ရန်ကုန်မြို့ရှိ မြို့ပတ်ရထားလမ်းများ၏ ဘူတာရုံများ ဖွံ့ဖြိုးမှုနောက်ကျနေပြီး ရာဇ၀တ်မှုများဖြစ်ပွားရာ နေရာတစ်ခုကဲ့သို့ ဖြစ်နေဟုဆို

ရန်ကုန်မြို့ရှိ မြို့ပတ်ရထားလမ်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်မြို့ရှိ မြို့ပတ်ရထားလမ်းများ၏ ဘူတာရုံများ ဖွံ့ဖြိုးမှုနောက်ကျနေပြီး ရာဇ၀တ်မှုများဖြစ်ပွားရာ နေရာတစ်ခုကဲ့သို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ရန်ကုန်မြို့ပတ်ရထားလမ်းတွေကို အဆင့်မြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ဘူတာတွေဟာ အလွန်အင်မတန်ကို အဆင့်နောက်ကျခဲ့ပါတယ်။ နိုင်ငံတကာကိုကြည့်မယ်ဆိုရင် ဘူတာဟာ အရေးအကြီးဆုံး နေရာဖြစ်ပါတယ်။ Transit Oriented Development လုပ်မယ်ဆိုရင် ခရီးစဉ်တစ်ခုကို ချိတ်တွဲဆောင်ရွက်မယ်ဆိုရင် ဘူတာဟာ အရေးအကြီးဆုံးနေရာဖြစ်ပါတယ်။ ဘူတာရုံမှာ စားသောက်ဆိုင်တွေရှိတယ်၊ ကုန်တိုက်တွေရှိမယ်။ ဘူတာရုံတွေမှာ အပန်းဖြေအနားယူမှုတွေရှိမယ်။ အခြားသောဝန်ဆောင်မှုတွေကို လုပ်ပေးနိုင်မယ်ဆိုရင် ဘူတာရုံတွေရဲ့အဆင့်အတန်းဟာများစွာ မြင့်တက်လာမှာဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ရန်ကုန်မြို့ပတ်ရထားလမ်းတွေရဲ့ ဘူတာရုံတွေကို ကြည့်လိုက်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတာဖြစ်ပါတယ်။ ဘူတာရုံတွေဟာ ရာဇ၀တ်မှုတွေဖြစ်တဲ့ နေရာတစ်ခုလိုတောင် ဖြစ်နေပါတယ်။ မှောင်မိုက်တဲ့နေရာတွေဖြစ်တယ်။ ညဘက်ဆို အမျိုးသမီးတွေဟာ ဘူတာရုံနားကို မသွားရဲဘူးဆိုတဲ့ အခြေအနေမျိုးတွေမဖြစ်အောင် ဘူတာရုံတွေကို ခရီးသည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ ချိတ်ဆက်ရမှာဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မြို့ပတ်ရထားလမ်းရှိသည့် မြို့တော်ဆိုသည်မှာ အရှေ့တောင်အာရှတွင် အများကြီးမရှိကြောင်း၊ ကိုလိုနီလက်ထက်တွင် ရန်ကုန်မြို့တော်ကြီးကို Metropolitan ဖြစ်လာစေရန် အနာဂတ်ကိုမျှော်တွေးပြီး မြို့ပတ်ရထားလမ်းကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒါကြောင့်မို့ မြို့ပတ်ရထားဘူတာရုံတွေကို ကားလမ်းရထားလမ်းတွေနဲ့ ချိတ်ဆက်နိုင်ဖို့နဲ့ ရေလမ်းကိုချိတ်နိုင်မယ်ဆိုရင် ဒီနေရာတွေဟာ တန်ဖိုးရှိတဲ့နေရာတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ-ပုဇွန်တောင်လိုနေရာမျိုး ဖြစ်ပါတယ်။ ပုဇွန်တောင်ဟာ တစ်ဖက်မှာ ကားလမ်းရှိပါတယ်။ တဖက်မှာရထားလမ်းရှိပါတယ်။ တဖက်မှာ ရေလမ်းရှိပါတယ်။ ငမိုးရိပ်ချောင်းဟာ ပုဇွန်တောင်ဘေးမှာ ပုဇွန်တောင်ချောင်းအဖြစ် ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနေရာတွေဟာ မြို့ပြအတွက် အလွန်တန်ဖိုးရှိတဲ့ နေရာတွေဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ မြို့ပတ်ရထားလမ်းများသည် လက်ရှိအချိန်တွင် ခေတ်နောက်ကျ ကျန်နေဆဲဖြစ်သဖြင့် အဆင့်မြှင့်တင်မှုအချို့ကို ဆောင်ရွက်နေကြောင်း သိရသည်။

