ဘဏ္ဍာရေးဟူသည် . . .

ဘဏ္ဍာရေးဟူသည် စီးပွားရေး၏ လက်တက်တစ်ခုဟု ဆိုနိုင်သည်။ ဘဏ္ဍာရေးစနစ်များကို ဖွဲ့စည်းထားသော ငွေကြေး၊ ဘဏ်လုပ်ငန်း၊ ဘဏ်စာရင်းရှိငွေ၊ ရင်းနှီးမြှုပ်နှံမှု၊ ပိုင်ဆိုင်မှုနှင့် ပေးဆပ်ရန်ရှိငွေ အစရှိသည်တို့နှင့် ပတ်သက်၍ စီမံခန့်ခွဲခြင်း၊ ဖန်တီးခြင်းနှင့် လေ့လာခြင်းတို့သည် ဘဏ္ဍာရေးလုပ်ငန်းများ ဖြစ်ကြသည်။ ၎င်းအပြင် ဘဏ္ဍာရေးဆိုင်ရာ တိုင်းတာသည့် အရာများအား လေ့လာခြင်းသည်လည်း ဘဏ္ဍာရေးပင် ဖြစ်သည်။ ဘဏ္ဍာရေးကို ပြည်သူ့ဘဏ္ဍာရေး၊ ကော်ပိုရေးရှင်းဘဏ္ဍာရေးနှင့် ပုဂ္ဂလိကဆိုင်ရာ ဘဏ္ဍာရေးဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။ ဘဏ္ဍာရေးသည် အထူးသဖြင့် ဈေးနှုန်းများ၊ အတိုးနှုန်းများ၊ ငွေကြေးစီးဆင်းမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ ဈေးကွက်များအား လေ့လာခြင်းအပေါ်၌ အဓိကထားသည်။ ပို၍ကျယ်ပြန့်စွာ တွေးကြည့်လျှင် ဘဏ္ဍာရေးသည် ငွေကြေး၏ အချိန်တန်ဖိုး၊ အမြတ်အစွန်းနှုန်း၊ အရင်းအနှီးကုန်ကျမှု၊ အကောင်းဆုံးဘဏ္ဍာရေး အဆောက်အအုံများနှင့် အန္တရာယ်ဖြစ်နိုင်ခြေများကို ရေတွက်ခြင်းတို့ ပါဝင်သော ကိစ္စရပ်များဆီသို့ ဦးတည်သွားသည်။

ကော်ပိုရေးရှင်းဘဏ္ဍာရေး အဖြစ်ကြည့်လျှင် ပိုင်ဆိုင်မှုများ၊ အကြွေးဆပ်ရန်ကိစ္စများ၊ အမြတ်ငွေများနှင့် အကြွေးများကို လုပ်ငန်းတစ်ရပ်အတွက် စီမံခန့်ခွဲမှုများ ပါဝင်သည်။ လုပ်ငန်းများအနေဖြင့် ဘဏ္ဍာငွေထူထောင်ခြင်းကို ရှယ်ယာရင်းနှီးမြှုပ်နှံမှုများမှသည် အကြွေးစနစ်များကို စီမံခြင်းအထိ အတိုင်းအတာ ကျယ်ပြောလှသော နည်းလမ်းအမျိုးမျိုးမှတစ်ဆင့် ရရှိနိုင်သည်။ ကုမ္ပဏီတစ်ခုအနေဖြင့် ဘဏ်တစ်ခုမှ ငွေချေးနိုင်သကဲ့သို့ ဘဏ်စာရင်းများကို စီမံခြင်းကိုလည်း ပြုလုပ်နိုင်သည်။ အကြွေးယူခြင်းနှင့် အကြွေးများကို စီမံခြင်းတို့အား စနစ်တကျ ပြုလုပ်နိုင်ခြင်းသည် ကုမ္ပဏီတစ်ခုအား ကြီးထွားအောင် ချဲ့ထွင်ရာ၌လည်းကောင်း၊ အကျိုးအမြတ် ပိုမိုရရှိအောင် ပြုလုပ်ရာ၌လည်းကောင်း အထောက်အကူပြုနိုင်သည်။ ပုဂ္ဂလိကဘဏ္ဍာရေးကိုကြည့်လျှင် လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အိမ်ထောင်စုတစ်စု၏ ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များအားလုံးနှင့် လုပ်ဆောင်ချက်များ အားလုံးပါဝင်သည်။ ယင်းတို့မှာ ဘတ်ဂျက်ချမှတ်ခြင်း၊ အာမခံထားရှိခြင်း၊ ပေါင်နှံမှုများကို စီမံခြင်း၊ ငွေစုခြင်းနှင့် အငြိမ်းစားယူရန် အစီအစဉ်ချခြင်းတို့ ဖြစ်ကြသည်။ ပြည်သူ့ဘဏ္ဍာရေး၌ အခွန်စနစ်များ၊ အစိုးရအသုံးစရိတ်များ၊ ဘတ်ဂျက်လုပ်ငန်းစဉ်များ၊ မူဝါဒနှင့် တိုင်းတာမှုဆိုင်ရာ တည်ငြိမ်ရေးများ၊ အြေ0ွကးကိစ္စများနှင့် အခြားအစိုးရကိစ္စများ ပါဝင်သည်။

ဘဏ္ဍာရေးဘွဲ့ဒီဂရီတစ်ခုသည် ငွေကြေးလောကရှိ သုံးသပ်သူများ၊ ဘဏ်လုပ်ငန်း လုပ်ကိုင်သူများနှင့် ငွေကြေးဆိုင်ရာ မန်နေဂျာများအတွက် အခြေခံပညာတစ်ရပ် ဖြစ်သည်။  ထို့အတူ စီးပွားရေးဘဏ်များ၊ အာမခံကုမ္ပဏီများနှင့် အခြားဘဏ္ဍာရေးဝန်ဆောင်မှု ထောက်ပံ့ရေးလုပ်ငန်းများ၌ လုပ်ကိုင်သူများအနေဖြင့် တက္ကသိုလ်ကောလိပ်တို့မှ ဘဏ္ဍာရေးဆိုင်ရာ ပညာဖြင့် ဘွဲ့ရရှိရန် လိုအပ်သည်။ ဘဏ္ဍာရေးလုပ်ငန်းလောကအပြင် ကုမ္ပဏီများနှင့် ကော်ပိုရေးရှင်းများ၌ အကြီးတန်းစီမံခန့်ခွဲမှု လုပ်ကိုင်မည့် လမ်းကြောင်းသွားမည့် သူများလည်း ဘဏ္ဍာရေးဆိုင်ရာ ဘွဲ့ရရှိရန် လိုအပ်သည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့်  ဘဏ္ဍာရေးဆိုင်ရာ အငြင်းပွားမှုများ မဖြစ်အောင် ရှောင်ရှားနိုင်ရေးနှင့် ခိုင်မာသော အထောက်အထားများရှိရေးက လွန်စွာအရေးကြီးသည်။ ကုမ္ပဏီများ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စွန့်စားရမည့် အန္တရာယ်များနှင့် ပြန်လည်ရရှိနိုင်မည့် အကျိုးအမြတ်များအား အကဲဖြတ်တွက်ချက်နိုင်ရေးအတွက် ဘဏ္ဍာရေးပညာက အဓိကကျသည်။ ဘဏ္ဍာရေးဆိုင်ရာ ပရော်ဖက်ရှင်နယ်များကို အစိုးရအဖွဲ့များ၊ ကော်ပိုရေးရှင်းများနှင့် ဘဏ္ဍာရေးဈေးကွက်များတွင် ခန့်ထားကြရသည်။

ထို့ကြောင့် ဘဏ္ဍာရေးပညာဟူသည် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်တို့၌ အလွန်အရေးကြီးသော အခန်းကဏ္ဍမှနေ၍ ပါဝင်နေဦးမည်သာဖြစ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင်လ ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

