အကောင်ရယ် အထည်ရယ် ရောယှက်နွှယ်တော့

Photo: ubiSafe

(၁) ‘အကောင်’ ဟုပြောသဖြင့် တိရစ္ဆာန် တစ်ကောင်ကောင်ကို ဦးဆုံးမျက်စိထဲ ပြေးမြင်မိမည်ထင်သည်။ ယခုခေတ် အသုံးအနှုန်းထဲတွင် ‘အကောင်’ ဟူသည် လူတစ်ဦးအား နှိမ့်ချလို၍သုံးသည့် အသုံးအနှုန်း သို့မဟုတ် ရင်းနှီးသောသဘောဖြင့် ယောက်ျားတစ်ယောက်အား ရည်ညွှန်းခေါ်ဆိုသည့်စကား။ စာရေးသူ ရည်ညွှန်းလိုသည့် အကောင်မှာ အင်္ဂလိပ်လို Substance ဟုခေါ်သော အရာဝတ္ထု သို့မဟုတ် ပစ္စည်းကို ရည်ရွယ်လိုရင်းဖြစ်သည်။

‘အထည်’ ကို အဘိဓာန်ထဲတွင် ရွှေ၊ ငွေ၊ ဖန်၊ သံ စသည်ဖြင့် ပြုလုပ်သော ပစ္စည်းဟု ဖွင့်ဆိုထားသည်ဖြစ်ရာ ယင်းကို အင်္ဂလိပ်လို Material ဟုသုံးနှုန်းလျှင် သင့်မည်ထင်သည်။ သို့ဖြစ်၍ အကောင်နှင့်အထည်ကို ပူးတွဲပေါင်းစပ်၍ သုံးလိုက်ပါက ရုပ်ဝတ္ထု ထင်ရှားရှိသောအရာ သို့မဟုတ် ဒြပ်ဟု အနက်အဓိပ္ပာယ်ဖြစ်လာသည်။

လောက၌ အကောင်သည် အရေးကြီးသလို အထည်သည်လည်း အရေးကြီးသည်။ အကောင်အထည်ဟု အမည်တပ်လိုက်ပါက ပို၍ပင် အရေးကြီးလာသည်။ ထိုမှတစ်ဆင့်တက်၍ အကောင်အထည်ဖော်ခြင်း (Implementation) သည် အရေးကြီးဆုံးကိစ္စတစ်ရပ် ဖြစ်လာသည်။ ယင်းတို့သည် လူ့လောကရှိ လုပ်ငန်းကိစ္စအ၀၀ကို အကျိုးရှိစွာ ဖြစ်ထွန်း ပေါ်ပေါက်လာစေရေးအတွက်၊ တစ်နည်း ရလဒ်တစ်ခု ရရှိလာရေးအတွက် လုပ်ဆောင်သည့် အကောင်အထည်ဖော်ခြင်းမျိုး ဖြစ်သည်။ တစ်ခါတစ်ရံ အကောင်အထည်ဖော်သော်လည်း အကျိုးရလဒ် ပေါ်ထွန်းမလာဘဲ ပျက်ပြားသွားခြင်းမျိုးလည်း ရှိသည်။ အကောင်အထည်ဖော်၍ အကောင်အထည် ပေါ်လာပြီဆိုလျှင် Materialize ဖြစ်လာပြီဟု ဆိုကြသည်။

တစ်ဖန် အကောင်အထည်ကို ရုပ်ဝတ္ထု ထင်ရှားရှိသောအရာဟု အနက်ဖွင့်ဆိုထားသည်ဆိုသော်လည်း ‘လေ’ ကဲ့သို့သော (အကြမ်းဖျင်းအားဖြင့်) ဒြပ်ကင်းမဲ့သည့်အရာကို မည်သို့ဆိုမည်နည်း။ လေကို ဖွေရှာမန်းမှုတ်၍တစ်မျိုး၊ ဖမ်းဆုပ်၍တစ်သွယ် ပြုလုပ်ရန် မဖြစ်နိုင်ဟုဆိုစေကာမူ သူ့ကို အားအင်ချည့်နဲ့သည့်အရာဟု မယူဆသင့်။ လူနှင့်တကွ သက်ရှိသတ္တ၀ါအားလုံး၏ နှလုံးအဆုတ်ထဲသို့ ခုတ်မောင်းဝင်ရောက်ကာ အသက်ဆက်ပေးသော စက်သံပတ်တစ်ခု ဖြစ်သည်မှာ ယုံမှားဖွယ်မရှိ။

