မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့် ဆက်စပ်၍ ဖမ်းဆီးထားသူ၏ ထွက်ဆိုချက်အရ လက်နက်ခဲယမ်းများကို ရှာဖွေဖော်ထုတ်သော်လည်း မတွေ့ရှိဟု သိရ

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူ ဦးဘိုဘိုမင်းသိုက် သတ်ဖြတ်ခံရမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးထားသူ၏ ထွက်ဆိုချက်အရ လက်နက်ခဲယမ်းများကို ရဲတပ်ဖွဲ့က ရှာဖွေ ဖော်ထုတ်ခဲ့သော်လည်း ရှာဖွေတွေ့ရှိမှု မရှိကြောင်း သိရသည်။

လက်လုပ်သေနတ် ၁၁ လက်ခန့်ကို မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာအနီး ချောင်းထဲသို့ ပစ်ချထားသည်ဟု သတင်းအရ သုံးရက်တိုင် ရေငုပ် ရှာဖွေခဲ့သော်လည်း မတွေ့ရှိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး၏ ပြောကြားချက်အရ သိရသည်။

လက်နက်များ ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက “ကျွန်တော်တို့က သတင်းဆက်အရပေါ့နော် ဦးကျော်မြင့် ခေါ် ခိုင်ကျော်ရဲ့ထွက်ဆိုချက်တွေအရ လက်နက်ခဲယမ်းတွေ ဘယ်သူ့အိမ်မှာ ၀ှက်ထားတယ် ဆိုတာမျိုး ရှိပါတယ်။ ရဲတပ်ဖွဲ့တွေက ဥပဒေနဲ့အညီ ရှာဖွေသက်သေတွေနဲ့အတူ ရှာဖွေဖော်ထုတ်တဲ့အခါမှာ အခုအချိန်အထိ ဖော်ထုတ် ဖမ်းဆီးရမိတာ မရှိပါဘူး။ ဆက်စပ်မှုကတော့ လက်လုပ်သေနတ်တွေ ၁၁ လက် လောက်ကို တိမ်ညိုကျေးရွာအနီးက ချောင်းထဲကို ပစ်ချထားတယ်လို့ သတင်းရတဲ့အတွက် ရေငုပ်ပြီးတော့ သုံးရက်တိုင်တိုင် ရှာဖွေခဲ့ပါတယ်။ ဒါလည်းပဲ ထူးထူးခြားခြား ဖော်ထုတ်တွေ့ရှိတာ မရှိပါဘူး”ဟု ပြောကြားသည်။

“ရန်ကုန်မှာ ဖမ်းဆီးခံရတာ လေးယောက် ရှိပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အတွင်းမှာ တရားဝင် အမှုဖွင့်ပြီးတော့ အရေးယူနေတာ လေးယောက် ရှိပါတယ်။ စစ်ကြောဆဲက လေးယောက် ရှိပါတယ်။ တိမ်ညိုကျေးရွာမှာ လူသတ်မှုနဲ့ ပတ်သက်ပြီး တရားခံပြေးနေတာ လေးယောက်ရှိပါတယ်။ လက်ရှိတော့ မှုခင်းရဲတပ်ဖွဲ့က လွှဲပြောင်းဖို့အတွက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ အမှုကတော့ ဖွင့်ထားပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ ရမန်ပြည့်တဲ့နေ့မှာ တရားစွဲတင်မှုကို ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကိုယ်ထိ လက်ရောက် ကာယကံမြောက် သတ်တဲ့ တရားခံပြေးကတော့ သုံးယောက် ရှိပါတယ်။ စီစဉ်ညွှန်ကြားသူကတော့ ရန်ကုန်မှာ ဦးကျော်မြင့် (ခ) ခိုင်ကျော် အပါအ၀င် လေးဦးပေါ့နော်။ သူ့ဇနီး၊ သူ့ချွေးမ၊ သူ့သား အပါအ၀င် မူးယစ်ဆေးဝါးအမှုရော၊ လက်နက်ခဲယမ်းအမှုရော၊ ဦးဘိုဘိုမင်းသိုက် အသတ်ခံမှုမှာ နောက်ကွယ်ကနေ စီစဉ်ကြိုးကိုင်သူအနေနဲ့ရော ဖော်ထုတ် ဖမ်းဆီးထားတာ ဖြစ်ပါတယ်”ဟု လည်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက မီဒီယာများသို့ ပြောကြားသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်မှာ ဇန်န၀ါရီ ၃၀ ရက် ညနေ ၄ နာရီခွဲခန့်တွင် မြောက်ဦး- စစ်တွေ ကားလမ်းပေါ်ရှိ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းအကြား သရက်ချိုကျေးရွာအနီးတွင် လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်သည်။

ဖြစ်စဉ်မှ မသင်္ကာသူ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်နှင့် ၎င်း၏သားဖြစ်သူ မင်းသန်းဌေး၊ ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်းနှင့် ချွေးမဖြစ်သူ မခိုင်ဇာလှိုင်တို့အား စစ်ဆေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ်ခံရမှုက မြောက်ဦးပဋိပက္ခ အဖြေရှာရေးအပေါ် ရှုပ်ထွေးစေသလား

