အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တစ်စီး လမ်းလယ်ကျွန်းအား ကျော်လွန်၍ တစ်ဖက်ယာဉ်ကြောမှ အခြားယာဉ်အား ၀င်ရောက်တိုက်မိမှု ဖြစ်ပွားပြီး လူ ၈ ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၀၈ မိုင်အနီးတွင် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းလာသော ယာဉ်တစ်စီးမှ အမြန်လမ်းမကြီး လမ်းလယ်ကျွန်းအား တိုက်မိပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ အခြားယာဉ်တစ်စီးအား ထပ်မံတိုက်ရာမှ ယာဉ်နှစ်စီးလုံးပေါ်တွင် လိုက်ပါသူ အမျိုးသား ၈ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဖြူးအမြန်လမ်းကြီးရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်က ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ကျော်ဇေယျ ၂၇ နှစ် (ဘ) ဦးစိုးမင်း၊ ပတ္တမြားလမ်းမ အင်းစိန်မြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 5J/—–MITSUBISHI ASX အဖြူရောင် မော်တော်ယာဉ်မှာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၈ မိုင် ၁ ဖာလုံအနီးသို့အရောက် အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းကို ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောဖြစ်သည့် မန္တလေး-ရန်ကုန် လမ်းဘက်အခြမ်းသို့ ရောက်ရှိပြီး တစ်ဖက်ယာဉ်ကြောအတိုင်း မောင်းနှင်လာသော ယာဉ်အမှတ် 1G/—– PRADO ခဲရောင်မော်တော်ယာဉ်အား ၀င်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမြန်လမ်းမကြီး ၁၁၅ မိုင်စခန်းမှူး ရဲအုပ်လှိုင်ဇော်ဦးက “တိုက်တာကတော့ သူတို့ ရန်ကုန်-မန္တလေး လမ်းကြောဘက်က မောင်းလာတဲ့ယာဉ်က လမ်းလယ်ကျွန်းကိုကျော်ပြီး အရှိန်လွန်ပြီး ဟိုဘက်က နေပြည်တော်-ရန်ကုန် ဘက်ခြမ်းပေါ့ အဲ့ဘက်ခြမ်းကကားကို သွားတိုက်တာဗ။ ကျန်တာတွေကတော့ ဆိုးဆိုးဝါးဝါး ဒဏ်ရာရတာ မရှိပါဘူးဗျ။ လူကတော့ ၈ ယောက်လောက်တော့ ဒဏ်ရာရတယ်။ ဒါပေမယ့် အဲ့ဒီဒဏ်ရာတွေက ဆိုးဆိုးဝါးဝါး ဒဏ်ရာရတာတွေ မပါဘူးဗျ။ ပွန်းမိခြစ်မိတာလေး တွေပါတယ်။ တစ်ယောက်ကတော့ ခြေထောက်ကျိုးသွားတာ တစ်ယောက်ပါပဲ။ ကျန်တာတော့ အဲ့လောက်များများစားစား ဒဏ်ရာရတာ မရှိပါဘူး။ ယာဉ်ထိခိုက်မှုကတော့ ကျွန်တော်တို့က အဲ့လောက်တော့ နားမလည်ဘူးခင်ဗ။ ယာဉ်ကတော့ တော်တော်လေးတော့ ပျက်စီးသွားတာပဲလေ။ ကျွန်တော်တု့က ဟိုဘက်လမ်းကျော်ပြီး မောင်းသွားတဲ့ကားကို ၃၃၇/၃၃၈နဲ့ အမှုဖွင့်ထားပါတယ်” ဟုပြောကြားသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရာသို့ အမြန်လမ်းမကြီး ၁၁၅ မိုင်စခန်းမှူး ရဲအုပ်လှိုင်ဇော်ဦးနှင့်အဖွဲ့၊ အမြန်လမ်းမီးသတ်စခန်းမှ ဒုဦးစီးမှူးသိန်းထွန်းပါ အဖွဲ့တို့မှ ရောက်ရှိစစ်ဆေးခဲ့ရာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသည့် MITSUBISHI ASX ယာဉ်မှ ယာဉ်မောင်း ကျော်ဇေယျနှင့် ၄င်းယာဉ်ပေါ်လိုက်ပါသူ အမျိုးသား ၃ ဦးနှင့် တစ်ဖက်ယာဉ်ကြောရှိ PRADO ခဲရောင် မော်တော်ယာဉ်မှ ယာဉ်မောင်း မိုးသူ ၃၁ နှစ်(ဘ) ဦးဘလွင်၊ စက်မှုဇုန်ဝန်းအတွင်း၊ မြောက်ဥက္ကလာပနေသူနှင့် ၄င်းယာဉ်ပေါ်လိုက်ပါသူ အမျိုးသား ၃ ဦးအပါ အ၀င် ယာဉ်နှစ်စီးလုံးပေါ်မှ ယာဉ်မောင်းများပါ အမျိုးသား ၈ ဦးတို့တွင် ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့ပြီး ဖြူးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်နှစ်စီးလုံးမှာ ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး ၀င်တိုက်သော MITSUBISHI ASX ယာဉ်မှာ ရှေ့ယာဘက်ခြမ်း၊ ရှေ့လေကာမှန်တို့ ကွဲကြေပျက်စီး၊ ယာဘက်ခြမ်း တံခါးနှင့် နောက်လေကာမှန်တို့ ပျက်စီးသွားခဲ့ပြီး အတိုက်ခံရသော PRADO ယာဉ်မှာ ယာဉ်၏၀ဲဘက်ခြမ်းတို့ ကြေမွပျက်စီးသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်တိုက်မှု ဖြစ်ပွားစေရန် ယာဉ်အား မဆင်မခြင် မောင်းနှင်သည့် MITSUBISHI ASX ယာဉ်မောင်း ကျော်ဇေယျအား ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ်ရွှေကိုမှ တရားလိုလုပ် တိုင်တန်းခဲ့သောကြောင့် ဖြူးအမြန်လမ်းကြီးရဲစခန်းမှ ယာဉ်(ပ)၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

