မိသားစုစီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ စွပ်စွဲမှုများ မမှန်ကန်ကြောင်း ဧရာဝတီတိုင်း ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည့် မန်းဂျော်နီ ရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည့် မန်းဂျော်နီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

ဧရာတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရခြင်းမှာ မိသားစုစီးပွားရေး လုပ်ငန်းများကို မထိန်းချုပ်နိုင်သောကြောင့်ဟု ပြည်တွင်းသတင်းမီဒီယာ တစ်ခု၌ စွပ်စွဲ ရေးသားထားမှုမှာ မှန်ကန်မှု မရှိကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်ရာထူးနှင့် ပါတီဗဟို CEC ရာထူးတာဝန်တွင် ဆက်လက်ရှိနေမည် ဖြစ်ကြောင်း ၀န်ကြီးချုပ် (ငြိမ်း) မန်းဂျော်နီက ဇန်န၀ါရီ ၁၂ ရက်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၀န်ကြီးချုပ်ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မန်းဂျော်နီက ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ရှင်းလင်း ပြောကြားစဉ် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရခြင်းမှာ ကျန်းမာရေး မကောင်းတော့သောကြောင့် တာဝန်များကို အပြည့်အ၀ မထမ်းဆောင်နိုင်တော့မည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း၊ ကျန်းမာရေး အနေအထားမှာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်ပွဲတွင် ဘောလုံးကန်စဉ်က လက်ကျိုးခဲ့ခြင်း၊ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ထိခိုက်မှုများ ရှိခဲ့ခြင်း၊ မျက်လုံးခွဲစိတ်ထားရခြင်း၊ အူရောင်ငန်းဖျား ရောဂါကဲ့သို့ ရောဂါဖြစ်ပွားနေခြင်း တို့ကြောင့် အနားယူခဲ့ခြင်း ဖြစ်ကြောင်း၊ ၀န်ကြီးချုပ်အဖြစ် နှစ်နှစ်တာကာလ တာဝန်ယူခဲ့စဉ်အတွင်း တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာလုပ်ဆောင် ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်မည့် ၀န်ကြီးချုပ်အသစ်မှာလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင်ကိုယ်စားလှယ်သာ ဖြစ်သောကြောင့် ၀န်ကြီးချုပ် ဖြစ်သော်လည်း ပါတီအတွင်း Roll အရ ၎င်းမှာ CEC ဖြစ်နေသောကြောင့် ကူညီထိန်းကျောင်း ပေးနိုင်မည် ဖြစ်ကြောင်း၊ ၎င်းရာထူးမှ နုတ်ထွက်ရသည့် အကြောင်းနှင့် ပတ်သက်၍ မိသားစုစီးပွားရေး လုပ်ငန်းများကို မထိန်းချုပ် နိုင်သောကြောင့်ဟု စွပ်စွဲရေးသား ဖော်ပြနေခြင်းမှာ မှန်ကန်မှုမရှိကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ် (ငြိမ်း) မန်းဂျော်နီက ပြောကြားသည်။

“အဲဒါသိပ်ကြိုက်တာပေါ့။ ဒီထဲမှာ ဧရာဝတီ သတင်းထောက်များပါလား။ ပါလို့ရှိရင် ပြောပါ။ အဲဒီလိုလုပ်တဲ့သူ ချက်ချင်းပြောပါ။ ငါအခုသွားဖမ်းပြီးတော့ ငါအခု ထောင်ထဲထည့်မယ်။ အခုပြော ငါ့ဆီမှာ အဲဒီလောက်ထိ လုပ်ငန်းကို လုပ်နိုင်တဲ့ စီးပွားရေး လုပ်ငန်းဆိုတာ မရှိဘူး။ ငါကိုယ်တိုင်လည်း မလုပ်နိုင်လို့ ဆင်ခေါင်းကြီး သွားကြည့်ပါ။ အခုပြီးရင် လိုက်ပြပေးမယ်။ ငါ့အစ်မကြီး မနေ့တစ်နေ့ကမှ သေသွားတယ်။ သူဘယ်လို နေပြီးတော့ ဘယ်လိုစားရတယ်ဆိုတာ အခုပြောထားသည် လုံးဝလက်မခံနိုင်ဘူး။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ အခုသားကို ပြောပြီးပြီနော်။ မင်းကိုပြောပြီးပြီနော်။ ချက်ချင်းပြောပါ။ အဲဒီလူက ဘယ်သူလဲ။ ချက်ချင်းပြော။ အဲဒီလူကို ချက်ချင်းဖမ်းပြီးတော့ ချက်ချင်းအချုပ်ထဲ ထည့်ပစ်လိုက်မယ်။ အဲဒီအထိ ကတိပေးရဲပါတယ်” ဟု ၀န်ကြီးချုပ် (ငြိမ်း) မန်းဂျော်နီက ပြောကြားသည်။

ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သော မန်းဂျော်နီက မီဒီယာများအား ရှင်းလင်းမှုအပြီး နှုတ်ဆက်နေစဉ် (ပုံသေး)၊ သတင်းရယူနေသူများအား တွေ့ရစဉ် (ပုံကြီး)

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင်သာမက အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ၀န်ကြီးများ ရာထူးမှ နုတ်ထွက်ရသည့် အကြောင်းမှာ ပါတီအတွင်း ဖိအားများကြောင့် နုတ်ထွက်ရသည်ဟု သတင်းများ ထွက်ပေါ်နေမှုအပေါ် ၀န်ကြီးချုပ်(ငြိမ်း) မန်းဂျော်နီက ပါတီဗဟို CEC တစ်ဦးအနေဖြင့် “တို့က CEC ဖြစ်တဲ့အတွက်ကြောင့်မို့ တို့ကောင်းကောင်းသိတယ်။ အခြားတိုင်း မကွေးတိုင်း နောက်ပဲခူးလား ထွက်သွားတယ်။ ဒီဧရာဝတီတိုင်းကတော့ ကိုယ်ကိုယ်တိုင် လိုလိုလားလားနဲ့ ကျန်းမာရေးကြောင့် စိတ်ရွှေ့ရာ ခန္ဓာကိုယ်က မပါနိုင်တော့ဘူးလေ။ တာဝန်အပြည့်အ၀ မထမ်းဆောင်နိုင်မှာစိုးလို့ တခြားတိုင်းတွေကျတော့ ငါမပြောတတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောတာနော်။ တခြားတိုင်းတွေရဲ့ အစိတ်အပိုင်းကတော့ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ငါမပြောတတ်ဘူး။ သူတို့ဟာနဲ့ သူတို့ပေါ့။ ငါမသိဘူး” ဟု ပြောကြားသည်။

