နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာ

ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးသာမက ၎င်းတို့၏ ဥပဒေ၊ အကောက်ခွန်၊ အစိုးရအဖွဲ့တို့နှင့် ဆက်နွှယ်နေမှုတို့အပြင် နိုင်ငံ၏ ၀င်ငွေနှင့် ကြွယ်ဝချမ်းသာမှု ဖြန့်ကျက်တည်ရှိပုံ အစရှိသည်တို့ကို လေ့လာသည့် ပညာအား နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာဟု ခေါ်ဆိုသည်။ သဘောတရား စည်းမျဉ်းတစ်ရပ်အရ နိုင်ငံရေးဆိုင်ရာ စီးပွားရေး ပညာသည် ကိုယ်ကျင့်တရားဆိုင်ရာ ဒဿနအပေါ် အခြေခံပြီး ၁၈ ရာစုက နိုင်ငံတို့၏ ကြွယ်ဝမှုကို စီမံအုပ်ချုပ်ပုံကို လေ့လာခြင်းဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာနှင့် ပတ်သက်သည့် အစောပိုင်း ပညာရှင်များထဲတွင် ဗြိတိသျှပညာရှင်များဖြစ်သော အဒမ်စမစ်၊ သောမက် မော့သက်နှင့် ဒေးဗစ်ရီကာဒိုတို့ ပါဝင်သည်။ သို့သော် ၎င်းတို့သည် ပြင်သစ်ပညာရှင်များ ဖြစ်သော ဖရန်ဆွာကီစနေ (၁၆၉၄-၁၇၇၄) နှင့် အန်နီရောဘတ်ဂျက်တာဂိုး (၁၇၂၇- ၁၇၈၁) တို့၏ လက်ရာများကို ဆက်ခံခဲ့ခြင်းဖြစ်သည်။

၁၉ ရာစုနှောင်းပိုင်းတွင် သင်္ချာပညာဆိုင်ရာ ပုံစံပြုခြင်းများ ထွက်ပေါ်လာခြင်းနှင့်အတူ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာဟူသည့် စကားရပ်ကို ဘောဂဗေဒဟူသော အသုံးအနှုန်းက တဖြည်းဖြည်း အစားထိုး ၀င်ရောက်လာသည်။ ယင်းသည် အဲဖရက်မာရှယ်၏ သြဇာကြီးမားလှသော ပြဋ္ဌာန်းစာအုပ်တစ်အုပ် ၁၈၉၀ ပြည့်နှစ်တွင် ထွက်ရှိလာခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။ အစောပိုင်းတွင် ၀ီလျံစတန်လေဂျီဗွန်၏ သင်္ချာပညာဆိုင်ရာ နည်းလမ်းများကို စီးပွားရေး ပညာအတွက် အသုံးပြုခဲ့ပြီး နောင်အခါတွင် သိပ္ပံပညာ တစ်ရပ်အဖြစ် အသိအမှတ်ပြုမှု ခံလာရသည်။ သို့သော် နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာဟူသည့် အသုံးအနှုန်းကို ဘောဂဗေဒဟူသည့် စကားရပ်က စတင်လွှမ်းမိုး လာသည်မှာ ၁၉၁၀ ပြည့်နှစ်တစ်ဝိုက်ဟု ဆိုကြသည်။ ယင်းနောက် ၁၉၂၀ ပြည့်နှစ်တွင် ဘောဂဗေဒဟူသည့် အသုံးအနှုန်းကို ပိုမိုနှစ်ခြိုက် လာကြသည် ဟုဆိုသည်။ ယနေ့ခေတ်တွင်မူ ဘောဂဗေဒဟူသည့် အသုံးအနှုန်းသည် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာတို့အား ထည့်သွင်း စဉ်းစားထားခြင်း မရှိသည့် စီးပွားရေးပညာ သက်သက်အဖြစ် ကျဉ်းမြောင်းသော အဓိပ္ပာယ်ကို ရည်ညွှန်းပြီး နိုင်ငံရေးဆိုင်ရာ စီးပွားရေး ပညာဟူသည် ဘောဂဗေဒနှင့် ကွဲပြားခြားနားပြီး ပို၍ကျယ်ပြန့်သော ချဉ်းကပ်ပုံကို ကိုယ်စားပြုလာသည်။

နိုင်ငံရေးဆိုင်ရာ စီးပွားရေး ပညာဟူသည့် အသုံးအနှုန်းကို ဘောဂဗေဒနှင့် အဓိပ္ပာယ်တူ သုံးနှုန်း၍ မရတော့ဘဲ အလွန်ကွဲပြား ခြားနားသော အရာများကို ကိုယ်စားပြုလာသည်။ ပညာရပ်ဆိုင်ရာ ရှုထောင့်မှကြည့်လျှင် ယင်းအသုံးအနှုန်းသည် မာ့က်စ်ဝါဒီ စီးပွားရေးပညာကို ရည်ညွှန်းခြင်းဖြစ်နိုင်ပြီး ချီကာဂိုဂိုဏ်းနှင့် ဗာဂျီးနီးယားဂိုဏ်းတို့မှ မြစ်ဖျားခံလာသော ပြည်သူတို့၏ ရွေးချယ်မှုဆိုင်ရာ ချဉ်းကပ်ပုံများအတွက် အသုံးပြုသည်။ အသုံးများသော သီးခြားဝေါဟာရအဖြစ် နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာသည် အထွေထွေ စီးပွားရေးမူဝါဒ သို့မဟုတ် နိုင်ငံရေးဆိုင်ရာ ပညာရှင်များ၏ သီးသန့်စီးပွားရေး အဆိုပြုချက်များနှင့် ပတ်သက်၍ စီးပွားရေး ပညာရှင်များက အစိုးရအဖွဲ့ကို ပေးအပ်သည့် အကြံဥာဏ်အား ရည်ညွှန်းသည်။ ၁၉၇၀ ပြည့်လွန်နှစ်များက အလျင်အမြန် ဖွံ့ဖြိုးလာသော ပင်မကျမ်း တစ်စောင်သည် စီးပွားရေးမူဝါဒပုံစံကို ကျော်လွန်အောင် ချဲ့ထွင်ထားပြီး ယင်းတွင် စီးပွားရေးမူဝါဒများ ရွေးချယ်မှု (အထူးသဖြင့် ဖြန့်ကျက်ရေးဆိုင်ရာ ပဋိပက္ခများနှင့် နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းများ) အပေါ် နိုင်ငံရေး အင်အားစုများ၏ သက်ရောက်ပုံအား စစ်ဆေးမှုဆီသို့ ရှေးရှုလျက် အစီအစဉ်ချသူများက တစ်ဦးချင်း ကိုယ်စားလှယ်များကို အမြင့်ဆုံးသုံးစွဲမှု ပါဝင်သည်။ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာသည် အချို့သော ကောလိပ်များနှင့် တက္ကသိုလ်များတွင် သီးခြားလေ့လာစရာ ပညာရပ် တစ်ခုအဖြစ် တည်ရှိသည်။

မည်သို့ပင် ဆိုစေကာမူ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာသည် နိုင်ငံတစ်နိုင်ငံအတွက် စီးပွားရေးမူဝါဒများ ချမှတ်ရာတွင် လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အနေအထားများကို သုံးသပ်ရာ၌ လည်းကောင်း အရေးပါလှသည့် ပညာရပ်တစ်ခု ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

နိုင်ငံတကာ၏ ဖယ်ကြဉ်မှု

နိုင်ငံတကာ၏ ဖယ်ကြဉ်မှုဟူသည် နိုင်ငံတကာအသိုင်းအ၀ိုင်း သို့မဟုတ် ကုလသမဂ္ဂ ကဲ့သို့သော အင်အားကြီးမားသည့် နိုင်ငံများအုပ်စုက နိုင်ငံတစ်နိုင်ငံ၊ အစိုးရတစ်ရပ် သို့မဟုတ် လူအုပ်စုတစ်စုအပေါ် အပြစ်ပေးရန် ကျင့်သုံးမှုတစ်ရပ်ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်း သို့မဟုတ် နိုင်ငံများအုပ်စုက ဖယ်ကြဉ်ခဲ့ပြီးနောက် နိုင်ငံတစ်နိုင်ငံအနေဖြင့် အထီးကျန်တည်ရှိခြင်းကိုလည်း ခေါ်ဆိုသည်။ အင်အားကြီးသည့် နိုင်ငံများအုပ်စုဟု သတ်မှတ်ချက်များသည် စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုအရ တည်ငြိမ်မှုများအပေါ် တည်မှီနေသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ တိုးတက်လာခြင်းနှင့်အတူ ကမ္ဘာကြီး၏ အခင်းအကျင်းသည် အဆက်မပြတ် ပြောင်းလဲနေသောကြောင့် ယင်းကဲ့သို့သော အုပ်စုများမှာလည်း ပြောင်းလဲ၍နေနိုင်သည်။

