ရဲစည်းကမ်း ဖောက်ဖျက်မှုများကြောင့် ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ် ရှစ်လအတွင်း ရဲတပ်ဖွဲ့ဝင် ၁၇၉ ဦး အရေးယူခံရ

ရဲစည်းကမ်း ဖောက်ဖျက်မှုများကြောင့် ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ် ရှစ်လအတွင်း ရဲတပ်ဖွဲ့ဝင် ၁၇၉ ဦးအား အရေးယူခံခဲ့ရကြောင်း၊ ကိုယ်ကျိုးရှာမှု၊ တရားခံညှဉ်းပန်းမှု၊ တရားခံပြေးမှု၊ တာဝန်ပေါ့လျော့ ပျက်ကွက်မှု၊ ကိုယ်ကျင့်ပျက်မှု၊ ခွင့်မဲ့ပျက်ကွက်မှု၊ ရဲပြေးမှုနှင့် အခြားအမှုများ ကျူးလွန်မှုကြောင့် ရဲစည်းကမ်း ဥပဒေဖြင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“အရေးယူခံထားရတဲ့ ရဲအရာရှိတွေကတော့ ဒုရဲအုပ်အဆင့်ကနေ ရဲမှူးအဆင့်ထိပါ ပါတယ်။ အခြားအဆင့်တွေကတော့ ရဲတပ်သားကနေ တပ်ကြပ်ကြီး အဆင့်ထိပါပါတယ်။ တိုင်ကြားလာမှု မှန်ကန်လို့ အရေးယူတာ၊ စိစစ်တွေ့ရှိလို့ အရေးယူတာတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ရိုက်ပေါ်ပေါက်လို့ အရေးယူခဲ့တဲ့ ဖြစ်စဉ်တွေရှိသလို စုံစမ်းစစ်ဆေးပြီး အရေးယူခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးထွန်းရွှေက ပြောကြားသည်။

တိုင်းရဲတပ်ဖွဲ့ထံမှ ရရှိသည့် စာရင်းအရ ယခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လကုန်အထိ အမှုပေါင်း ၁၃၆ မှု၌ ရဲတပ်ဖွဲ့ဝင် အရာရှိ ၆၉ ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၁၁၀ ဦးအား ရဲစည်းကမ်းအရ အရေးယူခဲ့သည်။

“ရဲစည်းကမ်း ဥပဒေအရ မှတ်တမ်းဝင် သတိပေးတာ၊ ရာထူးလျှော့ချတာ၊ တပ်ဖွဲ့ကနေထုတ်တာ၊ ထောင်ဒဏ် ချမှတ်တာတွေ အပြစ်ပေးနိုင်ပါတယ်။ အခုဖြစ်စဉ်တွေမှာလည်း စိစစ်တွေ့ရှိချက်အပေါ် မူတည်ပြီး ထိုက်သင့်တဲ့ အပြစ်ဒဏ်တွေ ချမှတ်ထားပါတယ်” ဟု ဒုရဲမှူးကြီး ထွန်းရွှေက ဆိုသည်။

ကိုယ်ကျိုးရှာမှုကြောင့် ရဲအရာရှိ ခြောက်ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ငါးဦးကို အရေးယူထားကြောင်း၊ တရားခံ ညှဉ်းပန်းမှုကြောင့် ရဲအရာရှိ ငါးဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို အရေးယူထားကြောင်း၊ တရားခံပြေးမှုကြောင့် ရဲအရာရှိ သုံးဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင်လေးဦးကို အရေးယူထားကြောင်း၊ တာဝန်ပေါ့လျော့ ပျက်ကွက်မှုကြောင့် ရဲအရာ ရှိ ၄၀၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို အရေးယူထားကြောင်း၊ ကိုယ်ကျင့်ပျက်မှုကြောင့် ရဲအရာရှိ နှစ်ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ငါးဦးကို အရေးယူထားကြောင်း၊ ခွင့်မဲ့ပျက်ကွက်မှုကြောင့် ရဲအရာရှိ တစ်ဦး၊ အခြား အဆင့်ရဲတပ်ဖွဲ့ဝင် ၂၂ ဦးကို အရေးယူထားကြောင်း၊ ရဲပြေးမှုကြောင့် ရဲအရာရှိနှစ်ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၂၆ ဦးကို အရေးယူထားကြောင်း၊ အခြားအမှုများကြောင့် ရဲအရာရှိ ၁၀ ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၃၄ ဦးကို အရေးယူထားကြောင်း သိရသည်။

ကိုယ်ကျိုးရှာမှု၊ တရားခံညှဉ်းပန်းမှု၊ တာဝန်ပေါ့လျော့ ပျက်ကွက်မှုနှင့် ကိုယ်ကျင့်ပျက်မှုတို့ကြောင့် ဧရာဝတီတိုင်း ဒေသကြီး၌ ရဲတပ်ဖွဲ့ဝင်များ အရေးယူခံရမှုမှာ ပြီးခဲ့သည့်နှစ် ကာလတူထက် ယခုနှစ်တွင် များပြားခဲ့ပြီး တရားခံပြေးမှု၊ ခွင့်မဲ့ပျက်ကွက်မှု၊ ရဲပြေးမှုနှင့် အခြားအမှုများကြောင့် အရေးယူခံရမှုမှာ ယခုနှစ်တွင် လျော့နည်းလာကြောင်း သိရသည်။

ဘိုကလေးမြို့မရဲစခန်း အချုပ်ခန်း ဖောက်ထွင်းကာ အချုပ်ကျနေသည့် ရဲတပ်သားတစ်ဦး အပါအဝင် အချုပ်သားသုံးဦး ထွက်ပြေးလွတ်မြောက်

ဘိုကလေးမြို့မရဲစခန်း အချုပ်ခန်း ဖောက်ထွင်းကာ အချုပ်ကျနေသည့် ရဲတပ်သားတစ်ဦး အပါအဝင် အချုပ်သားသုံးဦး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဘိုကလေးမြို့၊ မြို့မရဲစခန်းအတွင်းရှိ ဗဟိုရဲကင်း အချုပ်ခန်း (၄) ခုအနက် အချုပ်ခန်း အမှတ် (၂) မှာ စက်တင်ဘာ ၁၈ ရက် နံနက် ၃ နာရီခွဲခန့်တွင် အချုပ်ခန်း ဖောက်ထွင်းခံရမှု ဖြစ်ပွားပြီး ယင်းသို့ ထွက်ပြေးလွတ်မြောက် ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက်တွင် ဘိုကလေးမြို့မရဲစခန်း ဗဟိုရဲကင်းရှိ အချုပ်ခန်း(၁)တွင် အချုပ်သား ၃၄ ဦး၊ အချုပ်ခန်း (၂) တွင် အချုပ်သား ၃၄ ဦး၊ အချုပ်ခန်းအမှတ်(၃) တွင် အချုပ်သား ၁၁ ဦး၊ အမျိုးသမီးသီးသန့် အချုပ်ခန်းတွင် အချုပ်သား ၁၀ ဦးအား ယာယီထိန်းသိမ်းထားပြီး ရဲတပ်သားနှစ်ဦးကို ကင်းစောင့်တာဝန် ချထားကြောင်း၊ အစောင့်ရဲတပ်သား မျိုးဇော်ကိုနှင့် ရဲတပ်သား သန်းထိုက်စိုးတို့ အိပ်ပျော်နေစဉ် အချုပ်ခန်း အမှတ်(၃) ရှိ ချုပ်ခန်းအား ကာရံထားသော သစ်သားတိုင် အမှတ် ၉၃ မှာ မြေပြင်မှ အမြင့်ပေ သုံးပေခန့် အကွာတွင် သံဖြတ်လွှဖြင့် ဖြတ်ထားသည်ကို ရဲတပ်သား သန်းထိုက်စိုးက တွေ့ရှိရသဖြင့် တာဝန်မှူးထံ သတင်းပို့ပြီးနောက် အချုပ်သားများကို စစ်ဆေးရာတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အချုပ်ကျနေသူ မောင်အာကာဂျူး အသက် ၂၃နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် အချုပ်ကျနေသူကိုလှဦး အသက် (၃၃) နှစ်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၈၂/ ၁၁၄ ဖြင့် အချုပ်ကျနေသူ ကိုနန္ဒအောင်(ခ) ဖိုးဖြူ အသက် (၁၉)နှစ် တို့မှာ အချုပ်မှ ထွက်ပြေးသွားခဲ့သည်ကို သိရှိရကြောင်း သိရသည်။

