ဥရောပသမဂ္ဂသည် ပိုမိုအားကောင်းသော ကမ္ဘာ့ဦးဆောင်သူနေရာကို ယူသင့်ကြောင်း ယန်ကာတိုက်တွန်း

စက်တင်ဘာ ၁၂ ရက်တွင် ပြင်သစ်အရှေ့ပိုင်းရှိ ဥရောပပါလီမန်၌ ဥရောပကော်မရှင်ဥက္ကဋ္ဌ ယန်ကာက မိန့်ခွန်းပြောနေစဉ် (Photo: AFP)

ဥရောပသည် ၎င်း၏ စီးပွားရေးအင်အားနှင့် ကိုက်ညီသည့် ပိုမိုအားကောင်းသော ပြည်ပမူဝါဒနှင့်အတူ ကမ္ဘာ၌ဦးဆောင်သည့် နေရာကိုယူသင့်ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ ယန်းကလော်ဒီယန်ကာက ဥရောပ ပါလီမန်ကို စက်တင်ဘာ ၁၂ ရက်တွင် နှစ်စဉ်ပြောကြားနေကြမိန့်ခွန်း၌ တိုက်တွန်းခဲ့သည်။ ကုန်သွယ်ရေးနှင့် ငွေကြေးစစ်ပွဲများအား ရင်ဆိုင်နေရစဉ် နိုင်ငံတကာစင်မြင့်၌ ဥရောပက ရပ်တည်သင့်ကြောင်း ယန်ကာက ဥရောပပါလီမန်သို့ ပြောကြားသည့် မိန့်ခွန်းတွင် အမေရိကန်သာ ပထမမူဝါဒ ကျင့်သုံးနေသည့် သမ္မတဒေါ်နယ်ထရန့်ကို ဝေဖန်ခဲ့သည်။

အားကောင်းသော သံတမန်ရေးရာ ကြိုးပမ်းမှုဆောင်ရွက်ရန် ဥရောပ၏ စွမ်းရည်သည် အဖွဲ့ဝင် ၂၈ နိုင်ငံအကြား သဘောတူညီချက်ရရှိရန် လိုအပ်မှုက အမြဲတမ်း အဟန့်အတား ဖြစ်စေခဲ့ပြီး ထိုလုပ်ငန်းစဉ် ရိုးရှင်းစေရန်အတွက် ပြည်ပမူဝါဒကိစ္စအချို့တွင် အဖွဲ့ဝင်အားလုံး၏ ထောက်ခံမှု လိုအပ်သည့်အချက်ကို ဖျက်သိမ်းရန် အစီအစဉ်ကို ယန်ကာက ကြေညာခဲ့သည်။

ကုန်သွယ်ရေးစည်းကြပ်ခွန်များ ချမှတ်မှုမှသည် ပါရီရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး သဘောတူညီချက်နှင့် အီရန်နျူကလီးယား သဘောတူညီချက်အထိ အဓိကကိစ္စ အများအပြားတွင် ဘရပ်ဆဲနှင့် ၀ါရှင်တန်တို့အကြား လိပ်ခဲတည်းလည်း ဖြစ်နေစဉ် ယခုအချိန်သည် ဥရောပက ကမ္ဘာ့စင်မြင့်၌ ပိုမိုသြဇာလွှမ်းမိုးနိုင်သည့် ကဏ္ဍမှ ပါဝင်ရန် အချိန်ကျပြီဖြစ်ကြောင်း ယန်ကာက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် ယူရိုငွေကြေးကိုလည်း ကမ္ဘာသုံးငွေကြေးအဖြစ် သုံးစွဲနိုင်ရန်အတွက် ပိုမိုတွန်းအားပေးသင့်ကြောင်း ယန်ကာက ပြောကြားခဲ့ပြီး ဥရောပသည် အမေရိကန်ထံမှ စွမ်းအင်တင်သွင်းမှု နှစ်ရာခိုင်နှုန်းသာ ရှိနေချိန်တွင် ပေးချေမှု၏ ရာခိုင်နှုန်း ၈၀ အား ဒေါ်လာဖြင့် ပေးချေနေမှုကို ၎င်းက မေးခွန်းထုတ်ခဲ့သည်။ ယူရိုငွေကြေးကို အရန်ငွေကြေးအဖြစ် မြှင့်တင်ခြင်းဖြင့် ဥရောပသည် ၎င်းတို့သဘောမတူသည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် နည်းလမ်းတစ်ခုအဖြစ် ဘရပ်ဆဲ၏ သံတမန်ရေးရာအင်အားကို အားကောင်းစေမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ယန်ကာက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်တစ်ခု အပါအ၀င် အလုပ်အကိုင် သန်းပေါင်းများစွာ ဖန်တီးမည့် အာဖရိကနှင့် မိတ်ဖက်သစ် ထူထောင်ရန်လည်း ယန်ကာက တိုက်တွန်းခဲ့သည်။ ယင်းကဲ့သို့ သဘောတူညီချက် ရရှိပါက ဘရပ်ဆဲသည် အပြည်ပြည်ဆိုင်ရာ၌ သြဇာလွှမ်းမိုးရန်အပြင် မြေထဲပင်လယ်ကို ဖြတ်သန်း၍ ရွှေ့ပြောင်းအခြေချများ အလုံးအရင်းဖြင့် ၀င်ရောက်နေမှုကို ဟန့်တားရာတွင်လည်း အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း မျှော်လင့်ထားသည်။