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်အား ဒဏ်ရာများနှင့် သေဆုံးနေသည်ကို ဇန်န၀ါရီ ၃၀ ရက်က တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပမှ လတ်တလော စိတ်ဝင်စားနေသည့် ရခိုင်ပြည်နယ်အရေးတွင် ဇန်န၀ါရီလကုန်ပိုင်းက စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့သည်။ ယင်းသတင်းမှာ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လက်ထောက်ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ယင်းကဲ့သို့ အုပ်ချုပ်ရေးပိုင်းမှ ရာထူးကြီး ရရှိထားသူတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရခြင်းမှာ ပထမဆုံးအကြိမ်ဟု ဆိုနိုင်သည်။

ဘယ်နေရာမှာ အသတ်ခံရတာလဲ

လုပ်ကြံသတ်ဖြတ်ခံရသူ ဦးဘိုဘိုမင်းသိုက်မှာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် မြောက်ဘက် ခုနစ်မိုင်ခန့်အကွာ ယိုးငူကျေးရွာနှင့် အောင်ဖြူပင်ကျေးရွာကြား သရက်ချိုကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်း မိုင်တိုင်အမှတ် ၁၆၉/၀ နှင့် ၁၆၉/၁ ကြား၌ သတ်ဖြတ်ခံခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ဇန်န၀ါရီ ၃၀ ရက် ညနေ ၆ နာရီခန့်က CRV ယာဉ်တစ်စီး လမ်းယာဘက်နံဘေး ရေကြောင်းအတွင်း ကျောက်တော်ဘက်မှ ပုဏ္ဏားကျွန်းမြို့ဘက်သို့ ဦးတည်လျက် တိမ်းစောင်းနေပြီး ယာဉ်အောက်၌ အမျိုးသားတစ်ဦး ပိမိသေဆုံးနေကာ အနီးတွင် လက်ကိုင်ဖုန်း လေးလုံးနှင့် ငွေ၊ ပစ္စည်းအချို့ကို တွေ့ရှိခဲ့ရကြောင်း၊ သေဆုံးနေသည့် အမျိုးသားမှာ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးဘိုဘိုမင်းသိုက်ဖြစ်ကြောင်း၊ ၎င်းတွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲယာနို့အုံအောက်ထိုးသွင်းဒဏ်ရာ တစ်ချက်စီ၊ ၀ဲယာလက်ပြင်ထိုးသွင်းဒဏ်ရာ ၁၂ ချက်နှင့် ၀ဲမျက်ခုံးပြတ်ရှဒဏ်ရာတစ်ချက် တွေ့ရှိရကြောင်း ထုတ်ပြန်ခဲ့သည်။

၎င်းတို့လိုက်ပါလာသောယာဉ်ကို ပတ်ဝန်းကျင်မှ တွေ့ရှိသောအချိန်တွင် တိမ်းမှောက်နေကြောင်း သိရသော်လည်း ဦးဘိုဘိုမင်းသိုက်မှာ ထိုးသွင်းဒဏ်ရာများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဦးဘိုဘိုမင်းသိုက်မှာ မြောက်ဦးမြို့ ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးမှုခံယူရန် ဇန်န၀ါရီ ၂၅ ရက်တွင် စစ်တွေမြို့မှ မြောက်ဦးမြို့သို့ ပြန်လည်ရောက်ရှိပြီး စစ်ဆေးခံခဲ့ကာ ဇန်န၀ါ ရီ ၃၀ ရက်တွင် စစ်ဆေးခံမှုပြီးစီး၍ မွန်းလွဲ ၂ နာရီတွင် စစ်တွေမြို့သို့ ပြန်ရန် CRV မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း၊ အဆိုပါ မော်တော်ယာဉ်မှာ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့် (၄၈ နှစ်) ပိုင် လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး ဦးဘိုဘိုမင်းသိုက်နှင့် အတူ ဦးကျော်မြင့်၏သားနှင့် အခြားလူငယ်တစ်ဦး လိုက်ပါသွားကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဦးကျော်မြင့်၏ သားအပါအ၀င် လူငယ်နှစ်ဦးမှာ ပျောက်ဆုံးနေကြောင်း၊ မျက်မြင်သက်သေအချို့၏ ပြောပြချက်အရ မော်တော်ယာဉ်ပေါ်တွင် ဦးဘိုဘိုမင်းသိုက်ပါ လေးဦးပါရှိပြီး ဦးဘိုဘိုမင်းသိုက်မှာ ကားမှောက်၍ ပိမိသေဆုံးကာ ကျန်သုံးဦးမှာ ကားလမ်းအနောက်ဘက်ရှိ တောင်ပေါ်သို့ တက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့က အလောင်းအား ပုဏ္ဏားကျွန်းမြို့နယ် ဆေးရုံကြီးသို့ သွားရောက်ပို့ဆောင်နေစဉ် ကျန်ရှိခဲ့သည့် မော်တော်ယာဉ်မှာ ထပ်မံမီးလောင်သဖြင့် ပုဏ္ဏားကျွန်းမြို့နယ် မီးသတ်တပ်ဖွဲ့က သွားရောက်ငြှိမ်းသတ်ခဲ့ရပြီး မျက်မြင်သက်သေများ၏ အဆိုအရ ရဲတပ်ဖွဲ့က အလောင်းအား ဆေးရုံသို့ ပို့ဆောင်စဉ် မော်တော်ယာဉ်ကို လူနှစ်ဦးက မီးလာရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လူသတ်မှုဟု သတ်မှတ်ထားသည့် ဖြစ်စဉ်တစ်ခုတွင် သက်သေခံပစ္စည်းဖြစ်သည့် မော်တော်ယာဉ် မီးရှို့ဖျက်ဆီးခံရခြင်းမှာ ရဲတပ်ဖွဲ့ဝင်များနှင့် ရခိုင်ပြည်နယ် အစိုးရအား အများစုက ဝေဖန်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးမှာ မေးခွန်းထုတ်စရာ အခြေအနေ ဖြစ်ပေါ်ခဲ့သည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်မှာ မြောက်ဦးပဋ္ဋိပက္ခဖြစ်စဉ်ပြီးနောက် သုံးရက်အကြာ ဇန်န၀ါရီ ၁၉ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လက်ထောက်ညွှန်ကြားရေးမှူး ရာထူးဖြင့် ပြောင်းရွှေ့ခံထားရပြီးနောက် ယင်းကဲ့သို့ လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။

