စင်ကာပူနိုင်ငံတွင် ပြုလုပ်သည့် (၃၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်

စင်ကာပူနိုင်ငံ၌ ပြုလုပ်မည့် (၃၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့် ဧပြီ ၂၆ ရက်တွင် ထွက်ခွာစဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် (၃၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန်အတွက် စင်ကာပူနိုင်ငံသို့ ဧပြီ ၂၆ ရက်တွင် ရောက်ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

စင်ကာပူနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ် မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန်အတွက် နိုင်ငံတော်သမ္မတဦးဝင်းမြင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၆ ရက်၊ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် (၃၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ အခြားအာဆီယံနိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါအစည်းအဝေးများသို့တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

စင်ကာပူနိုင်ငံသို့ သွားရောက်ရန် ဧပြီ ၂၆ ရက် နံနက်ပိုင်းက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား တွေ့ရစဉ်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဦးဆောင်သည့် အဖွဲ့အား နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ အခြား တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယခု စင်ကာပူ ခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အတွက် ပထမဆုံးနိုင်ငံခြားခရီးစဉ် တစ်ခုဖြစ်သည်။

NLD ပါတီ ဦးဆောင်သော အစိုးရလက်ထက်တွင် လာအိုနှင့် ဖိလစ်ပိုင်နိုင်ငံများက အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင် တက်ရောက်ခဲ့သော်လည်း ယခု (၃၂) ကြိမ် မြောက်အစည်းအဝေးများတွင်  မြန်မာနိုင်ငံအနေဖြင့် သမ္မတတစ်ဦး ဦးဆောင်ကာ တက်ရောက်ခြင်းဖြစ်သည်။

စင်ကာပူဝန်ကြီးချုပ်ရုံး၏ သတင်းထုတ်ပြန်မှုအရ (၃၂)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် ဒေသတွင်းနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ပတ်သက်ပြီး ဒေသတွင်း ခေါင်းဆောင်များက အမြင်ချင်း ဖလှယ်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ ရေကြောင်းပူးပေါင်းဆောင်ရွက်မှုနှင့် တောင်တရုတ်ပင်လယ် လုံခြုံရေးဆိုင်ရာများလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုရီးယားကျွန်းဆွယ် လုံခြုံရေးအခြေအနေနှင့် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီအရေးများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု စင်ကာပူဝန်ကြီးချုပ်ရုံး၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ယခုပြုလုပ်သည့် ထိပ်သီးအစည်းအဝေးကို မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ်အနေဖြင့် အထွေထွေရွေးကောက်ပွဲ ရှိနေသဖြင့် တက်ရောက်မည်မဟုတ်ကြောင်းလည်း သိရသည်။

(၃၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား ဧပြီ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ဘင်္ဂါလီ ဒုက္ခသည်ပြဿနာ အခြေအနေဆိုးရွားစွာ ဖြစ်ပွားပြီး အလွန်ကာလတွင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၌ ရခိုင်ပြည်နယ်နှင့် ဘင်္ဂါလီအရေးကိစ္စအား ဖိအားပေး မေးခွန်းထုတ်လေ့ရှိပြီး အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော  မွတ်စလင်အများစုနေထိုင်သည့် မလေးရှား၊ ဘရူနိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ဘင်္ဂါလီဒုက္ခသည်အရေးအား အသားပေး ဆွေးနွေးရန် ပုံမှန်တင်ပြခြင်းများ ရှိခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့သော (၃၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများတွင်လည်း မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇတ်ဦးဆောင်ပြီး ရခိုင်ပြည်နယ်နှင့် ဘင်္ဂါလီအရေးနှင့် သက်ဆိုင်သောခေါင်းစဉ်များ ဆွေးနွေးရန် အဆိုပြုတင်ပြမှုများရှိခဲ့သည်။