ရိုးသားသော အစိုးရနှင့် နိုင်ငံသားတို့၏ အသံ

လာဘ်ယူခြင်း၊ တရားမ၀င် ငွေရှာခြင်းနှင့် အဂတိလိုက်စားမှု အခြားပုံစံများ အားလုံးသည် ရွေးကောက်တင်မြှောက်ခံ အရာရှိများနှင့် ဥပဒေထိန်းသိမ်းရေး အဖွဲ့အစည်းများ၌ ပါဝင်သူများ အနေဖြင့် ဘ၀၌မှားယွင်းကာ တစ်ကိုယ်ကောင်းဆန်သော စေ့ဆော်ချက်များဖြင့် လုပ်ကိုင်နေကြောင်း သက်သေ အထောက်အထားများ ဖြစ်သည်။ ပြည်သူများအနေဖြင့် ၎င်းတို့၏ မကောင်းသော သဘောထားကို မြင်သွားနိုင်သောကြောင့် ၎င်းတို့၏ အာဏာကို လက်လွတ်ဆုံးရှုံးရမည်သာ ဖြစ်သည်။ သို့သော် ယင်းကဲ့သို့သော လူများ စစ်ဆေးအရေးယူမှု မခံရခြင်းသည် ရွေးကောက်တင်မြှောက်ခံ အရာရှိများနှင့် တရားဥပဒေ စိုးမိုးရေးအပေါ် ပြည်သူတို့၏ သဘောထားအား အကြီးအကျယ် သက်ရောက်သည်။ မိမိတို့၏ နိုင်ငံအား စီမံရန် မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးအား ရွေးကောက်တင်မြှောက်မည်နည်း ဟူသည့် ပြည်သူတို့၏ ဆန္ဒသည်လည်း ယင်းအချက်အပေါ်၌ များစွာမူတည်နေသည်။ ပြည်သူတို့သည် ကောင်းသော အစိုးရကိုသာမက ရိုးသားသော အစိုးရကိုပါ လိုလားကြသည်။ နိုင်ငံသားတိုင်းသည် ရွေးကောက်တင်မြှောက်ခံ ပုဂ္ဂိုလ်များအား ဝေဖန်ရုံမျှမက ရွေးချယ်ခွင့် ပါရှိသောကြောင့် ကောင်းသော၊ ရိုးသားသော အစိုးရတစ်ရပ် ဖြစ်လာရေးသည် ပြည်သူများ အားလုံးအပေါ်၌ တာဝန်ရှိနေသည်။

ရွေးကောက်တင်မြှောက်ခံ ပုဂ္ဂိုလ်များသာမက ၎င်းတို့အား ရွေးကောက်တင်မြှောက်သည့် နိုင်ငံသားများ အနေဖြင့် ၎င်းတို့၏ စေ့ဆော်မှုများကို ကောင်းမြတ်အောင် ပြုလုပ်နိုင်ပါက အစိုးရ တစ်ရပ်သည်လည်း ပို၍သမာသမတ်ကျစွာ ဆောင်ရွက်နိုင်ပြီး သင့်တော်ကာ တရားမျှတမှုရှိသော ဥပဒေများကို ပြဋ္ဌာန်းအကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။ ရွေးကောက်တင်မြှောက်ခံ ပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုယ်ကိုယ် ဗဟိုပြုသည့် အဖြေရှာမှုမျိုးကို အာရုံပြုနေခြင်းထက် အခင်းအကျင်း တစ်ရပ်လုံးကို လွှမ်းခြုံရှုမြင်နိုင်မှသာ လူများအားလုံးအတွက် အကျိုးရှိစေမည့် သင့်တော်ကာ တရားမျှတသည့် ဆုံးဖြတ်ချက်များကို ရှာဖွေချမှတ် နိုင်မည်ဖြစ်သည်။ အမှန်တကယ်၌ စိတ်ပိုင်းဆိုင်ရာအရ ချဉ်းကပ်မှုသည် အမှားအမျိုးအစား အားလုံးကို ချေဖျက်နိုင်ရန် အထောက်အကူပြုသည်။ လူတစ်ဦး၏ မှန်ကန်သည့် စိတ်စေတနာသည်သာ တရားမျှတမှု အလင်းကို ဆောင်ကြဉ်း ပေးနိုင်သောကြောင့်ဖြစ်သည်။ သုစရိုက်များ အားကောင်းကာ ဒုစရိုက်များ အားနည်းပျက်သုဉ်း သွားမှသာလျှင် ကောင်းမွန်သော၊ ရိုးသားသော အုပ်ချုပ်ရေးကို ရရှိမည်ဖြစ်သည်။

အစိုးရအဖွဲ့၏ သမာဓိ၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့သည် ဒီမိုကရေစီစနစ် တစ်ရပ်အတွက် မရှိမဖြစ် လိုအပ်သည်။ ပွင့်လင်းမြင်သာမှု နည်းပါးခြင်းသည် အစိုးရအဖွဲ့ တစ်ရပ်၏ ဆုံးဖြတ်ချက်များအပေါ် လူထုက အယုံအကြည် မဲ့လာနိုင်ပြီး ကျင့်ဝတ်နှင့် မညီသော အဂတိလိုက်စားသော ဆောင်ရွက်ချက်များဆီသို့ ဦးတည်သွားစေနိုင်သည်။ အစိုးရတစ်ရပ်သည် ၎င်း၏ မျှော်မှန်းချက်များ၊ ဆုံးဖြတ်ချက်များနှင့် အကောင်အထည် ဖော်မှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိပါက ပြည်သူလူထု အနေဖြင့်လည်း မိမိယုံကြည်သည့် အစိုးရအပေါ် တာဝန်ခံမှု ရှိမည်ဖြစ်သည်။ အမေရိကန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် ဘာရက်အိုဘားမားက “သမိုင်းတစ်လျှောက် သူတို့ရဲ့အသံတွေကို ထုတ်ဖော်ရဲတဲ့ နိုင်ငံသားတွေကသာ အမြဲတမ်း တိုးတက်မှုကို မောင်းနှင်ခဲ့တယ်” ဟု ဆိုခဲ့ဖူးသည်။

ထို့ကြောင့် ကောင်းသော၊ ရိုးသားသော အစိုးရတစ်ရပ်ကို ရရှိရန်အတွက် နိုင်ငံသားများ အနေဖြင့်လည်း မိမိတို့၏ အသံများကို ထုတ်ဖော်ရဲသည့် သတ္တိများရှိရန် လိုအပ်မည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်လ ၂၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

စိတ်ကို ရှင်းလင်းအောင်ပြုလုပ်ခြင်း

တစ်ခါတစ်ရံတွင် မေးခွန်းများ၊ စိတ်ကူးများနှင့် အစီအစဉ်များသည် အစီအစဉ်တကျ မဟုတ်ဘဲ သို့မဟုတ် ရည်ရွယ်မထားဘဲ မိမိတို့၏ အတွေးများအတွင်းသို့ ရောက်ရှိလာနိုင်သည်။ ယင်းအတွေးများသည် ကောင်းမွန်သောအတွေး သို့မဟုတ် ထုတ်လုပ်မှုကြွယ်ဝသော အတွေးများ ဖြစ်နိုင်သည်။ သို့သော် ၎င်းတို့အပေါ် အာရုံပြုရန် ကြိုးပမ်းသည့်အခါ စိတ်အနှောင့်အယှက် ဖြစ်ရခြင်း သို့မဟုတ် စိုးရိမ်ပူပန်ရခြင်းတို့ ဖြစ်နိုင်သည်။ စိတ်ကို ရှင်းလင်းအောင် ပြုလုပ်ပုံကို သိရှိခြင်းသည် စိုးရိမ်လွန်ရောဂါ၊ စိတ်ကျရောဂါနှင့် အိပ်ပျော်ရန် အခက်အခဲရှိခြင်းတို့ကို ကာကွယ်ရာ၌ အထောက်အကူပြုသည်။

မိမိအနေဖြင့် တွေးတောနေသည့် အကြောင်းများကို ရေးချခြင်း၊ ရုပ်ပုံရေးဆွဲခြင်း သို့မဟုတ် သူငယ်ချင်း တစ်ဦးအား ပြောပြခြင်းတို့မှတစ်ဆင့် ဖွင့်ထုတ်လိုက်ခြင်းအားဖြင့် စိတ်ကိုအလျင်အမြန် ရှင်းလင်းအောင် ပြုလုပ်နိုင်သည်။ မိမိ၏စိတ်ကို ဖြတ်သန်းလျက် ဖြစ်ပေါ်လာနိုင်သည့် အရာများအဖြစ် ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် သို့မဟုတ် မြင်သာအောင် မိမိ၏ အတွေးများအကြောင်း အလုံးစုံ ဖော်ပြလိုက်ခြင်းဖြစ်သည်။ မိမိ၏ အတွေးများကို ဖော်ထုတ်လိုက်ပြီးသည်နှင့် ယင်းတို့ကို လုပ်ဆောင်ချက်များဖြင့် အကောင်အထည် ဖော်ရမည်လား သို့မဟုတ် အရေးမကြီးသော အတွေးများအဖြစ် စွန့်ပစ်လိုက်ရမည်လား ဟူသည်ကို တွက်ဆနိုင်သည်။