၁၉၈၆ ခုနှစ်ထုတ် မြတ်လေးမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့သောစာရေးသူ၏ ‘အကောင်အထည်နဲ့လူ’ ကဗျာ၏ အဆုံးသတ်အပိုင်း တစ်စိတ်တစ်ဒေသကို ဖတ်ရှုကြည့်ပါ။

အကောင်အထည်နဲ့လူ
လူဟာ …
ဆံလွှာဖားလျား၊ ခြေဆုံးဖျားထိ
သွေးသားသွေးကြော၊
ကူးနှောတည်ဆောက်
ဦးနှောက်ဖွဲ့စည်း၊ အသည်းနှလုံး
ချည်ထုံးဆက်နှောင်၊ အကောင်အထည်
ဝန်းလည်ရံယှက်၊ တည်နေလျက်ကို
ပြည့်နှက်အမြင်ဟီး၊ အထင်မကြီးနဲ့ …။
လူဟာ …
အလွှာခွဲထွက်၊ တစ်ဖက်နဲ့ တစ်ဖက်
အတ္တဖက်လွှမ်း၊ မျက်ကန်းတောထဲ
စဉ်းလဲနှလုံး၊ ဟန်ပြဖုံးပြီး
ရုန်းထွက်မနိုင်၊ တုပ်နှောင်ယိုင်လဲ
သ၀န်တိုပွဲမှာ၊ ကျားဆွဲခံရ …။
အသင်ဟာ ….
စာနာထောက်ထား၊ နှလုံးသားဖွဲ့နှောင်
အကောင်အထည်၊ ၀န်းလည်ရံယှက်
ပြည့်နှက်ရေသောက်မြစ်၊ မြေထွန်ခြစ်တဲ့
လူဖြစ်ကျိုးနပ်သူလားမိတ်ဆွေ…။ ။

ကိုယ်ကျိုးကြည့်လေ့ရှိသော အတ္တသမား ‘လူ’ သည် ဟန်ဆောင်ခြင်းဖြင့် ဖုံးကွယ်ထားသည့် စဉ်းလဲကောက်ကျစ်သော နှလုံးသားပိုင်ရှင် ဖြစ်နေရကား အကောင်အထည်ပင် ရှိနေလင့်ကစား ‘လူ’ ဟုခေါ်ရန် သင့်လျော်ပါမည်လားဟူ၍ ကဗျာထဲတွင် ရေးဖွဲ့ထားသည်။

(၂) အစိုးရဖြစ်စေ၊ ကုမ္ပဏီဖြစ်စေ၊ စီးပွားရေးလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရာတွင် ဖြစ်စဉ်တစ်လျှောက်လုံး လုပ်ငန်း ချောမွေ့စွာ လည်ပတ်ခဲ့သည့်တိုင် အပြီးသတ်တွင် မည်သည့်အကောင်အထည်မျှ ချပြရန် မရှိ ဖြစ်နေပါက ယင်းကို အကျိုးမရှိ အရာမထင်သော၊ ကျဆုံးသော လုပ်ငန်းစီမံကိန်းတစ်ခုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။