၎င်းတို့အား ရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေခဲ့ရာတွင် ထွက်ပြေးခဲ့သည့် အချုပ်သားသုံးဦးမှာ ဘိုကလေးမြို့နယ် ပိုက်စလကျေးရွာအနီး ကားလမ်းပေါ်တွင် ဘိုကလေးမြို့ဖက်မှ မော်လမြိုင်ကျွန်းမြို့ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအား လုယူ၍ မော်လမြိုင်ကျွန်းဘက်သို့ ထွက်ပြေးသွားသည်ကို သိရှိရသောကြောင့် လိုက်လံဖမ်းဆီးရာတွင် ထွက်ပြေးခဲ့သည့် အချုပ်သားသုံးဦးအနက် နှစ်ဦးအား ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

“သုံးဦးထွက်ပြေးတာ နှစ်ဦးမိပြီ။ ကျောင်းဆရာမစုံတွဲကို ဓားထောက်လုတဲ့အမှုနဲ့ ရောက်နေတဲ့ နန္ဒအောင်မိပြီ၊ ရဲပြေးက အချုပ်ကျနေတဲ့ အာကာဂျူးလည်းမိပြီ။ လှဦးတစ်ယောက်ပဲကျန်တယ်။ အဲ့ဒါကိုလည်း ဆက်ပြီးတော့ ရှာဖွေနေတယ်” ဟု ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မျိုးဝင်းက စက်တင်ဘာ ၁၈ ရက်မွန်းလွဲ ၁ နာရီခန့်တွင် ပြောကြားသည်။

အချုပ်ခန်းဖောက်ပြေးမှု ဖြစ်ပွားခဲ့သည့် ဘိုကလေးမြို့နယ် မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များကိုလည်း တာဝန်ပေါ့လျော့မှုဖြင့် စစ်ဆေးဆောင်ရွက်နေပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အချုပ်သား တစ်ဦးကိုလည်း ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

 

 

ငွေဆောင်ကမ်းခြေတွင် ဟိုတယ်ဇုန်များ တည်ဆောက်ရေးအတွက် ဦးပိုင်မှ သိမ်းဆည်းပြီးနောက် လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးခဲ့သည့် မြေနေရာများနှင့် ပတ်သက်၍ မူလပိုင်ရှင်များအား နစ်နာကြေး ပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရာတွင် နစ်နာကြေး နည်းပါးနေကြောင်း သိရ

ငွေဆောင်ကမ်းခြေတွင် ၂၀၀၀ ပြည့်နှစ်၌ ဟိုတယ်ဇုန်များ တည်ဆောက်ရေးအတွက် ဒေသခံများပိုင်ဆိုင်သော မြေယာများကို ဦးပိုင်မှ သိမ်းဆည်းပြီးနောက် လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးခဲ့သည့် မြေနေရာများနှင့် ပတ်သက်၍ သိမ်းဆည်းခံ မူလပိုင်ရှင်များမှ အစိုးရသစ် လက်ထက်တွင် တင်ပြတောင်းဆိုမှုများအပေါ် သိမ်းဆည်းခံ မြေပိုင်ရှင်များ မနစ်နာစေရေးအတွက် နစ်နာကြေးများကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်သည့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးရေး ကော်မတီတစ်ခုအား ဖွဲ့စည်းပြီး ညှိနှိုင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များမှ ပေးအပ်မည့် ငွေကြေးမှာ နည်းပါးနေပြီး ဒေသပေါက်ဈေးနှင့် ကွာဟမှုများ ရှိနေသောကြောင့် ဒေသခံများ လက်မခံနိုင်ကြောင်း သတင်းရရှိသည်။

၂၀၀၀ ပြည့်နှစ်တွင် ငွေဆောင်ကမ်းခြေရှိ ဒေသခံပြည်သူများ ပိုင်ဆိုင်သော အုန်းခြံများကို ဟိုတယ်ဇုန်များ တည်ဆောက်ရေးအတွက် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ သိမ်းဆည်းခဲ့ကြောင်း၊ သိမ်းဆည်းခဲ့စဉ်အချိန်က မူလပိုင်ရှင်အား စိုက်ပျိုးထားသည့် သီးပင်လျော်ကြေးများသာ ပေးအပ်ခဲ့ပြီးနောက် ပေ ၄၀ ပေ ၆၀ မြေကွက်များကိုသာ ချထားပေးခဲ့ကြောင်း၊ ယင်းနောက် ဟိုတယ်ဇုန် တည်ဆောက်ကာ လုပ်ငန်းရှင်များအား ချထားပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ မြေယာများကို ပြန်လည်စွန့်လွှတ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ တိုင်းဒေသကြီး အစိုးရမှလည်း သိမ်းဆည်းခံ ပြည်သူများထံ ပြန်လည်ပေးအပ်ခြင်း မရှိဘဲ လက်ရှိ လုပ်ငန်းလုပ်ဆောင်နေသည့် လုပ်ငန်းရှင်များကိုသာ ပြန်လည်ချထားပေးကြောင်း၊ မြေသိမ်းခံပြည်သူများမှ လက်ရှိအစိုးရသစ် လက်ထက်တွင် နစ်နာခဲ့သည့် သိမ်းဆည်းခံ မြေယာများ ပြန်လည်ရရှိရေးအတွက်တောင်း ဆိုမှုများအပေါ် မူလသိမ်းဆည်းခံပြည်သူ များ နစ်နာမှုများ မရှိရေးအတွက် တိုင်းဒေသ ကြီးအစိုးရမှ နစ်နာကြေးများရရှိရေး ညှိနှိုင်းဆောင်ရွက် ပေးခဲ့သော်လည်း လုပ်ငန်းရှင်များက ပေးအပ်လိုသော ငွေကြေးနှင့် မြေသိမ်းခံ ပြည်သူများမှ တောင်းဆိုသည့် နစ်နာကြေးငွေမှာ ကွာခြားမှုများ ရှိနေသောကြောင့် အငြင်းပွားနေမှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး ၀န်ကြီးသုံးဦး ပါဝင်သည့် ဖြေရှင်းညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီတစ်ခုအား ဖွဲ့စည်းကာ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ နစ်နာကြေးကိစ္စများ ညှိနှိုင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များဘက်မှ သိမ်းဆည်းမြေများအား တစ်ဧကလျှင် ကျပ်သိန်း ၂၀ ခန့်သာ ပေးအပ်လိုပြီး ဒေသပေါက်ဈေးနှင့် နှိုင်းယှဉ်ပါ အဆပေါင်း ၅၀၀ ကျော် ကွာဟနေမှုကြောင့် မြေသိမ်းခံ ပြည်သူများ လုပ်ငန်းရှင်များနှင့် ကိုယ်တိုင်တွေ့ဆုံ ညှိနှိုင်းခွင့် တောင်းခံထားကြောင်း သိရသည်။