အလားတူ ဂျပန်နိုင်ငံ JICA မှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာဆန်းစစ်မှုများတွင် ယခုကိစ္စအား အဓိကထားပြီး လေ့လာဆန်းစစ်ပေးနေကြောင်း၊ မြို့ပတ်ရထားလမ်းများ အဆင့်မြှင့်တင်မှုအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်မှာ ရင်းနှီးမြှုပ်နှံသူများတွက် အိပ်မက်မက်စရာတစ်ခုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အကောင်အထည်ဖော်မည့် စီမံကိန်းများအတွက် လက်သင့်သည့်သူကို သတင်းပေးပြီး လက်ဝါးကြီးအုပ်ထားခြင်းမျိုး မဖြစ်အောင် ကြိုးစားမည်ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းများအတွက် လက်သင့်သည့်သူကို သတင်းအချက်အလက်ပေးပြီး လက်ဝါးကြီးအုပ်ထားခြင်းမျိုး မဖြစ်အောင် ကြိုးစားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက မေ ၉ ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသည့် Yangon Investment Forum အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့ ဒီစီမံကိန်းတွေ ရေးဆွဲဆောင်ရွက်တဲ့အခါ စီးပွားရေးတွက်ခြေကိုက် မှုရှိမရှိ လေ့လာရပါတယ်။ ဒါပေမဲ့ ဒီသတင်းကို ကျွန်တော်တို့မဖုံးဖိထားပါဘူး။ လက်သင့်တဲ့သူကို Information ပေးပြီး လက်ဝါးကြီး အုပ်ထားတာမျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ကြိုးစားပါမယ်” ဟု  ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့သစ် စီမံကိန်းနှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားသည်။

“ပြည်သူလူထုအတွက် ကျွန်တော်တို့ ထူထောင်တဲ့လုပ်ငန်းတွေ အိမ်ရာစီမံကိန်းတွေ၊ မြို့သစ်တွေ၊ စက်မှုဇုန်တွေမှာ သူတို့အခွင့်အရေးရသင့်ပါတယ်။ သူတို့ဆုံးဖြတ် ချက်ကိုသူတို့ လွတ်လပ်စွာချသင့်ပါတယ်။ ဒါပေမဲ့ သူတို့သိဖို့တော့လိုပါတယ်။ သူတို့ သိပြီးဆုံးဖြတ်တာ မှန်ပါတယ်။ မသိဘဲနဲ့ ရောင်းလိုက်ရတာမျိုး ကျွန်တော်တို့ တာဝန်ယူတဲ့ကာလမှာ မဖြစ်စေရပါဘူး။ ဒါကြောင့်မို့ ကြိုပြီးသတင်းပေးနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သတင်းက ကြိုဖြစ်နေတာ ဖြစ်ပါတယ်။ လွှတ်တော်က နောက်ကျနေတာမျိုးတွေလည်း ရှိတတ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းမှာ လွှတ်တော်တွင် သုံးကြိမ်တိတိဆွေးနွေးခဲ့သည့် Issue ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းကိုစတင် အကောင်အထည်ဖော်မည်ဆိုသည့် အခြေအနေမှာ ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်တွင် မြို့တော်ဝန် ဦးလှမြင့်က အဆိုပြုခဲ့ခြင်းဖြစ်ကာ လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်း၊ ယင်းအခြေအနေတွင် ဒေါက်တာဒေါ်ညိုညိုသင်းက မလုပ်သင့်ဟု အဆိုပြုခဲ့ရာ လွှတ်တော်တွင် အတည်ပြုခဲ့ပြီး စီမံကိန်းကို ရပ်ဆိုင်းခဲ့ကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။

“ဒီအခြေအနေမှာ ဒေသခံပြည်သူလူ ထုရဲ့ဘ၀ဟာ အတော်ဆင်းရဲပါတယ်။ သူတို့ရဲ့ လယ်ယာမြေတွေရဲ့ ထုတ်ကုန်ကဏ္ဍကလည်း တအားနိမ့်ပါတယ်။ အဲဒီအတွက် သူတို့တောင်းဆိုဆန္ဒပြမှုတွေ ဖြစ်ပါတယ်။ အဲဒီဆန္ဒပြမှုတွေ အနေအထားအရ ကြည့်မြင်တိုင်လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာ နောက်တစ်ကြိမ်ထပ်တင်ပါတယ်။ ထပ်တင်ပြီးတဲ့အခြေအနေကျမှ လွှတ်တော်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီလွှတ်တော် အတည်ပြုခဲ့တယ်ဆိုတဲ့ အခြေအနေကနေ ပြီးတော့မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ပြည်ထောင်စုအစိုးရကို