ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ကာလအတွင်း ကြယ်ပွင့်ပြမေးခွန်း ၈၆ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၁၂၄ ခု မေးမြန်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းသည့် အဆိုတစ်ခု အတည်ပြု

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ကာလအတွင်း ကြယ်ပွင့်ပြမေးခွန်း ၈၆ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၁၂၄ ခု မေးမြန်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းခဲ့သည့် အဆိုတစ်ခု အတည်ပြုခဲ့သည်။

အဋ္ဌမပုံမှန် အစည်းအဝေး ကာလတွင် လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း တင်သွင်းခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ နိုင်ငံသူ နိုင်ငံသားများ ဘေးကင်းလုံခြုံသော စားနပ်ရိက္ခာများ ဖူလုံစွာ ရရှိစေရေးအတွက် ကျေးလက်နေ တောင်သူလယ်သမားများအား ပြည်ထောင်စုအစိုးရမှ အသိပညာ၊ နည်းပညာများ အထောက်အပံ့ အကူအညီပေးပြီး G.A.P စနစ် (Good Agriculture Practice) နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန် အဆိုအား ထောက်ခံသူများသည့်အတွက် အတည်ပြုခဲ့သည်။

ထို့ပြင် ဥပဒေကြမ်းများအနေဖြင့် မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊    သိပ္ပံနည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဥပဒေကြမ်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့လာသည့် မြန်မာသမိုင်းအဖွဲ့ဥပဒေ ကြမ်း၊ သစ်တောဥပဒေကြမ်း၊ ရုပ်မြင် သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်း၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းကောင်စီ ဥပဒေကြမ်း၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ် ဥပဒေကြမ်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းများကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရန် ဆောင်ရွက်ခဲ့ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်။

အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဋ္ဌ တင်သွင်းခဲ့သည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်တွင် အတည်ပြုပြီးနောက် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ကြောင်း၊ တောင်သူလယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ တင် သွင်းခဲ့သည့် ၂၀၁၇ ခုနှစ် မြေသိမ်း ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးနိုင်ရန် အမည်စာရင်း တောင်းခံခြင်း၊ ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီး ပေးပို့လာသော စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပဒေများကို လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ကာလတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာ တင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် အစည်းအဝေးအား မေ ၁၄ ရက်တွင် စတင်ခဲ့ပြီး ဇွန် ၂၁ ရက်တွင် ရပ်နားခဲ့ပြီး အမျိုးသားလွှတ်တော် အစည်းအဝေးအား ၁၈ ရက် ကျင်းပခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီမှ မေ ၁၀ ရက်အထိ ပြည်သူများက တိုင်ကြားသည့် တိုင်ကြားစာ ၉၀၀ ကျော်တွင် မြေယာသိမ်းဆည်းမှု၊ တရားရေးနှင့်သက်ဆိုင်သည့် တိုင်ကြားစာ အများဆုံးရောက်ရှိကြောင်း အမျိုးသားလွှတ်တော် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြောကြား

၂၀၁၈ ခုနှစ် ဧပြီမှ မေ ၁၀ ရက်အထိ ပြည်သူများက တိုင်ကြားသည့် တိုင်ကြားစာ ၉၀၀ ကျော်တွင် မြေယာသိမ်းဆည်းမှု၊ တရားရေးနှင့် သက်ဆိုင်သည့် တိုင်ကြားစာအများဆုံး ရောက်ရှိကြောင်း အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဆန်းမြင့်က The Daily Eleven သတင်းစာသို့ မေ ၁၀ ရက်က ပြောကြားသည်။

“လွှတ်တော်ရပ်နားထားတဲ့ ဧပြီကနေ ယနေ့အထိ တိုင်ကြားစာစောင်ရေ ၉၀၀ ကျော်လောက် ရောက်လာတယ်။ အဲဒီအထဲမှာ မြေယာသိမ်းဆည်းမှုနဲ့ပတ်သက်တာက အများဆုံးတိုင်ကြားထားတာကို တွေ့ရတယ်။ ဒုတိယအများဆုံးကတော့ တရားရေးနဲ့ပတ်သက်တဲ့ တိုင်ကြားစာတွေပဲ။ တချို့တိုင်ကြားစာတွေ ကျတော့လည်း လုပ်ထုံးလုပ်နည်းတွေနဲ့ မညီတဲ့အတွက် ဆောင်ရွက်ရန်မလိုဘူးဆိုပြီး သတ်မှတ်လိုက်ရတဲ့ တိုင်စာတွေလည်းရှိတယ်” ဟု ဦးဆန်းမြင့်က ပြောကြားသည်။

အမျိုးသားလွှတ်တော် အစည်းအဝေးများ ရပ်နားထားသည့် ဧပြီမှ မေ ပထမပတ်အတွင်း ကော်မတီသို့ရောက်ရှိလာသည့် တိုင်ကြားစာ ၉၀၀ ကျော်တွင် မြေယာနှင့်ပတ်သက်သည့် တိုင်ကြားစာစောင်ရေ ၄၀၀ ခန့်ရှိကြောင်း၊ တရားရေးနှင့်ပတ်သက်သည့် တိုင်ကြားစာစောင်ရေမှာ ၃၀၀ ၀န်းကျင်ခန့်ရှိကြောင်း၊ ကျန်သည့် တိုင်ကြားစာများသည် အထွေထွေ တိုင်ကြားစာများဖြစ်ကြောင်း၊ အချို့တိုင်ကြားစာများသည် လုပ်ထုံးလုပ်နည်းများနှင့် မညီသည့်အတွက် ဆောင်ရွက်ရန်မလိုဟု သတ်မှတ်ရသည့်အထဲတွင် ပါဝင်သွားသည့် တိုင်ကြားစာများရှိကြောင်း ကော်မတီဥက္ကဋ္ဌ ဦးဆန်းမြင့်က ပြောကြားသည်။

အမျိုးသားလွှတ်တော် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဆန်းမြင့်က “ပြီးခဲ့တဲ့ သတ္တမပုံမှန်အစည်းအဝေးအထိက တိုင်ကြားစာပေါင်း ၆၀၀၀ ကျော်လောက် ရောက်တယ်။ သတ္တမပုံမှန်အစည်းအဝေး ရပ်နားစဉ်ကာလတွင် မပြီးပြတ်သေးတဲ့ တိုင်ကြားစာတွေကို စိစစ်နေပါတယ်။ လွှတ်တော်ရပ်နားထားတဲ့ ကာလမှာ တိုင်ကြားစာပေါင်း ၉၀၀ ကျော်လောက် ထပ်မံရောက်ရှိလာတယ်။ မပြီးပြတ်သေးတဲ့ တိုင်ကြားစာပေါင်း ၂၀၀၀ လောက် ကျန်သေးတယ်။ အဋ္ဌမပုံမှန်အစည်းအဝေးမစခင်မှာ တိုင်ကြားစာတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်နေပါတယ်။ မပြီးသေးတဲ့ တိုင်ကြားစာတွေထဲမှာ အများဆုံးကတော့ မြေယာနဲ့ပတ်သက်တဲ့ အမှုတွေပဲ။ ဒုတိယအများဆုံးကတော့ တရားရုံးတွေနဲ့ ပတ်သက်ပြီးတော့ မကျေနပ်ချက်တွေအပေါ်မှာ တိုင်ကြားလာတာတွေရှိတယ်။ ကျန်တာကတော့ အထွေထွေတိုင်ကြားစာတွေပါ။ အထွေထွေတိုင်ကြားစာထဲမှာတော့ ၀န်ကြီးဌာနတွေနဲ့ ပတ်သက်တာတွေ တိုင်ကြားတာတွေရှိတယ်။ ကော်မတီအနေနဲ့ကတော့ မြေသိမ်းယာသိမ်းတဲ့ ကိစ္စတွေနဲ့ပတ်သက်တာတွေကို ဗဟိုမြေစစ်ကို လွှဲသင့်တာတွေ လွှဲတယ်။ တချို့တိုင်ကြားစာတွေကိုတော့ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုလွှဲတယ်။ သိမ်းဆည်းမြေတွေနဲ့ ပတ်သက်ပြီးတော့ ကွင်းဆင်းစစ်ဆေးဖို့ လွှတ်တော်ဥက္ကဋ္ဌကြီးထံကို တင်ပြရပါတယ်” ဟုပြောကြားသည်။

