ရန်ကုန်တိုင်း လွှတ်တော်တွင် မြို့တော်ဝန် ဦးမောင်မောင်စိုးက “ပေါက်လွှတ်ပဲစား” ဆိုသော စကားလုံး သုံးနှုန်းမှုအပေါ် ကန့်ကွက်ခံရပြီး ယင်းသို့ပြောကြားမှုကို လွှတ်တော်က မှတ်တမ်းတင်ခဲ့

မြို့တော်ဝန်၏ ပြောကြားမှုကို မှတ်တမ်းတင်ပေးရန် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက လွှတ်တော်သို့ တင်သွင်းနေစဉ်

ရန်ကုန်တိုင်း လွှတ်တော်တွင် မြို့တော်ဝန် ဦးမောင်မောင်စိုးက “ပေါက်လွှတ်ပဲစား” ဆိုသော စကားလုံး သုံးနှုန်းမှုအပေါ် ကန့်ကွက်ခံရပြီး ယင်းသို့ပြောကြားခဲ့မှုကို လွှတ်တော်က မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၉ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် သတ္တမပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက မြို့နယ် ခြောက်မြို့နယ်တွင် ကားပါကင်ကြေး ကောက်ယူမည့် ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် မြို့တော်ဝန်၏ ပြန်လည်ဖြေကြားချက်၌ ပေါက်လွှတ်ပဲစားဆိုသည့် စကားလုံးအား သုံးနှုန်းခဲ့ခြင်းဖြစ်သည်။

“မေးခွန်းမေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သို့သော်လည်း ကားပါကင်ကို ဘာမှမလုပ်ရသေးခင် လုပ်တော့မယ်လို့ ပြောတာပဲ ရှိပါသေးတယ်။ အပြစ်က အရင်စရောက်နေပါပြီ။ ဒါတွေက ပြည်သူလူထုလည်း သိသင့်ပါတယ်။ အပွင့်လင်းဆုံး ပြောရရင် မနေ့ကမှရတဲ့ မေးခွန်းပါ။ မနေ့ကရတဲ့မေးခွန်းမှာ ဥက္ကဋ္ဌရဲ့ သဘောကောင်းမှုနဲ့ လုပ်တဲ့အတွက်ကြောင့် ကျွန်တော်ကလည်း ပြည်သူ့အတွက် ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ ၂၀၁၈ သြဂုတ် ၂၂ ရက်မှ ၂၃ ရက်အတွင်း နိုင်ငံပိုင် သတင်းစာများထဲမှာ ဈေးပြိုင်တင်ဒါ ခေါ်ယူခဲ့ပါတယ်။ ကျွန်တော်တို့ ဒါကို ပေါက်လွှတ်ပဲစား ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဒါကိုတလေးတစားနဲ့ တင်ပြရခြင်းပါ။ ဒါကိုသတင်းစာထဲမှာ တင်ဒါခေါ်ခဲ့တယ် ဆိုတာကို လေးလေးစားစား ပြန်ရှင်းပြရခြင်း ဖြစ်ပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းမှုအပေါ်တွင် မြို့တော်ဝန် ဦးမောင်မောင်စိုးက ယခုကဲ့သို့ ပေါက်လွှတ်ပဲစား စကားသုံးနှုန်းမှုအား လွှတ်တော်အနေဖြင့် ကန့်ကွက်သဖြင့် မှတ်တမ်းတင်ပေးရန် ဒေါ်ကြည်ပြာက ပြောကြားခဲ့သည်။

“ဥက္ကဋ္ဌကြီးခင်ဗျာ ကျွန်တော် ပေါက်လွှတ်ပဲစား ဖြေလို့မရဘူးဆိုပြီး ပြောတာပါ” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ပြောကြားသည်။

ဒေါ်ကြည်ပြာက လွှတ်တော်တွင် ပေါက်လွှတ်ပဲစား စကားလုံး သုံးနှုန်းသည်ကို ကန့်ကွက်ခြင်းဖြစ်ကြောင်း၊  မေးခွန်းနှင့်ပတ်သက်ပြီး ဆက်စပ်ဖြေသွားသည့်အတွက် လွှတ်တော်အနေဖြင့်လည်း မသင့်တော်သည့်အတွက် မှတ်တမ်းတင်ခိုင်းခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဒေါ်ကြည်ပြာအား လွှတ်တော်ပြင်ပတွင် သတင်းထောက်များမှ ယခုကဲ့သို့ ကန့်ကွက်ရခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် လွှတ်တော်ဆိုတာက ပြည်သူကို ကိုယ်စားပြုပြီးတော့ လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအား ကိုယ်စားပြုထားသည့် လွှတ်တော်ဆိုသည့် နေရာတွင် လမ်းဘေးစကားဖြစ်သည့် ပေါက်လွှတ်ပဲစား စကားသုံးနှုန်းခြင်းသည် ပြည်သူများကို မလေးစားရာကျသည် ထင်သဖြင့် ကန့်ကွက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။