ဇူလိုင်လအတွင်း ပြည်ပအလုပ်အကိုင် ၁၈၀၀၀ ကျော်နှင့် ပြည်တွင်း အလုပ်အကိုင် ၂၃၀၀၀ ကျော်ရရှိ

ဇူလိုင်လအတွင်း ပြည်ပတရားဝင် အလုပ်အကိုင် ၁၈၀၀၀ ကျော်နှင့် ပြည်တွင်း အလုပ်အကိုင် ၂၃၀၀၀ ကျော် အလုပ်အကိုင် ရရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းထုတ်ပြန်ချက်တွင် ပြည်တွင်း၌ အစိုးရအလုပ်အကိုင် ၉၅၃ ဦးနှင့် ပုဂ္ဂလိက အလုပ်အကိုင် ၂၂၂၁၁ ဦး၊ စုစုပေါင်း ၂၃၁၆၄ နေရာ အလုပ်အကိုင်ရရှိကြောင်း သိရသည်။ ထို့ပြင် ပြည်ပအလုပ်အကိုင်ရရှိမှု၌ မလေးရှားနိုင်ငံတွင် ၁၈၇၁ ဦး၊ စင်ကာပူနိုင်ငံတွင် ၄၅ ဦး၊ ကိုရီးယားနိုင်ငံတွင် ၂၅၇ ဦး၊ ထိုင်းနိုင်ငံတွင် ၁၆၃၀၇ ဦး၊ ဂျပန်နိုင်ငံတွင် ၄၃၆ ဦး၊ ယူအေအီးနိုင်ငံတွင် ၁၃ ဦး၊ ဂျော်ဒန် နိုင်ငံတွင် ၂၂ ဦး၊ ကာတာနိုင်ငံတွင် သုံးဦး၊ စုစုပေါင်း ၁၈၉၅၄ ဦး တရားဝင်အလုပ်အကိုင် ရရှိကြောင်း သိရသည်။

ယင်းဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများ အလုပ်အကိုင်ရရှိရေးနှင့် အလုပ်ရှင်များအတွက် အလုပ်သမားများ လုံလောက်စွာရရှိရေးအတွက် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့်  Online မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇွန်လတွင် ပြည်ပတရားဝင်အလုပ် အကိုင် ၁၇၀၀၀ ကျော်နှင့် ၂၀၀၀၀ ကျော် အလုပ်အကိုင်ရရှိပြီး မေလတွင် ပြည်ပအလုပ်အကိုင် ၂၃၀၀၀ ကျော်နှင့် ပြည်တွင်းအလုပ် အကိုင် ၁၃၀၀၀ ကျော် အလုပ်အကိုင်ရရှိကြောင်း သိရသည်။

 

ဘန်ကောက်မြို့ အနီးရှိ ကွန်ပျူတာပစ္စည်း ပြန်လည်သန့်စင်သည့်စက်ရုံ ပိတ်​လိုက်​ခြင်း​ကြောင့်​ မြန်​မာ MoU လုပ်​သား ၇၀၀ ​ကျော်​ အလုပ်​လက်​မဲ့ဖြစ်

ကွန်ပျူတာပစ္စည်း ပြန်လည်သန့်စင်သည့် စက်ရုံတစ်ရုံမှ အလုပ်လက်မဲ့ ဖြစ်သွားသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား တွေ့ရစဉ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ ကွန်ပျူတာပစ္စည်း ပြန်လည်သန့်စင်သည့်စက်ရုံ တစ်ရုံအား ဓာတုဗေဒ အဆိပ်သင့်မှုနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်စေသည့်အတွက် ယာယီပိတ်လိုက်ရခြင်းကြောင့် မြန်မာအပါအ၀င် ရွှေ့ပြောင်းလုပ်သား ၇၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရကြောင်း သိရသည်။