ဝန်ကြီးချုပ် (ငြိမ်း) မန်းဂျော်နီမှာ ၀န်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှ စတင်ကာ အဂတိတရား ကင်းစင်ရေးအား အစွမ်းကုန် လုပ်ဆောင်သွားမည်ဟု ကြွေးကြော်လုပ်ဆောင် ခဲ့သော်လည်း ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် နှစ်နှစ်တာကာလအတွင်း ၀န်ထမ်းများကို ထိန်းချုပ်နိုင်မှု နည်းပါးခဲ့သည်ဟု ဝေဖန်မှုများ အပေါ်တွင်လည်း ၀န်ကြီးချုပ် (ငြိမ်း) မန်းဂျော်နီက အဂတိလိုက်စားမှုများမှာ သိမ်မွေ့နက်နဲလွန်းကြောင်း၊ ပြည်သူများ ပူးပေါင်းမပါဝင်ပါက အောင်မြင်မည် မဟုတ်ကြောင်း၊ ပြည်သူများမှ တိကျစွာ တိုင်ကြားမှုများ မရှိခဲ့သောကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု နည်းပါးခဲ့ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ် (ငြိမ်း) မန်းဂျော်နီက ထည့်သွင်း ပြောကြားသည်။

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်မည့် ကျောက်ချွန်တံတား ဆောက်လုပ်နေပြီဖြစ်ပြီး ကမ်းခြေပတ်လမ်းအတွက် အဓိက အရေးပါသော တံတားဖြစ်နေ

ကျောက်ချွန်တံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဦးဖိုးစံ)

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်မည့် ကျောက်ချွန်တံတား ဆောက် လုပ်နေပြီဖြစ်ပြီး  ကမ်းခြေပတ်လမ်းအတွက် အဓိကအရေးပါသော တံတားဖြစ်နေကြောင်းနှင့် ဂွမြို့မှ ၁၀ မိုင်ခန့်အကွာတွင် ရှိကြောင်း သိရသည်။

အဆိုပါတံတားသည် ဧရာဝတီတိုင်းမှ ပေါက်လှဂျိုင်ကျေးရွာနှင့် ဂွမြို့နယ် ကျောက်ချွန်ကျေးရွာတို့အား ဆက်သွယ်ဖောက်လုပ်သည့် တံတားဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအား ဆက်သွယ်ဖောက်လုပ်သည့် တံတားဖြစ်ကာ ကမ်းခြေပတ်လမ်း တည်ဆောက်ရန်အတွက် အရေးပါသော တံတားဖြစ်ပြီး ပေ ၂၀၀ အရှည်သာ ရှိကြောင်းလည်း သိရသည်။

အဆိုပါ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ ယမန်နေ့က သွားရောက် လေ့လာခဲ့ပြီး ဧရာဝတီတိုင်းသို့ တိုက်ရိုက် သွားလာနိုင်မည့် အရေအတွက် ယင်းနှင့်ပတ်သက်ပြီး သွားရောက်လေ့လာရာတွင် ပါဝင်ခဲ့သူ ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက “အဲဒီတံတားဟာ အရေးပါတဲ့ တံတားတစ်စင်း ဖြစ်တယ်။ ရခိုင်ပြည်နယ် ဂွမြို့နဲ့ဆိုရင် ၁၀ မိုင်သာဝေးတယ်။ အဲဒီတံတားကို ဖောက်လိုက်တာနဲ့ ဧရာဝတီတိုင်းထဲကို ရောက်သွားတယ်။ ပုသိမ်နဲ့ဆိုရင် မိုင် ၅၀ လောက်ဝေးတယ်။ ဂွမြို့နယ်ဘက်မှာတော့ လမ်းကို ဖောက်လုပ်နေပြီ ဖြစ်တဲ့အတွက် ကားတွေတောင် သွားလို့ရနေပြီ။ ဒါပေမဲ့ ပုသိမ်ဘက်မှာတော့ လမ်းကြမ်းသာ ရှိသေးတယ်လို့ သိရတယ်၊ ကမ်းပတ်လမ်းလည်း ဖြစ်တဲ့အတွက် ငပလီနဲ့လည်း ဆက်သွယ်နိုင်မယ့်လမ်းဖြစ်တယ်။ နောက်ပြီး ဂွမြို့နယ်အတွင်းမှာလည်း ဟိုတယ်လုပ်ငန်းတွေ တည်ဆောက်သွားဖို့ ရှိတဲ့အတွက် ဧရာဝတီတိုင်းက တိုက်ရိုက်လာရောက်နိုင်မှာ ဖြစ်တယ်” ဟု ပြောကြားသည်။

လက်ရှိအနေအထားတွင် အဆိုပါ တံတားဘက်သို့သွားသည့် လမ်းတစ်လျှောက်ရှိ ကျေးရွာများတွင်လည်း လျှပ်စစ်မီးများကို ဧရာဝတီတိုင်းမှ ရယူထားပြီး ဖြစ်ကြောင်းနှင့် ဂွမြို့အနီးတွင် မြစ်ကူးတံတား တစ်စင်းကိုလည်း တည်ဆောက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့သော်လည်း ဇက်ဖြင့်သာကူးရန် အစိုးရမှ ရှင်းလင်းပြောကြားချက်များ ရှိခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီအား တိုင်းဒေကြီးဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြု

ဓာတ်ပုံ – မန်းဂျော်နီ Facebook

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီအား ယင်း၏ သဘောဆန္ဒအလျောက တိုင်းဒေကြီးဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဇန်န၀ါရီ ၉ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကို ယင်း၏ သဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ပါရှိသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဘဟိန်းကိုလည်း ယင်း၏ သဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီလ ၉ ရက် ရက်စွဲဖြင့် ထပ်မံထုတ်ပြန်ထားကြောင်း သိရသည်။

 

အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ဧရာဝတီတိုင်း အတွင်းရှိ ဆားလယ်များ သုံးကြိမ်တိုင်တိုင် ပျက်စီးခဲ့ရပြီး ယနေ့အချိန်အထိ ဆားကြမ်းများ မထွက်ရှိသေးကြောင်း သိရ

လပွတ္တာမြို့နယ်မှ ဆားလုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ်

အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဆားလယ်များမှာ မိုးရေများ ၀င်ရောက်၍ ပျက်စီးခဲ့ရပြီး ယနေ့အချိန်အထိ ဆားကြမ်းများ မထွက်ရှိသေးဘဲ ထပ်မံမိုးရွာသွန်းမှုများ ဖြစ်ပေါ်လာပါက ယခုနှစ်တွင် ဆားကြမ်း လုံးဝမထွက်ရှိသည့် နှစ်တစ်နှစ် ဖြစ်လာမည် ဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များထံမှ သတင်း ရရှိသည်။

ဆားရာသီ စတင်ချိန်မှ စတင်ကာလစဉ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေသောကြောင့် ဆားလယ်များအတွင်း မိုးရေများ ၀င်ရောက်ကာ ဆားရေများ ပျက်စီးခဲ့ရကြောင်း၊ မိုးရွာသွန်းမှု ရပ်တန့်ချိန်တွင် လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေလျက် ရှိသော်လည်း နေလှမ်းဆားကြမ်း ထုတ်လုပ်ခါနီးချိန်တွင် မိုးထပ်မံရွာသွန်းမှုများ ဆက်တိုက် ကြုံတွေ့နေရကြောင်း၊ ဆားရာသီ စတင်ချိန်မှာ သုံးလကျော်ကြာမြင့်လာပြီ ဖြစ်သော်လည်း ယနေ့အချိန်အထိ မည်သည့်ဆားကြမ်းမျှ သိမ်းဆည်းနိုင်ခြင်း မရှိသေးကြောင်း၊ ဆားတောင်သူများ အနေဖြင့်လည်း ဆားလယ်များ အကြိမ်ကြိမ် ပျက်စီးမှုများကြောင့် ရင်းနှီးမတည်ငွေများ ဆုံးရှုံးခြင်း ကြွေးမှီတင်ခြင်းများပါ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အခုထိကို ဆားကမထွက်ဘူး၊ ပျက်တာ သုံးကြိမ်ရှိပြီ။ ပျက်လိုက် ပြန်လုပ်လိုက်နဲ့ အရင်းကတော်တော် ကြီးသွားပြီ။ လုပ်ငန်းလုံးဝရပ်လိုက်တဲ့ တောင်သူရယ်တော့ မရှိသေးဘူး။ ရာသီချိန်က နည်းနည်း ကျန်နေသေးတော့ ဆက်လုပ်နေကြသေးတယ်။ ဆားကြမ်းဈေးက အခုဆို တစ်ပိဿာကို ၁၆၅ ကျပ် ဈေးရှိတယ်။ ဆားသန့်ရင် တစ်ပိဿာကို ၁၈၀ အထိရှိတယ်။ ဒါကလည်း ဆားကြမ်းမရှိတော့လို့ ဈေးရှိနေတာ။ အခုထိ ဘယ်တောင်သူမှ ဆားကျုံးလို့ရပြီဆိုတဲ့ တောင်သူမှမရှိဘူး” ဟု လပွတ္တာမြို့နယ်မှ ဆားတောင်သူ ဦးသိန်းဇော်ဦးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဆားတောင်သူများမှာ နာဂစ်မုန်တိုင်းအပြီး နောက်ပိုင်းမှစတင်ကာ နှစ်စဉ် ဆားကြမ်းဈေးနှုန်းများ ကျဆင်းခဲ့ရမှုကြောင့် ဆားလုပ်ငန်း လုပ်ကိုင်လိုသည့် တောင်သူဟူ၍ နှစ်စဉ် နည်းပါးလာခဲ့ပြီး ၂၀၀၈-၂၀၀၉ ဆားရာသီတွင် ဆားတောင်သူ ၈၀၃၊ ဆားလယ် ၃၀၃၇၇ ဧက ရှိခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ဆားရာသီတွင် ဆားတောင်သူ ၃၉၁ ဦးသာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ခဲ့ပြီး ဆားလယ် ၁၅၅၈၇ ဧကသာ ကျန်ရှိတော့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ကျန်းမာရေးကြောင့် ရာထူးမှအနားယူခွင့်ပြုပါရန် နုတ်ထွက်စာတင်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းက ၀န်ကြီးရာထူးမှ နုတ်ထွက်အနားယူခွင့်ပြုပါရန် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတထံသို့ ဇန်န၀ါရီ ၂ ရက်က စာဖြင့်တင်ပြခဲ့ကြောင်း သတင်းရရှိသည်။

စိုက်ပျိုးရေးပညာရှင် ၀န်ကြီးဦးဘဟိန်းမှာ အသက်အရွယ်ကြီးမြင့်မှုနှင့် ကျန်းမာရေးအခြေအနေများကြောင့် အလုပ်တာဝန်များကို ကျေပွန်စွာမထမ်းဆောင်နိုင်မည်စိုးသဖြင့် နုတ်ထွက်ရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၀န်ကြီးရာထူးတာဝန်များကို ထမ်းဆောင်လျက်ရှိပြီး နုတ်ထွက်စာအား အတည်ပြုပြီးချိန်မှ အနားယူသွားမည်ဖြစ်ကြောင်း၊ ရာထူးမှ နုတ်ထွက်ရခြင်းမှာ မည်သည့်ဖိအားများကြောင့်မှမဟုတ်ကြောင်း ၀န်ကြီးက ပြောကြားသည်။

“ဟုတ်တယ်။ လျှောက်လွှာတောင်တင်လိုက်ပြီ။ ကျန်းမာရေးမကောင်းလို့ တစ်စုံတစ်ရာရဲ့ ဖိအားပေးမှုမရှိပါဘူး။ ဘာမှမရှိပါဘူး။ ပျော်ပျော်ကြီးလုပ်ပါတယ်။ ဒီနေ့ပဲတင်လိုက်တာပါ။ ဒါကတော့မပြောတတ်ဘူး။ ကျန်းမာရေးအခြေအနေပေါ့” ဟု ၀န်ကြီးဦးဘဟိန်းက ပြောကြားသည်။

