ဒုတိယအကြိမ် မြန်မာဥပဒေ ကျောင်းသားကျောင်းသူများ ညီလာခံနှင့် ပထမအကြိမ် မြန်မာနိုင်ငံ ကုလသမဂ္ဂ အစည်းအဝေးပုံစံငယ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပ

ဒုတိယအကြိမ် မြန်မာဥပဒေ ကျောင်းသားကျောင်းသူများ ညီလာခံနှင့် ပထမအကြိမ် မြန်မာနိုင်ငံ ကုလသမဂ္ဂ အစည်းအဝေးပုံစံငယ် အခမ်းအနား (2nd Myanmar Law Student’s Conference & Model United Nations Myanmar) ကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ဧပြီ ၂၈ ရက်က စတင်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ဧပြီ ၂၈ ရက်မှ ဧပြီ ၂၉ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နှစ်ရက်တာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ကျင်းပပြုလုပ်တဲ့ မြန်မာဥပဒေ ကျောင်းသားကျောင်းသူများ ညီလာခံက ဒုတိယအကြိမ်မြောက်ပါ။ ပထမအကြိမ်က မနှစ်က ဒီလိုအချိန်မှာပဲ ပြုလုပ်ခဲ့တာပါ။ ဥပဒေကျောင်းသားတွေက ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ တွဲပါလာတာကတော့ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ ကုလသမဂ္ဂအစည်းအဝေး ပုံစံငယ်ကိုပါ ကျင်းပပါတယ်။ နိုင်ငံတကာမှာကတော့ ကုလသမဂ္ဂ အစည်းအဝေးပုံစံငယ်တွေက အမြဲကျင်းပပြုလုပ်နေကြပါ။ မြန်မာနိုင်ငံအနေနဲ့ကတော့ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တာပေါ့။ အဓိကရည်ရွယ်ချက်ကတော့ ဥပဒေ ကျောင်းသားကျောင်းသူတွေကို ဥပဒေကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ပိုမိုတိုးတက်အောင် အဆက်အသွယ်ကောင်းကောင်း ရရှိသွားအောင် နှစ်စဉ်နှစ်တိုင်း ကျင်းပဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေရဲ့ ခေါင်းဆောင်မှုစွမ်းရည်နဲ့ သုတေသနစွမ်းရည်တွေ၊ စကားပြောစွမ်းရည်တွေ တိုးတက်ကောင်းမွန်လာစေဖို့၊ ကုလသမဂ္ဂရဲ့ အကြောင်းအရာတွေကိုလည်း ပိုမိုသိရှိလာစေဖို့၊ လူသိများနေတဲ့ လောလောလတ်လတ် သတင်းတွေ အကြောင်းအရာတွေကို နိုင်ငံ့ခေါင်းဆောင်တွေ ကိုယ်စားပြုပြီး နိုင်ငံ့ခေါင်းဆောင်တွေနေရာမှာ ၀င်ပြီးပြောဆို ဆွေးနွေးကြတော့ သူတို့ကိုယ်တိုင်လည်း ကမ္ဘာပေါ်မှာဖြစ်နေတဲ့ အကြောင်းအရာတွေကို ပိုပြီးလေ့လာမိသွားမယ်။ ပြီးတော့ ကုလသမဂ္ဂရဲ့ အစည်းအဝေး လုပ်ထုံးလုပ်နည်းတွေကိုလည်း သိရှိနားလည် သဘောပေါက်သွားနိုင်မယ် စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်ဖြစ်တာပါ” ဟု အဆိုပါအခမ်းအနားနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ စီမံကိန်းတာဝန်ခံ ကိုဝင်းလွင်အောင်က ပြောကြားသည်။

ဒုတိယအကြိမ် မြန်မာဥပဒေ ကျောင်းသားကျောင်းသူများညီလာခံနှင့် ပထမအကြိမ် မြန်မာနိုင်ငံ ကုလသမဂ္ဂအစည်းအဝေး ပုံစံငယ် အခမ်းအနားအား ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့်အတူ အာရှပစိဖိတ် ကျောင်းသားကျောင်းသူများအသင်းမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