နိုင်ငံတကာ၏ ဖယ်ကြဉ်မှုသည် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နိုင်ငံများအုပ်စုတစ်စုအား နိုင်ငံတကာက ပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ်လာသော ရလဒ်တစ်ခု ဖြစ်တတ်သော်လည်း သက်ဆိုင်ရာ နိုင်ငံတစ်နိုင်ငံက တံခါးပိတ်မူဝါဒ ကျင့်သုံးခြင်းကြောင့် ထွက်ပေါ်လာသော ရလဒ်လည်း ဖြစ်နိုင်သည်။ ဥပမာအားဖြင့် မွမ်မာကဒါဖီလက်ထက် လစ်ဗျားနိုင်ငံသည် ဆယ်စုနှစ်အတန်ကြာ အနောက်တိုင်းနှင့် ထိပ်တိုက်တွေ့ပြီး အမျိုးတူ အာရပ်အစိုးရအဖွဲ့များနှင့် ဆန့်ကျင်သော နိုင်ငံရေးကြောင့် နိုင်ငံတကာ၏ ဖယ်ကြဉ်မှုခံရသော နိုင်ငံဖြစ်ခဲ့သည်။

အခြားနိုင်ငံတစ်နိုင်ငံမှ ခွဲထွက်ခဲ့သော နိုင်ငံများသည်လည်း နိုင်ငံတကာ၏ ဖယ်ကြဉ်မှုခံရနိုင်သည်။ ဥပမာအားဖြင့် ရုရှားစစ်တပ်၏ အကူအညီဖြင့် ဂျော်ဂျီယာနိုင်ငံမှ ခွဲထွက်ခဲ့သော အက်ခါးဇီးယားနိုင်ငံကို နိုင်ငံအနည်းငယ်မျှသာ အသိအမှတ်ပြုကြသည်။  ဆိုက်ပရပ်စ်ကျွန်း၏ မြောက်ပိုင်းဖြစ်သော မြောက်ဆိုက်ပရပ်စ်သည်လည်း အလားတူ အနေအထားမျိုး ကြုံတွေ့ရသည်။ ယင်းကဲ့သို့သော နိုင်ငံများနှင့် ၎င်းတို့၏ အကျိုးစီးပွားများကို ပိုမိုကြီးမားသော အိမ်နီးချင်းက ကာကွယ်ပိတ်ဆို့၍ ထားတတ်သည်။

‘အပယ်ခံနိုင်ငံ’ ကဲ့သို့သော ပို၍ကျယ်ပြန့်စွာ သိကြသည့် စကားရပ် သို့မဟုတ် သဘောတရားကို မိမိဘာသာ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ရှောင်ဖယ်၍နေသော သို့မဟုတ် နိုင်ငံများအုပ်စုတစ်စုက ဖယ်ကြဉ်ထားသော နိုင်ငံများအား ရည်ညွှန်းရာ၌ ခေါ်ဆိုသည်။ ယင်းကဲ့သို့သော နိုင်ငံတစ်နိုင်ငံနှင့် ပတ်သက်သည့် လက္ခဏာရပ်များမှာ သံတမန်အရ ဖယ်ကြဉ်ခံထားရမှု၊ ယုံကြည်စိတ်ချရသော လုံခြုံရေးဆိုင်ရာ ထောက်ပံ့မှု သို့မဟုတ်  အင်အားကြီးမားသော မဟာမိတ်ဖွဲ့စည်းပုံအတွင်း နိုင်ငံရေးအရ အကာအကွယ်ပေးခံရခြင်းချို့တဲ့မှုနှင့် ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာ ဖိုရမ်များအတွင်း စွဲစွဲမြဲမြဲ မညှာမတာ ကဲ့ရဲ့ပြစ်တင်ခံရမှုနှင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံရမှုတို့ဖြစ်ကြသည်။ ယင်းကဲ့သို့သော နိုင်ငံမှာ ၁၉၇၉ ခုနှစ်နောက်ပိုင်း ကမ်ပူးချားနိုင်ငံဖြစ်သည်။ ထိုစဉ်က ခမာအစိုးရကို ဖြုတ်ချရန် ဗီယက်နမ်တို့၏ ၀င်ရောက်မှုကို အတည်မပြုပေးသည့်အတွက် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံစလုံးသည် ကမ်ပူးချားကို ဖယ်ကြဉ်ခဲ့သည်။ အခြားဥပမာတစ်ရပ်မှာ  နိုင်ငံတကာသဘောတူညီချက်များကို ပယ်ချသည့် သို့မဟုတ် လိုက်နာခြင်းမရှိသည့် နိုင်ငံများကို ဖယ်ကြဉ်ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဖန်လုံအိမ်အာနိသင်ကို ဖြစ်စေသော ဓာတ်ငွေ့များအား ကန့်သတ်ထိန်းချုပ်သည့် ကျိုတိုသဘောတူညီချက်အား မလိုက်နာသည့် ကနေဒါနိုင်ငံသည် အဆိုပါ ဥပမာမျိုးဖြစ်သည်။ နိုင်ငံတကာဖယ်ကြဉ်ခံရမှုကြောင့် ခံရသော သက်ရောက်မှုများအနက် အဖြစ်အများဆုံးမှာ လူ့အဖွဲ့အစည်းအတွင်း ပစ္စည်းဥစ္စာ မပြည့်စုံသူများ ဆင်းရဲမွဲတေသွားခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတကာ၏ ဖယ်ကြဉ်မှုကြောင့် အဆိုးရွားဆုံးဒဏ်ခံရမည့် သူများမှာ အောက်ဆုံးလွှာမှ ပြည်သူများသာဖြစ်ပါကြောင်းThe Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာ ၁၂ ရက်နေ့ The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

အခြေခံလူထုကို အထိနာစေသော ငွေကြေးဂယက်

ဒေါ်လာဈေး အတက်အကျနှင့် မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းမှု၏ ဂယက်သည် အခြေခြံ ပည်သူလူထုထံ ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။ ဒေါ်လာငွေလဲနှုန်း မြင့်တက်မှုကို ဗဟိုဘဏ်နှင့် အစိုးရက ထိန်းချုပ်နိုင်ရန် ဘဏ်များသို့ ဒေါ်လာချေးခြင်း၊ ထုတ်ရောင်းခြင်း ခြောက်နှစ်တာ ထိန်းချုပ်ထားသော ငွေလဲဈေးကွက် Manage Float တွင် ရည်ညွှန်းငွေလဲနှုန်းအပေါ် အတိုးအလျှော့ ရှစ်ကျပ်သတ်မှတ်ထားမှုကို ပယ်ဖျက်လိုက်ခြင်း၊ ဈေးကွက်အတွင်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုလိုက်ခြင်းတို့ဖြင့် ကုစားခဲ့သည်။ သို့သော်လည်း ယနေ့အထိ ဒေါ်လာဈေး အတက်အကျ မြန်ဆန်မှုနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းမှုအပေါ် ထိရောက်သည့် ထိန်းချုပ်မှု မလုပ်နိုင်ဘဲ ယမန်နေ့က ငွေလဲဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၁၅၀၀ ကျော်အထိ ရှိနေဆဲဖြစ်သည်။

ဒေါ်လာငွေလဲနှုန်းသည် တစ်နှစ်ကျော်အကြာ ကျပ် ၁၃၅၀ ၀န်းကျင်တွင် ရှိနေသော်လည်း ဇွန်လမှစ၍ တရိပ်ရိပ် မြင့်တက်လာကာ ကျပ် ၁၅၆၀ ကျော်အထိ ဖြစ်လာခဲ့သည်။ လအနည်းငယ်အတွင်း ကျပ်ငွေတန်ဖိုး ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခြင်းကြောင့် စီးပွားရေး နယ်ပယ်အတွင်း ကြီးစွာလှုပ်ခတ် သွားခဲ့ရသည်။ ကျပ်ငွေတန်ဖိုး ကျဆင်းမှု၏ နောက်ဆက်တွဲ လူထုအပေါ် သက်ရောက်မှုများအတွက် စိုးရိမ်ပူပန်လာကြသည်။ ထိုသို့သော အခြေအနေများကြောင့် အစိုးရတာဝန်ရှိသူများ အနေဖြင့် လူထုစိတ်သက်သာရာ ရစေရန် တာဝန်ယူမှုနှင့် ယင်းသို့ငွေကြေး ကမောက်ကမ ဖြစ်မှုအပေါ် လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားရန် မျှော်လင့်ခဲ့ကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် ငွေကြေးမတည်ငြိမ်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များနှင့် သြဂုတ် ၂၇ ရက်တွင် တွေ့ဆုံမည်ဟု အတည်ပြုထားသည်။ တရုတ်နှင့် အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲ၏ ရိုက်ခတ်မှုဂယက်ကြောင့် ဒေါ်လာဈေး အတက်အကျ မြန်ဆန်မှုသည် အခြားသော နိုင်ငံများကိုလည်း သက်ရောက်သည်မှာ မှန်သော်လည်း မြန်မာနိုင်ငံသည် ဘတ်ဂျက်လိုငွေ မြင့်မားနေခြင်း၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းထားသကဲ့သို့ မဖြစ်ခြင်း၊ ပြည်တွင်းထုတ်ကုန် တိုးတက်မှု မရှိခြင်းတို့ကြောင့် သက်ရောက်မှု ကြီးမားသည်။