တင်ပြပြီးတော့မှ ဒီနေရာကို မြေသိမ်းအမိန့်ဆိုပြီး ထွက်ရပါတယ်။ မြေသိမ်းထွက်တဲ့အချိန်မှာ မြေသော်လည်းကောင်း၊ ငွေသော်လည်းကောင်း လျော်ကြေးပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့က လယ်သမားတွေရဲ့ဘ၀ကို ရှေးရှုပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မြေသိမ်းအမိန့်ထုတ်သည်အထိ ပြီးခဲ့တဲ့အစိုးရက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ခြင်းမှ ရရှိလာမည့်အကျိုးအမြတ်များအား ရန်ကုန်မြို့ဟောင်းရှိ ပြည်သူလူထု၏ လိုအပ်ချက်များစွာကို ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်တစ်သိန်းခွဲအတွက် တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်ပေးရန် ငွေကြေးပမာဏ ကြီးမားသောကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ရန်ကုန်တိုင်းဒေသကြီး တွံတေးတံတားအနီးရှိ ကျူးကျော်နေအိမ်များကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်တစ်သိန်းခွဲအတွက် တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်ပေးရန် ငွေကြေးပမာဏ ကြီးမားသောကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်ကြောင်း ဧပြီ ၂၀ ရက်က UMFCCI ၌ ကျင်းပသည့် Yangon Investment Forum 2018 ဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“နေစရာအိမ်မရှိတဲ့ ကျူးကျော်တွေကို စာရင်းကောက်ယူထားမှုအရ ကျွန်တော်တို့မှာ တစ်သိန်းခွဲလောက် နေစရာမရှိတဲ့သူတွေ ရှိပါတယ်။ ဒီနေစရာမရှိသူရဲ့ ဒါဟာ စိန်ခေါ်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ ဒီအခြေအနေကို အိမ်ကို ရင်းနှီးမြှုပ်နှံမှုများများနဲ့ မြှုပ်နှံပြီး ဆောင်ရွက်မယ်ဆိုရင် အနှစ် ၃၀ လောက် ငွေရင်းနှီးထားမယ်ဆိုရင် ကျွန်တော်တို့ဆီမှာရှိတဲ့ ဈေးကွက်က တိုက်ခန်းပေါင်း တစ်သိန်းခွဲလောက် ၀ယ်လိုအားရှိနေတယ်လို့ ပြောလို့ရတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလောက်တိုက်ခန်း တစ်သိန်းခွဲလောက် တန်ဖိုးနည်းတိုက်ခန်း တစ်သိန်းခွဲလောက်ကို ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ငွေကြေးပမာဏ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့က မြှုပ်နှံဖို့မရှိပါဘူး။ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေတောင် တော်တော်စဉ်းစားရမယ့် Business မျိုးဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

သို့သော် အဆိုပါ တန်ဖိုးနည်းအိမ်ရာ တစ်သိန်းခွဲအတွက် နှစ် ၃၀ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ပြီး ကျူးကျော်နေထိုင်သူများအား အရစ်ကျစနစ်ဖြင့် ရောင်းချမည်ဆိုပါက ဈေးကွက်အလားလာကောင်းများ ရှိနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သုံးသပ်ပြောကြားသည်။

“ဒါပေမဲ့ အနှစ် ၃၀ မြှုပ်နှံထားရင် အနှစ် ၃၀ မှာ ဒီအခန်းကို အရစ်ကျစနစ်နဲ့ ရောင်းပေးသွားမယ်ဆိုရင် အနှစ် ၂၀၊ ၂၅၊ ၃၀ လောက်မှာ အရင်းကျေသွားနိုင်မယ်။ ဒီရင်းနှီးမြှုပ်နှံမှုကို မြှုပ်နှံမယ်ဆိုရင် ဈေးကွက်ကတော့ အဆင်သင့်ရှိနေတာဖြစ်ပါတယ်။ ဒီနေစရာမရှိတဲ့သူတွေကို အိမ်ပေါ်မှာ တင်ထားလိုက်မယ်ဆိုလို့ရှိရင် မြို့ပြကြီးက နေချင့်စဖွယ်မြို့ပြ ဖြစ်လာမှာဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