“ဟိုဘက်ကလည်း ပေးချင်တာကနည်းနည်းလေး လိုချင်တဲ့သူတွေကလည်း ဒီကိစ္စက ဟိုတယ်ဇုန် တည်ထောင်တဲ့ ကိစ္စတွေလေ။ သက္ကရာဇ် ၂၀၀၀ မှာ လုပ်ငန်းရှင်တစ်ဦးက သူ့သဘောနဲ့ သိမ်းလိုက်တာ မဟုတ်တော့ ဒါကို သုံးဦးသုံးဖလှယ် ကျေနပ်အောင်၊ အဆင်ပြေအောင် ညှိနှိုင်းပေးရမှာပေါ့။ အခုက မြေသိမ်းခံရသူတွေက လုပ်ငန်းရှင်တွေကို တွေ့ဖို့ပြောထားတယ် ဆိုပေမယ့် ဟိုဘက်ကလည်း တွေ့မှဖြစ်မှာဆိုတော့ ကျွန်တော်တို့က ညှိနှိုင်းဆောင်ရွက် ပေးနေပါတယ်။ ဒီကိစ္စက ညှိနှိုင်းလို့ မရဘူးဆိုရင် လုပ်ငန်းရှင်တွေကလည်း ဘာမှဆက်မလုပ်တတ်ဘူး။ မြေသိမ်းခံရ သူတွေကလည်း ဒီအတိုင်း ကြာနေမယ်။ ကျွန်တော်တို့ကလည်း ဗဟိုမြေယာ စိစစ်ရေး အဖွဲ့ထံကို ပြန်တင်ရမယ်ဆို အကုန်ကြာကုန်နိုင်တယ်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

မြေသိမ်းခံ ပြည်သူတစ်ဦးဖြစ်သူ ဦးလှမြင့်က “ကျွန်တော်တို့ကတော့ ဒါကိုအမြန်ဆုံး ပြီးချင်တယ်။ ပေးတဲ့သူကလည်း ပေးနိုင်အောင်၊ ကျွန်တော်တို့လည်း ထိုက်သင့်တာရအောင် အစိုးရက ညှိနှိုင်းပေးပြီးတော့ ကျွန်တော်တို့ကို လုပ်ငန်းရှင်တွေနဲ့ တွေ့ပေးပေါ့။ အဲဒီလို ညှိနှိုင်းပေးစေချင်တယ်။ ဒေသပေါက်ဈေး ဆိုပေမယ့် ထိုက်သင့်တဲ့ နှုန်းထားတစ်ခုနဲ့ပေါ့။ အဲဒီလိုဖြစ်စေချင်တယ်” ဟုဆိုသည်။

ငွေဆောင်ကမ်းခြေတွင် မြေနေရာ အငြင်းပွားမှုများနှင့် ပတ်သက်၍ ဒေသခံ ပြည်သူများမှ မကြာခဏ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သေးကြောင်း သိရသည်။

 

ရန်ကုန်-ပုသိမ် လမ်းမကြီး ပြင်ဆင်ရေးအတွက် BOT ကုမ္ပဏီထံမှ လမ်းဦးစီးဌာနက ယာယီလွှဲပြောင်းရယူခဲ့ပြီး လမ်းပိုင်းပြင်ဆင် နေစဉ်အတွင်း လမ်းကြေးကောက်ခံမည်မဟုတ်

ပုသိမ်မြို့အ၀င်တွင် လမ်းကြေး ကောက်ခံနေသောဂိတ်ကို ဖျက်သိမ်းခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

B.O.T (Build, Operate & Transfer) စနစ်ဖြင့် Oriental Highway ကုမ္ပဏီထံ အငှားချထားသည့် ရန်ကုန်-ပုသိမ် ကားလမ်းမကြီးမှာ ဆိုးရွားစွာ ပျက်စီးခဲ့ပြီးနောက် BOT ကုမ္ပဏီထံမှ လမ်းဦးစီးဌာနက စက်တင်ဘာ ၄ ရက် နံနက် ၁ နာရီတွင် ယာယီလွှဲပြောင်းရယူခဲ့ပြီး လမ်းပိုင်းပြင်ဆင်မှုများ စတင်ပြုလုပ်ကာ လမ်းပြင်ဆင်နေချိန်အတွင်း လမ်းကြေးကောက်ခံမှုများ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်-ပုသိမ် လမ်းမကြီးသည် Oriental Highway ကုမ္ပဏီထံ BOT စနစ်ဖြင့် အငှားချထားချိန်တွင် လမ်းမကြီးတစ်လျှောက် ဆိုးရွားစွာ ပျက်စီးမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ ယင်းလမ်းပိုင်းကို ပြန်လည် ပြင်ဆင်ရန်နှင့် အဆင့်မြှင့်တင်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက ADB ချေးငွေဖြင့် ပြင်ဆင်ရန် ပြင်ဆင်ခဲ့ရကြောင်း၊ BOT ချေးငွေဖြင့် ပြင်ဆင်နိုင်ရန် လုပ်ဆောင်နေစဉ်အတွင်း BOT ကုမ္ပဏီထံမှ လမ်းပိုင်းတာဝန်ယူ ကြီးကြပ်ပြင်ဆင်ခြင်းကို လမ်းဦးစီးဌာနက ယာယီလွှဲပြောင်း ရယူထားမည်ဖြစ်ကြောင်း၊ လမ်းပိုင်းပြင်ဆင် နေချိန်အတွင်း လမ်းကြေးကောက်ခံခြင်းကို ယာယီရပ်ဆိုင်းထားပြီး တံတားကြေးများကိုသာ ဆက်လက် ကောက်ခံမည်ဖြစ်ကြောင်း၊ ပျက်စီးနေသည့် လမ်းပိုင်းများကိုလည်း ရန်ကုန်တိုင်းဒေသကြီးတွင် လမ်းဦးစီးဌာနမှ အထူးအဖွဲ့နှစ်ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် လမ်းဦးစီးဌာန အထူးအဖွဲ့ ငါးဖွဲ့က တာဝန်ယူ ပြင်ဆင်မည်ဖြစ်သည်။

“ရန်ကုန်-ပုသိမ် လမ်းမကြီးက ပြည်ထောင်စုက အစီအမံနဲ့ ADB ချေးငွေနဲ့ ပြင်ဆင်ဖို့လုပ်တာပေါ့။ ပြင်ဆင်ဖို့လုပ်နေတဲ့ လုပ်ငန်းစဉ်အတွင်း လုပ်ဆောင်စရာတွေက တစ်နှစ် တစ်နှစ်ခွဲလောက် ကြာဦးမှာပေါ့နော်။ အဲဒီအချိန်အတွင်းမှာ ပြည်သူတွေ သွားလာဖို့ အဆင်ပြေရေးအတွက် ပြည်ထောင်စုအစီအမံနဲ့ လမ်းဦးစီးက ၀င်ပြီးတော့ အဆင်ပြေရေး ကိစ္စတွေကို လုပ်တဲ့သဘောပါ။ လမ်းဦးစီးဌာနက ရန်ကုန်တိုင်းမှာ ဆိုရင်တော့ အဖွဲ့နှစ်ဖွဲ့ ဧရာဝတီတိုင်းမှာဆို ငါးဖွဲ့ပေါ့။ ဒါတွေကို ချက်ချင်းလက်ငင်း ပြင်ဆင်ဖို့ လုပ်နေတယ်။ ရန်ကုန်တိုင်း လမ်းပန်းဝန်ကြီးနဲ့လည်း ကျွန်တော်တို့ ညှိနှိုင်းပြီးသွားပြီ။ တံတားတွေမှာ ကောက်ခံတဲ့ တံတားကြေးတွေကိုပဲ ဆက်ကောက်ခံပြီးတော့ လမ်းကြေးတွေကိုတော့ ကောက်ခံတော့မှာ မဟုတ်ဘူး။ တန်ပိုထိန်းသိမ်းခြင်း တွေလည်း ဆက်လက်လုပ်ဆောင်မှာပါ။ အခုလောလောဆယ်တော့ ADB မစတင်ခင်မှာ ဒီလမ်းကို လမ်းဦးစီးဌာနကပဲ ယာယီထိန်းသိမ်းထားမယ်။ ပြီးရင်တော့ ADB လုပ်ငန်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင် သွားမယ်ပေါ့” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