 

အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်မြန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်နှင့် ခါးပတ်မပတ်ဘဲ မောင်းနှင်သောယာဉ်များကို တစ်ရက်လျှင် အစီး ၄၀ ကျော်အထိ ဖမ်းဆီးအရေးယူနေရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်မြန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်နှင့် ခါးပတ်မပတ်ဘဲ မောင်းနှင်သော ယာဉ်များအား တစ်ရက်လျှင် အစီးရေ ၄၀ ကျော်အထိ ဖမ်းဆီးအရေးယူနေရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ ဧပြီ ၂၄ရက် နံနက် ၆ နာရီ ဧပြီ ၂၅ ရက် နံနက် ၅ နာရီအထိ မိုင်တိုင် ၂၀၁ နေပြည်တော်တိုးဂိတ်၌ မော်တော်ယာဉ် ၁၆ စီး၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံတိုးဂိတ်၌ မော်တော်ယာဉ်သုံးစီး၊ ဖြူးမြို့နယ် ၁၁၅ မိုင် ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၂၀ စီး၊ ပဲခူးတိုင်းဒေသကြီး ဘောနတ်ကြီး မီနီတိုးဂိတ်၌ မော်တော်ယာဉ်ခြောက်စီး စုစုပေါင်း ၄၅ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ အဆိုပါနေ့တွင်ပင် အမြန်လမ်းမကြီးပေါ်၌ ခါးပတ်မပတ်ဘဲ မောင်းနှင်သည့် မော်တော်ယာဉ်နှစ်စီးအား စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရကာ ပြည်ထဲရေးဝန်ကြီး၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် နေ့စဉ်ဖမ်းဆီးရမိမှု စာရင်းများအား ဖော်ပြထားသည်ကို တွေ့ရသည်။
ထိုသို့ ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များအား ယာဉ်စည်းကမ်းတရားရုံးသို့ တရားစွဲ တင်ပို့လျက်ရှိကြောင်း သိရသည်။

“သတ်မှတ်မြန်နှုန်းထက် ပိုမောင်းတဲ့ယာဉ်၊ ခါးပတ်မပတ်တဲ့ယာဉ်တွေကို စစ်ဆေး အရေးယူပါတယ်။ ဒါ့အပြင် အမြန်လမ်းပေါ်မှာ စီးနင်းခွင့်မရှိတဲ့ ဆိုင်ကယ်တွေနဲ့ Faw ယာဉ်တွေကိုလည်း စစ်ဆေးဖမ်းဆီး အရေးယူပါတယ်။ မိရင်စီးနင်းသူကို အမြန်လမ်းမကြီးများ ဥပဒေပုဒ်မ ၂၉ နဲ့ တရားစွဲဆို အရေးယူမှု ဆောင်ရွက်ပါတယ်” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အမြန်လမ်းပေါ်တွင် မောင်းနှင်သည့် မော်တော်ယာဉ်မောင်းများအနေဖြင့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီမှ ထုတ်ပြန်ထားသည့် စည်းကမ်းများကို စနစ်တကျ လိုက်နာရန် အသိပေး စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