“အခမ်းအနားမှာ ပညာရေးဝန်ကြီးကတော့ ခုလိုပွဲတွေလုပ်တာကို အားပေးတယ်။ လူငယ်တွေ အခုလိုမျိုးဆောင်ရွက်နေတာ တွေ့တော့ လူငယ်တွေကို အားကိုးယုံကြည်တယ်ဆိုတဲ့ အကြောင်းတွေ ပြောပါတယ်။ ဒီလိုလုပ်နိုင်တာကိုလည်း အားပေးတယ်။ ကူညီပါမယ်ဆိုတာ ပြောသွားပါတယ်။ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံကလည်း ဒီပွဲကို တက်ရောက်ချင်ပေမယ့် မလာနိုင်တဲ့အတွက် သူ့ကိုယ်စား အခမ်းအနား တက်ရောက်လာတဲ့ ကိုယ်စားလှယ်တော်ကြီးကလည်း ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျွန်တော်တို့ကို ပြောပြပြီး ဒီပွဲကိုလည်း အသိအမှတ်ပြု အားပေးခဲ့ပါတယ်” ဟု အဆိုပါ အခမ်းအနားတာဝန်ခံက ဆက်လက်ပြောပြသည်။

ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မောင်သက်မောင်မောင်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဆောင်ရွက်ချက်သည် တပ်မတော်မှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်

ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မောင်သက်မောင်မောင်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဆောင်ရွက်ချက်သည် တပ်မတော်မှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က မတ် ၁၃ ရက်ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အချက်လေးချက်ပါရှိပြီး ထုတ်ပြန်ချက် အမှတ်စဉ် ၃ နှင့် ၄ တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၇ အရ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက အကျဆုံးသော လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သဖြင့် အဖွဲ့အစည်းအတွင်း၌ စည်းကမ်းတကျရှိရန် ကျစ်လျစ်ခိုင်မာသော စည်းလုံးမှု၊ ညီညွတ်မှုရှိရန် မရှိမဖြစ် လိုအပ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် သက်ဆိုင်ရာ တပ်အလိုက် “တပ်တည်မြဲအမိန့်” (Unit Standing Order) များထုတ်ပြန်ပြီး အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး၊ တပ်တွင်းနေမှီခိုသူ မိသားစုဝင်အားလုံး နေ၊ ထိုင်၊ သွားလာမှု စည်းကမ်းစနစ်တ ကျ ရှိရေး၊ တပ်တွင်း စည်းလုံးညီညွတ်မှုရှိရေး ဆောင်ရွက်ရပါသည်။ တပ်တည်မြဲအမိန့်တွင် စစ်သည်အဆင့် အတန်းအားလုံးအား နိုင်ငံရေးပါတီများနှင့် ဆက်သွယ်ခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ လုပ်ဆောင်ချက်များကို မလိုလားသော သဘောဖြင့် ဆန့်ကျင်မှုပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်ခြင်း၊ ၀ိုင်းဖွဲ့ဆွေးနွေးခြင်း၊ ဆူပူမှုအတွက် အားပေးအားမြှောက်ပြုခြင်းတို့ကို တားမြစ်ထားပါသည်။ ထို့အပြင် အရာရှိ၊ အရာခံ၊ အကြပ်နှင့် တပ်သားတို့အား လိုက်နာရန် သတ်မှတ်ထားသော စည်းကမ်းဟူသမျှသည် သက်ဆိုင်ရာ အိမ်ထောင်သည်၊ မှီခိုသူများနှင့်လည်း အကျူံးဝင်ကြောင်း သိရှိထားရမည်ဟု စည်းကမ်းသတ်မှတ်ထားကြောင်း၊ အဆိုပါ စည်းကမ်းချက်များမှာ တပ်မတော်တစ်ရပ်လုံး အတွက် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယင်းတို့ကို သိရှိလိုက်နာနိုင်မှသာ တပ်တွင်းလိုက်ပါ နေထိုင်ခွင့်ရရှိမည်ကို တပ်မတော်သား အားလုံးနှင့် မှီခိုသူများအားလုံး သိရှိကြပြီးဖြစ်သဖြင့် အထက်ပါကိစ္စနှင့် ပတ်သတ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် မောင်သက်မောင်မောင် ကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ချက်များ၊ သတင်းများအား ကျောင်းသားသမဂ္ဂအဖွဲ့များ၊ သတင်းမီဒီယာအချို့နှင့် လူမှုကွန်ရက် စာမျက်နှာအချို့၌ ဖော်ပြရေးသား၍ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း၊ မောင်သက်မောင်မောင်အပေါ် အရေးယူဆောင်ရွက်မှုနှင့် ပတ်သက်၍ လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် မောင်သက်မောင်မောင်၏ ဖခင်ထံ အကြောင်းကြားခဲ့ရာ မောင်သက်မောင်မောင်၏ ဖခင်ဖြစ်သူကလည်း သဘောတူသည်ဟု အကြောင်းပြန်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မောင်သက်မောင်မောင်သည် အမှတ် (၂၅၆) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စစ်သည်တစ်ဦး၏ သားဖြစ်ပြီး ပခုက္ကူတက္ကသိုလ်၊ ရူပဗေဒဌာနတွင် ဒုတိယနှစ် ပညာသင်ကြားနေကာ ပခုက္ကူကျောင်းသားများ သမဂ္ဂ၏ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်လျက်ရှိကြောင်း မောင်သက်မောင်မောင်ကို တပ်တွင်းလုံးဝ ဝင်ခွင့်မပြုရေးနှင့် တပ်မတော်သားများ၏ မှီခိုသူ သား၊ သမီးများ ကျောင်းသားများ သမဂ္ဂတွင် ပါဝင်ဆောင်ရွက်မှု မရှိစေရေး ကြော်ငြာချက်ကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း ထိုစာသည် နိုင်ငံသားတစ်ဦး (သို့) တက္ကသိုလ် ကျောင်းသားတစ်ဦး၏ ရပိုင်ခွင့်ကို ချိုးဖောက်နေသည့်အပြင် သမဂ္ဂ၏ ရပ်တည်ချက်ကိုပါ ထိပါးနေသောကြောင့် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကြေညာချက် ထုတ်ပြန်ထားသည့်အပြင် အခြားကျောင်းသားသမဂ္ဂ အသီးသီးကလည်း ကန့်ကွက်ကြောင်း သဘောထားများ ထုတ်ပြန်ကြေညာ ခဲ့ကြသည်။