ဦးဘိုဘိုမင်းသိုက်မှာ မြောက်ဦးပဋိပက္ခဖြစ်စဉ် ဖြစ်ပွားချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ရာ ယခုကဲ့သို့ လုပ်ကြံခံခဲ့ရမှုမှာ မြောက်ဦးအရေးနှင့်ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားဖွယ် ဖြစ်စေခဲ့သည်။

တရားခံတွေက ဘယ်သူလဲ

အသတ်ခံရသည့် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်မှာ မြောက်ဦးပဋိပက္ခနှင့် ပတ်သက်ပြီး စစ်ဆေးခံရသူများတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး မြောက်ဦးမြို့တွင် စစ်ဆေးမှုခံယူအပြီး အပြန်တွင် ယင်းကဲ့သို့ အသတ်ခံရခြင်းဖြစ်သည်။

ထိုသို့အသတ်ခံရအပြီး တစ်ရက်အကြာ ဇန်န၀ါရီ ၃၁ ရက်တွင် လူသတ်မှုတွင် ပါဝင်သည်ဟု သံသယဖြစ်ဖွယ် လူအချို့အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းသံသယတရားခံများမှာ စုစုပေါင်းလေးဦးဟု ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အား ရန်ကုန်မြို့ မြို့နယ်နှစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားခံဟု ယူဆရသူများမှာ တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်(ခ) ခိုင်ကျော်၊ ၎င်း၏ဇနီး ဒေါ်ကြည်ကြည်ဝင်း (၄၇ နှစ်)၊ ၎င်း၏ သားကြီးဖြစ်သူ မင်းသန်းဌေး (ခ) မင်းသန်းထိုက် (၂၀ နှစ်)၊ မင်းသန်းဌေး၏ဇနီး မခိုင်ဇာလှိုင် (၂၀ နှစ်) တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

မင်းသန်းဌေးအား ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရှစ်မိုင်မီးပွိုင့်အနီးတွင် ဇန်န၀ါရီ ၃၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး ကျန်သုံးဦးအား သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာ အုပ်စုကွက်သစ် (၃) နယ်မြေ မေတ္တာဂုဏ်ရောင် သီလရှင်ကျောင်းတွင် ည ၇ နာရီ ၄၅ မိနစ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး ယာဉ်နှစ်စီး၊ ကျပ်သိန်း ၇၅၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မြို့နယ်နှစ်ခုတွင် ဖမ်းဆီးရမိခဲ့သည့် တရားခံဟု ယူဆရသူများမှာ တိမ်ညိုကျေးရွာတွင် နေထိုင်သူများဖြစ်သည်ဟု သိရပြီး တိမ်ညိုကျေးရွာမှာ စံပြကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၈၅၂ အိမ်၊ အိမ်ထောင်စု ၉၅၂ စု၊ စုစုပေါင်းလူဦးရေ ၃၈၁၄ ဦး နေထိုင်သည့် ရွာကြီးတစ်ရွာဖြစ်သည်။

ဖမ်းဆီးရမိသူများအနက် ဦးကျော်မြင့်မှာ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး အခင်းဖြစ်နေ့က တိမ်ညိုကျေးရွာတွင် နေထိုင်ခြင်းမရှိကြောင်း၊ ထို့ပြင် တိမ်ညိုကျေးရွာရှိ ဦးကျော်မြင့်ပိုင် နေအိမ်ကို ချိပ်ပိတ်ထားကြောင်း လက်ရှိတိမ်ညိုကျေးရွာ၏ အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီ ၁ ရက်က ပြောကြားသည်။

သို့သော် လက်ရှိအချိန်တွင် တိမ်ညိုကျေးရွာ တာဝန်ရှိသူများနှင့် ဆက်သွယ်မရသေးကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်စိန်က ပြောကြားသည်။

“မနေ့ကအထိရတယ်။ အခုထိတော့ သတင်းမရသေးဘူး။ ကျွန်တော်က စစ်တွေလွှတ်တော်ရုံးမှာ ရောက်နေတော့ နယ်မြေသတင်းတွေကို သူတို့ဆီက ယူနေရတာ။ ဒီမနက် (ဖေဖော်ဝါရီ ၃ ရက်) တော့ ဖုန်းတွေဆက်တာ ဆက်လို့မရသေးဘူး။ တချို့ဖုန်းတွေက စက်ပိတ်ထားတယ်” ဟု ဦးထွန်းအောင်စိန်က ပြောကြားသည်။