ဆက်လက်၍ “တရားရုံးကိစ္စတွေကတော့ စစ်ဆေးကြားနာဆဲ ကိစ္စတွေဖြစ်တဲ့အတွက် ဥပဒေပြုရေးမဏ္ဍိုင်အနေနဲ့က တရားစီရင်ရေးမဏ္ဍိုင်ကို စောင့်ကြည့်ရုံ၊ ထိန်းကျောင်းရုံပဲရတာကို။ တိုက်ရိုက်ဝင်စွက်ဖက်လို့ မရဘူး။ မရပေမယ့်လည်း တိမ်းစောင်းနေမှု တော်တော်များများကို တွေ့ရတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ကြီးကြပ်ပေးဖို့ဆိုပြီး လွှဲပြောင်းပေးတဲ့ တိုင်ကြားစာတွေရှိတယ်။ တရားစီရင်မှုတွေမှာ တိမ်းစောင်းမှုတွေ ရှိနေတယ်ဆိုတာတွေကိုပေါ့” ဟု ဦးဆန်းမြင့်က ပြောကြားသည်။

လွှတ်တော်တွင် အတည်ပြုထားသည့် အဆိုများသည် ရေပေါ်အရုပ်ရေးသလိုဖြစ်နေပြီး လုပ်ငန်းရှင်များက တိုင်းဒေသကြီးအစိုးရကို လိမ်ညာနေခြင်းလား၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအဆင့်ကို ဂရုမစိုက်ခြင်းလားဆိုသည်ကို ကော်မတီအနေဖြင့် တွန်းအားပေးသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

လွှတ်တော်တွင် အတည်ပြုထားသည့် အဆိုများသည် ရေပေါ်အရုပ်ရေးသလိုဖြစ်နေပြီး လုပ်ငန်းရှင်များက တိုင်းဒေသကြီးအစိုးရကို လိမ်ညာနေခြင်းလား၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအဆင့်ကို ဂရုမစိုက်ခြင်းလားဆိုသည်ကို ကော်မတီအနေဖြင့် တွန်းအားပေးသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက ဆွေးနွေးခဲ့သည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့်ပတ်သက်ပြီး ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အမျိုးသားလွှတ်တော်မှာ ကတိဖြစ်ထားတဲ့အဆိုဟာ ရေပေါ်မှာ အရုပ်ရေးသလိုဖြစ်နေဆဲပါ။ ဒါကြောင့်မို့ လုပ်ငန်းရှင်တွေကပဲ တိုင်းဒေသကြီးအစိုးရကို လိမ်ညာနေတာလား။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကပဲ ပြည်ထောင်စုအဆင့်ကို ဂရုမစိုက်တာပဲလားဆိုတာကို ဥပဒေပြုရေး ပြည်သူ့ကိုယ်စားပြုရေးနဲ့ စောင့်ကြည့်ထိန်းညှိရေးတာဝန်တို့အရ အမျိုးသားလွှတ်တော်ကြီးကနေ အခုလိုထောက်ပြတာကို အာမခံကတိကော်မတီအနေနဲ့ အလေးအနက်ထားတွန်းအားပေးဖို့ အကြံပြုလိုပါတယ်။ ကတိဖြစ်ခဲ့တဲ့အဆိုနဲ့ မေးခွန်းတွေအပေါ် အရေးယူဆောင်ရွက်ရာမှာ ဟိုကိစ္စက အရေးကြီးလို့၊ ဒီကိစ္စကသေးလို့ဆိုတဲ့ အမည်ခွဲခြားအလေးမထားသလို မဖြစ်စေဘဲ၊ သားသမင်ကို ကျားဘုရင်က အားအင်အရာမှာ ကြီးကြီးသေးသေးတစ်ပြေးညီ ခွန်အားစိုက်ထုတ်ဖမ်းယူသလိုမျိုး ကြိုးပမ်းဆောင်ရွက်စေချင်ပါတယ်။ ဒါမှသာ လျော့တိလျော့ရဲဖြစ်နေတဲ့ ဌာနဆိုင်ရာအချို့ကို ပိုမိတာဝန်ယူလိုစိတ် ပြည့်ဝလာစေပြီး နိုင်ငံရဲ့အခွန်ဘဏ္ဍာငွေ ဆုံးရှုံးလစ်ဟာနေခြင်းမှ ကာကွယ်နိုင်မှာဖြစ်လို့ အခုလို အကြံပြုဆွေးနွေးထောက်ပြရခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာခွန်ဝင်းသောင်းက ပြောကြားသည်။

ထို့ပြင် ကော်မတီ၏အစီရင်ခံစာသည် မိုးထိမိုးမိအစီရင်ခံစာဟု အမည်တပ်ရလောက်အောင် လေ့လာသုံးသပ်ထားသည်ကို တွေ့ရကြောင်း၊ သို့သော် လွှတ်တော်တွင် အတည်ပြုထားခဲ့သည့်အဆိုများဖြစ်သည့် MICA၊ ငါးတက္ကသိုလ်၊ ဆေးလိပ်ဆေးရွက်ကြီး၊ လောင်းကစားကိစ္စနှင့် ငါးတင်ငါးချဆိပ်ကမ်းတွင် Catch Certificate စနစ်တကျထုတ်ပေးခြင်းကိစ္စများ၌ အစိုးရဌာနများ၏ လက်ရှိဆောင်ရွက်မှု၊ လိုအပ်ချက်နှင့် အားသာချက်၊ အားနည်းချက်များကို ထောက်ပြသုံးသပ်ထားသည်ကို မတွေ့ရသလောက်ဖြစ်ကြောင်း ဒေါက်တာခွန်ဝင်းသောင်းက ပြောကြားသည်။

ဒေါက်တာခွန်ဝင်းသောင်းက “စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ ကတိဖြစ်ခဲ့တဲ့ အဆိုနဲ့ပတ်သက်လို့ စက်ရုံ သို့မဟုတ် ပြည်ပသို့ FOB၊ CIF တို့နဲ့ပို့ဆောင်ဖို့ ကတိဖြစ်တဲ့အဆိုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ လျော့တိလျော့ရဲဖြစ်နေတာကို အာမခံကတိကော်မတီအနေနဲ့ အလေးပြုစောင့်ကြည့် ထိန်းညှိတွန်းအားပေးစေလိုပါတယ်” ဟုပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များက အာပေါက်လုမတတ် ခဏခဏထောက်ပြခဲ့သည့် One Stop Service (OSS) စစ်ဆေးရေးစခန်းဆိုသည်မှာ နိုင်ငံတော်၏ ရသင့်ရထိုက်သည့် အခွန်အခများ ပြည့်ပြည့်၀၀ရနိုင်ရန်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ငါးလုပ်ငန်းဦးစီးဌာနဖြစ်ပြီး MIC အနေဖြင့် လွန်ခဲ့သည့် ၁၇ နှစ်ကတည်းက ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အတွက် နိုင်ငံခြားကုမ္ပဏီ၊ နိုင်ငံတော်နှင့် တိုင်းရင်းသားလုပ်ငန်းရှင်များပါသည့် ကုမ္ပဏီတို့က တစ်ထောက်နား စစ်ဆေးရေးစခန်းအတွက် မြေနေရာ၊ အဆောက်အအုံနှင့် ရုံးသုံးပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း၊ ယနေ့အထိ မြိတ်တွင်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆွေးနွေးခဲ့သည်။