 

 

 

တပ်မတော်သားတစ်ဦး၏ သားဖြစ်သူ ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ အတွင်းရေးမှူးအား သမဂ္ဂအတွင်း ပါဝင်ဆောင်ရွက်ခြင်းမပြုရန် တပ်ရင်း၏ ထုတ်ပြန်ချက်အား ကန့်ကွက်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ထုတ်ပြန်

တပ်မတော်သားတစ်ဦး၏ သားဖြစ်သူ ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ  အတွင်းရေးမှူးအား သမဂ္ဂအတွင်း ပါဝင်ဆောင်ရွက်ခြင်းမပြုရန် တပ်ရင်း၏ထုတ်ပြန်ချက်အား ကန့်ကွက်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက မတ် ၁၁ ရက်တွင် သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အမှတ် (၂၅၆) ခြေလျင်တပ်ရင်းမှ တပ်ကြပ်သက်နိုင်ဦး၏ သားဖြစ်သူ မောင်သက်မောင်မောင် (ရူပဗေဒ- ဒုတိယနှစ်) ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးအား ကျောင်းသားသမဂ္ဂတွင် ပါဝင်မဆောင်ရွက်စေရန် တားမြစ်ခဲ့ကြောင်း၊ ထို့ပြင် တပ်ရင်းမှ တပ်မတော်သားများ၏ မှီခိုသူသားသမီးများအား တက္ကသိုလ်ကျောင်းသား သမဂ္ဂတွင် ပါဝင်လှုပ်ရှားမှုမရှိစေရန် အမှတ် (၂၅၇) ခြေလျင်တပ်ရင်းမှူးက စာထုတ်ပြန်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