အတွေးများကို ရေးသားကာ ဖွင့်ထုတ်ခြင်း – မိမိ၏ စိတ်ထဲ၌ အတွေးများဖြင့် ရှုပ်ထွေးနေပါက တွေးမိသည်များကို ရေးချပါ။ လွတ်လပ်သော ပုံစံဖြင့် ရေးသားလျက် စတင်ပါ။ မည်သို့ခံစားရသနည်း၊ အဘယ့်အကြောင့် ခံစားရသနည်း၊ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်လိုသနည်း အစရှိသည်တို့ကို မှတ်တမ်းတင်ပါ။ ယင်း အချက်အလက်များကို မှတ်တမ်းတင်ပြီးနောက် တုံ့ပြန်ရန် ခိုင်မာသော တစ်စုံတစ်ရာ ရလာမည်ဖြစ်သည်။ ယင်းက မိမိအနေဖြင့် မည်သည့်အရာကိုမျှ မလုပ်ခဲ့သည့်တိုင် တစ်စုံတစ်ရာကို ပြီးစီးအောင် လုပ်လိုက်နိုင်သည်ဟူသော ခံစားမှုမျိုး ရရှိစေရန် အထောက်အကူပြုသည်။  ယင်းသည် မိမိ၏အတွေးများကို ရှင်းလင်းပစ်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်။ စာရွက်ပေါ်တွင် မိမိ၏ ဒုက္ခအခက်အခဲ အားလုံးကို ရေးချလျက် ယင်းတို့က မိမိအား အဘယ့်ကြောင့် အနှောင့်အယှက် ဖြစ်စေပုံကို ဆွေးနွေးမှုပြုလုပ်ပါ။ ယင်းနောက် ယင်းတို့ကို ကျေညက်အောင်ပြုလုပ်လျက် ဖယ်ရှားပစ်လိုက်ပါ။ အတွေးများကို ရေးချကာ စိတ်ကို ရှင်းလင်းအောင် ပြုလုပ်သူသည် ယင်းတို့ကြောင့် စိုးရိမ်သောက ဖြစ်နိုင်ခြေ နည်းပါးကြောင်း သုတေသနများက တွေ့ရှိခဲ့သည်။

အတွေးများကို ရုပ်ပုံရေးဆွဲကာ ဖွင့်ထုတ်ခြင်း – မိမိအနေဖြင့် ဗင်းဆင့်ဗင်ဂိုး ဖြစ်စရာမလို သကဲ့သို့  အနုပညာတစ်ရပ် ဖန်တီးတတ်ရန်လည်း မလိုပါ။ လိုအပ်သမျှမှာ မီဒီယံတစ်ခု သို့မဟုတ် စက္ကူတစ်ရွက်သာဖြစ်သည်။ ရောင်စုံခဲတံများဖြင့် သက်တံရေးဆွဲသည်ဖြစ်စေ၊ ဆီဆေးများဖြင့် စမ်းသပ်ရေးဆွဲသည်ဖြစ်စေ၊ မီးသွေးခဲဖြင့် အရိပ်များ ရေးခြစ်သည်ဖြစ်စေ မိမိ၏ စိုးရိမ်သောကများ ပြေလျော့သွားရန်သာ လိုသည်။ တစ်စုံတစ်ရာ ရေးဆွဲခြင်းမှနေ၍ စိတ်ကို ရှင်းလင်းအောင် ပြုလုပ်ခြင်းသည် မယုံကြည်နိုင်လောက်အောင် ထိရောက်အားကောင်းကြောင်း တွေ့ရှိရမည်ဖြစ်သည်။

သူငယ်ချင်းတစ်ဦးနှင့် ဆွေးနွေးခြင်း – အတွေးများနှင့် စိတ်ခံစားချက်များကို သိမ်းဆည်းထားတတ်ခြင်းသည် ဆိုးရွားသောအရာ မဟုတ်ပါ။ သို့သော် သေးငယ်သော အရာတစ်ခုသည် ညတွင်းချင်း ကြီးထွားလာကာ မိမိအား နှိပ်စက်တတ်သည်။ အချစ်နှင့် ပတ်သက်သော သောက၊ ကျန်းမာရေးနှင့် ပတ်သက်၍ စိတ်ဖိစီးမှု၊ အလုပ်နှင့် ပတ်သက်သော သံသယ အစရှိသည်တို့နှင့် ပတ်သက်၍ ပူပန်နေမှုများကို စိတ်ထဲမှ ရှင်းလင်းလိုပါက တစ်စုံတစ်ဦးနှင့် စကားပြောဆိုကြည့်ရန်လိုသည်။ မိမိ၏ သူငယ်ချင်းများ၊ မိမိ၏ မိသားစုဝင်များနှင့် ဦးစွာပြောဆိုပါ။ ၎င်းတို့သည် မိမိအား ချစ်ခင်ပြီး မိမိအပေါ် နားလည်ပေးနိုင်တတ်ကြသည်။ အပေါ်ယံပြောဆိုမှုများကို ကျော်လွန်လျက် ရင်းနှီးမှုရှိစေသော သို့မဟုတ် အတွေးပွားစေနိုင်သော တစ်စုံတစ်ရာကို မျှဝေကာ တစ်စုံတစ်ဦးနှင့် အလေးအနက် ပြောဆိုဆွေးနွေးခြင်းသည် လူတို့ကို ပိုမိုပျော်ရွှင်စေနိုင်ကြောင်း သုတေသနများက တွေ့ရှိခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ နှစ်သစ်၌ စိတ်ကို ရှင်းလင်းအောင် ပြုလုပ်လျက် ပို၍ ပျော်ရွှင်နိုင်ပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဧပြီ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

နွေရာသီနှင့် အပူလျှပ်ခြင်းအန္တရာယ်

မတ်လနွေ၏ ပူပြင်းလှသော နေရောင်အောက်၌ ကတ္တရာတို့ပင် အရည်ပျော်ကျနေကြသည်။ ၀မ်းရေးအတွက် ရုန်းကန်နေကြရသော ပြည်သူအများစု၏ ဘ၀တို့သည်ကား နွေအပူကို ဂရုမပြုနိုင်အား။ သို့သော် ၀မ်းရေးအတွက် ရင်အပူပေါ် ထပ်ဆင့်မည့် အပူလျှပ်ခြင်း အန္တရာယ်ကိုမူ မဖြစ်မနေ သတိပြုသင့်သည်သာ။

အပူလျှပ်ခြင်း (Heat Stroke) ဟူသည် အပူဒဏ်ကြောင့် ထိခိုက်မှု၏ အမြင့်ဆုံးပုံစံဖြစ်ပြီး ဆေးကုသမှုဆိုင်ရာ အရေးပေါ် အခြေအနေတစ်ရပ် ဖြစ်သည်။ ရာသီဥတု ပူပြင်းခြင်းကြောင့် အသက်လေးနှစ်အောက် ကလေးများနှင့် အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများမှာ အပူဒဏ်ကြောင့် မေ့လဲခြင်း၊ အပူကြောင့် ခြေလက်ရောင်ရမ်းခြင်း၊ အပူကြောင့် ကြွက်တက်ခြင်း၊ အပူကြောင့် အားအင်ကုန်ခန်း ချည့်နဲ့ခြင်းနှင့် အပူကြောင့် ချွေးမထွက်ဘဲ သတိလစ်မေ့မြောခြင်း စသည်တို့ ဖြစ်ပွားနိုင်သည်။

ဆေးပညာအရ အပူလျှပ်ခြင်း အဓိပ္ပာယ် သတ်မှတ်ချက်မှာ မြင့်မားသော အပူချိန်ကို ထိတွေ့ပြီးနောက် ခန္ဓာကိုယ်အပူချိန် ၁၀၅ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်) ကို ကျော်လွန်ပြီး ဗဟိုအာရုံကြော အဖွဲ့ပါဝင်သည့် လက္ခဏာရပ်များနှင့် ယှဉ်တွဲဖြစ်ပေါ်ခြင်းဖြစ်သည်။ ထင်ရှားသည့် လက္ခဏာရပ်များမှာ ပျို့အန်ခြင်း၊ တက်ချက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ နေရာကိုခွဲခြင်း မသိတော့ခြင်းနှင့် တစ်ခါတစ်ရံ သတိလစ်မေ့မြောခြင်းတို့ ဖြစ်သည်။

အခြားလက္ခဏာရပ်များမှာ ခေါင်းထိုးကိုက်ခြင်း၊ မူးဝေပြီး အလင်းရောင်ကြောင့် ခေါင်းကိုက်ခြင်း၊ ပူပြင်းသော်လည်း ချွေးမထွက်ခြင်း၊ အရေပြားနီကာ ပူလောင်ခြောက်သွေ့ခြင်း၊ ကြွက်သားချည့်နဲ့လာခြင်း သို့မဟုတ် ကြွက်တက်ခြင်း၊ နှလုံးခုန်မြန်လာခြင်းနှင့် အသက်ရှူ မြန်လာခြင်းတို့ ဖြစ်သည်။