တရားခံဟု ယူဆရသူများ နေထိုင်သည့် တိမ်ညိုကျေးရွာဈေးအနီးရှိ ချောင်းတွင် သေနတ်များ လွှင့်ပစ်ထားသည်ဟုဆိုကာ သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၃ ရက်တွင် လာရောက်စစ်ဆေး ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ဦးကျော်မြင့်၏ သမီးကြီးဖြစ်သူ ဒေါ်တင်တင်မြင့်က ဦးဘိုဘိုမင်းသိုက်ကိုလည်း သိရှိခြင်းမရှိကြောင်း၊ ဦးဘိုဘိုမင်းသိုက် အသတ်ခံရစဉ်က စီးနင်းလာသည့် ဟွန်ဒါ CRV အမျိုးအစားယာဉ်မှာ ဦးကျော်မြင့်ထံတွင် မရှိကြောင်း၊ ၎င်း၏ ယောက်ျားဖြစ်သူကိုလည်း စစ်ဆေးရန်အတွက်ဟုဆိုကာ ခေါ်ဆောင်သွားကြောင်း သိရသည်။

ဒေါ်တင်တင်မြင့်က “လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနဲ့ ကျွန်မအိမ်ရှင် ဦးဝင်းဇော် အပါအ၀င် ခြောက်ယောက်ကို မနေ့က မနက် ၈ နာရီလောက်တည်းက မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်။ အခု ညနေ ငါးနာရီခွဲအထိ ပြန်မရောက်ကြသေးဘူး။ ဖုန်းဆက်တော့ ကိစ္စမပြီးသေးဘူးလို့သာပြောတယ်။ လာလို့မရဘူးလို့သာ ပြောတယ်။ လောလောဆယ် ဖမ်းထားတာတော့ မဟုတ်ဘူးလို့ သိရတယ်။ ဒါပေမဲ့ ဖမ်းမလား မဖမ်းဘူးလားဆိုတာမျိုးတော့ မသိဘူး” ဟု ပြောကြားသည်။

ထိုသို့ ဖမ်းဆီးရမိသူများအား ရန်ကုန်တိုင်းဒေသကြီးရှိ သက်ဆိုင်ရာ မြို့နယ်များတွင် ဖေဖော်ဝါရီ ၁ ရက်က ရုံးထုတ်ခဲ့ပြီး ခရီးသွားရမန်ယူကာ ရခိုင်ပြည်နယ်သို့ လွှဲပြောင်းခဲ့သည်။ သို့သော် လက်ရှိအချိန်အထိ မိသားစုဝင်များအား ဆက်သွယ်မရသေးကြောင်း၊ ရန်ကုန်တွင် ဖမ်းဆီးထားသလား၊ ရခိုင်ပြည်နယ်သို့ လွှဲပြောင်းထားသလားဆိုသည်ကို မသိရှိသေးကြောင်း ဒေါ်တင်တင်မြင့်က ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ တိမ်ညိုကျေးရွာတွင်မူ ရဲတပ်ဖွဲ့ဝင်များက အခြားသောနေအိမ်များကို ၀င်ရောက်ရှာဖွေခြင်းများလည်း ပြုလုပ်လျက်ရှိပြီး ယင်းကဲ့သို့ရှာဖွေမှုများကြောင့် ဒေသခံများ ထိတ်လန့်လျက်ရှိကြောင်း တိမ်ညိုကျေးရွာတွင် နေထိုင်သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဖေဖော်ဝါရီ ၃ ရက် ညနေက ပြောကြားထားသည်။

ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းခဲ့တဲ့ မြောက်ဦးပဋိပက္ခဖြစ်စဉ် စုံစမ်းရေးအပေါ် ရိုက်ခတ်မှုတွေ ရှိလာနိုင်လား

ဇန်န၀ါရီ ၁၆ ရက်က ရခိုင်ပြည်နယ် မြောက်ဦးမြို့ နန်းရာကုန်းတွင်၂၃၃ နှစ်မြောက် ရခိုင့်အချုပ်အခြာအာဏာကျရှုံးခြင်း ၀မ်းနည်းအောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်မည့် အစီအစဉ်ကို အာဏာပိုင်များက တားမြစ်ပိတ်ပင်မှုအပေါ် ကျင်းပခွင့်ရရှိရေး မြို့လူထုက ဆန္ဒထုတ်ဖော်ရာတွင် အာဏာပိုင်များက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ခုနစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၂ ဦး ရရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇန်န၀ါရီ ၂၉ ရက်တွင် ရခိုင်ပြည်နယ် လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၇ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ၂၄၊ ၂၅ နှင့် ရခိုင်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၂၊ နည်းဥပဒေခွဲ (က)၊ (ခ) တို့အရ မြောက်ဦးမြို့ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်းအဖွဲ့တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးရာတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်နယ်အဆင့် အဖွဲ့အစည်းများနှင့် မျက်မြင်သက်သေများကိုပါ စုံစမ်းစစ်ဆေးပြီး မှန်ကန်သည့် အချက်အလက်များ ဖော်ထုတ်မည်ဖြစ်သည်။

တွေ့ရှိချက်များကိုလည်း ကျောသားရင်သား ခွဲခြားခြင်းမပြုဘဲ အဖြစ်မှန်အတိုင်း ဖော်ထုတ်ရမည်ဟု ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက အဆိုပါအဖွဲ့ စတင်ဖွဲ့စည်းသည့်နေ့တွင် လွှတ်တော်အတွင်း ထုတ်ဖော် ပြောကြားခဲ့သည်။