ဘန်ကောက်မြို့နှင့် ၈၇ ကီလိုမီတာ ကွာဝေးသော ချာချင်ဆောင်ခရိုင် ပင်(န်)ယောင်မြို့နယ် ဝေါစံမလွန် ရပ်ကွက်ရှိ ကွန်ပျူတာပစ္စည်း ပြန်လည်သန့်စင်သည့် စက်ရုံအား ထိုင်းအာဏာပိုင်များက မေ ၂၂ ရက်တွင် ၀င်ရောက်စစ်ဆေးခဲ့ရာ ဓာတုဗေဒ အဆိပ်သင့်မှုနှင့် သဘာဝပတ်ဝန်းကျင်အား ညစ်ညမ်းမှုများ ဖြစ်စေသည့်အတွက် ယာယီချိပ်ပိတ်လိုက်ကြောင်း သိရသည်။

အဆိုပါ စက်ရုံတွင် မြန်မာအလုပ်သမား အများစု ၀င်ရောက်လုပ်ကိုင်လျက်ရှိပြီး  ကမ္ဘောဒီးယား အလုပ်သမားများလည်း လုပ်ကိုင်လျက်ရှိရာ လုပ်သားစုစုပေါင်း ၇၅၀ ခန့်ရှိကြောင်း သိရသည်။ စက်ရုံလုပ်ငန်းခွင် ရပ်ဆိုင်းလိုက်ရသည့်အတွက် ယင်းအလုပ်သမားများမှာ အလုပ်လက်မဲ့ဖြစ်ကာ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်လျက် ရှိသည်ဟု ဆိုသည်။

အလုပ်သမားတစ်ဦးက “အလုပ်ရပ်နားနေတာ ၁၀ ရက်ရှိပြီ။ တချို့ဆို စားစရာ မရှိတော့ဘူး။ စတက်​လာတုန်းက ကားမှောက်​လို့ ဒဏ်ရာရတဲ့သူတွေဆိုလည်း ​နေ့တွက်လည်းမရဘူး။ အတော်အခက်အခဲ ဖြစ်နေတယ်။ တစ်​ခါတစ်​ရံ အချိန်​ပိုဆင်းလည်း OT ​ကြေး မရပါဘူး ခု​တော့” ဟုဆိုသည်။

၎င်းစက်ရုံ၌ လုပ်ကိုင်နေသည့် ကွန်ပျူတာပစ္စည်း အပါအ၀င် အီလက်ထရွန်နစ် ပစ္စည်းများသည် ပြည်ပနိုင်ငံသုံးခုမှ ထိုင်းနိုင်ငံသို့ ၀င်ရောက်ခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ဓာတုဗေဒ အဆိပ်သင့်မှု ဖြစ်စေသည့် လုပ်ငန်းဖြစ်၍ ၎င်းလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်နေသည့် အလုပ်သမားများ အနေဖြင့် ကာလကြာရှည်စွာ လုပ်ကိုင်ပါက ကင်ဆာရောဂါများ ဖြစ်ပေါ်စေသည်အထိ ဘေးအန္တရာယ်ရှိကြောင်း ထိုင်းအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

စက်​ရုံ ပိတ်​သိမ်းမှု​ကြောင့်​ အလုပ်​လက်​မဲ့ ဖြစ်​သွား​သော အလုပ်သမားများ၏ ရသင့်ရထိုက်သည့် အခွင့်ရေးများ အပါအ၀င် ဥပဒေအရ ခံစားခွင့်အ၀၀တို့ ရရှိခံစားနိုင်စေရန် အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အဖွဲ့ချုပ် (MOEAF)၊ ဂိုးလ်ဒင်းရွိင်ရယ်မန်တလေး အေဂျင်စီနှင့် ထက်မာန်အေဂျင်စီမှ ဒါရိုက်တာများ ထိုင်းအလုပ်သမား ၀န်ကြီးဌာန လူမှုဖူလုံရေးဌာန အလုပ်ရှင်၊ အလုပ်သမားတို့ တွေ့ဆုံ၍ အလုပ်သမားများ ကျန်ရှိသည့် လုပ်အားခငွေများ ရရှိရန် ညှိနှိုင်း​ဆောင်​ရွက်​လျက်​ရှိကြောင်း သိရသည်​။