စီးပွားရေး လုပ်ငန်းကြီးများနှင့် လုပ်ငန်းရှင်များကို သက်ရောက်ခြင်းထက် အခြေခံလူထုအပေါ် သက်ရောက်နိုင်ခြေကို အစိုးရအနေဖြင့် ပို၍ထည့်သွင်း တွက်ချက်သင့်သည်။ ဒေသတွင်းနိုင်ငံများ၌ အခြေခံလုပ်ခလစာ အနိမ့်ဆုံးဖြစ်သည့် မြန်မာနိုင်ငံတွင် ဆင်းရဲချမ်းသာ ကွာဟမှုကြီးသည့် အချက်ကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။ တစ်နေ့လုပ်ခလစာ သတ်မှတ်ချက် ကျပ် ၄၈၀၀ ကို ပြီးခဲ့သည့် လပိုင်းအတွင်းကသာ စတင်ခဲ့ခြင်းဖြစ်ပြီး အခြေခံ လူထုကြားတွင် ၀င်ငွေနှင့် ထွက်ငွေ မမျှသည့် ပြဿနာသည် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေသည်။ လတ်တလောတွင် ကျပ်ငွေတန်ဖိုး ကျဆင်းမှုနှင့်အတူ အခြေခံ စားသောက်ကုန် ဈေးနှုန်းများလည်း ဈေးကွက်တွင် လိုက်ပါမြင့်တက်နေပြန်သည်။ ပြည်တွင်းစားသုံးသည့် ဆန်ချောဈေး တစ်အိတ်လျှင် ကျပ် ၅၂၀၀၀ အထိ စံချိန်တင်ဈေးသို့ မြင့်တက်ခဲ့သည်ကို တွေ့ရသည်။ သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်ဈေးနှုန်းကို ကြည့်ပါက ၃ ရက်မှ ၂၀ ရက်အတွင်း ဆန်ချောမျိုးစုံ ဈေးတက်ခဲ့သည့်အပြင် အချို့မှာ တစ်အိတ်လျှင် ကျပ် ၄၀၀၀၊ အချို့မှာ တစ်အိတ်လျှင် ကျပ် ၅၀၀၀ နှင့် ၆၀၀၀ အထိ ဈေးတက်ခဲ့သည်။ စက်သုံးဆီဈေးနှုန်းများကို ကြည့်လျှင်လည်း တစ်လအတွင်း တစ်လီတာ ကျပ် ၁၀၀ အထိ မြင့်တက်ခဲ့ပြီး သုံးလအတွင်း ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက စက်သုံးဆီဈေးနှုန်း ရှစ်ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သည်။ ပြည်တွင်းဈေးကွက် အတွင်းရှိ စက်သုံးဆီများသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း၊ နိုင်ငံခြား ငွေလဲနှုန်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်အပေါ် အခြေခံပြီး အပြောင်းအလဲဖြစ်သည်ဟု ဆိုသော်လည်း နိုင်ငံခြားငွေလဲနှုန်း ကျဆင်းသည့် အချိန်မျိုးတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်း လိုက်ပါပြောင်းလဲခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

မည်သို့ပင်ဆိုစေကာမူ ငွေကြေးဈေးကွက် မတည်ငြိမ်မှု၏ ဂယက်သည် ကုန်ဈေးနှုန်း ကြီးမြင့်မှုအရ အဓိကအားဖြင့် အခြေခံ လူတန်းစားများကို ကြီးစွာသက်ရောက်သည် ဆိုသည့်အချက်ကို မငြင်းသာပေ။ အခြေခံလူထုအတွက် သက်ရောက်မှု ကြီးမားသည့် အခြေအနေမျိုးတွင် အစိုးရအနေဖြင့်  အလျင်အမြန် ကုစားနိုင်မည့် နည်းလမ်းများကို ပွင့်လင်းမြင်သာစွာချပြ၍ တာဝန်ယူ ဖြေရှင်းပေးသင့်ပေသည်။ သို့မှသာ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုရှိသော အစိုးရတစ်ရပ်အဖြစ် ရှိနိုင်လိမ့်မည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ်လ ၂၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရား

လူတစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားသော ကိုယ့်ကျင့်တရားဆိုင်ရာ သို့မဟုတ် ကျင့်ဝတ်ဆိုင်ရာ အဆိုပြုချက်များသည် အညီအမျှ ခိုင်မာမှုရှိပြီး အမှားအမှန်နှင့် ပတ်သက်သည့် မည်သည့် ထင်မြင်ချက်မဆို တစ်ခုက အခြားတစ်ခုထက်ပို၍ ကောင်းသည်ဟု ပြောမရဟု ရှုမြင်ခြင်းကို ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရားဟု ခေါ်သည်။ ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရားသည် ယဉ်ကျေးမှုဆိုင်ရာ နှိုင်းရသဘောတရားကဲ့သို့ အခြားသော နှိုင်းယှဉ်စဉ်းစားခြင်း အမျိုးအစား ပုံစံများထက် ပိုမိုကျယ်ပြန့်ပြီး တစ်သီးပုဂ္ဂလဆိုင်ရာအရ ပို၍အသုံးများသည်။ ၎င်းတို့အားလုံးသည် ကောင်းခြင်းဆိုးခြင်းနှင့် ပတ်သက်၍ ပြီးပြည့်စုံသည့် စံသတ်မှတ်ချက် မရှိဟူသော စိတ်ကူးအပေါ်၌ အခြေပြုထားကြခြင်း ဖြစ်သောကြောင့် အမှားအမှန်နှင့် ပတ်သက်၍ ကောက်ချက်ချမှုတိုင်းသည် လူတစ်ဦး၏ ဦးစားပေးမှုများနှင့် ၀န်းကျင်တို့၏ ရလဒ်တစ်ရပ်မျှသာ ဖြစ်သည်ဟု ခံယူသည်။ ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရားအရဆိုလျှင် ပြီးပြည့်စုံသည့် ကိုယ်ကျင့်တရားဆိုင်ရာ စံသတ်မှတ်ချက် မရှိသကဲ့သို့ အမှား သို့မဟုတ် အမှန် ဟုလည်းကောင်း၊ အကောင်းဆုံး သို့မဟုတ် အဆိုးဆုံး ဟုလည်းကောင်း ယတိပြတ် သတ်မှတ်နိုင်သော အဆိုပြုချက် သို့မဟုတ် အနေအထားမရှိဟု ဆိုနိုင်သည်။

ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရားသည် ခေတ်သစ်ကမ္ဘာ၌ အကြီးအကျယ် နေရာယူထားသော်လည်း အလွန်ရွေးချယ်ကာ အသုံးပြုကြသည့် အရာဖြစ်သည်။ အခြား နှိုင်းရသဘောတရား ပုံစံများကဲ့သို့ပင် ခုခံကာကွယ်ရေး လမ်းကြောင်းတစ်ရပ်သက်သက် အဖြစ်သာ သတိပြုမိကြသည်။ ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရား၏ စည်းမျဉ်းများကို အချို့သော လုပ်ရပ်များအား ခွင့်ပြုရန် သို့မဟုတ် ဆင်ခြေပေးရန် အတွက်သာ  အသုံးပြုနိုင်သည်။ ယင်းကို လူတို့အား အပြစ်တင်ရန် မည်သည့်အခါမျှ အသုံးမပြုနိုင်ပါ။ ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရားသည် ပြီးပြည့်စုံသည့် ကိုယ်ကျင့်တရားစံများ တည်ရှိခြင်းမရှိဘဲ အမှားအမှန်ကိစ္စသည် လူသားတို့၏ ဦးစားပေးအကြိုက် ရလဒ်အပေါ်၌သာ လုံးဝမူတည် နေသည်ဟု ခံယူထားသည်။

သို့သော် ခေတ်သစ် လူ့အဖွဲ့အစည်း၏ အခြေခံ အုတ်မြစ်များသည် ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရား ဒဿနအပေါ်၌ တည်ဆောက်ထားခြင်း မဟုတ်ပါ။ လူတိုင်းလိုက်နာလိမ့်မည်ဟု မျှော်လင့်ထားသော ပုံသေသတ်မှတ်ထားသည့် စံတစ်ရပ်အား ညွှန်းဆိုသည့် ဥပဒေနှင့် ယင်းဥပဒေအား ကျင့်သုံးမှုအပေါ်၌သာ တည်ဆောက်ထားခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပြုလုပ်ထားခြင်း၏ အကြောင်းပြချက်များကား သိသာထင်ရှားလှသည်။ အမှားအမှန်ကိစ္စသည် ထင်မြင်ချက်ကိစ္စသက်သက် ဖြစ်နေသကဲ့သို့ လူ့အဖွဲ့အစည်း တစ်ရပ်အတွင်း လူတိုင်းက အမှန်တကယ် ပြုမူကြမည်ဆိုပါက လူ့အဖွဲ့အစည်းသည် အားကြီးသူက အမှန်ဟူသည့် တိုက်ပွဲတစ်ရပ်အတွင်းသို့ သက်ဆင်းသွားရမည် ဖြစ်သည်။ ကိုယ်ကျင့်တရားအရ နှိုင်းရသဘောတရားရှိသည့် ယဉ်ကျေးမှု တစ်ရပ်အတွင်း တစ်စုံတစ်ရာအား ပြုလုပ်ရန် သို့မဟုတ် မပြုလုပ်ရန် ဘုံအကြောင်းပြချက်သည် လူတစ်ဦး၏ ခေတ်ပြိုင်များထံမှ အကျိုးဆက်များအား ရှောင်ရှားရန်ပင်ဖြစ်သည်။