၎င်းထုတ်ပြန်ချက်သည် တက္ကသိုလ်ကျောင်းသားတစ်ဦး၏ အခွင့်အရေးအား ချိုးဖောက်သည့်အပြင် မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၏ ရပ်တည်ချက်အား ထိပါးလာသည့်အတွက် ကျွန်ုပ်တို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ အပြင်းအထန် ရှုတ်ချကန့်ကွက်ကြောင်း  ဆက်လက်ဖော်ပြပါရှိသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအပါအ၀င် နှစ်ဦးအား ထုတ်ပယ်ကြောင်း ဗကသအဖွဲ့ချုပ်မှ ကြေညာချက်ထုတ်ပြန်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ဗဟိုလုပ်ငန်း ကော်မတီ၏ ထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ဗဟိုလုပ်ငန်း ကော်မတီမှ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဥက္ကဋ္ဌကိုကျော်သီဟရဲကျော်နှင့် စည်းရုံးရေးကော်မတီ တာဝန်ခံ ကိုရဲမျိုးဆွေတို့အား ထုတ်ပယ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက် ဘားအံပွဲကနေ သပိတ်မှောက် လှည့်ပြန်လာပြီး ကတည်းက သတင်းစာရှင်းပွဲမှာ ပြောခဲ့တာ ရှိပါတယ်။ သူတို့ဆွေးနွေးပွဲမှာ ကျွန်တော်တို့ အခြေခံသမဂ္ဂတွေ ချမှတ်ထားတဲ့ မူနှစ်ချက်နဲ့ ကိုက်ညီမှုမရှိလို့ လှည့်ပြန်ခဲ့တယ်။ အဲဒီလို လှည့်ပြန်ခဲ့တဲ့အတွက် လက်ရှိ CWC က အစကတည်းက ကျွန်တော်တို့အနေနဲ့ သူတို့ဖြစ်တည်မှုကို အသိအမှတ်ပြုတာလည်း မရှိခဲ့သလို အသိအမှတ် မပြုတာလည်း မရှိခဲ့ပါဘူး။ အဲဒီဆွေးနွေးပွဲက ရလာတဲ့ ရလဒ်တွေ၊ လုပ်ငန်းစဉ်တွေက ကျွန်တော်တို့နဲ့ သက်ဆိုင်မှု မရှိပါဘူးလို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၉ ရက် ကတည်းက တရားဝင် ပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့ လုပ်ငန်းစဉ်တွေက ကျောင်းသားထုအတွက် အကျိုးပြုလား၊ CWC ထဲမှာပါတဲ့ စွပ်စွဲချက်တွေက ဟုတ်မဟုတ်ဆိုတာ ကျောင်းသားထုနဲ့ သမိုင်းကပဲ ဆုံးဖြတ်သွားပါလိမ့်မယ်။ သူတို့ထုတ်ပြန်ချက်ကို ဘာမှ တုံ့ပြန်သွားဖို့ မရှိပါဘူး။ အစကတည်းက သက်ဆိုင်မှု မရှိကြောင်း ပြောထားပြီးသား ဖြစ်တဲ့အတွက် သူတို့ထုတ်ပြန်ချက်ကို ဘာမှပြောစရာ မရှိပါဘူး” ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်က ပြောကြားသည်။