တစ်စုံတစ်ဦးသည် အပူလျှပ်ခြင်း ဖြစ်ပေါ်သည်ဟု ယူဆပါက အရေးပေါ် ဖုန်းနံပါတ်သို့ ဆက်သွယ်ရန် သို့မဟုတ် နီးရာဆေးရုံသို့ အမြန်ဆုံး ပို့ရန်လိုအပ်သည်။ ဆေးကုသမှု အကူအညီရယူရန် နှောင့်နှေးကြန့်ကြာနေပါက လူနာသေဆုံး သွားနိုင်သည်။ ဆေးဝါးအကူအညီ ရရှိရန် စောင့်ဆိုင်းနေစဉ် ရှေးဦးသူနာပြုစုနည်းကို စတင်လုပ်ဆောင်ရမည်။ လူနာကို လေအေးပေးစက်ရှိသော နေရာသို့ ရွှေ့ရမည်။ အနည်းဆုံး အေးမြ၍ အရိပ်ရသောနေရာ ဖြစ်ရမည်။ မလိုအပ်သော အ၀တ်များအားလုံးကို ချွတ်ပစ်ရမည်။ ဖြစ်နိုင်ပါက ခန္ဓာကိုယ် အပူချိန်ကို ၁၀၁ သို့မဟုတ် ၁၀၂ ဒီဂရီ ဖာရင်ဟိုက်သို့ လျှော့ချနိုင်အောင် ကြိုးပမ်းရမည်။ မျက်နှာသုတ်ပ၀ါ ရေစွတ်လျက် လူနာ၏ အရေပြားကို စိုစွတ်အောင် ပြုလုပ်ထားစဉ်အတွင်း အပေါ်မှ ပန်ကာဖွင့်ပေးခြင်း သို့မဟုတ် ယပ်ခတ်ပေးခြင်းတို့ ပြုလုပ်ရမည်။ လူနာ၏ ချိုင်းကြား၊ ပေါင်ကြား၊ လည်ပင်းနှင့် ကျောတို့ကို ရေခဲအိတ်ကပ်ပေးရမည်။ ယင်းနေရာတို့၌ အရေပြားနှင့် နီးကပ်သော သွေးကြောများ များပြားသောကြောင့် ယင်းနေရာတို့ကို အအေးခံခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ကျဆင်းစေနိုင်သည်။ လူနာကို ရေအေးဖြင့်လောင်းပေးခြင်း သို့မဟုတ် ရေအေးကန်ထဲစိမ်ခြင်း ပြုလုပ်ပေးရမည်။ လူနာကို ဆေးရုံမပို့ နိုင်သေးပါက ဆေးရုံ၏ အရေးပေါ်ဌာနသို့ ဖုန်းဆက်ကာ အကြံဉာဏ် တောင်းခံသင့်သည်။

ယခုအခါ နွေရာသီ ကျရောက်လာပြီ ဖြစ်သဖြင့် နေ့အပူချိန် မြင့်တက်နေပြီး အပူလျှပ်၍ သတိလစ်ခြင်း ဖြစ်ပေါ်ကာ အသက်အန္တရာယ် ဖြစ်ပေါ်စေနိုင်သောကြောင့် အပူလျှပ်ခြင်းအန္တရာယ် ဖြစ်နိုင်ခြေကို သတိပြုကြပါရန် The Daily Eleven သတင်းစာက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

မတ်လ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

အကြမ်းဖက်မှုတန်ပြန်ရေး

အကြမ်းဖက်မှုကို နှိမ်နင်းရန် သို့မဟုတ် ကာကွယ်ရန် အစိုးရ၊ စစ်တပ်၊ ဥပဒေထိန်းသိမ်းရေးအဖွဲ့များ၊ လုပ်ငန်းများနှင့် ထောက်လှမ်းရေး အေဂျင်စီများက အသုံးပြုသည့် ကျင့်သုံးမှု၊ စစ်ဘက်ဆိုင်ရာနည်းဗျူဟာ၊ မဟာဗျူဟာနှင့် နည်းစနစ်များကို ပေါင်းခြုံလျက် အကြမ်းဖက်မှု တန်ပြန်ရေးဟု ခေါ်ဆိုသည်။ အကြမ်းဖက်မှု တန်ပြန်ရေး မဟာဗျူဟာများတွင် အကြမ်းဖက်မှုကို ဘဏ္ဍာရေး ထောက်ပံ့မှုအား တန်ပြန်နှိမ်နင်းရန် ကြိုးပမ်းမှုလည်း ပါဝင်သည်။ အကြမ်းဖက်မှုသည် ပိုမိုကျယ်ပြန့်သော သူပုန်ထမှုတစ်ရပ်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ခဲ့ပါက အကြမ်းဖက်မှု တန်ပြန်ရေးသည် သူပုန်ထမှု တန်ပြန်ရေး နည်းလမ်းများကို ကျင့်သုံးရနိုင်သည်။ အမေရိကန်ပြည်ထောင်စု လက်နက်ကိုင် တပ်ဖွဲ့များသည် သူပုန်ထမှု၊ ဥပဒေမဲ့မှုများ သို့မဟုတ် အဖျက်အမှောင့် လုပ်ဆောင်မှုများကို နှိမ်နင်းရန် သို့မဟုတ် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေရပ်များကို လျှော့ချရန် ကြိုးပမ်းမှုများ၌ အခြားနိုင်ငံများကို ထောက်ပံ့ရန် အစီအစဉ်များအတွက် နိုင်ငံရပ်ခြား ပြည်တွင်းကာကွယ်ရေးဟူသည့် စကားရပ်ကို အသုံးပြုသည်။

အကြမ်းဖက်မှုတန်ပြန်ရေး မဟာဗျူဟာအများစု၌ ရဲတပ်ဖွဲ့နှင့် ပြည်တွင်းထောက်လှမ်းရေး၏ အဆင့်အတန်းကို မြှင့်တင်ခြင်းတစ်ရပ် ပါဝင်သည်။ အဓိကကျသော လုပ်ရိုးလုပ်စဉ်များမှာ အဆက်အသွယ်များကို ကြားဖြတ်ရယူခြင်းနှင့် လူများကို ခြေရာခံလိုက်ခြင်းတို့ ပါဝင်သည်။ သို့သော် နည်းပညာအသစ်က စစ်ဘက်ဆိုင်ရာနှင့် ဥပဒေထိန်းသိမ်းမှုဆိုင်ရာ စစ်ဆင်ရေးများ၏ အတိုင်းအတာကို ချဲ့ထွင်ပေးနိုင်ခဲ့သည်။ ပြည်တွင်းထောက်လှမ်းရေးသည် နိုင်ငံရေးအရ အငြင်းပွားဖွယ်ရာ ရင်းမြစ်တစ်ရပ်ဖြစ်သော ၎င်းတို့၏ မူလဒေသ သို့မဟုတ် ဘာသာရေးကို အခြေခံလျက် အထူးအုပ်စုများ ခွဲခြားကာ ထောက်လှမ်းရန် ညွှန်ကြားခံရတတ်သည်။ လူအုပ်စု တစ်ရပ်လုံးအား အစုလိုက် အပြုံလိုက်အဖြစ် သိမ်းကျုံးကာ စောင့်ကြည့် ထောက်လှမ်းမှုအား အရပ်ဘက်ဆိုင်ရာ လွတ်လပ်ခွင့် ရှုထောင့်မှနေ၍ ကန့်ကွက်မှုများ ပေါ်ထွက်လာခဲ့သည်။ ပြည်တွင်းဖြစ် အကြမ်းဖက်သမားများ (အထူးသဖြင့် တစ်ကိုယ်တော် တိုက်ခိုက်ရေးသမားများ) သည် စုံစမ်းထောက်လှမ်းရန် ပိုမိုခက်ခဲတတ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ နိုင်ငံသားဖြစ်မှု သို့မဟုတ် ဥပဒေဆိုင်ရာ အနေအထားနှင့် စောင့်ကြည့်မှုအောက်၌ နေထိုင်နိုင်စွမ်း တို့ကြောင့်ဖြစ်သည်။