လူသားတို့၏ ဥပဒေများအားလုံး၌ အကျိုးဆက်များ၏ ခြိမ်းခြောက်မှုက တွန်းအားပေးသော ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းအချို့ ပါဝင်သည်။ အခြားသူများ၏ အသက်ကို အန္တရာယ်ရှိစေခြင်းသည် မှားယွင်းသည်ဟု ကိုယ်ကျင့်တရားဆိုင်ရာအရ ဆုံးဖြတ်ထားသောကြောင့် လမ်းအများစု၌ အမြန်နှုန်းများကို အတင်းအဓမ္မ ကန့်သတ်ထားရခြင်း ဖြစ်သည်။ လူသတ်ခြင်း၊ ခိုးခြင်း၊ မုသား သက်သေခံခြင်းနှင့် လိမ်လည်ခြင်း အစရှိသည်တို့မှာလည်း အလားတူပင်ဖြစ်သည်။ ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရား လွှမ်းမိုး၍ လာပါက တရားဝင် ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများသည် တရားဥပဒေများ၏ အခြေခံအုတ်မြစ်အဖြစ် ဆက်လက် တည်ရှိတော့မည် မဟုတ်ပါ။ အရာရာသည် နှိုင်းရသဘော ဆောင်သောကြောင့် ဥပဒေများသည် ထင်မြင်ချက်ကိစ္စ သက်သက်မျှသာ ဖြစ်လာပြီး ယင်းတို့ကို လိုက်နာရန် ဘုံအကြောင်းပြချက်သည် အကျိုးဆက်များကို ရှောင်ရှားရန်သာ ဖြစ်လိမ့်မည်။

မည်သို့ပင် ဆိုစေကာမူ လူ့အဖွဲ့အစည်း တစ်ရပ်အား ကိုယ်ကျင့်တရားဆိုင်ရာ နှိုင်းရသဘောတရား အပေါ်၌ တည်ဆောက်၍ မရသောကြောင့် လူတိုင်းလိုက်နာလိမ့်မည်ဟု မျှော်လင့်ထားသော ပုံသေစံသတ်မှတ်ချက်များသည် ဥပဒေများ ဖြစ်လာရခြင်းဟု မှတ်ယူရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင် ၁၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

သိမှုအဆင့်အတန်း သုံးရပ်

လူတို့ ရရှိသည့် သိမှု သို့မဟုတ် သတင်းအချက်အလက် အမျိုးအစားသုံးရပ်ရှိသည်။ ပထမဆုံး အမျိုးအစားမှာ အာရုံငါးပါးမှတစ်ဆင့် သိရှိခြင်းဖြစ်သည်။ ကြည့်ရှုခြင်းမှလည်းကောင်း၊ နားထောင်ခြင်းမှလည်းကောင်း ဗဟုသုတများကို ရရှိသည်။ အနံ့ခံမှုမှလည်းကောင်း၊ အရသာခံမှုမှလည်းကောင်းနှင့် ထိတွေ့မှုမှလည်းကောင်း သတင်းအချက်များကို ရရှိသည်။ အာရုံငါးပါးသည် သိမှုအချို့ကို လူတို့ထံသို့ ဆောင်ကြဉ်းပေးသည်။ လူတို့၏ သိမှုအများစုသည် အာရုံငါးပါးမှတစ်ဆင့် ရရှိခြင်းသာ ဖြစ်သည်။

သို့သော် ဒုတိယသိမှုအမျိုးအစားမှာ အသိဥာဏ်မှတစ်ဆင့် ရရှိခြင်းဖြစ်သည်။ အသိဥာဏ်မှတစ်ဆင့်ရရှိသော သိမှုသည် အာရုံငါးပါးမှတစ်ဆင့် ရရှိသော သိမှုထက်ပို၍ မြင့်မားသည်။ သိပ္ပံပညာဟူသည် အသိဥာဏ်မှတစ်ဆင့် ရရှိသည့် သိမှုဖြစ်သည်။ မျက်စိမှ မြင်ရမှုအရ နေ၀င်၍သွားပြီ။ သို့သော် သိပ္ပံပညာကို လေ့လာသင်ကြားခြင်းမှတစ်ဆင့် သိရှိရသော သိမှုက နေသည်ဝင်၍သွားသည် မဟုတ်ကြောင်း ပြော၍နေသည်။ ယင်းသည် ကမ္ဘာကြီး လည်နေခြင်းသာဖြစ်ကြောင်း သိရ၏။ လူတို့အနေဖြင့် ကမ္ဘာကြီးလည်နေကြောင်း အာရုံငါးပါးအားဖြင့် မသိနိုင်။ ကမ္ဘာကြီးသည် မိမိဝင်ရိုးစွန်းပေါ်တွင် ၂၃ ၁/ ၂  ဒီဂရီ တိမ်းစောင်းလျက် လည်ပတ်ကာနေကို လှည့်ပတ်နေကြောင်း အသိဥာဏ်မှတစ်ဆင့်သာ နားလည်နိုင်သည်။

ရေခွက်ထဲသို့ ဘောလ်ပင်တစ်ချောင်းကို ထည့်လိုက်ပါက ဘောလ်ပင်သည် ကောက်၍သွားကြောင်း မြင်ရမည်ဖြစ်သည်။ ယင်းသည် သိမြင်မှုသာဖြစ်သည်။ သို့သော်  အသိဥာဏ်က ဘောလ်ပင်သည် ကောက်၍သွားခြင်းမဟုတ်ကြောင်း ပြော၍နေသည်။ ယင်းသည် အမြင်ဆိုင်ရာ အာရုံလွဲမှားမှုတစ်ရပ်သာဖြစ်၏။ ယင်းသည်လည်း အသိဥာဏ်မှတစ်ဆင့်ရရှိသော သိမှုဖြစ်သည်။ သို့သော် ယင်းသိမှုအမျိုးအစား နှစ်ရပ်စလုံးသည် တတိယမြောက် သိမှုအမျိုးအစားထက်များစွာ ပို၍နိမ့်ကျသည်။ ယင်းတတိယမြောက် အမျိုးအစားမှာ ထိုးထွင်းသိမြင်မှု ဖြစ်သည်။ ယင်းသိမှုသည် မိမိ၏ စိတ်ဝိညာဉ်အတွင်းမှနေ၍ အသံတိတ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းသိမှုမျိုးကို အာရုံငါးပါးဖြင့်လည်းကောင်း၊ အသိဥာဏ်မှတစ်ဆင့်လည်းကောင်း အကဲဖြတ်၍ မရနိုင်ပေ။ ပထမသိမှုနှစ်ရပ်ကို ကျော်လွန်သော တတိယသိမှုနယ်ပယ်အတွင်းသို့ စတင်ချင်းနင်းဝင်ရောက်လာမှုက  လူသားဟူ၍ ဖြစ်တည်လာစေခဲ့ခြင်း ဖြစ်သည်။

စစ်မှန်သော သိမှုသည် အာရုံငါးပါးကိုသာမက အသိဥာဏ်ကိုပါ ကျော်လွန်၏။ ယင်းသည် ထိုးထွင်းသိမြင်မှု ဖြစ်သည်။ လူတိုင်းလူတိုင်း ယင်းအရည်အသွေး ရှိကြသည်။ ဘ၀တွင် ယင်းကဲ့သို့သော ခံစားမှုမျိုးကို ကြုံတွေ့ရမည်သာ ဖြစ်သည်။ အချို့သော သိမှုများသည် ဘာမှန်းမသိသော တစ်နေရာရာမှ အလိုလို ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းသည် မည်သည့်အရာဖြစ်ကြောင်း လူသားတို့ တွက်ချက်ဖော်ထုတ်နိုင်ခြင်း မရှိပေ။ တစ်စုံတစ်ရာသည် မိမိအနေဖြင့် ပြုလုပ်ရန် မှန်ကန်သော အရာဖြစ်ကြောင်း ရုတ်တရက်ခံစား လိုက်ရသည်။ တစ်စုံတစ်ရာသည် မိမိ၏ ၀မ်းတွင်း၌ ရုတ်တရက်ဖြစ်ပွားလိုက်သကဲ့သို့ ဖြစ်သည်။ သိမှုသည် ရုတ်တရက်ထွက်ပေါ်လာသော်လည်း မည်သည့်နေရာမှဝင်လာမှန်း မသိလိုက်ရ။ လူတို့သည် အာရုံငါးပါးအရ သို့မဟုတ် အသိဥာဏ်အရ ရရှိသော သိမှုများ အပေါ်၌သာ အခြေပြုတတ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ လူသားတို့သည် အခြားသတ္တ၀ါများထက် သာလွန်သူများဖြစ်သည်နှင့်အညီ ပထမသိမှုနှစ်ရပ်ထက် ကျော်လွန်၍ သွားနိုင်ရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇူလိုင်လ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

ရာဇ၀တ်မှုများ၏ ဆိုးရွားသော ရိုက်ခတ်ချက်များ

ရာဇ၀တ်မှုအများစုသည် စီးပွားရေးအရလည်းကောင်း၊ လူမှုရေးအရလည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း၊ လူ့အဖွဲ့အစည်းကို ဆိုးရွားသော သက်ရောက်မှုများဆီသို့  ဦးတည်သွားစေသည်။ ယင်းသက်ရောက်မှုများကို အောက်ပါအတိုင်း တွေ့ရှိရမည် ဖြစ်သည်။