“ကျွန်တော်တို့တွေက ဒီလမ်းပိုင်းမှာ အမြဲတမ်း သွားလာနေရတာ။ အခုလို လမ်းကြေးပိတ်သိမ်းလိုက်တော့ အများကြီး ခံသာသွားတာပေါ့။ အခုလို ဆီဈေးတွေကတက်၊ တန်ဆာခက မကောင်းတော့ လမ်းကြေး တံတားကြေးတင် အသွားအပြန်တင် လေးသောင်းကျော်တယ်ဆိုတော့ အများကြီး ခံသာသွားတာပေါ့။ အခုလမ်းဦးစီးဌာနက လမ်းပျက်နေတာကို ဖာတော့ဖာပေးတယ်။ အရင်ကထက် စာရင်တော့ နည်းနည်းတော်ပါတယ်။ အရင်က ချိုင့်ခွက်တွေချည်းပဲ။ ကားကတစ်ခေါက်သွားရင် လေးနှစ်ချောင်းလောက် ကျိုးတယ်။ အခုကတော့ အများကြီး သက်သာတယ်လို့ ပြောရမှာပဲ” ဟု ရန်ကုန်-ပုသိမ် ကားလမ်းမကြီးကို နေ့စဉ်အသုံးပြုနေရသည့် ကုန်တင်ယာဉ်မောင်း ကိုသိန်းဇော်လင်းက ဆိုသည်။

ရန်ကုန်-ပုသိမ် ကားလမ်းမကြီးအား လက်ရှိတွင် BOT ကုမ္ပဏီထံမှ ယာယီပြန်လည် လွှဲပြောင်းရယူ ခဲ့သော်လည်း လမ်းပိုင်းပြင်ဆင်ပြီးချိန်တွင် အဆိုပါ BOT ကုမ္ပဏီထံ ပြန်လည်လွှဲပြောင်း ပေးအပ်မည်၊ မပေးအပ်မည်ကို အစိုးရက တိကျစွာ သတင်းထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။

မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ခေတ္တရပ်နားခဲ့သည့် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ထုတ်ပေးနေပြီး ချေးငွေပြန်မဆပ်သည့် တောင်သူဦးရေ တစ်သိန်းနီးပါးရှိနေ

ဧရာဝတီတိုင်း ကျေးလက်တစ်ခုတွင် တောင်သူများ လယ်ယာလုပ်ငန်းခွင် ၀င်နေစဉ်

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်က ရန်ပုံငွေ လိုအပ်ချက်ကြောင့် ခေတ္တရပ်နားခဲ့ရသည့် ၂၀၁၈ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက် ထုတ်ပေးနေပြီး အချိန်စေ့လွန် စိုက်ပျိုးစရိတ် ချေးငွေများကို ပြန်လည်ပေးဆပ်ခြင်း မရှိသည့် တောင်သူများမှာ ဧရာဝတီဒေသကြီး တစ်ခုလုံးတွင် ၉၇၈၀၂ ဦး ရှိနေကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်မှ ရန်ပုံငွေချထားပေးရန် ကြန့်ကြာနေမှုကြောင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများထံ ထုတ်ချေးနေသည့်  စိုက်ပျိုးစရိတ် ချေးငွေများကို ခေတ္တရပ်နားထားရပြီး ဆက်လက် ထုတ်ချေးပေးနေပြီ ဖြစ်ကြောင်း၊ သြဂုတ် ၃၀ ရက်အထိ တောင်သူ ၂၈၇၃၆၁ ဦး၊ လယ်ယာမြေ ၁၉၁၂၁၁၉ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ၂၈၆၈၁၇ ဒသမ ၈၅ ကျပ်သန်း ထုတ်ချေးပေးပြီး ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွင် ချေးငွေမူဝါဒ အပြောင်းအလဲအရ ပုံစံ (၇) မူရင်းကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံ အပ်နှံ၍ ငွေချေးယူရမည် ဖြစ်သောကြောင့် ပုံစံ (၇) မူရင်း မတင်ပြနိုင်သဖြင့် ချေးငွေထုတ်မချေးခဲ့သည့် တောင်သူများမှ ယမန်နှစ် တောင်သူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့် ရှိနေကြောင်း၊ ထို့ပြင်  အချိန်စေ့လွန် စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည်ပေးဆပ်ခြင်း မရှိသည့် တောင်သူဦးရေ ၉၇၈၀၂ ဦးအထိရှိပြီး ယင်းတောင်သူများထံမှ ကြွေးကျန် ၇၁၈၈၁ ဒသမ ၆၃ ကျပ်သန်း ပြန်လည်တောင်းခံရန် ကျန်ရှိနေကြောင်း သိရသည်။

“ပြောင်းလဲတဲ့ ငွေချေးစနစ်အရ ကျွန်တော်တို့ဘဏ်က ဒီနှစ်မှာ ပုံစံ (၇) ကို အပေါင်ယူလိုက်တယ်။ အဲဒီမှာ ဘာဖြစ်လာလဲဆိုတော့ ဥပမာ တချို့လယ်သမားတွေက တခြားအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကဘဏ်တွေ၊ အသေးစားငွေချေးရေး အဖွဲ့တွေကို ပုံစံ (၇) မူရင်းတွေကို အပ်ပြီးတော့ ငွေချေးထားတာ ရှိပါတယ်။ ဘဏ်ကနေ စိုက်ပျိုးစရိတ်ချေးငွေဆိုတဲ့ အချိန်ကျတော့ အဲဒီ ပုံစံ (၇)ထားထားတဲ့ နေရာကနေ ပုံစံ (၇) တွေကို ခဏတောင်းတယ်။ တောင်းပြီးတော့ ဒီမှာငွေချေးဖို့ပြတယ်။ ကျွန်တော်တို့က မိတ္တူနဲ့ တိုက်ဆိုင်စစ်ဆေးတယ် မှန်တယ်ဆိုရင် ပြန်ပေးလိုက်တယ်ပေါ့။ အဲဒီတုန်းက သူတို့က အဆင်ပြေတာပေါ့။ သို့သော်ဒီနှစ်ကျတော့ ကျွန်တော်တို့က ပုံစံ (၇) မူရင်းကို အပ်မှငွေချေးပေးတာဆိုတော့ ကုမ္ပဏီတွေက ငှားလို့မရတော့ဘူး။ ငှားလို့မရတော့တော့ ဒီနှစ်ဆို အရင်နှစ်တွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဟာ ချေးငွေလာမထုတ်ကြဘူး။ လာမထုတ်ကြသလို  ပြန်လည်း မဆပ်ကြတော့ဘူး။ အရင်ကတော့ ဆပ်လိုက်တယ်။ ပြန်ထုတ်သွားတယ်။ အဲဒီလိုမျိုး လုပ်ကြတာပေါ့။ တောင်သူလယ်သမား ပေါင်းချေးပြီးသားပေါ့နော်။ ၂၈၇၃၆၁ ဦးဆိုတော့ တောင်သူပေါင်း နှစ်သိန်းရှစ်သောင်းကျော်ရှိတယ်။ မနှစ်က ကျွန်တော်တို့ ချေးတာက တောင်သူပေါင်း သုံးသိန်းနှစ်သောင်းကျော် ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် သုံးသိန်းခြောက်သောင်းကျော် အမြင့်ဆုံးကနေ အခု နှစ်သိန်းရှစ်သောင်းကျော်။ တောင်သူပေါင်း ရှစ်သောင်း လယ်သမားပေါင်း ရှစ်သောင်းပေါ့။ ငွေမချေးရတဲ့ အနေအထား ရှိပါတယ်။ ကြွေးကျန်တဲ့ တောင်သူပေါင်းကလည်း ကိုးသောင်းကျော်လောက် ကျန်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တိုင်းမန်နေဂျာ ဦးသန်းဌေးအောင်က ပြောကြားသည်။