ဝန်ကြီးဦးဘဟိန်းရာထူးမှ နုတ်ထွက်မည့်အကြောင်းကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များမှ ကြိုတင်သိရှိခြင်းမရှိကြောင်း၊ ကျန်းမာရေးမှာလည်း အနားယူရန်လိုအပ်သည့် အခြေအနေသို့ ရောက်ရှိနေသူမဟုတ်ကြောင်း၊ စိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း မကြာခဏဖြစ်ပွားလေ့ရှိသည့် စပါး၊ ငါးပြဿနာနှင့် အင်းပြဿနာများကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနေသူဖြစ်သောကြောင့် တိုင်းဒေသကြီးအတွက် ဆုံးရှုံးနစ်နာမှုဖြစ်ကြောင်း သုံးသပ်ပြောကြားမှုများလည်း ရှိနေသည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းမှာ ၁၉၄၅ ခုနှစ် မတ် ၁၅ ရက်တွင် မွေးဖွားခဲ့ပြီး ကျောင်းကုန်းမြို့နယ်တွင် နေထိုင်သူဖြစ်ကာ M.Sc (Ag. Extension Education) The Ohio State University, Columbus, USA၊ B.Ag (General Agriculture) Institute of Agriculture, Mandalay၊ Matriculation, Monywa District, Sagaing Division ဘွဲ့များရရှိခဲ့ပြီး စိုက်ပျိုးရေးနှင့်ပက်သက်သည့် စာအုပ်စာတမ်းများစွာကို ပြုစုခဲ့သူဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တိုင်းဒေသကြီးဝန်ကြီးအဖြစ် တင်မြှောက်ခဲ့သူဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အငြင်းပွားမှုများဖြစ်နေသည့် ရေချိုငါးဖမ်းဥပဒေအား ပြင်ဆင်ရေးဆွဲနိုင်ရန် ညှိနှိုင်းနေဆဲကာလမှာပင် ၀န်ကြီးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး အစုအဖွဲ့ ရေလုပ်သားငယ်များအား အင်းလေလံများချထားပေးရေးအတွက် ဆောင်ရွက်ခဲ့မှုကြောင့် ပုသိမ်မြို့တွင် အင်းလုပ်သားကြီးများက ၀န်ကြီးအား ရာထူးမှနုတ်ထွက်ပေးရေး ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ရေလုပ်သားငယ်များကလည်း ၀န်ကြီးအား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲများ တန်ပြန်ပြုလုပ်ခြင်းကို ကြုံတွေ့ခဲ့ရသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဖျာပုံမြို့နယ်တွင် ပင်လယ်ပြင်အတွင်း လေကြမ်းတိုက်ခတ်မှုကြောင့် မျောပါသွားသော ကျားဖောင်များမှ ရေလုပ်သား ၂၄၆ ဦး ပြန်လည်တွေ့ရှိထားပြီး ၁၂ ဦးအား ရှာဖွေလျက်ရှိ

ဖျာပုံမြို့နယ်မှ ငါးပုဇွန်ဖမ်းသည့် ကျားဖောင်များအား တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ပင်လယ်ပြင်အတွင်း လေကြမ်းတိုက်ခတ်မှုကြောင့် မျောပါသွားသော ကျားဖောင်များမှ ရေလုပ်သား ၂၄၆ ဦး ပြန်လည်တွေ့ရှိကာ ၁၂ ဦးအား ရှာဖွေလျက်ရှိကြောင်း ဒီဇင်ဘာ ၂၉ ရက်က ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဒီဇင်ဘာ ၂၇ ရက်အထိ ပင်လယ်လေကြမ်းဖြင့် မျောပါသွားသည့် ကျားဖောင်များမှ ကျားဖောင် ၆၁ ဖောင် ပြန်လည်ရရှိပြီး ၂၃ ဖောင်မှာ ပျက်စီးသွားကြောင်း၊ ရှာဖွေဆဲ ကျားဖောင်လေးဖောင် ဖြစ်ကြောင်းနှင့် ရေလုပ်သား ၂၄၆ ယောက် ပြန်လည်ရှာဖွေတွေ့ရှိပြီး ၁၂ ယောက်ကို ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။

“ဖြစ်တယ်ဆိုတဲ့ သတင်းကြားတဲ့ နောက်ပိုင်းမှာ သက်ဆိုင်ရာ ကျားဖောင်ပိုင်ရှင်တွေကို ရေလုပ်ငန်း အဖွဲ့တွေရော ကျေးရွာအုပ်ချုပ်ရေးနဲ့ ကျွန်တော်တို့ရဲတပ်ဖွဲ့ စုပေါင်းပြီးတော့မှ ရှာဖွေတယ်။ တချို့ကတော့  ကျားဖောင်မျောပြီး ပြန်ရောက်လာတယ်။ တချို့လည်း ကျားဖောင်ပျက်စီးပြီး သက်ဆိုင်ရာ ငါးဖမ်းစက်လှေတို့ တခြားသော လိုက်ရှာတဲ့ အဖွဲ့တွေနဲ့တွေ့ပြီး ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ဦးခင်မောင်လတ်က ပြောကြားသည်။

ဖျာပုံမြို့နယ်တွင် နှစ်စဉ်အရှေ့မှ လေနီကြမ်း တိုက်ခတ်ပါက ကျားဖောင်ကြိုးများပြတ်ကာ ပင်လယ်တွင်း မျောပါမှုများဖြစ်ပွားတတ်ပြီး လေနှင့်အတူ ကမ်းစပ်သို့ ပြန်လည် ရောက်ရှိခဲ့သူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၀ ရက်တွင် ဖျာပုံမြို့နယ် အမာမြို့မှ ဒေါ်ညိမ်းကျေးရွာအုပ်စု ခါးပြတ်ကျေးရွာ၊ အေးသာယာ ကျေးရွာအုပ်စုမှ မြစ်တန်းကျေးရွာ၊ ဒေးဒလူကျေးရွာအုပ်စုမှ ငါးပုဇွန်ရှာဖွေ ဖမ်းဆီးသည့် ကျားဖောင် ၈၆ ဖောင်မှ ဖောင်တစ်ဖောင်လျှင် ရေလုပ်သား သုံးဦးနှုန်း လိုက်ပါသောကြောင့် ၂၅၈ ဦးမှာ ပင်လယ်ပြင် အရှေ့လေကြမ်း တိုက်ခတ်မှုကြောင့် ပင်လယ်တွင်းသို့ မျောပါသွားခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