လူ့အဖွဲ့အစည်းအတွင်း ဖွံ့ဖြိုးမှုကို ဟန့်တားခြင်း – ရာဇ၀တ်မှုသည် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုး မှုကို အဟန့်အတားဖြစ်စေနိုင်သည်။ ဥပမာအားဖြင့် ရာဇ၀တ်မှုဖြစ်ပွားမှုနှုန်း မြင့်မားပါက အစိုးရသည် ထုတ်လုပ်မှုကဏ္ဍများ၌ ငွေကြေးရင်းနှီးမြှုပ်နှံရမည့်အစား ရာဇ၀တ်မှုများ လျှော့ချနိုင်ရန် ပို၍ရင်းနှီးမြှုပ်နှံရသည်။ အကျဉ်းထောင်များ ဆောက်လုပ်ရန်၊ ရာဇ၀တ်မှုနှိမ်နင်းရေးအတွက် လိုအပ်သော ပစ္စည်းကိရိယာများ ၀ယ်ယူရန်နှင့် ဥပဒေထိန်းသိမ်းရေး အဖွဲ့အစည်းများ၌ ပို၍များပြားသော လူများခန့်ထားရန် ငွေကြေးမြောက်မြားစွာ သုံးစွဲရသည်။ ဤနည်းအားဖြင့် ရာဇ၀တ်မှုများအတွက် ငွေကြေးပိုမိုသုံးစွဲရသော ကြောင့် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေသည်။

လူများ သေဆုံးရခြင်း – နိုင်ငံတစ်နိုင်ငံအတွင်း ရာဇ၀တ်မှုများ မြင့်တက်လာခြင်းနှင့်အတူ  လူများသေဆုံးရသည့် အရေအတွက်သည်လည်း နှစ်စဉ်များပြား၍လာသည်။ ရာဇ၀တ်မှုများသည် လူများအား တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် သေဆုံးမှုကို ဖြစ်စေသည်။ တိုက်ရိုက်သေဆုံးမှုဖြစ်စေခဲ့သည့် အကြီးမားဆုံးအမှုတစ်ခုမှာ အမေရိကန်တွင် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်ပြီး လူပေါင်း ၂၉၉၆ ဦး သေဆုံးကာ လူပေါင်း ၆၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

အိုးအိမ်စည်းစိမ်များ ပျက်စီးခြင်း – တန်ဖိုးကြီးမားသော အိုးအိမ်စည်းစိမ်တို့သည် ရာဇ၀တ်မှုကျူးလွန်ခြင်းကြောင့် ပျက်စီးဆုံးရှုံးရသည်။ အိုးအိမ်အဆောက်အအုံများ ပျက်စီးခြင်းသည် ရာဇ၀တ်မှုများ၏ လူ့အဖွဲ့အစည်းအပေါ် ပြင်းထန်သော သက်ရောက်မှုတစ်ရပ် ဖြစ်သည်။ ဖောက်ထွင်းခိုးယူခြင်း၊ အကျင့်ပျက်လူငယ်များ ပြစ်မှုကျူးလွန်ခြင်းနှင့် အခြားအကြမ်းဖက်မှုများ အပါအ၀င် ရာဇ၀တ်မှုတို့က အိုးအိမ်စည်းစိမ်များကို ပျက်စီးစေသည်။

လူ့အဖွဲ့အစည်းအတွင်း လူနေမှုစရိတ်မြင့်မားလာစေခြင်း – လူ့အဖွဲ့အစည်းအတွင်း ရာဇ၀တ်မှု ကျူးလွန်ခြင်းသည် လူ့အဖွဲ့အစည်း၏ လူနေမှုစရိတ်များကို မြင့်တက်လာစေနိုင်သည်။ ယင်းသည် နည်းလမ်းများစွာဖြင့် ဖြစ်ပေါ်နိုင်သည်။ ဥပမာအားဖြင့် ရာဇ၀တ်မှုများ ကာကွယ်ရန် ကုန်ကျစရိတ်များ သုံးစွဲရခြင်း၊ ရာဇ၀တ်မှု ကျူးလွန်သူများကို စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲဆိုရန် ကုန်ကျစရိတ်များ သုံးစွဲရခြင်းနှင့် ရာဇ၀တ်မှုကျူးလွန်သူများကို အကျဉ်းထောင်များ၌ထားရန် ကုန်ကျစရိတ်များ သုံးစွဲရခြင်းတို့ ဖြစ်ကြသည်။ ဥပမာအားဖြင့် ပြစ်မှုကျူးလွန်သူတစ်ဦးကို ထောင်ချထားသည့်အခါ နေထိုင်စရာနေရာ၊ အ၀တ်အထည်နှင့် အစားအစာတို့အတွက် စရိတ်များစွာ ကုန်ကျသည်။

လူ့အဖွဲ့အစည်းအတွင်း ရာဇ၀တ်မှုသည် ကွဲပြားခြားနားသောအရာများ ပေါင်းစပ်မှုမှနေ၍ ဖြစ်ပေါ်သည်။ ငွေသည် ဒုစရိုက်မှုများ အားလုံး၏ အကြောင်းရင်းဟူသည့်အတိုင်း ပထမဆုံးနှင့် အရေးကြီးဆုံးအရာမှာ ငွေဖြစ်သည်။ ငွေကြေးရှားပါးပြီး တစ်စုံတစ်ဦးသည် သူ၏လိုအပ်ချက်အတွက် ငွေမရှိသည့်အခါ ရာဇ၀တ်မှုအမျိုးမျိုးကို ကျူးလွန်ကြတော့သည်။ အခြားအကြောင်းရင်းတစ်ရပ်မှာ လက်စားချေလိုသည့်စိတ် ဖြစ်သည်။ ရာဇ၀တ်မှု နှင့် လူ့အဖွဲ့အစည်း ဆက်နွှယ်ချက်သည် တစ်ခုနှင့်တစ်ခု မှီခိုလျက်ရှိသည်။ ရာဇ၀တ်မှုများကို အမြဲတမ်း လူ့အဖွဲ့အစည်းအတွင်း၌ ကျူးလွန်ခြင်းဖြစ်ပြီး လုပ်ရပ်တစ်ခုကို ရာဇ၀တ်မှု ဟုတ်၊ မဟုတ် အမည်တပ်ကြသည်မှာ လူ့အဖွဲ့အစည်းဖြစ်သည်။ အထက်ဖော်ပြပါ အကြောင်းခြင်းရာများအပြင် လူမှုရေးဆိုင်ရာ ပဋိပက္ခများကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း၌ ရာဇ၀တ်မှုများ ဖြစ်ပွားသည်။

ယင်းရာဇ၀တ်မှုများသည် လူ့အဖွဲ့အစည်းအပေါ် ပြင်းထန်သော သက်ရောက်မှုများရှိသောကြောင့် လူ့အဖွဲ့အစည်းတစ်ရပ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရာဇ၀တ်မှုများ လျှော့ချနိုင်ရေးသည် မရှိမဖြစ်လိုအပ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန် ၂၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

ယဉ်ကျေးသိမ်မွေ့မှုနှင့် ဒီမိုကရေစီနိုင်ငံရေး

အမေရိကန် သမိုင်းပညာရှင် စတိဗ်ဘူးလော့က “မိမိတစ်ဦးတည်းသဘောဖြင့် စီမံအုပ်ချုပ်လိုသူများသည် အော်ငေါက်ကြ၊ ကျိန်ဆဲကြ၊ အနိုင်ကျင့်ကြသော်လည်း အမေရိကန်၏ တော်လှန်ပြောင်းလဲ ခဲ့မှုများသည် အခြေခံကျသော နိုင်ငံရေး လက်နက်အဖြစ် ယဉ်ကျေးသိမ်မွေ့မှုကို အသုံးပြုခဲ့သည်” ဟု ဆိုဖူးသည်။ ယနေ့ခေတ်တွင် နိုင်ငံရေး ဆွေးနွေးငြင်းခုံမှုများ၌ အံ့သြတုန်လှုပ်ဖွယ် ကောင်းသည့်အရာ တစ်ရပ်ကို တွေ့ရှိရသည်။ ယင်းမှာ စကားလုံးများဖြင့် စစ်ခင်းကြခြင်း ဖြစ်သည်။ မိမိကိုယ်မိမိ အာရုံစိုက်ခံ လိုသောကြောင့် တစ်ဦးနှင့်တစ်ဦး ရွှံ့ခဲများဖြင့် ပစ်ပေါက်နေကြသော ကလေးများနှင့် အလားသဏ္ဌာန်တူသည်။ နိုင်ငံရေးသမားများသည် ကြမ်းတမ်းစွာဖြင့် မဟုတ်မတရား ပြောဆိုမှုများကို လက်နက်အဖြစ် အသုံးပြုလာကြသည်။ နိုင်ငံရေးဆိုင်ရာ ဘက်အသီးသီး၌ ကလေးဆန်သည့် အပြုအမူများကို တွေ့ရှိလာရသည်။