သီးသန့်ဆန်သော အဖြစ်အပျက် တစ်ရပ်ထက် ပိုမိုသည့် အကြမ်းဖက်မှု ဖြစ်ပွားသည့်အခါ ထိရောက်သည့် လုပ်ဆောင်ချက်ကို ရွေးချယ်ရန် သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများသည် အကြမ်းဖက်အုပ်စုများ၏ ရင်းမြစ်၊ စေ့ဆော်မှု၊ ပြင်ဆင်ပုံနည်းလမ်းများနှင့် နည်းဗျူဟာများကို နားလည်ရန် လိုအပ်သည်။ အကြမ်းဖက်မှု တန်ပြန်ရေး၌ ထောက်လှမ်းရေး ကောင်းမွန်မှုအပြင် ဖြေရှင်းနိုင်မည့် နာကျည်းချက်များကို နိုင်ငံရေးအရနှင့် လူမှုရေးအရ နားလည်နိုင်မှုလည်း လိုအပ်သည်။ အဆက်အသွယ်များကို ကြားဖြတ်ရယူနိုင်ပါက ဘဏ္ဍာရေး ထောက်ပံ့မှု လမ်းကြောင်းကို ခြေရာခံလိုက်နိုင်ခြင်းသည်လည်း အရေးကြီးသည်။ သို့သော် ပုဂ္ဂိုလ်ရေးလုံခြုံမှုနှင့် ပတ်သက်သော ဥပဒေများနှင့် ထိန်းညှိရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ အစိုးရတစ်ရပ်သည် နိုင်ငံသားအားလုံး၏ ဘေးကင်းလုံခြုံရေးကို တာဝန်ယူ တာဝန်ခံထားရသောကြောင့် အကြမ်းဖက်မှု တန်ပြန်ရေးကို စနစ်တကျ လုပ်ဆောင်နိုင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ်လ ၁၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပွင့်လင်းမြင်သာမှု

အကြမ်းအားဖြင့် ယုံကြည်စွာ အပ်နှင်းထားသော အာဏာကို မိမိပုဂ္ဂလိက အကျိုးအတွက် အလွဲသုံးစား ပြုလုပ်ခြင်းကို အဂတိလိုက်စားမှုဟု ခေါ်သည်။ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်သူများက မူဝါဒများနှင့် အင်စတီကျူးရှင်းများကို ကိုင်တွယ်ရာ၌ လည်းကောင်း၊ ရင်းမြစ်များနှင့် ဘဏ္ဍာငွေများ ခွဲဝေချထားရာ၌ လည်းကောင်း လုပ်ငန်းစဉ် စည်းမျဉ်းများကို မလျော်မကန်ပြုခြင်းအား နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုဟု ခေါ်သည်။ မိမိ၏အာဏာ တည်မြဲရေး၊ မိမိရောက်ရှိနေသည့် အနေအထား တည်မြဲရေးနှင့် ချမ်းသာ ကြွယ်ဝရေးတို့အတွက် မိမိ၏ ရာထူးအာဏာကို အလွဲသုံးစား ပြုလုပ်ခြင်းဖြစ်သည်။

ပွင့်လင်းမြင်သာမှုဟူသည် စည်းမျဉ်းစည်းကမ်းများ၊ အစီအစဉ်များ၊ လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ချက်များတို့နှင့် ပတ်သက်၍ အများပြည်သူကို ပွင့်ပွင့်လင်းလင်း အသိပေးခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့်၊ မည်သို့မည်ပုံ၊ မည်သည့်အရာကို၊ မည်ရွေ့မည်မျှ ပြုလုပ်မည်ကို အသိပေးခြင်း ဖြစ်သည်။ အများပြည်သူနှင့်ဆိုင်သော အရာရှိများ၊ အစိုးရ၀န်ထမ်းများ၊ မန်နေဂျာများ၊ ဘုတ်အဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်များက အများမြင်သာအောင်နှင့် နားလည်အောင် လုပ်ဆောင်ခြင်းနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အစီရင်ခံ တင်ပြခြင်းတို့သည် ပွင့်လင်းမြင်သာမှုရှိခြင်း၌ ပါဝင်သည်။ အများပြည်သူ တို့အနေဖြင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို သိရှိမှသာ ၎င်းတို့ကို တာဝန်ခံနိုင်မည်ဖြစ်သည်။ ပွင့်လင်းမြင်သာမှုသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အသေချာဆုံး နည်းလမ်းဖြစ်ပြီး ပြည်သူအားလုံး၏ အနာဂတ်ဘ၀များ ရပ်တည်နေသည့် လူများနှင့် အင်စတီကျူးရှင်းများအပေါ် အများပြည်သူ ယုံကြည်မှု တိုးတက်ရေးအား အထောက်အကူပြုသည်။

အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်းအား နည်းလမ်းပေါင်းစုံဖြင့် သက်ရောက်မှုရှိသည်။ အဆိုးရွားဆုံး ကိစ္စများ၌ လူအများ၏ အသက်များပင် ဆုံးရှုံးစေနိုင်သည်။ အနည်းဆုံးအနေဖြင့် အဂတိလိုက်စားမှုများကြောင့် အများပြည်သူတို့၏ လွတ်လပ်မှု၊ ကျန်းမာရေးနှင့် ငွေကြေးတို့ ဆုံးရှုံးရသည်။ နိုင်ငံရေး မျက်နှာစာတွင် အဂတိလိုက်စားမှုသည် ဒီမိုကရေစီရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အဓိက အဟန့်အတား တစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီ စနစ်တစ်ရပ်တွင် ရုံးများနှင့် အင်စတီကျူးရှင်းများသည် မိမိတို့၏ ကိုယ်ကျိုးစီးပွား အတွက် အလွဲသုံးစားပြုသည့်အခါ ၎င်းတို့၏ တရားဝင်ဖြစ်မှုကို ဆုံးရှုံးလိုက်ရသည်။ အဂတိလိုက်စားမှုသည် အခြေကျပြီးသား ဒီမိုကရေစီနိုင်ငံများ၌ပင် အကြီးအကျယ် ထိခိုက်မှုများ ဖြစ်စေနိုင်ရာ အခြေတည်စ ဒီမိုကရေစီနိုင်ငံများ အတွက်မူ ထိခိုက်မှုမှာ ဆိုဖွယ်ရာပင် မရှိတော့ပေ။ အဂတိလိုက်စားမှုများ ရှိနေသည့် အခြေအနေ တစ်ရပ်အောက်၌ တာဝန်ခံမှုရှိသော နိုင်ငံရေး ခေါင်းဆောင်မှုတစ်ရပ် ဖွံ့ဖြိုးရန်မှာ အလွန်အမင်း ကြီးမားသည့် စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်သည်။ အဂတိလိုက်စားမှုများကြောင့် နိုင်ငံရေးစနစ်အပေါ်သို့ လည်းကောင်း၊ အင်စတီကျူးရှင်းများအပေါ်သို့ လည်းကောင်း၊ ခေါင်းဆောင်မှုအပေါ်သို့ လည်းကောင်း၊ အများပြည်သူတို့၏ ယုံကြည်မှုသည် ယုတ်လျော့ကျဆင်း၍ လာမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် နိုင်ငံရေးအပေါ် အယုံအကြည်ကင်းမဲ့ကာ စိတ်မ၀င်စားတော့ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာလည်း ပို၍ပင် ဝေး၍သွားမည်ဖြစ်သည်။

မည်သို့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေများ ပြဋ္ဌာန်းစေကာမူ နိုင်ငံရေးသမားများ၊ ရုံးများ၊ အင်စတီကျူးရှင်းများ အစရှိသည်တို့ အနေဖြင့် ပွင့်လင်းမြင်သာမှု မရှိပါက လည်းကောင်း၊ အများပြည်သူတို့ အနေဖြင့် ၎င်းတို့အပေါ် အယုံအကြည်ကင်းမဲ့ကာ စိတ်ပါဝင်စားမှုမရှိပါက လည်းကောင်း ထိရောက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဖြစ်လာနိုင်မည် မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ်လ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပိုင်ခွင့်

ဆန္ဒဖော်ထုတ်ပိုင်ခွင့်သည် အသိအမှတ်ပြုထားသော လူ့အခွင့်အရေးများစွာမှနေ၍ ပေါ်ထွက်လာသော လူ့အခွင့်အရေး တစ်ရပ်ဟု သတ်မှတ်ထားသည်။ မည်သည့် လူ့အခွင့်အရေး အင်စတီကျူးရှင်း သို့မဟုတ် မည်သည့်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကမှ လုံးဝဥဿုံ ခြွင်းချက်မရှိ ဆန္ဒဖော်ထုတ်ပိုင်ခွင့်ကို အာမခံထားခြင်း မရှိသော်လည်း ယင်းကဲ့သို့သော ဆန္ဒဖော်ထုတ်ပိုင်ခွင့်ဟူသည် လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ လွတ်လပ်စွာ အဖွဲ့အစည်း ဖွဲ့စည်းပိုင်ခွင့်နှင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုပိုင်ခွင့်တို့၏ သရုပ်သကန်ပင် ဖြစ်သည်။