၁၉၉၄ ခုနှစ်ကတည်းက စတင်ခဲ့သည့် ဟံသာဝတီ လေဆိပ်စီမံကိန်းတွင် ငွေကြေးအားဖြင့် ဘီလျံနှင့်ချီ သုံးစွဲကုန်ကျခဲ့ပြီဟု ဆိုသော်လည်း စီမံကိန်း စတင်အကောင်အထည်ဖော်နိုင်မှု မရှိသေးဟု သိရသည်။ (The Daily Eleven – ၂၁-၈-၂၀၁၈ နေ့ထုတ်)။ ယင်းသို့ ဖြစ်သောကြောင့် နိုင်ငံတော်အတွက် များစွာ နစ်နာဆုံးရှုံးနေပြီဖြစ်ရာ ပြည်တွင်းပြည်ပ ကုမ္ပဏီအများအပြားနှင့် ဆွေးနွေးညှိနှိုင်း စာချုပ်ချုပ်ဆိုခဲ့သော်လည်း အရေးကြီးသော အချက်များ၌ ပြေလည်မှုမရခဲ့၍ စီမံကိန်း နှောင့်နှေးကြန့်ကြာခဲ့ခြင်း ဖြစ်သည်ဆိုသည်။ အကောင်အထည်ဖော်ခြင်း (Implementation) သည် မည်မျှအရေးကြီးကြောင်း ဤဖြစ်စဉ်သာဓကက သက်သေတစ်ခုအဖြစ် ဖော်ပြနေပေသည်။

အမျိုးသားလွှတ်တော် အစည်းအဝေး တစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လယ်ယာမြေစီမံခန့်ခွဲရေးနှင့် ပတ်သက်၍ စီမံခန့်ခွဲသည့် ကော်မတီသည် အားနည်းချက်များ ရှိနေသဖြင့် အစိုးရအနေဖြင့် အမြန်ထိန်းကျောင်းပေးရန် လိုအပ်သည်ဟု ဆွေးနွေးခဲ့သည် ဆိုသည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်း၊ စားကျက်မြေ ပြဿနာများအား ဖြေရှင်းပေးနိုင်ခြင်းမရှိ၊ ဌာနဆိုင်ရာများသည်လည်း ဤမြေများပေါ်တွင် ဦးပိုင်အမည်ပေါက် ဖြစ်စေရန် ပြုလုပ်ခြင်းများမှာ ဥပဒေကို ချိုးဖောက်နေသကဲ့သို့ ဖြစ်နေသည်ဟုပြောသည်။ ပြည်သူများ၏ ပိုင်ဆိုင်မှုအပေါ် ထင်သလို လုပ်နေခြင်းတို့မှာ ဤမဲဆန္ဒနယ်မြေထဲ၌ များစွာရှိနေပါသည်ဟု ဆက်လက်ပြောကြားသည်။ (The Daily Eleven -၁၈-၈-၂၀၁၈ နေ့ထုတ်)။ သို့ဖြစ်၍ အစိုးရအနေဖြင့် အမြန်ဆုံး ထိန်းကျောင်းပေးရန် လိုအပ်နေပြီဖြစ်ကြောင်းဟု ၎င်းက ဆွေးနွေးသွားသည်။ ပြည်သူလူထု၏ ဒုက္ခကို ဖြေရှင်းရာတွင် ရလဒ်အမြန်ဆုံး ရရှိရန် အကောင်အထည်ဖော်ပေးနိုင်မှသာ ပြေလည်မည်ဟု ပြောဆိုဝေဖန်သံများ ကျယ်လောင်လာခဲ့သည်။

အကောင်အထည်ဖော်ရမည့် ကိစ္စများစွာအတွက် နှောင့်နှေးကြန့်ကြာမှုများ ရှိသကဲ့သို့ အမြန်နှုန်းနည်းဖြင့် မဖြစ်မနေ အကောင်အထည်ဖော်ခဲ့သဖြင့် ကျပ် ၂၈ ဘီလျံကျော် အလဟဿဖြစ်ခဲ့ရသော လှိုင်သာယာ-ဟင်္သာတ ရထားလမ်းဖြစ်စဉ်တစ်ရပ်သည် စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ထိုစဉ်က အာဏာပိုင်များ၏ လမ်းညွှန်မှုမှတစ်ဆင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး၌ လက်ရှိပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြောကြားသည်ဆိုသည်။

