ပါကစ္စတန်တွင် မဲဆွယ်စည်းရုံးပွဲ၌ အသေခံ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားရာ လူ ၂၀ ထက်မနည်း သေဆုံး

ဇူလိုင် ၁၀ ရက်တွင် ပက်ရှ်ဝါမြို့၌ ရွေးကောက်ပွဲမဲဆွယ်မှုတွင် အသေခံဗုံးခွဲမှုဖြစ်ပွားသည့်နေရာ၌ လုံခြုံရေးများကို တွေ့ရစဉ် (Photo: AFP)

ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် ဇူလိုင် ၁၀ ရက်က မဲဆွယ်စည်းရုံးပွဲတစ်ခုအတွင်း အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ရာ နိုင်ငံရေးသမားတစ်ဦး အပါအ၀င် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုကို တာလီဘန်တို့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကြေညာခဲ့ပြီး ဇူလိုင် ၂၅ ရွေးကောက်ပွဲမတိုင်မီ ပထမဆုံးအကြိမ် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီအချိန်တွင် လုံခြုံရေး ခြိမ်းခြောက်ခံရမှုများရှိကြောင်း ပါကစ္စတန်စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားခဲ့ပြီး နာရီပိုင်းအကြာတွင် အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုသည် ပက်ရှ်ဝါမြို့၌ ကျင်းပသော Awami National Party ၏ မဲဆွယ်စည်းရုံးရေးပွဲကို ပစ်မှတ်ထားခြင်းဖြစ်ကာ တာလီဘန်ကဲ့သို့ အစွန်းရောက်အဖွဲ့များအား ဆန့်ကျင်သည့် ဟောပြောပွဲများအတွက် ANP ပါတီကို အစ္စလာမ္မစ် စစ်သွေးကြွများက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အသေခံဗုံးခွဲ တိုက်ခိုက်မှုအတွင်း သေဆုံးသူများထဲတွင် ANP ပါတီ၏ ပက်ရှ်ဝါမြို့ခေါင်းဆောင်ဟာ ရွမ်ဘီလာလည်း ပါဝင်ကြောင်း တာဝန်ရှိသူများက အတည်ပြုခဲ့သည်။

ဘီလာသည် ANP ပါတီ၏ ရွေးကောက်ခံ ကိုယ်စားလောင်းတစ်ဦးဖြစ်ပြီး သြဇာညောင်းသော နိုင်ငံရေးမိသားစုဝင် အသိုင်းအ၀ိုင်းမှ ဆင်းသက်လာသူတစ်ဦးဖြစ်သည်။ မဲဆွယ်စည်းရုံးရေးပွဲအတွင်း ဘီလာက ၂၀၀ နီးပါးရှိသော ထောက်ခံသူလူအုပ်ကြီးကို မိန့်ခွန်းပြောနေချိန်တွင် အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ သေဆုံးသူ ၂၀ ထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၃ ဦးရှိကြောင်း ပက်ရှ်ဝါမြို့ရဲတပ်ဖွဲ့အကြီးအကဲ ကွာဇီဂျာမယ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အသေခံဗုံးခွဲသမားသည် အသက် ၁၆ နှစ်ဝန်းကျင်ရှိပြီး ၎င်းကိုယ်ပေါ်တွင် ဖောက်ခွဲရေးပစ္စည်းများ၊ သုံးကီလိုဂရမ် အလေးချိန်ရှိသည့် ကျည်ဆန်များနှင့် ချွန်ထက်သောပစ္စည်းများ တပ်ဆင်ထားကြောင်း ဗုံးရှင်းလင်းရေး အကြီးအကဲ ရှာဖကွက် မာလစ်က ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုကို Tehreek-e-Taliban Pakistan စစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ စစ်သွေးကြွများသည် ANP ပါတီကို စစ်ကြေညာပြီးဖြစ်ကာ လူထုကိုလည်း ယင်းပါတီနှင့် ဝေးဝေးနေရန် ပြောထားကြောင်း သို့မဟုတ်ပါက ကိုယ်ဖြစ်ကိုယ်ခံရမည်ဖြစ်ကြောင်း အဆိုပါစစ်သွေးကြွအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် မိုဟာမက်ကိုရာဆာနီက ပြောကြားခဲ့သည်။

ပက်ရှ်ဝါမြို့သည် အယ်ကေးဒါး အပါအ၀င် စစ်သွေးကြွအဖွဲ့ အများအပြား ပုန်းခိုရာဒေသဖြစ်ပြီး ပါကစ္စတန်အစိုးရက ၎င်းတို့ကို တိုက်ခိုက်နှင်ထုတ်မှု မလုပ်ဆောင်ခင် အချိန်အထိ ယင်းစစ်သွေးကြွအဖွဲ့များသည် ထိုမြို့ရှိ နိုင်ငံရေးသမားများ၊ ဘာသာရေးနှင့်ဆိုင်သော စုဝေးပွဲများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်ရုံမက စာသင်ကျောင်းများကိုပါ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြသည်။

Ref: AFP