ယင်းအလုပ်​သမာများ အလုပ်ကိုင်သစ် ပြန်လည်ပြောင်းရွှေ့နိုင်ရေး အပါအ၀င် အလုပ်သမားများ နစ်နာမှုများအတွက် ဥပဒေအတိုင်း ရသင့်ရထိုက်သည့် ခံစားခွင့်များ ရရှိစေရေးတို့ကို သံအရာရှိနှင့်​ အဖွဲ့ သက်ဆိုင်ရာ တာဝန်​ရှိသူများနှင့်​ ​ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ ကွန်ပျူတာပစ္စည်း ပြန်လည်သန့်စင်သည့် စက်ရုံတွင်​ ဂိုလ်ဒင်ရွိင်ရယ်မန်တလေးအေဂျင်စီနှင့် ထက်မာန်အေဂျင်စီတို့မှ MoU စနစ်ဖြင့် ပို့ဆောင်ထားသည့် မြန်မာအလုပ်သမားများ အပါဝင် အလုပ်သမား စုစုပေါင်း ၇၅၀ ခန့် ၀င်​​ရောက်​လုပ်​ကိုင်​ခဲ့ကြောင်း သိရသည်။

အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံသားများ၏ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှုနှုန်းထား မြင့်တက်လာကြောင်း စစ်တမ်းတစ်ရပ်ထုတ်ပြန်

အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံသားများ၏ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်မှု နှုန်းထားမှာ မြင့်တက်လာကြောင်း Myanmar Center for Economic and Social Development အဖွဲ့၏ လေ့လာချက် စစ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

အာဆီယံနိုင်ငံများအနက် ရွှေ့ပြောင်းသွားလာမှုမှာ မြန်မာနိုင်ငံက ၃၃ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်နေပြီး ပြည်တွင်း၌ ကျွမ်းကျင်လုပ်သား ရှားပါးမှုက အဓိက ပြဿနာ ဖြစ်နေကြောင်း အလုပ်သမားရေးဆိုင်ရာ ကျွမ်းကျင်သူများက ပြောဆိုသည်။

လုပ်ခလစာ သက်သာသော မြန်မာနိုင်ငံသားများအစား ဈေးနှုန်းကြီးမြင့်သော အိမ်နီးချင်းနိုင်ငံက ကျွမ်းကျင်လုပ်သားများက နေရာယူထားကြကြောင်း Myanmar Center for Economic and Social Development အဖွဲ့၏ လေ့လာချက်များအရ သိရသည်။

မြန်မာနိုင်ငံမှ အခြားတစ်နိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်ကြခြင်းအပြင် ပြည်တွင်း၌လည်း နယ်ဒေသများမှ မြို့ကြီးများသို့ ရွှေ့ပြောင်းလုပ်ကိုင်ကြသော နှုန်းထားများလည်း မြင့်တက်လာကြောင်း သိရသည်။ အများစုသည် ကျေးလက်ဒေသများတွင် ရာသီအလိုက် လုပ်ကိုင်ရမည့် စိုက်ပျိုးရေး လုပ်ငန်းများအစား မြို့ကြီးများရှိ အထည်ချုပ်စက်ရုံများတွင် လစဉ်ပုံမှန်ဝင်ငွေရသော လစဉ်ပုံမှန်ဝင်ငွေရတဲ့ လုပ်သားများအဖြစ် ကူးပြောင်းလာကြကြောင်း သိရသည်။

“အဓိကကတော့ ပြည်တွင်းမှာ တကယ်ကျွမ်းကျင်တဲ့ လုပ်သားတွေ ရှိလာမယ်ဆိုရင် ရွှေ့ပြောင်းမှုတွေ လျော့ကျသွားမှာ။ ကျွန်တော်တို့ JobNet အနေနဲ့လည်း ပြည်ပရောက်နေတဲ့ တကယ့်ကျွမ်းကျင်သူတွေကို ပြန်ပြီးဖိတ်ခေါ်နေပါတယ်။ JobNet & Website မှာဆိုလည်း ပြည်ပရောက်နေတဲ့ မြန်မာတွေအတွက် ပြည်တွင်းမှာ ပြန်လုပ်နိုင်မယ့် အလုပ်တွေကို တွေ့ရမှာပါ။ ကျွမ်းကျင်လုပ်သားတွေ ရှိလာဖို့ကတော့ ရေတိုရေရှည် စီမံကိန်းတွေချပြီး ဆောင်ရွက်ရမယ့် အခြေအနေ ရှိပါတယ်” ဟု JobNet.com.mm  ၏ မန်နေဂျင်း ဒါရိုက်တာ Matt De Luca က သုံးသပ်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်လျက်ရှိသော လူဦးရေ၏ ၄၂ ဒသမ ၃ ရာခိုင် နှုန်းသည် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြောင်းရွှေ့လာကြသူများ ဖြစ်ကြပြီး ၂၆ ရာခိုင်နှုန်းသည် အလုပ်အကိုင်ကြောင့် ရွှေ့ပြောင်းသွားလာခြင်း ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ စစ်တမ်းက ဖော်ပြခဲ့သည်။ ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿနာကို ဖြေရှင်းပေးနိုင်မှု မရှိမချင်း ရွှေ့ပြောင်းလုပ်သား ပြဿနာမှာ ပိုမိုကြီးမားလာဖွယ် ရှိနေကြောင်း သိရသည်။