ယာဉ်မတော်တဆမှုများမှာ လူကြောင့်၊ လမ်းကြောင့်၊ ယာဉ်ကြောင့်၊ ရာသီဥတုကြောင့်များအပြင် မမျှော်မှန်းနိုင်သော အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်ပွားခဲ့ရသော်လည်း ဖြစ်စဉ်အများစုမှာ လူကြောင့် ဖြစ်ပွားရသည့် ရာခိုင်နှုန်းများသည်ကို လေ့လာတွေ့ရှိရကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင် ၄၀ ခန့်ကို နိုင်ငံတကာအဆင့်မီ စတင် ဆောင်ရွက်မည်ဖြစ်ပြီး တစ်နှစ်လျှင် အနည်းဆုံး မိုင် ၂၀ ခန့် ကတ္တရာခင်းသွားရန် စီစဉ်ထား

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၏ မိုင် ၄၀ ခန့်အား နိုင်ငံတကာအဆင့်မီအဖြစ် စတင်ဆောင်ရွက်မည်ဖြစ်ပြီး တစ်နှစ်လျှင် အနည်းဆုံး မိုင် ၂၀ ခန့် ကတ္တရာခင်းသွားရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြည်သူ့ လွှတ်တော်တွင် ဖေဖော်ဝါရီ ၁၄ ရက်က ပြောကြားသည်။

မောက်မယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း က မေးမြန်းသည့် ယာဉ်မတော်တဆ ဖြစ်စဉ်များ လျော့နည်းပပျောက်စေရန် ရန်ကုန် – နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးအား ခေတ်မီ လေးလမ်းသွားအဆင့် တိုးမြှင့်ဆောင် ရွက်ပေးခြင်းနှင့် အဆင့်မီလုံခြုံရေး အထောက်အကူပြုပစ္စည်းများ တပ်ဆင်ထိန်းကျောင်းပေးခြင်း၊ မော်တော်ယာဉ်နှင့် ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အထူးစီမံချက် ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် ဒုတိယ၀န်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အမြန်လမ်းမကြီး တစ်ခုလုံးကို နိုင်ငံတကာအဆင့်မီ အမြန်လမ်းအဆင့် ရောက်ရှိအောင် ဆောင်ရွက်လျက်ရှိတဲ့ နေရာမှာ ADB ရဲ့ အကူအညီနဲ့ ပထမဆုံး (၀) မိုင်ကနေ (၄၀) မိုင်ခန့်ကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဆင့်မြှင့်တင် ဆောင်ရွက်သွားဖို့အတွက် ADB မှ ချေးငွေကို Cabinet ကနေ ခွင့်ပြုပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာပေးပို့တင်ပြီး မိုင် ၄၀ ခန့် ကို နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကွန်ကရစ်လမ်းမှာ ကားတာယာထိတွေ့မှုနဲ့ စာရင် ကတ္တရာလမ်းမှာ ကားတာယာထိတွေ့မှုက အများကြီး သက်သာပါတယ်။ အပူထွက်နှုန်းလည်း လျော့တဲ့အတွက် ယာဉ်အန္တရာယ် ဖြစ်နှုန်းလည်း လျော့ပါတယ်။ ဒါကြောင့်မို့ တစ်နှစ်ကို အနည်းဆုံး မိုင် ၂၀ လောက် ကတ္တရာခင်းသွားဖို့အတွက် အစီအစဉ်ရှိထားပါတယ်။ ဒါကလည်း ဒီအတိုင်း သွားမယ်ဆိုရင် မိုင် ၇၀၀ ကျော်ကြီးကို တစ်နှစ် မိုင် ၂၀ ဆိုရင် အကြာကြီးသွားမှာ ဖြစ်တဲ့အတွက် ADB အပြင် နိုင်ငံတကာ အကူအညီတွေလည်း တောင်းခံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောကြားသည်။