 

 

ညောင်တုန်းမြို့တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားပြီး အိမ်ခြေ ၅၀ ကျော် ရွှေ့ပြောင်းပေးခဲ့ရကာ အကူအညီများ လိုအပ်နေ

မြစ်ကမ်းပါး ပြိုကျမှုကြောင့် ဗိုလ်မြတ်ထွန်းတံတားအနီးရှိ မြေလွတ်မြေရိုင်းများပေါ်တွင် ရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စုများကို တွေ့ရစဉ်

ညောင်တုန်းမြို့ မြမ္မာပြာသာ ကျေးရွာအုပ်စု ရွာသာကြီးကျေးရွာတွင် သြဂုတ်လဆန်းပိုင်းမှ စတင်၍ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၅၀ ကျော် အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကာ အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

သြဂုတ်လဆန်းပိုင်းမှ စတင်၍ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရွာသာကြီးကျေးရွာ မြစ်ကမ်းပါးရှိ နေအိမ်များ စတင်ပြောင်းရွှေ့ နေခဲ့ရကြောင်း၊ သြဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် အလျားပေ ၁၀၀၀ ခန့် အနံ ပေ ၄၀၀ ခန့် ထပ်မံပြိုကျခဲ့ပြီး မြစ်ကမ်းပါး ပြိုကျသည့် နေရာအနီးဝန်းကျင်ရှိ အိမ်ခြေ ၅၈ မှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ နေအိမ်များ ဖျက်သိမ်း၍ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုများမှာ ၅၈ စုရှိပြီး လူဦးရေ ၂၃၃ ဦးထိရှိကြောင်း၊ နေရာရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စုများမှာ ညောင်တုန်းမြို့ ဗိုလ်မြတ်ထွန်းတံတား ခြေရင်းအနီးရှိ မြေလွတ်မြေရိုင်းများပေါ်တွင် နေအိမ်များ ယာယီပြန်လည် တည်ဆောက်ကာ နေထိုင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

“ကမ်းပြိုတာကတော့ လဆန်းပိုင်းလောက်ထဲက ပြိုနေတာ။ တစ်နေ့နည်းနည်းဆိုတော့ တဖြည်းဖြည်း ပြောင်းနေရတာပေါ့။ တစ်အိမ်ချင်းစီ ဖျက်ပြီးတော့ ပြောင်းရွှေ့နေတော့ အဲဒီကျေးရွာက အုပ်ချုပ်ရေးမှူးကလည်း စာရင်းကို မတင်သေးဘဲ ဒီအတိုင်းပဲ ကူညီပေးနေတာ။ ဟိုရက်ကမှ ပြိုကျတာက ပိုများသွားတော့ သူကစာရင်း စုတင်လိုက်တာပေါ့။ အားလုံးပေါင်း အခုဆို ပြောင်းပေးထားရတာက ၅၈ လုံးရှိသွားပြီ ပြောင်းရတဲ့သူတွေကို ဗိုလ်မြတ်ထွန်း တံတားနားက မြေလွတ်မြေရိုင်းမှာ ထွေအုပ်ကို အကူအညီတောင်းပြီး ယာယီချထားပေးတယ်။ ဒါပေမဲ့ အဲဒီနေရာကို အကုန်မပြောင်းပါဘူး။ တချို့ပဲပြောင်းတယ်။ တချို့ ဆွေမျိုးနီးစပ်တွေရှိတဲ့ နေရာမှာ ပြောင်းနေကြတယ်။ အခုတော့ ပြောင်းရွှေ့ရတဲ့ စာရင်းကို သဘာဝဘေးကို တင်လိုက်ပြီ အကူအညီကတော့ လောလောဆယ် မရသေးဘဲ အကူအညီတော့ လိုတယ်ပေါ့၊ ပြောင်းရွှေ့နေရတဲ့ အိမ်တွေကို စနစ်ကျဖို့နဲ့ လိုအပ်တဲ့ အကူအညီတွေကိုတော့ အစ်မတို့  ကိုယ်စားလှယ်တွေ တိုင်ပင်ပြီးတော့ ကူညီပေးနေပါတယ်” ဟု ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင် နှစ်စဉ်မိုးရာသီတိုင်း မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်နေပြီး ယခုနှစ်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပန်းတနော်မြို့နယ် အတွင်းရှိ ရွှေဖလားကျွန်း ကျေးရွာမှာ ကျေးရွာမြေ အားလုံးနီးပါး မြစ်ရေတိုက်စားမှုကြောင့် ဆုံးရှုံးခဲ့ရပြီး ရွာလုံးကျွတ်နီးပါး နေရာပြောင်းရွှေ့ ပေးခဲ့ရကြောင်း သိရသည်။

 

နာဂစ်မုန်တိုင်းအပြီးတွင် သဘာဝဘေးအန္တရာယ် တိမ်းရှောင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း နာဂစ်လမ်းမကြီး ၁၁ လမ်းမှာ ရာခိုင်နှုန်း ၅၀ ကျော်ပြီးစီး

ဖောက်လုပ်နေဆဲဖြစ်သည့် ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-မြောင်းမြ ကားလမ်း တစ်နေရာကို တွေ့ရစဉ်

နာဂစ်မုန်တိုင်းအပြီးတွင် သဘာဝဘေးအန္တရာယ်များ တိမ်းရှောင်နိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရေးဆွဲ ဆောင်ရွက်ခဲ့သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း နာဂစ်လမ်းမကြီး ၁၁ လမ်းမှာ ကတ္တရာလမ်းပိုင်းအဖြစ် ခင်းကျင်းထားနိုင်မှု ရာခိုင်နှုန်း ၅၀ ကျော် ပြီးစီးနေပြီး အသစ်တည်ဆောက်ရန် တံတားကြီး ၁၂ စင်းနှင့် တည်ဆောက်ဆဲတံတား ၁၄ စင်း ကျန်ရှိနေကြောင်း သိရသည်။