ပြည်တွင်း၌ မြန်မာနိုင်ငံလုပ်သား အင်အားကို ကောင်းစွာအသုံးချပြီး ပို့ကုန်ဦးစားပေး ထုတ်လုပ်ရေး လုပ်ငန်းများနှင့် လုပ်အားအခြေခံ ကုန်ထုတ်လုပ်မှုများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက မြန်မာ့စီးပွားရေးအတွက် အလားအလာကောင်းများ ရှိနေကြောင်း Asian Development Outlook 2018 တွင် ဖော်ပြထားသည်။

 

ကျပ်ရှစ်သိန်းခွဲခန့်အကုန်အကျခံပြီး ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်ရန် MoU လုပ်သားအဖြစ် သွားရောက်ခဲ့သော်လည်း စာချုပ်ပါအတိုင်း လုပ်ကိုင်ရခြင်းမရှိ၍ အလုပ်သမား ၃၂ ဦး နေရပ်ပြန်ရောက်လာ

MoU စာချုပ်ပါအတိုင်း လုပ်ကိုင်ရခြင်းမရှိသဖြင့် နေရပ်သို့ပြန်လာရသည့် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

ကျပ်ရှစ်သိန်းခွဲခန့်  အကုန်အကျခံပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် MoU လုပ်သားအဖြစ် သွားရောက်ခဲ့သော်လည်း စာချုပ်ပါအတိုင်း လုပ်ကိုင်ရခြင်းမရှိဘဲ ကြမ်းတမ်းခက်ထန်သော သစ်ခွဲစက်တွင် လုပ်ကိုင်ရသဖြင့် လူငယ်လူရွယ် အမျိုးသမီးငယ်များ လုပ်ကိုင်နိုင်ခြင်းမရှိဘဲ နေရပ်မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၅ ရက်က ပြန်လည်ရောက်ရှိလာခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသား အလုပ်သမားများမှာ ထိုင်းနိုင်ငံအတွင်း သစ်အချောထည်လုပ်ငန်းတွင် လုပ်ရမည်ဟု ရန်ကုန်မြို့ ပင်လုံခန်းမတွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီဖြစ်သော  စတားပိုင်အိုးနီးယားကုမ္ပဏီ နှင့် စာချုပ်ချုပ်ဆိုကာ သွားရောက်ခဲ့ခြင်းဖြစ် သည်ဟု ပြန်ရောက်လာသူများက ပြောကြားသည်။

“ကျွန်တော်တို့ကို စာချုပ်တုန်းက သစ်အချောထည်လုပ်ငန်းမှာ လုပ်ရမယ်လို့သာ ပြောဆိုစာချုပ်ခဲ့တာပါ။ အခုလို မြို့နဲ့ဝေးတဲ့ တောထဲမှာ သစ်လုံးတွေခွဲတဲ့သစ်ခွဲစက်မှာလုပ်ရမယ်လို့သိခဲ့ရင် ဘယ်သွားပါ့မလဲ။ အခုတော့ မြေ၀ိုင်းကို ပေါင်သူပေါင်၊ အတိုးနဲ့ ချေးသူကချေး အတော်ဒုက္ခရောက်ကြပါပြီ။ ကျွန်တော်တို့ ကုန်ကျငွေတွေကို ပြန်လည် တောင်းဆိုသွားလို့ အဆင်မပြေရင်တော့ သက်ဆိုင်ရာကို တိုင်ကြားသွားမှာဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ နယ် တင်ပလ္လင်ခွေကျေးရွာမှ ကိုထိန်လင်း အောင်က ပြောကြားသည်။