အဆိုပါ ကြေညာချက်တွင်၂၀၁၅ ခုနှစ် ဒီမိုကရေစီ ပညာရေးသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှု ဖြစ်ပွားပြီး ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်အများစု မတရားဖမ်းဆီး ချုပ်နှောင်ခံနေရသည့် အချိန်မှ စတင်ကာ ယခုအချိန်အထိ ရဲမျိုးဆွေသည် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂကို အခြေပြု၍ ဗကသများ အဖွဲ့ချုပ် ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေ အခန်း (၁၃) အပိုဒ် (၅၇၊ ၅၉) ကိုချိုးဖောက်၍ ဗကသများအဖွဲ့ချုပ် ပြိုကွဲနိုင်သည့် လုပ်ရပ်များကို ပြုလုပ်လာခဲ့ကြောင်း၊ (က) ဗကသများအဖွဲ့ချုပ် ဖွဲစည်းအုပ်ချုပ်ပုံစည်းမျဉ်း ဥပဒေ အခန်း (၁၃) အပိုဒ် (၅၉) ကို တိုက်ရိုက်ချိုးဖောက်၍ ဗဟိုလုပ်ငန်း ကော်မတီ အများစု မတရားဖမ်းဆီး ချုပ်နှောင်ခံနေရချိန်တွင် ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်) ဟု အမည်တပ်၍ ဂိုဏ်းခွဲထောင်ခြင်း၊ (ခ) ဂိုဏ်းခွဲထောင်ပြီးနောက် တစ်ဆက်တည်း ဗဟိုဆန့်ကျင်ရေး ပြုလုပ်ခြင်း၊ ပြုလုပ်ရန် စည်းရုံးလှုံ့ဆော်ခြင်း၊ (ဂ) ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေ အခန်း (၁၃) အပိုဒ် (၅၈) ကို တိုက်ရိုက်ချိုးဖောက်၍ ဘားအံမြို့တွင် ကျင်းပသည့် ကျောင်းသားထု ညီလာခံအကြို အစည်းအဝေးကို အကြောင်းပြချက် ခိုင်လုံမှု မရှိဘဲ ပွဲပျက်စေရန် ရည်ရွယ်ချက်ဖြင့် သပိတ်မှောက် ထွက်ခွာသွားခြင်း၊ (ဃ) ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီ၏ ခွင့်ပြုချက် မပါဝင်ဘဲ ဗကသများအဖွဲ့ချုပ်က တာဝန်ယူ လုပ်ဆောင်သယောင် အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် ရည်ရွယ်၍ တရားမ၀င် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ အထက်ပါ လုပ်ဆောင်ချက်များကို ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂကို အခြေပြု၍ ရဲမျိုးဆွေ ဦးဆောင် ပြုလုပ်ခဲ့ကြောင်း၊ ၎င်းလုပ်ဆောင်ချက်များသည် ဗကသများအဖွဲ့ချုပ်အပေါ်၌ သစ္စာဖောက် လုပ်ရပ်များ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရတနာပုံ တက္ကသိုလ်တွင် ပညာသင်ကြားနေသော ရဲမျိုးဆွေ ခုံအမှတ် ၂ဥ – ၂၄၁ (ရတနာပုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ စည်းရုံးရေးကော်မတီ တာဝန်ခံ) သည် ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို အခြေပြု၍ ဆောင်ရွက်နေသောကြောင့် ရဲမျိုးဆွေကို ဗကသများအဖွဲ့ချုပ်မှ ရာသက်ပန် ထုတ်ပယ်ကြောင်း၊ ကျော်သီဟရဲကျော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂကိုပါ ဗကသများ အဖွဲ့ချုပ်မှ ထုတ်ပယ်ကြောင်း၊ ဗကသများ အဖွဲ့ချုပ် ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေ အခန်း (၄) အပိုဒ် (၁၀) အရ အယူခံဝင်နိုင်ကြောင်း၊ အယူခံဝင်ရာတွင် ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအနေဖြင့် ရဲမျိုးဆွေကို သမဂ္ဂမှ ထုတ်ပယ်၍ ဗကသများအဖွဲ့ချုပ် လက်ခံချက် သုံးရပ်ကို လက်ခံလျှင် အနီးဆုံး ဗကသများ အဖွဲ့ချုပ် ညီလာခံတွင် အယူခံဝင်နိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ သက်ဆိုင်မှု မရှိကြောင်း ပြောထားပြီးသား ဖြစ်တဲ့အတွက် အယူခံဝင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဆွေးနွေးပွဲကနေ ပြန်လာပြီး သတင်းစာရှင်းပွဲမှာ ကတည်းက လက်မခံကြောင်း၊ ကျွန်တော်တို့နဲ့ သက်ဆိုင်မှု မရှိကြောင်း ပြောခဲ့ပြီးပါပြီ” ဟု စည်းရုံးရေးကော်မတီ တာဝန်ခံ ရဲမျိုးဆွေက ပြောကြားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်နှင့် စည်းရုံးရေးကော်မတီ တာဝန်ခံကိုရဲမျိုးဆွေက တုံ့ပြန်ဆောင်ရွက်သွားမည် မဟုတ်ကြောင်း၊ CWC သည် ၎င်းတို့နှင့် သက်ဆိုင်မှုမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂအပေါ် ရေးသားထုတ်ပြန်ခြင်းများနှင့် ပတ်သက်၍ ၎င်းတို့အမှုဆောင် ကော်မတီ အဖွဲ့ဝင်များ အချင်းချင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဆောက်လုပ်ရေးကိစ္စ အစိုးရဘက်က တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိသည့်အတွက် နိုင်ငံတော်သမ္မတထံ တင်ပြထားသည့်စာကို မီဒီယာထံ အသိပေးထုတ်ပြန်

