နေပြည်တော်၌ပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာစကား ပြောကြားနေစဉ်

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင်  ဇူလိုင် ၃ ရက်က ပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူသားအချင်းချင်း ဆက်ဆံတတ်ဖို့သည် အဓိကနိုင်ငံ၏ တိုးတက်ရေးအတွက် လိုအပ်ချက်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

“လူသားအချင်းချင်း ဆက်ဆံတတ်ဖို့က အဓိကကျွန်မတို့နိုင်ငံရဲ့ တိုးတက်ရေးအတွက် လိုအပ်ချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒါကို အမျိုးသမီးများက သင်ပေးရမယ်။ ကိုယ့်ရဲ့သားသမီး၊ ကိုယ့်ရဲ့မြေးတွေဟာ လူသားတွေအချင်းချင်း ဆက်ဆံမှုပိုပြီးတော့ ကြီးထွားအောင်လို့ပိုပြီးတော့ ကောင်းမွန်အောင်လို့ လုပ်ချင်တဲ့စိတ်နဲ့ဖြစ်အောင်လို့ အချင်းချင်းပူးပေါင်းမယ့်အစား ထိုင်ပြီးတော့ ကိုယ့်ရဲ့ကွန်ပျူတာလေးနဲ့  ကိုယ့်ရဲ့ဖုန်းလေးနဲ့ပဲ ဆက်သွယ်နေမယ်ဆိုရင် လူ့အသိုင်းအ၀ိုင်းအတွက် အများကြီးတော့ အကျိုးပြုမှာမဟုတ်ပါဘူး။ နည်းပညာတွေ အများကြီးရမယ်။ ဗဟုသုတတွေ အများကြီးရမယ်။ သို့သော် ကောင်းတဲ့ဗဟုသုတလား၊ ဆိုးတဲ့ဗဟုသုတလားခွဲလို့  မရတော့ဘူး။ အားလုံးဝင်လာတယ်။ ဒါကြောင့် ကိုယ့်ဖာကိုယ်အကောင်းအဆိုး အကြောင်းအကျိုးကို ခွဲခြားတတ်တဲ့ စိတ်ဓာတ်၊ ခွဲခြားချင်တဲ့ ဆန္ဒရှိအောင်လို့တော့အားလုံးကို သင်ပေးစေချင်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသမီးများအနေဖြင့် အမျိုးသမီးနေ့ကို အသိအမှတ်ပြုပါက အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးရပိုင်ခွင့်နှင့် အမျိုးသမီး လုပ်ပိုင်ခွင့်များအား အများအတွက် မည်ကဲ့သို့သုံးမည်ဆိုသည်ကို စဉ်းစားစေလိုကြောင်း၊ အမျိုးသမီးများ အခွင့်အရေးနှင့် အခွင့်အလမ်းများ ပိုပြီးရလာပါက အားလုံးအတွက် ဘယ်လိုကောင်းစေရန် ပိုပြီးလုပ်နိုင်မည်ကို စဉ်းစားစေလိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ကျွန်မတို့ဟာ အမျိုးသမီးရော၊ အမျိုးသားရော၊ ကလေးတွေရော၊ နိုင်ငံတစ်နိုင်ငံမှာ လူ့အသိုင်းအ၀ိုင်းအပေါ်မှာ အားလုံးပူးပေါင်းပြီးတော့ ညီညီညွတ်ညွတ်ရှိမှ ဒီအသိုင်းအ၀ိုင်းဟာ တိုးတက်နိုင်မယ်။ ကျွန်မတို့နိုင်ငံရဲ့ အားနည်းချက်တွေဟာ အားလုံးသိပါတယ်။ ကျွန်မတို့က ဓနအင်အားမှာလည်း အင်မတန်မှ အားနည်းပါတယ်။ နောက်ပြီးတော့လည်း ဖြတ်သန်းခဲ့ရတဲ့ သမိုင်းတစ်လျှောက်စိတ်ဓာတ်ရေးရာဘက်မှာလည်း အားရှိသင့်သလောက် မရှိသေးပါဘူး။ ကြိုးစားရမယ့်နေရာတွေက အများကြီးပါ။ ဒီလိုကြိုးစားခွင့်ရတာကို ဂုဏ်ယူပါ။ ကြိုးစားခွင့်ရတာကို ၀မ်းသာပါလို့ ထပ်တလဲလဲ သတိပေးအပ်ပါတယ်။ တစ်ခါတစ်လေ ကျွန်မတို့ပြည်သူပြည်သားတွေက ငါတို့မှာလည်း ဆင်းရဲတဲ့နေရာမှာ ကြီးလာရဲ့လေးခြင်း၊ မွေးလာရလေခြင်းဒီလို ခက်ခဲတဲ့အချိန်အခါမှာ ကြီးပြင်းလာရလေခြင်းဆိုတဲ့ အဲဒီလိုညည်းညူတာတွေကိုလည်း