ဥရောပ၌ မြှင့်တက်လာသော လူအများကြိုက်ဝါဒီ အင်အားစုများက ဗဟိုဝါဒီများအား ဘက်ပြိုင်မည့် လာမည့်နှစ်မေ ရွေးကောက်ပွဲများမတိုင်မီ ယန်ကာက ၎င်း၏ အဖွဲ့အခြေပြု မိန့်ခွန်းကို နောက်ဆုံးပြောကြားခဲ့ခြင်း ဖြစ်သည်။ လူအများကြိုက်ဝါဒီ၊ အမျိုးသားရေးဝါဒီနှင့် ဥရောပအား သံသယရှိသူများသည် နိုင်ငံအများအပြားတွင် အင်အားကောင်းလာနေသည်။

၂၀၁၅ ခုနှစ်တွင် ဥရောပ၌ အဆိုးရွားဆုံး ရွှေ့ပြောင်းအခြေချ အကျပ်အတည်း ကြုံတွေ့ခဲ့ပြီးနောက်ပိုင်း လူအများကြိုက်ဝါဒီများကို အင်အားကောင်းစေခဲ့သည့် တရားမ၀င် ရွှေ့ပြောင်းအခြေချ ၀င်ရောက်မှုအား ဟန့်တားနိုင်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဥရောပသမဂ္ဂ၏ ပြင်ပနယ်စပ်များကို ကာကွယ်နိုင်ရန် ၂၀၂၀ ပြည့်နှစ်မတိုင်မီ ဥရောပနယ်စပ်အစောင့်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကို တိုးမြှင့်ချထားရန် အဆိုပြုကြောင်း ယန်ကာက ပြောကြားခဲ့သည်။

Ref: AFP

ဥရောပသမဂ္ဂနှင့် ဂျပန်တို့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး

ဇူလိုင် ၁၇ ရက်တွင် တိုကျို၌ ဂျပန်ဝန်ကြီးချုပ် အာဘေး(လယ်)က ဥရောပကောင်စီဥက္ကဋ္ဌ တက်စ်(၀ဲ)နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ ယန်ကာတို့အား စကားပြောနေစဉ် (Photo – AFP)

ဝါရှင်တန်က အငြင်းပွားဖွယ်ကုန်သွယ်ရေး စည်းကြပ်ခွန်များ ချမှတ်မှုနှင့် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲရန် ခြိမ်းခြောက်မှု ပြုလုပ်နေချိန်တွင် ကိုယ်ကျိုးစီးပွားကာကွယ်သည့် မူဝါဒကို ရှင်းလင်းသော သတင်းစကားပါးလိုက်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည့် ဧရာမလွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို ဥရောပသမဂ္ဂနှင့် ဂျပန်တို့က ဇူလိုင် ၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

တိုကျိုတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဥရောပသမဂ္ဂထိပ်တန်း တာဝန်ရှိသူများက လက်မှတ်ထိုးခဲ့သည့် ထိုသဘော တူညီချက်သည် ဥရောပသမဂ္ဂက ညှိနှိုင်းခဲ့သမျှတွင် အကြီးမားဆုံးဖြစ်ပြီး ထိုသဘောတူ ညီချက်မှ ရရှိသော လွတ်လပ်စွာကုန်သွယ်ရေးဇုန်သည် ကမ္ဘာ့ဂျီဒီပီ၏ သုံးပုံတစ်ပုံနီးပါးကို လွှမ်းခြုံမည်ဖြစ်သည်။

ထိုသဘောတူညီချက်အရ ဂျပန်သည် ဥရောပသမဂ္ဂကုန်ပစ္စည်းများ၊ အထူးသဖြင့် ချိစ်ကဲ့သို့ နို့ထွက်ပစ္စည်းများအား သွင်းကုန်စည်းကြပ်ခွန်များ ချမှတ်မှုအားလုံးနီးပါးကို  ပယ်ဖျက်ပေးရမည်ဖြစ်သည်။ ဥရောပသမဂ္ဂကလည်း ထိုသဘောတူညီချက်အရ ဂျပန်၏ ကားပစ္စည်းအစိတ်အပိုင်းများအား စည်းကြပ်ခွန်များ ချမှတ်ထားမှုကို ချက်ချင်းပယ်ဖျက်ပေးရမည် ဖြစ်သည်။ ထို့ပြင် သဘောတူညီချက်အား အကောင်အထည်ဖော်ပြီးနောက် ရှစ်နှစ်အကြာတွင် ဂျပန်ကားများအား စည်းကြပ်ခွန်များ ဖယ်ရှားမှုအပါအ၀င် ဂျပန်ကုန်ပစ္စည်းများအား စည်းကြပ်ခွန်ချမှတ်မှု၏ ၉၉ ရာခိုင်နှုန်းခန့်အား ပယ်ဖျက်ပေးရမည် ဖြစ်သည်။