“MIC ရဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ ဘောင်ကျော်မလုပ်သင့်တဲ့ ပြည်ထောင်စုအဆင့်ကနေ စိစစ်ခွင့်ပြုရမယ့် လုပ်ငန်းတစ်ခုကို တိုင်းဒေသကြီးဦးစီးမှူးအဆင့်က ခွင့်ပြုချက်ပေးခဲ့တဲ့ မြိတ်အရှေ့ဘက်ကမ်း ပထော်ပထက် ငါးလေလံဈေး၊ ငါးတင်ငါးချဆိပ်ကမ်းရဲ့ MIC ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြု ချိုးဖောက်နေခြင်းကိုတော့ ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနက မမြင်ဟန်ဆောင်နေသလားလို့ မှတ်ချက်ပြုချင်ပါတယ်။ ငါးလုပ်ငန်းဥပဒေမှာလည်း Catch Certificate ဆိုတာ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ အဖွဲ့စုံရှိရာ ငါးတင်ငါးချဆိပ်ကမ်းမှာ မျက်မြင်တင်ချ စစ်ဆေးပြီးမှသာ ထုတ်ပေးရမယ်လို့ အတိအကျပါထားပါလျက်နဲ့ ဥပဒေမလိုက်နာမှုကို အရေးမယူတဲ့အပြင် အားပေးအားမြှောက်ပြုရာရောက်အောင် မသိကျိုးကျွန်ပြုပေးနေမှတော့ နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာငွေပြည့်ဝစွာ ဘယ်လိုနည်းနဲ့မှမရနိုင်ပါဘူး” ဟု ဒေါက်တာခွန်ဝင်းသောင်းက ဆွေးနွေးခဲ့သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးမှ သတ္တမပုံမှန်အစည်းအဝေးထိ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား မတ် ၁၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ကော်မတီက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး မတ် ၂၉ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမှုပြုလုပ်ခဲ့သည်။

ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီအား အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်း

ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီအား အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းခဲ့သည်။

မတ် ၂၁ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ယင်းကော်မတီနှင့်ပတ်သက်ပြီး ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းများနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက ဖတ်ကြားတင်ပြခဲ့ကာ ကော်မတီတွင် ပါဝင်သူများ၏ အမည်စာရင်းများ လွှတ်တော်သို့တင်ပြခဲ့ပြီး အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ကော်မတီ၏ လုပ်ငန်းတာဝန်များအနေဖြင့် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၀န်ကြီးဌာန၊ အဖွဲ့အစည်းများ၏မူဝါဒ၊ ရည်မှန်းချက်များ၊ စီမံကိန်းများ၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၏ လက်ရှိရောက်ရှိနေသော အခြေအနေများကို လေ့လာသုံးသပ်အကြံပြုခြင်း၊ ကဏ္ဍများအလိုက် သုံးသပ်အကြံပြုရန်၊ ဆောက်လုပ်ရေးကဏ္ဍကို စနစ်ကျန၍ ခေတ်မီစွာဖွံ့ဖြိုးတိုးတက်စေရန်၊ မြို့ပြနှင့် ကျေးလက်ဒေသနေ ပြည်သူလူထု၏ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားလာစေရေးအတွက် လမ်းတံတားများကို အဆင့်မီ အသစ်ဖောက်လုပ်တည်ဆောက်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ပြည်သူလူထုအတွက် သင့်လျော်ကောင်းမွန်သည့် အိမ်ရာများကို ဖြည့်ဆည်းဆောင်ရွက်ရန်ဖြစ်ကြောင်း ဦးမင်းဦးက လွှတ်တော်သို့တင်ပြခဲ့သည်။

လျှပ်စစ်ဓာတ်အား လုံလောက်ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ရနိုင်သမျှ ရေအား၊ လေအား၊ နေအား၊ အပူစွမ်းအင်နှင့် အခြားစွမ်းအင်အရင်းအမြစ်များကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်စေရန်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ခေတ်မီနည်းစနစ်များနှင့်အညီ ဆောင်ရွက်၍ ဒေသအလိုက် ဖြန့်ဖြူးရေးလုပ်ငန်းများတွင် ပုဂ္ဂလိကပိုင်းမှ ပါဝင်ဆောင်ရွက်မှုကို အားပေးမြှင့်တင်သွားရန်၊ စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကအပိုင်းမှ ပိုမိုပါဝင်လာစေရေးကို မြှင့်တင်ဆောင်ရွက်ရန်၊ စွမ်းအင်အမျိုးအစားသစ်များနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် မြှင့်တင်ဆောင်ရွက်ရန် စသည့်အချက်များသည် ကော်မတီ၏ လုပ်ငန်းတာဝန်များဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးစောမိုးမြင့် (ခ) ဆင်မြူရယ်၊ အတွင်းရေးမှူးအဖြစ် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉) မှ ဦးမြမင်းဆွေ၊ အဖွဲ့ဝင်များအဖြစ် ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၂) မှ ဦးနိုင်ကိုကို၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးဖြေရယ် (ခ) ဦးမြင့်သန်းထွန်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) မှ ဦးစိုင်းသန်းနိုင်၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) ဦးငွန်ဟေး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဦးကိုကိုနိုင်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) မှ ဦးဇော်ဟိန်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉) မှ ဦးမောင်မောင်ဆွေ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးစိုးသီဟ (ခ) မောင်တူး၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၈) မှ ဦးကျော်ကျော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇) မှ ဦးရဲမြင့်ဦး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးမိုဏ်းအုန်းခိုင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ ဦးစိုးမိုး၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးဇော်လွင်တို့ဖြစ်ကြောင်း လွှတ်တော်က အတည်ပြုခဲ့သည်။

ဦးစောမိုးမြင့် (ခ) ဆင်မြူရယ်က “မြန်မာပြည်ကလမ်း အာရှလမ်းပိုင်းထဲ ပါဝင်လာမှာဖြစ်တဲ့အတွက် လမ်းတွေကို နိုင်ငံတကာအဆင့်မီအောင် လုပ်ဖို့လိုတယ်။ အခုလည်း တိုင်းပြည်ရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် လမ်းတွေကို နိုင်ငံတကာချေးငွေနဲ့လုပ်ဖို့ ကြိုးစားနေတာလည်းရှိတယ်။ တစ်ချိန်တည်းမှာပဲ B.O.T နဲ့လုပ်နေတဲ့ ကုမ္ပဏီတွေကနေပြီးတော့ ခရီးသွားလူထုတွေ စိတ်ချမ်းသာမှုပေးနိုင်တဲ့ အခြေအနေမရှိဘူးလေ။ ဒါတွေကတော့ မေးရမယ့်အပိုင်းတွေပေါ့” ဟု သတင်းထောက်များအား ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များ မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများက ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ကြောင်း လွှတ်တော်အခွင့်အရေးကော်မတီ အစီရင်ခံစာတင်သွင်း

မတ် ၁၄ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမမှ ပြန်လည်ထွက်ခွာလာသော လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်