ပြင်စလူမြို့ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်တွင် ငါးဖမ်းစက်လှေတစ်စင်း နစ်မြုပ်ကာ ရေလုပ်သားငါးဦး ပျောက်ဆုံးနေ

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်မှ လပွတ္တာမြို့နယ် ပြင်စလူမြို့၏ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်တွင် ငါးဖမ်းစက် လှေတစ်စင်းနစ်မြုပ်ကာ ရေလုပ်သားငါးဦး ပျောက်ဆုံးနေကြောင်း ဒီဇင်ဘာ ၂၉ ရက်က ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပိုင်ရှင် ဦးသာထွန်း၏ ကမ်းနီးကမ်းဝေး ငါးဖမ်းစက်လှေ သီတာမွန် (၁) မှာ ဒီဇင်ဘာ ၂၈ ရက် နံနက် ၄ နာရီခန့်တွင် ငါးဖမ်းနေစဉ် လှိုင်းလေဒဏ်ကြောင့် နစ်မြုပ်ခဲ့ရာ အနီးရှိ ငါးဖမ်းလှေများနှင့် ပမ္ပ၀တီ ရေတပ်စခန်းမှ စစ်ရေယာဉ်မှ ကယ်ဆယ်ခဲ့ရာ ရေလုပ်သား ၂၁ ဦးကို ဆယ်ယူကယ်တင်နိုင်ခဲ့ပြီး ရေလုပ်သားငါးဦး ပျောက်ဆုံးနေသေးသည်ဟု သိရသည်။

“တိမ်းစောင်းပြီး မြုပ်တဲ့အချိန်မှာ ဘေးနားမှာရှိတဲ့ စက်လှေတွေနဲ့ စစ်ရေယာဉ် ၅၅၉ ကလည်း ဘေးမှာရှိနေတော့ ဒါတွေကို ကယ်ဆယ်ပြီးတော့မှ ဟိုင်းကြီးကျွန်း ဆိပ်ကမ်းအထိ ပြန်ပို့ပေးခဲ့တာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ဦးခင်မောင်လတ်က ပြောကြားသည်။

၎င်းငါးဖမ်းစက်လှေတွင် ရေလုပ်သား ၂၆ ဦးပါရှိကာ ဆယ်ယူရရှိသည့် ရေလုပ်သား ၂၁ ဦးအား ဟိုင်ကြီးကျွန်း ဆိပ်ခံတံတားထိ ပို့ဆောင်ခဲ့ပြီး ပျောက်ဆုံးနေသော ရေလုပ်သားငါးဦးအား အနီးပတ်ဝန်းကျင်ရှိ ငါးဖမ်းစက်လှေများဖြင့် လိုက်လံရှာဖွေ လျက်ရှိကြောင်း သိရသည်။

 

မော်လမြိုင်ကျွန်း မြို့မရဲစခန်းမှ အချုပ်သား ၁၀ ဦး ထွက်ပြေးမှုနှင့် ပတ်သက်၍ အခြားအဆင့် ရဲတပ်ဖွဲ့ဝင်များအား ထောင်ဒဏ်ချမှတ်

လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့မရဲစခန်းမှ အချုပ်သား ၁၀ ဦး ထွက်ပြေးမှုနှင့် ပတ်သက်၍ အခြားအဆင့် ရဲတပ်ဖွဲ့ဝင်များအား ထောင်ဒဏ်ချမှတ် အရေးယူခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးအား ထောင်ဒဏ်များချမှတ် အပြစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အလှည့်ကျကင်းကတော့ ထောင်တစ်နှစ်ကျတယ်။ ကျန်တဲ့ အလှည့်ကျကင်း မဟုတ်သူတွေကတော့ သုံးလကျတာ ရှိပါတယ်။ အခြားအဆင့် ခုနစ်ဦးကိုတော့ ကျွန်တော်တို့ အပြစ်ပေး အရေးယူပြီးသွားပြီ။ ကျန်တဲ့အရာရှိ လေးဦးကိုတော့ ဌာနချုပ်ရဲ့ အတည်ပြုအမိန့်ကို စောင့်နေပါတယ်” ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးခင်မောင်လတ်က ပြောကြားသည်။

အချုပ်သား ၁၀ ဦး ထွက်ပြေးမှုနှင့် ပတ်သက်၍ ကင်းမှူးတစ်ဦးနှင့် ကင်းသားခြောက်ဦးအပြင် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူး၊ တာဝန်မှူးတို့ကိုလည်း ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူထားပြီး ပြစ်ဒဏ်ကို အတည်ပြုနိုင်ရန် ရဲတပ်ဖွဲ့ဌာနချုပ်ထံ တင်ပြထားကြောင်း သိရသည်။

မော်လမြိုင်ကျွန်း မြို့မရဲစခန်းမှ အချုပ်သားများထွက်ပြေးမှု ဖြစ်စဉ်မှာ သြဂုတ် ၂၅ ရက် နံနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲစခန်း အဆောက်အအုံဟောင်း အပေါ်ထပ် အချုပ်ခန်းရှိ ရေသုံးသည့်နေရာမှ ဆွေးမြည့်နေသည့် ပျဉ်နေရာကို ရိုက်ချိုးပြီး ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ရဲစခန်း အဆောက်အအုံသစ် အချုပ်ခန်း၌ အချုပ်သားများထားရှိမှု မလုံလောက်သဖြင့် အဆောက်အအုံဟောင်း အပေါ်ထပ်၌ အချုပ်သားများ ထားရှိထားခြင်းဖြစ်ပြီး အဆိုပါ အချုပ်ခန်း၌ အချုပ်သား ၄၁ ဦးရှိသည့် အနက် ၁၀ ဦး ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရဲစခန်းအချုပ်ခန်းမှ ထွက်ပြေးခဲ့သည့် အချုပ်သား ၁၀ ဦးအနက် ခုနစ်ဦးအား ပြန်လည် ဖမ်းဆီးရမိထားပြီဖြစ်ပြီး ကျန်သုံးဦးမှာ ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်ကြောင်း သိရသည်။

 