ထိုသဘောတူညီချက်အား ဥရောပ သမဂ္ဂပါလီမန်နှင့် ဂျပန်ဥပဒေပြုအမတ်များက အတည်ပြုပေးရန် လိုအပ်နေပြီး ၂၀၁၉ ခုနှစ်တွင် စတင်သက်ဝင်မည်ဟု ခန့်မှန်းထားကြသည်။ ဥရောပသမဂ္ဂသည် ကမ္ဘာ့အချမ်းသာဆုံး ဈေးကွက်တစ်ခုကို ၀င်ရောက်နိုင်ရန် ကြိုးပမ်းနေချိန်တွင် ခိုင်မာသော စီးပွားရေး တိုးတက်မှုရရှိနိုင်ရန်အတွက် ရုန်းကန်နေရသည့် ဂျပန်ကလည်း စီးပွားရေးကို အားကောင်းလာစေရန် မျှော်လင့်ထားသည်။

ထိုသဘောတူညီချက်သည် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒအား ၎င်းတို့က အတူတကွ ဆန့်ကျင်ကြောင်းကို ရှင်းလင်းသော သတင်းစကားပါးလိုက်ခြင်းဖြစ်သည်ဟု ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ်က ပြောကြားခဲ့သည်။ တက်စ်နှင့် ဥရောပ ကော်မရှင်ဥက္ကဋ္ဌ ယန်းကလော် ဒီယန်ကာတို့သည် ပေကျင်းတွင် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပခဲ့ပြီးနောက် ဂျပန်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော ဒီဇင်ဘာတွင် ရရှိခဲ့သော ဥရောပသမဂ္ဂနှင့် ဂျပန်တို့အကြား ထိုအထင်ကရ သဘောတူညီချက်သည် ဧရာမစီးပွား ရေးဇုန်ကို ဖန်တီးပြီး ထရန့်၏ ကိုယ်ကျိုးစီးပွား ကာကွယ်သည့်မူဝါဒနှင့် အလွန်အမင်း ကွဲပြားနေမည် ဖြစ်သည်။ အဖွဲ့ဝင် ၂၈ နိုင်ငံ နှင့် လူဦးရေ သန်း ၅၀၀ ရှိပြီး ကမ္ဘာ့အကြီး ဆုံးဈေးကွက်တစ်ခုဖြစ်သည့် ဥရောပသမဂ္ဂသည် ထရန့်အစိုးရ၏ ကိုယ်ကျိုးစီးပွားကာကွယ်မှု မူဝါဒနှင့် ရင်ဆိုင်နေရစဉ် အဖွဲ့ဝင် နိုင်ငံများအား ထောက်ပံ့ပေးနိုင်ရန် ကြိုးပမ်းနေသည်။ ထရန့်၏ ကိုယ်ကျိုးစီးပွားကာကွယ် ရေးမူဝါဒသည် ဂျပန်နှင့် ဥရောပသမဂ္ဂတို့အား ထိုသဘောတူညီချက်အား အလျင်အမြန်ရရှိနိုင်ရန်အတွက် ညှိနှိုင်းမှုကို အရှိန်မြှင့်ရန် တွန်းအားဖြစ်စေခဲ့ကြောင်း Mizuho Research Institute မှ ထိပ်တန်းသုတေသန တာဝန်ရှိသူ ဂျူနီချီဇူဂါဝါယာက သုံးသပ်ခဲ့သည်။

Ref ; AFP

ဥရောပသမဂ္ဂမှ ပြင်သစ်နုတ်ထွက်သင့်ကြောင်း ထရန့်က မက်ခရွန်ကို ပြောကြားခဲ့

အိမ်ဖြူတော်တွင် ပြီးခဲ့သောဧပြီ၌ ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်နှင့် တွေ့ဆုံစဉ်အတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြင်သစ်သည် ဥရောပသမဂ္ဂမှနုတ်ထွက်သင့်ပြီး အမေရိကန်နှင့် နှစ်နိုင်ငံကုန် သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ထိုးသင့်ကြောင်း ပြောကြားခဲ့သည်ဟု ၀ါရှင်တန်ပို့စ်က ဇွန် ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သောနှစ်တွင် ပြင်သစ်သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည့် ဥရောပမူဝါဒကို ပြတ်ပြတ်သားသား ထောက်ခံသူ မက်ခရွန်အား ထရန့်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဥရောပတာဝန်ရှိသူနှစ်ဦးအား ကိုးကား၍ ၀ါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။

ထို ပြောကြားမှုကို သံတမန်ရင်းမြစ်တစ်ဦးကလည်း အတည်ပြုခဲ့သည်။ ဥရောပသမဂ္ဂသည် အမေရိကန်အား အခွင့်အရေးယူရန် ဖွဲ့ထားခြင်းသာဖြစ်ကြောင်း မြောက်ဒါကိုတာပြည်နယ်တွင် ဇွန် ၂၇ ရက်၌ မဲဆွယ်မှုပုံစံ စုဝေးမှု တွင် ထရန့်က တိုက်ခိုက်ခဲ့သည်။