မြေဧရိယာ ကျယ်ဝန်း၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော မြစ်ဝကျွန်းပေါ်ဒေသတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့ပါက နာဂစ်မုန်တိုင်းကဲ့သို့ လူအများအပြား သေဆုံးမှုများ မဖြစ်ပေါ်စေရန်နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် နာဂစ်မုန်တိုင်းပြီးစီးချိန်မှ စတင်ကာ မြစ်ဝကျွန်းပေါ် လမ်းကွန်ရက်အဖြစ် လမ်းမကြီး ၁၁ လမ်းကို မအူပင် -မော်လမြိုင်ကျွန်းလမ်း၊ မော်လမြိုင်ကျွန်း- သစ်ပုတ်-ပြင်စလူလမ်း၊ လပွတ္တာ-သင်္ကန်း ကြီး-ပြင်စလူလမ်း၊ လပွတ္တာ-သုံးခွ-အုတ်တွင်း-ထိပ်စွန်းလမ်း၊ ဘိုးကလေး-ကြိမ်ချောင်း -ကဒုံကနိလမ်း၊ ဘိုကလေး-ထော်ပိုင်-အမာလမ်း၊ ဖျာပုံ-ဒေါ်ငြိမ်း-အမာလမ်း၊ ကျုံက ဒွန်း- စက်ဆန်းလမ်း၊ ပုသိမ်- သလပ်ခွာ-မော် တင်စွန်းလမ်း၊ ဘိုကလေး-မော်လမြိုင်ကျွန်း- ကျုံမငေး- ၀ါးခယ်မ-မြောင်းမြလမ်း၊ ပုသိမ်-ငပုတောလမ်း ဟုဆိုကာ မဟာဗျူဟာလမ်းမကြီး ၁၁ လမ်းကို လမ်းကွန်ရက်ရေးဆွဲ ဖောက်လုပ်ခဲ့ကြောင်း၊ လမ်းပိုင်းအသစ် ဖောက်လုပ်ရခြင်း၊ မြစ်ချောင်းများ ပေါများသောကြောင့်  တံတားများစွာ လိုအပ်နေခြင်းကြောင့် အစိုးရသုံးဆက် ပြောင်းလဲခဲ့သည့်အချိန်ထိ လမ်းမကြီး ၁၁ လမ်း၏ စုစုပေါင်း မိုင်အရှည်မှာ ၅၄၁ မိုင် ၅ ဖာလုံသာ ရှိသော်လည်း ရာသီမရွေး သွားလာနိုင်သည့် ကတ္တရာလမ်းအဖြစ် ၂၆၂ မိုင် ၃ ဖာလုံသာ ဖောက်လုပ်နိုင်ခဲ့သေးကြောင်း၊ လမ်းပိုင်းများကို ဆက်သွယ်ရေးအတွက် ပေအရှည် ၁၀၀၀၀ ၀န်းကျင်ရှိ ပြင်စလူမြစ်ကူးတံတား၊ ပေအရှည် ၅၅၀၀ ၀န်းကျင်ရှိ ရွေးမြစ်ကူးတံတား၊ ပေအရှည် ၈၂၀၀ ၀န်းကျင်ရှိ ပြာမလော့ မြစ်ကူးတံတား၊ ပေအရှည် ၂၅၀၀ ခန့်ရှိ သက္ကယ်သောင် မြစ်ကူးတံတား အပါအ၀င် တံတား ၁၂ စင်းအား တည်ဆောက်ရန် လိုအပ်နေသေးပြီး တည်ဆောက်ဆဲတံတား ၁၄ စင်းရှိနေသေးကြောင်း သိရသည်။

“နာဂစ်မုန်တိုင်း ပြီးသွားချိန်မှာ ကျွန်တော်တို့ စီမံချက်ချပြီးတော့ သဘာဝဘေးတွေ ဖြစ်ပွားခဲ့ရင် ရှောင်တိမ်းနိုင်အောင်ဖို့ ဒေသတွေ ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းကွန်ရက်ပေါ့။ လမ်းမကြီး ၁၁ လမ်းကို စီမံချက်ချပြီးတော့ ဖောက်လုပ်ခဲ့ပါတယ်။ လမ်းပိုင်းတွေမှာ ပြီးစီးမှုရှိသလို နည်းနည်း ကျန်တာတွေလည်း ရှိပါတယ်။ အဲဒီလမ်းတွေကျတော့ ပြည်ထောင်စုကနေ စီမံခန့်ခွဲတဲ့လမ်းတွေရှိသလို ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲတဲ့လမ်းတွေလည်း ရှိပါတယ်၊ အချို့တံတားတွေဆိုရင် နည်းနည်းယိုယွင်း လာတာတွေ ရှိတယ်ပေါ့နော်။ အဲ့တံတားတွေကို ကျွန်တော်တို့ ဘတ်ဂျက်ကို မူတည်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ကျွန်တော်တို့မှာ စာရင်းဇယား စီမံချက်တွေလည်း အကုန်လုံးရှိပါတယ်။ နာဂစ်မုန်တိုင်းလို သဘာဝဘေးအန္တရာယ် ဖြစ်လာမယ် ဆိုလို့ရှိရင် ဒီလမ်းတွေကနေ ရှောင်တိမ်းပြီးတော့ သွားလို့ရတယ်၊ နာဂစ်မတိုင်မီက ကျွန်တော်တို့ တိုင်းထဲမှာ ခရီးသွားလာမယ်ဆိုရင် သင်္ဘောတွေပဲ အားကိုးပြီးတော့ သွားလာလို့ရပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တိုင်းရဲ့ မြို့တွေက မြစ်ကမ်းနဖူးတွေမှာ တည်ထားတာမို့ အဲ့လိုပဲ သွားရတယ်။ သို့သော်လည်းပဲ အခုဆိုလို့ရှိရင် လမ်းကွန်ရက်တွေက အတော်များများ ပြီးပြီဖြစ်တဲ့အတွက် မော်တော်ကားနဲ့ သွားလို့ရတယ်။ တံတားကြီးတချို့ ကျန်နေတာကို ဘတ်ဂျက်အလိုက် ဆောင်ရွက်သွားဖို့ကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

နာဂစ်မုန်တိုင်း အချိန်တွင် လူသေဆုံးမှု အများအပြား ဖြစ်ခဲ့ပြီး ယနေ့အချိန်ထိ ပြန်လည်ဖွံ့ဖြိုး တိုးတက်ခြင်း မရှိသေးသည့် ပြင်စလူဒေသ၊ ထိပ်စွန်းဒေသ၊ ကြိမ်ချောင်းဒေသများမှာ ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းလမ်းမကြီး ၁၁ လမ်းပြီးစီးပါက ပြန်လည်ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး တိုင်းအတွင်းရှိ မြို့နယ်များပါ အချိန်တိုတိုဖြင့် လွယ်ကူစွာ သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ယခင် ဧရာဝတီတိုင်းအစိုးရမှ လက်ရှိအစိုးရထံ လွှဲပြောင်းပေးခဲ့ခြင်းမရှိဘဲ ဖောင်ဒေးရှင်းတစ်ခုအား ပေးအပ်ခဲ့သည့် တိုင်းဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၅၂၃၆ ဒသမ ၈၈၉ သန်းကို လက်ခံရယူထားသည့်အဖွဲ့က လက်ရှိအစိုးရထံ ပြန်လည်ပေးအပ်မည်ဟု သိရ

ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်ခဲ့သည့် ယခင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လက်ရှိအစိုးရထံ လွှဲပြောင်းပေးခဲ့ခြင်း မရှိဘဲ အစိုးရအဖွဲ့ဝင်ဟောင်းများ ပါဝင်သည့်  ဖောင်ဒေးရှင်းတစ်ခုအား လွှဲပြောင်းခဲ့သည့် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေများအား ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ ရှိချက်များအရ အစိုးရသစ်က ပြန်လည်တောင်းခံမှုအပေါ် လက်ခံရယူထားသည့် ဖောင်ဒေးရှင်းအဖွဲ့အစည်းက ပြန်လည်ပေးသွင်းမည်ဖြစ်ပြီး အစိုးရအဖွဲ့အနေဖြင့် ပြန်လည်လက်ခံရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ကာ လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၇ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒုတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော တိုးတက်ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ပျောက်ဆုံးနေသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများနှင့်ပတ်သက်၍ Eleven Media က မေးမြန်းရာ အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ ဖျာပုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇေယျာမင်းသိန်းရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေတွေနဲ့ ပတ်သက်ပြီးသိလိုကြောင်း မေးခွန်းက စရပါမယ်။ ဒါကိုအခြေခံပြီးတော့ တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွေနဲ့ ပတ်သက်ပြီးတော့ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ကနေပြီးတော့ စိစစ်တင်ပြရန်ဆိုပြီးတော့ ၂၁ ရက် ၇ လ ၂၀၁၆ ကနေပြီးတော့ ဒါကို စတင်စိစစ် ဆောင်ရွက်ပါတယ်။ ဒါကို စိစစ်ဆောင်ရွက်နေစဉ်အတွင်းမှာပဲ နိုင်ငံတော်သမ္မတရုံးကနေပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသများရှိ ဖွံ့ဖြိုးရေးရန်ပုံငွေ အားလုံးကို ပြည်ထောင်စုစာရင်း စစ်ချုပ်ကနေပြီးတော့ စစ်ရမယ်လို့ တာဝန်ပေးအပ်တဲ့အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ကနေပြီးတော့ တိုင်းဒေသကြီးအားလုံးမှာရှိတဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ အားလုံးကို စစ်ဆေးခဲ့ပါတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ကနေ နိုင်ငံတော်သမ္မတရုံးကို တင်ပြတယ်။ နိုင်ငံတော်သမ္မတရုံးကလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ တွေ့ရှိချက်နဲ့ အကြံပြုသုံးသပ်ချက်အတိုင်း ဆောင်ရွက်ရန်ဆိုပြီးတော့ ကျွန်တော်တို့ဆီ အကြောင်းကြားလာပါတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရကနေ ဧရာဝတီပညာ ကျန်းမာဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေတွေကို ပြန်လည်ပေးအပ်ဖို့ဆိုပြီး အကြောင်းကြားခဲ့ပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ့ရှိမှုအရ ပြောရရင်တော့ ဘဏ်အပ်ငွေက သန်းပေါင်း ၃၈၄၃ ဒသမ ၃၄၉ ရှိပါတယ်။ နောက်ဖွံ့ဖြိုးရေးလုပ်ငန်း ၂၈ ခုမှာ ခေတ္တမပျောက်အပ်နှံထားငွေ ၉၉၃ ဒသမ ၅၄၀ သန်း ရှိပါတယ်။ ကုမ္ပဏီသုံးခုနဲ့ အကျိုးတူလုပ်တဲ့ ငွေကြေးကတော့ စုစုပေါင်း သန်းပေါင်း ၄၀၀ ဖြစ်ပြီး စုစုပေါင်း ငွေကြေးဟာ သန်းပေါင်း ၅၂၃၆ ဒသမ ၈၈၉ သန်းရှိပါတယ်။ နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်နဲ့အညီ ကျွန်တော်တို့ ဒါကို ဧရာဝတီ ပညာကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို ပြန်တောင်းခံပါတယ်။ တောင်းခံပြီးတဲ့အခါမှာ နောက်ဆုံးတော့ ကျွန်တော်တို့က အဆင့်ဆင့် ဆောင်ရွက်ခဲ့တယ်။ ကျွန်တော်တို့ တောင်းခံမှုအစီအစဉ်ကိုလည်း နိုင်ငံတော်သမ္မတရုံးကို ကျွန်တော်တို့ အစီရင်ခံခဲ့တယ်။ နိုင်ငံတော် သမ္မတရုံးကတော့ ဒီဟာနဲ့ပတ်သက်လို့ ပြန်လည်တောင်းခံရမယ်လို့ ညွှန်ကြားတယ်။ ဧရာဝတီ ပညာကျန်းမာ ဘက်စုံဖောင်ဒေးရှင်းကတော့ သြဂုတ် ၂ ရက်မှာ ပြန်လည်ပေးအပ်မယ်လို့ အကြောင်းကြားပါတယ်။ ဒါကို နိုင်ငံတော်သမ္မတရုံးရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြန်လည်လက်ခံရေးအဖွဲ့ကို ဖွဲ့စည်းပြီးတော့ ဒါကို ပြန်လည်လက်ခံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးဦးဌေးဝင်းက ဆိုသည်။

ရန်ပုံငွေများ ပြန်လည်လွှဲပြောင်းပေးရေးအတွက် မည်သည့်ရက် နောက်ဆုံးထားဆောင် ရွက်မည်ဟုဆိုသည့် ကာလစည်းမျဉ်းသတ်မှတ်ချက်ကိုမူ ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

မြောင်းမြကြိုးတံတား ပျက်ကျပြီးနောက် ခရီးသွားလာမှု မပြတ်တောက် စေရေးအတွက် ဇက်ရေယာဉ်များ အခမဲ့ ပြေးဆွဲပေးရာတွင် လစဉ်ဇက်ရေယာဉ်များ၏ စက်သုံးဆီ ဂါလန် ၉၀၀၀ နီးပါးရှိ

ခရီးသွားလာမှုများ မပြတ်တောက်စေရေးအတွက် ဇက်ရေယာဉ်များဖြင့် ပို့ဆောင်နေစဉ်

မြောင်းမြကြိုးတံတား ပျက်ကျပြီးနောက် ခရီးသွားလာမှုများ မပြတ်တောက်စေရေးအတွက် ဇက်ရေယာဉ်များကို နိုင်ငံတော်က အကုန်အကျခံ၍ အခမဲ့ပြေးဆွဲပေးနေရာတွင် လစဉ်ဇက်ရေယာဉ်များ၏ စက်သုံးဆီမှာ ဂါလန် ၉၀၀၀ နီးပါး ကုန်ကျနေလျက်ရှိပြီး ၀န်ထမ်းများ၏ စားသောက်စရိတ်များနှင့် အထွေထွေ ကုန်ကျစရိတ်မှာ လစဉ်ကျပ်သိန်း တစ်ရာကျော်ခန့်ထိ ရှိကြောင်း သတင်းရရှိသည်။

တံတားအသစ် တည်ဆောက်နေစဉ် ကာလအတွင်း ခရီးသွားလာမှု မပြတ်တောက်စေရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုဖြင့် မြောင်းမြမြို့တွင် ကားလေးဇက်ဆိပ်နှင့် ကားကြီးဇက်ဆိပ် နှစ်ခု၊ လူအများ စီးနင်းနိုင်ရန် ကူးတို့သင်္ဘော နှစ်စင်းနှင့် ဆိပ်ခံတံတားများ၊ မြောင်းမြမြို့တွင် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရေးအတွက် ညောင်ချောင်းလေးကျေးရွာနှင့် ငပုတောမြို့သို့ ဆက်သွယ်သော ဇက်ဆိပ်တစ်ခုအား အလျင်အမြန် တည်ဆောက်၍ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ဇက်ရေယာဉ်လေးစင်းဖြင့် မော်တော်ယာဉ်များကို အခမဲ့ ပို့ဆောင်ခြင်း၊ တပ်မတော်၏ စီမံမှုဖြင့် တပ်မတော်ပိုင် ကမ်းထိုးရေယာဉ် နှစ်စင်းဖြင့် မော်တော်ယာဉ်များကို အခမဲ့ ပို့ဆောင်ပေးခြင်းများ လုပ်ဆောင်နေလျက်ရှိကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ဇက်ရေယာဉ်များနှင့် ၀န်ထမ်းများ အသုံးစရိတ်များမှာ ဧပြီ  ၁ ရက်မှ စတင်၍ ဇွန် ၃၀ ရက်ထိ စက်သုံးဆီ ၂၆၇၃၇ ဒသမ ၅ ဂါလန်၊ အင်ဂျင်ဝိုင် ၅၅ ဒသမ ၅ဂါလန်၊ ဟိုက်ဒရောလစ်ဆီ ၁၂ဂါ လန်နှင့် ၀န်ထမ်းများ စားစရိတ် ကုန်ကျငွေမှာ ကျပ် ၂၂၃၅၇၀၀၀ ရှိကုန်ကျခဲ့ကြောင်း ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြောင်းမြမြို့နယ် မဲဆန္ဒနယ်(၁)မှ ဦးသန့်ဇော်ဝင်း၏ မေးခွန်းမေးမြန်းမှုကို ၀န်ကြီးက ပြန်လည်ဖြေကြားမှုများမှ သိရှိရသည်။