“မြောက်ဦးမြို့ကိစ္စနဲ့ ပတ်သက်လို့ တာဝန်ပေးအပ်ခြင်းခံရတဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့ကို မှာကြားချင်တာက တာဝန်ဝတ္တရားတွေကို လိုက်နာပါ။ လုပ်ပိုင်ခွင့်အတိုင်း တိကျစွာ ဆောင်ရွက်ပါ။ ဘယ်သူ့မျက်နှာကိုမှ မထောက်နဲ့။ အမှန်တရားဘက်က ရပ်တည်ဆောင်ရွက်ပါ။ လွှတ်တော်ရဲ့ အသံဟာ ပြည်သူရဲ့အသံဖြစ်ပါစေ” ဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားသည်။

ထိုသို့ ဖွဲ့စည်းပြီးတစ်ရက်အကြာတွင် မြောက်ဦးမြို့ အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သဖြင့် လူအများအကြားတွင် စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။ ထို့အတူ လွှတ်တော်မှ ဖွဲ့စည်းခဲ့သည့် မြောက်ဦးမြို့ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးကော်မတီမှာ ဖေဖော်ဝါရီ ၂ ရက်တွင် မြေပြင်စစ်ဆေးမှုများ ပြုလုပ်မည်ဟု ကြေညာခဲ့သော်လည်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုကြောင့် ၎င်းတို့၏ မြေပြင်စစ်ဆေးရေး လုပ်ငန်းစဉ်များမှာ နောက်ဆုတ်ခဲ့ရသည်။

“မြေပြင်မှာ တော်တော်ရှုပ်နေတယ်။ အခုအမှုက။ နောက်ပြီး ကျွန်တော့်မဲဆန္ဒနယ်မှာလည်း အဲဒါနဲ့ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတော့ ဘယ်လိုမှ စလို့မရဘူး။ လောလောဆယ်တော့ ဆိုင်းငံ့ထားရတာပေါ့။ အခြေအနေ ပြန်ငြိမ်သွားမှ မြေပြင်စစ်ဆေးရေးကို လုပ်ရမယ်” ဟု အဆိုပါ စစ်ဆေးစုံစမ်းရေး အဖွဲ့၏ အတွင်းရေးမှူး မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။

လက်ရှိတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ အနေဖြင့် ဥပဒေ၊ နည်းဥပဒေအတွင်းမှ တိကျသေချာစေရန် လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း၊ စုံစမ်းစစ်ဆေးမည့် အသေးစိတ် အခြေအနေများကို ထုတ်ဖော်ပြောကြားမည် မဟုတ်ကြောင်း၊ တွေ့ရှိချက်များကို အများပြည်သူသိရှိရန် လွှတ်တော်တွင်း ချပြဆွေးနွေးမည်ဖြစ်ကြောင်း ဦးထွန်းသာစိန်က ပြောကြားသည်။

ဦးဘိုဘိုမင်းသိုက် အသတ်ခံရခြင်းကြောင့် မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုရှိသော်လည်း ကျန်ရှိသူများကို ဆက်လက်စစ်ဆေး မေးမြန်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“သူအသတ်ခံရတာကတော့ ကျွန်တော်တို့အတွက် မေးစရာ လူတစ်ယောက် လျော့သွားတယ်။ ဒါပေမဲ့ ကျန်တဲ့သူတွေကိုလည်း မေးလို့ရတယ်။ အနည်းအများ ထိခိုက်မှုတော့ ရှိတာပေါ့။ ဒုမြို့နယ်ဦးစီးမှူးတို့ဘာတို့ကို မေးရမှာပေါ့။ နောက်တစ်ခုက သေနတ်ဒဏ်ရာ ရထားတဲ့သူတွေရှိတယ်။ သူတို့ကို ဖမ်းထားတာဆိုတော့ သက်ဆိုင်ရာတွေရဲ့ ခွင့်ပြုချက် ယူရမှာပေါ့။ လိုအပ်ရင် စုံစမ်းရေးအဖွဲ့ အနေနဲ့ အမိန့်ကြော်ငြာစာတွေ ဘာတွေထုတ်ရမှာပေါ့။ ဖမ်းထားတဲ့သူတွေကိုလည်း သူတို့ခွင့်ပြုချက်အတိုင်း မေးရမှာပေါ့။ သေချာတာကတော့ မြေပြင်ကို မဖြစ်မနေ ဆင်းရမယ်” ဟု ဦးထွန်းသာစိန်က ပြောကြားသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ လက်ရှိအခြေအနေများအရ မြေပြင်စစ်ဆေးမှုများကို စတင်နိုင်ခြင်း မရှိသော်လည်း အခြေအနေများ ပြန်လည်ငြိမ်သက်သွားပါက ကွင်းဆင်း စစ်ဆေးရမည်ဖြစ်ကြောင်း၊ ယင်း အချိန်ကာလကို ပြောကြားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဦးဘိုဘိုမင်းသိုက် အသတ်ခံရသည့်ဖြစ်စဉ်မှာ မြောက်ဦးမြို့ဖြစ်စဉ်နှင့် ဆက်စပ်နိုင်သလားဟု မေးမြန်းမှုအပေါ် ဦးထွန်းသာစိန်က “အဲဒါနဲ့ ပတ်သက်လို့ ဘာမှမှတ်ချက်မပေးချင်ပါဘူး” ဟု ပြောကြားသည်။