အကောင်အထည်ဖော်ရာ၌ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုမပြုလုပ်နိုင်ခဲ့ခြင်း၊ ရေ၀ပ်ဧရိယာများအား ဖြတ်သန်းဆောက်လုပ်ထားသဖြင့် ရထား၏ပျမ်းမျှအမြန်နှုန်းမှာ တစ်နာရီ ၁၅ မိုင်နှုန်းသာ ပြေးဆွဲနိုင်ကာ ကားလမ်းခရီးနှင့် မယှဉ်ပြိုင်နိုင်ခြင်း၊ ရထားပြေးဆွဲမှု ကုန်ကျစရိတ်မှာ စက်သုံးဆီကိုပင် မကာမိနိုင်ခြင်းစသည့် အကြောင်းများကြောင့် ရထားပြေးဆွဲမှုအား ရပ်တန့်ထားရသည်ဟု ၎င်းက ပြောကြားသည်။ နေ့စဉ် ရထားစီးခရီးသည် အရေအတွက်မှာလည်း မဆိုစလောက်သာရှိသောကြောင့် ၂၀၁၀ ပြည့်နှစ် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ မြန်မာ့မီးရထားက စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်စေကာမူ ၂၀၁၆ ခုနှစ် ဇွန်လတွင် ရထားပြေးဆွဲမှု ရပ်တန့်ခဲ့ခြင်းဖြစ်သည်ဆိုသည်။

(၃) အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းလွှဲအပ်ခြင်း မပြုဘဲနေလျှင် အကောင်းသားဟု ဆိုရလောက်အောင်ပင် လွှတ်တော် အဆောက်အအုံအား အရောင်တင်ဆီ (Polish) သုတ်ရန် သက်ဆိုင်ရာကုမ္ပဏီတစ်ခုကို လုပ်ငန်းချမှတ်ပေးပြီးနောက် အပြီးသတ်တွင် အမှန်တကယ် ကုန်ကျသင့်ငွေထက် များစွာ ပိုမိုစာရင်းတင်ပြခဲ့ခြင်းကြောင့် အရေးယူမှုများ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်တစ်ရပ်လည်း ရှိသေးသည်။ ပြောချင်သည်မှာ အချို့နေရာများ၌ စီမံကိန်းကို အကောင်အထည်မဖော်ဘဲ ကြန့်ကြာနှောင့်နှေးမှုများ ရှိသလို ယခုကဲ့သို့ အကောင်အထည် ဖော်လိုက်ပြန်တော့လည်း အရည်အသွေး စံချိန်မမီရုံမျှမက အသုံးပြုထားသည့် ငွေကြေးပမာဏ၏ လေးပုံတစ်ပုံသာ အမှန်တကယ် ကုန်ကျသည့် သာဓကတစ်ခု ပေါ်ပေါက်လာသဖြင့် အရေးယူမှုများ ပြုလုပ်ခဲ့ရခြင်းဖြစ်သည် ဆိုသည်။

ပြည်သူများ မျှော်လင့်တောင့်တနေကြသည့် အကောင်အထည်ရလဒ် (Concrete Result) မှာ ရိုးသားပွင့်လင်းမှုမှ စီးဆင်းလာသော အကောင်အထည်ဖော်ခြင်းမျိုးသာဖြစ်ရာ ထိုမှရရှိသည့် အသီးအပွင့် အကျိုးကျေးဇူးကို ခံစားသုံးစွဲခွင့်ရရန် မျှော်မှန်းကြခြင်းဖြစ်သည်။ လူနည်းစု သို့မဟုတ် လူတစ်ဦးတစ်ယောက်အတွက်သာ အကျိုးအမြတ်ဖြစ်စေမည့် အကောင်အထည်မျိုးကိုမူ လုံးဝ လက်ခံနိုင်စရာ ရှိလိမ့်မည်မဟုတ်ပေ။