ဥရောပသမဂ္ဂသည် မြောက်အမေရိကလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် (NAFTA)ကဲ့သို့ပင် ဆိုးရွားကြောင်း ကနေဒါတွင်မကြာသေးမီက ကျင်းပခဲ့သော ဂျီ ၇ ထိပ်သီး၌ ထရန့် က ဝေဖန်ခဲ့သည်။

အီးယူက မြန်မာလုံခြုံရေး အရာရှိများအား ပိတ်ဆို့မှုချမှတ်ရန် ပြင်ဆင်နေပြီး ဇွန်၂၅ ရက်၌ ခုနစ်ဦး၏ အမည်စာရင်းကို ထုတ်ပြန်မည်

မေလက ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်း ထိစပ်နေသော ရခိုင်ပြည်နယ်ရှိ ကြိုဆိုရေးစခန်း တစ်ခုဖြစ်သည့် တောင်ပြိုလက်ဝဲအနီး လုံခြုံရေးယူထားသည့် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး (Photo : Reuters)

ဥရောပသမဂ္ဂ (အီးယူ) က မြန်မာတပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိ ခုနစ်ဦးကို ဘင်္ဂါလီ မွတ်စလင်များ (မူရင်း၌ တိုင်းရင်းသား ရိုဟင်ဂျာဟု ဖော်ပြ) အား အစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့မှုနှင့် ပတ်သက်၍ ပိတ်ဆို့မှုများ ချမှတ်ရန် ပြင်ဆင်နေကြောင်း သံတမန်များက ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ ယင်းသည်  အလွဲသုံးစားမှုများ ပြုလုပ်ခဲ့သည်ဟု အစီရင်ခံခြင်း ခံရသော မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များကို အပြစ်ပေးရန်အတွက် အီးယူခေါင်းဆောင်များက အပြောနှင့် မဟုတ်ဘဲ လက်တွေ့ပြလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အီးယူသည် ဖေဖော်ဝါရီလ အတွင်းက မြန်မာနိုင်ငံအပေါ် လက်နက်တင်သွင်းမှု ပိတ်ပင်ခြင်းအား ဆက်လက် သက်တမ်းတိုးခဲ့ပြီးနောက် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် အီးယူသည် မြန်မာတပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့အား အချို့သော ကုန်ပစ္စည်းများ ရောင်းချမှုကို တားမြစ်ခဲ့ပြီး မြန်မာတပ်မတော်နှင့် စစ်ဘက်ဆိုင်ရာအရ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းခဲ့သည်။

အီးယူ၏ နိုင်ငံခြားရေး ၀န်ကြီးများ လူဇင်ဘတ်တွင် အစည်းအဝေး ပြုလုပ်မည့် ဇွန် ၂၅ ရက် နံနက်၌ ပိတ်ဆို့မှု ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာမည်ဟု မျှော်လင့်ရသည်။ ယခုဆယ်စုနှစ် အစောပိုင်းက တပ်မတော် အစိုးရသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ပြုလုပ်ပေးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သား အစိုးရအဖွဲ့အား အာဏာတစ်စိတ်တစ်ပိုင်း လွှဲပြောင်းပေးခဲ့သောကြောင့် အလျင်အမြန် ပြေလည်၍လာသည့် အနောက်တိုင်းနှင့် မြန်မာဆက်ဆံရေးသည် ယခုအခါ သိသိသာသာ ချိုးကွေ့သွားတော့မည်ဖြစ်သည်။

ဥရောပသည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုအများစုကို ရုပ်သိမ်းပေးခဲ့ပြီး ၂၀၁၄-၂၀၂၀ ဘတ်ဂျက်၌ မြန်မာနိုင်ငံအား အကူအညီ ယူရို သန်း ၇၀၀ (အမေရိကန်ဒေါ်လာ သန်း ၈၁၀) ပေးရန် အတည်ပြုခဲ့သည်။

လွန်ခဲ့သည့် သြဂုတ်လမှစ၍ မြန်မာတပ်မတော်သည် ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေခဲ့ခြင်းက မြန်မာနိုင်ငံနှင့် ခိုင်မာအားကောင်းသော ဆက်ဆံရေး ထူထောင်နိုင်ခြေနှင့် ပတ်သက်သည့် အီးယူ၏ တွက်ချက်မှုများကို ပြောင်းလဲသွားစေခဲ့ခြင်းဖြစ်ပြီး ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်က ဘင်္ဂါလီ မွတ်စလင်များအပေါ် အကြမ်းဖက်မှုအား လူမျိုးတုံး သတ်ဖြတ်မှုဟု လွန်ခဲ့သည့်နှစ်က ပြစ်တင်ရှုတ်ချခဲ့သည်။

ဘင်္ဂါလီ မွတ်စလင်များသည် မြန်မာနိုင်ငံအတွင်း မျိုးဆက်များချီလျက် နေထိုင်ခဲ့သော်လည်း ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရသည် ဟုဆိုသည်။