လွှတ်တော်ကိုယ်စားလှယ်များ မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများက ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ခြင်းများရှိသည်ဟု လေ့လောတွေ့ရှိရကြောင်း အမျိုးသားလွှတ်တော် အခွင့်အရေးကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။

မတ် ၁၄ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် စတုတ္ထပုံမှန်အစည်းအဝေးမှ ဆဋ္ဌမပုံမှန်အစည်းအဝေးကာလအတွင်း ကော်မတီ၏ဆောင်ရွက်ချက်များအား လွှတ်တော်အခွင့်အရေးကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။

ကော်မတီ၏အစီရင်ခံစာတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီသို့ လွှဲအပ်သောကိစ္စများနှင့် တိုင်ကြားစာများကို စိစစ်လေ့လာခြင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များအရ လေ့လာတွေ့ရှိရခြင်းဖြစ်ကြောင်း လွှတ်တော်သို့ တင်သွင်းခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်အချို့သည် မိမိ၏တာဝန်ဝတ္တရားဖြစ်သော မဏ္ဍိုင်ကြီးသုံးရပ်အကြား အပြန်အလှန်ထိန်းညှိခြင်း ဆောင်ရွက်ရာ၌ တစ်ခါတစ်ရံ အုပ်ချုပ်ရေးလုပ်ငန်းများတွင် ၀င်ရောက်စွက်ဖက်သည့်သဘော သက်ရောက်ဆောင်ရွက်မိခြင်းများ တွေ့ရှိရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိမဲဆန္ဒနယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အဆင့်ဆင့်သော အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ယင်းအဖွဲ့အစည်းများမှ ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် လုပ်ငန်းဆောင်ရွက်ချက်များ အောင်မြင်သင့်သလောက် မအောင်မြင်ခြင်းများရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းနှင့် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော သတင်းအချက်အလက်၊ အထောက်အထား၊ စာရွက်စာတမ်းများနှင့်စပ်လျဥ်း၍ သက်ဆိုင်ရာအဆင့်ဆင့်သော အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများနှင့် ဦးစီးဌာနများသို့ တောင်းခံရာတွင် လွှတ်တော်ကိုယ်စားလှယ်များ တောင်းခံသည့် အချက်အလက်များကို သက်ဆိုင်ရာကပေးပို့မှု နှောင့်နှေးကြန့်ကြာခြင်းနှင့် လုံးဝပေးပို့မှုမရှိခြင်းများရှိကြောင်း လွှတ်တော်အခွင့်အရေးကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။

လွှတ်တော်အခွင့်အရေးကော်မတီ၏ အစီရင်ခံစာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိမဲဆန္ဒနယ်မြေ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ရာတွင် ၀င်ရောက်စွက်ဖက်ခြင်းသဘော မသက်ရောက်စေရေးအတွက် ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပြည်သူ့အကျိုးကိုရှေးရှုကာ အပြုသဘောဖြင့် ပေါင်းစပ်ညှိနှိုင်း တိုင်ပင်ဆောင်ရွက်ရန် လိုအပ်သည့်ဟု အကြံပြုလိုကြောင်း အစီရင်ခံစာတင်သွင်းခဲ့သည်။

အဂတိလိုက်စားမှုများ ယခုအထိ မလျော့ကျသေးဘဲ ဆိုးဆိုးရွားရွား လက်ရဲဇက်ရဲ ဖြစ်နေဆဲဖြစ်ပြီး သတင်းပေးတိုင်ကြားသူများအား အပြည့်အ၀ ကာကွယ်မှုပေးရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမမှ ပြန်လည်ထွက်ခွာလာသော လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်

အဂတိလိုက်စားမှုများ ယခုအထိ မလျော့ကျသေးဘဲ ဆိုးဆိုးရွားရွား လက်ရဲဇက်ရဲဖြစ်နေဆဲဖြစ်ပြီး သတင်းပေးတိုင်ကြားသူများအား အပြည့်အ၀ကာကွယ်မှုပေးရန်နှင့် ကော်မရှင်မှ မညွှန်ကြားမချင်း ဌာနဆိုင်ရာများအနေဖြင့် အမှုတွဲအား ကြိုတင်စစ်ဆေးအရေးယူခြင်း မပြုရဆိုသည့်စကားရပ် ထည့်သွင်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးခဲ့သည်။

မတ်လ ၁၃ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါက်တာခွန်ဝင်းသောင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္တအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာခွန်ဝင်းသောင်းက “အဂတိလိုက်စားမှုတွေ ခုထက်ထိမလျော့ကျသေးဘဲ ဆိုးဆိုးရွားရွား လက်ရဲဇက်ရဲဖြစ်နေပါတယ်။ တိုင်ကြားချက်သတင်းတွေအရ ကျူးလွန်သူ ၁၂ ဦး ထက်မနည်းက ထွက်ပြေးလွတ်မြောက်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိရောက်အောင် ဆောင်ရွက်ကြဖို့ အားလုံးမှာတာဝန်ရှိပါတယ်။ သတင်းပေးရဲအောင် သတင်းပေးပို့သူတွေကို အပြည့်အ၀ ကာကွယ်မှုပေးနိုင်တဲ့ အစီအစဉ်တွေ၊ သာမန်ဝန်ထမ်းကနေ မတန်မရာ ကြီးပွားလာမှုဖြစ်လာရင် လုပ်ပိုင်ခွင့်ရ ၀န်ထမ်းတွေအနေနဲ့ လျှမ်းလျှမ်းတောက်ဖြစ်လာရင် လေ့လာစောင့်ကြည့်အဖွဲ့တွေ သီးခြားဖွဲ့ပြီး အရပ်သား CSO တွေနဲ့ပူးပေါင်းကာ ဖော်ထုတ်နိုင်စေခြင်းငှာ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တိုးမြှင့်ပေးထားတဲ့ ပုဒ်မ ၂၃ ကို အသက်ဝင်အောင် အကောင်အထည်ဖော်နိုင်ဖို့ အကြံပြုလိုပါတယ်” ဟု ဆွေးနွေးခဲ့သည်။

လက်ရှိအနေအထားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲတစ်ခုမှာ တိုင်ကြားမှုကို သက်ဆိုင်ရာဌာနသို့ မိတ္တူပေးပို့ရာမှာ ဌာနတွင်းအစီအမံဖြင့် တိုင်ကြားခံရသူကို ကြိုတင်စစ်ဆေးခြင်း၊ အရေးယူခြင်းများကို ဦးစွာလုပ်လိုက်သည့်အတွက် ကျူးလွန်သူများကို အပြစ်လျော့ပေါ့ သက်သာရာရသွားစေခြင်းမျိုးရှိသည့်အပြင် ၀ိုင်းဝန်းဖုံးဖိကြပြီး တိုင်ကြားမှုမခိုင်မာသလိုနှင့် တိုင်ကြားသူကို ပြန်ပြီးစွပ်စွဲခြိမ်းခြောက်ခြင်း၊ နောက်လူများမတိုင်ကြား၊ မတိုင်ပြ၀ံ့အောင် တွန့်ဆုတ်သွားစေသည့် အခြေအနေမျိုးများရှိနေကြောင်း ဒေါက်တာခွန်ဝင်းသောင်းက ဆွေးနွေးခဲ့သည်။