အမေရိကန်သမိုင်း၌ ရှိခဲ့သော အီဗရာဟင်လင်ကွန်း၊ ဂျော့ဝါရှင်တန်၊ ရော်နယ်ရီဂင်နှင့် အခြား ကျော်ကြားသည့် ခေါင်းဆောင်ကြီးများ လူထုကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပြောဆိုခြင်း၊ အခြားသူများကို ချိုးနှိမ်ပြောဆိုခြင်းနှင့် မိမိအာရုံစိုက်ခံရသည်ကို အရသာတွေ့နေခြင်းတို့ ရှိခဲ့ပါသလား ဟူသည်ကို ပြန်လည်စဉ်းစားကြည့်ပါက ယင်းကဲ့သို့ တွေ့ရှိရမည် မဟုတ်ပေ။ အဆိုပါ ခေါင်းဆောင်တို့သည် သက်ဆိုင်ရာ အကြောင်းအရာများပေါ်၌သာ အာရုံထားပြီး မိမိကိုယ်မိမိ အာရုံထားခဲ့ကြသူများ မဟုတ်ပေ။ စကားလုံးများနှင့်အတူ လုပ်ဆောင်ချက်က ယှဉ်တွဲပါလာရသည်ကို ၎င်းတို့ ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။ နိုင်ငံရေးနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေး ငြင်းခုံနေသူများ အနေဖြင့် ဂုဏ်သိက္ခာရှိ၍ ထိရောက်သော ဆွေးနွေးမှုမျိုးဖြစ်ရန်လိုသည်။ ယင်းတို့အတွက် အခြေခံကျသော လက်နက်ကိရိယာမှာ ယဉ်ကျေးသိမ်မွေ့မှု ဖြစ်သည်။

နိုင်ငံရေးသမားများ အနေဖြင့် ကောင်းမွန်သော အရာများကို ပြောဆိုလုပ်ဆောင်ခဲ့ပါက လူအများ၏ မိမိအပေါ် အာရုံစိုက်မှုကို ရရှိမည်သာ ဖြစ်သည်။ ပုဂ္ဂိုလ်ရေး ဖိနှိပ်လိုသည့် သဘောဖြင့် လူများက အခြားသူများကို စော်ကားသည့်အခါ မိမိကိုယ်တိုင်ကို သိက္ခာချခြင်းနှင့် မိမိနိုင်ငံ၏ နိုင်ငံရေးကို သိက္ခာကျစေခြင်း မည်ပေသည်။ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ပုတ်ခတ်စော်ကားသည့်အခါ နှစ်ဘက်စလုံး သိက္ခာကျရမည်သာ ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ထိရောက်သော အကြံပေးမှု ငါးခုကို တင်ပြလိုပါသည်။ (၁) ပုတ်ခတ်စော်ကားခြင်း အပေါ်၌ မဟုတ်ဘဲ အကြောင်းအရာများ ပေါ်၌သာ အာရုံပြုပါ (၂) ကြမ်းတမ်းစွာ ပုတ်ခတ်စွပ်စွဲနေခြင်းနှင့် မိမိကို အာရုံစိုက်လာအောင် လုပ်ဆောင်နေသည့် မိန့်ခွန်းများကို ရပ်စဲပြီး စိတ်ကူးဥာဏ်များ၊ လုပ်ဆောင်ချက်များဖြင့် မိမိကိုယ်မိမိ  လက်နက်တပ်ဆင်ပါ (၃) အလျင်အမြန် နားထောင်ပြီး ဖြည်းညင်းစွာပြောပါ။ နားထောင်ခြင်းအမှုကို ပြုသည့်အခါ၌ အာရုံစိုက်မှုကို ရရှိရန်လည်း ဆွဲဆောင်နိုင်သည်။ မိမိ ပြောဆိုသည့် စကားလုံးများက နည်းပါးသည့်အခါ လူအများ၏ သတိပြုမိခြင်းကို ပိုမိုရရှိနိုင်သည် (၄) လိမ္မာပါးနပ်ပါ၊ မရိုင်းစိုင်းပါနှင့်။ ရော်နယ်ရီဂင်သည် “မစ္စတာဂေါ်ဘာချော့ဗ်၊ ဒီနံရံကို ဖြိုချပါ” ဟု ဆိုခဲ့ပြီး “မစ္စတာဂေါ်ဘာချော့ဗ်ကို ဖြိုချပါ” ဟု မပြောခဲ့သည်ကို သတိပြုနိုင်သည်။ ရော်နယ်ရီဂင်သည် နိုင်ငံရေး၌လည်း အနုပညာရှိသူ ဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ (၅) လုပ်ဆောင်ချက်ကို အဓိက ရည်မှန်းချက်အဖြစ်ထားပါ။ ထိရောက်သော လုပ်ဆောင်ချက် ပြုလုပ်ရေးဟူသည့် အဓိက ရည်မှန်းချက်မှနေ၍ သွေဖည်သွားနိုင်သော အဆိုပြုခြင်း၊ ငြင်းခုံခြင်းမျိုး မပြုလုပ်ရပါ။

ယနေ့ခေတ်၏ နိုင်ငံရေး ရာသီဥတုသည် သဲကန္တာရ တစ်ခုကဲ့သို့ ပူပြင်းလျက်ရှိသည်။ ပူပြင်းသော စကားလုံးပေါ်သို့ အေးမြသောရေဖြင့် ပက်ဖျန်းရန်လိုသည်။ ထို့ကြောင့် နိုင်ငံရေးတွင် ကောင်းမွန်၍ လိမ္မာပါးနပ်သော ဆွေးနွေးငြင်းခုံမှုမျိုးဖြစ်ရန် လိုအပ်သကဲ့သို့ ပြောဆိုချက်များနောက်မှနေ၍ လုပ်ဆောင်ချက်များ ကပ်လျက် ပါလာရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်လ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Facebook နှင့် ဂျာနယ်လစ်များအတွက် အန္တရာယ်

ဒီဂျစ်တယ် နည်းပညာသည် ခေတ်သစ်ကမ္ဘာကို တော်လှန်ပြောင်းလဲပစ်ခဲ့ပြီ ဖြစ်သည်။ ယင်းနည်းပညာ ပိုမိုတိုးတက်လာသည်နှင့်အမျှ လူ့အဖွဲ့အစည်းအပေါ် အန္တရာယ်များကလည်း ပို၍မြင်သာထင်သာ ရှိလာသည်။ လူမှုမီဒီယာများက လူ့အဖွဲ့အစည်းအပေါ် အလွန်ကြီးမားသော သက်ရောက်မှုရှိကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။ ယင်းတို့အနက် Facebook သည် သတင်းများ ဖြန့်ချိမှုကို များစွာချုပ်ကိုင်လာခြင်းနှင့်အတူ အစဉ်အလာအတိုင်း ရှိခဲ့သည့် မီဒီယာကုမ္ပဏီများနှင့် ထုတ်ဝေသူများသည် ၎င်းတို့၏ တရားဝင်သတင်းများ အများပြည်သူတို့ထံ ရောက်ရှိနိုင်စွမ်းကို တိုး၍တိုး၍ ဆုံးရှုံး၍လာသည်။ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယင်းသည် Facebook က မီဒီယာများကို အသေသတ်ရန် တိတ်တဆိတ် စစ်ခင်းလာခြင်းဟုပင် ဆိုနိုင်သည်။ အမေရိကန် ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမအကြိမ် ပြင်ဆင်ချက်က လွတ်လပ်စွာ ပြောဆိုခွင့် သို့မဟုတ် စာနယ်ဇင်း လွတ်လပ်ခွင့်အား ချိုးဖောက်မှုမှန်သမျှကို တားမြစ်ထားသောကြောင့် ယင်းလွတ်လပ်ခွင့် နှစ်ရပ်ကို Facebook က အကာအကွယ် ယူထားခြင်းဖြစ်သည်။

ရွေးကောက်ပွဲအပြီး လူအများ၏ တုံ့ပြန်မှုကို ခံရပြီးနောက် Facebook က သူ၏ Facebook ဂျာနယ်လစ်ဇင် စီမံချက်ကို ကြေညာခဲ့သည်။ Facebook အနေဖြင့် သတင်းလုပ်ငန်းလောကနှင့် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရေးအပေါ်၌ အာရုံပြုလာသည့် ပဏာမခြေလှမ်း ဖြစ်သည်။ ယင်းစီမံချက်တွင် သတင်းအကြောင်းအရာ ပြောပြခြင်း ပုံစံခွက်အသစ်ဖြင့် အလုပ်လုပ်ရန်နှင့် ဒေသခံသတင်းဌာနများနှင့် တွဲဖက်ဆောင်ရွက်ရန် တို့အတွက် ကတိပေးမှု ပါဝင်သည်။

