းများအတွက် ချေးငွေစာချုပ် ချုပ်ဆိုချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များ၊ အာရှဖွံ့ဖြိုးရေး ဘဏ်တို့နှင့် ညှိနှိုင်းကာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဦးမောင် မောင်ဝင်းက ပြောကြားသည်။

JICA မှ ထပ်မံချေးယူမည့် ဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလျံ ရရှိပါက အာမခံမပေးအပ်နိုင်သည့် SME များအတွက် CGI စနစ်ဖြင့် ထုတ်ချေးမည်

ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်းရှိ SME လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အာမခံမပေးအပ်နိုင်သည့် အသေးစား၊ အလတ်စားလုပ်ငန်း (SME) များကို Credit Guarantee Insurance စနစ်ဖြင့် ချေးငွေထုတ်ချေးမည်ဖြစ်ပြီး လုပ်ငန်းရှင်များဘက်မှ ချေးငွေလျှောက်ထားရာတွင် လိုအပ်ချက်များကို ပြည့်စုံအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“ယခုစီမံကိန်း (၂ ) တွင် အာမခံမရှိသူများ ချေးငွေရရှိအောင် CGI စနစ်ဖြင့် လမ်းဖွင့်ပေးထားခြင်းသည်လည်း ဖြေလျှော့မှုတစ်ခုပင်ဖြစ်ပါကြောင်း၊ SME လုပ်ငန်းရှင်များဘက်ကလည်း SME ချေးငွေ လျှောက်ထားသည့်အခါ လိုအပ်ချက်များကိုပြည့်စုံအောင် စီစဉ်ဆောင်ရွက်ခြင်းအားဖြင့် ပူးပေါင်းကူညီ ရမည်ဖြစ်ကြောင်း” ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး န၀မနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက တင်ပြခဲ့ခြင်းဖြစ်သည်။

ယခင်က ဆောင်ရွက်ခဲ့သော စီမံကိန်းအဆင့် (၁) တွင် အာမခံမပေးအပ်နိုင်သည့် SME လုပ်ငန်းများ ချေးငွေထုတ်ချေးနိုင်ခြင်းမရှိခဲ့သည့်အတွက် ယခုစီမံကိန်းအဆင့် (၂) တွင် အာမခံမပေးအပ်နိုင်သော SME လုပ်ငန်းများပါ ချေးငွေထုတ်ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ရှင်းလင်းပြောကြားသည်။

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန် ယန်း ၁၄ ဒသမ ၉၄၉ ဘီလျံ ချေးယူရန်ကိစ္စနှင့်ပတ်သက်ပြီး JICA စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် SME ကော်မတီ ကိုယ်စားလှယ်များ ညှိနှိုင်းပြီး အခြားသော ပြည်တွင်းချေးငွေ အတိုးနှုန်းများနှင့် ချိန်ဆ၍ သင့်လျော်သော အတိုးနှုန်းဖြစ်သည့် ၈ ဒသမ ၅ ရာခိုင်နှုန်းကို သတ်မှတ်ခဲ့ကြောင်း  ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက တင်ပြခဲ့သည်။

JICA မှ ရရှိသော ချေးငွေသက်တမ်း နှစ် ၄၀ အတွင်း SME လုပ်ငန်းများ ချေးငွေသက်တမ်းကို သုံးနှစ်သတ်မှတ်ပါက ၁၃ ကြိမ် အထိ ထုတ်ချေးပေးနိုင်ကြောင်း၊ ချေးငွေသက်တမ်းကို ငါးနှစ်သတ်မှတ်ပါက ရှစ်ကြိမ်အထိ လည်ပတ်ထုတ်ချေးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါချေးငွေကိစ္စရပ်နှင့် ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ခံယူရာ ထောက်ခံမဲများသည့်အတွက် လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်။

ရရှိမည့်ချေးငွေများကို ရန်ကုန်မြို့ရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေသည့် စက်မှုဇုန်များကို ကျပ် သိန်း ၅၀၀၀ ခန့်အထိ ထုတ်ချေးပေးနိုင်မည့် SMEs ချေးငွေများကို လာမည့် ၂၀၁၈ ခုနှစ် မတ်လအတွင်း ထုတ်ချေးမည်ဖြစ်ကြောင်း   ဒီဇင်ဘာ ၂၃ ရက်က UMFCCI တွင် ပြု လုပ်သည့်  မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်မှု အသင်းဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်၊ စက်မှုဇုန်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ SME ကော်မတီအစည်းအဝေးတွင် SMIDB ဘဏ်မှ CEO ဒေါက်တာဇေယျာညွန့်က ပြောကြားသည်။

“ကျွန်တော်တို့ကတော့  ဒီရက်ပိုင်းခွင့်ပြုချက်ကတော့ သိန်း ၅၀၀၀ ထက်မပိုဘူးပေါ့။ သိန်း ၅၀၀၀ ထက်မပိုဘဲ JICA သတ်မှတ်ထားတဲ့ သတ်မှတ်ချက်နဲ့ ထုတ်ချေးပေးမှာ။ ထုတ်ချေးပေးတဲ့အခါမှာလည်း JICA က  ခွင့်မပြုတဲ့လုပ်ငန်းဆိုရင်တော့ ကျွန်တော်တို့ ထုတ်ချေးလို့မရဘူးပေါ့” ဟု ဒေါက်တာ ဇေယျာညွန့်က ပြောကြားသည်။

ချေးငွေပြန်ဆပ်ရန်အတွက် ပထမနှစ်တွင် ၁၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ၁၀ ရာခိုင်နှုန်းနှင့် စတုတ္ထနှစ်တွင် ရာခိုင်နှုန်း ၂၀ နှင့် နောက်ဆုံးနှစ်တွင် ကျန်ငွေအားလုံးပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။