နိုင်ငံတကာ သဘောတူညီချက် များစွာတွင် ယင်းအခွင့်အရေးများနှင့် ပတ်သက်၍ ရှင်းလင်းသော ဖော်ပြချက်များ ပါဝင်သည်။ ယင်းကဲ့သို့သော သဘောတူညီချက်များထဲတွင် ၁၉၅၀ လူ့အခွင့်အရေးဆိုင်ရာ ဥရောပကွန်ဗင်းရှင်း (အထူးသဖြင့် အပိုဒ် ၉ မှ ၁၁)၊ ၁၉၆၆ အရပ်ဘက်နှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် (အထူးသဖြင့် အပိုဒ် ၁၈ မှ ၂၂) တို့ပါဝင်သည်။ သို့သော် လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ လွတ်လပ်စွာ အဖွဲ့အစည်း ဖွဲ့စည်းပိုင်ခွင့်နှင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုပိုင်ခွင့်တို့နှင့် ပတ်သက်သော ယင်းသဘောတူညီချက်များနှင့် အခြားသဘောတူညီချက်များသည် တစ်စုံတစ်ရာသော အတိုင်းအတာအတွင်း ကန့်သတ်ချက်များ ရှိနေသည်။ ဥပမာအားဖြင့် အရပ်ဘက်နှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွင် စစ်ပွဲများဖြစ်အောင် ၀ါဒဖြန့် လှုံ့ဆော်ခြင်းနှင့် နိုင်ငံရေး၊ လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ အမုန်းတရားများ လှုံ့ဆော်ခြင်းတို့အား ပိတ်ပင်တားမြစ်ထားမှု ပါဝင်သည်။ နိုင်ငံတော် လုံခြုံရေး သို့မဟုတ် အများပြည်သူ ဘေးကင်းလုံခြုံမှုဆိုင်ရာ အကျိုးအလို့ငှာအတွက် လည်းကောင်း၊ အများပြည်သူဆိုင်ရာ အမိန့်အာဏာ ထိန်းသိမ်းခြင်း၊ အများပြည်သူ၏ ကျန်းမာရေး သို့မဟုတ် ကိုယ်ကျင့်တရားများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် အခြားသူများ၏ အခွင့်အရေးနှင့် လွတ်လပ်မှုများကို ကာကွယ်စောင့်ရှောက်ခြင်း အလို့ငှာ အတွက်လည်းကောင်း ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ရပ်အတွင်း လိုအပ်ပါက လွတ်လပ်စွာ စုဝေးပိုင်ခွင့်အပေါ် ကန့်သတ်မှုများကို ခွင့်ပြုသည် (အပိုဒ် ၂၀ နှင့် ၂၁)။

သို့ရာတွင် ဆန္ဒဖော်ထုတ်ခြင်းသည် အကြမ်းဖက်ခြင်းနှင့် နိုင်ငံတော်လုံခြုံရေး သို့မဟုတ် အများပြည်သူ ဘေးကင်းလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုဖြစ်ခြင်းတို့ မဖြစ်ရပေ။ ၎င်းအပြင် ဆန္ဒပြဖော်ထုတ်မှု အများစုတွင် နိုင်ငံတော် ဥပဒေများကို ချိုးဖောက်ခြင်း မပါဝင်သောကြောင့် အရပ်ဘက်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်း မပြုရပေ။ အကြမ်းမဖက်သော ဆန့်ကျင်မှု သို့မဟုတ် အရပ်ဘက်ဆိုင်ရာ ဆန့်ကျင်အာခံရေး လှုပ်ရှားမှုများ ဖြစ်သည့် ဆန္ဒဖော်ထုတ်မှုများသည်ပင်လျှင် ဒီမိုကရေစီဆိုင်ရာ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သတ်မှတ်ချက်များကို အပြုသဘောဆောင်သည့် ထောက်ခံမှုရှိသည့်  စရိုက်လက္ခဏာရှိနိုင်သည်။ ဥပမာအားဖြင့် ယင်းကဲ့သို့ ဆန့်ကျင်အာခံမှုများသည် စစ်အာဏာသိမ်းမှု တစ်ရပ်ကို တုံ့ပြန်သည့်အခါ  သို့မဟုတ် ရွေးကောက်ပွဲ၌ ရှုံးနိမ့်ပြီးနောက် အာဏာစွန့်လွှတ်ရန် နိုင်ငံခေါင်းဆောင်က ငြင်းပယ်သည့်အခါ သို့မဟုတ် ယင်းကဲ့သို့သော အလားတူ ကိစ္စရပ်များကို တုံ့ပြန်သည့်အခါ ပေါ်ထွက်လာတတ်သည်။

မည်သို့ပင်ဆိုစေကာမူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပိုင်ခွင့်သည် အခြေခံလူ့အခွင့်အရေး တစ်ရပ်သာမက ဒီမိုကရေစီ၏ စံတန်ဖိုးတစ်ရပ် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

စိုးရွံ့ထိတ်လန့်ဖွယ်ဖြစ်လာသည့် သက်ငယ်မုဒိမ်း

လတ်တလောဖြစ်ပွားမှု အများဆုံး၊ လူထုအကြားတွင် မနှစ်မြို့ဖွယ်အခြေအနေတစ်ရပ်နှင့် ဝေဖန်မှုအမြင့်ဆုံး ဖြစ်နေသည့်ကိစ္စမှာ သက်ငယ်မုဒိမ်းပြဿနာပင်ဖြစ်သည်။ သက်ငယ်မုဒိမ်းမှုများတွင် အသက်ငါးနှစ်အောက် လူမမည်အရွယ် ကလေးငယ်များပါ သားကောင်ဖြစ်လာကြရသည်အထိ မြန်မာ့လူမှု အသိုင်းအ၀ိုင်းတွင် စိုးရွံ့ထိတ်လန့်ဖွယ် ဖြစ်လာစေခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ ဥဒိန်ကျေးရွာအုပ်စု မြွေကုတို့ဆိပ်ကျေးရွာတွင် အသက် နှစ်နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရပြီးနောက် သေဆုံးခဲ့ရသည့် မှုခင်းဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့ နှစ်နှစ်ကျော်အရွယ် မိန်းကလေးငယ်အား သတ်ဖြတ်အဓမ္မပြုကျင့်ခဲ့သူ တရားခံအား သေဒဏ်ပေးရေးအပါအ၀င် သက်ငယ်မုဒိမ်းမှုနှင့် အမျိုးသမီးများအပေါ် ကျူးလွန်သော မုဒိမ်းမှု၊ လူသတ်မုဒိမ်းမှုများအပေါ် သေဒဏ်ပေးရေးအတွက် ဖေဖော်ဝါရီ ၁၈ ရက်က မတ္တရာမြို့နယ်တွင် ဒေသခံ ထောင်နှင့်ချီတောင်းဆို ဆန္ဒပြခဲ့ကြသည်။ သက်ငယ် မုဒိမ်းမှုနှင့် လူသတ်မုဒိမ်းမှုများအပေါ် ပြင်းထန်သည့်အရေးယူမှုများ ပြုလုပ်နိုင်စေရေး အတွက် ဥပဒေပြဋ္ဌာန်းနိုင်ရန် ဒေသအချို့တွင် ကမ်ပိန်းများ၊ တောင်းဆိုဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ယင်းသို့သော မှုခင်းကျူးလွန်သူများကို သေဒဏ်ပေးရေးအတွက် အဖွဲ့အစည်းအချို့က ဦးဆောင်ကာ ဆန္ဒပြုလက်မှတ်များ ကောက်ခံပြီး ဥပဒေပြုရေးမဏ္ဍိုင် ဖြစ်သည့် လွှတ်တော်သို့ တင်ပြရန် လုပ်ဆောင်နေကြကြောင်းလည်း သိရသည်။