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်၌ ပြုလုပ်သော မီဒီယာရှင်းလင်းပွဲကို တွေ့ရစဉ်

7 July အရေးတော်ပုံနှင့် ကျောင်းသားသမဂ္ဂ အဆောက်အအုံဆောက်လုပ်ရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်၌ ဖေဖော်ဝါရီ ၁၀ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဆောက်လုပ်ရေးကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန်အတွက် နိုင်ငံတော်သမ္မထံ တင်ပြထားသည့်စာကို အစိုးရဘက်မှ တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိသည့်အတွက် မီဒီယာများထံ ယခုလို အသိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ၉၆ မျိုးဆက် ကျောင်းသားဟောင်း ကိုရင်ထွန်းက “ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်က အစိုးရထံကို တွေ့ဆုံဆွေးနွေးဖို့အတွက် စာပို့ထားတယ်။ မီဒီယာတွေကို အဲဒီစာနဲ့ ပတ်သက်ပြီး မပြောခဲ့ပါဘူး။ ဒီကြားထဲ ရခိုင်ကိစ္စအပါအ၀င် အခြားကိစ္စတွေလည်းဖြစ်ခဲ့တော့ ကျွန်တော်တို့စောင့်နေခဲ့တယ်။ ဒါပေမဲ့ လက်ရှိမှာ အစိုးရအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ပေါ်လစီမရှိဘူးလို့ ကြားသိရတဲ့အတွက် ကျွန်တော်တို့တွေက အခုအဲဒီတင်ပြထားတဲ့စာကို မီဒီယာတွေကိုဝေပြီး ရှင်းလင်းပြသသွားပါမယ်” ဟု ပြောကြားသည်။

7 July မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးလှရွှေနှင့် ဦးအောင်သူ၊ ဦးသက်တင်တို့က ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဆောက်လုပ်ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန်အတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် နိုင်ငံတော်သမ္မတထံ  အချက် (၅) ချက်ပါဝင်သည့်စာကို ပို့ဆောင်တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါစာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရသည် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားအရေးတော်ပုံ ဖြစ်ပွားခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို သိရှိပြီးဖြစ်မည်ဟု မျှော်လင့်ကြောင်း၊ ယခုအခါတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရက တကသ အဆောက်အအုံဆောက်လုပ်ရေးအတွက် ဘဏ္ဍာငွေ ပြဋ္ဌာန်းပေးပြီး အဆောက်အအုံပြန်လည် ဆောက်လုပ်ရန် အားထုတ်လျက်ရှိပြီး ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံကြီးနှင့် ပတ်သက်သည့် တရားမဲ့မှုများကို မျက်ကွယ်ပြုချန်လှပ်ကာ အရေးတော်ပုံကြီး၏ ကြီးမားသော နိုင်ငံရေး သိက္ခာကို မျက်ကွယ်ပြုရာရောက်ကြောင်း၊ ဇူလိုင် ၇ ရက် သမိုင်းဝင်ရာဇ၀တ် ကျူးလွန်သူများကို ဖုံးဖိကာကွယ်သလိုဖြစ်စေသကဲ့သို့ ကျူးလွန်မှုအပေါ် ဆန့်ကျင်ရှုတ်ချပြီး တရားဝင်မှတ်တမ်းတင်ထားရန် ပျက်ကွက်နေသည့်အတွက် ဇူလိုင် ၇ ရက် အရေးတော်ပုံခေတ် ကျောင်းသားခေါင်းဆောင်များကများစွာ စိတ်မကောင်းဖြစ်ရကြောင်း စသည်ဖြင့် ဖော်ပြပါရှိသည်။

ထို့ပြင် ကျောင်းသားသမဂ္ဂ၏ တရားဝင်တည်ရှိမှုနှင့် တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးဆိုင်ရာကိစ္စ၊ ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံ ပြဿနာများနှင့်ပတ်သက်၍ စာတွင်လက်မှတ်ရေးထိုးထားသည့် ဇူလိုင် ၇ ရက် ကျောင်းသားမျိုးဆက်များအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရအဖွဲ့၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခွင့် ပြုပါရန်တောင်းဆိုကြောင်း နိုင်ငံတော်သမ္မထံတင်ပြထားသည့် စာတွင် ဖော်ပြပါရှိသည်။

ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် ပြုလုပ်သည့် ကျောင်းသားသမဂ္ဂများ အရေးပေါ်အစည်းအဝေးက ကျောင်းထုတ်ခံရသည့် ကျောင်းသားများ ကျောင်းပြန်တက်ခွင့်ရရေး ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်း

ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်းတွင် ပြုလုပ်သည့် ကျောင်းသားသမဂ္ဂများ အရေးပေါ်အစည်းအဝေးသို့ တက်ရောက်လာသော ကျောင်းသူကျောင်းသားအချို့ကို တွေ့ရစဉ်

ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်းတွင် ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်သည့် နိုင်ငံအ၀ှမ်းရှိ ကျောင်းသားသမဂ္ဂများ အရေးပေါ်အစည်းအဝေးက ကျောင်းထုတ်ခံရသည့် ကျောင်းသားများ ကျောင်းပြန်လည် တက်ခွင့်ရရေး ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး တောင်းဆိုရာမှ ကျောင်းထုတ်ခံရသည့် ကျောင်းသား ၅၆ ဦး ကျောင်းပြန်တက်ခွင့် ရရှိရေးအတွက် ဖေဖော်ဝါရီ ၇ ရက်တွင် ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်း၌ ကျောင်းပေါင်း ၃၄ ကျောင်းမှ ကျောင်းသားကိုယ်စားလှယ် ၅၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံအ၀ှမ်းတွင်ရှိသည့် ကျောင်းသားသမဂ္ဂများ အရေးပေါ် မျက်နှာစုံညီအစည်းအဝေးက ကျောင်းထုတ်ခံရသည့် ကျောင်းသားများ ဂုဏ်သိက္ခာရှိစွာ ကျောင်းပြန်တက်ခွင့်ရရေးအတွက် ရတနာပုံတက္ကသိုလ်မှ ကိုရဲမင်းထွန်း၊ ကိုရဲမျိုးဆွေ၊ ပခုက္ကူတက္ကသိုလ်မှ ကိုအောင်ခိုင်မင်း၊ ကိုရဲမင်းကို၊ မိတ္ထီလာတက္ကသိုလ်မှ ကိုမင်းထက်မြတ်၊ မန္တလေးတက္ကသိုလ် မှ ကိုကျော်ဝင်းစိန်၊ မန္တလာဒီဂရီကောလိပ်မှ ကိုတိုးတိုးအေးဝင်းတို့ ပါဝင်သည့် ညှိနှိုင်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး မပြေလည် ပြေလည်အောင် ညှိမယ်လို့တော့ ဆုံးဖြတ်ချက်ချထားတယ်။ ဒါပေမဲ့ ကျေနပ်လောက်တဲ့ အဖြေမရခဲ့ဘူးဆိုရင်လည်း နောက်ထပ် အကောင်းဆုံး နည်းလမ်းတစ်ခုနဲ့ သွားမယ်လို့ ဆုံးဖြတ်ချက်ချထားတယ်။ ကျောင်း ထုတ်ခံရတဲ့ ကျောင်းသားတွေ ဂုဏ်သိက္ခာရှိစွာ ဘယ်လိုကျောင်းပြန်တက်ခွင့် ရအောင်လုပ်ပေးမလဲဆိုတာ ဆွေးနွေးကြပါတယ်”ဟု မြေလတ်ဒေသ ကျောင်းများသမဂ္ဂအဖွဲ့ချုပ်ဥက္ကဋ္ဌ မောင်အောင်ခိုင်မင်းက ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းသည့်နေ့တွင် ပြောကြားသည်။