ကျွန်မတို့ကြားရပါတယ်။ ဒါပေမဲ့လည်း အခက်အခဲတွေနဲ့ရင်ဆိုင်ရမှ ကိုယ့်ရဲ့အစွမ်းအစတွေ ထုတ်သုံးပြီးတော့ အများအကျိုးအတွက် လုပ်ပေးနိုင်မယ့် အခွင့်အရေးရမှာပါ။ကျွန်မတို့ ဒီအခွင့်အရေးတွေကို အကောင်းဆုံးဖြစ်အောင်လို့ လုပ်စေချင်တယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် အမျိုးသမီးများ၏ အစဉ်အလာအရ သားသမီးများ၏ ပြုစုပျိုးထောင်နည်းအား ဘယ်တော့မှ မမေ့စေလိုကြောင်း၊ ပြုစုပျိုးထောင်နည်းသည် စာမေးပွဲအောင်ရန်နှင့် ဂုဏ်ထူးအများအပြား ရရှိရန်သည် အဓိက မဟုတ်ကြောင်း၊ မှန်ကန်သည့်စိတ်ထားများဖြင့် ကလေးများကြီးပြင်းလာစေရန် ရှုံးနိမ့်မှုနှင့် အောင်မြင်မှုအား တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်နိုင်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“လူသားတိုင်းလူသားတိုင်းဟာ ရှုံးနိမ့်မှုနဲ့ အောင်မြင်မှုရဖို့အတွက်ကို အဆမတန် တုန်လှုပ်ခြင်းမရှိဘူးဆိုရင် ကျွန်မတို့ရဲ့ လူလောကကြီးဟာ အင်မတန်မှ ပိုပြီးတော့ အေးချမ်းသွားပါလိမ့်မယ်။ ရှုံးနိမ့်မှုကိုကြောက်ကြတယ်။ ရှုံးနိမ့်မှုဖြစ်လို့ရှိရင် ဒီဟာကိုဝမ်း နည်းပက်လက်ဖြစ်ကြတယ်။ အောင်နိုင်မှုကို လိုလားကြတယ်။ အောင်နိုင်မှုရှိတဲ့သူတွေက မော်ကြွားကြတယ်။ အောင်နိုင်မှုရတဲ့သူတွေက ရှုံးတဲ့သူတွေကို အထင်သေးကြတယ်။ ဒါတွေဟာ ကျွန်မတို့အတွက် လောဘ၊ ဒေါသ တွေပွားစေတဲ့ကိစ္စ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ဖွံ့ဖြိုးတိုးတက်မှုသည် တစ်နှစ်ထက်တစ်နှစ် မှန်မှန်တိုးတက်သွားရန် အရေးကြီးကြောင်း၊ ယခုနှစ်သည် ယခင်နှစ်ထက်ဖြစ်မြောက်မှု မရှိပါက ယခုနှစ်ပိုပြီး ကြိုးစားရမည်ဖြစ်ကြောင်း၊ အသက်ရှင်နေသ၍ အခွင့်အလမ်းများ အမြဲရှိနေသည့်အတွက် တိုးတက်နိုင်ရန် အခွင့်အလမ်းများရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်သည့်ပြစ်ဒဏ် ချမှတ်ပေးရေး ကလေးမြို့နှင့် ပြင်ဦးလွင်မြို့တွင် ဆန္ဒပြ

အမျိုးသမီးများဘ၀ လုံခြုံမှုရှိစေရန်နှင့် ဥပဒေအရ အပြည့်အ၀ အကာအကွယ်ပေးနိုင်ရေး ကလေးမြို့တွင် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ- အောင်သူထွန်း)