တစ်နိုင်ငံလုံးတွင် ၂၀၁၇ ခုနှစ်အတွင်း မုဒိမ်းမှု ၁၄၀၅ မှုဖြစ်ပွားပြီး ၂၀၁၆ ခုနှစ်ထက် အမှုပေါင်း ၃၀၅ မှု ပိုမိုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၁၆ ခုနှစ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်း အသက် ၁၆ နှစ်အောက်ကလေးငယ်များ မုဒိမ်းပြုကျင့်ခံရမှု ၆၇၁ မှုရှိခဲ့ပြီး ၂၀၁၇ ခုနှစ်၌ ကလေးငယ်များ မုဒိမ်းပြုကျင့်ခံရမှု ၈၉၇ မှုရှိခဲ့ကာ ၂၂၆ မှု ပိုမိုဖြစ်ပွားခဲ့သည်ကို စာရင်းအချက်အလက် နှိုင်းယှဉ်ချက်အရ  သိရသည်။ အသက် ၁၆ နှစ်အထက် မိန်းကလေးများ မုဒိမ်းပြုကျင့်ခံရမှုမှာ ၂၀၁၆ ခုနှစ် အတွင်း ၄၂၉ မှုရှိခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ၅၀၈ မှုရှိလာကာ ၇၉ မှု ပိုမိုဖြစ်ပွားခဲ့ပြန်သည်။ ၂၀၁၇ ခုနှစ်အတွင်း မုဒိမ်းမှု အများဆုံးဖြစ်ပွားခဲ့သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ငါးခု မှာ ရန်ကုန်တိုင်းဒေသကြီးတွင် သက်ငယ်မုဒိမ်း ၁၉၂ မှု၊ သက်ကြီးမုဒိမ်း ၇၈ မှု စုစုပေါင်း ၂၇၀ မှုဖြင့် အများဆုံဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးတွင် သက်ငယ်မုဒိမ်းမှု ၁၅၆ မှု၊ သက်ကြီးမုဒိမ်းမှု ၈၇ မှုနှင့် စုစုပေါင်း ၂၄၃ မှုဖြင့် ဒုတိယအများဆုံးဖြစ်သည်။ ယင်းတို့နောက်၌ မန္တလေးတိုင်းဒေသကြီးတွင် သက်ငယ်မုဒိမ်း ၁၀၈ မှု၊ သက်ကြီးမုဒိမ်း ၆၆ မှု စုစုပေါင်း ၁၇၄ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် သက်ငယ်မုဒိမ်း ၇၆ မှု၊ သက်ကြီးမုဒိမ်း ၅၃ မှု စုစုပေါင်း ၁၂၉ မှုနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် သက်ငယ်မုဒိမ်း ၇၅ မှု၊ သက်ကြီးမုဒိမ်း ၆၅ မှု စုစုပေါင်း ၁၄၀ မှု အသီးသီးဖြစ်ပွားခဲ့သည်။

ထိုကဲ့သို့ တစ်နှစ်တာအတွင်း သက်ငယ်မုဒိမ်းမှုနှင့် မုဒိမ်းမှုဖြစ်စဉ်ဖြစ်ပွားမှု မြင့်မားလာခြင်းအပေါ် လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှုများရှိလာခဲ့ပြီး ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ အမြင်မတူမှုများလည်း ရှိနေသည်။ တစ်ဖက်တွင် သက်ငယ်မုဒိမ်း နှင့် သားမယား ပြုကျင့်သတ်ဖြတ်မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်ရန် တောင်းဆိုမှုများ ရှိသကဲ့သို့ပင် တစ်ဖက်တွင်လည်း အချို့က ယင်းကဲ့သို့ ကြီးလေးသည့် ပြစ်ဒဏ်ကြောင့် ကျူးလွန်သူများမှာ ၎င်းတို့၏သားကောင်များကို နှုတ်ပိတ်သတ်ဖြတ်မှုအထိ ပိုမိုပြုလုပ်မည်ကို စိုးရိမ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

တည်ဆဲဥပဒေတွင် သက်ငယ်မုဒိမ်းမှုအတွက် ပြစ်ဒဏ်သီးခြားဖော်ပြထားခြင်း မရှိသေးဘဲ ရာဇသတ်ကြီးပုဒ်မအရသာ ပြစ်ဒဏ်ချမှတ်နေကြောင်း သိရသည်။ မည်သို့ပင်ဆိုစေကာမူ  မိန်းကလေးငယ်များအပေါ် စက်ဆုပ်ဖွယ်မှုခင်းဖြစ်စဉ်များ မဖြစ်ပွားစေရေး မည်ကဲ့သို့သော နည်းလမ်းများဖြင့် ကာကွယ်ရမည်ဆိုသည့်အချက်များကို အာဏာပိုင်များအနေဖြင့် သုံးသပ်ကာ လုပ်ဆောင်နိုင်ရန်အချက်မှာလည်း လိုအပ်မည်ဖြစ်ပါကြောင်း  The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဖေဖော်ဝါရီ ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

တစ်ဦးချင်းဝါဒနှင့် ဘုံဝါဒ

ယနေ့ခေတ် နိုင်ငံများစွာတို့တွင် နိုင်ငံရေးဆိုင်ရာ အခြေခံပဋိပက္ခသည် ရာစုနှစ်တစ်ခုလုံး ရှိခဲ့သည့်အတိုင်း တစ်ဦးချင်းဝါဒနှင့် ဘုံဝါဒတို့၏ ပဋိပက္ခဖြစ်သည်။ လူတစ်ဦးချင်းစီ၏ ဘ၀သည် ၎င်းနှင့်သာ သက်ဆိုင်သလား သို့မဟုတ် အုပ်စု၊ လူ့အသိုင်းအ၀ိုင်း၊ လူ့အဖွဲ့အစည်း၊ နိုင်ငံတော် အစရှိသည်တို့နှင့် သက်ဆိုင်သလားဟူသည့် မေးခွန်းများက ပြဿနာဖြစ်နေသည်။ အစိုးရ အဖွဲ့များက လူတစ်ဦးချင်းစီမှ ကောက်ခံရရှိသော အခွန်ငွေများကို လူအများနှင့်ဆိုင်သော လုပ်ငန်းများအတွက် တိုး၍ တိုး၍ အသုံးပြုလာချိန်၌  ယင်းမေးခွန်းများသည် ပို၍ကျယ်လောင်လာသည်။

တစ်ဦးချင်းဝါဒဟူသည် လူတစ်ဦးချင်းစီ၏ ဘ၀သည် ထိုသူနှင့်သာ သက်ဆိုင်ပြီး သူသင့်တော်သည်ဟု မြင်သည့်အတိုင်း နေထိုင်ရန်၊ သူ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပြုမူရန်၊ သူ့အားထုတ်မှု၏ ထွက်ကုန်/ရလဒ်အား သူ့ဘာသာ ထိန်းသိမ်းအသုံးပြုရန်နှင့် သူ့ဘာသာ ရွေးချယ်သော စံတန်ဖိုးများအတိုင်း နေထိုင်ရန်တို့အတွက် ထာဝရ အခွင့်အရေးရှိသည်။ ယင်းသဘောတရား၌ တစ်ဦးချင်းအနေဖြင့် အချုပ်အခြာအာဏာပိုင်ပြီး  သူကိုယ်တိုင်၌ လမ်းဆုံးလျက် ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စ၏ အခြေခံယူနစ်သည် သူကိုယ်တိုင်သာ ဖြစ်သည်။ ယင်းစိတ်ကူး သဘောတရားကို ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုကို ထူထောင်ခဲ့ကြသူများက ဖွံ့ဖြိုးလာစေခဲ့ပြီး ကြေညာချက်နှင့် အခြေခံဥပဒေ ရေးဆွဲသည့်အခါ ခိုင်မာအောင် ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် ဘ၀၊ လွတ်လပ်မှု၊ ပိုင်ဆိုင်မှုတို့နှင့် ပတ်သက်၍ တစ်ဦးချင်း အခွင့်အရေးများရှိကာ ပျော်ရွှင်မှုကို ရှာဖွေခြင်းအား အသိအမှတ်ပြုလျက် ကာကွယ်စောင့်ရှောက်ပေးသည့် နိုင်ငံတစ်နိုင်ငံကို ဖန်တီးခဲ့ကြသည်။

ဘုံဝါဒဟူသည် တစ်ဦးချင်းစီ၏ ဘ၀သည် ၎င်းနှင့်မသက်ဆိုင်ဘဲ ၎င်းအနေဖြင့် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေသော လူအုပ်စု သို့မဟုတ် လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သည် ဟူသည့် သဘောတရားဖြစ်သည်။ ထိုကြောင့် ထိုသူ၌ ကိုယ်ပိုင်အခွင့်အရေး မရှိဘဲ သူ၏စံတန်ဖိုးများနှင့် ရည်မှန်းချက်များကို လူအုပ်စုတစ်စုလုံး ပိုမိုကောင်းမွန်ရေးအတွက် စတေးရမည်ဟူသည့် သဘောတရားဖြစ်သည်။ ဘုံဝါဒ သဘောတရားအရ လူအုပ်စု သို့မဟုတ် လူ့အဖွဲ့အစည်းသည် ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စအတွက် အခြေခံယူနစ်ဖြစ်ပြီး လူပုဂ္ဂိုလ် တစ်ဦးချင်းသည် ၎င်းတို့အနေဖြင့် လူအုပ်စု တစ်ခုလုံးအတွက် ထမ်းဆောင်နေမှသာ စံတန်ဖိုး တစ်ရပ်ရှိသည်။ ယင်းသဘောတရားကို အကြံပြုသူတစ်ဦးက “လူ့အဖွဲ့အစည်းက သူ့အားခွင့်ပြုထားသည်မှလွဲ၍ လူသား၌ အခွင့်အရေးများ မရှိ။ လူသားသည် မွေးဖွားချိန်မှ သေဆုံးသည်အထိ လူ့အဖွဲ့အစည်းက သူ့အား လူ့အခွင့်အရေး ဟုခေါ်သည့်  အချို့သော အရာများကို ခွင့်ပြုထားပြီး အခြားအရာများကို ပိတ်ပင်ထားသည်။ အဘယ့်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းသည် လူတစ်ဦးချင်းစီကို အထူးသဖြင့် မျက်နှာသာပေးခြင်း သို့မဟုတ် ဖိနှိပ်ခြင်းတို့ပြုရန် ဆန္ဒရှိသောကြောင့်ဖြစ်သည်။ သို့သော် ယင်းမှာ လူ့အဖွဲ့အစည်း ကိုယ်တိုင်က သူ၏ တည်တံ့ခိုင်မြဲရေး၊ ကောင်းကျိုးဖြစ်ထွန်းရေးနှင့် ပျော်ရွှင်ရေးကို အဓိကအဖြစ် စဉ်းစားသောကြောင့်သာ ဖြစ်သည်” ဟု ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ အမှန်တကယ်၌ တစ်ဦးချင်းဝါဒနှင့် ဘုံဝါဒမည်သည်က ပိုကောင်းသနည်း/ပို၍ မှန်ကန်သနည်းဟူသည် ဘက်အသီးသီးနှင့် ပတ်သက်၍ အချက်အလက်များပေါ်၌သာ မူတည်မည် ဖြစ်သောကြောင့် မိမိတို့ လူ့အဖွဲ့အစည်း သို့မဟုတ် မိမိတို့နိုင်ငံအလိုက် မှန်ကန်သော အချက်အလက်များ အပေါ်၌သာ အခြေပြု စဉ်းစားရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