သာပေါင်းမြို့နယ် သပြုဆင်စခန်းအနီးရှိ ဘောမိချောင်းကမ်းစပ်တွင် တောဆင်ရိုင်း အမတစ်ကောင် သေဆုံးလျက်တွေ့ရှိ

ဘောမိချောင်း ကမ်းစပ်တွင် တောဆင်ရိုင်း အမတစ်ကောင် သေဆုံးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး)

ဧရာဝတီတိုင်း ဒေသကြီးသာပေါင်းမြို့နယ် ပျဉ်မထုံးကျေးရွာအုပ်စု သပြုဆင်စခန်း အနီးရှိ ဘောမိချောင်း ကမ်းစပ်တွင် တောဆင်ရိုင်း အမတစ်ကောင် သေဆုံးနေသည်ကို  ဒီဇင်ဘာ ၁၂ ရက်က တွေ့ရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါသေဆုံးနေသည့် တောဆင်ရိုင်း အမတစ်ကောင်မှာ သက်တမ်း ၃၅ နှစ်ခန့်ဖြစ်ပြီး အစွယ်လုံးပတ် ၄ ဒသမ ၅ လက်မ၊ အလျား ငါးလက်မ၊ ခန္ဓာကိုယ်လုံးပတ် ကိုးပေ ၁၀ လက်မ၊ အမြင့် ခြောက်ပေ ရှစ်လက်မခန့် ရှိပြီး ရှေ့ခြေသည်းငါးခု၊ နောက်ခြေသည်း လေးခုပါရှိကာ အမြီး လေးပေကျော်ဖြစ် ကြောင်း၊ ဘောမိချောင်း ကမ်းစပ်တွင် အနောက်မြောက်သို့ ဦးတည်လျက် ပုဆစ်တုပ် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သာပေါင်းမြို့မရဲစခန်းမှ သိရသည်။

“သတင်းပေးချက်အရ သစ်တောဦးစီးဌာနက ဦးစီးဘိနယ်တာဝန်ခံတောအုပ် မြန်မာ့သစ်လုပ်ငန်းက ဆင်ဆရာဝန်ရယ်နဲ့ ပူးပေါင်းပြီး သွားရောက်ခဲ့တာမှာ တောဆင်ရိုင်း အမတစ်ကောင် သေနေတာကို တွေခဲ့တာပါ” ဟု သာပေါင်းမြို့မစခန်း တာဝန်ရှိသူထံက သိရသည်။

အဆိုပါ တောဆင်ရိုင်းအမ သေဆုံးရခြင်းမှာ ဘယ်ဘက်လက်လယ်ဂုတ် (မင်းထိုင်) အနီးနှင့် ညာနားရွက်တို့တွင် လွန်ခဲ့သော သုံးလခန့်က ရရှိထားသည်ဟု ယူဆရသည် ဒဏ်ရာများကြောင့် ရောဂါပိုးများ ၀င်ရောက်ကာ အင်အားချည့်နဲ့ပြီး သေဆုံးခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၁ ရက် ညပိုင်းတွင် သေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း မြန်မာသစ်ထုတ်လုပ်ငန်းမှ ဒေါက်တာမျိုးမင်းဦးက စစ်ဆေးတွေ့ရှိခဲ့သည်။

ဒီဇင်ဘာ ၁၂ ရက်တွင် သေဆုံးနေသည့် တောဆင်ရိုင်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဆင်စွယ်အား သာပေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ ထိန်းသိမ်းထားကြောင်း သာပေါင်းမြို့မရဲစခန်းမှ သိရသည်။

 

လပွတ္တာမြို့နယ်တွင် သက်ငယ်မုဒိမ်းမှုများစွာ ဖြစ်ပွားနေပြီး အမှုအချို့တွင် အမှုဖွင့်တိုင်ကြားခြင်း မလုပ်ရန် ရဲ၊ ကျေးရွာတာဝန်ရှိသူနှင့် မှုခင်းသတင်းထောက်ဟု ဆိုသူများက ငွေကြေးဖြင့် ညှိနှိုင်းကျေအေးစေပြီး နစ်နာသူများထံမှ ငွေကြေးပြန်လည် တောင်းခံခြင်းများ ပြုလုပ်နေဟုဆို

လပွတ္တာမြို့နယ်တွင် သက်ငယ်မုဒိမ်းမှု များစွာဖြစ်ပေါ်နေပြီး အမှုအချို့တွင် နစ်နာသူများမှ အမှုဖွင့်တိုင်ကြားခြင်း မပြုလုပ်ရန် နယ်မြေရဲကင်းများမှ ရဲတပ်ဖွဲ့ဝင်အချို့၊ ကျေးရွာရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် မှုခင်းသတင်းထောက်ဟု ဆိုသူများက ကျူးလွန်သူနှင့် ပူးပေါင်း၍ ငွေကြေးဖြင့် ညှိနှိုင်းကျေအေးစေခြင်း၊ နစ်နာသူများထံ ခြိမ်းခြောက်ငွေကြေး တောင်းခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း စေတနာ လူမှုဝန်ထမ်း အရာရှိ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၏ မှတ်တမ်းများနှင့် နစ်နာသူ ကာယကံရှင်အချို့၏ အဆိုအရ သိရသည်။