မြန်မာတပ်မတော်က ဘင်္ဂါလီမွတ်စလင်များအပေါ် ၎င်းတို့၏ ဆောင်ရွက်ချက်များသည် ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကို တုံ့ပြန်ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ အရပ်သား အစိုးရ အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ၏ Facebook ပို့စ် တစ်ခုတွင် ပြည်ပမှ အမုန်းတရား ဇာတ်လမ်းများအား လူ့အသိုင်းအ၀ိုင်းများအကြား တင်းမာမှုများ ဖြစ်ပွားစေခြင်းအဖြစ် ယခုသီတင်းပတ် အတွင်း၌ ပြစ်တင်ပြောကြားခဲ့သည်။

အနောက်တိုင်း အစိုးရ အဖွဲ့များသည် မြန်မာတပ်မတော်အပေါ် ကြိမ်ဖန်များစွာ ပြစ်တင်ရှုတ်ချ ခဲ့သော်လည်း ယခုအထိ မြန်မာတပ်မတော် အရာရှိများကို အပြစ်ပေးရန် နိုင်ငံတကာ၏ လုပ်ဆောင်ချက်မှာ လွန်စွာနည်းပါးခဲ့သည်။

ဒီဇင်ဘာလတွင် အမေရိကန်၏ ထရန့်အစိုးရအဖွဲ့က မြန်မာတပ်မတော်အရာရှိ တစ်ဦးဖြစ်သော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးကိုသာ ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ အမေရိကန် အစိုးရက ဗိုလ်ချုပ်မောင်မောင်စိုးသည် ဘင်္ဂါလီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) တို့အား နှိမ်နင်းမှုကို ကြီးကြပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော် မြန်မာနိုင်ငံအပေါ် ပိုမိုကျယ်ပြန့်သော ပိတ်ဆို့မှုများ ချမှတ်ရန် ကိစ္စကို ငြင်းဆိုခဲ့သည်။

နိုင်ငံတကာက မြန်မာနိုင်ငံအား တာဝန်ခံမှု ရှိစေရန် တွန်းအားပေးသည့် သီးခြားလုပ်ဆောင်ချက် တစ်ရပ်အဖြစ် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး (ICC) က ဘင်္ဂါလီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) တို့အပေါ် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော ပြစ်မှုများအတွက် မြန်မာအရာရှိများအား တရားစွဲဆိုခြင်း ပြုလုပ်ရန် သင့် မသင့်ကို လက်ရှိ၌ ဆုံးဖြတ်ရန် ရှိနေပြီး ယခုသီတင်းပတ်အတွင်း နယ်သာလန်နိုင်ငံသည် ဟိတ်မြို့တွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ပိတ်ဆို့မှုချမှတ်မည့် မြန်မာလုံခြုံရေး အရာရှိ ခုနစ်ဦး၏ အမည်စာရင်းကို ဇွန် ၂၅ ရက်တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း The Wall Street Journal က ဖော်ပြခဲ့သည်။

Ref : The Wall Street Journal

ဥရောပတွင် သဘောထားတင်းမာသူများ အားကောင်းလာမှုက ရွှေ့ပြောင်းအခြေချ ကိုင်တွယ်မှုဆိုင်ရာ ပဋိပက္ခသို့ ဦးတည်နေ

ဇွန် ၁၃ ရက်က စစ္စလီမြို့ ကာတာနီယာဆိပ်ကမ်းတွင် ကယ်ဆယ်မှု ပြုလုပ်ခဲ့ပြီးနောက် အီတလီ ကမ်းရိုးတန်းစောင့်သင်္ဘော Piciotti ကို တွေ့ရစဉ် (Photo : AFP)

ရွှေ့ပြောင်းအခြေချ ရာပေါင်းများစွာ လိုက်ပါလာသော Aquarius သင်္ဘောအား လက်ခံရန် အီတလီ၏ ငြင်းဆန်ခဲ့မှုကို ပြင်သစ်မှလွဲ၍ ဥရောပသမဂ္ဂ၏ ကျန်အဖွဲ့အချို့ထံမှ ကန့်ကွက်မှု မဆိုစလောက်သာ ကြုံတွေ့ခဲ့ရမှုက သဘောထားတင်းမာသူများသည် ယခုအခါ ရွှေ့ပြောင်းအခြေချဆိုင်ရာ ပဋိပက္ခအား အဖြေရှာမှုတွင် ပုံဖော်နေသည့် လက္ခဏာ ဖြစ်ကြောင်း လေ့လာသူများက ရှုမြင်ခဲ့သည်။