International Expressway အဆင့်တစ်ခု ဖြစ်ရန်အတွက် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီရန် Fully Access Control ဖြစ်ရမည်ဖြစ်ပြီး ဖြစ်ရန် Fully Access Control အတွက် Fast ဟုခေါ်သော မြန်မြန်မောင်းနိုင်ခြင်း၊ Comfortable ဟုခေါ်သော ယာဉ်မောင်းနှင့် ခရီးသည် သက်သောင့်သက်သာ ဖြစ်ခြင်းနှင့် Safety ဟုခေါ်သော လုံခြုံစိတ်ချမှု အပြည့်ဖြစ်ရမည်ဖြစ်ကြောင်း ဦးကျော်လင်း က ပြောကြားသည်။

“ဒါကြောင့်မို့လို့ အမြန်လမ်းမကြီးဟာ International အဆင့်မီ အမြန်လမ်းဖြစ်ဖို့ လိုအပ်တဲ့ Fully Access Control ဖြစ်ဖို့ သတ်မှတ်ချက် အချက်သုံးချက်နဲ့ ကိုက်ညီမှု မရှိသေးပါဘူး။ မူလက Expressway အဖြစ် ဖောက်ဖို့ ရည်ရွယ်ထားတဲ့ အနေအထားမှာ အခု ပြီးစီးသလောက် ပြည်သူတွေကို အသုံးပြုခွင့် ပေးထားတာ ဖြစ်တဲ့အတွက် လက်ရှိ အမြန်လမ်းလို့ ခေါ်တဲ့ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးဟာ နိုင်ငံတကာအဆင့်မီ လမ်းအဆင့် မရောက်သေးပါဘူး”ဟု ဦးကျော်လင်းက ပြောကြားသည်။

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးကို ၂၀၀၉ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း လမ်းအရှည် ၃၆၆ မိုင်ရှိကာ အသွားအပြန် မိုင်ပေါင်း ၇၃၂ မိုင်ရှိကြောင်း သိရသည်။

အမြန်လမ်းမကြီး နံဘေးတွင် အကောင်းဆုံး ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်မည့်ဆေးရုံတစ်ရုံ တည်ဆောက်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

ရန်ကုန်မြို့ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ပိုမိုအာရုံစိုက် လုပ်ဆောင်မည်ဖြစ်ကာ အမြန်လမ်းမကြီးဘေးတွင် အကောင်းဆုံး ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်မည့် ဆေးရုံတစ်ရုံ တည်ဆောက်ရန် ကြိုးပမ်းနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဒီဇင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ ဆေးတက္ကသိုလ် (၁) တွင် ပြုလုပ်သော “ဆေးတက္ကသိုလ်များ၏ လက်တွေ့ကျွမ်းကျင်မှု ပုံစံတူလေ့ကျင့်သင်ကြားရေးနှင့် သုတေသနဌာန National Skills Training, Simulation and Research Centre အဆောက်အအုံ ပန္နက်တင်အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်မြို့ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍကို ပိုပြီးအာရုံစိုက်ပါ့မယ်။ ဒီအတွက် ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆေးရုံ၊ ဆေးခန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေတွေကိုလည်း ဒီထက်ပိုပြီး တိုးတက်လာဖို့အတွက် မျှော်မှန်းပါတယ်။ ကျန်းမာရေး အကြောင်းတစ်ခုခု ပေါ်ပေါက်လာပြီဆိုရင် အားလုံးက ရန်ကုန်ကိုလာပြီး ဆေးကုသမှုပြုကြပါတယ်။ ကျွန်တော်တို့ အမြို့မြို့အနယ်နယ်က ဆေးကုသတဲ့ သူတွေပဲဖြစ်ဖြစ်၊ ရန်ကုန်တိုင်းအတွင်းကပဲ အရေးပေါ်အခြေအနေကြောင့် ဆေးကုသတဲ့ သူတွေအတွက် စနစ်တစ်ခု ထူထောင်ပြီး ပြုပြင်ပြောင်းလဲမှု တစ်ရပ်ကို ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “အမြန်လမ်းမကြီးအတွက် ဆေးရုံတစ်ခု ထူထောင်နိုင်ဖို့အတွက် တိုက်တွန်းထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အမြို့မြို့အနယ်နယ်က ၀င်လာတဲ့သူတွေက အမြန်လမ်းမကြီးအတိုင်း ၀င်လာတာဖြစ်ပါတယ်။ အမြန်လမ်းမကြီးဘေးမှာ တကယ့်ကို အဆင့်အတန်းမီ ဆေးရုံကြီးတစ်ခု ရှိမယ်ဆိုရင် အမြန်လမ်းမကြီးရဲ့အမြို့မြို့ အနယ်နယ်က ၀င်လာတဲ့သူတွေအတွက် အကောင်းဆုံး ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်မယ့်ဆေးရုံတစ်ခု ပေါ်ဖို့အတွက် ကြိုးပမ်း ဆောင်ရွက်နေပါတယ်”ဟု ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း လှည်းကူးမြို့ အမြန်လမ်းမကြီးဘေးတွင် မြို့သစ်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပန္နက်တင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အမြန်လမ်းမကြီးဘေးတွင် ဆေးရုံ တည်ဆောက်ဖို့အတွက်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သဘောတူထားပြီး တည်ဆောက်ရန်အတွက်လည်း ပြင်ဆင်နေကြောင်း သိရသည်။