ဒေါက်တာခွန်ဝင်းသောင်းက ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့် ပုဒ်မ ၁၆ ပုဒ်မခွဲ ၄ တွင် အစားထိုးထားသည့် စကားရပ်နောက်တွင် “တိုင်ကြားခံရသူများကို ကော်မရှင်က မညွှန်ကြားမချင်း၊ မိတ္တူလက်ခံရရှိသည်နှင့် ဆိုင်ရာဌာနများမှ ယင်းအမှုကို ကြိုတင်စစ်ဆေးအရေးယူခြင်း အဆောတလျင်မပြုစေရ” ဆိုသည့်စကားရပ်ကို ဖြည့်စွက်လိုကြောင်း ဆွေးနွေးခဲ့သည်။

“မြန်မာ့ရေးရာ လေ့လာရေးစင်တာက ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်တမ်းကောက်ယူရာမှာ အဂတိလိုက်စားမှု အများဆုံးဖြစ်လေ့ရှိတဲ့ ဌာနတွေအဖြစ် ရဲ၊ လ၀က၊ စည်ပင်၊ တရားရေးတို့ဖြစ်ပြီး ပညာရေးနဲ့ ကျန်းမာရေးက အနည်းဆုံးဖြစ်နေပါတယ်။ ဒါကြောင့် လူထုနဲ့ထိတွေ့ဆက်ဆံရလေလေ အဂတိလိုက်စားမှု အများဆုံးဖြစ်ပေါ်လေလေလို့ ကောက်ချက်ချနိုင်ပါတယ်။ အကျင့်ပျက်ခြစားမှုကနေ အကာအကွယ်ပေးနိုင်တဲ့အထိ ဥပဒေအသစ်ကိုပြဋ္ဌာန်းပြီး ကော်မရှင်အနေနဲ့ ပြည်သူတွေနဲ့အတူ အဂတိလိုက်စားမှုတရားခံတွေကို ဖော်ထုတ်နိုင်ပါစေ” ဟု ဒေါက်တာခွန်ဝင်းသောင်းက ဆိုသည်။

ထို့ပြင် ယခုဥပဒေအား ပြင်ဆင်စရာမလိုသည်အထိ ပြည့်စုံသထက်ပြည့်စုံအောင် ယခုကတည်းက ၀ိုင်းဝန်းကြိုးစားရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစီအမံနည်းနာသစ်များနှင့် ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်မြှင့် ဖော်ဆောင်နေရာတွင် အဂတိလိုက်စားမှုလျော့ကျရန် များစွာအရေးကြီးကြောင်း၊ အဂတိလိုက်စားမှု မြင့်မားသည်နှင့်အမျှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နည်းပါးခြင်းသည် ဆက်စပ်နေကြောင်း၊ အဂတိတရားတိုးပွားနေပါက တိုင်းပြည်ဘဏ္ဍာအခွန် လျော့ပါးစေကြောင်း၊ ဖွံ့ဖြိုးရေးပရောဂျက်ကြီးများတွင် အရည်အသွေးကျဆင်းပြီး နောက်ဆက်တွဲ ပြုပြင်ထိန်းသိမ်းကုန်ကျစရိတ်များ ထပ်မံဖြည့်ဆည်းရခြင်း စသည်ဖြင့် သမင်မွေးရင်း ကျားစားရင်း ဖြစ်နေကြောင်း ၎င်းက ပြောကြားသည်။

ဒေါက်တာခွန်ဝင်းသောင်းက “ကျွန်တော်ဆွေးနွေးတဲ့အထဲမှာ ပုဒ်မ ၂၃ ကို အကောင်အထည်ဖော်ဖို့ ပါပါတယ်။ ဗဟိုကနေပဲ ဆောင်ရွက်နေရင် လိုချင်တဲ့အဖြေမရနိုင်သေးဘူး။ အောက်ခြေအင်အားတွေယူပြီးလုပ်မှ အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်မှာ။ ကျွန်တော်တို့နယ်မြေမှာဆိုရင် မြင်နေရတာပဲလေ။ ဥပဒေပြဋ္ဌာန်းရုံနဲ့တော့မရဘူး။ အခုဖွဲ့ထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သူတို့တကယ်လုပ်ချင်တဲ့ စေတနာရှိတယ်။ ဒါပေမဲ့ သူတို့ချည်းပဲမနိုင်နိုင်ဘူး။ အခုက ကော်မရှင်ကို လုပ်ပိုင်ခွင့်ပေးထားတာပဲ။ လုပ်နိုင်ဖို့ပဲလိုတာ။ ပေးထားတဲ့အခွင့်အရေး၊ လုပ်ပိုင်ခွင့်တွေကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်အောင် လုပ်ဖို့ပဲလိုတယ်။ ပုဒ်မ ၂၃ မှာ ကော်မရှင်ကို အဖွဲ့တွေဖွဲ့ ပြီးလုပ်ဖို့ အခွင့်အရေးတွေပေးထားတယ်။ သူတို့မလုပ်သေးတာ” ဟု သတင်းထောက်များအား ပြောကြားသည်။

ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက “ဒီဥပဒေမှာ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့ အတိုက်အခံဆွေးနွေးခဲ့ရပါတယ်။ ကော်မရှင်အသစ်ရဲ့ လုပ်ပိုင်ခွင့်တွေ တကယ်တမ်းလုပ်လို့ရအောင် အခြေခံပြီး ဆွေးနွေးခဲ့ရပါတယ်။ မြေပြင်ကို ကွင်းဆင်းတဲ့အခါမှာ ပြည်သူတွေတင်ပြတာက တရားရေး၊ လ၀က၊ မြေစာရင်း၊ ရဲ အဲဒီက လာဘ်ပေးလာဘ်ယူတွေကိုတိုင်တာ။ အဲဒါတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့အတွက် ပုဒ်မ ၄၃ (ခ) ကိုပြင်ပေးဖို့ ဆွေးနွေးခဲ့တာ။ ဆွေးနွေးခဲ့တဲ့ရလဒ်ကတော့ ပုဒ်မ ၄၃ (ခ) မှာဆိုရင် မည်သူမဆို ဆိုတဲ့စကားရပ်ကို ပြင်ထားပါတယ်။ ကော်မရှင်အသစ်က ကော်မရှင်အဟောင်းထက် အများကြီးအလုပ်လုပ်တယ်။ အခု ၁၂ ဦး ကြေညာထားတယ်။ တစ်ဦးကိုဖမ်းမိတယ် စသဖြင့်ပေါ့။ ပြောချင်တာက မြန်မြန်ဆန်ဆန် အလုပ်လုပ်နေတယ်ဆိုတာတော့ ငြင်းလို့မရပါဘူး” ဟု သတင်းထောက်များအား ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ဆိုင်းငံ့ထားရန် သဘောတူအတည်ပြုခဲ့သည်ကို အလေးဂရုပြုလျက် ပိုမိုကောင်းမွန်ပြည့်စုံစေရေး ဆက်လက်ပြင်ဆင် ညှိနှိုင်းပြုစုလျက်ရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ လွှတ်တော်၌ ပြောကြား

နေပြည်တော်တွင် ပြုလုပ်သော လွှတ်တော်အစည်းအဝေးမစတင်မီ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ဆိုင်းငံ့ထားရန် သဘောတူအတည်ပြုခဲ့သည်ကို အလေးဂရုပြုလျက် ပိုမိုကောင်းမွန်ပြည့်စုံစေရေး ဆက်လက်ပြင်ဆင် ညှိနှိုင်းပြုစုလျက်ရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက အမျိုသားလွှတ်တော်၌ ပြောကြားသည်။

ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) မှ ဦးစိုင်းသန်းနိုင်က လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းသည်။