မြန်မာ-ထိုင်းနယ်စပ် မြ၀တီချစ်ကြည်ရေးတံတားမှ ဇန်န၀ါရီ ၁၀ ရက်တွင် လုပ်သား ၉၇ ဦး ထွက်ခွာသွားပြီး နော့ခေါစီထန်မရမြို့နယ် တောစပ်တွင်ရှိသော သစ်ခွဲစက်ရုံတွင် လုပ်ကိုင်ရသည်ဟု ဆိုသည်။

“တစ်နေ့ ဘတ်၃၀၀ ရသော်လည်း တကယ်အလုပ်လုပ်ရတော့ မတန်ဘူး။ အရမ်းပင်ပန်းတယ်။ အသက်အန္တရာယ်ရှိတယ်။ ဒါကြောင့် ပြန်လာကြတာပါ”ဟု နေရပ်ပြန် ရောက်လာသူ ကိုလေးနိုင်က ပြောကြားသည်။

ပြန်ရောက်လာသူများတွင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၄ ဦးပါဝင်ပြီး အမျိုးသမီး များမှာ လုံးဝလုပ်နိုင်ခြင်း မရှိသည့်လုပ်ငန်းလည်းဖြစ်သည်ဟု ဆိုသည်။

“အလုပ်သမားအကုန်လုံးက ပြန်လာချင်ကြပါတယ်။ မလုပ်နိုင်ကြဘူး။ သို့ပေမဲ့ ပြန်သွားရင် ပတ်စ်ပို့စာအုပ်တွေ ဖျက်ဆီးခံရ မယ်ဆိုလို့ တချို့နေခဲ့ကြပါတယ်။ အခု ပြန် လာတဲ့သူတွေမှာ မရှိမဲ့ရှိမဲ့ ချေးငှားပေါင်နှံ သွားခဲ့ကြတာတွေပါ။ ခြံဝိုင်းတွေကိုပေါင်ပြီး သွားတာမို့ မိသားစုဘ၀ အခက်အခဲကိုယ်စီနဲ့ပါ”ဟု နေရပ်ပြန်ရောက်လာသူ ဇင်ကိုဦးက ပြောကြားသည်။

ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာခြင်းကြောင့် ထိုင်းနိုင်ငံသို့ ထွက်ခွာလုပ်ကိုင်သူ အများအပြားရှိလာကာ စာချုပ်ပါအတိုင်း လုပ်ကိုင်ရခြင်း မရှိခြင်း၊ ထိုင်းနိုင်ငံအတွင်း အလုပ်မရခြင်းတို့ကြောင့် ယခင် ၂၀၁၇ ခုနှစ်ကလည်း  ပြန်လာသူအများ အပြားရှိခဲ့သည်။

အစိုးရအနေဖြင့် ပြည်တွင်း၌ အလုပ်အကိုင်ပေါင်း တစ်သန်းကျော် ဖန်တီးပေးမှသာ လူဦးရေတိုးတက်မှုနှုန်းနှင့် GDP အချိုးတိုးတက်မှု ကိုက်ညီမည်ဖြစ်ကြောင်း JobNet.com.mm ထုတ်ပြန်

လှိုင်သာယာစက်မှုဇုန်တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမများကို တွေ့ရစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)

အစိုးရအနေဖြင့် ယခုအစိုးရ သက်တမ်းအတွင်း အလုပ်အကိုင်ပေါင်း တစ်သန်းကျော် ဖန်တီးပေးမှသာ လူဦးရေ တိုးတက်မှုနှုန်းနှင့် GDP အချိုး တိုးတက်မှုနှုန်းတို့ ကိုက်ညီမည်ဖြစ်ကြောင်း ကမ္ဘာ့လူဦးရေရံပုံငွေ အဖွဲ့ကြီး၏ ဖော်ပြချက်ကို ကိုးကား၍ JobNet.com.mm  က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