စစ်တမ်းကောက်ယူမှုများအရ အဆိုပါ ကျူးကျော်နေထိုင်နေသူများသည် အလုပ်အကိုင်အခွင့်အလမ်းများ ရှိနေသော်လည်း အိမ်၊ မြေ ၀ယ်နိုင်လောက်သည့် အခြေအနေမျိုးမရှိသည့်အတွက် အလုပ်အကိုင်ကို အာမခံချက်ပေးပြီး အိမ်ရာထူထောင်ရေးအပြင် ရေ၊ မီး၊ ရေဆိုး၊ အမှိုက်ကိစ္စရပ်များကို ၀န်ဆောင်မှုကောင်းများ ပေးမည်ဖြစ်ကြောင်း ၂၀၁၇ စက်တင်ဘာ ၂၃ ရက်က ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

“စက်မှုဇုန်တွေထဲမှာ ကျုးကျော်တွေကလည်း ၀န်ထုပ်ဝန်ပိုးလိုဖြစ်နေတဲ့ ပြဿနာရှိပါတယ်။ ဒီနေရာမှာ ကျုးကျော်နေထိုင်သူတွေကို စစ်တမ်းကောက်ယူကြည့်တဲ့အခါမှာ အားလုံးဟာ အလုပ်အကိုင်အခွင့်အလမ်း ရှိနေပါတယ်။ အလုပ်ရှိနေတယ်။ ဒါပေမဲ့ သူတို့မှာ အိမ်၊ မြေ ၀ယ်နိုင်လောက်တဲ့ အခြေ အနေမရှိဘူး ဖြစ်နေပါတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့က အလုပ်အကိုင်ကို အာမခံပေးပြီးတော့ သူတို့ကို အိမ်ရာထူထောင်ပေးနိုင်ရေးနဲ့ ရေ၊ မီး၊ ရေဆိုး၊ အမှိုက်ကိစ္စတွေမှာ ၀န်ဆောင်မှုကောင်းကောင်းနဲ့ စက်မှုဇုန်တွေကို အဆင့်မြှင့်တင်နိုင်ဖို့ ကြိုးစားသွားပါမယ်။ မြို့နယ်အလိုက်မှာလည်း စက်မှုဇုန်တွေ တည်ထောင်ပြီးတော့ မြို့နယ်အလိုက် ဖြန့်ကြက်သွားဖို့ ပြင်ဆင်သွားမှာဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ကန်းကျွန်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒေါပုံ၊ သာကေတ၊ ဒလ၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ လှိုင်၊ အင်းစိန် စသောမြို့နယ်တို့တွင် စာရင်းကောက်ယူ သုတေသနပြုလုပ်ချက်များအရ ယင်းသို့သိရခြင်းဖြစ်ပြီး အဆိုပါမြို့နယ်များတွင် ၁၉၉၀ ပြည့်နှစ်က ကျူးကျော်အိမ်ခြေ ၉၀၁၉ အိမ်သာရှိခဲ့ရာမှ ယခုကျူးကျော်အိမ်ခြေ ၄၃၉၈၅ အိမ်အထိ တိုးပွားလာခြင်းဖြစ်ကာ ကျူးကျော်အိမ်ခြေ အများဆုံးမှာ လှိုင်သာယာမြို့နယ်ဖြစ်ပြီး ယင်းမြို့နယ်တွင် ကျူးကျော်နေထိုင်သူ တစ်သိန်းကျော်ရှိကြောင်း၊ ဒုတိယအများဆုံးမြို့နယ်မှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စာရင်းကောက်ယူထားမှုများအရ ကျုးကျော်အရေအတွက်မှာ ခရိုင်လေးခုတွင် ကျုးကျော်အိမ်ခြေပေါင်း ၁၁၀၀၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၁၅၀၀၀၀ ကျော်နှင့် လူဦးရေစုစုပေါင်း ၄၅၀၀၀၀ ခန့်ရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး Master Plan ကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြထားကာ သင်္ကြန်အပြီး ကျင်းပမည့်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုနိုင်မည်ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြား

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကျင်းပနေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး Master Plan တစ်ခု ရေးဆွဲထားပြီး တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြထားပြီး သင်္ကြန်အပြီးပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် အတည်ပြုနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧပြီ ၂ ရက် က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် ဒုတိယသမ္မတ-၁နှင့် လုပ်ငန်းရှင်များ (၁၆) ကြိမ်မြောက် တွေ့ဆုံပွဲတွင် ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စိုက်ပျိုးရေး Master Plan တစ်ခု ပြုစုထားပါတယ်။ ဒီ Master Plan ကို တိုင်းဒေသကြီး လွှတ်တော်ကို တင်ပြထားပြီးဖြစ်ပါတယ်။ ဒီသင်္ကြန်အပြီး ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ဒီ Master Plan ကို အတည်ပြုဖို့ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ်ဦး ဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် စိုက်ပျိုးရေးကဏ္ဍအတွင်း တွက်ခြေကိုက်သည့်သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးကိုလည်း ဆွေးနွေးနေကြောင်း၊ ရန်ကုန်မြို့သည် ကုန်စည်စီးဆင်းနိုင်သည့် မြို့ကြီးဖြစ်သည့်အတွက် အခြားကုန်စည်များကို စိုက်ပျိုးရေးတွင်ဆောင်ရွက်မည်ဆိုပါက ပြည်ပတင်ပို့နိုင်ဖို့အတွက် လွယ်ကူမည်ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးအခြေခံစားသောက်ကုန်လုပ်ငန်းများကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံရန် ဆောင်ရွက်ထားသည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကာလလတ်သုံးနှစ်စီမံကိန်း အားရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းကိုယ်စား ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က မတ် ၃၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၀ ရက်မြောက် နေ့) တွင် တိုင်းဒေသကြီးလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအတွက်သာမက လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက်လည်း အလွန်အရေးပါတဲ့ အဓိကဈေးကွက်ကြီး ဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုအတွက် ပင်လယ်ရေကြောင်း ၀င်ပေါက်ထွက်ပေါက် ဖြစ်နေသလို ပြည်တွင်းကုန်စည်ကူးသန်းရောင်းဝယ်မှုရဲ့ အဓိကဗဟိုချက်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအရပ်ရပ်က ထုတ်လုပ်လိုက်တဲ့ စိုက်ပျိုးရေးထွက်ကုန်များကို ရန်ကုန်တိုင်းဒေသကြီးမှာ တည်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံများမှ တန်ဖိုးမြင့်တင် (Value – Added) လုပ်ပြီး ပြည်တွင်းပြည်ပဈေးကွက်ကို ဖြန့်ဖြူးရောင်းချတာဖြစ်လို့ ယခုစီမံကိန်းရေးဆွဲရာမှာ ဖွံ့ဖြိုးရေးအပိုင်းကို ဦးစားပေးထားသလို ထောက်ပံ့ရောင်းဝယ်ရေးနှင့် တန်ဖိုးကွင်းဆက် (Supply Chain) နှင့် (Value – Chain) တစ်လျှောက်ပါဝင်တဲ့ နိုင်ငံတကာအဆင့်မြှင့်တန်ဖိုးမြှင့်တင်ပြီး သန့်စင်ထုတ်လုပ်ကာ စိုက်ပျိုးရေး အခြေခံစားသောက်ကုန်လုပ်ငန်းများကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံဖို့ ဆောင်ရွက်ထားပါတယ်” ဟု ဦးဇော်အေးမောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင်၂၀၁၈မှ ၂၀၂၁ခုနှစ်အထိ ဘဏ္ဍာရေးအရ သုံးနှစ်ပြက္ခဒိန်နှစ်အရ လေးနှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် မူဝါဒများ ၊ရည်ရွယ်ချက်များ၊ မဟာဗျူဟာများနှင့် အကြံပြုသည့်လုပ်ငန်းစဉ်များ ပါဝင်ကြောင်း၊ ထို့ပြင် စီမံကိန်းကာလအတွင်း ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ၊ ပုဂ္ဂလိကအစိုးရ ပူးပေါင်းဆောင်ရွက်မည့် (PPP) စီမံကိန်းများကိုလည်း ရေးဆွဲထားကြောင်း  သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံချက်တစ်ခုဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စီမံချက်တစ်ခုဖြင့် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မတ် ၇ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် ကျင်းပသည့် ဒုတိယသမ္မတ -၁ နှင့်လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဧက ၁၂ သိန်းခန့်ရှိကြောင်း၊ ယင်းတို့တွင် ဆည်ရေသောက် ဧရိယာများလည်းပါကြောင်း သိရသည်။ ယခုနှစ်တွင် နိုင်ငံတော်က ဈေးကွက် ကြိုးပမ်းရှာဖွေမှုကြောင့် တင်ပို့နိုင်မှု အခွင့်အလမ်းကောင်းများ ရရှိခဲ့ကြောင်းနှင့် လယ်ယာမြေ စိုက်ပျိုးသူများလည်း အခွင့်အလမ်းကောင်းများ ရခဲ့ကြောင်း သိရသည်။

“ဒါပေမဲ့ နိုင်ငံတကာနဲ့ယှဉ်ရင် ကျွန်တော်တို့ ဘာကြောင့် အခက်အခဲဖြစ်နေတာလဲဆိုရင် ကျွန်တော်တို့မှာနည်းပညာ၊ သွင်းအားစု၊ မျိုး၊ စိုက်ပျိုးရေးနည်းစနစ်တွေ အားလုံးဟာ သမားရိုးကျနည်းတွေ ဖြစ်နေလို့ပါပဲ။ နိုင်ငံတကာအဆင့်အတန်းမီ ပြောင်းလဲနိုင်တဲ့ အခြေအနေတွေ ကျွန်တော်တို့မှာ မရှိခဲ့ဘူး။ ကျွန်တော်တို့မှာ စပါးစိုက်တစ်ဧကကို တင်း ၈၀ လောက်နဲ့ သွားနေမယ်ဆိုရင်တော့ လယ်သမားဟာ တအားရုန်းနေရမှာ ဖြစ်ပါတယ်။ ဒါကို ဈေးတိုးတောင်းမယ်ဆိုရင် စားသောက်ကုန်နဲ့ ဈေးကွက်မှာ ဒီထက်ပိုပြီး ဈေးရစရာမရှိပါဘူး။ တစ်ဧကကို တင်း ၈၀ ထွက်နေရာကနေ တင်း ၁၂၀ ထွက်အောင် ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ အဆင့်မြှင့်တင်မလဲဆိုတဲ့ နည်းလမ်းမျိုးတွေကို ကျွန်တော်တို့ရှာဖွေရမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဒီအခြေအနေအတွက် ရန်ကုန်တိုင်းအတွင်းမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးလာစေဖို့အတွက် ရန်ကုန်ရဲ့ လယ်ယာစိုက်ပျိုးကဏ္ဍနဲ့ပတ်သက်ပြီး စီမံချက်တစ်ခု ပြင်ဆင်နေပါတယ်။ ရန်ကုန်တိုင်းအတွင်း ဘယ်လိုမျိုးစိုက်ပျိုးရေးကဏ္ဍအတွက် ပြင်ဆင်ဆောင်ရွက်မလဲဆိုတဲ့ Master Plan တစ်ခုကိုပြုစုပြီး ရှေ့ဆက်ဖွံ့ဖြိုးဖို့ ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။ လယ်ကထွက်နေတဲ့နှုန်းထားက ဒီထက်တိုးမလာဘူးဆိုရင် လယ်သမားက လုပ်ရင်းမြုပ်ရင်း အခြေအနေမျိုးကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့အညီ စိုက်ပျိုးရေးကိုလည်း တစ်ဖက်က စိုက်ပျိုးရေးကို ဖွံ့ဖြိုးတိုးတက်အောင် မဆောင်ရွက်နိုင်ရင် ကုန်ကြမ်းကို နိုင်ငံခြားကနေ တင်သွင်းရမယ့် အခြေအနေကို ကျွန်တော်တို့ ရောက်နိုင်ပါတယ်။ စိုက်ပျိုးရေးကို အခြေခံပြီး စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်ဆိုရင် စက်မှုကဏ္ဍဖွံ့ဖြိုးရေးမှာ Supply Chain ရဲ့ Asset ဟာ စိုက်ပျိုးရေးမှာ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနယ်ပယ်ကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ သမားရိုးကျလုပ်မယ်ဆိုရင်တော့ မတိုးတက်နိုင်ပါဘူး” ဟု ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားသည်။