အဆိုပါမေးမြန်းမှုအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က “ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ဆိုင်းငံ့ထားဖို့ သဘောတူအတည်ပြုခဲ့သည်ကို အလေးဂရုပြုလျက် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပိုမိုကောင်းမွန်ပြည့်စုံစေရေးအတွက် ဆက်လက်ပြင်ဆင် ညှိနှိုင်းပြုစုဆောင်ရွက်လျက်ရှိပါတယ်” ဟု လွှတ်တော်တွင် ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလဖြစ်သည့် ၂၀၁၂ ခုနှစ် သြဂုတ် ၂၇ ရက်တွင်တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် သြဂုတ် ၁၃ ရက်တွင်တစ်ကြိမ် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား ပေးပို့တင်ပြခဲ့ကြောင်း၊ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမှုများရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းဥပဒေကြမ်းအပေါ် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲခဲ့ပြီး ဥပဒေကြမ်းပူးပေါင်းကော်မတီက လေ့လာစိစစ်ခဲ့ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်သည့်အချက်များ ရှိသည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ် ညှိနှိုင်းဆွေးနွေးပြီးမှသာ အတည်ပြုရမည့် ဥပဒေဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာတင်သွင်းခဲ့ရာ ယင်းအစီရင်ခံစာအပေါ် ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့ပြီး ဆိုင်းငံ့ထားရန် အဆိုတင်သွင်းခဲ့ရာ ပြည်ထောင်စုလွှတ်တော်က သဘောတူခဲ့ကြောင်း ဦးအောင်မြင့်က ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေကြားခဲ့ကြောင်း ဦးအောင်မြင့်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က “ဒီဥပဒေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက်လေးတွေ၊ အဟန့်အတားလေးတွေရှိတယ်ဆိုပြီး ပထမအကြိမ်လွှတ်တော်မှာ အကျေအတင်ဆွေးနွေးပြီး ဆိုင်းငံ့ခဲ့ရတယ်။ အဲဒီတော့ အခုတစ်ခါ ထပ်တင်ရင်ရော အခုဒီအခြေအနေတွေကို ကျော်လွှားသွားပြီလား။ အဲဒီတော့ ပြည့်စုံအောင် ပြန်လုပ်ပေးနေတယ်။ အခုအချိန်ထိ ဥပဒေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တင်တဲ့အမှု ဘယ်နှမှုတွေ့ပြီလဲ။ အခုအထိ ပထမအကြိမ်တုန်းက တင်ခဲ့တာတွေရှိတယ်။ အခုအချိန်ထိ တင်တာမရှိသေးဘူး။ ရွေးကောက်ပွဲဥပဒေကို တင်ပြီးရင် အကျေအလည် ဆွေးနွေးကြဦးမယ်။ ပထမတစ်ခါဆွေးနွေးကြတာ အများကြီးပဲ။ အဲဒီဟာ အလွန်သိမ်မွေ့တယ်။ အများကြီးပဲ တစ်ရာခိုင်နှုန်းနဲ့ ဖြစ်မှာလား၊ ရှစ်ရာခိုင်နှုန်းနဲ့ ဖြစ်မှာလား။ တခြားနိုင်ငံလို ၁၅ ရာခိုင်နှုန်းနဲ့ဖြစ်မှာလား အများကြီးပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပါ ပတ်သက်သေးတယ်။ အဲဒါတွေအားလုံးကိုမီအောင် ဥပဒေကိုအားလုံး ပြန်လက်ခံနိုင်အောင်တင်ပြီးတော့ လက်မခံဘူး။ အရင်တစ်ခါလို ဆိုင်းငံ့လိုက်ရင် ဘယ့်နှယ်လုပ်မတုန်း။ ပြည့်စုံအောင် ပြန်ညှိဖို့လိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်ဖို့ ရာခိုင်နှုန်းအပြည့်နဲ့ နိုင်တဲ့သူရှိဖူးလား။ တစ်ရာခိုင်နှုန်းနဲ့သာ တင်လို့ရနေရင် အမြဲတမ်းတင်နေရင် ဘယ်လိုလုပ်ကြမလဲ” ဟု သတင်းထောက်များအား ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ၏ ဖြေကြားချက်အပေါ် မှတ်ချက်ပေးရန် သတင်းထောက်များ၏ မေးမြန်းချက်အား ဦးစိုင်းသန်းနိုင်က “ဒါဟာ ဖွဲ့စည်းပုံအခြေခံကပေးထားတဲ့ ပြည်သူတို့ရဲ့အခွင့်အရေး၊ ပထမလွှတ်တော် သက်တမ်းတုန်းကလည်း မရရှိခဲ့ဘူး။ ဒီလွှတ်တော်သက်တမ်းမှာရရှိဖို့၊ ပြည်သူတွေလည်း တကယ်လိုတယ်။ ပြင်ပမှာလည်း ကြားနေပြီ။ တချို့တွေက ကိုယ့်အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်မလားဆိုပြီးတော့ ရွေးချယ်တယ်။ တကယ့်တကယ်မှာ လွှတ်တော်ထဲရောက်တဲ့အခါ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေထဲ ရောက်တဲ့အခါ သူတို့မျှော်မှန်းထားသလို ဖြစ်မလာဘဲနဲ့ အားနည်းချက်တွေ၊ အရည်အချင်း မပြည့်ဝမှုတွေ၊ တချို့နေရာမှာဆိုရင် အကျင့်စာရိတ္တပိုင်းဆိုင်ရာ ဖြစ်တာတွေရှိတယ်။ အဲဒီဟာတွေကိုကျတော့ ရုပ်သိမ်းချင်တယ်။ ရုပ်သိမ်းဖို့ ဥပဒေကမရှိတော့ ဘာမှလုပ်လို့မရဘူး။ ပြည်သူတွေအခွင့်အရေး ဆုံးရှုံးနေတဲ့အတွက်ကြောင့် ဒီအခွင့်အရေးကို ပြန်ရရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ မေးခွန်းမေးရတာပါ။ ကျွန်တော့်အမြင်ကတော့ ဒီကိစ္စဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘယ်အကြောင်း၊ ဘယ်အချက်တွေနဲ့ ငြိတယ်ဆိုတာကို ရှင်းပြဖို့လိုတယ်။ ကျွန်တော်သိတာက အရည်အချင်းမပြည့်ဝတဲ့သူကို ရုပ်သိမ်းတာ ဘာမှငြိစရာမရှိဘူး။ နောက်ဆက်ပြောရမယ်ဆိုရင် ပြည်သူ့လွှတ်တော်မှာ ပျော်ဘွယ်မဲဆန္ဒနယ်က ဦးသောင်းအေး မေးလိုက်တာ တစ်နှစ်ကျော်သွားပြီဗျ။ အဲ့တုန်းကလည်း ဆောင်ရွက်နေပါတယ်ဆိုပြီး ဖြေခဲ့တယ်။ တစ်နှစ်ကျော်ကြာတဲ့အခါ ဒါကိုထပ်မေးတယ်။ လွှတ်တော်သက်တမ်းငါးနှစ်မှာ အခုနှစ်နှစ်ကျော်သွားပြီ။ နောက်ထပ်အချိန် နည်းနည်းပဲကျန်တော့တယ်။ ဒီသက်တမ်းမှာတော့ ဒီမိုကရေစီအစိုးရ၊ ဒီမိုကရေစီအခွင့်အရေးကို ဖော်ဆောင်ပေးမယ်ဆိုပြီး ဟစ်ကြွေးနေတဲ့ အစိုးရလက်ထက်မှာ ဒီအခွင့်အရေးတော့ ပြည်သူတွေက ရရှိသင့်တယ်ဆိုပြီးတော့ မေးခွန်းကိုမေးတာပါ။ ကော်မရှင်က လာဖြေတဲ့အပေါ် ကျေနပ်မှုမရှိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားတဲ့အတွက် ဒီအတိုင်းပဲ ကျွန်တော်တို့လုပ်ရမှာပဲ။ ဒီဥပဒေကို ပြင်ဆင်ပြီးတဲ့ကာလမှဆိုရင် ပြည်သူ့အခွင့်အရေး ဆုံးရှုံးနေတာပဲ” ဟု သတင်းထောက်များအား ပြောကြားသည်။

မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥပဒေ ပြဋ္ဌာန်းခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကို လွှမ်းမိုးချုပ်ကိုင်ရန် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား

ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း၌ ကျင်းပသည့် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ (MPU) အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်)

မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥပဒေ ပြဋ္ဌာန်းခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကို လွှမ်းမိုးချုပ်ကိုင်ရန် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။

နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း၌ ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ (MPU) အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် က သတင်းထုတ်ပြန်ခဲ့သည်။

အစည်းအဝေး၌ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယင်းဥပဒေ ပြဋ္ဌာန်းခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကို လွှမ်းမိုးချုပ်ကိုင်ရန် မဟုတ်ကြောင်း၊ အဖွဲ့အစည်းတိုင်းမှာ ကိုယ်ပိုင်ဥပဒေများ ရှိကြောင်း၊ ဥပဒေပြဋ္ဌာန်းခြင်းသည် လုပ်ငန်းများကို တိတိကျကျ ဆောင်ရွက်နိုင်စေရန် ဖြစ်ကြောင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအကြား ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ အချင်းချင်း ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ အဖွဲ့ဝင်များသည် လွှတ်တော်အဖွဲ့၏ ညှိနှိုင်း ဆုံးဖြတ်ချက်များကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးကြောင်းကို လွှတ်တော်အဖွဲ့သို့ ပြန်လည်အစီရင်ခံရန် လိုအပ်ပါကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ထို့အတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥပဒေ၏ ရည်ရွယ်ချက်မှာ လွှတ်တော်အသီးသီး၏ ဆောင်ရွက်မှုများ နည်းလမ်း မှန်ကန်ခိုင်မာပြီး အရည်အသွေး ကောင်းမွန် တိုးတက်မြင့်မားရေးအတွက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ ပါဝင်ပါက အင်အားခိုင်မာ တောင့်တင်းလာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ အဖွဲ့ဝင်များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ပိုင်နိုင်စွာ လေ့လာထားရန်လိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်ကလည်း မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီမှ တင်သွင်းခဲ့ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့သည်ဟု လွှတ်တော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖက်ဒရယ်စနစ်သို့ ပြောင်းလဲရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း လိုအပ်ချက်များ၊ ပြင်ဆင်စရာ များစွာရှိနေသည့်အချိန်တွင် အဆိုပါဥပဒေမှာ ရှိရင်းစွဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထက် ပြည်နယ်၊ တိုင်းလွှတ်တော်များ၏ အခွင့်အရေးများကို ပိုမို တင်းကျပ်လိုက်သည့် အခြေအနေတွင် ရှိနေကြောင်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ပြောကြားထားသည်။

“ကျွန်တော်ကတော့ တော်တော် စိတ်မကောင်းဘူး။ ဒီဥပဒေ ပြဋ္ဌာန်းလို့ကို NLD အစိုးရသိက္ခာ ဘာမှတက်လာမှာ မဟုတ်ဘူး။ ပိုပြီးတောင် တိုင်းရင်းသားတွေအတွက် သံသယစိတ်တွေ ၀င်သွားတာပဲ ရှိတယ်။ တစ်ဖက်က ချင်းထည့်တာလား ဆိုတာတောင် သံသယ ဖြစ်လာတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

ထို့ပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) စိုင်းကျော်ညွန့်က “ဒီဥပဒေက ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်မယ်ဆိုတဲ့ အစိုးရက ပြဒါးတစ်လမ်း သံတစ်လမ်း သွားနေတယ်ဆိုတာကို ပြသရာ ရောက်တယ်။ ပါးစပ်ကတော့ ဖက်ဒရယ် ဆိုပြီးတော့” ဟု ပြောကြားထားသည်။

မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဥပဒေကို ဖေဖော်ဝါရီ ၈ ရက်က ပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် နာယက၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်အဖြစ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကဖြင့် ဖွဲ့စည်းရမည် ဖြစ်သည်။

ဗဟိုဦးစီးစနစ် မစွန့်လွှတ်နိုင်သမျှ မည်သည့်လုပ်ငန်းလုပ်လုပ် မအောင်မြင်နိုင်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆွေးနွေး

ဗဟိုဦးစီးစနစ် မစွန့်လွှတ်နိုင်သမျှ မည်သည့်လုပ်ငန်းလုပ်လုပ် မအောင်မြင်နိုင်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ်က ဆွေးနွေးသည်။

ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ ဒေါ်ထုမေ တင်သွင်းထားသည့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု One Village One Product (OVOP) ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာ အစီအစဉ်ကို ဆင်းရဲသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအား ဦးစားပေးလျက် သက်ဆိုင်ရာ ၀န်ကြီးဌာနများတွင် ဘဏ္ဍာငွေတစ်ရပ် ထည့်သွင်းရေးဆွဲကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် အဆိုအား ဆွေးနွေးစဉ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) မှ ဦးဖေချစ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ်က “လက်ရှိဆောင်ရွက်နေသည့် အသေးစား၊ အလတ်စား စီမံကိန်းကို ကြည့်ပါက ဘယ်လောက်အောင်မြင်သလဲဆိုတာ တွေ့နိုင်ပါတယ်။ ဗဟိုဦးစီးစနစ် မစွန့်လွှတ်နိုင်သမျှ ဘာလုပ်ငန်းလုပ်လုပ် မအောင်မြင်နိုင်ပါ။ စုပေါင်းသုံး အာမခံစနစ်လည်း ဖြစ်နိုင်ခြေ နည်းပါတယ်။ သမ၀ါယမစနစ်နဲ့ ဆောင်ရွက်တာ ဘယ်လောက်အောင်မြင်တယ်ဆိုတာ အားလုံးအသိပါ။ ကမ္ဘာ့ဘဏ်က ချေးထားတဲ့ ဒေါ်လာငွေတွေ အတိုးပဲ သတ်နေရပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းအတွက် ချေးငွေပေးအပ်ရာမှာ တန်ဖိုးသင့် အပေါင်ပစ္စည်း မပေးနိုင်ရင် ကျပ်သိန်း ၁၀၀ အောက် ငွေပမာဏပဲ ချေးခွင့်ရှိပါတယ်။ ဂျပန်ချေးငွေက ၀ ဒသမ ၀၁ ဆိုတော့ အတိုးမဲ့နီးပါးပါပဲ။ ထိုင်းနိုင်ငံက ရွာဆိုရင် ထုတ်ကုန်တစ်မျိုးတည်းကို Specialize လုပ်ကာ ထုတ်လုပ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်တို့၊ သမ၀ါယမဘဏ်တို့ကတစ်ဆင့် မတည်ရင်းနှီးငွေ ချေးပေးတဲ့ အတိုးများများ စနစ်အစား အလွန်သက်သာပြီး တွက်ခြေကိုက်မယ့် အတိုးငွေနဲ့ တစ်ရွာထုတ်ကုန်တစ်မျိုး စနစ်ကို စနစ်တကျ အကောင်အထည် ဖော်စေချင်ပါတယ်။ ရေထွက်ကုန်ဆိုရင် တနင်္သာရီတို့၊ ဧရာဝတီတိုင်းဒေသကြီးတို့က ထုတ်လုပ်၊ ကျောက်မျက်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်ဒေသတွေက ထုတ်လုပ်ပြီး ကုန်ချောအဆင့်ကို နည်းပညာမြှင့်တင်ပြီး ထုတ်လုပ်သင့်ပါတယ်။ သူ့ဒေသနဲ့သူ တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်ဖို့ဆိုတာ ရင်းနှီးမတည်ငွေ လိုအပ်ပါတယ်။ ကုန်ကြမ်းက အလျှံပယ် ရှိနေပါတယ်။ အစိုးရလခစား အလုပ်မျိုးမဟုတ်ဘဲ        ကိုယ့်ကျွမ်းကျင်ရာ အသက်မွေးဝမ်းကျောင်းပညာ အနေနဲ့ အကျိုးရှိရှိ ထုတ်လုပ်မယ်ဆိုရင် ငွေအား၊ ကာယအား၊ ဥာဏအားတွေနဲ့ အခြားနိုင်ငံတွေလို ပေါင်းစပ်ဆောင်ရွက်တတ်ဖို့ လိုပါတယ်။ ပြည်ထောင်စု အစိုးရ ဘတ်ဂျက်တစ်ခုတည်းနဲ့ ဌာနဆိုင်ရာကနေ ငွေချေးပေးတဲ့ စနစ်အစား ကိုယ်ထူကိုယ်ထ စနစ်နဲ့လည်း ဆောင်ရွက်သင့်ပါတယ်” ဟု ဆွေးနွေးသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉) မှ ဦးဖေချစ်က “ဒီစီမံကိန်းမျိုးကို ၁၉၅၀ ကျော်ကာလမှာတုန်းက အစီအစဉ်ချ လုပ်ခဲ့ဖူးပါတယ်။ ၁၉၆၀ ကျော်ကာလမှာလည်း အစ္စရေးပညာရှင်တွေနဲ့ လုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒေသထွက်ကုန် သုံးမျိုးလေးမျိုး လုပ်ခဲ့ဖူးပါတယ်။ ပြည်နယ်တွေမှာလည်း အစေ့ထုတ်ပြောင်း၊ ဆန်၊ သစ်တောစတဲ့ သီးနှံတွေ လုပ်ခဲ့ဖူးပါတယ်။ ဆန်နဲ့ပြောင်းကို အစ္စရေးနိုင်ငံက အကုန်ယူပါတယ်။ အဓိက ဆွေးနွေးချင်တာက မူကောင်းပေမဲ့ လူမကောင်းဘူးဆိုတဲ့ အိုင်ဒီရော်လော်ဂျီပါ။ အစ္စရေးတွေရဲ့စနစ်က ဂျပန်နိုင်ငံရဲ့ စနစ်အတိုင်းပါပဲ။ အစိုးရအမှုထမ်း၊ အရာထမ်း မဟုတ်တဲ့ လယ်သမား၊ ယာသမားစစ်စစ်က ကမကထပြု ဦးဆောင်ပြီး အစိုးရဌာန သို့မဟုတ် ၀န်ကြီးဌာနရဲ့ အောက်ခြေအထိ ထဲထဲဝင်ဝင် မဆောင်ရွက်ဘဲ ပေါ်လစီအတိုင်း Stand လုပ်မယ်။ မူဝါဒအတိုင်း မတိမ်းစောင်းသွားအောင် အကြံပေးမယ် ဆိုတာပါပဲ။ ကျွန်တော်တို့နိုင်ငံ အစိုးရများ အဆက်ဆက် လုပ်ခဲ့ပုံက နိုင်ငံတကာ၊ ပြည်ပချေးငွေ သို့မဟုတ် ပြည်ထောင်စုအစိုးရရဲ့ ငွေလုံးငွေရင်းသုံးမယ့် ဘတ်ဂျက်ကျပြီဆိုတာနဲ့ အထွေထွေ အုပ်ချုပ်ရေးအဆင့်ဆင့်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ငွေသားထုတ်ပေးလိုက်ပြီးတော့ ချေးငွေအတိုးပေးဖို့ သတ်မှတ်ရာမှာ အတိုးပွဲခ သတ်မှတ်တာက အကျိုးအမြတ်ရဲ့ ရာခိုင်နှုန်း ၅၀ လောက် ဖြစ်နေပါတယ်။ သဘာဝဘေးအန္တရာယ် ကြုံတွေ့တဲ့အခါ သစ်သီးဝလံတွေ ပျက်စီးကုန်တာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် အရှုံးပေါ် အရှုံးဆင့်ပြီး လူလုံးမလှ ဖြစ်ခဲ့ပါတယ်” ဟု ဆက်လက်ဆွေးနွေးသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ ဒေါက်တာကျော်ငွေက ထုတ်ကုန်ဆိုသည်မှာ နေ့စဉ်အသုံးပြုနေရသည့် ပစ္စည်းများကို ထုတ်လုပ်ခြင်းကိုခေါ်ကြောင်း၊ တစ်နိုင်ငံလုံးမှာရှိသည့် ကျေးရွာပေါင်း ခြောက်သောင်းကျော်က တစ်နိုင်တစ်ပိုင် ထုတ်ကုန်များကို ယခင်ကတည်းက ထုတ်လုပ်ခဲ့ကြောင်း၊ ယခုလည်း ထုတ်လုပ်နေကြောင်း၊ ယခုခေတ်မှာလည်း နာမည်ရနေသည့် ဒေသထွက်ကုန် အများကြီးရှိကြောင်း၊ ခေတ်ကာလအရ မရပ်တည်နိုင်တော့သည့် ထုတ်ကုန်လုပ်ငန်းတွေလည်း ရှိနိုင်ကြောင်း၊ မော်လမြိုင်က ကျောက်သင်ပုန်းလုပ်ငန်း၊ အင်းဝက မြေသပိတ်လုပ်ငန်း၊ ပုသိမ်က ပုသိမ်ထီးလုပ်ငန်း စသည်တို့ ဖြစ်ပါကြောင်း၊ ဒေသအလိုက် လုပ်ငန်းများကို နိုင်ငံတော်ကလည်း ငြိမ်းချမ်းရေးနှင့်တွဲပြီး အားပေးမှုများ လုပ်နေကြောင်း၊ ကျေးရွာများတွင် လျှပ်စစ်၊ လမ်းများ ကောင်းမွန်အောင် လုပ်နေသကဲ့သို့ မြစိမ်းရောင် စီမံကိန်းဖြင့်လည်း ဆောင်ရွက်နေကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျေးရွာတစ်ရွာကို ကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာပေါင်း ၁၀၀ ကိုလည်း နိုင်ငံတော်က လုပ်ပေးနေကြောင်း၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနကလည်း ကျေးရွာချင်းဆက်လမ်း စသည်ဖြင့် ဆောင်ရွက်ပေးနေကြောင်း၊ အသေးစား၊ အလတ်စား လုပ်ငန်းများကိုလည်း ကျေးရွာများတွင် နိုင်ငံတော်က ဆောင်ရွက်ပေးနေကြောင်း၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးဖြင့် ဆောင်ရွက်ပါက ကျေးရွာပေါင်း ခြောက်သောင်းကျော်က လူဦးရေ  ၃၇ သန်းကျော်သည် အလုပ်အကိုင် အခွင့်အလမ်းများ ရလာကြမည်ဖြစ်ကြောင်း ဆွေးနွေးသည်။