ဘားအံမြို့နယ်အတွင်း အုပ်စုဖွဲ့ရိုက်နှက်ခဲ့သည့် လူငယ် ၁၈ ဦးအား အိန္ဒုနယ်မြေရဲစခန်းမှ ဖမ်းဆီးစစ်ဆေး

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း အုပ်စုဖွဲ့ရိုက်နှက်ခဲ့သည့် လူငယ် ၁၈ ဦးကို အိန္ဒုနယ်မြေရဲစခန်းမှ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

ဖြစ်စဉ်မှာ ဇွန် ၃ ရက် ည ၈ နာရီခွဲခန့်က အောင်ထက်၊ တင်မင်းဦး(၁၉)နှစ်၊ သူရိန်ဝင်း(၂၀)နှစ်၊ သက်ပိုင်(၁၇)နှစ်၊ စောကျော်သာခလိန်း(၁၉)နှစ်တို့ ငါးဦးသည် ဘားအံမြို့မှ ရုပ်ရှင်ကြည့်၍ နေထိုင်ရာ ဘားအံမြို့နယ်၊ အုန်းတပင်ကျေးရွာဘက်သို့ လမ်းလျှောက်ပြန်လာစဉ် အုန်းတပင်ဘုန်းကြီးကျောင်းရှေ့ မုခ်ဝအနီးအရောက် မုခ်ဝအုတ်ခုံတွင် ဆိုင်ကယ် ၁၀ စီးခန့်ဖြင့် ထိုင်နေသည့် လူငယ်အုပ်စုထဲရှိ လူငယ်သုံးဦးခန့်သည် အော်ဟစ်ဆဲပြီး အသင့်ပါလာသော တုတ်ဓားများဖြင့် လှမ်းပစ်၍ ထွက်ပြေးလာစဉ် ဇွဲကပင်တောင်မုခ်ဝအနီးအရောက်တွင် အဆိုပါ လူငယ်အုပ်စုက အော်ဟစ်၍ ဆိုင်ကယ်များနှင့် လိုက်လံ၍ တုတ်၊ ဓားများဖြင့် လိုက်ခုတ်ခဲ့သည့်အတွက် အောင်ထက်(မစိုးရိမ်ရ)၊ တင်မင်းဦး(စိုးရိမ်ရ)နှင့် သူရိန်ဝင်း(စိုးရိမ်ရ) ဒဏ်ရာအသီးသီးတို့ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အိန္ဒုနယ်မြေ ရဲစခန်းမှူးရဲအုပ် မင်းအောင်ထွန်းဦးစီး၍ စုံစမ်းဖော်ထုတ်ခဲ့ရာမှ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူများဖြစ်သော စိုးမြင့်အောင်(ခ)စောဖောင်ဟဲ (ခ) ခေအဲ ၂၂ နှစ်၊ အုန်းတပင်ကျေးရွာ၊ ဘားအံမြို့နယ်နေသူနှင့် စောသန်းစိန်(ခ)ပီနို၊ မိဖောင် ၁၆ နှစ်(လိပ်စာတူ)၊ သက်ပိုင်(ခ)သာပုံထွဋ် ၁၇ နှစ်(လိပ်စာတူ)၊ မောင်စိန်ဌေး(ခ)ပုဂ္ဂိုလ် ၂၀ နှစ် (လိပ်စာတူ)တို့ အပါအ၀င် လူငယ် ၁၈ ဦးကို စုံစမ်းဖော်ထုတ်၍ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။