“ဇက်ဆိပ်တွေနဲ့ ဇက်အဆင်းအတက် လမ်းတွေကို ပြင်ဆင်တည်ဆောက်ရတဲ့ ကုန်ကျငွေကလည်း စုစုပေါင်းသန်း ၅၀၀ ရှိတယ်လို့ ၀န်ကြီးက ပြန်လည် ဖြေကြားထားပါတယ်။ ဒါ့အပြင် အခုဆို မြောင်းမြ ကားလေးဇက်ဆိပ်မှာ ကွယ်လယ်ဘက်ကမ်းပေါ့ ကားလေးဇက်ဆိပ်ကို အ၀င်အထွက်လမ်းက တော်တော်ကို ဆိုးဆိုးရွားရွား ပျက်နေတယ်၊ ဒါကိုလည်း ပြုပြင်ပေးဖို့ ကျွန်တော်တင်ပြထားပါတယ်၊ ဒါပေမဲ့ လမ်းပိုင်းက စည်ပင်ပိုင်လမ်းပိုင်း ဖြစ်နေတော့ စည်ပင်က ဘတ်ဂျက်က ဘယ်လိုမှ အဆင်မပြေဘူး၊ ဒါကိုနည်းလမ်း တစ်ခုခု စဉ်းစားပြီး လုပ်ဆောင်ပေးဖို့ ၀န်ကြီးဌာချင်း ပူးပေါင်းလုပ်ဆောင်ပေးဖို့ကိုပါ တောင်းဆိုထားပါတယ်” ဟု ဦးသန့်ဇော်ဝင်းက ပြောကြားသည်။

မြောင်းမြတံတားအသစ် တည်ဆောက်နေမှုမှာ အောက်ခြေကွန်ကရစ်တိုင်များ တည်ဆောက်မှု လုပ်ငန်းများ ပြီးစီးနေပြီ ဖြစ်ပြီး၂၀၁၉ ခုနှစ် ဧပြီလအတွင်း တံတားအသစ် ဖွင့်လှစ်နိုင်ရန် ရည်မှန်းချက်ထား လုပ်ဆောင်နေကြောင်း သိရသည်။

 

ဧရာဝတီတိုင်းလွှတ်တော် ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမပုံမှန် အစည်းအဝေးများတွင် အစိုးရကပေးခဲ့သည့် ကတိက၀တ် ၇၄ ခုအနက် ၃၉ ခုသာ ဆောင်ရွက်ပြီးစီးကြောင်း သိရ

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ရောက်ရှိသည်အထိ လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး၊ ဆဋ္ဌမပုံမှန်အစည်းအဝေး၊ သတ္တမပုံမှန်အစည်းအဝေးများတွင် အစိုးရက ပေးအပ်ခဲ့သည့် ကတိက၀တ် ၇၄ ခုအနက် ၃၉ ခုသာ ဆောင်ရွက်ပြီးစီးသေးပြီး ရာခိုင်နှုန်းအားဖြင့် ၅၃ ရာခိုင်နှုန်းသာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် တရားစီရင်ရေး၊ ဥပဒေရေးရာဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမ ပုံမှန်လွှတ်တော်အစည်းအဝေးများတွင် အစိုးရက ပေးအပ်ထားသည့် ကတိက၀တ်များနှင့် ပတ်သက်၍ စိစစ်တွေ့ရှိချက် အစီရင်ခံစာအား တင်သွင်းရာတွင် လွှတ်တော်ပုံမှန် အစည်းအဝေးသုံးရပ်တွင် မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၁၂၃ ခုအနက် ကတိက၀တ် ၇၄ ခုရှိကြောင်း၊ အစိုးရက ဆောင်ရွက်ပြီးစီးခဲ့သည့် ကတိက၀တ် ၃၉ ခုရှိပြီး ဆောင်ရွက်ဆဲလုပ်ငန်း ၃၅ ခုရှိကြောင်း ထည့်သွင်းအစီရင်ခံခဲ့ခြင်းဖြစ်သည်။

အစိုးရအဖွဲ့က ကတိက၀တ်များအား အကောင်အထည်ဖော်ရာတွင် လိုအပ်ချက်များနှင့် ပတ်သက်၍ ကော်မတီက ယခုကဲ့သို့ တိုက်တွန်းပြောကြားသည်။

“ကတိက၀တ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကတိက၀တ်ကော်မတီသို့ လာရောက် ဖြေကြားရာတွင် ဆုံးဖြတ်ပေးနိုင်သော ဌာနအကြီးအမှူးကိုယ်တိုင် လာရောက်ဖြေကြားပေးရန် အကြံပြုပါတယ်။ တည်ဆောက်ရေးလုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်သော ၀န်ကြီးဌာနများ အနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သော ကုမ္ပဏီများ၊ ဌာနများအား အရည်အသွေး မီ မမီ၊ စာချုပ်ပါစည်းကမ်းများ လိုက်နာမှု ရှိ မရှိသေချာစွာ စိစစ်ရန်နှင့် လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း အကြံပြု တိုက်တွန်းပါတယ်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသောမေးခွန်းများ ဖြေကြားရာတွင် အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်နိုင်မှု အခြေအနေပေါ်မူတည်၍ အတတ်နိုင်ဆုံး ရှင်းလင်း ဖြေကြားပေးရန် အကြံပြုပါတယ်။ ဥပမာအားဖြင့် တစ်တိုင်းလုံးနဲ့ဆိုင်သော မေးခွန်းအား မေးမြန်းသူ၏ မြို့နယ်အကြောင်းသာ ဖြေကြားပေးခြင်းမျိုးထက် တစ်တိုင်းလုံးအတွက် ဖြေကြားပေးဖို့ လိုအပ်ပါတယ်” ဟု ကတိက၀တ်ကော်မတီဥက္ကဋ္ဌ ဦးဇေယျာမင်းသိန်းက ပြောကြားသည်။

ကတိက၀တ်များအပေါ် အစိုးရက ၀န်ကြီးဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆောင်ရွက်ပြီးစီးမှုများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနမှ ပြီးစီးမှု ၄၆ ရာခိုင်နှုန်း၊ လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီးဌာနမှ ပြီးစီးမှု ၅၆ ရာခိုင်နှုန်း၊ လူမှုရေးဝန်ကြီးဌာနမှ ပြီးစီးမှု ၅၈ ရာခိုင်နှုန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြီးစီးမှု ရာခိုင်နှုန်း ၅၀၊ စည်ပင်သာယာရေး ၀န်ကြီးဌာနမှ ပြီးစီးမှု ၃၃ ရာခိုင်နှုန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြီးစီးမှု ရာခိုင်နှုန်း ၁၀၀ တို့ဖြစ်ကြောင်း သိရသည်။