လက်ရှိတွင် မြောက်ဦးမြို့ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ရန် ခြေလှမ်းပြင်နေသည့် အချိန်တွင် မြောက်ဦးမြို့ အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရသည့် ဖြစ်စဉ်မှာ များစွာသံသယဖြစ်ဖွယ်ရာ အချက်များရှိနေသည်မှာ မငြင်းသာပေ။ အသတ်ခံရသူမှာလည်း ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူတစ်ဦးလည်းဖြစ်သည်။ ထို့ပြင် ပြည်သူအများကလည်း တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်နေချိန်တွင် ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုမှာ ယိုယွင်းလျက်ရှိသော တရားဥပဒေ စိုးမိုးရေးအတွက် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရမည်ကို မီးမောင်းထိုးပြနေခြင်းလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဆန္ဒထုတ်ဖော်သည့်လူများကို သေနတ်ဖြင့် ပစ်ခတ်မှုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရတာဝန်ယူထားသည့် လက်ထက်တွင် ပထမဆုံးအကြိမ်လည်း ဖြစ်ပြီး ယင်းဖြစ်စဉ်အား အမှန်တရား ပေါ်ပေါက်စေရန် ရခိုင်ပြည်နယ်လွှတ်တော်က ကြိုးပမ်းလာချိန်တွင်ဖြစ်စဉ်၏ အဓိကတာဝန်ရယူခဲ့သူတစ်ဦး အသတ်ခံရခြင်းမှာ မေးခွန်းထုတ်စရာများစွာ ဖြစ်နေပြီ ဖြစ်သည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားအချို့ကို ခေါ်ယူစစ်ဆေးနေကြောင်းနှင့် တိမ်ညိုကျေးရွာဈေးအနီး ချောင်းတွင် ရဲတပ်ဖွဲ့ဝင်များက ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရ

Photo: Ministry of Home Affairs, Myanmar

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရပြီးနောက် အမှုနှင့်ပတ်သက်၍ သံသယရှိသူလေးဦးအား ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့ပြီးနောက် တိမ်ညိုအုပ်ချုပ်ရေးမှူးနှင့် ရွာသားအချို့အား စစ်ဆေးမေးမြန်းရန် ခေါ်ယူမှုများရှိနေပြီး  တိမ်ညိုဈေးအနီးမှ ချောင်းအတွင်းလည်း သက်သေခံပစ္စည်းများ ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့ဝင်များမှ လာရောက်ရှာဖွေမှုများရှိခဲ့ကြောင်း သိရသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့  ရွာသားသုံးလေးယောက်ကို မနေ့ကတည်းက မြို့ကခေါ်တယ်ဆိုပြီး သွားကြတာ။ ညအိပ်ဖို့လည်း မရောက်ဘူး။ အခုထိလည်း မရောက်ဘူး။ ဖမ်းထားတာလား၊ စစ်ဆေးနေတာလား ဆိုတာမျိုးကိုလည်း အတိအကျမသိဘူး။ မိသားစုတွေ လိုက်သွားတော့လည်း မတွေ့ရဘူးလို့ ပြောတယ်။ နောက်ပြီး ဒီနေ့မနက်ကလည်း ရွာဘေးကချောင်းကို ရဲတွေလာပြီး ရှာဖွေတယ်။ ချောင်းအတွင်းမှာ သက် သေခံပစ္စည်းကို ရှာတယ်လို့လည်း ပြောကြတယ်။ တချို့ကတော့ လက်လုပ်သေနတ်တွေရှိနိုင်တဲ့အတွက် လာရောက်ရှာကြတာလို့လည်း ပြောတယ်။ မနက်ဖြန် လာရှာဦးမယ်လို့လည်း ပြောသွားတယ်တဲ့။ ကျွန်မတို့ကလည်း ကြောက်ပြီး အပြင်သိပ်မထွက်ရဲဘူး။ နေအိမ်တချို့ကိုလည်း ရှာသွားတယ်လို့ ကြားပါတယ်” ဟု အမည်မဖော်လိုသူ တိမ်ညိုကျေးရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။

တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်နှင့် ၎င်း၏ ဇနီး၊ သား၊ ချွေးမတို့ လေးဦးကို ရန်ကုန်မြို့တွင် ဖမ်းဆီးရမိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီးနောက် ပုဏ္ဏားကျွန်း စခန်းသို့လွှဲပြောင်းကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုချက်ရယူနိုင်ခဲ့ခြင်း မရှိသကဲ့သို့ မိသားစုဝင်များအနေဖြင့်လည်း ယင်းသို့လွှဲပြောင်းသည်ဟု မသိရှိရကြောင်း ပြောဆိုကြသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးကျော်မြင့်၏ သမီးဖြစ်သူ ဒေါ်တင်တင်မြင့်က “လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနဲ့ ကျွန်မအိမ်ရှင် ဦးဝင်းဇော်အပါအ၀င် ခြောက်ယောက်ကို မနေ့က မနက် ၈ နာရီလောက်တည်းက မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်။ အခု ညနေ ၅ နာရီခွဲအထိ ပြန်မရောက်ကြသေးဘူး။ ဖုန်းဆက်တော့ ကိစ္စမပြီးသေးဘူးလို့သာပြောတယ်။ လာလို့မရဘူးလို့သာပြောတယ်။ လောလောဆယ် ဖမ်းထားတာတော့မဟုတ်ဘူးလို့ သိရတယ်။ ဒါပေမဲ့ ဖမ်းမလား၊ မဖမ်းဘူးလားဆိုတာမျိုးတော့ မသိဘူး” ဟု ပြောကြားသည်။