သို့သော် သတင်းစားသုံးသူ အများစု၏ လက်ရှိ သတင်းဖတ်ပုံနည်းလမ်းသည် သတင်းထုတ်ဝေသူများအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပေါ်နေစေလျက်ပင် ရှိသေးသည်။ လူအများစုသည် သတင်းအကြောင်းအရာများကို Facebook Feed ပေါ်၌သာ ရှာဖွေကြည့်ရှုလျက်ပင် ရှိသေးသည်။ လူအများသည် သတင်းတစ်ခုကိုဖတ်ရန် သတင်းဝက်ဘ်ဆိုက်များသို့ ခေတ္တခဏမျှ ၀င်ရောက်ကြည့်ရှုပြီး မကြာမီမှာပင် ယင်းသတင်း အကြောင်းအရာကို ဆွေးနွေးရန်အတွက် Facebook ပေါ်သို့သာ ပြန်လာကြရသည်။ မူရင်းဝက်ဘ်ဆိုက်ကို မကြည့်ဘဲ Facebook သို့သာ ပြန်လည်ဝင်ရောက်မှု တစ်ကြိမ်သည် သတင်းထုတ်ဝေသူများအတွက် အကျိုးအမြတ် ဒေါ်လာပေါင်း ရာနှင့်ချီလျက် ဆုံးရှုံးသွားစေသည်။ အဘယ့်ကြောင့်ဆိုသော် ၀င်ရောက်ကြည့်ရှုသူ ပရိသတ်မရှိဘဲ ငွေကောက်ခံရရှိရန် မဖြစ်နိုင်သောကြောင့်ဖြစ်သည်။ မိမိဝက်ဘ်ဆိုက်သို့ ၀င်ရောက်ကြည့်ရှုမှု လွတ်သွားခြင်းသည် ငွေကြေးဆုံးရှုံးမှု သက်သက်သာမကဘဲ ပရိသတ် ပြန်လည်ရရှိရန် အတွက်ပါ အန္တရာယ်ရှိနေသည့် အမှတ်လက္ခဏာဖြစ်သည်။

သတင်းအကြောင်းအရာများကို Facebook ၌ ရှာဖွေသည့် အလေ့အကျင့်ရှိသူ များလာလေလေ သတင်းဝက်ဘ်ဆိုက်များသို့ ပြန်လည်ဝင်ရောက်မည့် အသုံးပြုသူ နည်းလာလေလေဖြစ်သည်။ ဤလမ်းကြောင်း အတိုင်းသာ ဆက်၍သွားနေပါက သတင်းထုတ်ဝေသူများနှင့် ဂျာနယ်လစ်များ မျိုးသုဉ်းရပေတော့မည်။ သတင်းထုတ်ဝေသူများသည် အချိန်များစွာ ကြာမြင့်ခဲ့သည့် အတောအတွင်း Facebook ကို စိန်ခေါ်နိုင်မည့် အခွင့်အလမ်းများအား လျစ်လျူပြုခဲ့ကြကာ ဥပဒေအရ ဖြေရှင်းရန်သာ ကြိုးပမ်းခဲ့ကြသောကြောင့် ယခုအနေအထားသို့ ဆိုက်ရောက်လာခြင်းဖြစ်သည်။ ဂျာနယ်လစ်များက သတင်းအချက်အလက်များကို အစီရင်ခံနိုင်ရန် ကြိုးပမ်းနေဆဲမှာပင် သတင်းထုတ်ဝေသူများ အနေဖြင့် ၎င်းတို့သတင်းဌာနများ ရပ်တည်ရေးအတွက် ခေါင်းခဲနေရသည်။

မည်သို့ပင်ဆိုစေကာမူ တရားဝင် သတင်းမီဒီယာများ အနေဖြင့် Facebook ကို စိန်ခေါ်နိုင်မည့် နည်းလမ်းများအား အမြန်ဆုံး ပူးပေါင်းရှာဖွေကြရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေလ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

စိတ်ကို ရှင်းလင်းအောင်ပြုလုပ်ခြင်း

တစ်ခါတစ်ရံတွင် မေးခွန်းများ၊ စိတ်ကူးများနှင့် အစီအစဉ်များသည် အစီအစဉ်တကျ မဟုတ်ဘဲ သို့မဟုတ် ရည်ရွယ်မထားဘဲ မိမိတို့၏ အတွေးများအတွင်းသို့ ရောက်ရှိလာနိုင်သည်။ ယင်းအတွေးများသည် ကောင်းမွန်သောအတွေး သို့မဟုတ် ထုတ်လုပ်မှုကြွယ်ဝသော အတွေးများ ဖြစ်နိုင်သည်။ သို့သော် ၎င်းတို့အပေါ် အာရုံပြုရန် ကြိုးပမ်းသည့်အခါ စိတ်အနှောင့်အယှက် ဖြစ်ရခြင်း သို့မဟုတ် စိုးရိမ်ပူပန်ရခြင်းတို့ ဖြစ်နိုင်သည်။ စိတ်ကို ရှင်းလင်းအောင် ပြုလုပ်ပုံကို သိရှိခြင်းသည် စိုးရိမ်လွန်ရောဂါ၊ စိတ်ကျရောဂါနှင့် အိပ်ပျော်ရန် အခက်အခဲရှိခြင်းတို့ကို ကာကွယ်ရာ၌ အထောက်အကူပြုသည်။

မိမိအနေဖြင့် တွေးတောနေသည့် အကြောင်းများကို ရေးချခြင်း၊ ရုပ်ပုံရေးဆွဲခြင်း သို့မဟုတ် သူငယ်ချင်း တစ်ဦးအား ပြောပြခြင်းတို့မှတစ်ဆင့် ဖွင့်ထုတ်လိုက်ခြင်းအားဖြင့် စိတ်ကိုအလျင်အမြန် ရှင်းလင်းအောင် ပြုလုပ်နိုင်သည်။ မိမိ၏စိတ်ကို ဖြတ်သန်းလျက် ဖြစ်ပေါ်လာနိုင်သည့် အရာများအဖြစ် ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် သို့မဟုတ် မြင်သာအောင် မိမိ၏ အတွေးများအကြောင်း အလုံးစုံ ဖော်ပြလိုက်ခြင်းဖြစ်သည်။ မိမိ၏ အတွေးများကို ဖော်ထုတ်လိုက်ပြီးသည်နှင့် ယင်းတို့ကို လုပ်ဆောင်ချက်များဖြင့် အကောင်အထည် ဖော်ရမည်လား သို့မဟုတ် အရေးမကြီးသော အတွေးများအဖြစ် စွန့်ပစ်လိုက်ရမည်လား ဟူသည်ကို တွက်ဆနိုင်သည်။

အတွေးများကို ရေးသားကာ ဖွင့်ထုတ်ခြင်း – မိမိ၏ စိတ်ထဲ၌ အတွေးများဖြင့် ရှုပ်ထွေးနေပါက တွေးမိသည်များကို ရေးချပါ။ လွတ်လပ်သော ပုံစံဖြင့် ရေးသားလျက် စတင်ပါ။ မည်သို့ခံစားရသနည်း၊ အဘယ့်အကြောင့် ခံစားရသနည်း၊ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်လိုသနည်း အစရှိသည်တို့ကို မှတ်တမ်းတင်ပါ။ ယင်း အချက်အလက်များကို မှတ်တမ်းတင်ပြီးနောက် တုံ့ပြန်ရန် ခိုင်မာသော တစ်စုံတစ်ရာ ရလာမည်ဖြစ်သည်။ ယင်းက မိမိအနေဖြင့် မည်သည့်အရာကိုမျှ မလုပ်ခဲ့သည့်တိုင် တစ်စုံတစ်ရာကို ပြီးစီးအောင် လုပ်လိုက်နိုင်သည်ဟူသော ခံစားမှုမျိုး ရရှိစေရန် အထောက်အကူပြုသည်။  ယင်းသည် မိမိ၏အတွေးများကို ရှင်းလင်းပစ်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်။ စာရွက်ပေါ်တွင် မိမိ၏ ဒုက္ခအခက်အခဲ အားလုံးကို ရေးချလျက် ယင်းတို့က မိမိအား အဘယ့်ကြောင့် အနှောင့်အယှက် ဖြစ်စေပုံကို ဆွေးနွေးမှုပြုလုပ်ပါ။ ယင်းနောက် ယင်းတို့ကို ကျေညက်အောင်ပြုလုပ်လျက် ဖယ်ရှားပစ်လိုက်ပါ။ အတွေးများကို ရေးချကာ စိတ်ကို ရှင်းလင်းအောင် ပြုလုပ်သူသည် ယင်းတို့ကြောင့် စိုးရိမ်သောက ဖြစ်နိုင်ခြေ နည်းပါးကြောင်း သုတေသနများက တွေ့ရှိခဲ့သည်။

အတွေးများကို ရုပ်ပုံရေးဆွဲကာ ဖွင့်ထုတ်ခြင်း – မိမိအနေဖြင့် ဗင်းဆင့်ဗင်ဂိုး ဖြစ်စရာမလို သကဲ့သို့  အနုပညာတစ်ရပ် ဖန်တီးတတ်ရန်လည်း မလိုပါ။ လိုအပ်သမျှမှာ မီဒီယံတစ်ခု သို့မဟုတ် စက္ကူတစ်ရွက်သာဖြစ်သည်။ ရောင်စုံခဲတံများဖြင့် သက်တံရေးဆွဲသည်ဖြစ်စေ၊ ဆီဆေးများဖြင့် စမ်းသပ်ရေးဆွဲသည်ဖြစ်စေ၊ မီးသွေးခဲဖြင့် အရိပ်များ ရေးခြစ်သည်ဖြစ်စေ မိမိ၏ စိုးရိမ်သောကများ ပြေလျော့သွားရန်သာ လိုသည်။ တစ်စုံတစ်ရာ ရေးဆွဲခြင်းမှနေ၍ စိတ်ကို ရှင်းလင်းအောင် ပြုလုပ်ခြင်းသည် မယုံကြည်နိုင်လောက်အောင် ထိရောက်အားကောင်းကြောင်း တွေ့ရှိရမည်ဖြစ်သည်။