ယဉ်ကျေးမှုတို့၌ မြုပ်ဝင်နေသော ဘာသာရေးသြဇာများ

ဘာသာရေးဟူသည် စိတ်ကူးများ၊ ကျင့်ထုံးများ၊ စံတန်ဖိုးများနှင့် ဇာတ်ကြောင်းများ ပေါင်းစုထားရာ အစုအဝေးဖြစ်ပြီး ယင်းတို့အားလုံးသည် ယဉ်ကျေးမှုများထဲ၌ မြုပ်ဝင်လျက်ရှိရာ သီးခြား ခွဲထုတ်ခြင်းငှာ မဖြစ်နိုင်ပေ။ (နိုင်ငံရေးအပါအ၀င်) သက်ဆိုင်ရာ ယဉ်ကျေးမှု  ဆက်စပ် အကြောင်းအရာများ မပါဘဲ ဘာသာရေးတစ်ရပ်ကို သီးခြား ခွဲထုတ်ကာ နားလည်နိုင်ရန် မဖြစ်နိုင်ပါ။ သက်ဆိုင်ရာ ဘာသာရေး ရှုထောင့်များကို မစဉ်းစားဘဲနှင့်လည်း ယဉ်ကျေးမှုတစ်ရပ်ကို နားလည်ရန် မဖြစ်နိုင်ပါ။ ထို့နည်းတူစွာပင် လူမျိုး၊ လူမျိုးနွယ်စု၊ ကျား/မ၊  ကျား/မ ဖြစ်မှုနှင့် လူမှု/စီးပွား အဆင့်အတန်းတို့သည်လည်း ယဉ်ကျေးမှုဆိုင်ရာ ဖွင့်ဆိုမှု နှင့် နားလည်မှုတို့၌ သက်ရောက်သော အကြောင်းခြင်းရာများဖြစ်နေပြီး ဘာသာရေး၌လည်း အလားတူပင်ဖြစ်သည်။

သက်ဆိုင်ရာ လူမှုရေး သို့မဟုတ် သမိုင်းဆိုင်ရာ အတွေ့အကြုံနှင့်ပတ်သက်သော ဘာသာရေးမေးခွန်းများ မေးမြန်းသည့်အခါ ဘာသာရေးဆိုင်ရာ သြဇာများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အမြဲတမ်း အမှန်တကယ် တွေ့ရှိရသည်သာ ဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံရေး သဘောတရားရေးရာပညာရှင်များက ခရစ်ယာန်ဖြစ်မှုနှင့် ပတ်သက်သော စံပြုယူဆချက် အမျိုးမျိုးဖြင့် အကြီးအကျယ် ပုံသွင်းထားသော လောကီသက်သက်ဝါဒကို အမျိုးမျိုးဖွင့်ဆိုမှုများ ပြုလုပ်ခဲ့သည့် နည်းလမ်းများအား မကြာသေးမီက အထူးပြု ဖော်ပြခဲ့ကြသည်။ ယင်းသည် ဘာသာရေးကို ကိုယ်ပိုင်ဝန်းကျင်တစ်ရပ်အဖြစ် ကန့်သတ်နိုင် သို့မဟုတ် ကန့်သတ်သင့်ကြောင်းနှင့် နိုင်ငံရေးသြဇာ သက်ရောက်မှုမှနေ၍ သီးခြားခွဲထားနိုင် သို့မဟုတ် ခွဲထားသင့်ကြောင်း ကာလကြာရှည်စွာ ယူဆလာခဲ့သည့် အမွေအနှစ်ကို စိန်ခေါ်နေသည့် နိုင်ငံရေး သဘောတရားများကို အခြေခံမှစ၍ ပြောင်းလဲသွားစေသည့် ကိုယ်စားပြုမှုတစ်ရပ်မျှသာဖြစ်သည်။

၁၇ ရာစုတွင် ပထမဆုံး ပုံစံပြုခဲ့သည့် ဘာသာရေးနှင့် ပတ်သက်သော ပြောင်းလဲမှုဆိုင်ရာ နိုင်ငံရေးသြဇာ သက်ရောက်မှု တဖြည်းဖြည်း ကျဆင်းလာမှုကို ခန့်မှန်းတွက်ချက်သည့် အခိုင်အမာ ပြောဆိုမှုများသည် ရာစုနှစ်များတစ်လျှောက် ခေတ်သစ်နိုင်ငံရေး သဘောတရားအမျိုးမျိုး၏ အခြေခံ အုတ်မြစ်ဖြစ်ခဲ့ကြောင်း ခေတ်သစ်ဝါဒီများက ဆိုကြသည်။ ယင်း အချိန်အပိုင်းအခြားများတစ်လျှောက် နိုင်ငံရေးဘ၀၌ ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးတို့၏ သြဇာသက်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း ယင်းသည် (၁) ၁၉၇၉ အီရန်တော်လှန်ရေး၊ (၂) ၁၉၈၉ ဘာလင်တံတိုင်း ပြိုကျမှုနှင့် အကြီးအကျယ် ခန့်မှန်းထားသည့် ဘာသာရေးသြဇာ ကျဆင်းမှုနှင့် တစ်ဖက်မှနေ၍ တစ်ပြိုင်တည်း မြင့်တက်လာမှုနှင့် (၃) အနောက်တိုင်းမှ နိုင်ငံရေးသဘောတရားရေးရာ ပညာရှင်များက ဘာသာရေးများနှင့်  ဘာသာရေးသြဇာ သက်ရောက်မှုများကို ဖယ်ကြဉ်ခြင်းနှင့် အလွန်အမင်းလွယ်ကူအောင် လုပ်ပစ်ခြင်းတို့သည် အကြီးအကျယ် ပြဿနာဖြစ်နိုင်သည့် နည်းလမ်းများဖြစ်ကြောင်း စတင်သတိပြုမိသွားသည့် ၉/၁၁ နှင့် ၇/၇ တိုက်ခိုက်မှုများပြီးနောက်မှသာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ယင်းအပြောင်းအလဲသည် ခေတ်ပြိုင်ကမ္ဘာကြီးအတွင်း ဘာသာရေးများ ပါဝင်နေသည့် ရှုပ်ထွေးပြီး အလွန်အရေးကြီးသော အခန်းကဏ္ဍများကို လေ့လာစူးစမ်းရန်အလို့ငှာ အတိုင်းအတာကျယ်ပြောသော လူမှုသိပ္ပံ စူးစမ်းရှာဖွေမှုများတစ်လျှောက် ဘာသာရေးလေ့လာမှုပညာရပ်များနှင့် အမျိုးစုံနှင့် အပြန်အလှန် စည်းမျဉ်းများ ပူးပေါင်းမှုအတွက် နည်းလမ်းတစ်ရပ်ကို လမ်းခင်းကြိုဆိုလိုက်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးအပါအ၀င်ဖြစ်သော ယဉ်ကျေးမှုများအတွင်း၌ မြုပ်ဝင်နေသည့် ဘာသာရေးဆိုင်ရာသြဇာများကို သီးခြားဖယ်ရှားပစ်ရန် ကြိုးပမ်းမှုသည် ပြဿနာများဆီသို့သာ ဦးတည်သွားစေလိမ့်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၂၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)