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ကို ဇန်န၀ါရီ ၃၀ ရက်က ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းမဘေးတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ယင်းအမှုနှင့် ပတ်သက်ပြီး သံသယရှိသူဟုယူဆပြီး ဖမ်းဆီးထားသူလေးဦးအား ပုဏ္ဏားကျွန်းရဲစခန်းက ပုဒ်မ ၃၀၂/ ၄၄၀/ ၁၁၄ စသည့်ပုဒ်မသုံးခုဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့အပြင် ဦးကျော်မြင့်မှာ ဇန်န၀ါရီ ၂၈ ရက်ကတည်းက ရန်ကုန်သို့ ထွက်ခွာသွားခဲ ခြင်းဖြစ်ပြီး ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရချိန် နှင့် လွန်စွာကွာခြားနေကြောင်း ဒေါ်တင်တင်မြင့်က ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူး ဒုရဲမှူးသက်စိုးက ရန်ကုန်မြို့တွင် ဖမ်းဆီးထားသော ဦးကျော်မြင့်တို့အား လွှဲပြောင်ခြင်း၊ သွားရောက်ခေါ်ယူဆောင်လာခြင်း မရှိသေးကြောင်း ပြောကြားသည်။

Photo: Ministry of Home Affairs, Myanmar

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်မှာ မြောက်ဦး ပဋိပက္ခဖြစ်စဉ်ပြီးနောက် သုံးရက်အကြာ ဇန်န၀ါရီ ၁၉ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ လက်ထောက်ညွှန်ကြားရေးမှူးရာထူးဖြင့် ပြောင်းရွှေ့ခံထားရပြီးနောက် ယင်းကဲ့သို့ လုပ်ကြံခံရခြင်း ဖြစ်သည်။ ဦးဘိုဘိုမင်းသိုက်မှာ မြောက်ဦးပဋ္ဋိပက္ခဖြစ်စဉ် ဖြစ်ပွားချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ရာ ယခုကဲ့သို့ လုပ်ကြံခံခဲ့ရမှုမှာ မြောက်ဦးအရေးနှင့် ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားဖွယ် ဖြစ်စေခဲ့သည်။

ဦးဘိုဘိုမင်းသိုက်နှင့်အတူ အခင်းမဖြစ်မီ ယာဉ်ပေါ်တွင် အမျိုးသားသုံးဦးလည်း အတူပါရှိခဲ့သည်ဟုသိရပြီး လုပ်ကြံပြီးချိန်တွင် ယင်းတို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

၎င်းတို့လိုက်ပါလာသော ယာဉ်ကို ပတ်ဝန်းကျင်မှ တွေ့ရှိသောအချိန်တွင် တိမ်းမှောက်နေကြောင်း သိရသော်လည်း ဦးဘိုဘိုမင်းသိုက်မှာ ထိုးသွင်းဒဏ်ရာများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဦးဘိုဘိုမင်းသိုက် လိုက်ပါစီးနင်းလာသော မော်တော်ယာဉ်မှာ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၏ မှုခင်းဖြစ်စဉ်အပေါ် စစ်ဆေးချက်များရယူအပြီး ပြန်သွားချိန် ည ၈ နာရီက မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ဇန်န၀ါရီ ၁၆ ရက်က ဖြစ်ပွားခဲ့သော မြောက်ဦးပဋိပက္ခဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒေသခံ ခုနစ်ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာ ရရှိခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်က သီးခြားစုံစမ်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်းခြင်းကို ဇန်န၀ါရီ ၂၉ ရက်က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့သည်။ ယင်းကဲ့သို့ ပြည်နယ်လွှတ်တော်မှ မြောက်ဦးဖြစ်စဉ် စုံစမ်းရေးအဖွဲ့ကို အတည်ပြုဖွဲ့စည်းပြီး တစ်ရက်အကြာတွင် မြောက်ဦးပဋိပက္ခ ဖြစ်ပွားစဉ်အတွင်း မြောက်ဦးအုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သူ ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံခဲ့ရခြင်းမှာ လူအများအကြား စိတ်ဝင်စားမှု မြင့်တက်လာစေခဲ့သည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်အား သတ်ဖြတ်သည်ဟု သံသယရှိသူ လေးဦးအား ရန်ကုန်တိုင်းဒေသကြီး မြို့နယ်နှစ်ခုတွင် ဖမ်းဆီးစစ်ဆေးနေ

Photo: Ministry of Home Affairs, Myanmar

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်အား သတ်ဖြတ်သည်ဟု သံသယရှိသူ လေးဦးအား ရန်ကုန်တိုင်းဒေသကြီး မြို့နယ်နှစ်ခုတွင် ဖမ်းဆီးရမိကြောင်းနှင့် ၎င်းတို့အား စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်မှာ ဇန်န၀ါရီ ၃၀ ရက် ညနေ ၄ နာရီခွဲခန့်တွင် မြောက်ဦး- စစ်တွေကားလမ်းပေါ်ရှိ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းအကြား သရက်ချိုကျေးရွာအနီးတွင် လုပ်ကြံ သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ဦးဘိုဘိုမင်းသိုက်အား သတ်ဖြတ်သွားသည်ဟု သံသယရှိသူများကို ဇန်န၀ါရီ ၃၁ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဇန်န၀ါရီ ၃၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၆)ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်း စူရတီစန္ဒီဗလီရှေ့တွင် Hilux Surf စီးနင်းလာသူ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာနေ မင်းသန်းဌေး (၂၀ နှစ်) အား သတင်းအရ စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