သူငယ်ချင်းတစ်ဦးနှင့် ဆွေးနွေးခြင်း – အတွေးများနှင့် စိတ်ခံစားချက်များကို သိမ်းဆည်းထားတတ်ခြင်းသည် ဆိုးရွားသောအရာ မဟုတ်ပါ။ သို့သော် သေးငယ်သော အရာတစ်ခုသည် ညတွင်းချင်း ကြီးထွားလာကာ မိမိအား နှိပ်စက်တတ်သည်။ အချစ်နှင့် ပတ်သက်သော သောက၊ ကျန်းမာရေးနှင့် ပတ်သက်၍ စိတ်ဖိစီးမှု၊ အလုပ်နှင့် ပတ်သက်သော သံသယ အစရှိသည်တို့နှင့် ပတ်သက်၍ ပူပန်နေမှုများကို စိတ်ထဲမှ ရှင်းလင်းလိုပါက တစ်စုံတစ်ဦးနှင့် စကားပြောဆိုကြည့်ရန်လိုသည်။ မိမိ၏ သူငယ်ချင်းများ၊ မိမိ၏ မိသားစုဝင်များနှင့် ဦးစွာပြောဆိုပါ။ ၎င်းတို့သည် မိမိအား ချစ်ခင်ပြီး မိမိအပေါ် နားလည်ပေးနိုင်တတ်ကြသည်။ အပေါ်ယံပြောဆိုမှုများကို ကျော်လွန်လျက် ရင်းနှီးမှုရှိစေသော သို့မဟုတ် အတွေးပွားစေနိုင်သော တစ်စုံတစ်ရာကို မျှဝေကာ တစ်စုံတစ်ဦးနှင့် အလေးအနက် ပြောဆိုဆွေးနွေးခြင်းသည် လူတို့ကို ပိုမိုပျော်ရွှင်စေနိုင်ကြောင်း သုတေသနများက တွေ့ရှိခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ နှစ်သစ်၌ စိတ်ကို ရှင်းလင်းအောင် ပြုလုပ်လျက် ပို၍ ပျော်ရွှင်နိုင်ပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဧပြီ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

အနှောင့်အယှက်ကင်းစွာ သီးသန့်တည်ရှိမှု

အနှောင့်အယှက်ကင်းစွာ သီးသန့်တည်ရှိမှု (Privacy) ဟူသည် ပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် အုပ်စုတစ်စု၏ ၎င်းတို့ဘာသာ သို့မဟုတ် ၎င်းတို့၏ အချက်အလက်များနှင့် ပတ်သက်၍ တစ်သီးတခြား အနှောင့်အယှက်ကင်းစွာ နေနိုင်စွမ်းဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းတို့နှစ်သက်သလို ထုတ်ဖော်ပြနိုင်သည်။ မည်သည်ကို Privacy ဟု သတ်မှတ်သနည်းဟူသည်နှင့် ပတ်သက်၍ နယ်နိမိတ်အပိုင်းအခြားများနှင့် ပါဝင်သည့် အရာများသည် လူပုဂ္ဂိုလ်အလိုက် ယဉ်ကျေးမှုများအလိုက် ကွဲပြားခြားနားကြသည်။ သို့သော်  ပင်မအကြောင်းအရာများမှာ အတူတူပင်ဖြစ်သည်။ တစ်စုံတစ်ရာသည် လူပုဂ္ဂိုလ်တစ်ဦးအတွက် Privacy ဖြစ်သည့်အခါ ယင်းတစ်စုံတစ်ရာသည် ထိုသူအတွက် မွေးရာပါအထူးကိစ္စ သို့မဟုတ် ထိရှမခံနိုင်သော ကိစ္စဖြစ်သည်။ Privacy ၏ နယ်မြေသည် လုံခြုံမှု (အတွင်းရေး) နှင့် တစ်စိတ်တစ်ပိုင်းအရ ဆက်နွှယ်လျက်ရှိသည်။ ယင်းတွင် လျော်ကန်သော အသုံးပြုမှုအပြင် အချက်အလက်က ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ သဘောတရားများ ပါဝင်သည်။ Privacy သည် ကိုယ်ခန္ဓာနှင့်ဆိုင်သော ဂုဏ်သိက္ခာပုံစံ တစ်မျိုးလည်း ဖြစ်နိုင်သည်။

အစိုးရ၊ ကော်ပိုရေးရှင်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းတို့က Privacy ကို ခွင့်မပြုဘဲ ၀င်ရောက်နှောင့်ယှက်ခြင်း မပြုရန် လူ့အခွင့်အရေး တစ်ရပ်သည် နိုင်ငံများစွာတို့၏ Privacy ဆိုင်ရာဥပဒေတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သည်။ အချို့နိုင်ငံများတွင် Privacy ကိစ္စကို ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း၌ပင် ထည့်သွင်းရေးဆွဲ ထားသည်။ နိုင်ငံအားလုံးနီးပါး၌ Privacy ကို တစ်နည်းနည်းဖြင့် ကန့်သတ်ထားသော ဥပဒေများလည်း ရှိသည်။ ဥပမာအားဖြင့် အခွန်ကောက်ခံခြင်းနှင့် ပတ်သက်သော ဥပဒေဖြစ်သည်။ ပုံမှန်သဘောအရ လူပုဂ္ဂိုလ်တစ်ဦး၏ ၀င်ငွေ သို့မဟုတ် ရရှိသော အကျိုးအမြတ်နှင့် ပတ်သက်သော အချက်အလက်များကို အခွန်ဥပဒေအရ မျှဝေရန် လိုအပ်သည်။ နိုင်ငံအချို့တွင် တစ်သီးပုဂ္ဂလဆိုင်ရာ Privacy သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဥပဒေများနှင့် ပဋိပက္ခ ဖြစ်နေတတ်သည်။ နိုင်ငံအချို့၏ ဥပဒေများတွင် အခြားနိုင်ငံများနှင့် အခြားယဉ်ကျေးမှုများ၌ Privacy ဟု သတ်မှတ်ထားသည့် အချက်အလက်များကို လူသိရှင်ကြား ထုတ်ဖော်ပြရန် လိုအပ်သည်။

Privacy ဟူသည် လူသားတို့၏ ဆက်ဆံရေးနှင့် ပတ်သက်၍ မဟာဗျူဟာမြောက်  အမြင်တစ်ရပ် ဖြစ်သော်လည်း အကျိုးကျေးဇူးများ ဖြစ်ထွန်းနိုင်သည့် ကိစ္စများအတွက် တစ်ခါတစ်ရံတွင် အန္တရာယ်များ၊ ဆုံးရှုံးမှုများနှင့်အတူ Privacy ကို မိမိသဘောဆန္ဒအလျောက် စတေးပစ်လိုက်ကြရသည်။ ဥပမာအားဖြင့် အခြားသူများ၏ ယုံကြည်မှုကို မြှင့်တင်ပြီး အဓိပ္ပာယ်ရှိသော လူမှုဆက်ဆံရေး တည်ဆောက်ရန်အတွက် လူတို့သည် မိမိ၏ အမည်နာမကို ထုတ်ဖော်ပြောကြားရန် အဆင်သင့် ဖြစ်နေတတ်ကြသည်။ မည်သည့် အချက်အလက်များကို စုဆောင်းပြီး မည်သို့မည်ပုံ အသုံးပြုမည်ကို ပွင့်လင်းမြင်သာရှိသည်ဟု အချက်အလက် စုဆောင်းသူများအပေါ် ရှုမြင်ပါက လူတို့သည် မိမိတို့ သဘောဆန္ဒအလျောက် Privacy ကို စတေးပစ်ရန် ပို၍ဆန္ဒရှိကြောင်း သုတေသနများက ပြသခဲ့ကြသည်။ စီးပွားရေးလောကတွင် ဆုလာဘ်တစ်ခုကို ရရှိရန် လောင်းကြေးထပ်ရာ၌ (တစ်ခါတစ်ရံ ကြော်ငြာရန် ရည်ရွယ်ချက်ဖြင့်) လူတစ်ဦးအနေဖြင့် ၎င်း၏စိတ်ဆန္ဒအလျောက် ပုဂ္ဂိုလ်ရေး အသေးစိတ် အချက်အလက်များကို ပေးတတ်ကြသည်။ မိမိတို့ သဘောဆန္ဒအလျောက် ပုဂ္ဂိုလ်ရေး အချက်အလက်များကို ဖြန့်ဝေလိုက်သည့်အခါ ယင်းအချက်အလက်များကို ခိုးယူခြင်း သို့မဟုတ် မလျော်မကန် သုံးစွဲခြင်း ပြုလုပ်ခံရတတ်ကာ အခြားသူများက မိမိ၏ အယောင်ဆောင်မှုများ ဆီသို့လည်း ဦးတည်သွားနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ လူသားတစ်ဦး၏ မွေးရာပါ လူ့အခွင့်အရေးများထဲတွင် Privacy လည်း ပါဝင်ပြီး ဒီမိုကရေစီနိုင်ငံများတွင် Privacy ဆိုင်ရာ ဥပဒေသည် အရေးကြီးသည့် ဥပဒေတစ်ရပ် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဧပြီလ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်