နေပြည်တော်တွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရာ၌ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆ အား နေရပ်ပြောင်းလဲ ဖော်ပြသဖြင့် လူ ၁၀၀ ခန့် ဆန္ဒထုတ်ဖော်

အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆ အား နေရပ်ပြောင်းလဲ ဖော်ပြသဖြင့် လူ ၁၀၀ ခန့် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံသာရပ်ကွက် ဘောလုံးကွင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆ အား နေရပ်ပြောင်းလဲပြီး ဖော်ပြကာ အုပ်ချုပ်ရေးမှူးအဖြစ် ဆန္ဒမဲ အများဆုံးနှင့် ရွေးချယ်ခံရသူအား အုပ်ချုပ်ရေးမှူး ရာထူးက ဖယ်ရှားရန် ကြံစည်မှုကြောင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၆ ရက်က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်စု အုပ်စု၏ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ထောက်ခံမဲ အများဆုံးရရှိသည့် ကျေးစာဥရွာတွင် နေထိုင်သူ ဦးထွန်းလွင်၏ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆ အား နေရပ်ပြောင်းလဲ ဖော်ပြကာ အုပ်ချုပ်ရေးမှူး ရာထူးက ဖယ်ရှားရန် ကြံစည်မှုကြောင့် ကူနှစ်လုံးဆည်စုအုပ်စု၊ ကျေးစာဥရွာသူ၊ ရွာသားများက ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်ရဲ့ ပုံစံ ၆၆ က သူတို့ လ.၀.က မှာ အပြောင်းအလဲ လုပ်ပြီးတော့ တရားမ၀င်ဘူးဆိုပြီး လုပ်ထားပါတယ်။ အဲဒါကြောင့် ဆန္ဒထုတ်ဖော်ပြီးတော့ ပုံစံ ၆၆ အမှန်ဖြစ်ရေး၊ အုပ်ချုပ်ရေးမှူး ရွေးတာကလည်း ပထမ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ရွေးချယ်ပြီးတော့ အရွေးခံပါတယ်။ အုပ်ချုပ်ရေးမှူးအဆင့်ကို အရွေးခံပါတယ်။ အုပ်ချုပ်ရေးမှူးဖြစ်ပြီးမှ ပုံစံ ၆၆ မညီညွတ်ပါဘူး ဆိုပြီးတော့ ကန့်ကွက် ပယ်ချထားလို့ ပြသရခြင်း ဖြစ်ပါတယ်”ဟု အုပ်ချုပ်ရေးမှူးလောင်းအဖြစ် ရွေးချယ်ခံရသူ ဦးထွန်းလွင်က ဆိုသည်။

ဒက္ခိဏသီရိမြို့နယ် ကူနှစ်လုံးဆည်စုအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်ခံရတဲ့ ကျေးစာဥရွာတွင် နေထိုင်သူ ဦးထွန်းလွင်၏ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆ အား ဒက္ခိဏသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးက ကျေးစာဥရွာမှ ညောင်ကုန်းကျေးရွာတွင် နေထိုင်သူအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်ကြောင်း ဦးထွန်းလွင်က ဆိုသည်။

ဆန္ဒပြ ထုတ်ဖော်သူများက အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် မှန်မှန်ကန်ကန် ရွေးချယ်ပေးရေး၊ ပိုင်ရှင် မသိဘဲ အိမ်ထောင်စု လူဦးရေစာရင်း ပြောင်းလဲခဲ့သော ဒက္ခိဏ လ.၀.က တာဝန်ရှိသူအား အရေးယူပေးရေး၊ မသမာသော နည်းလမ်းဖြင့် အိမ်ထောင်စု လူဦးရေစာရင်း ပြောင်းလဲခဲ့သော လ.၀.က ဦးစီးမှူးအား အလိုမရှိကြောင်း စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့သည်။

မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူး နုတ်ထွက်ပေးရန် တောင်းဆို ဆန္ဒပြမှုကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ ဖြင့် တရားစွဲဆို ခံထားရသည့် တောင်သူသုံးဦးအား ထောင်ဒဏ် တစ်လ ချမှတ်

ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ ဖြင့် တရားစွဲဆို ခံထားရသည့် တောင်သူသုံးဦးအား ထောင်ဒဏ်ချမှတ်အပြီး တွေ့ရစဉ် (ဓာတ်ပုံ- တောင်သူလယ်သမားသမဂ္ဂအဖွဲ့ချုပ်ရုံး)

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူးအား အလိုမရှိသဖြင့် နုတ်ထွက်ပေးရန် ဒေသခံ တောင်သူများက ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက မတ္တရာမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၀ ဖြင့် တရားစွဲဆို ခံထားရသည့် ဒေသခံတောင်သူ သုံးဦးကို မတ္တရာမြို့နယ် တရားရုံးက ဇွန် ၁၃ ရက်တွင် ထောင်ဒဏ် တစ်လ ချမှတ်ခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူး ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြမှုနှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ပြီး ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ ဖြင့် ဦးဆောင်သူများ ဖြစ်သည့် ဒေသခံတောင်သူနှစ်ဦးနှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကို မတ္တရာမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ဇွန် ၁၃ ရက် ရုံးချိန်းတွင် မတ္တရာမြို့နယ် တရားရုံးက တောင်သူ ကိုရဲရင့်အောင်၊ ကိုသန်းလွင်နှင့် မြေယာအရေး လှုပ်ရှားသူ ကိုမောင်စိုးတို့ကို ထောင်ဒဏ် တစ်လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့် တရားစွဲဆို ခံခဲ့ရတာပါ။ ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ ဟာ ငွေဒဏ် ကျပ်တစ်သောင်းနဲ့ ထောင်ဒဏ် တစ်လ ချမှတ်နိုင်သလို ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်နိုင်ပါတယ်။ ကျွန်တော်ကတော့ တရားမျှတမှု လုံးဝ မရှိဘူးလို့ ပြောချင်တယ်။ ဘာကြောင့်ဆို ငြိမ်းချမ်းစွာနဲ့ အခွင့်အရေးကို တရားမျှတစွာ တောင်းဆိုခဲ့ကြတာ ဖြစ်တယ်။ တရားစီရင်ရေးကို အုပ်ချုပ်ရေးဘက်က ၀င်ရောက်စွက်ဖက်တဲ့ ပုံစံတွေ ရှိနိုင်တယ်။ မျှတမှုမရှိဘူးလို့ ပြောချင်တယ်”ဟု ဒေသခံ တောင်သူများဘက်မှ အခမဲ့ အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် အထက်တန်းရှေ့နေ ဦးဆန်းထွန်းအောင်က ပြောကြားသည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက သိမ်းဆည်း မြေယာပြဿနာများနှင့် ပတ်သက်၍ မန္တလေးမြို့ပေါ်သို့ လာရောက် ဆန္ဒထုတ်ဖော်လျက်ရှိသည့် တောင်သူများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အကြား တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ရာတွင် မတ္တရာမြို့နယ်အတွင်းမှ ယာမြေ သိမ်းဆည်းခံ တောင်သူများဘက်မှ ဦးဆောင် တောင်းဆိုလျက်ရှိသည့် တောင်သူခေါင်းဆောင်များကို တောင်သူအစစ်အမှန် မဟုတ်ဘဲ အမှုပွဲစား၊ မြေပွဲစားဟု မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုမှုအပေါ် ဒေသခံတောင်သူများက ကျေနပ်မှု မရှိသဖြင့် နုတ်ထွက်ပေးရန် မတ္တရာမြို့ပေါ်တွင် တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုသို့ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်သည်ဟု ဆိုကာ မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ပြီး ဦးဆောင်သူ တောင်သူသုံးဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ ဖြင့် မတ္တရာမြို့နယ် တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။