၎င်း၏ ထွက်ဆိုချက်များအရ သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာ ကွက်သစ် (၃) ရှိ မေတ္တာဂုဏ်ရည် သီလရှင်ကျောင်းတွင်နေထိုင်နေသည့် ၎င်းနှင့် ဆွေမျိုးတော်စပ်သည့် လူသတ်မှုမှ သံသယရှိသူ ကျော်မြင့်၊ ၎င်း၏ ဇနီး ကြည်ကြည်ဝင်းနှင့် အမျိုးသမီးတစ်ဦး (စိစစ်ဆဲ) တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မယ်သီလရှင်ကျောင်းတွင်းရှိနေသည့် သံသယရှိသူများအား ၀င်ရောက်ဖမ်းဆီးခဲ့ရာတွင် ရဲတပ်ဖွဲ့ဝင်အင်အား အများအပြားနှင့်အတူ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများလည်း ပါဝင်ဖမ်းဆီးခဲ့ရပြီး ၎င်းတို့အား လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

သံသယရှိသူများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် Hilux Surf အမျိုးအစားယာဉ်အား သိမ်းဆည်းထားကြောင်း သိရသည်။

Photo: Ministry of Home Affairs, Myanmar

ထို့ပြင် ရခိုင်ပြည်နယ်တွင်လည်း မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ရွာဘက်က လေးငါးယောက်ကို ပြည်နယ်ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းနေတယ်။ တစ်ယောက်ချင်းစီမေး နေပါတယ်။ အတင်းအဓမ္မမေးတာမျိုးတော့မဟုတ်ဘူး။ ဘယ်လိုမြင်မိတာရှိလဲ၊ ဘာတွေသိထားလဲ လောက်သာမေးတာပါ။ ကျွန်တော်တို့ကလည်းဖြစ်ပြီးမှ ကားနဲ့လူကိုတွေ့တာပါလို့ဖြေခဲ့တယ်။ သာမန် မေးရုံမေးတာပါ၊ ကျွန်တော်တို့သိထားတာလောက်ကိုမေးတာပါ”ဟု ယိုးငူကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းရွှေက ပြောကြားသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်မှာ မြောက်ဦးပဋ္ဋိပက္ခဖြစ်စဉ်ပြီးနောက် သုံးရက်အကြာ ဇန်န၀ါရီ ၁၉ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လက်ထောက်ညွှန်ကြားရေးမှူးရာထူးဖြင့် ပြောင်းရွှေ့ခံထားရပြီးနောက် ယင်းကဲ့သို့ လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။

ဦးဘိုဘိုမင်းသိုက်မှာ မြောက်ဦးပဋ္ဋိပက္ခဖြစ်စဉ်ဖြစ်ပွားချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ရာ ယခုကဲ့သိုလုပ်ကြံခံခဲ့ရမှုမှာ မြောက်ဦးအရေးနှင့်ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်စေခဲ့သည်။

ဦးဘိုဘိုမင်းသိုက်နှင့်အတူ အခင်းမဖြစ်မီ ယာဉ်ပေါ်တွင် အမျိုးသား သုံး ဦးလည်းအတူပါရှိခဲ့သည်ဟုသိရပြီး လုပ်ကြံပြီးချိန်တွင် ယင်းတို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

၎င်းတို့လိုက်ပါလာသောယာဉ်ကို ပတ်ဝန်းကျင်မှ တွေ့ရှိသောအချိန်တွင် တိမ်းမှောက်နေကြောင်း သိရသော်လည်း ဦးဘိုဘိုမင်းသိုက်မှာ ထိုးသွင်းဒဏ်ရာများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဦးဘိုဘိုမင်းသိုက် လိုက်ပါစီးနင်းလာသော မော်တော်ယာဉ်မှာ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၏ မှုခင်းဖြစ်စဉ်အပေါ် စစ်ဆေးချက်များရယူအပြီး ပြန်သွားချိန်တွင် ည ၈ နာရီခန့်က မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းလည်း သိရသည်။

ဇန်န၀ါရီ ၁၆ ရက်က ဖြစ်ပွားခဲ့သော မြောက်ဦးပဋ္ဋိပက္ခဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒေသခံ ခုနစ်ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်မှ သီးခြားစုံစမ်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းခြင်းကို ဇန်န၀ါရီ ၂၉ ရက်က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့သည်။ ယင်းကဲ့သို့ ပြည်နယ်လွှတ်တော်မှ မြောက်ဦးဖြစ်စဉ်စုံစမ်းရေးအဖွဲ့ကို အတည်ပြုဖွဲ့စည်းပြီး တစ်ရက်အကြာတွင် မြောက်ဦးပဋ္ဋိပက္ခဖြစ်ပွားစဉ်အတွင်း မြောက်ဦးအုပ်ချုပ်ရေးမှူးတာဝန်ယူခဲ့သူ ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံခဲ့ရခြင်းမှာ လူအများအကြား စိတ်ဝင်စားမှုမြင့်တက်လာစေခဲ့သည်။