ရောမ၏ တာဝန်ယူမှု မရှိခြင်းအား ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ရှုတ်ချခဲ့သော်လည်း ယခုအခါ ဥရောပသမဂ္ဂ၏ ပြင်ပနယ်စပ်များအား ကြိုတင်ကာကွယ်ရန်အတွက် အာရုံစိုက်နေသည့် အဖွဲ့ဝင်နိုင်ငံများအား မစည်းရုံးနိုင်ခဲ့ပေ။ ဘရပ်ဆဲ အခြေစိုက် ဥရောပသမဂ္ဂ၏ အုပ်ချုပ်ရေး လက်တံဖြစ်သည့် ဥရောပကော်မရှင် ကိုယ်တိုင် အဖွဲ့ဝင် ၂၈ နိုင်ငံအကြား ညီညွတ်ရန်နှင့် ပင်လယ်ထဲ မျောပါနေသော ရွှေ့ပြောင်းအခြေချများအား လူသားဆန်ဆန် ပြုမူရန်အတွက် တောင်းဆိုရာတွင် ကန့်သတ်ခံနေရသည်။

ရောမက Aquarius သင်္ဘောအား ငြင်းဆန်လိုက်ခြင်းက ပြီးခဲ့သော ငါးနှစ်ခန့်က ဥရောပနိုင်ငံများ၏ သဘောထားကို လုံးလုံးလျားလျား ပြောင်းလဲလိုက်မှု၏ အမှတ်အသားဖြစ်ကြောင်း ပြင်သစ်နိုင်ငံ Nantes တက္ကသိုလ်မှ သုတေသီ Yves Pascouau က ပြောကြားခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အိမ်နီးချင်းနိုင်ငံများ၏ တုံ့ပြန်မှု ကင်းမဲ့နေချိန်၌ အီတလီသည် ရေကြောင်းဆိုင်ရာ လူသားချင်းစာနာမှုမစ်ရှင် Mare Nostrum ကို စတင်ခဲ့ခြင်းအား ၎င်းက ရည်ညွှန်းခဲ့သည်။

Aquarius ဆိုင်ရာ အချင်းများမှုသည် ဥရောပသမဂ္ဂ နယ်စပ်များအား ပိတ်ပင်လိုနေသည့် သဘောထား ပိုမိုတင်းမာသူများအတွက် အောင်ပွဲဖြစ်ကြောင်း ပြသနေသည်ဟု Pascouau က ဆိုခဲ့သည်။

သဘောထား အလွန်အမင်း ကွဲပြားနေမှု

ဟန်ဂေရီ၊ ချက်၊ ဆလိုဗေးနီးယားနှင့် ပိုလန်တို့ကဲ့သို့ ဥရောပသမဂ္ဂထဲမှ ကွန်မြူနစ်နိုင်ငံဟောင်းများသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပအတွက် အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်း ကြုံခဲ့ရသည့် ၂၀၁၅ ခုနှစ်တွင် အဖွဲ့က သဘောတူခဲ့သည့် ရွှေ့ပြောင်းအခြေချဝေစု လက်ခံရေးကို လုံးဝလက်မခံခြင်း သို့မဟုတ် ဆန့်ကျင်ခြင်း ပြသခဲ့ကြသည်။ သို့သော် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အများအပြားကမူ ထိုအစီအစဉ်၌ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဥရောပသမဂ္ဂသည် အစောပိုင်းတွင် အရှေ့နှင့်အနောက် ကွဲပြားခဲ့ကြကြောင်း၊ သို့သော် လက်ယာစွန်းဝါဒီများ အာဏာရရှိခဲ့သည့် အီတလီနှင့် သြစတြီးယားတို့ အပါအ၀င် နိုင်ငံအများအပြား၌ ရွှေ့ပြောင်းအခြေချများအား ဆန့်ကျင်သည့် အယူအဆများသည် ရွေးကောက်ပွဲများ၌ အားကောင်းခဲ့ပြီး အခြေအနေသည် ပြောင်းလဲသွားခဲ့ကြောင်း စပိန်ပညာရှင်အဖွဲ့ CIDOB မှ အလီနာဆန်းချက်ဇ်မွန်တီဂျာနိုက ထောက်ပြခဲ့သည်။

ခိုလှုံခွင့်တောင်းခံသူ အလုံးအရင်းဖြင့် ၀င်ရောက်လာမှုအား လက်ခံခဲ့သော ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်သည်လည်း ရွှေ့ပြောင်းအခြေချများအား သဘောထား တင်းမာသည့် ပြည်ထဲရေးဝန်ကြီး Horst Seehofer နှင့် ထိပ်တိုက်တွေ့နေကြောင်း ၎င်းကဆိုခဲ့သည်။

ဇူလိုင်တွင် ဥရောပသမဂ္ဂ အလှည့်ကျဥက္ကဋ္ဌရာထူးကို ထမ်းဆောင်မည့် သြစတြီးယားမှ ၀န်ကြီးချုပ် ဆီဘက်စတန်ကားဇ်က ဥရောပသမဂ္ဂ ပြင်ပနယ်စပ်များအား ကြိုတင်ကာကွယ်နိုင်ရန် လိုအပ်သော အရာများကို အာရုံစိုက်သွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် စစ်မှန်သော ခိုလှုံခွင့်တောင်းခံသူနှင့် စီးပွားရေးအရ ရွှေ့ပြောင်းအခြေချများအား ခွဲခြားပစ်ရန်အတွက် ဥရောပသမဂ္ဂ ပြင်ပ၌ ကြိုဆိုလက်ခံရေး စင်တာများဟုခေါ်သော စခန်းများကို တည်ဆောက်ရန် ဒိန်းမတ်ကဲ့သို့ နိုင်ငံများနှင့် လုပ်ဆောင်နေသည်ဟု ဗီယင်နာက အတည်ပြုခဲသ့ည်။