ဒေသတွင်းဖြစ်ပွားနေသော သက်ငယ်မုဒိမ်းမှု၊ အမျိုးသမီးများအကြမ်းဖက်မှုတို့ လျော့ပါးစေရန်နှင့် အမျိုးသမီးများဘ၀ လုံခြုံမှုရှိစေရန်၊ အကြမ်းဖက်မှုကို ဥပဒေအရ အပြည့်အ၀ အကာအကွယ်ပေးနိုင်ရန်အတွက် ကလေးမြို့နှင့် ပြင်ဦးလွင်မြို့တွင် ဆန္ဒထုတ်ဖော်ပွဲကို မတ် ၂၀ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ နိုင်ငံတကာအမျိုးသမီးများနေ့ကို တစ်နိုင်ငံလုံးမှာ ဒေသအသီးသီးမှာ အမျိုးသမီးတွေ ဂုဏ်ပြုတဲ့အခမ်းအနားတွေ ကျင်းပနေကြပါတယ်။ ဒေသမှာလက်ရှိဖြစ်နေတာ ပြီးခဲ့တဲ့နှစ်မှာ ကျောင်းသူလေးတစ်ဦး အသတ်ခံရတယ်။ ဒါပေမဲ့ ကျူးလွန်တဲ့သူကို လက်ရဖမ်းဆီးရရှိမှုမရှိသေးဘူး။ ကလေးဝနယ်ဘက်မှာဆိုရင်လည်း အဖေက နှစ်နှစ်အရွယ်သမီးလေးကို မုဒိမ်းကျင့်တာရယ်၊ ကျောင်းထိုင်ဘုန်းတော်ကြီးကိုယ်တိုင်က ကျေးရွာမှာရှိတဲ့ ကျောင်းသူလေးကို မုဒိမ်းမှုကျူးလွန်တာကလည်း ဖမ်းဆီးရရှိမှုမရှိဘူး။ ဒီဟာတွေက ဒေသမှာဖြစ်ပျက်နေတာ။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာကလည်း နေ့စဉ်လာပြီး ပြောပြနေကြပါတယ်” ဟု တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့မှ မအားခူက ပြောကြားသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ အမျိုးသားများလည်းပါဝင်ခဲ့ပြီး ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ကလေးမြို့ ငြိမ်းချမ်းရေးကွန်ရက်မှ ကိုမျိုးဇော်က “အမျိုးသမီးတွေရဲ့ အခွင့်အရေးဆုံးရှုံးမှုနဲ့ သက်ငယ်မုဒိမ်းတွေက အမျိုးသားတွေကြောင့်ဖြစ်တာပေါ့။ ဒီလိုလှုပ်ရှားမှုတွေကို အမျိုးသားတွေ ပိုမိုပါဝင်စေချင်သလို အသိတရားတွေကိုလည်း ယောက်ျားတွေ ပိုသိစေချင်လို့ပါ။ ဒီလိုဖြစ်တာက မူးယစ်ဆေးဝါးပြဿနာတော့ ပထမဆုံးပါ။ ဒုတိယက ဖေ့စ်ဘွတ်အွန်လိုင်းတွေပေါ်က မကောင်းတဲ့ဘက်ကို အာရုံများပြီးတော့ လက်တည့်စမ်းချင်တာတွေလို့ မြင်ပါတယ်။ မိခင်တွေအနေနဲ့ ကိုယ်သားသမီးကို ပစ်မထားသင့်တော့ဘူးလို့ ထင်ပါတယ်။ အရင်ကတုန်းကဆိုရင် သားအဖဖြစ်တာ စွဲချက်က နှစ်ခုတည်းတင်တော့ ၁၄ နှစ်ပဲကျတာ။ ကြီးလေးတဲ့ပြစ်ဒဏ်တွေ ပေးစေချင်တယ်” ဟုပြောကြားသည်။