နာဂစ်မုန်တိုင်းအပြီး နောက်ပိုင်းတွင် လပွတ္တာမြို့နယ်ရှိ ကျေးရွာများတွင် သက်ငယ်မုဒိမ်း ဖြစ်ပွားမှုဖြစ်စဉ် အလွန်များလာပြီး အမှုဖြစ်စဉ် အချို့မှာ ရဲစခန်းများ၌ တိုင်တန်းခြင်းမရှိဘဲ နစ်နာသူများ၏ မသိနားမလည်မှုများကို အကြောင်းပြုကာ ကျေးရွာဆယ်အိမ်မှူး၊ ရာအိမ်မှုများနှင့် ရဲတပ်ဖွဲ့ဝင်အချို့က နစ်နာသူနှင့် ကျူးလွန်သူများ အကြားတွင် ငွေကြေးဖြင့် ကျေအေးစေခြင်းများကို လုပ်ဆောင်ပေးကြောင်း၊ ယင်းကဲ့သို့ အမှုဖြစ်စဉ်များအား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီမှ သိရှိရမှသာ အမှုလိုက်လံ ဆောင်ရွက်ပေးရခြင်းများကို လုပ်ဆောင်ပေးရကြောင်း၊ ဖြစ်ပွားခဲ့သည့် အမှုဖြစ်စဉ်များအနက် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က လပွတ္တာမြို့နယ် ၁၂ မိုင်အနီးတွင် ဖြစ်ပွားခဲ့သည့် နားမကြား၊ ဥာဏ်ရည်ချို့တဲ့သူ ကလေးငယ်အား အနီးကျေးရွာရှိ အသက် ၄၀ ခန့် အမျိုးသားတစ်ဦးက သားမယားပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး မိသားစုများမှ တွေ့ရှိဖမ်းဆီး ရမိသောကြောင့် လပွတ္တာ ၃ မိုင်ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း၊ ယင်းတိုင်ကြားမှုအား နယ်မြေစခန်း မတူသောကြောင့် ဟုဆိုကာ ချက်ချင်းအရေးယူ ဆောင်ရွက်ပေးခြင်းမရှိဘဲ အပိုင်နယ်မြေရဲစခန်းသို့သာ အမှုသွားရောက် ဖွင့်လှစ်ရန် ပြန်လည်စေလွှတ်ခဲ့ကြောင်း၊ ကျေးရွာသို့ ပြန်လည်ရောက်ရှိချိန်တွင် သုံးမိုင်ရဲစခန်းမှ နယ်ထိန်းဆိုသူနှင့် ရာအိမ်မှူးက ကျူးလွန်သည်ဟု စွပ်စွဲခံရသူ မိသားစုများနှင့် ညှိနှိုင်းဆောင်ရွက်ရန် ဟုဆိုကာ ညှိနှိုင်းခဲ့ကြပြီး ကျပ် ၅၅ သိန်းဖြင့် အမှုမဖွင့်ရန် လက်မှတ်ရေးထိုး စေခဲ့ကြောင်း၊ နစ်နာကြေးဟုဆိုကာ ရရှိခဲ့သည့် ငွေကြေးများထဲမှာ ကျပ်လေးသိန်းအား နယ်ထိန်းဆိုသူ ရဲတပ်ဖွဲ့ဝင်က မိမိအတွက် တစ်သိန်း၊ စခန်းအတွက် သုံးသိန်းဟုဆိုကာ တောင်းယူသွားပြီး နောက်တစ်နေ့ နံနက်တွင် မှုခင်းသတင်းထောက်ဆိုသူ နှစ်ဦးကလည်း ကျပ်သုံးသိန်း လာရောက် တောင်းခံခဲ့ကြောင်း၊ ယင်းအပြင် ကြာကန်ရဲစခန်းမှ ဟုဆိုကာ ကျပ်ခြောက်သောင်း လာရောက် တောင်းခံခြင်းများလည်း ရှိခဲ့ကြောင်း၊ ယင်းဖြစ်စဉ်အား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူးက သတင်းရရှိသောကြောင့် လိုက်လံစစ်ဆေး ဆောင်ရွက်ရာတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ် ၇ ရက်က ရွာသစ်ကုန်းကျေးရွာ ၁၃ မိုင်အနီးတွင် ဖြစ်ပွားခဲ့သည့် အဋ္ဌမတန်း ကျောင်းသူအား အမျိုးနီးစပ်တော်သူက အဓမ္မပြုကျင့်သည့် အမှုတွင်လည်း ကလေးငယ်မှာ ကိုယ်ဝန်ရှိလာချိန်ရောက်မှသာ သိရပြီး မိသားစုဝင်များက အမှုဖွင့်ဆောင်ရွက်နေစဉ်မှာပင် ကျပ်သိန်း ၂၀ ဖြင့် အမှုအား ဆက်လက်လုပ်ဆောင်စေခြင်း မပြုရန် ညှိနှိုင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း သိရသည်။

“ဥပမာ နှစ်မှု၊ သုံးမှုလောက် ပြောချင်တယ်။ လွှစာပေါ့။ လွှစာကျေးရွာမှာ ဆိုလို့ရှိရင် ကလေးမလေးက ဥာဏ်ရည်မမီဘူး။ ကျောင်းမနေနိုင်ဘူး။ ဒါပေမဲ့ သူကဘာဖြစ်လဲဆိုတော့ ၀က်စာသွားယူရင်းနဲ့ သူ့ထက်အများကြီး အသက်ကြီးတော့ သူရဲ့စော်ကား အဓမ္မပြုကျင့်ခြင်းကို ခံရတယ်။ အဓမ္မပြုကျင့်ခြင်း ခံရပြီးတော့ ရှင်းရှင်းပြောလို့ရှိရင် နေမကောင်းဖြစ်မှ မိဘကသိရတယ်။ အဲဒီအခါကျတော့ ဘာဖြစ်လာလဲဆိုတော့ ရပ်ရွာကနေ ရဲစခန်းမတိုင်ဖို့တို့၊ နောက်တစ်ခါ ငွေပေးငွေယူကိစ္စတွေ။ အဲဒီမှာ ကျွန်မဆီကို စောစွာရောက်လာတဲ့ လူတွေကတော့ ငွေပေးငွေယူကိစ္စတွေကို လုံးဝ အဆင်မပြေ ဖြစ်သွားကြတယ် ပေါ့နော်။ အခုလောလောဆယ် ဖြစ်နေတဲ့ အဖြစ်အပျက်ကတော့ ကသပေါင်းအုပ်စု ၁၃ မိုင်က မ …. ဆိုတဲ့ ကလေးမလေးပေါ့။ ရှစ်တန်းကျောင်းသူ ကလေးမလေးတစ်ဦးကို သူ့ရဲ့ဆွေမျိုးနီးစပ် တော်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်။ ပြီးတော့ ဒေသဆိုင်ရာအုပ်စုက ရဲစခန်းက နေပြီးတော့ ငွေနဲ့ကျေအေးခိုင်းတယ်။ အဲဒါတွေလည်း ရှိခဲ့သလို နောက် ၁၂ မိုင်မှာလည်း ဒီလိုပဲ အရွယ်မရောက်သေးတဲ့ မိန်းကလေး တစ်ဦးဖြစ်တဲ့သူက နားကြားပြီးတော့ စကားမပြောနိုင်ဘူး။ ဥာဏ်ရည်မပြည့်မီဘူး။ အဲဒီ ကလေးကိုလည်း အဲဒီလိုပဲ လုပ်ငန်းရှင် တစ်ဦးကနေပြီးတော့ အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်သွားတယ်။ အဲဒါမှာလည်း ငွေပေးငွေယူနဲ့ ကျေအေးကြတယ်။ ဒီထက်မကရှိတဲ့ အမှုတွေလည်း အများကြီးပါပဲ။ အခုဆိုရင် ကျွန်မတို့ လပွတ္တာမြို့မှာ မှုခင်းသတင်းထောက် ဆိုပြီးတော့ အဖွဲ့တွေပေါ်တယ်။ နှစ်ဖွဲ့တောင် ကွဲတယ်လို့ သတင်းကြားပါတယ်။ အဲဒီမှုခင်းသတင်းထောက်ဆိုတဲ့ သူတွေက သတင်းထောက်လှမ်းတာတင် မဟုတ်ဘဲနဲ့ ငွေကြေးပိုင်းတွေမှာပါ နစ်နာသူတွေထံက တောင်းခံတာတွေ ရှိနေပါတယ်။ အခု ၁၂ မိုင်က ကလေးမလေး ကိစ္စမှာလည်း ဒီသတင်းထောက်နှစ်ယောက် ဆိုတာ ပါလာတယ်” ဟု လပွတ္တာမြို့နယ် စေတနာ လူမှုဝန်ထမ်း ဦးစီးအရာရှိ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေး မှူး ဒေါ်ခင်မာဝေက ပြောကြားသည်။