ဖွဲ့စည်းထားသည့် ညှိနှိုင်းရေးကော်မတီတွင် ပါဝင်သူများက ကျောင်းထုတ်ခံထားရသည့် ကျောင်းသားများ ကျောင်းပြန်တက်ခွင့်ရရေးအတွက် သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူများနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ပြီး တာဝန်ရှိသူများ၏ ပြန်ကြားချက်နှင့် ပတ်သက်၍ ကျောင်းသားအဖွဲ့အစည်းများကို အသိပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျောင်းသား တစ်ယောက်ရဲ့ဘ၀မှာ ကျောင်းထုတ်ခံရတယ် ဆိုတာ အမြင့်ဆုံး အပြင်းထန်ဆုံး ပြစ်ဒဏ်ပါ။ ကျောင်းထုတ်တာကိုတော့ လက်မခံဘူး။ ကျောင်းသားချင်း စာနာတယ်။ ကျောင်းသားထုရဲ့ ပညာသင်ကြားခွင့်ကိုပါ ထိခိုက်တယ်လို့ မြင်တယ်။ ဒါကြောင့်မို့ ကျောင်းထုတ်ခံရတဲ့ ညီအစ်ကိုတွေ ကျောင်းပြန်တက်ခွင့်ရဖို့အတွက် ဆွေးနွေးတာပဲ ဖြစ်ပါတယ်။ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးညှိနှိုင်းခြင်းနဲ့ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့်ရရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မကွေးနည်းပညာတက္ကသိုလ်မှ ကိုချစ်ဝင်းမောင်က ပြောကြားသည်။

ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ ရုံးခန်းတွင် ပြုလုပ်သည့် နိုင်ငံအ၀န်းရှိ ကျောင်းသားသမဂ္ဂများ အရေးပေါ်အစည်းအဝေးသို့ မန္တလေး၊ ကလေး၊ ပခုက္ကူ၊ မိတ္ထီလာ၊ ချောက်၊ သရက်၊ မကွေး၊ မော်လမြိုင်မြို့ရှိ ကျောင်းများမှ သမဂ္ဂကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပညာရေးအသုံးစရိတ် တိုးမြှင့်ရေး တိုက်ပွဲကော်မတီမှ ဦးဆောင်၍ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသူကျောင်းသားများ ပါဝင်သည့် ဆန္ဒပြတောင်းဆိုမှုကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂၂ ရက် နံနက် ၉ နာရီမှစ၍ မန္တလေးတိုင်းဒေသကြီး ရတနာပုံတက္ကသိုလ်တွင် စတင်ပြုလုပ်ခဲ့ရာ ဇန်န၀ါရီ၂၂ ရက် ညနေပိုင်း၊ ၂၃ ရက် နံနက်ပိုင်းနှင့် ၂၄ ရက် ညနေပိုင်းတို့တွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းသားများ တွေ့ဆုံညှိ နှိုင်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြေလည်မှု မရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသားများ ဆန္ဒပြတောင်းဆိုမှုတွင် ပညာရေးအသုံးစရိတ် တိုးမြှင့်ရေး၊ ကျောင်းတွင်း အဆောင်များ တည်ဆောက်ရေး၊ သင်ထောက်ကူပစ္စည်း လုံလောက်ရေး တို့အတွက် တောင်းဆိုခဲ့ကြောင်း သိရပြီး ဆွေးနွေးညှိနှိုင်းမှုများအပြီး ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂၅ ရက် နံနက် ၄ နာရီခန့်တွင် ဆန္ဒပြကျောင်းသားများအား ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ခေါ်ဆောင်ကာ ဒေသအသီးသီးရှိ ကျောင်းသူကျောင်းသားများ၏ နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးနောက် တက္ကသိုလ်အသီးသီးမှ အဆိုပါဆန္ဒပြမှုတွင် ပါဝင်သော ကျောင်းသူကျောင်းသားများအား ကျောင်းထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ပညာရေးအသုံးစရိတ်ကို ယခင်နှစ် ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်အတွက် ဘီလျံ ၁၆၉၀ ရရှိခဲ့ပြီး ဘီလျံ ၁၀၀၀ ခန့်ကို ပညာရေး ၀န်ထမ်းများအတွက် အသုံးပြုခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်းရှိ အခြေခံကျောင်းများမှစ၍ တက္ကသိုလ်အဆင့်အထိ ကျောင်းသားဦးရေ ကိုးသန်းခန့် ရှိပြီး ၎င်းတို့အတွက် ဘီလျံ ၆၉၀ သာရရှိပြီး ယခုနှစ် ၂၀၁၈ ခုနှစ်အတွက် ခြောက်လစာ ပညာရေးအသုံးစရိတ် ဘီလျံ ၈၀၀ ကျော်သာ အသုံးပြုခွင့်ရရှိခဲ့ကြောင်း သိရသည်။