ဥရောပသို့ အဓိက ၀င်ပေါက်များဖြစ်ကြသော အထူးသဖြင့် တူရကီနှင့် လစ်ဗျားကဲ့သို့နိုင်ငံများနှင့် ဥရောပသမဂ္ဂအကြား သဘောတူညီချက်များ ရရှိခဲ့ပြီးနောက် ခိုလှုံခွင့် တောင်းခံသူများ ၀င်ရောက်မှုသည် အလွန်အမင်း ကျဆင်းခဲ့သော်လည်း ထိုကိစ္စသည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအချို့တွင် နိုင်ငံရေးဆိုင်ရာ အဓိက အကြောင်းအရာအဖြစ် မြင့်တက်လာခဲ့ကြောင်း Carnegie Europe မှ ကျွမ်းကျင်ပညာရှင် စတက်ဖန်လမ်းက ပြောကြားခဲ့သည်။

အသက်မဲ့နေသော အဆိုပြုချက်

ဒဗ္ဗလင်စည်းမျဉ်းများ ဟုခေါ်သည့် ဥရောပသမဂ္ဂသို့ ခိုလှုံခွင့်တောင်းခံမှုဆိုင်ရာ စည်းမျဉ်းများအား ပြုပြင်ပြောင်းလဲရန်အတွက် နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ညှိနှိုင်းဆွေးနွေး ခဲ့ကြသော်လည်း သဘောတူညီချက် မရသေးပေ။

လက်ရှိစည်းမျဉ်းများအရ ရွှေ့ပြောင်းအခြေချများ ပထမဆုံး ၀င်ရောက်လာသော နိုင်ငံများက ၎င်းတို့၏ ခိုလှုံခွင့် တောင်းခံမှုများကို စိစစ်ပေးရမည်ဖြစ်ရာ ဂရိနှင့်အီတလီတို့အတွက် မမျှတသော ၀န်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ဟု ဝေဖန်သူများက ပြောကြားခဲ့ကြသည်။ သို့သော် ထိုစည်းမျဉ်းများအား ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် ဘရပ်ဆဲတွင် ထိပ်သီး ကျင်းပမည့် ဇွန် ၂၈-၂၉ ရက်ကို နောက်ဆုံးအချိန် သတ်မှတ်ထားမှုသည် နီးကပ်လာချိန်တွင် ခိုလှုံခွင့် တောင်းခံသူများအား နေရာပြန်လည်ချထားရေးနှင့် ပတ်သက်၍ အဖွဲ့ဝင် နိုင်ငံများအကြား မဆုတ်သာ မတိုးသာ အခြေအနေ ကြုံနေရဆဲ ဖြစ်သည်။

ဥရောပကော်မရှင်၏ အဆိုပြုချက်သည် အခြေခံအားဖြင့် အသက်မဲ့နေပြီး အီတလီအစိုးရသစ်နှင့် နိုင်ငံအချို့က ဥရောပသို့ ရွှေ့ပြောင်းအခြေချများ မ၀င်လာနိုင်စေရန် ကြိုတင်ဟန့်တားမှုသည် အကောင်းဆုံး နည်းလမ်းအဖြစ် ရှုမြင်ခဲ့ကြောင်း လမ်းက ပြောကြားခဲ့သည်။

Ref : AFP

ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာစဉ် ဥရောပသမဂ္ဂက အမေရိကန်ကုန်ပစ္စည်းများအား စည်းကြပ်ခွန်များ ပြဋ္ဌာန်း

၂၀၁၅ ခုနှစ် မတ် ၁၇ ရက်က ဂျာမနီနိုင်ငံ Salzgitter ရှိ သံမဏိစက်ရုံတစ်ရုံ၏ အတွင်းပိုင်းကို တွေ့ရစဉ် (Photo: AFP)

ဥရောပသမဂ္ဂ၏ သံမဏိသွင်းကုန်များအား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရ၏ စည်းကြပ်ခွန်များ ချမှတ်ခဲ့မှုကို တုံ့ပြန်မှုအဖြစ် ဥရောပသမဂ္ဂကလည်း ၀ီစကီနှင့် ဆိုင်ကယ်များအပါအ၀င် အမေရိကန် ကုန်ပစ္စည်းများကို ပစ်မှတ်ထားသည့် စည်းကြပ်ခွန်များ ပြဋ္ဌာန်းရန် ဇွန် ၁၄ ရက်တွင် အတည်ပြုခဲ့ကြသည်။ ကုန်သွယ်ရေး မမျှတမှုအတွက် ထရန့်က ၎င်း၏ မဟာမိတ်များအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အဖွဲ့၏ ပူးတွဲကြေညာချက်တွင် ပါဝင်ရန် ငြင်းဆန်ခဲ့သည့် သဘောထားကွဲလွဲမှု ကြီးမားခဲ့သော ဂျီ-၇ ထိပ်သီးအပြီး ရက်ပိုင်းသာအကြာတွင် ဥရောပသမဂ္ဂက အမေရိကန်ကို ယင်းကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့ခြင်းကြောင့် အတ္တလန္တိတ် ဖြတ်ကျော်ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပေါ်လာစေရန် အားကောင်းစေခဲ့သည်။