အမှုဖြစ်စဉ်များအနက် နိုဝင်ဘာ ၁၅ ရက်က လပွတ္တာမြို့နယ် ၁၂ မိုင် သစ်တောဝင်းအတွင်း ဖြစ်ပွားခဲ့သည့် အမှုဖြစ်စဉ်တွင် နစ်နာသူကလေးငယ်၏ ဦးလေးတော်စပ်သူ ကိုသန့်စင်ကလည်း အမှုဖြစ်စဉ်တွင် ငွေကြေးတောင်းခံခဲ့မှုများနှင့် ပတ်သက်၍ “ဖြစ်တဲ့နေ့က ကျွန်တော်တို့က လာခေါ်လို့ လိုက်သွားတော့ ဖြစ်စဉ်အစအဆုံးကို မြင်ရတယ်။ ကျွန်တော်တို့ကို ကျေအေးပေးဖို့ပြောတယ်။ ကျွန်တော်တို့က သုံးမိုင်မှာ အမှုသွားဖွင့်တော့ နယ်မြေက မတူလို့ဆိုပြီး အပိုင်ကိုပြန်သွားပြီး ဖွင့်ဖို့ပြောတယ်။ ညဘက်ကျတော့ သူတို့ဘက်က နယ်ထိန်းရော လူကြီးတွေပါ လာပြီးတော့ညှိတယ်။ ပိုက်ဆံ ၅၅ သိန်းပေးတယ်။ အမှုမဖွင့်နဲ့တဲ့ အဲဒီပိုက်ဆံပေးတဲ့နေ့က သုံးမိုင်ကနယ်ထိန်း ဇော်လွင်ဆိုတဲ့သူက ကျွန်တော်တို့ လူကြီးဆီမှာ ပိုက်ဆံလေးသိန်း တောင်းတယ်။ လေးသိန်းတောင်းခဲ့တာက သူ့အတွက် တစ်သိန်း၊ စခန်းအတွက် သုံးသိန်းဆိုလား။ အဲဒီလို လာတောင်းသွားတယ်။ အစတုန်းက သူတောင်းတာက သုံးသိန်းတည်းတောင်းတာကို ကျွန်တော်တို့က ဘယ်လိုဖြစ်တာလဲ အစတုန်းက သုံးသိန်းဖြစ်ပြီး အခုလေးသိန်းမေးတော့ မေကြီးတို့ကလည်း ပေးလိုက်ပါဆိုလို့ ပေးလိုက်တယ်။ နောက်တစ်ရက် မိုးလင်းတော့ စုံထောက်တွေက (ကျေးရွာရာအိမ်မှူး ပြောဆိုမှုအရ မှုခင်းသတင်းထောက် ဟုဆိုသူ ဦးအောင်မျိုးခန့် အပါအ၀င် နှစ်ဦး) ရောက်လာတယ်။ စုံထောက်လား၊ ဘာလားမသိဘူး နှစ်ယောက်ရောက်လာတယ်။ အဲဒီနေ့က ကျွန်တော့်အဖေပဲရှိတယ်။ အိမ်ကိုသွားတယ်။ အဖေကြီးက မင်းတို့ဘာ လာရှုပ်ပြန်သလဲ။ လာတောင်းပြန်ပြီလားလို့ မေးတော့ သူတို့က ခင်ဗျားကို ၀တ္တရား နှောင့်ယှက်မှုနဲ့ ဆွဲထည့်လိုက်မှာနော်တဲ့။ အဲဒီလိုမျိုး ကျွန်တော်အဖေ့ကို ပြောလည်းပြောရော ကျွန်တော် လိုက်တောင်းပန်တာ ပိုက်ဆံလေးသိန်း ပေးလိုက်ရတယ်။ နောက်တော့ ရဲဆိုတာလာ ပြန်ရော။ သူ့ကိုခြောက်သောင်း ပေးလိုက်ရပြီး သူစားတာ သောက်တာကို ရှင်းပေးရတာနဲ့ဆို  ကိုးသောင်းလောက် ပေးခဲ့ရတယ်” ဟုဆိုသည်။

လပွတ္တာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များအနက် အမှုအများစုမှာ စတင်ကျူးလွန်ခဲ့သည့်နေ့တွင် အမှုဖွင့်လှစ်ပြီး တိုင်ကြားခဲ့သည့်အမှု အရေအတွက် လွန်စွာနည်းပါးပြီး ပတ်ဝန်းကျင်မှ သိရှိရပြီး ဥပဒေနားလည်သည့် ကူညီဆောင်ရွက်ပေးမည့်သူများ ရောက်ရှိချိန်မှသာ အမှုဖွင့် အရေးယူ ဆောင်ရွက်ရသည့်ဖြစ်စဉ် ပိုမိုများပြားနေကြောင်း လပွတ္တာမြို့နယ် ရှေ့နေများ အသင်းထံမှ သိရသည်။