လက်ရှိတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှု၊ မုဒိမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုတို့အပေါ် TCLC ကျောင်းမှ ဒေါ်စောကလျာက “ဒီပွဲတွေမှာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အကြမ်းဖက်မှုခံနေရတာရယ်၊ မကြာခဏကြားနေရတဲ့ အမျိုးသမီးတွေ ကျူးလွန်ခံရတဲ့ Rape Case တွေကို နည်းနည်းစိတ်ထဲမှာခံပြင်းတဲ့အတွက် လာခဲ့တာပါ။ လက်ရှိ တရားဥပဒေစိုးမိုးရေးကိုတော့ စိတ်တိုင်းမကျပါဘူး။ အဝေးကြီးမပြောလိုပါဘူး။ ကျွန်မတို့မြို့နယ်က အမျိုးသမီးနဲ့ပတ်သက်ပြီး အကြမ်းဖက်ခံရတဲ့အမှုတွေက အခုချိန်အထိ ပေါ်ပေါက်ခြင်းမရှိတော့ အားမလို အားမရ ဖြစ်မိပါတယ်။ အမျိုးသမီးတွေ အကြမ်းဖက်မခံရရေးအတွက် ဒီလိုမျိုးပွဲမျိုးကို ပါဝင်ပူးပေါင်းတာပါ” ဟုပြောကြားသည်။

ထို့အတူ သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို တရားစီရင်ရေးဌာနများက ထိရောက်သည့် ပြစ်ဒဏ်ချမှတ်ပေးရေးနှင့် သက်ငယ်မုဒိမ်းမှုများ လျော့နည်းပပျောက်ရေးအတွက် မတ် ၂၀ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့တွင် ဒေသခံများက တောင်းဆိုဆန္ဒပြခဲ့သည်။

ဆန္ဒထုတ်ဖော်မှုကို ပြင်ဦးလွင်မြို့တော် ခန်းမရှေ့မှစတင်ခဲ့ပြီး ပြင်ဦးလွင်-လားရှိုး လမ်းမတစ်လျှောက် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး သက်ငယ်မုဒိမ်းမှုကျူးလွန်သူများအား တရားရေးဌာနက ထိရောက်သောပြစ်ဒဏ် ချမှတ်ပေးရေး တို့အရေး၊ သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ဟောပြောဆောင်ရွက်ရာတွင် ဌာနဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ပေးရေး တို့အရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်ရေး လူတိုင်းပါဝင်ကူညီပေး အစရှိသည့် ကြွေးကြော်သံများ၊ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“အခုတစ်လောမှာ သက်ငယ်မုဒိမ်းမှုတွေက နေရာအနှံ့အပြားမှာကို ဖြစ်ပွားနေတယ်။ ကျွန်မတို့ ပြင်ဦးလွင်ခရိုင် အတွင်းမှာဆိုရင်လည်း သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပွားနေတဲ့အထဲမှာ ပါပါတယ်။ မတ္တရာမြို့နယ်ထဲက နှစ်နှစ်ကျော်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့် သတ်ဖြတ်လိုက်တဲ့သူကိုလည်း ပြင်းထန်ထိရောက်တဲ့ပြစ်ဒဏ်တွေ ချမှတ်ပေးစေချင်ပါတယ်။ သက်ငယ်မုဒိမ်းမှုတွေ လျော့နည်းပပျောက်ဖို့အတွက် ဒီနေ့ အခုလိုဆန္ဒထုတ်ဖော်ရတာပါ။ နောက်တစ်ခုက အစိုးရအနေနဲ့ သက်ငယ်မုဒိမ်းမှုတွေ လူသတ်မုဒိမ်းမှုတွေပပျောက်ဖို့အတွက် ကျူးလွန်သူတွေကို ထိရောက်ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဦးဆောင်ဆန္ဒထုတ်ဖော်သူတစ်ဦးဖြစ်သူ အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားမှုအဖွဲ့ ပြင်ဦးလွင်မှ ဒေါ်မြအေးငြိမ်းက ပြောကြားသည်။

‘အမျိုးသမီးများဘ၀မြှင့်တင်ဖို့ ကျေးလက်နှင့် မြို့ပြတက်ကြွလှုပ်ရှားသူများ ပူးပေါင်းလို့’ ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား မော်လမြိုင်မြို့တွင် ပြုလုပ်

မော်လမြိုင်မြို့တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို တွေ့ရစဉ်

‘အမျိုးသမီးများ ဘ၀မြှင့်တင်ဖို့ ကျေးလက်နှင့် မြို့ပြတက်ကြွလှုပ်ရှားသူများ ပူးပေါင်းလို့’ ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ် ၈ ရက် နံနက် ၉ နာရီအချိန်က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်ခန်းမတွင် ကျင်းပခဲ့သည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အား အမျိုးသမီးများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊ အမျိုးသမီးထု၏ စွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာစေရန်၊ အမျိုးသမီးများ၏ အောင်မြင်မှုကို အသိအမှတ်ပြုရန်နှင့် အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကို ပူးပေါင်းဖြေရှင်းရန် စသည့်ရည်ရွယ်ချက် (၄) ရပ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောကြားသည်။

“အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုရန်မှာ၊ ကျွန်မတို့ရဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဘယ်သူမှအသိအမှတ် မပြုပါဘူး။ အိမ်ထောင်စုတစ်ခုမှာဆိုရင် အမျိုးသမီးဟာ အိမ်ထောင်ဦးစီးဆိုသော ခင်ပွန်းသည်ထက် ၇၅ ရာခိုင်နှုန်းပိုပြီးတော့ အလုပ်လုပ်ရပါတယ်။ အဲ့ဒီတော့ ကျွန်မတို့ရဲ့၊ အမျိုးသမီးတွေရဲ့ ကဏ္ဍကို ဘယ်သူမှ အသိအမှတ်မပြုလို့၊ အသိအမှတ်ပြုစေချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ နောက် ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်ဆိုတဲ့ ရည်ရွယ်ချက်မှာ ကျွန်မတို့ အမျိုးသမီးတွေဟာ စွမ်ဆောင်ရည် မြင့်မားကြပါတယ်။ စွမ်းဆောင်ရည်မြင့်မားလွန်းလို့လည်း ဌာနဆိုင်ရာတွေမှာ အမျိုးသမီးဝန်ထမ်းတွေ၊ ကျောင်းတွေမှာလည်း ကြည့်လိုက်၊ ကျောင်းဆရာနဲ့ ဆရာမအချိုးဆိုရင် ၉ အချိုး ၁ လောက်ရှိပါတယ်။ ကျောင်းဆရာဆိုတာ အင်မတန်မှရှားပါးပါတယ်။ ကျွန်မတို့ အစိုးရအဖွဲ့ရုံးမှာဆိုရင်လည်း အမျိုးသမီးဝန်ထမ်းတွေ အများကြီးပါ။ ဒါဟာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် မြင့်မားမှုပဲဖြစ်ပါတယ်” ဟု ဒေါ်စံဝင့်ခိုင်က ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “နံပါတ် (၃) ရည်ရွယ်ချက်ဖြစ်တဲ့ အမျိုးသမီးများရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုရန်မှာဆိုရင် ကျွန်မတို့ အမျိုးသမီးတွေ သိပ်အောင်မြင်နေတာပေါ့။ ဒါပေမဲ့ အသိအမှတ် မပြုချင်ကြဘူး။ ဒါ့ကြောင့် ဒီအမျိုးသမီးများနေ့မှာ ရည်ရွယ်ချက်တစ်ခုအနေနဲ့  ပါရှိတာဖြစ်ပါတယ်။ နောက်ဆုံး ရည်ရွယ်ချက်ဖြစ်တဲ့ အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ ပြဿနာများကို ပူးပေါင်းဖြေရှင်းရန်ဆိုတဲ့အချက်မှာ ကျွန်မတို့အမျိုးသမီးတွေမှာ မွေးရာပါ အခွင့်အရေးအနေနဲ့ အားနွဲ့သူဆိုပြီးတော့ မိရိုးဖလာထုံးတမ်းအစဉ်အလာအရ သတ်မှတ်ထားကြပါမယ်။ အဲ့ဒီတော့ ကျွန်မတို့ အမျိုးသမီးတွေဟာ အများအားဖြင့် အမျိုးသားတွေနဲ့ ရင်ပေါင်မတန်းနိုင်ဘူး။ ဒါမှမဟုတ် မိသားစုထဲမှာ၊ အိမ်ထောင်စုထဲမှာ အကြမ်းဖက်ခံရတာတို့၊ အနှိမ်ခံရတာတို့၊ အဲ့ဒီလိုမျိုးတွေ ရှိပါတယ်။ ဒီလိုပြဿနာတွေကို ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးကြဖို့အတွက် ဒီနေ့ အခမ်းအနားကို ပြုလုပ်တာဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာ ၀န်ကြီးဒေါ်စံဝင့်ခိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ အမျိုးသမီးများ၊ အမျိုးသမီးအရေး ဆောင်ရွက်နေသည့်လူမှုရေးအသင်း အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။