ထရန့်က ဥရောပသမဂ္ဂ၏ သံမဏိနှင့် အလူမီနီယံသွင်းကုန်များအား စည်းကြပ်ခွန်များ ပြဋ္ဌာန်းသွားမည်ဟု ဇွန် ၁ ရက်တွင် ခြိမ်းခြောက်ခဲ့ပြီးနောက် ဥရောပသမဂ္ဂကလည်း  ယူရို ၂ ဒသမ ၈ ဘီလျံ (ဒေါ်လာ ၃ ဒသမ ၃ ဘီလျံ) တန်ဖိုးရှိ အမေရိကန်သွင်းကုန်များအား ပစ်မှတ်ထား၍ စည်းကြပ်ခွန်များ ချမှတ်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

စည်းကြပ်ခွန်များ ချမှတ်မှုသည် လာမည့်ရက်ပိုင်းအတွင်း စတင်သက်ဝင်မည် ဖြစ်ကြောင်း အမည်မဖော်သော ဥရောပ ကော်မရှင်သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ အခြားတာဝန်ရှိသူများကမူ ဇူလိုင် အစောပိုင်းတွင် အကောင်အထည် ဖော်လိမ့်မည်ဟု ပြောကြားခဲ့ကြသည်။

ထရန့်က ဥရောပသမဂ္ဂ၏ သံမဏိနှင့် အလူမီနီယံသွင်းကုန်များအား စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း အသီးသီး ချမှတ်မည်ဟု ပြီးခဲ့သော မတ်တွင် စတင် ပြောကြားစဉ် ပြန်လည်တုံ့ပြန်မည့် စာရင်း ကို ဘရပ်ဆဲလ်က ရေးဆွဲခဲ့သည်။ အမေရိကန်သွင်းကုန်များအား ပစ်မှတ်ထား၍ စည်းကြပ်ခွန်များ ချမှတ်မည့် စာရင်းတွင် ကုန်တံဆိပ် အမည်များကို အထူးပြုဖော်ပြခဲ့ခြင်းမရှိသော်လည်း  ဥရောပသမဂ္ဂသည် Harley Davidson ၊ အမေရိကန်ထုတ် အဓိက၀ီစကီ၊ Levi ၏ ဂျင်းများအပါအ၀င် အမေရိကန် ကုန်ပစ္စည်းများကို သွင်းကုန် စည်းကြပ်ခွန်များ ပြဋ္ဌာန်းရန် ပြင်ဆင်နေကြောင်း ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ယန်းကလော်ဒီယန်ကာက ပြီးခဲ့သော မတ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂက ၂၀၁၇ ခုနှစ်တွင် အမေရိကန်ထံမှ ယူရို ၄၁၅ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်သွင်းခဲ့ပြီး အမေရိကန်ထုတ် အဓိက၀ီစကီမပါဘဲ နောက်ထပ် ယူရို သန်း ၁၅၀ တန်ဖိုးရှိ ၀ီစကီများကို တင်သွင်းခဲ့သည်။ အနီရောင်ဘယ်ရီသီးအချဉ်နှင့် ဖျော်ရည်၊ လိမ္မော်ဖျော်ရည်၊ သကြားပြောင်း၊ မြေပဲထောပတ်စသည်တို့သည်လည်း စည်းကြပ်ခွန်များ ချမှတ်မည့် အခြားစားသောက် ကုန်စာရင်းတွင် ပါဝင်ခဲ့သည်။

ဥရောပသမဂ္ဂသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO သို့ အသိပေးထားပြီး ကုန်သွယ်မှုတန်ဖိုး ယူရို ၂ ဒသမ ၈ ဘီလျံ တန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းများကို စည်းကြပ်ခွန်များ ချမှတ်နိုင်သည့် အခွင့်အရေးကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဥရောပကော်မရှင် သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

သွင်းကုန်စည်းကြပ်ခွန် ချမှတ်မှု၊ ပါရီ ရာသီဥတုတိုက်ဖျက်ရေး သဘောတူညီချက်၊ အီရန်နျူကလီးယားသဘာတူညီချက်နှင့် ဂျေရုစလင်တွင် အမေရိကန်သံရုံးသစ် ဖွင့်လှစ်မှုတို့ အပါအ၀င် ကိစ္စအများအပြားကြောင့် အချင်းများခဲ့ပြီးနောက် အမေရိကန် နှင့် ဥရောပသမဂ္ဂတို့အကြား ဆက်ဆံရေးသည် နှစ်များစွာအတွင်း အနိမ့်ဆုံးသို့ ကျရောက်ခဲ့သည်။