ရန်ကုန်မြို့၏ လူဦးရေ ခုနစ်သန်းနှင့် နှိုင်းယှဉ်ပါက ဆေးရုံခုတင် အရေအတွက်သည် နည်းပါးနေသေးကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

အမြန်လမ်းပေါ်တွင် စက်ချို့ယွင်း၍ တွန်းသွားနေသော ယာဉ်အား နောက်မှလာသောယာဉ်က ၀င်တိုက်မှု ဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

ပုံအညွှန်း – အမြန်လမ်း ၃၂၂ မိုင်အနီး လိုက်ထရပ်ယာဉ်နှင့် FIELDER ယာဉ်တို့ယာဉ်တိုက်မှုဖြစ်ပွားနေသည်ကို ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းကတွေ့ရစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၂၂ မိုင်အနီးတွင် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးမှ စက်ချို့ယွင်း၍ ကွန်ကရစ်လမ်းအစပ်၌ တွန်းသွားနေသော လိုက်ထရပ်ယာဉ်အား နောက်မှ ၀င်တိုက်မိပြီး အမျိုးသမီးတစ်ဦးသေဆုံး၍ လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ပြင်စည်အမြန်လမ်းမကြီး ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇ ရက် နံနက် ၆ နာရီခန့်က ပြင်စည်အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်ဘက်မှမန္တလေးဘက်သို့ ယာဉ်မောင်း တင်ထွန်းနောင် မောင်းနှင်လာသော ယာဉ်အမှတ် 4H/- – – –  FIELDER အနက်ရောင် မော်တော်ယာဉ်မှာ လမ်းမကြီး မိုင်တိုင်အမှတ် ၃၂၂ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံအကြားသို့အရောက်တွင် အရှိန်မထိန်းနိုင်ပဲ၊ ရှေ့ကွန်ကရစ်လမ်းစပ်၌ စက်ချို့ယွင်း၍ တွန်းနေသော ယာဉ်အမှတ် 8F/- – – – လိုက်ထရပ်အဖြူရောင်မော်တော်ယာဉ်၏ နောက်ပိုင်းအား ၀င်ရောက်တိုက်မိပြီးနောက် FIELDER ယာဉ်မှာ လမ်းမပေါ်တွင်ရပ်တန့်ကာ လိုက်ထရပ်ယာဉ်မှာ လမ်းဘေးမြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

ယာဉ်မတော်တဆမှုဖြစ်ပွားရာသို့ ပြင်စည်အမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်သန့်ဇင်ဦးပါ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ရောက်စစ်ဆေးခဲ့ရာ လိုက်ထရပ်ယာဉ်ပေါ်ပါရှိသူ လိုက်ထရပ်ယာဉ်အားတွန်းနေသူ ဒေါ်မိမိခိုင် ၅၀ နှစ်(ဘ)ဦးသိန်းမောင် ကျောက်ဆည်မြို့နေသူမှာ ခြေထောက်ရိုးကျိုး၊ လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသည့်အပြင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး နောက်မှဝင်တိုက်သော FIELDER ယာဉ်ပေါ်ပါရှိသူ  ကျား ၂ ဦး၊မ ၂ ဦးတို့မှာ အသီးသီး ထိခိုက်(မစိုးရိမ်ရ) ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်နှင့် FIELDER ယာဉ်တို့မှာ ခေါင်းပိုင်းကိုယ်ထည်တို့တွင်ထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးတို့အား အမြန်လမ်းတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နွားထိုးကြီးဆေးရုံသို့ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သည့် FIELDER ယာဉ်မောင်း တင်ထွန်းနောင် အား ဥပဒေအရ အရေးယူပေးရန်ရဲအုပ်သန့်ဇင်ဦးမှ တရားလိုလုပ်တိုင်တန်းခဲ့သောကြောင့် ပြင်စည်အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၂၃/၂၀၁၇၊ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။