ပြည်တွင်း၏ လက်ရှိစီးပွားရေး အနေအထားသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများစွာ ၀င်ရောက်နေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေသော်လည်း ပြည်တွင်းရှိ လူဦးရေ အချိုးအဆနှင့် တွက်ချက်ပါက ၂၀၂၀ ပြည့်နှစ်မတိုင်မီတွင် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးရန် လိုအပ်နေကြောင်း သိရသည်။

“အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးတဲ့နေရာမှာ များများဖန်တီး ပေးနိုင်တာလည်း ကောင်းပါတယ်။ ဒါပေမဲ့ပြည်တွင်းနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေအတွက် ကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ် ၀န်ထမ်းတွေအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မှုဟာလည်း အရေးပါပါတယ်။ ၀န်ထမ်းတွေအတွက် ပညာရေးလို သင်တန်းကျောင်းတွေ ဖန်တီးပေးနိုင်မှုဟာ အရေးကြီးပါတယ်။ ဒါမှ ကျွမ်းကျင်လုပ်သားရှားပါးမှု ပြဿနာကိုလည်း တစ်ခါတည်း ဖြေရှင်းနိုင်မှာပါ” ဟု JobNet.com.mm မန်နေဂျင်း ဒါရိုက်တာ Mr.Matt De Luca က ပြောကြားသည်။

အဆိုပါ အချက်အလက်များသည် ၂၀၁၄ သန်းခေါင်စာရင်း စစ်တမ်းကို အခြေခံထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများအတွက် နိုင်ငံတွင်းရှိ လူငယ်များအတွက် ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ ရရှိလွယ်အောင် လုပ်ဆောင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ရန်အတွက် စီးပွားရေးစဉ်းမျဉ်းများ ပြင်ဆင်ရေးဆွဲရန် လိုအပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာနမှ၂၀၀၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်းစာရင်း အချက်အလက်များကို အခြေခံပြီး လူဦးရေ ခန့်မှန်းသုတေသန စာတမ်းအရ မြန်မာနိုင်ငံ၏ လူဦးရေသည် လာမည့် ၂၀၅၀ ပြည့်နှစ်တွင် (၆၅ ဒသမ၀) သန်းခန့် ရှိလာမည်ဟု တွက်ချက်ထားပြီး ထိုကြောင့် ၂၀၃၀ ပြည့်နှစ်အထိ အလုပ်အကိုင်ပေါင်း ၃ ဒသမ ၇ သန်း ဖော်ဆောင်ပေးရန် လိုအပ်မည်ဖြစ်သည်။

 

အလုပ်လျှောက်ထားသူများအနေဖြင့် မိမိအရည်အချင်းကို စစ်ဆေးခွင့်ရပြီး ထိပ်တန်းကုမ္ပဏီ ၃၀ ကျော်၌ အလုပ်အကိုင်များရရှိနိုင်မည့် အလုပ်အကိုင်ပြပွဲ ဖေဖော်ဝါရီတွင် ပြုလုပ်မည်

အလုပ်လျှောက်ထားသူများအနေဖြင့် မိမိအရည်အချင်းကို အခမဲ့စစ်ဆေးပေးမည့် (Competency Test) အစီအစဉ်များနှင့် ပြည်တွင်းပြည်ပရှိ ထိပ်တန်းကုမ္ပဏီပေါင်း ၃၀ ကျော်၌ အလုပ်အကိုင်များရရှိနိုင်မည့် အလုပ်အကိုင်ပြပွဲကြီးကို ပြုလုပ်မည်ဟု သိရသည်။

ယင်းအလုပ်အကိုင်ပြပွဲကြီးကို လာမည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့ အထက်ပန်းဆိုးတမ်းလမ်းရှိ Rose Garden Hote တွင် ပြုလုပ်မည်ဖြစ်ပြီး ပြည်တွင်း အလုပ်ကိုင်ရှာဖွေရေး ၀က်ဘ်ဆိုက်ဖြစ်သည့် www.work.com.mm မှ ဦဆောင်းပြုလုပ်သွားမည် ဖြစ်သည်။

“ကုမ္ပဏီလုပ်ငန်းရှင်တွေအနေနဲ့ အရည်အချင်းရှိတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို တစ်နေရာတည်းမှာ အင်တာဗျူးပြီး အလုပ်ခန့်ထားနိုင်အောင် စီစဉ်ပေးထားပါတယ်။ အလုပ်ရှာဖွေတဲ့သူတွေဘက်ကလည်း မိမိအရည်အချင်းနဲ့ ကိုက်ညီတဲ့လုပ်ငန်းတွေကို တစ်နေရာတည်းမှာပဲ လျှောက်ထားနိုင်တယ်။ လုပ်ငန်းရှင်ရော အလုပ်လျှောက်ထားသူပါ အဆင်ပြေနိုင်ပါတယ်” ဟု www.work.com.mm ၏ ပြည်သူဆက်ဆံရေးမန်နေဂျာ ကိုဂျိုးဇက်က ပြောကြားသည်။

အလုပ်လျှောက်ထားသူများအနေဖြင့် အရည်အချင်းစစ်ဆေးမှုအစီအစဉ် (Competency Test) တွင် သင်္ချာနှင့် ကိန်းဂဏန်းများ တွက်ချက်နိုင်မှုစွမ်းရည်၊ အင်္ဂလိပ်စာစွမ်းရည်နှင့် ဝေဖန်ပိုင်းခြားဆင်ခြင်းသုံးသပ်နိုင်သော စွမ်းရည်တို့ကို အခမဲ့ဝင်ရောက်ဖြေဆို စစ်ဆေးရမည်ဖြစ်ပြီး ယင်းဖြေဆိုခြင်းကို အွန်လိုင်းမှတစ်ဆင့် ကြိုတင်ဝင်ရောက်ဖြေဆိုထားရမည် ဖြစ်သည်။ ကြိုတင်ဝင်ရောက် ဖြေလိုသူများအနေဖြင့် www.work.com.mm ၏ Facebook စာမျက်နှာတွင် ၀င်ရောက်ဖြေဆိုနိုင်မည် ဖြစ်သည်။

ကျွမ်းကျင်မှုရှိသော လုပ်သားအင်အားစုကို လေ့ကျင့်ပျိုးထောင်ပြီး သင့်လျော်သည့်လုပ်ငန်းခွင်တွင် အလုပ်အကိုင်ရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းများ၏ လုပ်သားလိုအပ်ချက်အား ဖြည့်ဆည်းဆောင်ရွက်ရမည်ဟုဆို

နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုရှိသော လုပ်သားအင်အားစုကို လေ့ကျင့်ပျိုးထောင်ပြီး သင့်လျော်သည့်လုပ်ငန်းခွင်နေရာတွင် အလုပ်အကိုင်ရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းများ၏ လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အလုပ်အကိုင်ဖန်တီး ပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အလုပ်လုပ်နိုင်သည့် အရွယ်ရောက်သူ နိုင်ငံသားများအားလုံးအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရေး၊ လုပ်သားများ၏ ကျွမ်းကျင်မှုတိုးတက်မြင့်မားရေးနှင့် သင့်လျော်သည့် လုပ်ငန်းခွင်၌ နေရာချထားနိုင်ရေးတို့ကို သက်ဆိုင်သည့်အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများက ယခုဖွဲ့စည်းထားပြီးဖြစ်သည့် Job Creation Sector Cordination ၏ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုနှင့်အတူ လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံခြားဈေးကွက်ရရှိသည့် အရည်အသွေး ကောင်းမွန်သော ကုန်စည်များ၊ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်ထားသည့်ကုန်စည်များ ဈေးကွက်ရရှိရေးတို့အတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

အခြားတစ်ဖက်တွင်လည်း အလုပ်အကိုင် အခွင့်အလမ်းမြင့်မားသော စီမံကိန်းလုပ်ငန်းများ၊ ဖွံ့ဖြိုးမှုအကူအညီနယ်ပယ်များကို လေ့လာသုံးသပ်ပြီး ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit) နှင့် ဆက်စပ် အဖွဲ့အစည်းများသို့ ယခုဖွဲ့စည်းထားသည့် အဖွဲ့မှ တင်ပြဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ “လုပ်သားအင်အားစုတွင် ပါဝင်သူများအားလုံး ၂၀၃၀ ပြည့်နှစ်၌ သင့်လျော်သည့်အလုပ်အကိုင် ရရှိစေရန်” ဟူသော  ရည်မှန်းချက်ကို ချမှတ်လျက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။